{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Wednesday, February 15, 2012

သူရဲကောင်းဆိုတာ.. (အခန်း-၁)-(Click)

သူရဲကောင်းဆိုတာ.. (အခန်း-၁)

West Point-8
 
20
 
0
 
မဲပေးပါ
ဘာသာပြန်သူ၏အမှာစကား
 “ ဒီမိုကရေစီဆိုသည်မှာ ပြည်သူများအတွက်၊ ပြည်သူများအထဲမှ၊
ပြည်သူ့အလိုဆန္ဒအတိုင်းရွေးကောက်တင်မြှောက်ထားသော အစိုး
ရတရပ်မှ နိုင်ငံအား စီမံခန့်ခွဲအုပ်ချုပ်ခြင်း
” ဟူ၍
ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။
မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအတော်များများ၌ နိုင်ငံရေးသမားများ၊ နိုင်ငံရေးခေါင်းဆောင်များ၊
စစ်မှန်သောနိုင်ငံရေးပညာရှင်လည်းမဟုတ်၊ စစ်မှန်သောနိုင်ငံရေးသမားလည်း မဟုတ်ပဲ ကိုယ်ကျိုး
စီးပွားအတွက် နိုင်ငံရေးနယ်ပယ်တွင်နေရာဝင်ယူထားကြသူများမှ အနောက်တိုင်းဒီမိုကရေစီစနစ်
သည် စည်းကမ်းမရှိ၍ မိမိတို့နိုင်ငံများနှင့် ကိုက်ညီသော၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် စည်းကမ်း
ရှိသောဒီမိုကရေစီ ကိုဖေါ်ဆောင်ရန်ဟု အဓိပ္ပာယ်သိပ်မရှိလှသော စကားတို့ကိုမကြာခဏကြား
ရတတ်ပါသည်။ အမှန်မှာ အာရှတိုက်ရှိအစိုးရအများစုမှာ ပြည်သူ့အတွက်လုပ်ကိုင်ပေးနေရသော
ပြည်သူ့လစာကိုစားသော ပြည်သူ့ဝန်ထမ်းများ ဖြစ်ကြသော်ငြားလည်း ထိုအချက်ကိုလျစ်လျူရှုပြီး
၎င်းတို့က ပြည်သူထက်ပိုသိ၊ ပိုတတ်၍၊ မိဘသဖွယ်ဖြစ်သည်၊ ၄င်းတို့စီစဉ်သမျှကို ပြည်သူက ခံယူ
ရမည်ဟု လွဲမှားစွာခံယူလေ့ရှိကြပြီး ပြည်သူလူထုသည် အစိုးရ၏မိဘဖြစ်သည်ဆိုသော အမှန်တ
ရားအား မသိကျိုးကျွံပြုထားကြသည်။ ရာထူးနှင့်အာဏာကို အသုံးချ၍ကိုယ်ကျိုးရှာရင်း ပြည်သူ့
ဆန္ဒကို ဥပက္ခာပြုထားသည့် ၄င်းတို့၏လုပ်ရပ်များအား ပြည်သူများမှ ဆန့်ကျင်လာကြသောအခါ
ကိုယ်ကျိုးရှာနိုင်သည့် အခွင့်အာဏာလက်လွှတ်ရမည်ကို စိုးရိမ်၍သွေးရူးသွေးတမ်းဖြင့် ဆင်ခြေ
မျိုးစုံပေးကာ ၄င်းတို့၏ မိဘနှင့် အလုပ်ရှင်ဖြစ်သော ပြည်သူလူထုအား အလုပ်အကျွေးပြုရမည့်
အစား ခြိမ်းခြောက်ရန် မူလာကြတော့သည်။
အာဏာလက်လွှတ်ပါက ၄င်းတို့ကျူးလွန်ခဲ့သော မကောင်းမှုများအတွက် အရေးယူခံရမည်ကို
သေရမည်ထက်တုန်လှုပ်ကြသည်။ ထိုအခါ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာရသော ဒီမိုကရေစီ
စနစ်ကို အနောက်တိုင်းဒီမိုကရေစီ၊ စည်းကမ်းပျက်ဒီမိုကရေစီဟု ခေါင်းစဉ်တပ်၍ ဒီမိုကရေစီဆို
သည်ကို ဂဃနဏ နားမလည်သူများကို နားလှည့်ပါးရိုက်လုပ်တော့သည်။ အမှန်မှာ ပြည်သူလူ
ထုကို စော်ကားခြင်းသာဖြစ်ပါသည်။ အနောက်ဒီမိုကရေစီနိုင်ငံများတွင် အာရှနိုင်ငံများနှင့်စာလျှင်
စည်းကမ်းတင်းကျပ်လှပုံ၊ စည်းကမ်းလိုက်နာကြပုံ၊ ဥပဒေစိုးမိုးပုံ၊ ဥပဒေကိုတန်ဖိုးထားလိုက်
နာစောင့်ထိန်းကြပုံ၊ အကျင့်ပျက်ခြစားမှုအား ပြင်းပြင်းထန်ထန်အရေးယူပုံ ၊ အာရှ၊ အာဖရိက၊
လက်တင်အမေရိက နိုင်ငံများထက် အဆပေါင်းများစွာတင်းကျပ်လှပုံတို့အား နိုင်ငံတကာဗဟု
သုတရှိသူတို့ ကောင်းစွာသိထားကြပါသည်။
သို့သော် အများအလိုကျအုပ်ချုပ်သော ဒီမိုကရေစီစနစ်အား လူအများစုမှ တိတိပပ နားမလည်
သေးသော မြန်မာနိုင်ငံအပါအဝင် ထိုအရှေ့တိုင်းနိုင်ငံများတွင် အကျင့်ပျက်ခြစားမှုအား အစဉ်
အလာသဖွယ်ကျင့်သုံးနေကြသည်အား အလွယ်တကူမြင်တွေ့နိုင်ပါသည်။ အနောက်နိုင်ငံများ
ထက် အဆပေါင်းများစွာပို၍ဆိုးဝါးလှပါသည်။ မြန်မာနိုင်ငံဆိုလျှင် (၂၀၁၀) အကျင့်ပျက်ခြစား
မှုဖေါ်ပြချက်အညွှန်းကိန်း (Corruption Perception Index-2010) အရ ကမ္ဘာ့အဆင့်အောက်
ဆုံးတွင်ရှိသော အဆင့် (၁၇၈) ရသည့် ဆိုမာလီယာနိုင်ငံနှင့်ကပ်လျက်၊ စစ်ဘေးဒဏ်ခံနေရသော
အာဖဂန်နစ္စတန်နိုင်ငံနှင့်ပူးတွဲ အဆင့် (၁၇၆) နှင့် ဘိတ်ရှေ့တွင် ရှိနေပါသည်။
အကြမ်းဖျင်းအားဖြင့် ပြည်သူ့အစိုးရမဟုတ်သော၊ နိုင်ငံ့လုံခြုံရေးအတွက်တာဝန်ရှိပြီး ပြည်သူ
လူထုအားကာကွယ်ရမည့်အစား၊ ပြည်သူလူထုကို ရုပ်ပိုင်းအရရော၊ စိတ်ဓါတ်ရေးရာအရပါ
နည်းလမ်းမျိုးစုံသုံး၍ ခြိမ်းခြောက်ပြီး အာဏာကိုဥပဒေမဲ့ သိမ်းပိုက်ရယူကာ စစ်အရာရှိများမှ
ချုပ်ကိုင်ထားသည့် အာဏာရှင်စနစ် (ယခုအမည်ခံအရပ်သားအစိုးရစနစ်) ကိုကျင့်သုံးနေသော
မြန်မာနိုင်ငံရှိအစိုးရသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အဆိုးဆုံး အကျင့်ပျက်ခြစား
(စည်းကမ်းပျက်ပြား) နေသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ ပြည်သူကိုပဓာနထားသည့်
ဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးလျှင်မူ ထိုအနေအထားနှင့်ဆန့်ကျင်ဘက်ဖြစ်ပါလိမ့်မည်။
ကျနော့်အနေနှင့် ဗိုလ်ချုပ်ကြီးနော်မန်ရွှပ်ဇကော့ဖ် (General Norman Schwarzkopf)
{အလယ်ပိုင်းစစ်နယ်ဝှမ်းဒေသစစ်ဋ္ဌာနချုပ်၊ စစ်ဦးစီးချုပ် (C-in-C, US Central Command)
နှင့် မဟာမိတ်တပ်မှူးချုပ် – Commander of the Coalition Forces၊ ၁၉၉၁-ပင်လယ်ကွေ့စစ်ပွဲ}
နှင့် Fortune မဂ္ဂဇင်း၏ အယ်ဒီတာဘုတ် အဖွဲ့ဝင်ဖြစ်သူ Peter Petre တို့ပူးတွဲရေးသားသော
ကိုယ်တိုင်ရေးအထ္ထုပတ္တိ ဖြစ်သည့် “It Doesn’t Take a Hero” နှင့် General Colin Powell
{အမေရိကန်နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ – National Security Advisor ၊ ပူးတွဲစစ်ဦး
စီးချုပ်များအဖွဲ့ဥက္ကဋ္ဌ – JCS Chairman နှင့် နိုင်ငံခြားရေးဝန်ကြီး – State Secretary} မှရေး
သားသော ကိုယ်တိုင်ရေးအထ္ထုပတ္တိ ဖြစ်သည့် “My American Journey”) အား ၂၀၀၉ ခုနှစ်
တွင် အကြောင်းတိုက်ဆိုင်မှုတခုကြောင့် ဖတ်ဖြစ်ခဲ့ပါသည်။ ဖတ်ရှုပြီးသောအခါ ထိုစာအုပ်ထဲတွင်
ဖေါ်ပြထားသော အကြောင်းအရာများမှာ တော်တော်ကိုအနှစ်သာရရှိသည်ကို သတိပြုမိပါသည်။
ထို့ပြင် ဂုဏ်သိက္ခာပြီး နိုင်ငံနှင့်ပြည်သူအားအသက်စွန့်၍ ကာကွယ်စောင့်ရှောက်ကြသော
အမေရိကန်ကြည်းတပ်စစ်အရာရှိများကို လေ့ကျင့်ပေးသည့် ဝက်စပွိုင့်စစ်တက္ကသိုလ် သင်
တန်းနှင့်ပတ်သက်၍လည်း တစိတ်တဒေသအားဖြင့် လေ့လာနိုင်ခဲ့ပါသေးသည်။
အဓိကအားဖြင့် နိုင်ငံစတင်တည်ထောင်သည့် အချိန်ဟု ဆိုနိုင်သည့် လူ့အခွင့်အရေးစာတမ်းအား
စတင်ကြေငြာခဲ့သည့် (၁၇၇၆) မှစ၍ နှစ်ပေါင်း ၂၀၀ စွန်းစွန်းအတွင်း မဟာအင်အားကြီး စူပါပါ
ဝါဖြစ်လာပြီး ယနေ့ကမ္ဘာ၌ ပထမနေရာတွင်ရှိနေသည့် အမေရိကန်နိုင်ငံ၏ ပညာရေးစနစ်
၊ စစ်ဘက်ပညာရေးစနစ်၊ စစ်ဘက်လေ့ကျင့်ရေးစနစ်များ၊ အမေရိကန်စစ်တပ်၏ လုပ်ထုံး
လုပ်နည်းများ၊ အတွေးအခေါ်များ၊ စိတ်ဓါတ်ရေးရာနှင့် ခံယူချက်များ၊ စစ်တပ်၏တာဝန်ဖြစ်
သည့် နိုင်ငံတော်ကာကွယ်ရေးအတွက် အမြဲတမ်းလေ့ကျင့်ပြင်ဆင်နေပုံ၊ အရည်အချင်းပြည့်
ဝသော စစ်ဘက်အရာရှိများအား မည်သို့ရွေးချယ်ပုံ၊ အမေရိကန်စစ်တပ်အား လွှတ်တော်
(Congress) နှင့် အုပ်ချုပ်ရေးအစိုးရ (Executive Branch) မှနိုင်နိုင်နင်းနင်းစီမံခန့်ခွဲပုံ၊
အမေရိကန်စစ်ဘက်အရာရှိများ သံတမန်ရေးနှင့် နိုင်ငံရေးကိစ္စများတွင် လိမ္မာပါးနပ်စွာ
စီမံလုပ်ဆောင်နိုင်ကြပုံ၊ ယနေ့ကမ္ဘာတွင် တိုက်စွမ်းရည်အထက်မြက်ဆုံးသော အမေရိ
ကန်စစ်တပ်မှလည်း ပြည်သူများမှ ရွေးကောက်တင်မြှောက်ထား၍ အရပ်သားလွှတ်တော်
အမတ်များနှင့် အစိုးရအဖွဲ့တို့၏ စီမံခန့်ခွဲမှုအား ပရော်ဖက်ရှင်နယ်စစ်တပ်ပီသစွာ၊ ပြည်
သူ့တပ်မတော်သားကောင်းပီသစွာ လက်ခံ၍ လိုက်နာဆောင်ရွက်ပုံ၊ အလားတူပင် ပြည်
သူလူထုမှလက်မခံ၊ မလိုလားသော စစ်ကိုဆင်နွှဲသော တပ်မတော်အား ပြည်သူမှဆန့်
ကျင်ကြပုံတို့အား လှစ်ဟပြထားပါသည်။
ပြည်သူသာအမိ၊ ပြည်သူသာအဖ “ ဆိုသည်ကို ကောင်းစွာနားလည်သည့်အတွက်
ပြည်သူအများမှ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော ဒီမို
ကရက်တစ်အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် အမေရိကန်နိုင်ငံနှင့်ပြည်သူတို့၏ အကျိုး
စီးပွားအား စစ်သားကောင်းများပီသစွာ အနစ်နာခံ၍ ကာကွယ်စောင့်ရှောက်ပုံအား
ပင်လယ်ကွေ့စစ်ပွဲမှာ (၁၉၉၁) တွင်ဖြစ်ပွားခဲ့၍ ဤစာအုပ်တွင် လွန်ခဲ့သောနှစ်ပေါင်းနှစ်
ဆယ်ကျော်ကျော်ကာလရှိ အမေရိကန်တပ်မတော်အကြောင်း အားလေ့လာနိုင်ပါသည်။
ယနေ့ အမေရိကန်တပ်မတော်မှာလည်း မျိုးဆက်သစ်ခေါင်းဆောင်မှုများလက်အောက်
၌ ထပ်မံ၍များစွာပြောင်းလဲတိုးတက်လာခဲ့ပြီ ဖြစ်ပါသည်။ ထို့ပြင် အကျင့်ပျက်ခြစား၍
ဥပဒေချိုးဖောက်သဖြင့် အမေရိကန်သမ္မတတဦးအားရာထူးမှ နှုတ်ထွက်စေနိုင်ခဲ့သည်
အထိ အရေးပါသော ကမ္ဘာ့သက်တမ်းအရင့်ဆုံး အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ၊
အမေရိကန်လွှတ်တော်တို့နှင့်ပတ်သက်၍ လည်း တစေ့တစောင်း ထင်ဟပ်ဖေါ်ပြ
ထားပါသည်။
ကျနော့်အနေနှင့်ဤစာအုပ်မှအသိပညာများ တော်တော့ကိုရရှိခဲ့သည့်နောက် မြန်မာနိုင်ငံ
သား ကျောင်းသား၊ကျောင်းသူများ၊ နိုင်ငံရေးကိုစိတ်ပါဝင်စားသောပြည်သူများ၊ နိုင်ငံရေးနှင့်
ဆက်နွယ်နေသော ဘာသာရပ်များကို လေ့လာသင်ယူနေကြသူများ၊ နိုင်ငံရေးတက်ကြွလှုပ်
ရှားသူများ၊ နိုင်ငံရေးသမားများ၊ ရွေးကောက်ခံလွှတ်တော်အမတ်များ၊ သမ္မတမှစ၍ ရာထူး
အဆင့်ဆင့်သော ပြည်သူ့ဝန်ထမ်းများနှင့် ကာကွယ်ရေးဦးစီးချုပ်မှစ၍ အဆင့်ဆင့်သောစစ်
မှုထမ်းများ.. အစရှိသူတို့အနေနှင့်လည်း ဒီမိုကရေစီစနစ်၏အနှစ်သာရ တစိတ်တဒေသအား အတိုင်းအတာတခုအထိ လေ့လာကောင်းလေ့လာနိုင်ကြမည်ကို တွေးခဲ့မိပါသည်။ ဒီမိုကရေ
စီစနစ်ကို နားလည်၍လက်ခံကျင့်သုံးခြင်း၊ ဒီမိုကရေစီစနစ်အား အသက်ပေး၍ကာကွယ်စောင့်ရှောက်
မှသာလျှင် မြန်မာပြည်သူများ အနေနှင့် ချမ်းသာကြွယ်ဝခြင်းနှင့် အေးချမ်းသာယာဝပြောခြင်း
တို့အား လက်တွေ့ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါသည်။ ထို့ကြောင့် ထိုစာအုပ်အား မူရင်းအင်္ဂလိပ်
ဘာသာမှ မြန်မာဘာသာသို့ပြန်ဆိုရန် မကြာသေးမီက စိတ်ကူးရခဲ့ပါသည်။
ယခုလအတွင်း Freedom News Group ၏ကူညီပံ့ပိုးမှုဖြင့် စာဖတ်သူများအတွက်
သက်တောင့်သက်သာနှင့် ဖတ်ရှုလေ့လာနိုင်ဖို့အတွက် ဘာသာပြန်ဆိုမျှဝေနိုင်ရန်
အခွင့်အလမ်း ပေါ်လာခဲ့ပါသည်။ ထို့အတွက် FNG ကိုလည်း ကျေးဇူးအထူးတင်ရှိပါ
သည်။ ဤစာအုပ်အား FNG ဝက်ဘ်ဆိုဒ်တွင် အခန်းဆက်ဝထ္ထရှည်အဖြစ် ဆက်
တိုက်ဖေါ်ပြပေးသွားမည်ဖြစ်ပါသည်။
Daniel Kane


သူရဲကောင်းဆိုတာ..

