{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Wednesday, February 15, 2012

သူရဲကောင်းဆိုတာ.. (အခန်း ၂) ၏ ဒုတိယ ပိုင်း - (Click)

သူရဲကောင်းဆိုတာ.. (အခန်း ၂) ၏ ဒုတိယ ပိုင်း

Battle of Princeton
 
5
 
2
 
မဲပေးပါ
Daniel Kane၊              ၊ကျနော်တို့ ပရင့်စ်တန်ကိုပြောင်းခဲ့တုန်းက အမေနဲ့ ကျနော်တို့ ကြည့်
လို့မရတဲ့ အမျိုးသမီးတယောက်နဲ့ ရင်းနှီးခဲ့ကြတယ်။ အဲဒီအမျိုးသမီးက ပိုက်ဆံချမ်းသာပြီး
လုပ်စရာသိပ်မရှိတဲ့၊အမေမဆက်ဆံချင်တဲ့ လူစားမျိုးပါပဲ။ဒီမိန်းမက တကယ့်ယစ်ထုပ်ဗျာ၊သူ့ကိုအေးအေးဆေးဆေးပုံစံမျိုးနဲ့ တခါမှကိုမတွေ့ဖူးဘူး။
မျက်နှာမှာလဲ မိတ်ကပ်တွေဖို့ထားတာ အောက်ကိုအရည်ပျော်ကျတော့မလားထင်ရတယ်။
အမေ့အတွက် ပြဇာတ်ကပေးနေသလားတောင်အောက်မေ့ရတယ်။
သူတို့ဘော်ဒါ နောက်တယောက်လဲရှိသေးတယ်။ လူကောင် ကြီးကြီး
နဲ့ ရုပ်ရှင်မင်းသား ဆန်နီတပ်ဖ်တ်စ် (Sonny Tufts) ပုံစံမျိုးနဲ့လေ။ အရပ်ရှည်ရှည်၊ ရွှေအိုရောင်
ဆံပင်နဲ့ ရုပ်ကြမ်းကြမ်းနဲ့ အဲဒီဘဲက ဒေါ်လာတသန်းလောက်တန်တဲ့ ငါးစင်ရိုင်း အပြုံးမျိုးပြုံး
တတ်သေးတယ်။ ကျနော်နဲ့ဆယ်လီကိုလဲ လာလာရောဖို့ကြိုးစားသေးတယ်။
တခါဆို ကျနော်တို့ကို လင်းဘတ်ဂ်အမှုကိုစစ်ခဲ့တဲ့ တရားရုံးနားက တောလိုဖြစ်နေတဲ့နေရာကို
ရစ် (ငှက်) ဖမ်း တောင်ခေါ်သွားသေးတယ်။ ဒါပေမဲ့ ဒီလူ့ကြည့်ရတာဟန်ဆောင်နေတယ်လို့ ကျ
နော်ခံစားမိတာနဲ့ သူနဲ့လုံးဝကို မခင်ချင်ဘူး။ ကျနော့်စိတ်ထဲရှိတဲ့အတိုင်းသာဆိုရင် အဖေပေးထားတဲ့
ကျနော့်ပါရှန်ပုဆိန်နဲ့ကို တွယ်ပလိုက်ချင်တာ။ အဖေမသွားခင်တုန်းကဆို ဒီလိုလူစားမျိုးတွေ
အဖေတို့အမေတို့ မိတ်ဆွေထဲမှာ မရှိပါဘူး။
ကျနော်တို့အားလုံး တယောက်တမျိုးစီတိုင်ပတ်နေကြတယ်လေ။ ရုသ်အန်းကလဲ သူအသက်ကြီးကြီး
လာတာနဲ့ထပ်တူ အမေနဲ့ပိုပြီး အငြင်းအခုံဖြစ်နေရတယ်လို့ပြောတယ်။ ဆယ်လီကတော့ မိသားစုကို
စုစုစည်းစည်းဖြစ်အောင် ကြိုးစားတယ်။ ကျနော်က ထိပ်တိုက်ရင်ဆိုင်ရတာတော့ မကြိုက်ဘူး။
ထရဲန်တန် တိုက်ပွဲ
တခါတလေတော့ ဒိုင်လျှိုတိုက်ပွဲဝင်တယ်။ အမေအပြင်သွားနေတဲ့အချိန်မျိုးတွေကျရင် မီးဖိုချောင်ထဲ
သွားပြီး ဘားဘန်ဝီစကီ (Bourbon) နဲ့ဂျင် (Gin) ပုလင်းတွေ လိုက်ရှာပြီး အားလုံးရိုက်ခွဲပလိုက်
တယ်။
အဲဒီအချိန်မျိုးတွေကျရင် ကျနော့်တကိုယ်လုံးမှာ ဒေါသတွေနဲ့ပြည့်နေတယ်။ တခြားအချိန်တွေမှာတော့
ကြောက်တတ်သလို၊ မကြာခဏ အကူအညီမဲ့နေသလိုမျိုးခံစားရတယ်။ ပြီးရင်တော့
ရူးချင်ယောင်ဆောင်နေလိုက်တယ်။
အမေ့အသည်း၊ အထွေးဆုံးသားလေး ဆိုတော့ အမေကကျနော့်ကိုတော့ ဘာမှမပြောရှာပါဘူး။
ကျနော့်စိတ်အတွင်းပိုင်းမှာ အိမ်မှာအဆင်မပြေဖြစ်လာတိုင်း သွားနေလို့ရတဲ့ နေရာလေးတခုရှိတယ်။
ကျနော့်စိတ်ထဲမှာ နာကျင်လာတိုင်း သူငယ်ချင်းသစ်တွေရှာ၊ ခွေးတွေနဲ့ဆော့၊ ကားလမ်းကူးမယ့်
