ဦးသိန်းစိန်ပုံရိပ်ကို ဖျက်မည့်သူများနဲ့ လွှမ်းမည့်သူများ
သမ္မတ ဦးသိန်းစိန်အား နိုင်ငံရေးအရ ပုံရိပ်ကောင်းအောင် နောက်ကွယ်မှ ပံ့ပိုးထားရှိသူများအကြောင်းကို စစ်ဖက်နီးစပ်သူများမှ သတင်းပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ဦးသိန်းစိန်ပုံရိပ်ကို ဖျက်မည့်သူများနဲ့ လွှမ်းမည့်သူအကြောင်း စစ်ဖက်နီးစပ်သူများက ဆက်လက် သတင်းပေးပို့လာရာ စာဖတ်ပရိသတ်များအား တင်ပြလိုက်ရပါတယ်။
သမ္မတဦးသိန်းစိန်အား ပုံရိပ်ဖျက်နိုင်မည့်သူများထဲတွင် ထိပ်ဆုံးက ပါသူကတော့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းပင် ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးရွှေမန်းအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို မူအရ မပေးနိုင်ခဲ့တဲ့အတွက် နောင်တက်လာမည့် အစိုးရအဖွဲ့ကို ထိန်းကြောင်းပေးနိုင်မဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ရာထူးအားနှစ်သိမ့်ပေးခဲ့ပါတယ်။ ရုတ်တရက်ကြည့်ရင် သမ္မတက လုပ်ပိုင်ခွင့်အာဏာ ပိုရသလို ရှိပေမဲ့ အခြေခံဥပဒေအရ လွှတ်တော်နှင့် သမ္မတ အပြန်အလှန်ထိန်းညှိပြီးသားဖြစ်အောင် ဆောင်ရွက်ထားတာကို တွေ့ရပါတယ်။ ယခုတလော မြစ်ဆုံရေ ကာတည်ရပ်ဆိုင်းတဲ့ဖြစ်စဉ်နဲ့ ၀န်ထမ်းများ လစာတိုးပေးရေးဖြစ်စဉ်တွေအပေါ်မှာ သမ္မတနှင့် လွှတ်တော်ဥက္ကဌ ဦးရွှေမန်းတို့အကြား မကျေလည်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ မြစ်ဆုံရေကာတာ ရပ်ဆိုင်းဖို့ဟာ လွှတ်တော်အတွင်း ကြံ့ဖွံ့အများစု လွှမ်းမိုးနေတာမို့ သမ္မတက လွှတ်တော်အား တိုင်ပင်ခွင့်တောင်းခြင်း မရှိဘဲ ရပ်ဆိုင်းလိုက်တဲ့ကိစ္စအပေါ်မှာ ထိပ်ပိုင်းအာဏာလွန်ဆွဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုတဖန် ၀န်ထမ်းများလစာတိုးပေးရေးကိစ္စ လွှတ်တော်ဥက္ကဌကိုယ်တိုင် တောင်းဆိုထားချက်အပေါ် သမ္မတက ဆိုင်းငံ့ပြီး နောင်နှစ်ဘတ်ဂျက်သို့ ရွှေ့ဆိုင်းလိုက်တဲ့အတွက် အမြင်မကြည်လင်မှုတွေ မလွဲမသွေဖြစ်ပေါ်လာမှာ သေချာတယ်။ သမ္မတဦးသိန်းစိန်အား ပုံရိပ်ဖျက်နိုင်မည့် နောက်တစ်ဦးကတော့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဖြစ်ပြီး သူဟာ ထင်ပေါ်ကျော်ကြားမှု၊ နေရာလိုချင်မှု ၊ရယူချင်သူပီပီ တပ်ထဲမှာနေစဉ်ကတည်းက တပ်မတော် စည်းရုံးရေးကော်မတီ စည်း/ကော် ကို အတင်းအကြပ်ဆွဲတင်လုပ်ခိုင်းတာကြောင့် တိုင်းမှူးများနှင့်
မကျေလည်မှုများ ရှိခဲ့ကြောင်း သိရပါတယ်။ သူဟာလည်းဘဲ လွှတ်တော်များအတွင်းမှာ ဦးရွှေမန်းနှင့် အပြိုင်အဆိုင် လုပ်ကိုင်နေတာကြောင့် ဦးရွှေမန်းအဖို့ မကြာခဏ စိတ်အနှေင့်အယှက်ဖြစ်ရတယ်လို့ သိရပါတယ်။ လွှတ်တော်အတွင်း မကျေလည်မှုများဟာ အစိုးရအဖွဲ့အပေါ်သို့ အနည်းနဲ့အများ ရိုက်ခတ်နိုင်တာကြောင့် ဦးခင်အောင်မြင့်ဟာ ဥိးသိန်းစိန်ရဲ့ ပုံရိပ်ကို ဖျက်မည့်သူဟု သတ်မှတ်ရမှာ ဖြစ်ပါတယ်။