အခန်း (၁)

“သူရဲကောင်းဆိုတာ.. အမိန့်တွေပေးနေရုံသာမကပဲ မိမိရဲ့တပ်ဖွဲ့ဝင်တွေနဲ့အတူ တသားတည်း တိုက်ပွဲဝင်နေသူကို ခေါ်တာပါ” (H. Norman Schwarzkopf)

ဒုတိယကမ္ဘာစစ် (WWII) အတွင်း (၁၉၄၂) သြဂုတ်လမှာ၊ အဖေ စစ်ထွက်သွားခါနီးဆဲဆဲမှာ ကျနော်သာလျှင် အိမ်မှာကျန်ရှိနေတဲ့ ယောက်ျားသားတယောက် ဖြစ်တယ်ဆိုတာကို အသက်ခုနစ်နှစ်ပဲ ရှိသေးတဲ့ ကျနော်သိအောင် အဖေလုပ်ခဲ့ပါတယ်။
နော်မန် ရွှပ်ဇကော့ဖ် နှင့် မိသားစု
အဖေ၊ ဆယ်လီ၊ ရုသ်အဲန်း၊ ကျနော်နဲ့ အမေ
အဲဒီအချိန်မှာ အဖေရယ်၊ ကျနော်ရယ်၊ အမေရယ် အိမ်နောက်ဖေးမှာရှိနေတဲ့အချိန်ပေါ့။ စိမ်းနေတဲ့ချုံဖုတ်တွေ၊ မွှေးနေတဲ့ပန်းနံ့လေးတွေရယ်၊ ပလ္လင်ပုံလိုဖြစ်နေပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အသားကင်မီးဖိုရှိနေတဲ့ ကျနော်တို့အိမ်နောက်ဖေးက ကျနော့်အတွက်တော့ တကယ့်ကို ပဉ္စလက်ဆန်တဲ့နေရာတခုပါပဲ။ အဲဒီအချိန်မှာ မှောင်ရီသန်းစပြုနေပြီး ပိုးစုန်းကြူးလေးတွေလဲ ထွက်လာနေကြပါပြီ။ ကျနော့်အစ်မတွေဖြစ်တဲ့ ရုသ်အန်း (Ruth Ann) နဲ့ ဆယ်လီ (Sally) တို့နှစ်ယောက်ကတော့ အိမ်ထဲမှာ အလုပ်တွေရှုပ်နေကြလေရဲ့။
အဖေက ကျနော့်ရှေ့မှာရပ်ပြီး တိုင်းပြည်တာဝန်အတွက် သူအဝေးကိုသွားရတော့မယ့်အကြောင်း ပြောပါတယ်။ အဖေသွားရတော့မှာဖြစ်လို့ ကျနော်က တာဝန်ကြီးတခုကို ရရှိတော့မှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ယောက်ျားတွေက မိန်းမတွေကို စောင့်ရှောက်ရတဲ့အတွက် အစ်မတွေကို စောင့်ရှောက်ဖို့က ကျနော့်အပေါ်မှာမူတည်နေပြီး အဲဒီတာဝန်ကိုယူဖို့ ကျနော့်အရည်အချင်းကိုလဲ သူ့အနေနဲ့ယုံကြည်တယ်လို့ ပြောပါတယ်။ သူ့ရဲ့ယုံကြည်မှုကို ပြသဖို့အတွက် အဖေက ကျနော့်ကို ပစ္စည်းတခုကို ပေးချင်နေတယ်။ သူအိမ်ထဲ ခဏပြန်ဝင်သွားတယ်။ အဲဒါနဲ့ အမေနဲ့ကျနော် အဖေပြန်ထွက်အလာကို စောင့်နေကြတယ်။ အဖေပြန်ထွက်လာတော့ သူ့ရဲ့စစ်သုံး အဆောင်အယောင် ဓါးရှည်ပါလာတယ်။ “သား..ဒီဓါးကိုအဖေပြန်မရောက်မချင်းယူထားနော်” လို့ ပြောပြီး ဓါးရှည်ကို အဖေက ကျနော့်လက်ထဲထည့်ပါတယ်။ ပြီးတော့..“သားကို အဖေ အားကိုးတယ်.. အခု.. အစ်မတွေကိုစောင့်ရှောက်ဖို့က သားတာဝန်ဖြစ်သွားပြီ..” လို့သူပြောပါတယ်။
အဖေ့ဓါးကတော့ ကျနော်တို့မိသားစုက အမြတ်တနိုးတန်ဖိုးထားရတဲ့ အရာတခုပါ။ အဖေ ဝက်စ်ပွိုင့်စစ်တက္ကသိုလ် (West Point) ကျောင်းဆင်းတဲ့နှစ်၊ (၁၉၁၇) ခုနှစ်မှာ အဲဒီဓါးကို ရခဲ့တာမို့လို့ အဖေ့ဓါးရှည်ကို ကျနော်တို့က ဝက်စ်ပွိုင့်ဓါး လို့ခေါ်ကြတယ်လေ။
(West Point အရပ်၌တည်ရှိသော အမေရိကန်ပြည်ထောင်စုစစ်တက္ကသိုလ် (United States Military Academy, USMA) ကို ဝက်စပွိုင့် စစ်တက္ကသိုလ်ဟု ခေါ်ဝေါ်ကြသည်)
နယူးယောက်မြို့အနီး၊ ဟဒ်ဆန်မြစ်ဘေးရှိ နာမည်ကျော်ဝက်စပွိုင့်စစ်တက္ကသိုလ်
ဝက်စပွိုင့်က သူ့ဘဝကိုပုံသွင်းထုဆစ်ပေးခဲ့တယ်လို့ မဆိုင်းမတွပြောပြဖို့တော့ အဖေကဝန်မလေးတတ်ပါ။ “တာဝန်၊ သိက္ခာ၊ တိုင်းပြည်(Duty, Honor, Country) ဆိုတဲ့ ဝက်စပွိုင့် စစ်တက္ကသိုလ်ရဲ့ဆောင်ပုဒ်ကတော့ အဖေ့ရဲ့ယုံကြည်ကိုးကွယ်မှုတရပ်ပါပဲ။ အခုတော့ အဲဒီဓါးက ကျနော့်ဓါးဖြစ်လာပါပြီ။ အဖေက အဲဒီဓါးကို သူ့စာကြည့်ခန်းထဲက စားပွဲပေါ်မှာ တင်ထားလေ့ရှိပါတယ်။ ကျနော် ငယ်ငယ်လေးတုန်းက အဖေက ဓါးအိမ်ထဲက ဓါးကိုထုတ်ပြီး ဓါးပြားပေါ်မှာထွင်းထားတဲ့ သူ့နာမည်ကိုပြတတ်ပါတယ်။ အဖေ့နာမည်က ဟားဘတ်နော်မန်ရွှပ်ဇကော့ဖ် (Herbert Norman Schwarzkopf) ပါ။ နာမည်ထွင်းတဲ့ပုဂ္ဂိုလ်က မှားရေးထားလို့ H နေရာမှာ N ဖြစ်နေပြီး (N. Norman Schwarzkopf)  ဖြစ်နေပေမယ့်လဲ ပြဿနာတော့ သိပ်မရှိပါဘူး။ အမှန်အတိုင်းပြောရရင် ကျနော်ကတော့ ကြိုက်တယ်။ ဖြစ်ချင်တော့ အဲဒီ ရွှပ်ဇကော့ဖ် ဆိုတဲ့နာမည်က ကျနော့်နာမည်လည်းဖြစ်နေတာရယ်၊ နောက်..ကျနော်က ဝက်စပွိုင့်မှာ ကျောင်းသွားတက်ရမှာလို့ အဖေနဲ့အမေက စပြောတဲ့နေ့ကိုလည်း အမှတ်ရနေတော့ ဒီဓါးက ကျနော့်အတွက်တော့ တကယ့်ကိုထူးခြားတဲ့ အဓိပ္ပာယ်ရှိနေတယ်လေ။ ကျနော့်ကိုပဲ ပြောပြီး သူတို့ကိုချန်ထားတော့ အစ်မတွေက သိပ်တော့မကြည်လင်ကြတော့ဘူးပေါ့။ ဒါပေမယ့်လည်း အခု အဖေစစ်ထွက်သွားပြီးနောက်ပိုင်း ဖြစ်လာတော့မယ့် ကျနော့် အနေအထားနဲ့ ပတ်သက်လို့တော့ သူတို့ဘာမှတော့မမေးကြပါဘူး။
အဖေက သူ့ဓါးရှည်ကို ကျနော့်လက်ထဲထည့်ပေးတော့ တကယ့်တာဝန်ကြီးတရပ်လို့ ကျနော်ခံစားရတယ်။ ဒီဓါးအတွက်သာမက၊ အမေနဲ့အစ်မတွေအတွက်ပါ တာဝန်ရှိလာပြီဆိုတော့ ထူးထူးခြားခြားကို ခံစားနေရတယ်။ အမေ့ကိုတော့ ကျနော်တာဝန်ယူနိုင်တယ်လို့ထင်တယ်။ ဒါပေမယ့် ကျနော့်သြဇာဘယ်လိုမှမညောင်းတဲ့ အစ်မတွေနဲ့ပတ်သက်လို့တော့ ပိုပြီးစိတ်ပူမိပြန်ရော။
ပြီးသွားတော့ အမေက အဲဒီဓါးကို စာကြည့်ခန်းထဲက ထားနေကျနေရာမှာ ပြန်ထားဖို့နဲ့ အိပ်ယာဝင်ဖို့ ကျနော့်ကိုပြောတယ်။ အမေက မှတ်ပုံတင်ထားတဲ့ သူနာပြုတယောက်ဆိုတော့ ကျနော်တို့ မောင်နှမတွေကို အိပ်ရေးဝဝအိပ်ကြဖို့ အမြဲလိုလိုပြောတတ်ပါတယ်။ အဲဒီညမှာ အဖေက ကျနော့်ကို နောက်ဆုံးညအနေနဲ့နမ်းပါတယ်။ အပြင်မှာ ရှိနေဆဲ ဆည်းဆာချိန်ကတရွေ့ရွေ့နဲ့ကုန်ဆုံးနေပါပြီ။ ကျနော်လဲ ခုတင်ပေါ်မှာ လှဲနေရင်း အလင်းရောင်ပျောက်သွားပြီး ကြယ်လေးတွေထွက်လာတာကို ပြတင်းပေါက်ကနေ ကြည့်နေမိပါတယ်။ ပြီးတော့ အဖေပေးလိုက်တဲ့ တာဝန်ကြီးကို ဘယ်လိုထမ်းဆောင်ရမလဲ တွေးရင်းနဲ့ အိပ်ပျော်သွားပါတယ်။ နောက်နေ့မနက် ကျနော်နိုးလာတော့ အဖေထွက်သွားနှင့်ပါပြီ။ အဲဒီနောက်တော့ အားလုံးပြောင်းလဲကုန်တော့တာပါပဲ။
ခရစ္စမတ်နေ့တွေ၊ မွေးနေ့တွေမှာပျော်လိုက်၊ သစ်ပင်တက်လိုက်၊ စွပ်ဖားစီးလိုက်နဲ့ ကျနော့်ဘဝဟာ အဲဒီအချိန်ထိတော့ တကယ့်ကို ပျော်စရာကောင်းတဲ့ဘဝလေးပါပဲ။ မဟာစီးပွားပျက်ကပ် (Great Depression) ဆိုက်ခဲ့တဲ့ အချိန်မှာတောင် ကျနော်တို့စားပွဲပေါ်မှာ အစားအသောက်တွေ အလျှံပယ်ရှိနေခဲ့ပါတယ်။ အိမ်ခြေမဲ့တွေ အိမ်နောက်ဖေးတံခါးကိုလာခေါက်တာကို မြင်ရတဲ့အချိန်ကတော့ အဆိုးဝါးဆုံးအချိန်လို့ မြင်ခဲ့ဖူးပါတယ်။ အမေက အိမ်အကူအမျိုးသမီးကို အိမ်ယာမဲ့တွေအတွက် နေ့လယ်စာပေးခိုင်းပါတယ်။ နေ့လယ်စားစားပြီးရင်တော့ သူတို့ကိုပြန်သွားစေပါတယ်။