အဘွားကြီးတွေကို ကူညီပေးပြီး လူကောင်းတယောက်အဖြစ်နဲ့ နေရင် နာကျင်မှုတွေကို မေ့ထား
လို့ရတယ်လေ။
ကျနော့်မှာ ဘော်ဒါဘော်ဂျွတ်တွေတော့ အများကြီးရှိတယ်။ ဒါပေမယ့် စိတ်ချင်းနီးစပ်တဲ့
သူငယ်ချင်းတော့မရှိဘူး။ အဲလိုနဲ့  ကိုယ့်ဘာသာ တယောက်တည်းလည်း လွတ်လွတ်လပ်
လပ်နေတတ်လာတယ်။ ဒါ.. အမေပေးတဲ့ လက်ဆောင် ဖြစ်ချင်လဲဖြစ်နေမှာပေါ့လေ။
အိမ်အပြင်ရောက်နေတဲ့အချိန်တွေကတော့ ကျနော့်အတွက်ပျော်စရာပဲ။ ကျောင်းမှာ
အင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ တော်လှန်ရေးစစ်ပွဲ (Revolutionary War) နဲ့ပတ်သက်တာတွေကို
အသေးစိတ်ပို့ချပေးတဲ့ သင်ခန်းစာတခုလည်း သင်ရတယ်။
ပရင့်စ်တန်တိုက်ပွဲ၊ ထရဲန်တန်တိုက်ပွဲနဲ့ (ဗိုလ်ချုပ်ကြီး) ဂျော့ရှ်ဝါရှင်တန် ဒီလာဝဲမြစ် (Delaware River)
ကို ဖြတ်ကူးခြင်း တွေနဲ့ပတ်သက် ဆက်စပ်နေတဲ့နေတဲ့ နေရာတွေကိုပါ သွားလေ့လာရတယ်လေ။
ဂျော့ရှ်ဝါရှင်တန် ဒီလာဝဲမြစ် (Delaware River) ကို ဖြတ်ကူးခြင်း
အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်တဲ့ ဂျော့ရှ်ဝါရှင်တန် (George Washington) လျှောက်ခဲ့
တဲ့မြေပေါ်မှာလမ်းလျှောက်ရတာကို ကျနော်တော်တော်သဘောကျမိတယ်ဗျာ။ ကျနော်က
သမိုင်းရဲ့သဘောသဘာဝကိုလေ့လာရတာကို စိတ်ဝင်စားမိတာ။ အထူးသဖြင့်ငှက်တွေရောပေါ့။
နယူးဂျာစီပြည်နယ်ထဲမှာပျံနေတဲ့ ငှက်မှန်သမျှကို ကျနော်အမျိုးအမည်ခွဲခြားနိုင်ပါတယ်။
ငှက်အဖိုနဲ့အမခွဲနိုင်တယ်။ ငှက်ဥရဲ့အရောင် (သို့မဟုတ်) အသိုက်ပုံသဏ္ဍာန်ကိုကြည့်တာနဲ့
ဘာငှက်လဲဆိုတာကို ပြောပြနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုတော့ တကယ့်မုဆိုးကြီးလို့ ကျနော်ကတော့ထင်မိတာပဲ။
အိမ်အနောက်ဘက်မှာ ကားဂိုဒေါင်တလုံးနဲ့ ပန်းသီးပင်တွေရှိတယ်။ အဲဒီမှာကျနော် ထောင်ချောက်တွေ
ထောင်ထောင်ထားသေးတယ်။ ကျနော့်ရဲ့ ပထမဆုံးထောင်ချောက်ကတော့ ကာတွန်းကားတွေထဲမှာ
တွေ့ရတဲ့ ကြိုးချည်ထားတဲ့ တုတ်နဲ့ထောက်ထားတဲ့ ဗူးခွံအကြီးတခုပေါ့။
ဒါပေမယ့် အဲဒီထောင်ချောက်လောက်တော့ တိရစ္ဆာန်တွေက ပျင်းသနားတယ်ဆိုတာသွားတွေ့တယ်။
အိမ်ကြောင်တောင် မဝင်ဘူးဗျား။ အဲလိုနဲ့ စာကြည့်တိုက်မှာ အရိုင်းဆန်ဆန်နေထိုင်နည်း
လူငယ်လမ်းညွှန်စာအုပ် (A Boy’s Guide to Wilderness Living) ကိုသွားတွေ့ပြီး
၊ ကျောက်ခဲထောက်ချောက်၊ သစ်တုံးထောင်ချောက်နဲ့ ကျော့ကွင်းထောင်ချောက်တွေလုပ်ပုံ
လုပ်နည်းကို သိသွားတယ်။ ထောင်ချောက်တွေဆင်ရတာကတော့ တကယ့်ကို ကဂျိုးကဂျောင်ပါပဲ။
နောက်ဆုံးမှာတော့ ရှဥ့်လေးတွေကို အရှင်ဖမ်းလို့ရတဲ့ စပရင်နဲ့ဆက်ထားတဲ့ လှောင်အိမ်ထောင်ချောက်တခု
ထောင်လိုက်နိုင်တယ်။ ရေလည်စိတ်လှုပ်ရှားမိတယ်ဗျာ။ ကျနော့် အကြံကတော့ ရှဥ့်တွေအများကြီးဖမ်းမိရင်
