မိန်းမ မရှိတဲ့ ယောက်ျားများ
၁၉၂၇ ခုနှစ်တွင် စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေးက ‘မိန်းမ မရှိတဲ့ ယောက်ျားများ’ (Men Without Women) ခေါင်းစဉ်ဖြင့် ၀တ္ထုတို ပေါင်းချုပ် ထုတ်ခဲ့သည်။ သူ့စာအုပ် ထုတ်ပြီး ယနေ့ ရာစုတစ်ခု မပြည့်မီတွင် အမျိုးသား
အရေအတွက်နှင့် အချိုးအစား မြင့်လာပြီး ပြဿနာတက်နေသည်။
ကုလသမဂ္ဂစစ်တမ်းအရ လက်ရှိ ကမ္ဘာပေါ်တွင် အမျိုးသမီးထက် အမျိုးသားဦးရေ ပိုများနေသည်ဟု ဆိုသည်။ အထူးသဖြင့် ကျားမ အချိုးအစား ကွာဟချက်မှာ အာရှတွင် ပိုရှိနေပြီး၊ ယောက်ျားလေးက မိန်းကလေးထက် သန်း ၁၀၀ ကျော် ပိုနေ သည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် မိန်းကလေး အရေအတွက် များပြားတဲ့ အနောက် နိုင်ငံများတွင်တောင် အမျိုးသားဦးရေ ပိုများပြားဖို့ အခြေအနေ ရှိလာသည်ဟု ဖော်ပြသည်။

စီးပွားရေး နိုဘယ်ဆုရှင် အမတြာဆင်း က အာရှမှ ထူးထူးဆန်းဆန်း ‘ပျောက်ဆုံးသွားသော အမျိုးသမီးများ’ လို့ ခေါ်ဆိုခဲ့ပြီး ဘောဂဗေဒ အသုံးအနှုန်းများနှင့် တွက်ပြခဲ့သည်။ အာရှ လူ့အဖွဲ့အစည်း အများစု မှာ မိန်းကလေးတွေက စီးပွားရေးအရ တန်ဖိုးလျှော့ခံရတဲ့ အတွက် ယောက်ျားလေးတွေလောက် ဂရုစိုက် စောင့်ရှောက်မှု မခံရ။ အမျိုးသမီးတွေရဲ့ အိမ်တွင်းအလုပ်ကိုလည်း အမျိုးသားတွေရဲ့ အပြင်အလုပ်လောက် အရေးမပါဘူးလို့ ကြည့်မြင် လေ့ရှိသည်။
ဒါကြောင့် စောစောအိမ်ထောင်ပြုပေမဲ့ ကိုယ်ဝန် တားဆီးမှုနဲ့ ဖျက်ချမှု တွေကြောင့် မိန်းကလေး အများအပြား ဆုံးရှုံးသွား ရသည်ဟု ဒေါက်တာ ဆင်း ကဆိုသည်။ ကိုယ်ဝန် ဖျက်ချမှု၊ အရွယ်မတိုင်မီ ရောဂါဘယနဲ့ သေဆုံးမှု၊ စီးပွားရေးအရ ခွဲခြားဆက်ဆံခံရမှုတို့ကြောင့် ဆုံးရှုံးသွားခဲ့ရတဲ့ အမျိုးသမီး သန်း ၁၀၀ ကျော် ရှိမည်ဟု ပြောသည်။
အာရှ လူနေမှုအဆင့်အတန်း တိုးမြင့်လာသော်လည်း ကျားမ ခွဲခြားမှု ဆက်ကြီးနေတုန်းပင်။ သမီးထက် သားအပေါ် မျက်နှာသာပိုပေးတဲ့ ယဉ်ကျေးမှုကြောင့် ultrasound ရိုက်ပြီး မိန်းကလေး သန္ဓေသား ဖျက်ချမှု၊ အစဉ်အလာနဲ့ ဥပဒေများအရ မိန်းကလေးများအပေါ် ချုပ်ချယ်တားမြစ်မှုမျိုးစုံ ရှိနေသည်။ အမေရိကန် မ၀ါဒီ အရေး တက်ကြွ လှုပ်ရှားသူ Mary Anne Warren က ‘လိင်ခွဲခြား သတ်ဖြတ်မှု’ (gendercide) လို့တောင် ခေါ်ဆိုခဲ့သည်။ အထူးသဖြင့် လူဦးရေထူထပ်တဲ့ အိန္ဒိယ အနောက်မြောက်နဲ့ တရုတ်တို့တွင် ဖြစ်သည်။
ယနေ့ တရုတ်တွင် အသက် ၄ နှစ်အရွယ် ကလေးဦးရေကို စစ်တမ်းကောက်ကြည့်ရာ မိန်းကလေး ၁၀၀ ရှိလျှင် ယောက်ျားလေးက ၁၂၃ ယောက် ဖြစ်နေသည်။ လွန်ခဲ့တဲ့ နှစ် ၅၀ က မိန်းကလေး ၁၀၀ တွင် ယောက်ျားလေး ၁၀၆ ယောက် ဖြစ်သည်ဟု အမေရိကန် လူဦးရေ စစ်တမ်းဌာနက တွက်ချက်ပြသည်။