(၁၉၂၉-၁၉၃၉ ခုနှစ်များအတွင်း ဒုတိယကမ္ဘာစစ်မတိုင်မီကာလတွင် ကမ္ဘာတဝန်းလုံး၌ မဟာစီးပွားပျက်ကပ် ဆိုက်ရောက်ခဲ့သည်)
ကျနော်တို့မိသားစုက နယူးဂျာစီပြည်နယ် (New Jersey) ၊ လောရဲန့်စ်ဗီးလ်မြို့ (Lawrenceville) ရှိ မင်းလမ်း (Main Street) ပေါ်က အိမ်စိမ်း (Green House) လို့သိကြတဲ့ ကျောက်တုံးခံတပ်ကြီးမှာ နေကြပါတယ်။ အပြင်ဘက်အိမ်နံရံမှာ နွယ်ပင်စိမ်စိမ်းတွေနဲ့ဖုံးနေပြီး တံခါးဘေးမှာ ရှိတဲ့ ကျောက်ပြားပေါ်မှာတော့ (၁၈၁၅) လို့ရေးထွင်းထားပါတယ်။ ဒီအိမ်ကိုအရင်တုန်းက လောရဲန့်စ်ဗီးလ်ကျောင်းက ပိုင်ဆိုင်ပြီး ပြန်အငှားချထားခဲ့တာပါ။ လောရဲန့်စ်ဗီးလ်ကျောင်း (Lawrenceville School) ဆိုတာက ယောက်ျားလေးသီးသန့်ကျောင်းဖြစ်ပြီး ကျောင်းရဲ့ လေ့ကျင့်ရေး ကစားကွင်းတွေက ကျောင်းခြံစည်းရိုးသံတိုင်တွေကိုကျော်ပြီး လမ်းမရဲ့အခြားတဘက်ကိုပါ ရောက်ပါတယ်။ ပရင့်စ်တန်မြို့ (Princeton) မြို့ ကတော့ မင်းလမ်းရဲ့ လက်ဝဲဘက်အတိုင်း၊ ခြောက်မိုင်လောက်ဆင်းသွားရင် ရောက်ပါတယ်။ နယူးဂျာစီပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ထရဲန်တန် (Trenton) မြို့ကတော့ မင်းလမ်းကနေဆိုရင် လက်ယာဘက်အတိုင်း ဆင်းလိုက်ရင်၊ ခြောက်မိုင်အကွာလောက်မှာရှိပါတယ်။ ပုံပြင်ထဲက ကောင်းကင်ဘုံကိုရောက်တဲ့ ဂျက်ရဲ့ပဲနွယ်ပင်လို ကော့ပါးဘိခ် (Copper Beech) ပင်ရှည်ကြီးတပင်ရှိတဲ့ ကျနော်တို့အိမ်ရှေ့ကကွက်လပ်ကတော့ အကျယ်ကြီးပါပဲ။ အဖေထွက်သွားတဲ့နှစ်မှာ အဲဒီအပင်ကြီးရဲ့ပင်စည်မှာ ကျနော့်နာမည်က အစစာလုံးတွေကို ကျနော်ထွင်းခဲ့တယ်။ ကော့ပါးဘိခ်ပင်ဘေးမှာတော့ တွဲလောင်းကျနေတဲ့ အကိုင်းတွေ ကိုခိုတက်ပြီး အရွက်တွေကြားထဲမှာ ပုန်းနေလို့ရတဲ့ ကဲမ်ပါဒေါင်းန်အဲလ်မ်း (Camperdown Elm) အပင်ကြီးတပင်ရှိပါတယ်။
အိမ်နောက်ဘက်က အသားကင်မီးဖိုရဲ့အနောက်ဘက်မှာရှိတဲ့ ကြက်တောင်ကွင်းတကွင်းဖောက်ထားပြီး၊ အုတ်နီခဲလမ်းလေးတခုနဲ့ဆက်ထားတဲ့ အမေ့ပန်းခြံလေးရှိတဲ့ မြေတဧကကိုလဲ အဖေနဲ့အမေတို့ ပိုင်ပါတယ်။
မျက်နှာကျက်အမြင့်ကြီးနဲ့၊ ရှေးဟောင်းပရိဘောဂတွေအလှခင်းထားလို့ အမေက ကျနော်တို့ကိုပေးမဆော့တဲ့ အိမ်ရှေ့ခန်းအကျယ်ကြီးနဲ့ ကျနော်တို့အိမ်က အကျယ်ကြီးပဲလို့ခံစားကြရပါတယ်။ ပြတင်းပေါက်ကျယ်ကြီးရှိတဲ့ အဖေ့စာကြည့်ခန်းမှာတော့၊ သားရေအထူကြီးတွေခင်းထားတဲ့ ထိုင်ခုံတွေရှိပြီး၊ ဧည့်ခန်းကြီးရဲ့ အလယ်တည့်တည့်မှာတော့ မိသားစုအတွက်ရေဒီယိုကြီး တလုံးရှိပါတယ်။ အဲဒီရေဒီယိုကြီးဘေးမှာထိုင်ပြီး “အရိပ်” (The Shadow)၊ “တကိုယ်တော်ခရီးသည်” (Lone Ranger)၊ “နကျယ်စိမ်းလူစွမ်းကောင်း” (The Green Hornet) နဲ့ ကျနော်တို့အဖေပါတဲ့ ရေဒီယိုဇာတ်လမ်းတွေကို နားထောင်ခဲ့ကြရတာပေါ့။ လင်းဘတ်ဂ်ပြန်ပေးမှု (Lindbergh Kiddnapping) ဖြစ်တဲ့အချိန်တုန်းက အဖေက နယူးဂျာစီပြည်နယ်ရဲချုပ်ဆိုတော့၊ အဖေ့နာမည်ကို သန်းပေါင်းများစွာသော အမေရိကန်တွေက ကောင်းကောင်းသိကြပါတယ်။ အဖေ..ပြည်နယ်ရဲတပ်ဖွဲ့ကအနားယူပြီးတော့ အမေရိကန်နိုင်ငံမှာ လူကြိုက်အများဆုံး ရေဒီယိုဇာတ်လမ်းတွေထဲက တခုဖြစ်တဲ့ “လူဆိုးဂိုဏ်းများကိုဖြိုခွင်းသူများ” (Gang Busters) ဆိုတဲ့ မှုခင်းရေဒီယိုဇာတ်လမ်းမှာ ဇာတ်ကောင်တဦးအဖြစ်ပါဝင်ခဲ့သေးတယ်လေ။ အဲဒီဇာတ်လမ်းက တနင်္ဂနွေနေ့ ည (၈) နာရီဆိုလာပြီပေါ့။ ကျနော်တို့အတွက် ညနက်ထိနေခွင့်ရှိတာ တပတ်လုံးလုံးမှာ အဲဒီတညတည်းပေါ့။
(Gang Busters) ဇာတ်လမ်းကိုစထားတဲ့အဖွင့်ကတော့ ထောင်ဖောက်ခန်းနဲ့ပါ။ ပထမဆုံး ထောင်သားတွေ ချီတက်နေတဲ့အသံစကြားရမယ်။ ပြီးလဲပြီးရော..ဗြုန်းဆို..အချက်ပေးသံတွေ အကြာကြီးဆူညံလာပြီး..ပြေးလွှားနေတဲ့ခြေသံတွေနဲ့ ခရာမှုတ်သံတွေကြားရတော့တာပါပဲ။ အဲဒီနောက်မှာ..စက်သေနတ်သံတွေထွက်လာတာပဲ။ နောက်ဆုံးမှာ “ဖီးလစ်ပ်စ်၊အိတ်ခ်ျ၊လော့ဒ်
(Philips H.Lord) တင်ဆက်သော (Gang Busters) ဇာတ်လမ်းဖြစ်ပါတယ်လို့ အစီအစဉ်ကြေငြာသူကကြေငြာပါတယ်။
ဖီးလစ်ပ်စ်၊အိတ်ခ်ျ၊လော့ဒ် က အဲဒီဇာတ်လမ်းရဲ့ ထုတ်လုပ်သူပရိုဂျူဆာလေ။ အဖေကတော့ အင်တာဗျူးသူပေါ့။ ယခုအပတ်မှုခင်းဖြစ်ရပ်နှင့်ဆက်စပ်ပြီး တာဝန်ရှိနေသည့် အရေးပါသောရဲအရာရှိတဦးထံမှ ထိုလူမဆန်သောအမှုနှင့်ပတ်သက်ပြီး ဖြေကြားမှာဖြစ်ပြီး၊ ထိုအရာရှိအား နယူးဂျာစီပြည်နယ်ရဲချုပ်ဟောင်း ဗိုလ်မှူးကြီး အိတ်ခ်ျ၊ နော်မန်ရွှပ်ဇကော့ဖ် (Col. H. Norman Schwarzkopf) မှ တွေ့ဆုံမေးမြန်းခြင်းအား နားဆင်ကြရမှာဖြစ်ပါတယ်လို့ အစီအစဉ်ကြေငြာသူတဦးက ဆက်ပြောပါတယ်။ အဲဒါပြီးရင်တော့ အဖေ့အလှည့်.. လာပြီ။ အဖေ့အသံကကောင်းတယ်။ သိပ်လဲမသြဘူး။ လေးလေးမှန်မှန်နဲ့ ကျိုးကြောင်းဆီလျော်မှုရှိတဲ့ အသံမျိုးပေါ့။
ကိုင်း..ရဲမှူးစမစ်သ်..ဒီနေ့ည ခင်ဗျား.မောရစ်စ်တောင်းမြို့ (Morristown) မြို့ မှာတာဝန်ကျတုန်းက ကိုင်တွယ်ခဲ့တဲ့ ဂျိုးလုဒ်ဝစ်ဂ် (Joe Ludwig) လူသတ်မှုနဲ့ပတ်သက်ပြီး ကျုပ်တို့ ပြောကြမယ်၊ (၁၉၃၃) အောက်တိုဘာ (၂၆) ရက်ညက ဘာဖြစ်ခဲ့လဲဆိုတာကို ပြောပြပါဦး..”
အော်..ဟုတ်ကဲ့..ဗိုလ်မှူးကြီး..အမှန်တိုင်းသာပြောရရင် အဲဒီညကို ကျနော်ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး.. ကျနော်ရုံးခန်းထဲမှာထိုင်နေတဲ့အချိန်.. အပြင်မှာလည်း.. နှင်းတွေတဖွဲဖွဲကျနေတုန်း.. ဗြုန်းဆိုဖုန်းသံမြည်လာတယ်..”
ရေဒီယိုကနေ ဖုန်းသံကြားရတယ်.. ပြီးရင် သရုပ်ဆောင်တွေက ကိုယ့်အပိုင်းကိုယ်ဖတ်ကြတယ်။ ပြီးတော့ သရုပ်ဆောင်တွေရဲ့အသံတွေ တိုးသွားပြီး အဖေ့အသံဝင်လာတယ်..
ဒီအမှုက တော်တော်စိတ်ဝင်စားစရာပဲ ရဲမှူးရေ..ကျုပ်တို့အသေးစိတ်ပြောဖို့လိုလာပြီ..
အဲဒီမှာ အစီအစဉ်ကြေငြာသူမှ ကြားဖြတ်ပြီး.. ပါလ်မောလစ်ဗ် (Palmolive) မုတ်ဆိတ်ရိပ်ခရင်မ် ကို ကြော်ငြာဝင်တော့တာပဲ.. ကြော်ငြာပြီးတော့..အဖေကဆက်ပြောတယ်..
အခု..လမ်းပေါ်မှာပရမ်းပတာဖြစ်နေတဲ့..အဲဒီခိုးခံထားရတဲ့ကား..ဘာဖြစ်သွားလဲဆိုတာကို.. ဆက်ပြောပါဦး..