လေ့ကျင့်ပေးပြီး နော်မန်ရွှပ်ဇကော့ဖ်ရဲ့ရှဥ့်တွေဆိုပြီး ကမ္ဘာကျော်အောင်လုပ်မလို့။
တနေ့ လှောင်အိမ်ထဲမှာ ရှဥ့်လေးတကောင်မိနေရော။ ရှဥ့်ကရေလည်လန့်နေပြီး လှောင်အိမ်ထဲမှာ
အရူးလိုအော်နေတယ်လေ။ ကျနော်လဲ ချက်ချင်းလွှတ်ပေးလိုက်တယ်။ ရှဥ့်လေးရဲ့လွတ်လပ်မှုကို
ချုပ်ချယ်ထားမိတဲ့အတွက် ကိုယ်ကိုယ့်ကိုယ်လဲ ကျနော်ပြန်ရှက်သွားမိတယ်။ ကျနော့်ရဲ့ မုဆိုးစိတ်ကို
ကရုဏာတရားကလွှမ်းမိုးသွားတယ်။
ကျနော်ပထမဆုံးသတ်မိတဲ့ သတ္တဝါကတော့ သပိတ်လွယ်ငှက်လေးတကောင်ပါ။ အဲဒီတုန်းက လေးနဲ့မြား
လွယ်ပြီး တွေ့တဲ့ သတ္တဝါအားလုံးကို မနားတမ်းလိုက်ပစ်နေရတာ အကြိုက်တွေ့နေတဲ့အချိန်ပေါ့။
တကောင်မှတော့မထိဘူး။ တနေ့တော့ အိမ်နောက်ဖေးမှာ သပိတ်လွယ်ငှက်လေးတကောင်ကို တွေ့လိုက်တယ်။
ကျနော်လဲ မြားနဲ့ပစ်လိုက်ရော။ ဘုရားသခင်.. အဲဒီငှက်လေးကိုသွားထိတယ်ဗျာ။ မြားတံက ငှက်ကို
ထုတ်ချင်းဖေါက်သွားတယ်။ ငှက်ကလေးခမျာ မြေပေါ်မှာ တဖျပ်ဖျပ်အတောင်ခတ်ပြီး သေသွားရှာတယ်။
ငှက်ကလေးကို အသက်ရှင်အောင်ပြန်လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ကျနော်လဲရေလည်ညစ်သွားတယ်။
ကျနော့်ရဲ့အမှားပါပဲ။
ကျနော်အိမ်ထဲပြန်ဝင်ပြီး ရှာလို့တွေ့တဲ့ အလှဆုံးဘူးခွံသေတ္တာလေးတခုကို ယူလိုက်ပြီး၊ သေတ္တာလေးထဲမှာ
အနူးညံ့ဆုံး ပိတ်စလေးတခုနဲ့အထဲမှာခံလိုက်ပါတယ်။ သေတ္တာထဲကို ငှက်သေကလေးကိုထည့်လိုက်တယ်။
ခပ်နက်နက်ကျင်းတကျင်း တူးလိုက်ပြီး၊ သတိရသမျှ ဘုရားစာတွေဆိုပြီး မြေမြှုပ်လိုက်ပါတယ်။
ပြီးတော့ အခုလုပ်မိတဲ့ အကုသိုလ်အမှုကို ဘုရားသခင်ခွင့်လွှတ်နားလည်ပေးဖို့နဲ့ ငှက်တွေနဲ့ တခြားဘယ်
သတ္တဝါကိုမှ မပစ်တော့ပါဘူးလို့ ကောင်းကင်ဘုံကိုတိုင်တည်လိုက်မိတယ်။ ကိုယ်ကပစ်မယ်လို့မရည်ရွယ်ရင်
ဘယ်တိရစ္ဆာန်၊ ဘယ်လိုလူကိုမှ လက်နက်နဲ့မချိန်ရဘူးလို့ အဖေကကျနော့်ကို အမြဲမှာထားခဲ့ပါတယ်။
အဲဒီကတည်းက ကျနော်လည်း ဟိုချိန်ဒီချိန်လုံးဝမလုပ်တော့ဘူး။ တခါတလေ ဘော်ဒါတွေကို
ဖိမ့်ရသေးတယ်။ အကောင်တကောင်ကို လေသေနတ်နဲ့ချိန်ပြီးရင် တမင်လွှဲပြီး မထိအောင်ပစ်ပြရတာမျိုးပေါ့။
ဝက်စပွိုင့်ခရစ်ယာန်ဓမ္မတေးသံစုံအဖွဲ့
အမေကတော့ ကျနော်အိမ်ထဲမှာမနေချင်တာကို နားလည်ပုံရပါတယ်။ အုပ်စုဖွဲ့လုပ်တဲ့ လှုပ်ရှားမှု ရှာလို့တွေ့သမျှကို
ကျနော့်ကိုထည့်ပေးပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတော့ အုပ်စုဖွဲ့လှုပ်ရှားမှုတွေကလည်း မရှိသလောက်ပဲဖြစ်
နေတယ်။ လူငယ်ကင်းထောက်အဖွဲ့ကလည်း ဖျက်သိမ်းထားတယ်။ ဘောလုံးအသင်းလို အသင်းမျိုးတွေကလည်းမရှိဘူး။
ဒါပေမယ့် ယောက်ျားလေးကလပ်ကို စနေနေ့တိုင်းသွားပြီး လေသေနတ်ပစ်တော့ ကျင့်တယ်။ ထရဲင်နီတီ
ဘုရားကျောင်းမှာ ယောက်ျားလေးဓမ္မတေးအဖွဲ့နဲ့ (Soprano) ဆိုပရာနို (အသံမြှင့်၍ဆိုရသောခရစ်ယာနှ်