အဆိုပါသတင်းအပေါ် အငြိမ်းစားယူသွားတဲ့ တပ်မတော်အရာရှိကြီးတစ်ဦးအား စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်က သဘောထား တောင်းခဲ့ပါတယ်။ “အစိုးရအဖွဲ့နှင့် လွှတ်တော်များအကြား အင်အားလွန်ဆွဲမှု ဖြစ်ပေါ်နေတာကတော့ သေချာတယ်ဗျ၊ ယခုဘဲ ကြည့်လေဗျာ၊ အားကာဝန်ကြီး ဦးတင့်ဆန်းက ဘောလုံးကွင်းအသုံးမပြုရလို့ တားမြစ်ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက ခွင့်ပြုလိုက်ပါလို့ ပြောနေပြန်တယ်ဗျာ။ တစ်ကယ်တော့ မန္တလေး ဗထူးကွင်းနှင့် ရန်ကုန်ကွင်းတွေဟာ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ ထောက်ပံ့မှုနဲ့ စီမံကိန်း ရှိတာမို့ ခွင့်မပြုတာ သဘာဝကျပေမဲ့ လှည်းကူးနှင့် ဖျာပုံဘောလုံးကွင်းတွေကတော့ နွား ကျွဲတွေတောင်မှ မြက်ဝင်စားနေတဲ့ ကွင်းတွေဗျာ။ ခွင့်ပြုဖို့ ကောင်းတာပေါ့။ ဘာဘဲဖြစ်ဖြစ် ဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့ အတွင်းကြိတ်အငြင်းအခုန် ဖြစ်နေကြတယ်လို့ ခန့်မှန်းရတာဘဲဗျ။
ဆက်လက်ပြီး အဲဒီသတင်းအပေါ်မှာ စစ်ရုံးမှ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတစ်ဦးအား စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်က စစ်ဘက်နီးစပ်သူများမှတစ်ဆင့် တီးခေါက်ကြည့်ခဲ့ပါသေးတယ်။ “ကျွန်တော်တို့ တပ်မှာက စီနီယာ၊ ဂျူနီယာ ဓလေ့ထုံးစံ ရှိတာမို့ အဲဒီလို ဖြစ်လိမ့်မယ်လို့ မထင်ဘူးဗျ။ ဦးသိန်းစိန်ပုံရိပ်ကောင်းအောင် ဦးရွှေမန်းက တမင်သက်သက်ထိုးပေးတယ်လို့ထင်တယ်။ ဦးသိန်းစိန်က DSA - 9 ကဖြစ်ပြီး ဦးရွှေမန်းက DSA - 11 ဖြစ်တာမို့ ညီလေး အကိုကြီးနဲ့ သဘောထား ညှိနှိုင်းပြီးမှ ဇာတ်ကွက်ဖော်တယ်လို့ ထင်တယ်။ ၀န်ထမ်းတွေလစာ မတိုးခိုင်းတဲ့ ဦးသိန်းစိန်အပေါ် နိုင်ငံတကာက အထင်ကြီးစေဖို့ သမ္မတရဲ့အာဏာ အရောင်တက်လာအောင် ဖန်တီးလုပ်တယ်လို့ ထင်တယ်ဗျာ။
ဦးသိန်းစိန်ရဲ့ ပုံရိပ်ကို ဖျက်မည့်သူဟု မသတ်မှတ်ချင်သော်လည်း လွှမ်းမိုးသွားနိုင်မည့်သူဟု စစ်ဘက်နီးစပ်သူများက သတ်မှတ်ထားသူမှာ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်များ သို့ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှု ခရီးစဉ်များမှာ လူထုက တခဲနက် တက်ရောက် အားပေးကြရာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်များဟာ တစ်နေ့ထက် တစ်နေ့ ထွန်းတောက် လာနေပြီ ဖြစ်ပါတယ်။ နိုင်ငံတကာသာမက ပြည်တွင်းရှိ ပြည်သူလူထုများကပါ ထောက်ခံ အားပေးလာမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်က ဦးသိန်းစိန်ရဲ့ ပုံရိပ်အား လွှမ်းမိုးသွားနိုင်ကြောင်း သုံးသပ်ပေးပို့လာပါတယ်။