အဲဒီဇာတ်လမ်းကတကယ်ကောင်းတယ်ဗျာ.. (Gang Busters) ရေဒီယိုဇာတ်လမ်းတွေရဲ့ ဇာတ်ညွှန်းတွေက တကယ့်ဖြစ်ရပ်မှန်မှုခင်းတွေကို အခြေခံထားတာပါ။ ဇာတ်လမ်းတပုဒ်ဆို အထဲမှာပါတာတွေက ကြမ်းလွန်းလို့ ကျနော့်ကိုပေးနားထောင်ဖို့ကို အမေက အတော်ကြာကြာကန့်ကွက်သေးတယ်။ နောက်တော့..အမေကန့်ကွက်တာကမှန်နေတယ်။ အဲဒီဇာတ်လမ်းမှာ ရွှေရောင်ဆံပင်နဲ့ကျားရိုင်းမ (Blonde Tigress) လို့အမည်ရတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်မက ထောင်ကျနေတုန်း ထောင်စောင့်တယောက်ရဲ့ နားအုံထဲကို သိုးမွှေးထိုးအပ်နဲ့ထိုးသတ်ပြီး ထောင်ကထွက်ပြေးသွားတယ်လေ။ သိုးမွှေးထိုးတဲ့အပ်ဖျားက ဦးနှောက်ထဲရောက်သွားတော့ ထောင်စောင့်သေသွားတယ်လေ။ နောက်ထပ်လပေါင်း.. အတော်ကြာကြာ.. အဲဒီအကြောင်းကိုစဉ်းစားမိတိုင်း..ကျနော့်နားထဲကိုဘယ်သူမှ အပ်နဲ့မထိုးနိုင်အောင်လို့..လက်နဲ့ပိတ်ထားမိတတ်တယ်..
အဲဒီဇာတ်လမ်းတွေမှာ အမြဲတမ်းအဆုံးသတ်ကျရင် လူဆိုးတွေလွတ်နေတာနဲ့ ဇာတ်သိမ်းလေ့ရှိတယ်လေ။ အဲဒီနေရာကကျနော့်အတွက်တော့ တကယ့်ကိုအထွဋ်အထိပ်ပဲ။ ဇာတ်လမ်းထဲမှာ တကယ်ဆိုးရွားတဲ့ အမှုကြီးတွေအကြောင်း ပြောထားပြီးတော့.. “အရပ် ၅ ပေ၊ ရ လက်မ၊ ပေါင် (၁၇၀)၊ ဆံပင်အနက်ရောင်နဲ့ အညိုရောင်မျက်လုံးတွေပါတဲ့လူတယောက်ကို သတိထားပါ..” လို့ပြောလိုက်တာနဲ့..ကျနော်လည်း စကားလုံးတလုံးချင်းစီကို အသေမှတ်ထားတော့တာ။ အမှန်ကတော့ အဲဒီ (၅ ပေ၊ ရ လက်မ) ဆိုတာဘာကိုပြောတာမှန်းတောင် မသိပါဘူး။ ကျနော်ကတော့ အဲဒီလူဆိုးရဲ့မျက်နှာကို ကိုယ့်ဘာသာပုံဖေါ်နေမိတယ်လေ။ ကျနော်စဉ်းစားမိတဲ့ လူဆိုးတွေအားလုံးမှာ နှုတ်ခမ်းမွှေးမည်းမည်းကြီးတွေနဲ့.. အဒေါ့ဖ်ဟစ်တလာ (Adolf Hitler) နဲ့တော်တော်တူကြတာပေါ့။
ကျနော်တို့အိမ်နောက်ဘက်က ဟောခန်းအရှည်ကြီးနဲ့ ထမင်းစားခန်းကို ဖြတ်သွားရင် မိသားစုရဲ့အကြိုက်ဆုံးအခန်းရှိတယ်လေ..မီးဖိုချောင်ပေါ့။ မီးဖိုချောင်ခန်းက ကျယ်ပြီး နွေးထွေးတယ်..အနံ့အသက်လဲကောင်းတယ်လေ။ အရသာရှိတဲ့ အစားအသောက်တွေ အကန့်တွေထဲထည့်ပြီးသိမ်းထားတဲ့ ကြောင်အိမ်တလုံး အမေ့မှာရှိတယ်။ အဲဒီနေ့တွေတုန်းက အမေက အစားအသောက်တွေကို စည်သွပ်ထားလေ့ရှိတယ်။ မီးဖိုချောင်ထဲမှာ မီးသွေးမီးဖိုရယ်၊ သတ္တုပြားဖုံးထားတဲ့စားပွဲတလုံးရယ် ပြင်ဆင်ထားတဲ့ မနက်စာစားဖို့နေရာလည်းရှိတယ်။ အဖေ ရစ်ငှက် တွေပစ်လို့ရလာရင်၊ ဒါမှမဟုတ် ငါးတွေဖမ်းမိလာရင်..အဲဒီစားပွဲပေါ်မှာ ခုတ်ထစ်ပြင်ဆင်တော့တာပဲ၊ အမေက သူ့ပေါင်မုန့်တွေလုပ်ရင်လဲ အဲဒီစားပွဲပေါ်မှာပဲလှိမ့်တယ်လေ။
ကျောင်းသွားတဲ့အခါနေ့တိုင်းနီးပါးတော့ ကျနော့်စက်ဘီးနဲ့ မင်းလမ်းအတိုင်းနင်းသွားတယ်။ ဘယ်ကွေ့၊ ကုန်းတက်၊ ညာချိုး၊ အောက်ပြန်ဆင်း၊ ဘယ်ဘက်ပြန်ချိုး..ပြီးရင်ကုန်းပေါ်နင်းတက်ပေါ့။ ကျောင်းလွှတ်ရင်တော့ ကျနော့်သူငယ်ချင်းတွေဖြစ်တဲ့ ဂျော်နီရှီးဗားစ် (Johnny Chivers)၊ ဘီလီခရော့စ် (Billy Kraus)၊ ဂျင်မီရိုက် (Jimmy Wright) တို့နဲ့ဆုံတယ်။ ပြီးရင်ကျနော်တို့မှာရှိတဲ့ မုန့်ဖိုးအကြွေလေးတွေနဲ့ အအေးဆိုင် သွားကြတော့တာပဲ။ နောက်..သူခိုး-ပုလိပ်ကစားမယ်၊ ကိုကာကိုလာပုလင်းအလွတ်တွေကို ရေဆိုးမြောင်းတွေပေါ်မှာ ပစ်ပေါက်ပြီးခွဲကြမယ်ပေါ့။
ဂျော်နီရှီးဗားစ်တို့အိမ်နားမှ လောရဲန့်စ်ဗီးလ်မြို့တဖက်ကနေ လေးပေလောက်မြင့်တဲ့ တံတားထိုးထားတဲ့ ချောင်းလေးတခုကိုဖြတ်ပြီး မြို့ရဲ့အခြားတဖက်ကိုသွားတဲ့ ရထားလမ်းရှိတယ်။ တနေ့မှာ နေ့လည်ပိုင်းပေါ့..ရထားလမ်းပေါ်မှာ တက်လျှောက်.. လူစွမ်းကောင်းတွေလုပ်ပြီး သေမင်းကိုအံတုရတာ အားမရသေးတာနဲ့ ကျနော်တို့လဲ..ဘီလီခရော့စ်အဖေရဲ့ စိုက်ခင်းထဲကိုခိုးဝင်ပြီး မုန်လာဥနီနဲ့ အာလူးတွေဝင်တူးခဲ့ကြတယ်။ ပြီးတော့ သံဗူးဟောင်းအလွတ်တခုထဲကို ချောင်းထဲက ရေနည်းနည်းခပ်ဖြည့်လိုက်တယ်။ မီးဖိုလိုက်တယ်..ပြီးတော့ အဲဒီသံဗူးကိုတင်ပြီး မုန်လာဥနီနဲ့ အာလူးတွေထည့်လိုက်ပြီး ပြုတ်လိုက်တာပေါ့။ ခြေသလုံးအိမ်တိုင်တွေက အဲဒီလိုလုပ်တာလေ။ ကျနော်တို့လဲ ကိုယ့်ကိုကိုယ်တော်တော်ဟုတ်လှပြီ အောက်မေ့နေကြတာပေါ့။ အာလူးတွေက သိပ်မကျက်တော့ ပန်းသီးစားရတဲ့အတိုင်းပဲ။ ဒါပေမယ့် အဲဒီလောက်တခါမှ စားမကောင်းဘူးလို့တောင်ထင်ရတယ်ဗျာ..တကယ်ပါပဲ..မြိန်ချက်ကတော့။
ကျနော့်ကလေးဘဝမှာ အစ်မတွေသာမရှိလို့ကတော့ လုံးဝငြိမ်းချမ်းတယ်ဗျာ။ ကျနော်ငယ်ငယ်တုန်းက ကျနော့်ရဲ့ အလယ်နာမည်..နော်မန်..က ကြောင်တောင်တောင်နိုင်တယ်လို့ထင်ခဲ့သေးတယ်။ အစ်မတွေက ကျနော့်ကို
နော်မန်..နင်ကတကယ်ကြောင်တယ်ဟာ..လို့ပြောလိုက်၊ ဒါငါတို့မောင်..နော်မန်..ငကြောင် လို့..” ပြောလိုက်နဲ့ အမြဲလိုလို နှိပ်ကွပ်နေကြတာကိုး..
ဆယ်လီနဲ့ ရုသ်အဲန်းတို့နှစ်ယောက်က ပရင့်စ်တန်မြို့က မစ်စ်ဖိုင်းန်ကျောင်း (Miss Fine’s School) ဆိုတဲ့ မိန်းကလေးသီးသန့်ပရိုက်ဗိတ်ကျောင်းမှာ ကျောင်းသွားတက်ကြတယ်။ ကျနော့်ထက်လေးနှစ်စောမွေးတဲ့ အစ်မ ရုသ်အဲန်း ကတော့ အဖေ့အချစ်တော်လေ။ အဖေကသူ့ကို “ယဲန်” (Yan) လို့ခေါ်တယ်။ သူ့မှာ လှပတဲ့ ရွှေရောင်ဆံနွယ်တွေရှိတယ်။ သူကအလှပြင်ရတာရယ်၊ ကျစ်ဆံမြီးကျစ်ရတာရယ်ကြိုက်တယ်လေ။ မိန်းကလေးငယ်လေးတယောက်ဆီမှာ ရှိရမယ့် အလှတရားတွေအားလုံး ရုသ်အဲန်းမှာ ရှိတယ်။ သူကျောင်းကပြန်လာရင် စန္ဒယားတီးမယ်၊ စာဖတ်မယ်၊ ပြီးရင် စိတ်ဝင်စားစရာ မေးခွန်းတွေကိုအဖေ့ကိုသွားမေးပြီး အဖေနဲ့တော်ကီပွားကြမယ်။
ကျနော့်ထက် နှစ်နှစ်ခွဲပဲကြီးတဲ့ ဆယ်လီကတော့ ယောက်ျားရှာနဲ့ပိုတူတယ်။ သူကသီချင်းတွေနားထောင်၊ စာတွေလဲ ရုသ်အဲန်းထက်ပိုဖတ်ပေမယ့်.. အပြင်မှာကစားရတာကိုသူပိုကြိုက်တယ်။ ရုသ်အဲန်းအိမ်မှာမရှိရင် သူကျနော်ရယ်၊ ကျနော့်သူငယ်ချင်းတွေရယ်နဲ့ သူ..ခေါင်သူကြီးလုပ်မယ်ဆိုပြီး..လာလာကစားတတ်တယ်။ သူတို့နှစ်ယောက် ရဲ့ အိမ်နောက်ဘက်မှာ ကစားတဲ့ပွဲတွေမှာ ကျနော့်ကို ပါစေချင်တဲ့အခါမျိုးတွေကျရင် ရုသ်အဲန်းက မင်းသမီးလုပ်တယ်၊ ဆယ်လီကတော့ စစ်သူကြီးပေါ့။ ကျနော်ကတော့ ထုံးစံအတိုင်း..သူတို့ရဲ့ခိုင်းဖတ်ပေါ့ဗျာ။
သူတို့နှစ်ယောက်က ကျနော့်ကိုဆိုအမြဲတမ်း..ဟာသ လုပ်လုပ်နေကြတာ။ ကျနော်က စနိုးဝှိုက်မင်းသမီးလေး (Snow White) ဆိုအသေကြိုက်တာ။ စနိုးဝှိုက်ကို ဝေါ့ဒစ္စနေးရုပ်ရှင်ထဲမှာ ကျနော် ကြည့်ဖူးတယ်လေ။ ကလေးတယောက်အလိုချင်ဆုံးအရာ စနိုးဝှိုက်ဖြစ်လိမ့်မယ်လို့ ကျနော်ဘာသာတော့ထင်တာပဲ။ သူတို့နှစ်ယောက်က စနိုးဝှိုက်ဆီဖုန်းဆက်ဖို့ အကြံပေးတယ်။ အဲဒါနဲ့ ကျနော်လဲဖုန်းခွက်ကိုကောက်ကိုင်ပြီးနားထောင်လိုက်တယ်။ ဘာပြန်ပြောလဲလို့..ရုသ်အဲန်းကမေးရော..၊ ဟိုဖက်က
ဖုန်းနံပါတ်ပြောပါရှင်
လို့ပြောတယ်လို့.. ကျနော်လဲသူ့ကိုပြန်ဖြေလိုက်တယ်လေ..။ အဲဒါက မချောနှစ်ယောက်အတွက် တကယ့်ဟာသကြီးဖြစ်သွားလေရဲ့။ ကြမ်းပြင်ပေါ်လှိမ့်၊ သူတို့ဗိုက်တွေကိုနှိပ်ပြီး တခွီးခွီးနဲ့ အူတက်မတတ်ရယ်ကြပါလေရော။ ကျနော့်ကိုအပီ ဟားကြတာပေါ့ဗျာ။
တခါတလေကျတော့ ကျနော့်အလှည့်ပြန်ရောက်လာတာပေါ့။ အဖေ နိုင်ငံခြားမသွားခင်နှစ်ကပေါ့။ တနေ့..နေ့လယ်ပိုင်းမှာ အမေက ကျနော်တို့ကို “ဂျရိုနီးမိုး” (Geronimo) ရုပ်ရှင်လိုက်ပြတယ်။ ကျနော်က လူနီရိုင်း (Red Indian) တွေကိုကြိုက်တော့ အပစ်အခတ်၊ အထိုးအခုတ်တွေပါတဲ့ အဲဒီကားကတော်တော်ကောင်းတယ်လို့ထင်တာပဲ။ အဲဒီရုပ်ရှင်ထဲမှာ
“ဂျရိုနီးမိုး” က မိန်းမတွေနဲ့ကလေးတွေ အများကြီးရဲ့ ဦးရေခွံကိုခွာပစ်တယ်လေ။
နောက်တနေ့ မီးဖိုချောင်ထဲမှာ အလုပ်လုပ်နေတဲ့ အမေ့ကိုအနားကပ်ပြီး နှောင့်ယှက်နေမိတော့ အမေက ကျနော့်ကို “အပြင်သွားပြီးကစားပါလား” လို့ပြောရော..ကျနော်ကလည်း “သားမှာကစားဖို့အဖေါ် မှမရှိတာ အမေရဲ့” လို့ပြန်ပြောလိုက်တော့.. “ဒါဆိုလဲ အပေါ်ထပ်မှာ ဂျရိုနီးမိုး လုပ်တိုင်းသွားကစား” လို့အမေကပြန်ပြောပါရောလား။