ဓမ္မတေးတမျိုး) လည်းသွားသွားဆိုတတ်တယ်။
ဘုရားကျောင်းသွားရတဲ့ အကြောင်းထဲကတချက်ကတော့ မုန့်ဖိုးရတာကြောင့်လည်းပါတယ်။ လေ့ကျင့်ခန်းအရှည်
တခုနဲ့ တပတ်မှာ တနင်္ဂနွေတရက် ဝတ်ပြုချိန်အတွက် ကလေးတိုင်း တယောက်ကို ဆင့်ငါးဆယ်စီရတယ်လေ။
အဲဒါတော်တော်များတယ်လို့တော့ထင်တာပဲ။ ကျနော် အကသင်တန်းတောင် သွားတက်လိုက်သေးတယ်။
စုံတွဲအကသင်နေတာကို သူငယ်ချင်းတွေတွေ့မှာရှက်မိပေမယ့် စုံတွဲကရတာကိုတော့ ကျနော်ကြိုက်တယ်။
အကသင်တန်းတက်ရတဲ့ အကြောင်းရင်းတွေထဲက တချက်ကတော့ စော်ခပ်ချောချောလေးတွေနဲ့ တွဲကရလို့လေ။
ဟဲဟဲ…ကျနော်လဲ ရှစ်နှစ်၊ ကိုးနှစ်လောက် အရွယ်ကတည်းက ခံစားတတ်နေပြီ။
ကျနော့်လှုပ်ရှားမှုတွေကို အမေက အဖေ့ကိုသတင်းပို့တော့၊ အဖေက ကျနော်မိန်းမဆန်သွားမှာ လန့်လာတယ်လေ။
သူကိုယ်တိုင် ဝက်စပွိုင့်ဓမ္မတေးသံစုံအဖွဲ့ (West Point Choirs) မှာ ဝင်ဆိုခဲ့ပြီး၊ အကောင်းဆုံး အကသမား
တယောက်လဲ ဖြစ်ခဲ့ရဲ့သားနဲ့ ကျနော့်ကိုကျတော့ အားကစားကိုပိုလုပ်စေချင်တယ်။
(၁၉၄၄) တနှစ်လုံးတောက်လျှောက်လာတဲ့ အဖေ့စာတွေထဲမှာ သားတော်မောင်နော်မန်ကိုစခန်းသွင်းရေး
လှုပ်ရှားမှုတွေပါလာတယ်။ အပတ်စဉ် ကြည်းတပ်ဘောလုံးအမှတ်ဇယားကို အဖေ့ဆီ ကျနော့်ကသတင်း
ပို့ရတာမျိုး တာဝန်တွေ အမြောက်အမြားပေးတော့တာပဲဗျာ။
အဖေ့မှာ ရည်ရွယ်ချက်တခုတော့ရှိတယ်။ နွေရာသီ တောင်တက်စခန်းချတာ၊ ဘေ့စ်ဘောလ်ကစားတာ
မျိုးတွေကျနော်လုပ်ပေမယ့် အားကစားလုပ်ရတာကို ကျနော်က သိပ်ဖီးလ်မလာဘူးလေ။
ကျနော်တို့အိမ်ထဲက တကယ့်စစ်ပွဲတွေနဲ့ယှဉ်လိုက်ရင် အဖေ့ရဲ့ဒုတိယကမ္ဘာစစ်တွင်းစွန့်စားခန်းတွေက
သိပ်မဖြစ်နိုင်ဘူးလို့ ကျနော်စပြီးထင်လာမိတယ်။ ပရင့်စ်တန်မှာကြာကြာနေလေ၊ အဖေ့စာတွေက
ပိုပိုပြီးမဆီလျော်တော့သလိုဖြစ်ဖြစ်လာတယ်။
အိမ်မှာပြဿနာတွေနဲ့ ဖြစ်နေတာကို အဖေ့ကို ဘယ်သူမှမပြောပြခဲ့ကြဘူးလေ။ အီရန်သွားမယ့် အဖေ့လက်
အောက်အရာရှိတယောက် အိမ်ကိုလမ်းကြုံဝင်လာတော့ အမေက သူအရက်သောက်တာကို အဲဒီအရာရှိ
မသိအောင် ဖုံးထားတယ်။ ကျနော်တို့ဘဝတွေမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ အဖေမသိတော့ဘူးပေါ့။
အိမ်မှာရှိတဲ့ယောက်ျားသားတယောက်အနေနဲ့ သားကိုအဖေအားထားတယ်နော် ” လိုမျိုးစာကြောင်းတွေ
အဖေ့စာတွေထဲမှာ မကြာခဏပါလာတတ်တယ်။ အဲဒီတော့ ကျနော့်မှာ ငါတာဝန်မကျေဘူးဆိုတဲ့ ဖီလင်
တွေဖြစ်လာတာပေါ့။ ပရင့်စ်တန်မြို့နဲ့ လောရဲန့်စ်ဗီးလ်မြို့တွေက ကျောင်းတွေက ကျနော့်သူငယ်ချင်းတွေရဲ
့ အဖေတွေအားလုံးက အိမ်မှာရှိနေကြတယ်လေ။ သူငယ်ချင်းတွေရဲ့ အဖေတွေက ကျနော့်အပေါ်တော့
ကောင်းကြပေမယ့်၊ အဖေ့နေရာကို ဘယ်သူမှအစားမထိုးနိုင်ကြဘူးလေ။ တကယ်လို့ သူတို့ အစားထိုး
ပေးဖို့ကြိုးစားရင်တောင်မှ ကျနော်အစွမ်းကုန်ခုခံကာကွယ်ရလိမ့်မယ်လေ။ အဖေ့နေရာကို အစားထိုးဖို့