ကျန်ဇီ၊ ဂေါင်ဒေါင်း၊ ဟိုင်နန်နဲ့ အန်ဟွိုင်း ပြည်နယ်များတွင် ယောက်ျားလေး ကလေး အရေအတွက်က မိန်းကလေး ကလေးအရေအတွက်ထက် ၃၀ ရာခိုင်နှုန်း ပိုများနေသည်။ တရုတ်လူမှုသိပ္ပံဌာန အဆိုအရ လူငယ် လူလတ် ၅ ယောက်တွင် ၂ ယောက်မှာ အိမ်ထောင်ဖက် အမျိုးသမီး မရှိဖြစ်နေသည်။ အသက် ၂၀ နဲ့ ၃၉ နှစ်ကြားအတွင်းရှိ တရုတ်အမျိုးသားက အမျိုးသမီးများထက် အရေအတွက် ပို ၂၂ သန်းများနေသည်။
အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ အရှေ့အလယ်ပိုင်းတို့တွင်လည်း ယောက်ျားလေး အရေအတွက်မှာ ထူးထူးခြားခြား ဖောင်းပွလွန်းလာသည်။ ဟဲမင်းဝေး ရဲ့ ‘မိန်းမမရှိတဲ့ ယောက်ျားများ’ စာအုပ်က အကြမ်းဖက်စစ်ပွဲတွေ၊ ဂိုဏ်းစတားတွေ၊ ကျွဲနဲ့ ဖက်သတ်တဲ့သူတွေ၊ ဒဏ်ရာရ ကျိုးပြတ်နေတဲ့ စစ်သားတွေ စတဲ့ အထီးကျန် ယောက်ျားတွေ အကြောင်း ရေးဖွဲ့ထားခြင်း ဖြစ်သည်။ အားလုံးက အိမ်ထောင် သတ်သတ်မှတ်မှတ်မရှိဘဲ သတ်ဖြတ်ဖို့ မွေးဖွားလာသူ (The Killers) များ ဖြစ်သည်။

ယခု အာရှမှ ‘မိန်းမ မရှိ ယောက်ျားများ’ မျိုးဆက်သစ်ကတော့ ဟဲမင်းဝေး ဇာတ်လမ်းတွေထဲကလို တစ်ခုခုနဲ့ လုံးထွေး သတ်ပုတ်နေရမှ ကျေနပ်မယ့်သူများ မဟုတ်တော့။ နွဲ့နွဲ့ပျောင်းပျောင်း ယောက်ျားငယ်လေးများက ဗွီဒီယိုဂိမ်း၊ အွန်လိုင်း ချက်တင်နဲ့ နိုက်ကလပ် တက်တဲ့ မျိုးဆက်များ ဖြစ်လာသည်။
သို့သော် ထိုလူပျို မျိုးဆက်က အငြိမ်နေမယ့်သူတွေ မဟုတ်။ ပြည်တွင်းတွင် ဆူဆူပူပူ လုပ်မယ့် မျိုးဆက်များပင်။ ဘရာဇီးစတိုင် ရာဇ၀တ်မှုတွေလည်း လုပ်ချင်လုပ်မည်။ အာရပ်စတိုင် တော်လှန်ရေးတွေ လုပ်ချင်လည်း လုပ်မည်။ ဥရောပမှာလို ဘတ်ဂျက်လျှော့လို့ ပေါက်ကွဲပြတာမျိုးလည်း ဖြစ်မည်။ အစိုးရများနဲ့ မျိုးဆက်ဟောင်းတွေကို အမြဲအခဲမကျေ ဖြစ်နေကြမည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုရင်လေးစရာ လမ်းပေါ်မှ လူပျိုများအကြောင်း သမီးရှင် မိဘများ ကြိုသိထားကြဖို့ လိုမည်။
မြန်မာနိုင်ငံတွင်တော့ အခြေအနေက တမျိုးတဘာသာ ဖြစ်သည်။ မြို့ပြနဲ့ ကျေးလက်တောရွာမှ လူငယ်များ ပြင်ပအလုပ်အကိုင် ရရှိဖို့ အိမ်နီးချင်းနိုင်ငံတွေထဲ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်း နေကြသည်။ အချို့ကျေးလက်များတွင် အမျိုးသမီးများချည်း အပြုံလိုက် ငုတ်တုတ်သန်းတုတ်ရင်း ကျန်ရစ်ခဲ့ရ သည်။ ထို ‘ယောက်ျားမရှိ မိန်းမများ’ ကြောင့်ပင် အိမ်ထောင်ရှိ ၀ါသမ္ဘာရင့်သူများ၊ ဘုန်းကြီးများမှာ ဆန်းလာဘ် ပွင့်သထက် ပွင့်နေသည်။ ထိုအခြေအနေကို မြန်မာ သမီးရှင မိဘများလည်း ကြိုတင် သိထားဖို့ လိုပါမည်။
ဝင့်ထန်း