ကွက်တိပဲဗျာ..ကျနော်ကလဲ အဲဒီအပြော ကိုပဲစောင့်နေတာ။ လောလောလတ်လတ် ကလေးကစားစရာ စစ်ဦးထုပ်နဲ့ လူရိုင်းတွေတီးတဲ့ဗုံလေးလည်း ရထားတာကိုး..။ ကျနော်..မီးဖိုချောင်ကနေ… တူတချောင်းယူလိုက်တယ်.. ပြီးတော့ အစ်မနှစ်ယောက်အခန်းထဲကို တူကိုင်ပြီး ဒုန်းစိုင်းဝင်သွားလိုက်တယ်..ပြီးတော့ သူတို့အရုပ်တွေရဲ့ နဖူးတွေမှာ အပေါက်ဝိုင်းဝိုင်းလေးတွေဖြစ်အောင် တူနဲ့တချက်စီ လှလှလေး ထုပေးလိုက်တယ်။  ဆယ်လီနဲ့ရုသ်အန်းတို့လဲ ကျောင်းကနေအိမ်ပြန်ရောက်လာရော.. ဘာပြောကောင်းမလဲ.. အော်ဟစ်လိုက်ကြတာ ကမ္ဘာပျက်မတတ်ပဲ။ ကျနော်ကတော့ အမေ့ကိုအေးဆေးပဲပြောလိုက်ပါတယ်။ “အမေပဲ သားကို ဂျရိုနီးမိုး လုပ်တိုင်းကစားဆို..” လို့..။ အဲဒီအချိန်မှာအဖေက အိမ်သိပ်မကပ်နိုင်တော့ အဲဒီလို ပြဿနာလေးတွေကို အမေပဲရှင်းရတာပေါ့။
(၁၉၃၃-၁၉၄၅) ကာလအတွင်း အမေရိကန်သမ္မတအဖြစ်နှင့် သမ္မတသက်တမ်း (၄) ကြိမ် တာဝန်ထမ်းဆောင်ခဲ့သူ၊
အမေရိကန်နိုင်ငံသမိုင်းတွင် ထိပ်သီးသမ္မတတဦးအဖြစ်ယူဆခံရသော အမေရိကန်သမ္မတ ဖရန်ကလင်ရုစဗဲ့လ်ထ်၊
စတုတ္ထမြောက်သမ္မတသက်တမ်းအစပိုင်း (၁၂.၄.၁၉၄၅) တွင်ကွယ်လွန်ခဲ့သည်
(၁၉၄၀) နိုဝင်ဘာလမှာ သမ္မတရုစဗဲ့လ်ထ် (Franklin D. Roosevelt) က အမေရိကန်ပြည်စောင့်တပ် (U.S National Guard) ကို ဆင့်ခေါ်တော့၊ အဖေလဲ ဂျေဲာန်ဆဲန် နဲ့ ဂျေဲာန်ဆဲန် ကုမ္ပဏီ (Johnson & Johnson) ရဲ့လက်ခွဲကုမ္ပဏီတခုဖြစ်တဲ့ မစ်ဒယ်လ်ဆက်ခ်စ်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ (Middlesex Transportation Company) မှာ လုပ်ငန်းအမှုဆောင် ဒု-အကြီးအကဲ လုပ်နေရာကနေထွက်ပြီး အချိန်ပြည့်စစ်မှုထမ်းရပါတော့တယ်။ ရုံးပိတ်ရက်တွေမှပဲ အဖေအိမ်ပြန်လာလို့ရတော့တယ်။ အဖေနဲ့အမေကတော့ အဖေအိမ်မှာပဲရှိနေတယ်လို့ သားသမီးတွေစိတ်မှာခံစားရအောင် ကြိုးစားရှာပါတယ်။ သောကြာနေ့ညဘက်.. အဖေ ပြန်လာတိုင်း ကျနော်တို့တွေလဲ အဖေမရှိတုန်း လိမ်လိမ်မာမာနေမိလားလို့ ပြန်စဉ်းစားကြရတယ်။ ကျနော်တို့လိမ္မာရင်တော့ ဆုတံဆိပ်တွေရပြီ။ အဖေက သေနတ်ပစ်လက်ဖြောင့်ဆု အမျိုးမျိုးရထားတော့ ကျနော်တို့ကိုပေးဖို့ သူ့မှာ ဆုတံဆိပ်တွေအဆင်သင့်ပဲလေ။ ဆုတံဆိပ်တခုရဖို့က ကျနော့်အတွက်တော့ တပတ်အတွင်း ထူးခြားဖြစ်စဉ်ပါပဲ။ တကယ်တမ်းမှာတော့.. “ဘယ်လက်သုံးပစ္စတိုပစ်ပြိုင်ပွဲချန်ပီယံ၊ နယူးဂျာစီ၊ ပြည်နယ်ရဲတပ်ဖွဲ့ ” လို့ဆုတံဆိပ်ပေါ်မှာရေးထားတဲ့ စာတမ်းက ကျနော့်နဲ့တော့ သိပ်မဆီလျော်လှပါဘူး။ ကျနော်မှမဖတ်တတ်တာ..
အမေကတော့ ခွင့်လွှတ်သည်းခံတတ်တဲ့ မိခင်တယောက်ပါ။ အခု အစ်မနှစ်ယောက်ရဲ့ အရုပ်တွေကို တူနဲ့ထုတဲ့ကိစ္စလိုမျိုး နည်းနည်းလွတ်တဲ့အပြုအမူမျိုးကို အဖေ့ကိုပြန်တော့မပြောရှာပါဘူး။ ဒါပေမယ့် (၁၉၄၁) ဒီဇင်ဘာလတုန်းက ကားဂိုဒေါင်ဘေးမှာ ကျနော် စခန်းချမီးဖို (Camp Fire) ဖိုဖို့ကြိုးစားတဲ့ကိစ္စကိုတော့ အဖေ့ကိုပြောတော့တာပဲ။ အမေက နှင်းထဲမှာ ယမ်းမီးခြစ်နဲ့ မီးခြစ်ဆံတွေကိုတွေ့တော့ ကျနော့်ကိုကြိမ်းတော့တာပဲ။ ဘယ်ရမလဲ..ကျနော်လဲအတည်ပေါက်နဲ့ ဘာဘာ..ဘာမှမသိဘူးပေါ့။
အဲဒီအပတ်သောကြာနေ့ညကျတော့ ဇာတ်လမ်းကစလာတော့တာပဲ။ အဲဒီညမှာ အိမ်နီးချင်းတချို့ရောက်လာသေးတယ်။ ညစာစားကြပြီးတော့ ကျနော်တို့ အိမ်ရှေ့ခန်းကျယ်ကြီးထဲမှာ ထိုင်ကြတော့ အဖေက ကျနော့်ကိုအသာလေးခေါ်တယ်လေ။ ပြီးတော့ တံခါးမကြီးနားက ခုံမှာထိုင်ခိုင်းတယ်။ အဲဒီခုံရဲ့ဆိုဖာက မာလဲမာတယ်၊ အုပ်ထားတဲ့ပိတ်စကလဲ ယားတယ်၊ ထိုင်ရတာလည်း ဘယ်လိုမှအဆင်မပြေဘူး။ တော်တော်ဓါတ်ကျတယ်ဗျာ။ အဲလိုနဲ့ အဖေက ကျနော်မီးဖိုတဲ့ကိစ္စကို သူသိတယ်လို့စပြောရော။ သူက ကျနော်မီးလောင်မှာနဲ့ အိမ်မီးလောင်မှာကို စိတ်ပူတယ်လို့ပြောတယ်။  စကားပြောရင်း အဖေက သူ့စီးကရက်မီးညှိတဲ့မီးခြစ်ကိုထုတ်လိုက်တယ်။ အဖေက ဆေးလိပ်မနားတမ်းဖွာတတ်တယ်။ အဖေ့ ဇစ်ပို (Zippo) မီးခြစ်က မိုက်တယ်။ ပြီးတော့ အဖေက စီးကရက်တလိပ်မီးညှိပြီးဖွာတယ်။
“သား..မီးခြစ်နဲ့ကစားချင်တယ်ဆိုရင်..ဒီမီးခြစ်ကိုခြစ်ပြီး သားလက်ကို မီးတောက်ပေါ်မှာ ထားကြည့်ပါလား..သားကအဲလိုလုပ်ချင်တာလား” လို့အဖေက ကျနော့်ကိုမေးရော..။
“မလုပ်ချင်ပါဘူး..အဖေ” လို့ကျနော်လဲပြန်ဖြေလိုက်တာပေါ့။
“ကောင်းတယ်..အဖေ..သားကိုနောက်ဘယ်တော့မှ မီးခြစ်နဲ့မဆော့စေချင်ဘူး” လို့အဖေကဆက်ပြောတယ်။ ပြီးတော့ အဖေက ဂုဏ်သိက္ခာအကြောင်း စကားစတယ်။
“ဘာပဲဖြစ်ဖြစ်၊ အခြေအနေဘယ်လောက်ဆိုးဆိုး၊ အမှန်အတိုင်းပြောလို့ နောက်ဆက်တွဲပြဿနာဘယ်လောက်ကြီးကြီး.. ဂုဏ်သိက္ခာရှိတဲ့လူတယောက်ဟာ လိမ်မပြောဘူး.. ရွှပ်ဇကော့ဖ်မိသားစုဝင်တွေဟာလဲ လိမ်မပြောကြဘူး..”
(၁၉၄၀) မှာ အဖေစစ်ဘက်ကို ပြန်သတင်းပို့ရတဲ့ အချိန်မှာတော့၊ သူက စစ်တပ်ထဲမှာ အများနဲ့မတူပဲ တမူထူးခြားတဲ့ ဗိုလ်မှူးကြီးတယောက်ဖြစ်နေပါတယ်။ အဖေ့ရဲ့ကြီးမားလှတဲ့ အတွေ့အကြုံတွေက.. စစ်သည်တွေကိုကွပ်ကဲရတဲ့ အတွေ့အကြုံမဟုတ်ပဲ၊ ရဲတပ်ဖွဲ့ဝင်တွေကို ကွပ်ကဲရတာဖြစ်နေတယ်။ အဖေက နီဝပ်ခ်မြို့ (Newark) မှာနေတဲ့ ဂျာမန်စကားပြောမိသားစုတခုရဲ့ တဦးတည်းသော သားလေးပေါ့။ အဖေ ဝက်စပွိုင့်က ကျောင်းဆင်းတော့ ပထမကမ္ဘာစစ်မှာ ဝင်တိုက်ဖို့အတွက် အချိန်ကိုက်ပဲလေ။ အဖေက “ မန်းတိုက်ပွဲ ” မှာဝင်နွှဲခဲ့တော့၊ “မုန်ညင်းအဆိပ်ငွေ့” (Mustard Gas) မိပြီး၊ နောက်ပိုင်းတသက်လုံး နမိုးနီးယားအဆုတ်အအေးမိရောဂါ (Pneumonia) ခဏခဏဖြစ်တော့တာပဲ။ ပထမကမ္ဘာစစ် အပစ်အခတ်ရပ်စဲရေးလုပ်ပြီးသွားတော့ ဂျာမန်စကားပြောတတ်တဲ့ အဖေ့ကို အမေရိကန်စစ်တပ်ကသိမ်းထားတဲ့ ဂျာမန်မြို့တမြို့ရဲ့ တပ်ထိန်းတပ်မှူး (စစ်ရဲတပ်မှူး) အဖြစ်ခန့်လိုက်တယ်။ နောက်နှစ်အနည်းငယ်ကြာတော့ အဖေလဲ စစ်တပ်ကထွက်ရတော့တယ်။ ဖြစ်ပုံက ကျောက်မျက်ရတနာအလုပ်လုပ်တဲ့ အဖိုးမှာ အဆစ်ရောင်ရောဂါရပြီး သိပ်မလှုပ်ရှားနိုင်တော့ဘူး၊ စစ်တပ်ကပေးတဲ့လစာက အဖိုးနဲ့အဖွားကို ထောက်ပံ့ဖို့မလောက်တော့..အဖေလဲစစ်တပ်ကထွက်ရတော့တာပေါ့။
အဲလိုနဲ့ (၁၉၂၁) ကျတော့၊ အဖေနဲ့ စစ်အတွင်းက တိုက်ဖေါ်တိုက်ဖက်အရာရှိတယောက်ရဲ့ အဖေ၊ နယူးဂျာစီပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးဖြစ်နေတဲ့ တက်ဒီအက်ဒ်ဝပ်တ်စ် (Teddy Edwards) က နယူးဂျာစီရဲတပ်ဖွဲ့ကို အစီအစဉ်တကျပြန်လည် ဖွဲ့စည်းဖို့ အဖေ့ကိုရွေးချယ်လိုက်တယ်။ အဲဒီအချိန်မှာ “အရက်သေစာထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချခြင်းကိုပိတ်ပင်သည့်ဥပဒေ” (Prohibition) ကို စပြီးကျင့်သုံးခါစ.. နယူးဂျာစီပြည်နယ်ကလည်း အခုခေတ် ယာဉ်ကြောတွေ ပိတ်ဆို့နေတဲ့..မြို့ပေါ်ကလူနေရပ်ကွက်နဲ့မတူပဲ ဟိုးအရင်တုန်းက ကောင်းဘွိုင်ခေတ် နဲ့ပိုတူနေတယ်။ ပြည်နယ်ထဲကမြို့တချို့မှာ အူကြောင်ကြောင်နဲ့ ညဘက်အပြင်ထွက်မိတယ်ဆိုရင်တော့ နာပြီသာမှတ်တော့..။ ညညဆို တောင်ဘက်ကနေ နယူးယောက်ပြည်နယ် (New York) ထဲကို အရက်တွေ၊ စီးကရက်တွေခိုးသွင်းနေတဲ့ မှောင်ခိုကယ်ရီသမားတွေ၊ ဈေးရောင်းသမားတွေနဲ့ နယ်ဘက်တွေမှာလဲ အဝေးပြေးလမ်းတွေမှာ သောင်းကျန်းနေတဲ့ အုပ်စုဖွဲ့လူမိုက်ဂိုဏ်းတွေ ကျက်စားနေကြတာပေါ့။
အဲဒီတော့ လွတ်လပ်ပွင့်လင်းတဲ့အတွေးအခေါ်ရှိတဲ့ နိုင်ငံရေးသမား၊ ပြည်နယ်အုပ်ချုပ်ရေးမှူး တက်ဒီအက်ဒ်ဝပ်တ်စ်က လူဆိုးဂိုဏ်းတချို့နှင့် ဆက်နွယ်နေတဲ့ နယူးဂျာစီပြည်နယ်မြောက်ပိုင်းက နိုင်ငံရေးယန္တရားနှင့် ဆက်စပ်မှုမရှိတဲ့ ပြည်နယ်ရဲချုပ်တဦးကို လိုချင်နေတယ်။ အဲဒီအချိန်မှာ အဖေ့အသက်က (၂၅) နှစ်ပဲရှိသေးပေမယ့်၊ အဖေ့မှာက အဲဒီအလုပ်အတွက် လိုအပ်တဲ့အရည်အချင်းတွေ အားလုံးရှိနေတယ်လေ။ စစ်ရဲတပ်မှူးအနေနဲ့ အဖေ့မှာရှိခဲ့တဲ့ အတွေ့အကြုံတင်မကပါဘူး.. အဖေက ထိုးထွင်းကြံဆတတ်တယ်၊ ရိုးသားဖြူစင်တယ်၊ ပြီးတော့..မာကြောတယ်လေ။ အဖေက စစ်တပ်ဘောလုံးကစားနည်းကိုလည်းကစားတယ်၊ ပိုလိုမြင်းစီးအဖွဲ့တခုမှာ အသင်းခေါင်းဆောင်လည်းလုပ်ခဲ့တယ်၊ နောက်.. ဝက်စ်ပွိုင့်မှာတုန်းကလည်း သူ့အပတ်စဉ်ရဲ့ ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံလေ။