ဘယ်သူ့ကိုမှ ခွင့်မပြုနိုင်ဘူးကိုး။
အဖေအိမ်ပြန်ရောက်လာပြီး ကျနော်တို့ကိုလာကယ်ပါစေလို့ ကျနော်တို့ဆုတောင်းနေခဲ့ကြရပေမယ့်
ဘယ်အချိန်မှသာ အဲလိုဖြစ်လာမလဲဆိုတာကိုတော့ မသိခဲ့ကြပါဘူး။ ရေဒီယိုမှာ မဟာမိတ်တပ်တွေပြင်သစ်ကို
ကမ်းတက်တိုက်မယ့် D-Day ကို (၁၉၄၄) ဇွန်လ မှာထုတ်ပြန်ခဲ့တဲ့ စစ်ရေးကြေငြာချက်တခုက
ကျနော့်အတွက်တော့ အဓိပ္ပာယ်ရှိသွားခဲ့တယ်။ အခုနာမည်ကြီးနေတဲ့ အိုဟိုင်းယိုးပြည်နယ်
အုပ်ချုပ်ရေးမှူး ဂျော်န်ဘရစ်ကားစ် (John Brickers) ရဲ့..
D-Day ကတော့မိစ္ဆာဝင်ရိုးတန်းတပ်တွေရဲ့နိဂုံးနဲ့ပျက်သုန်းခြင်းတို့အတွက် နိဒါန်းအဖွင့်ပါပဲ
ဆိုတဲ့ စကားကို ရေဒီယိုသတင်းကြေငြာတဲ့လူက ကိုးကားခဲ့တယ်လေ။ ကျနော်လဲ အဲဒါတွေကိုကြားကြားချင်း
စိတ်လှုပ်ရှားမှု၊ အံ့အားသင့်မှုနဲ့ မယုံသလိုလိုတောင်ဖြစ်သွားခဲ့ရသေးတယ်။ အဓိပ္ပာယ်ကတော့
စစ်ကြီးပြီးခါနီးပြီဆိုတော့၊ အဖေအိမ်ပြန်လာတော့မယ်ဆိုတဲ့သဘောပဲလေ။ အဲဒီနွေဦးမှာ
နာဇီဂျာမနီတွေစစ်ရှုံးသွားပေမယ့်လဲ၊ ရှားဘုရင်ရဲ့အီရန်နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုကို
အားထားနေရတုန်းပဲ။ အဲဒါကြောင့် အီရန်မှာ ဆက်နေရဦးမယ်လို့ အဖေကပြောပြတယ်။ မထင်မှတ်ပဲ
တိုင်ပင်စရာလေးတွေရှိလို့ဆိုပြီး ဝါရှင်တန်မြို့တော်ကို အဖေပြန်လာတုန်း ခွင့်တလနဲ့ ပရင့်စ်တန်က
အိမ်ကို အဖေပြန်ရောက်လာခဲ့တယ်။ (၁၉၄၅) ဇွန်လတွင်းမှာပေါ့။
နောက်မှသိရတာက အရက်တွေလှိမ့်သောက်နေတဲ့ အမေ့အခြေအနေကိုတွေ့လိုက်ရတော့ အဖေတော်
တော်အံ့အားသင့်သွားတယ်တဲ့။ ဒါပေမယ့် အဲဒီတုန်းကတော့ အဖေက အံ့အားသင့်တဲ့ပုံကိုမပြခဲ့ဘူး။
ညစာစားနေရင်း အမေစိတ်တိုလာပြီဆိုရင် အဖေက စကားလမ်းကြောင်းတွေလွှဲပြီး ကျနော်တို့ကလေးတွေ
ကို တဖက်လှည့်နဲ့ ရှောင်ခိုင်းတတ်တယ်လေ။ နောက်ဆုံးတော့ အဖေကို ရုသ်အဲန်းနဲ့ဆယ်လီတို့ကို
အမေအရက်သောက်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ပြောပါတယ်။ အသက် (၁၅) နှစ်ရှိနေပြီဖြစ်တဲ့
ရုသ်အဲန်းကိုတော့ စစ်ကမပြီးသေးဘူးသမီး..ဆက်လုပ်စရာတွေအဖေ့မှာရှိနေသေးတော့ သမီးအမေကို
သမီးဂရုစိုက်ပါ။ ဦးဆောင်နိုင်မယ့် သမီးကို အဖေအားကိုးတယ်..။ (၁၃) နှစ်သမီး ဆယ်လီကိုတော့
သမီးကတော့ အမေ့ဒဏ်ကိုကြိုးစားသည်းခံပါလို့ အဖေကပြောပါတယ်။
ကျနော့်ကိုတော့ အမေနဲ့ပတ်သက်ပြီး အဖေကိုဘာမှမဟခဲ့ပေမယ့် အဖေလုပ်ပေးခဲ့တာက ပြောတာ
ထက်အများကြီးပိုထိရောက်ခဲ့ပါတယ်။ စစ်ဘက်ပညာရေးကျောင်းတခုကို ပို့ပေးဖို့ အဖေ့ကို ကျနော်
ပြောတော့ အဖေကသဘောတူတယ်။ အဖေကိုယ်တိုင်လဲ စစ်ကျောင်းထွက်ပဲလေ။
ကျနော်လဲ အမေ့ကို အဲဒီအကြောင်းပြောပြခဲ့ဖူးသေးတယ်။
ကျနော်အိမ်မှာမိန်းကလေးတွေနဲ့ချည်း နေရတာမပျော်ပိုက်ဘူးအဖေရာ..ခြောက်တောက်တောက်ဖြစ်ချင်လာတယ်..လို့..