အဲဒီနှစ်နွေရာသီမှာပဲ အဖေ သင်တန်းသား (၁၀၀) ကျော်ကျော်ခေါ်လိုက်တယ်။ သူတို့ကို စခန်းသွင်းပြီးတော့ အမေရိကန်မြင်းတပ် (U.S Cavalry) မှာလေ့ကျင့်ပေးတဲ့ လေ့ကျင့်မှုတွေပေါ်အခြေခံထားတဲ့ ကာယလေ့ကျင့်ခန်း ခပ်ကြမ်းကြမ်းတွေနဲ့ သူတို့ကိုလေ့ကျင့်ပေးတယ်။ အဖေက အဲဒီအလုပ်နဲ့အံကိုက်ပဲ။ အဖေက လေ့ကျင့်ခန်းအချိန်ဇယားဆွဲရတာ၊ ယူနီဖေါင်းပုံစံထုတ်ရတာတွေကစပြီး.. စိတ်ဓါတ်ခိုင်မာစေမယ့် လေ့ကျင့်ခန်းတွေ တီထွင်ဖန်တီးရတဲ့အထိ.. သူ့တပ်ဖွဲ့ကို ပုံစံအမျိုးမျိုးနဲ့ လေ့ကျင့်ပျိုးထောင်ဖွဲ့စည်း ပေးရတာကို နှစ်သက်တယ်လေ။ အဖေ့ရဲ့ထူးထူးဆန်းဆန်း လေ့ကျင့်ခန်းတချို့ကို ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲမှာဆို.. သင်တန်းသားတွေက မြင်းလေးကောင်ဘေးချင်းကပ်ပြီးကဆုန်ပေါက် ပြေးနေတဲ့အပေါ်မှာ ရပ်စီးရတဲ့ စတန့်ပြိုင်ပွဲတွေတောင်ပါသေးတယ်။ သင်တန်းသား (၁၁၆) ယောက်ထဲက (၈၁) ယောက် သင်တန်းအောင်မြင်ခဲ့ပါတယ်။ အဖေက အဲဒီ (၈၁) ယောက်ထဲက တဝက်လောက်ကို မြင်းတွေပေးပြီး လမ်းတွေသိပ်မကောင်းသေးတဲ့ နယူးဂျာစီ ပြည်နယ် တောင်ပိုင်းမှာ တာဝန်ချလိုက်တယ်။ ကျန်တဲ့တဝက်ကိုတော့ မော်တော်ဆိုင်ကယ်တွေပေးပြီး မြောက်ပိုင်းကို လွှတ်လိုက်တယ်။
ကျနော်တို့မောင်နှမတွေ မမွေးသေးခင်တုန်းက ဖြစ်ခဲ့တဲ့ အဲဒီအကြောင်းတွေ ပြောရတာကို အဖေနှစ်သက်တယ်။ အဖေက တခါတုန်းက သူနဲ့သူ့တပည့်တွေ မော်တော်တွေငှားပြီး ရာရီတန်မြစ် (Raritan River) ထဲမှာ ကျောက်မီးသွေးတင်တဲ့ ဝမ်းပြားရေယာဉ်တွေကို လိုက်တိုက်နေတဲ့ ဓါးပြတွေကို လက်ရဖမ်းခဲ့ကြပုံကိုပြောပြမယ်၊ မှောင်ခိုကုန်သည်တွေက သူတို့မှောင်ခိုပစ္စည်း သယ်မယ့်လမ်းကြောင်းက ရဲတွေကို ရှင်းပေးဖို့ အဖေ့ကို ဘယ်လို လာဘ်ထိုးဖို့ ဘယ်လိုကြိုးစားကြပုံတွေကို ပြောပြတတ်တယ်။ အဖေရဲအလုပ်ကို စပြီးလက်ခံလုပ်ဆောင်တဲ့ ပုံကတော့ လူဆိုးကို “နေမဝင်ခင် ဒီမြို့ကထွက် ” လို့ပြောတဲ့ အမေရိကန်အနောက်ပိုင်းက ရဲအရာရှိ ဂိုက်မျိုးပါပဲ။ လူဆိုးဂိုဏ်းတဂိုဏ်း ကြောင်တောာင်တောင်နဲ့ မြို့ထဲကို ဝင်လာပြီဆိုတာနဲ့၊ အဖေက လူဝံတွေပုံပေါက်နေတဲ့ သူ့လက်ထောက်ရဲအရာရှိတချို့ကိုခေါ်ပြီး အဲဒီလူဆိုးဂိုဏ်းခေါင်းဆောင်ကို သွားတွေ့မယ်.. ပြီးရင်..
မင်းဒီမှာသိပ်တော့..နေချင်မှာမဟုတ်ဘူးကွ.. နေမယ်ဆိုရင်တော့.. ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတာ မင်းကိုငါပြောပြရဦးမှာပေါ့ကွာ…….”  ဘာညာ..နဲ့ မောင်းထုတ်တော့တာပေါ့…။ အဖေက ပြည်နယ်အုပ်ချုပ်ရေးမှူး (၅) ယောက်လက်အောက်မှာ အမှုထမ်းခဲ့ပြီး၊ ပြည်နယ်ရဲတပ်ဖွဲ့ကို (၁၅) နှစ်ကိုင်တွယ်လုပ်ဆောင်ခဲ့ပါတယ်။ နယူးဂျာစီပြည်နယ်လဲ ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ထိန်းချုပ်မှုအောက်ကို တဖြည်းဖြည်းနဲ့ ရောက်လာခဲ့ပါတယ်။
အဖေက သူ..ရဲချုပ်ဘဝနဲ့ တာဝန်ထမ်းဆောင်စဉ်တုန်းက ကြုံခဲ့ရတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အရာပေါင်းမြောက်မြားစွာကို အိမ်သယ်လာတတ်တယ်။ မြေတိုက်ထဲက အရက်ဘားမှာ ပြည်နယ်ရဲတပ်ဖွဲ့က သိမ်းဆည်းထားတဲ့ အကြွေစေ့လောင်းကစားစက်တွေရှိတယ်။ အဲဒီစက်တွေမှာ အကြွေစေ့ထည့်ပြီး ကစားလို့ရတယ်။ အဖေ့ဆီမှာ အပျင်းပြေ အပျော်ကစားချင်တဲ့လူတွေအတွက် အကြွေစေ့တွေ.. အပုံလိုက်ကြီးရှိတယ်။ မြေတိုက်ထဲမှာ ပစ္စတိုစက်ပစ်ကွင်းလဲရှိတယ်။ သံကြွပ်နဲ့လုပ်ထားတဲ့ သံသေတ္တာတလုံးကို စင်ပေါ်မှာထောင်ထားတယ်။ ကိုယ်ပစ်ချင်တဲ့ ပစ်မှတ်တွေကို သေတ္တာထဲမှာ ချိတ်ထားရတယ်။ သေတ္တာနောက်မှာတော့ ပစ်မှတ်ကိုဖောက်ထွက်လာတဲ့ ကျည်ဖူးကို ရပ်အောင် ဟန့်တားနိုင်ပြီး၊ အောက်ခြေမှာ ကွေးထားတဲ့နေရာကို လျှောကျသွားအောင် ထောင်ထားတဲ့ သံပြားအထူကြီးတချပ်ရှိတယ်။ ကျနော်ကတော့ အဲဒီနားသွားပြီး တွန့်လိမ်ပိပြားနေတဲ့ကျည်ဖူးတွေကို ကိုင်ကြည့်ရတာ သဘောကျတယ်။ ကျည်ဖူးတွေက ခဲဖူးတွေဆိုတော့ လက်တော့ပေတာပေါ့။
ကျနော်တို့အိမ်ရဲ့ ဧည့်ခန်းထဲမှာ လင်းဘတ်ဂ်ပြန်ပေးမှု (Lindbergh Kidnapping) နဲ့ပတ်သက်တဲ့ဓါတ်ပုံတွေရှိတယ်။ (၁၉၃၀) နှစ်များက ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တဲ့အဆိုးဆုံးအမှုပေါ့။ ထိုဖြစ်ရပ်သည် နယူးဂျာစီပြည်နယ် တောနယ်ဘက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်၍ ပြန်ပေးဆွဲခြင်းအား ပြည်ထောင်စုပြစ်မှု (Federal Offense) အဖြစ် ထိုအချိန်က မသတ်မှတ်ရသေးပေ။ နယူးဂျာစီပြည်နယ်ရဲတပ်ဖွဲ့မှ ထိုအမှုအားစုံစမ်းစစ်ဆေးခဲ့ပြီးနောက် အမေရိကန်သို့ ရွှေ့ပြောင်းအခြေချလာသူ ဂျာမန်လူမျိုး ဘရူနိုဟော့ပ်တ်မန်း (Bruno Hauptmann) အား (၁၉၃၅) ခုနှစ်တွင် ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပြီး (၁၉၃၆) ခုနှစ်တွင် သေဒဏ်ပေးနိုင်ခဲ့သည်။ အချက်အလက်အထောက်အထား တွေ့ရှိချက်များ အပေါ်တွင် အဓိကထား၍ ဘရူနိုဟော့ပ်တ်မန်း၏ အမှုအားတည်ဆောက်ခဲ့ခြင်း ဖြစ်သောကြောင့် ထိုအမှုအား လူတချို့မှ ထူးခြားပြောင်မြောက်သော လုပ်ဆောင်မှုဟုဆိုကြပြီး၊ အချို့မှလည်း မရိုးမသားအကွက်ဆင်ခဲ့ခြင်းသာဖြစ်သည်ဟု အမျိုးမျိုးဝေဖန်ကြသည်။ ကျနော်တို့ကလေးတွေ အနေနဲ့လည်း ဒီအမှုက “သပွတ်” ဆိုတာကို သိခဲ့ကြပေမယ့်၊ အဖေကလည်း နောက်ဆုံးထွက်လာတဲ့ ရလာဒ်က တရားမျှတပါတယ်လို့.. ပြောတော့..အဖေပြောတာမှန်လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။ အဲဒီအမှုလည်းပြီးသွားတဲ့အချိန်ကျတော့၊ အဖေမနှစ်မြို့တဲ့ နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ ဟာရိုးဟော့ဖ်မဲန်း (Harold Hoffman) က ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်အရွေးခံရတယ်။ အဲဒီမှာ ဟာရိုးဟော့ဖ်မဲန်းက ပြည်နယ်ရဲချုပ်ဖြစ်တဲ့ အဖေ့ကို သူ့ရဲ့နိုင်ငံရေးမဟာမိတ်တဦးနဲ့ အစားထိုးဖို့ချင်တော့ အဲဒီအမှုကိုအကြောင်းပြပြီးဂွင်ဆင်ခဲ့တယ်။
အဲဒီ..သပွတ်..အမှုက ဒီနေ့အထိကို..တိုင်ပတ်နေတုန်းပါပဲ။ အဖေက မှတ်တမ်းတွေသိမ်းထားတဲ့နေရာမှာတော့ တကယ့်စံပါပဲ။ လောရဲန့်စ်ဗီးလ်က ကျနော်တို့အိမ်အထပ်ခိုးလေးထဲမှာ လင်းဘတ်ဂ်အမှုနဲ့ပတ်သက်ပြီး အဖေ့စားပွဲကိုဖြတ်သန်းသွားတဲ့ စာရွက်စာတမ်းမှန်သမျှရဲ့ မိတ္တူတွေရှိပါတယ်။ ကျနော်ကြီးလာတော့ အဲဒီစာရွက်စာတမ်းတွေကို ဖတ်ကြည့်တယ်။ အဲဒီအခါကျတော့ လင်းဘတ်ဂ်အမှုရဲ့တရားစီရင်ဆုံးဖြတ်ချက်က မှန်ကန်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘာမှသံသယမရှိတော့ဘူးဖြစ်သွားတယ်။ အဖေကွယ်လွန်သွားတော့ အမေကအဲဒီမှတ်တမ်းတွေကို နယူးဂျာစီပြည်နယ်ရဲတပ်ဖွဲ့ကို ပေးလိုက်ပါတယ်။ (၁၉၇၇-၁၉၈၁) ခုနှစ်များအတွင်းမှာ နယူးဂျာစီပြည်နယ်မှ အဲဒီအမှုကို တခါပြန်ပြီး စုံစမ်းစစ်ဆေးတော့ သူတို့ရဲ့ မှတ်ချက်က ကျနော့် မှတ်ချက်နဲ့တူတူပဲ။
လင်းဘတ်ဂ်အမှုပြီးသွားတော့ အဖေနဲ့ပတ်သက်ပြီး မှတ်မိသလောက်ကတော့ အဖေက (၁၉၃၀) နှောင်းပိုင်း (Gang Busters) အစီအစဉ်တွေမှာ ပါနေပါပြီ။ အဖေက ချမ်းတော့မချမ်းသာပေမယ့်၊ ကျနော်တို့အိမ်စရိတ်၊ အိမ်အတွက်အကူတယောက်ငှားဖို့၊ အစ်မနှစ်ယောက်ကို ပရိုက်ဗိတ်ကျောင်းထားဖို့ အတွက်ကတော့ လုံလုံလောက်လောက် ထောက်ပံ့နိုင်ပါတယ်။ လောရဲန့်စ်ဗီးလ်မြို့က ပရင့်စ်တန်မြို့က တချို့နေရာတွေလောက်တော့ ပသာဒမဖြစ်ပေမယ့်.. ကျနော်တို့အိမ်နီးချင်းတွေထဲမှာ စတိုထိန်းတွေ၊ လယ်သမားတွေနဲ့ လောရဲန့်စ်ဗီးလ်ကျောင်းက ဆရာ/ဆရာမတွေ ပါပါတယ်။ ကျနော်တို့အိမ်က လောရဲန့်စ်ဗီးလ်မြို့မှာ ရှိတဲ့အကောင်းဆုံး အိမ်နှစ်လုံးထဲကတလုံးဖြစ်ပြီး အဖေနဲ့အမေတို့က ပရင့်စ်တန်မြို့နဲ့ လောရဲန့်စ်ဗီးလ်မြို့ လူမှုအသိုင်းအဝိုင်းမှာ ထင်ရှားလှပါတယ်။ အဖေ၊အမေတို့မိတ်ဆွေတွေကတော့ ပုံမှန်လူမှုရေးထုံးစံအရ ပါတီပွဲတွေကျင်းပပြီးပျော်ကြတဲ့လူတွေထက်စာရင်၊ နည်းနည်းပိုငြိမ်တဲ့ ကျေးလက်ကလပ်အသင်း (Country Club) ဝင်တွေ၊ နှစ်ယောက်တတွဲနဲ့ နှစ်တွဲယှဉ်ပြိုင်ကစားရတဲ့ (Contract Bridge) အပျော်တမ်းဖဲကစားဖေါ်ကစားဖက်တွေနဲ့ ကြက်တောင်ရိုက် (Badminton Set) ဖော်ရိုက်ဖက်တွေဖြစ်ကြ ပါမောက္ခတွေ၊ စီးပွားရေးသမားတွေနဲ့ မြို့အုပ်ချုပ်ရေးပိုင်းက လူတွေဖြစ်ကြပါတယ်။ တချို့ညတွေမှာတော့ အဖေ့တပည့် ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေ အိမ်ကိုရောက်လာပြီး ပိုကာကစားတတ်ကြပါတယ်။ ဖဲကစားတာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို သိချင်တော့ ကျနော်ကလည်း အဖေ့ဘေးမှာထိုင်ပြီး ဝင်အားပေးတယ်လေ.. အဖေကလည်း ကစားနည်းစည်းကမ်းတွေကို ကျနော့်ကိုရှင်းပြပါတယ်။ အဖေနဲ့အမေက နွေရာသီမှာ အပြင်မှာထွက်ပြီး ချက်ပြုတ်စားသောက်ရတာ.. ခရစ္စမတ်မှာ ပါတီပွဲဆူဆူပူပူလေးတွေ လုပ်ရတာ ကြိုက်ကြတယ်။ ပါတီလာတဲ့ အဖေတို့အမေတို့ မိတ်ဆွေတွေကလည်း သောက်သလားတော့မမေးနဲ့။ ဘယ်ရမလဲ.. ကျနော်ကတော့ ပါတီပွဲပြီးလို့ နောက်နေ့မနက်ကျရင်တော့ ညကလုပ်တဲ့ ပါတီပွဲနေရာနားသွားပြီး ကော့တေးလ် (Cocktail) အရက်ခွက်တွေထဲက သံလွင်သီးတွေ၊ မာရာရှီနိုချယ်ရီသီးတွေကို အပီကြိတ်တာပေါ့။
(၁၉၄၀) မှာအဖေ့ကို စစ်မှုထမ်းဖို့ စစ်တပ်ကပြန်ခေါ်တော့လည်း ပြောင်းလဲတာတွေ သိပ်တော့မရှိပါဘူး။ အဖေနဲ့အမေတို့ရဲ့ လူမှုရေးကိစ္စဝိစ္စတွေကတော့ ရုံးပိတ်ရက်တွေမှာ ခါတိုင်းလိုပါပဲ။ တခါတလေကျရင် အဖေက ကျနော့်ကို သူ့တပ်ထဲခေါ်သွားတတ်တယ်။ ပထမဆုံးခေါ်သွားတဲ့ တပ်တခုကတော့ ပရင့်စ်တန်နဲ့ နယူးယောက် ကြားမှာရှိတဲ့ ကီလ်မားစစ်စခန်း (Camp Kilmer) ပေါ့။ အဖေ့ရွက်ထည်တဲကိုမရောက်မချင်း တခြားတဲတွေ အများကြီးရှိတဲ့ ရွက်ထည်တဲတန်း ကြားကနေဖြတ်ပြီး အဖေ့နောက်ကလိုက်သွားရတာကို မှတ်မိပါသေးတယ်။ အဖေ့အိပ်ယာက ဝင်အိပ်လို့ရအောင် စောင်ကိုအသင့်နီးပါးအနေအထား ခင်းထားတော့ တမတ်စေ့ (၂၅ ပြား) တစေ့ ပစ်ချလိုက်ရင် အဲဒီတမတ်စေ့က ပြန်ကန်တယ်လေ။ အရှေ့မှာ တပ်ရင်းအလံလွှင့်ထားတဲ့ ရွက်ထည်တဲတတဲကိုလည်း အဖေကကျနော့်ကိုပြသေးတယ်။ အဖေ့ရုံးခန်းက အဲဒီတဲထဲမှာပေါ့။
နှစ်အတန်ငယ်ကြာပြီးတော့ အဖေက နယူးယောက်ဆိပ်ကမ်း (Port of New York) ကိုချဉ်းကပ်တဲ့လမ်းကို စောင့်ကြပ်ရတဲ့ စစ်ဘက်ဋ္ဌာနတခုဖြစ်တဲ့ ဟဲန်းကော့ခ်ခံတပ် (Fort Hancock) ကိုပြောင်းရတယ်။ အဖေက အဲဒီခံတပ်မှာ ပျောက်ပျောက်သွားတဲ့ အမြောက်တွေရှိတယ်.. ကျနော့်ကိုလိုက်ပြမယ်လို့ပြောပြထားတော့.. အဲဒီခံတပ်ကိုလဲ သွားလည်တဲ့အခါကျတော့.. ကျနော်လဲရေလည်လန့်နေတာပေါ့။ အမြောက်တွေကပျောက်သွားတယ်ဆိုတော့ တမျိုးကြီးလေ။ အဲဒီတုန်းက ကိုယ်ရောင်ဖျောက်မှော်ဆရာနဲ့ သူယောင်ပင် ဇာတ်လမ်းကလည်း ခေတ်စားနေတာကိုး။ မှော်ဆရာက ကိုယ်ရောင်ဖျောက်နိုင်တယ်လေ။ ကျနော်က အဲဒီအမြှောက်တွေကြည့်ဖို့ အဖေ့ကိုသိပ်တော့ မလောချင်ပါဘူး၊ ဒါပေမယ့် ကြည့်ချင်တဲ့စိတ်ကိုလည်း မအောင့်နိုင်တော့ဘူး။ အဲဒီအမြောက်တွေကိုလည်း တွေ့ရော.. ရေလည် စိတ်လေသွားတယ်ဗျာ။ အမြောက်တွေက စင်တွေပေါ်တင်ထားတာ။ ပစ်တော့မယ်ဆိုမှ မြေထိန်းတမံထက်မြင့်အောင် စက်နဲ့ပင့်တင်ပြီးပစ်၊ ပစ်ပြီးတာနဲ့ ရန်သူက တိုက်ရိုက်ပြန်ပစ်လို့မရအောင် အဲဒီအမြောက်တွေကို အောက်ကိုပြန်နှိမ့်ချရတာ။ ကျနော်တို့ ရပ်နေတဲ့နေရာက အမြောက်တွေရဲ့ အရှေ့ကမဟုတ်ပဲ.. အနောက်မှာဆိုတော့ အမြောက်တွေက ပျောက်မှမပျောက်တာ.. မြင်နေရတယ်လေ။ ကလေးအရွယ်ပဲရှိသေးတဲ့ သူ့သား ဘယ်လိုစဉ်းစားမိသလဲဆိုတာကို အဖေကတော့ သိပ်သဘောပေါက်ပုံမရဘူး။
ပြီးတော့ အဖေက ကျနော့်ကို သူအိပ်တဲ့အခန်းကိုခေါ်သွားပြီး အိပ်ယာဘေးကစားပွဲပေါ်တင်ထားတဲ့ စာအုပ်တအုပ်ကိုပြပါတယ်။ စာအုပ်ကတော့ ကျနော့်ဘဝတိုက်ပွဲ လို့အဓိပ္ပာယ်ရတဲ့ “Mein Kampf” ပါ။ ရေးသူကတော့ ဟစ်တလာ (Hitler) ပါ။ ဟစ်တလာဆိုတဲ့လူရေးထားတဲ့စာအုပ်ထဲက အကြောင်းအရာတွေထဲက အတော်များများက ဒီနေ့ကမ္ဘာမှာဖြစ်နေတာဖြစ်သလို.. ဒီလူကလဲ “မောင်ရင်ငတေမိုက်ကန်းသည်” ဆိုတဲ့လူစားမျိုးလို့ အဖေက ပြောပြပါတယ်။ ဝထ္ထုရဲ့နာမည်က ဂျာမန်စာနဲ့ရေးထားပေမယ့် ကျနော်သိတဲ့ ဂျာမန်စာအရေးအသားနဲ့ လုံးဝမတူတာကိုတော့ သတိထားမိတယ်။ အဲဒီအချိန်က (၁၉၄၁) နိုဝင်ဘာလပေါ့။
နောက် သီတင်းပတ်အနည်းငယ်အတွင်း ပုလဲဆိပ်ကမ်းကို အတိုက်ခံရပါတော့တယ်။ ကြီးကျယ်တဲ့ကိစ္စတခုကတော့ဖြစ်နေပြီလို့ နောက်ဆုံးမှာတော့ ကျနော်လဲသိလာတယ်။ အဲဒီသတင်းကြေငြာတော့ ကျနော်က ဂျော်နီရှီးဗားစ်တို့ ခြံထဲက အပင်တခုပေါ်မှာ ထိုင်နေတာ။ ဂျော်နီ့အမေက ကျနော့်ကိုပြောပြတယ်..
ဒီကိစ္စက တကယ့်ကိုဆိုးတာပဲ။ အဲဒါသားအဖေ စစ်ထွက်ရတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲ”
ကျနော့်အဖေက စစ်သားတယောက်.. နောက်အိမ်ကထွက်သွားတာဖြင့်ကြာနေပြီ.. ဂျော်နီ့အမေပြောတာကို ကျနော်လဲ သိပ်နားမလည်မိဘူး..
နောက်ရက်တွေမှာ အမေတို့၊ အစ်မတို့နဲ့ အတူထိုင်ထိုင်ပြီး သတင်းတွေနားထောင်သေးတယ်.. ဒါပေမယ့်လည်း ဒီတိုင်းပဲ.. သိပ်မရှင်းသေးဘူး။ ခရစ္စမတ် (Christmas) ကလည်း ကပ်နေပြီ။ ဘာတွေဖြစ်နေတာလဲလို့ စဉ်းစားရင်း ကျနော့် ခေါင်းထဲမှာလည်း တိုဂျို (Tojo) ရယ်၊ ဟစ်တလာ (Hitler) ရယ်၊ မူဆိုလီနီ (Mussolini) ရယ် ခရစ္စမတ်ဖိုးဖိုးကြီး ဆဲန်တာကလော့စ် (Santa Claus) ရယ်.. ရောပြီးရှုပ်နေတယ်။
သိပ်မကြာပါဘူး။ လောရဲန့်စ်ဗီးလ်တမြို့လုံး ဗြောင်းဆန်ကုန်တော့တာပဲ။ အိမ်တွေအားလုံးရဲ့ ပြတင်းပေါက်တွေကို ဖျင်စတွေနဲ့ကာရတယ်.. လေကြောင်းအန္တရာယ်ကာကွယ်ရေး လေ့ကျင့်မှုတွေလုပ်ရတော့တာပဲ။ အချက်ပေးဥသြသံရပ်သွားရင်တော့ လိုက်ကာဖျင်စတွေကိုဖယ်ချလို့ရပါပြီ။ အဲဒီအချိန်ကျရင် လူတွေချဉ်ကြတဲ့ လေကြောင်းရန်ထိန်းသိမ်းရေးအရာရှိတယောက် ပေါက်ချလာပြီး သတ်မှတ်ထားတဲ့အတိုင်းလုပ်ဆောင်ဖို့ပျက်ကွက်တဲ့အိမ်တွေနဲ့၊ ဖျင်စကိုသေချာမကာလို့ အလင်းရောင်လျှံထွက်နေတဲ့အိမ်တွေကို ပြဿနာရှာတော့တာပဲ။ တခေါက်ဆို လိပ်ဟာ့စ်ရေတပ်လေကြောင်းဋ္ဌာန (Lakehurst Naval Airstation) ရဲ့လေသင်္ဘောတစီးက ဂျာမန်ရေငုပ်သင်္ဘောတစီးကို ထောက်လှမ်းမိတော့ အားလုံးလန့်ဖြန့်ကုန်ပြီး ဂျာမန်တွေ နယူးဂျာစီပြည်နယ်ကို ဝင်တိုက်တော့မယ်လို့ ထင်ကုန်ကြတာပေါ့။ အဲဒါနဲ့ ကျနော်တို့လဲ အိမ်ပြတင်းပေါက်တွေကို လိုက်ကာဖျင်စတွေနဲ့ တပတ်လောက်ကာထားရတယ်။
အဲဒီမတိုင်မီကတည်းက ကျနော်တို့ကလေးတွေလဲ ကစားစရာစက်သေနတ်တွေကိုင်၊ စစ်ယူနီဖေါင်းတွေဝတ်၊ ပုံဖျက်စစ်ခမောက်တွေဆောင်းပြီး ဂျာမန်တွေနဲ့ ဂျပန်တွေကို အိမ်နောက်ဖေးမှာ နေ့တိုင်းချေမှူန်းနေကြတယ်လေ။ ကျောင်းမှာဆို တယောက်ယောက်ကို နာဇီကောင် (Nazi) ဒါမှမဟုတ် ဂျပန်ငပု (Jap) လို့ခေါ်လိုက်တာ အဆိုးဆုံးပဲလေ။ သောက်ကော့ဖ်.. (Dummkopf) ဆိုတဲ့စကားက တော်တော်လူကြိုက်များတဲ့ ပုတ်ခတ်ခြင်းတခု ဖြစ်လာတယ်။ ကျနော့်မလဲ ရွှပ်ဇကော့ဖ် (Schwarzkopf) နဲ့ သောက်ကော့ဖ် က ဘာမှမဆိုင်တဲ့အကြောင်း နည်းနည်းပါးပါး ရှင်းပြရသေးတယ်။ ကျနော်က ကျနော့်အသက်နဲ့စာရင် လူကောင်ပိုထွားတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရန်တော့မဖြစ်ရပါဘူး။ ကျနော်ကိုယ်တိုင်လဲ ရန်ဖြစ်ရတာမကြိုက်ဘူး။ ကိုယ်နဲ့ရန်ဖြစ်တဲ့သူကို နာကျင်အောင်လုပ်မိသွားမှာစိုးလို့ပါ..