အဲလောက်ပဲပြောလိုက်ရတယ်။ အမေအမြဲမူးနေပြီး အဲဗားရစ်နေလို့..လို့လဲ အမှန်အတိုင်း မပြောချင်ဘူးလေ။
အဲလိုဝန်ခံရမှာကို စိတ်ပျက်မိလို့…
ဘော်ဒဲန်မြို့စစ်ကျောင်း
အဲဒီနှစ်စက်တင်ဘာမှပဲ ဘော်ဒဲန်မြို့စစ်ကျောင်း (Bordentown Military Institute) မှာ (၆) တန်း စတက်ရတယ်။
အဖေစီစဉ်ပေးတဲ့ အစီအစဉ်အတိုင်းလုပ်ရတာမို့လို့ ကျနော်စိတ်ချမ်းသာမိတယ်ဗျာ။ အဖေလူငယ်လေးတုန်းက
စစ်ယူနီဖေါင်းနဲ့ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကျနော်တွေ့ခဲ့ဖူးတယ်။ အခုကျနော်လဲ အဖေ့လိုစစ်ကျောင်းတက်နေ
ရပြီလေ.. တနေ့နေ့..ဝက်စ်ပွိုင့်စစ်တက္ကသိုလ်တက်ရင် တက်ရမှာပေါ့။ တက်ဖို့ အရည်အချင်းမမှီမှာကိုပဲ စိတ်ပူမိတာ။
ဘော်ဒဲန်မြို့ကျောင်းက ပို့စကဒ်တွေမှာကျောင်းပုံတွေပါတဲ့ ပရင့်စ်တန်နဲ့ ဖီလာဒဲလ်ဖီးယားမြို့ (Philadelphia)
တွေကြားက စစ်ဘက်ကျောင်းတကျောင်းပေါ့။ အုတ်တွေနဲ့ဆောက်ထားတဲ့ အဖြူရောင်အဆောက်အဦးကြီးပါ။
အရှေ့မှာ စစ်ရေးပြကွင်းနဲ့ အနောက်မှာတော့ ကျောင်းသားဆောင်တွေနဲ့ ကစားကွင်းတွေရှိပါတယ်။
အဲဒီကျောင်းရောက်မှ ကျနော်လဲ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ်အောင်မြင်မှုရဲ့အရသာကို ခံစားရတယ်။
ကံကောင်းချင်တော့ ကျောင်းသင်ခန်းစာ၊ အားကစားနဲ့ စစ်ပညာတွေအားလုံးမှာပေါ့။ အရင်တုန်းက
ကျနော်ရတဲ့အဆင့်တွေက သာမန်အဆင့် (သို့) သာမန်အထက်အဆင့်တွေပေါ့၊ ကျနော့်ရီပို့ကဒ်တွေမှာလဲ..