နောက်ထပ် (၆) လလောက်ကြာပြီးတော့ စစ်ဖြစ်နေတဲ့အချိန်မှာ ဘဝဆိုတာဒီလိုပါလားလို့ ကျနော်စဉ်းစားမိလာတယ်။ (၁၉၄၂) ဇွန်လမှာ (Gen. George C. Marshall) ဗိုလ်ချုပ်ကြီးဂျော့ရှ်၊စီ၊မာရှယ်လ် (နောင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသူ) က အဖေ့ကို ဝါရှင်တန် (Washington) ကိုလာဖို့ ဆင့်ခေါ်ခဲ့ပါတယ်။ အမေရိကန်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော့ရှ်မာရှယ်လ် က ကြည်းတပ်တခုလုံးမှာ ရာထူးအကြီးဆုံးပဲတော့ အဖေနဲ့အမေလဲ တော်တော်လန့်သွားကြတယ်။ စစ်တပ်အဆင့်ဆင့်ကွပ်ကဲမှုစနစ်အရ သူက တကယ့်နာမည်ကြီး ဗိုလ်ချုပ်တွေဖြစ်တဲ့ ဗိုလ်ချုပ်အိုင်ဆဲန်ဟောင်ဝါ (Gen. Eisenhower)၊ ဗိုလ်ချုပ်ဘရက်ဒ်လေ (Gen. Bradley) နဲ့ ဗိုလ်ချုပ်ပက်တန် (Gen. Patton) တို့ရဲ့အထက်အရာရှိလေ.. သူနဲ့ အဖေ့လိုလူ ကြားထဲမှာ ထောင်ပေါင်းများစွာသော အရာရှိတွေရှိသေးတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးဂျော့ရှ်မာရှယ်လ်က ပြဿနာရှင်းစရာရှိလာရင် အောက်ခြေထိဆင်းပြီး ဝက်စ်ပွိုင့်ကျောင်းထွက်တွေထဲက သူ့စိတ်ကြိုက်လူရှာပြီး တာဝန်ပေးတတ်တယ်ဆိုတဲ့ ဂုဏ်သတင်းရှိတယ်။
ဗိုလ်ချုပ်ကြီးဂျော့ရှ်မာရှယ်လ်
ဝက်စပွိုင့်စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းတွေရဲ့ ကိုယ်ပိုင်သံသေတ္တာ (Locker) တွေထားတဲ့အခန်းကနေ ဝက်စပွိုင့်ဘောလုံးကွင်းကိုသွားတဲ့လမ်းမှာ ဗိုလ်ချုပ်ကြီးဂျော့ရှ်မာရှယ်လ် ပြောခဲ့တယ်ဆိုတဲ့စကားတခွန်းကို ထွင်းထားတဲ့ ကြေးပြားတချပ်ရှိတယ်။
လျှို့ဝှက်ပြီးအန္တရာယ်များတဲ့စစ်ဆင်ရေးလုပ်ငန်းတခုအတွက် အရာရှိတယောက်လိုတယ်။ ဝက်စပွိုင့်ဘောလုံးသမားတယောက်လိုချင်တယ်
အခုလုပ်ငန်းစဉ်မှာ လိုအပ်တဲ့ ဝက်စပွိုင့်ဘောလုံးသမားကတော့ အဖေပေါ့။ လုပ်ငန်းစဉ်ကတော့ အီရန် (Iran) ပါ။
ဗိုလ်ချုပ်ကြီးဂျော့ရှ်မာရှယ်လ်ရဲ့ပြဿနာက ဆိုဗီယက်တွေကို စစ်ရေးထောက်ပံ့မှုပေးတဲ့ကိစ္စနဲ့ ဆိုင်နေပါတယ်။ ဆိုဗီယက်တပ်တွေက လက်နက်နဲ့ရိက္ခာတွေ အသေအလဲလိုနေတယ်။ ရုရှားတောင်ပိုင်းမှာ နာဇီတပ်တွေက စတာလင်ဂရက်မြို့ (Stalingrad) ကို ချဉ်းကပ်နေပါပြီ။ ဂျာမန်တွေရဲ့အဓိကတွန်းအားက ကက်စပီယန်ပင်လယ် (Caspian Sea) နဲ့ ကော့ကေးဆပ်ဒေသ (Caucasus) နားက ရေနံတွင်းတွေကိုသိမ်းဖို့နဲ့ အရှေ့အလယ်ပိုင်းကိုသွားနိုင်မယ့် လမ်းကိုဖွင့်ဖို့ပါ။ သူတို့ကိုဟန့်တားဖို့ အမေရိကန်ပြည်ထောင်စုက လက်နက်ခဲယမ်းနဲ့ရိက္ခာတွေ အောတိုက်ပံ့ပိုးပေးနေရတယ်။ အဲဒီပစ္စည်းတွေထဲက အများစုက ပါရှန်စင်္ကြန်ဒေသ (Persian Corridor) လို့ခေါ်တဲ့နေရာကိုဖြတ်သွားရပါတယ်။ သင်္ဘောတွေက ပါရှန်ပင်လယ်ကွေ့ (Persian Gulf) အပေါ်ပိုင်းကိုခုတ်မောင်းပြီး ပါလာတဲ့ကုန်ပစ္စည်းတွေကိုချပါတယ်။ အဲဒီကမှတဆင့် ကုန်ပစ္စည်းတွေကို ကားတွေနဲ့တင်ပြီး မြောက်ဘက်အတိုင်း အီရန်နိုင်ငံကို ဖြတ်၊ ပြီးရင် ကော့ကေးဆပ်ဒေသကို ထပ်ဖြတ်ပြီး ဆိုဗီယက်ပြည်ထောင်စု (Soviet Union) ထဲကို ပို့ပါတယ်။ ဒါပေမယ့် ပြဿနာက ကုန်ပစ္စည်းပမာဏ အများအပြားက ဆိုဗီယက်နိုင်ငံကို မရောက်ပါဘူး။  အီရန်နိုင်ငံရဲ့ တောနယ်ထဲမှာရှိတဲ့ တောင်ပေါ်လူမျိုးစုတွေက နောက်ကလိုက်လာပြီး ကုန်တင်ယာဉ်တန်းများကို တိုက်ခိုက်ပြီး ၄င်းတို့နှစ်သက်သည့်ပစ္စည်းများကို လုယက်ကြသည်။ သို့မဟုတ်လျှင် လမ်းခွန်ဟုဆိုကာ ငွေအဆမတန်တောင်းတတ်ကြသည်။ ထိုကိစ္စအား အရေးယူဆောင်ရွက်ရန် အီရန်ဆိုင်ရာအမေရိကန်သံအမတ်ကြီးမှ ရှားဘုရင် (Shah) အားအရေးဆိုခဲ့ရသည်။
ရှားဘုရင်မှ သူ့အနေနှင့်လုပ်ပေးနိုင်စွမ်းမရှိပါဟု ပြန်ဖြေသည်။ အီရန်နိုင်ငံတွင် နိုင်ငံတဝှမ်း၌ ဥပဒေစိုးမိုးရေးအတွက် တာဝန်ယူလုပ်ဆောင်ရန် အင်အား (၂၂၀၀၀) ရှိ၍ အီရန်နန်းစောင့်စစ်ရဲတပ် (Imperial Iran Gendarmerie) ဟုခေါ်သော ရဲတပ်ဖွဲ့ရှိသည်။ သို့သော် စွမ်းဆောင်ရည်ညံ့ဖျင်း၍ ဟန်သာရှိပြီး အဆံမရှိဖြစ်နေသည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီးဂျော့ရှ်မာရှယ်လ် အနေနှင့် စစ်ထွက်ရန် အသင့်ဖြစ်နေသော သန်းပေါင်းများစွာသော အမေရိကန်စစ်သည်များရရှိနိုင်ရေးအား ဘေးချထား၍ အီရန်လမ်းမများပေါ်တွင် ရဲအလုပ်လုပ်ရမည့်အရေးအတွက် အာရုံစိုက်လာရ၏။ ထိုနေရာတွင် အဖေ့ အခန်းကဏ္ဍဝင်လာတော့သည်။ အီရန်နန်းစောင့်စစ်ရဲတပ်ဖွဲ့ ၌အကြံပေးအရာရှိအဖြစ်တာဝန်ယူပြီး ၄င်းအား ထိရောက်သောရဲတပ်ဖွဲ့တခု ဖြစ်စေဖို့လုပ်ဆောင်ရန် ဗိုလ်ချုပ်ကြီးဂျော့ရှ်မာရှယ်လ်မှ အဖေ့အား အမိန့်ပေးခဲ့၏။
(၇) နှစ်သားပဲရှိသေးတဲ့ ကျနော့်အမြင်အရ၊ ကျနော်သိသလောက်က အဖေက ဝါရှင်တန်သွားပြီး ဂျော့ရှ်မာရှယ်လ် ဆိုတဲ့ လူတယောက်နဲ့သွားတွေ့တယ်ပေါ့။ အဖေသွားပြီး ရက်ပိုင်းအတွင်းမှာ အဖေကဖုန်းဆက်ပြီး အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမေ့ကို ပြောပြပါတယ်။ ပြီးတော့ အမေက ကျနော်တို့မောင်နှမတွေကို ခေါ်ပြီး အဖေ တယ်ရန် (Tehran) သွားရတော့မယ့်အကြောင်း ပြောပြပါတယ်။ တယ်ရန် ဆိုတာဘယ်နားမှာရှိမှန်း ကျနော်တို့တွေလဲ မသိပါဘူး။ အဲဒါနဲ့အမေက ကမ္ဘာလုံးပုံစံငယ် ထုတ်လာတာနဲ့ ဝိုင်းရှာကြတာပေါ့။ ကျနော်တို့ပဲ အရမ်းလှည့်မိသလားတော့မသိဘူး.. ရုသ်အဲန်းက ဗြုန်းဆို ကမ္ဘာလုံးပေါ်လက်ထောက်ပြီး.. ဒီမှာလေ.. လို့ပြောတယ်။ တယ်ရန်က ကမ္ဘာတခြမ်းလောက် ဝေးနေတာပဲ။ အဲဒါနဲ့ အမေက ကျနော့်ဘက်လှည့်ပြီး.. အဖေက ဟိုးအဝေးကြီးမှာရှိတဲ့၊ ပူပူလောင်လောင်နဲ့ ပဉ္စလက်ဆန်ပြီး၊ လူတွေကဝတ်ရုံရှည်ကြီးတွေခြုံ၊ ခါးပတ်ထဲမှာဓါးတွေထိုးထည့်ထားပြီး၊ ကုလားအုတ်တွေစီးကြတဲ့ တထောင့်တညပုံပြင်ထဲ နေရာတခုကို သွားရတော့မယ်လို့ ကျနော့်ကို ရှင်းပြပါတယ်။ အကယ်၍သာ ဂျာမန်ကြည်း၊ရေ၊လေတပ်ပေါင်းစု (Wehrmacht) ကော့ကေးဆပ်ကိုဖြတ်ပြီး တိုက်လာမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာကို အမေကောင်းကောင်းသိတယ်လို့ ကျနော်ပြောရဲပါတယ်။ ဒါပေမယ့် အမေက အဲဒါနဲ့ပတ်သက်လို့ ဘာမှမပြောပြခဲ့ပါဘူး။ စစ်ဖြစ်နေတဲ့အတွက်၊ အဖေလဲတိုက်ပွဲမှာ ကျသွားနိုင်တယ်ဆိုတာကို ကျနော်အခုချိန်ထိ မဆက်စပ်နိုင်သေးပါဘူး။
အဲဒီအခါ အဖေထွက်သွားရတော့ အားလုံးပဲ တကယ့်ကိုဝမ်းနည်းကြရပါတယ်။ အဖေကအကြာကြီး အိမ်ကထွက်သွားတော့မယ်လေ။အဖေ ဒီတခါ ဘယ်လောက်ကြာမှာလဲ၊ အခုလဲ အဖေက တပတ်မှာ (၅) ရက်ထွက်သွားနေရတာ အကြာကြီးပဲလေ။ ဘယ်သူမှလဲ ကျနော့်ကို လတွေ၊ နှစ်တွေနဲ့တွက်ပြီး ပြောမပြကြဘူး။ အင်း..သူတို့ပြောပြခဲ့ရင်လည်း ကျနော်နားလည်ချင်မှနားလည်မှာပါလေ။ (ဆက်ရန်)
´