အခြေအနေကောင်းပေမယ့် နော်မန် အပြည့်အဝမကြိုးစားပါ..” ဆိုတဲ့ မှတ်ချက်တွေကတော့ အမြဲလို
လိုပါပါနေတယ်လေ။ အခုတော့ကျနော် အကောင်းဆုံးအဆင့်သတ်မှတ်ချက်ဖြစ်တဲ့ (A) တွေချည်းရတယ်ဗျာ။
အကြောင်းရင်းကတော့ ဖွဲ့စည်းတည်ဆောက်ပုံ (Structure) နဲ့ အာရုံစူးစိုက်မှု (Focus) တွေကြောင့်ပါပဲ။
အခုဘော်ဒဲန်ကျောင်းက ပရင့်စ်တန်မူလတန်းကျောင်းမှာထက်တော့ စည်းကမ်းပိုကျပ်တယ်။
ဒါပေမယ့် ဘော်ဒဲန်ကျောင်းမှာက ညပိုင်းကျရင် စာကြည့်ခန်းမမှာ မကြည့်မနေရ စာကြည့်ရတယ်လေ။ ကျနော့်ကိုအာရုံနောက်စေမယ့် စော်အလန်းလေးတွေ၊ ရေဒီယိုဇာတ်လမ်းတွေ၊ သူငယ်ချင်းတွေနဲ့စွန့်စား
ခန်းမျိုးတွေမရှိတာလည်း ပါတယ်။ ကျနော်လဲ လူကောင်တော်တော်ထွားလာတယ်ဗျ။ အဲဒီနှစ်ဆောင်း
ရာသီမှာကိုပဲ အရပ်က (၆) ပေ နီးပါးဖြစ်လာတယ်။ အမေရိကန်ဘောလုံးလည်း အတော်ကစားတတ်
လာတယ်လေ။
စစ်ကျောင်းမှာ သတ်မှတ်ပေးထားတဲ့ အဆင့်လဲတိုးပြီး ဒု-တပ်ကြပ် (Private First Class) တောင်မှဖြစ်
သွားသေးတယ်။ ခြောက်တန်းမှာတော့ အဲဒီအဆင့်ကအမြင့်ဆုံးပဲ။  ယူနီဖေါင်းဝတ်ရတာရယ်၊ ထမင်းစားပွဲမှာ
ခန့်ခန့်ကြီးထိုင်နေရတာရယ်၊ နောက်ကျောင်းကိုစစ်တပ်ပုံစံနဲ့ ချီတက်ပြီးသွားရတာရယ်..အဲဒါတွေကို
ကျနော်သဘောကျတာတော့ အမှန်ပဲ။ နောက် စည်းကမ်းလိုက်နာရတာကိုလဲကြိုက်တယ်။ ဖရိုဖရဲနိုင်တဲ့
ကျနော့်အိမ်မှာထက်စာရင် ခုလိုမျိုးကျတော့ ဘာလာမလဲဆိုတာ ပုံသေမှန်းလို့ရတယ်လေ။
ကျနော်တို့ကျောင်းသားငယ်လေးတွေက နွေးထွေးမှုရှိတဲ့ မစ္စမက်ကေး (Ms McKay) ဆိုတဲ့ အိမ်ရှင်မ
တယောက်ကြီးကြပ်တဲ့ အိပ်ဆောင်မှာနေကြပါတယ်။ မစ္စမက်ကေးက ကျနော့်ကိုချစ်တော့ ကျနော့်စိတ်
ထဲမှာလဲ လုံလုံခြုံခြုံရှိတာကိုခံစားရပါတယ်။ တနှစ်အတွင်းမှာပဲ ရှက်ကိုးရှက်ကန်းနိုင်တဲ့ ဝကစ်ကစ်
လူငယ်လေးတယောက်အဖြစ်ကနေ အရပ်မြင့်မြင့်နဲ့အေးဆေးငြိမ်သက်တဲ့ ဆယ်ကျော်သက်လူငယ်
လေးတယောက်ဖြစ်လာပါတယ်။ အခုပြောင်းလဲမှုကိုအမတွေအနေနဲ့လည်း အံ့အားသင့်နေကြမှာပါပဲ။
အထူးသဖြင့် သိသိချင်းပေါ့။ ခရစ္စမတ်မှာ အိမ်ပြန်ရောက်ရင် သူတို့ကျနော့်ကိုအရင်လိုတွန်းလို့မရတော့
ဘူးဆိုတာ ပြလိုက်ချင်သေးတယ်လေ။
(၁၉၄၅) မှာ အဖေအိမ်ပြန်လာပြီးတော့နောက်ပိုင်း ကျနော်လဲအိမ်မှာသိပ်မနေဖြစ်တော့ပါဘူး။
အဲလိုဖြစ်အောင်လည်း အဖေကစီစဉ်ခဲ့တာကိုး။ (၁၉၄၆) ဇွန်လမှာ ကျောင်းကအိမ်ပြန်ခွင့်ပေးတော့၊
စစ်ပြီးသွားပြီဖြစ်လို့ ကျနော့်ကိုအီရန်ကိုခေါ်ထားချင်တယ်လို့ အမေ့ဆီကို အဖေကစာရေးပြီးပြောပါတယ်။
တရက်ပေါ့..ကျနော့်အခန်းထဲကိုအမေဝင်လာပြီး..အီရန်မှာ အဖေနဲ့အတူသွားနေချင်လား..လို့မေးပါတယ်။
အမေတကယ်ပြောနေတာဆိုတာ ကျနော်ယုံအောင်လို့ အဲဒီစကားကို အမေကနောက်တခေါက်ထပ်ပြောပါတယ်။ ကျနော်ပြန်ပြောလိုက်နိုင်တာကတော့..သားဘယ်တော့သွားရမလဲအမေ..လို့ပါပဲ။
ပဉ္စဂံပုံစံရှိ၍ (The Pentagon) ဟုခေါ်ကြသော အမေရိကန်ကာကွယ်ရေးဝန်ကြီးဋ္ဌာန
ဗိုလ်မှူးဒစ်ခ်ဝါးတားစ် (Maj Dick Waters) နဲ့တူတူခရီးထွက်လာလို့ရအောင် အဖေကစီစဉ်ပေးခဲ့ပါတယ်။
ဗိုလ်မှူးဒစ်ခ်ဝါးတားစ်က သြဂုတ်လမှာ အီရန်ကိုလာပြီး အဖေ့ဋ္ဌာနမှာအလုပ်လုပ်ရမှာလေ။ စီစဉ်ထားတာ
ကတော့ ဝါရှင်တန်ဒီစီ (Washington D.C) ကနေစ၊ ပြီးရင် သူ့မိသားစုကိုနှုတ်ဆက်ဖို့ ဗိုလ်မှူးဒစ်ခ်ဝါး
တားစ်နဲ့ ဖလော်ရီဒါပြည်နယ် (Florida) ကိုကားနဲ့သွား၊ အဲဒီကနေ ဝက်စ်ပဲန်းလ်မ်ဘိခ်ျ (West Palm Beach) လေတပ်စခန်းကိုဆက်သွားပြီး၊ လေတပ်လေယာဉ်ကိုစီးရမှာပါ။
တပတ်အတွင်းမှာပဲ ကျနော့်အတွက်ပတ်စ်ပို့လုပ်ဖို့၊ ဝမ်းလျှောရောဂါ၊ ပလိပ်ရောဂါ၊ ဆုံဆို့နာရောဂါနဲ့
အီရန်မှာကူးစက်ခံရနိုင်မယ့် တခြားရောဂါအားလုံးအတွက် မြောက်မြားစွာသော ကာကွယ်ဆေးတွေထိုးဖို့
အမေနဲ့ကျနော်..ပင်တဂွန်စစ်ဋ္ဌာနချုပ်ထဲမှာ တခန်းဝင်တခန်းထွက်နဲ့ ခြေတိုအောင်လျှောက်နေရတယ်။
အဲဒီအချိန်တုန်းက ပင်တဂွန်စစ်ဋ္ဌာနချုပ်က ဆောက်ပြီးစအသစ်ကြီးပေါ့။ ကြီးမားလွန်းလှတဲ့ ပင်တဂွန်
စစ်ဋ္ဌာနချုပ် ထဲမှာ လျှောက်ရင်းလျှောက်ရင်းနဲ့ ဘယ်မှကိုမရောက်သလိုဖြစ်နေတာကို ကျနော်လဲ
အရမ်းအံ့သြနေခဲ့တာလေ။ ပင်တဂွန်ကလူတွေအားလုံးကလဲ ကျနော်တို့အပေါ်မှာ နွေးနွေးထွေး
ထွေးနဲ့ဆက်ဆံကြပါတယ်။ အီရန်နဲ့အမေရိကန်ပြည်ထောင်စုကြားက ဆက်သွယ်မှုကအရေးပါတော့
အဖေလဲ ဗိုလ်မှူးကြီးအဆင့်ကနေ အဆင့်တိုးပြီး ဗိုလ်မှူးချုပ်ဖြစ်သွားလို့ ကျနော်တို့ကိုကောင်
ကောင်းမွန်မွန်ဆက်ဆံတာမျိုးတော့ မဟုတ်ပါဘူး။
ကာကွယ်ဆေးတွေအားလုံးထိုးပြီးဖို့ တလလောက်ကြာပြီး ဝါရှင်တန်ကို အခေါက်အခေါက်အခါခါ
သွားလိုက်ရပါတယ်။ ဝါရှင်တန်ရောက်တော့ နယူးဂျာစီမှာရှိတဲ့ ဆီးဂတ် (Sea Girt) ဆိုတဲ့မြို့ငယ်လေးက
ကမ်းခြေတခုမှာ ကျနော့်အစ်မတွေနဲ့ သီတင်းပတ်အနည်းငယ် တူတူသွားလည်ခဲ့ကြဖူးတဲ့၊
သူနာပြုကျောင်းတက်တုန်းက အမေ့ရဲ့သူငယ်ချင်းတယောက်အိမ်မှာ နေကြတယ်။ ဝါရှင်တန်မှာ
ကျနော်တသက်လုံးချစ်နေမိလိမ့်မယ်လို့ ယုံကြည်ခဲ့ရတဲ့ အီလီးန် (Eileen) ဆိုတဲ့ မိန်းခလေးတ
ယောက်နဲ့သွားဆုံခဲ့သေးတယ်။ ကျနော်အီလီးန်ကို ရုပ်ရှင်သွားပြရင်းနဲ့ သူ့လက်ဖဝါးလေးကို ဆုပ်ကိုင်
ထားခဲ့တယ်လေ။ ပြီးတော့လည်း အီလီးန်ကို တသက်လုံးအတွက် နှုတ်ဆက်ခဲ့ရတယ်။ ကျနော်က
သဲကန္တာရထဲက အီရန်ကိုသွားရတော့မှာလေ။
နောက်ဆုံး၊ ကျနော့်ရဲ့ (၁၂) နှစ်မြောက်မွေးနေ့ဖြစ်တဲ့ (၁၉၄၆) သြဂုတ်လ (၂၂) ရက်နေ့မှာတော့
သူ့ရဲ့ဆီဒင်ကားအဖြူနဲ့ ဗိုလ်မှူးဝါးတားစ်ပေါက်ချလာပါတယ်။ အဲဒါနဲ့ ကျနော်လည်း ကျနော့်ခရီး
ဆောင်အိတ်ကို ကားနောက်ခန်းခုံပေါ်မှာတင်လိုက်ပြီး အမေ့ကိုနှုတ်ဆက်အနမ်းပေးပြီး၊
ကျနော်တို့ထွက်လာခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း စစ်တပ်ထဲမှာပဲ ကျင်လည်ရတော့တာမို့လို့
ကျနော့်ရဲ့စစ်သားဘဝကို အဲဒီနေ့ကစတင်ခဲ့တယ်လို့ပဲ မှတ်ထားလိုက်ပါတော့တယ်။
´