အစိုးရအဖွဲ့ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ တကယ်တော့ အာဏာရှင် စိတ်ဓာတ်နဲ့ ထင်တိုင်းကြဲသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်ဖြစ်၊ အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူဘဲ ဖြစ်ဖြစ် ၀န်ကြီး ဦးကျော်ဆန်းအနေနဲ့ မိမိစိတ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ စိတ်မထင်ရင် မထင်သလို ဒေါသကြီးသူ ဖြစ်သည့်အလျှောက် ရမ်းတတ်သူလည်း ဖြစ်ပါတယ်။ လူပုစိတ်တိုဆိုတဲ့ စကားကလည်း ရှိထားပါတယ်။ သတင်းထောက် များရဲ့ မေးခွန်းတွေကို အဆင့်အတန်းရှိရှိ ဖြေရမဲ့အစား တုန့်ပြန်မေးခွန်းများနဲ့ ပြန်ဆော်တတ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တဲ့ KIA ကို အပြုတ်တိုက်လို့ ရတယ်လို့ ကြိမ်းဝါးနေသူလည်း ဖြစ်ပါတယ်။ ဦးကျော်ဆန်းအနေနဲ့ ဒီစကားကို ဟုတ်နေရင်တောင် မပြောသင့်သလို ဒီစကားကို ပြောရေးဆိုခွင့် ရှိသူဟာလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သာ ဖြစ်သင့်ပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့် အရေးယူခံရတဲ့ ဖြစ်စဉ်အား သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့သော ဗိုလ်ချုပ်ရွှေမန်းနှင့် ဗိုလ်ချုပ်စိုးဝင်းတို့ရဲ့ စကားလုံးများအပေါ် ဆရာကြီးလုပ်ကာ သူက တည်းဖြတ်ခဲ့ရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ငေါက်ငမ်းမှုကို ခံခဲ့ရပြီး နောက်တစ်ကြိမ် သတင်းစာထဲမှာ ထပ်ထည့်ပေးခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လာစဉ် အတွေ့မခံဘဲ ရှောင်တိမ်းခဲ့သူလည်း ဖြစ်ပါတယ်။ အတွင်းသိများ အနေနဲ့ ဦးကျော်ဆန်းဟာဖြင့် ဦးသိန်းစိန် ပုံရိပ်များအား ဖျက်မည့်သူဟု သုံးသပ် ပေးပို့လာပါတယ်။
ဦးသိန်းစိန် ပုံရိပ်ကို ဖျက်နိုင်မည့် နောက်တစ်ဦးကတော့ ဒေါသကြီးလွန်းသူ ဒုတိယသမ္မတ ဦးသီဟသူရ တင်အောင်မြင့်ဦး ဖြစ်ပါတယ်။ နယ်ဘက်စီမံကိန်းများ စစ်ဆေးခြင်းနှင့် စီးပွားရေး ကိစ္စရပ်များတွင် ယခင်က အဂတိ လိုက်စားမှုဖြစ်စဉ် ရှိခဲ့သူမို့ သန့်ရှင်းသော အစိုးရ ဖြစ်ရေးအတွက် ဦးသိန်းစိန် ပုံရိပ်အား အမဲစက် ထိုးနိုင်သူ ဖြစ်ပါတယ်။
ကြံ့ဖွံ့ခေါင်းဆောင်များ ဖြစ်ကြတဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနဲ့ အတွင်းရေးမှူး ဦးအောင်သောင်းတို့ကတော့ လွှတ်တော်အတွင်း ကိုယ်စားလှယ်အများစုကို ထိန်းချုပ်ထား ပါတယ်။ နိုင်ငံတကာရေးရာ ဖြစ်ဖြစ်၊ ပြည်တွင်းရှိ အတိုက်အခံ အင်အားစု များရဲ့တောင်းဆိုချက်များကို လွှတ်တော်အတွင်း တင်ပြလာရင် ဖြစ်ဖြစ်၊ သမ္မတအနေနဲ့ မဟာဗျူဟာအရ အလျော့ပေးရန် တိုက်တွန်းလာခဲ့ရင်တောင် ဦးအောင်သောင်းနှင့် ဦးဌေးဦးတို့ဟာ အလွယ်တကူ အလျော့ပေးမည့် လက္ခဏာ မတွေ့ရကြောင်း စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။
မြစ်ဆုံရပ်ဆိုင်းရေး ကိစ္စမှာ ဦးသိန်းစိန်က လွှတ်တော်အတွင်း ဆုံးဖြတ်ချက် ရယူပြီးမှ ရပ်ဆိုင်းချင်သော်လည်း ကြံ့ဖွံ့ပါတီက တရုတ်နိုင်ငံနှင့် မိတ်မပျက်လို၍ ငြင်းဆန်ခဲ့ဟန်တူပါတယ်။ ဒါကြောင့် သမ္မတရဲ့ အခွင့်အာဏာကို အစွမ်းကုန် ပါဝါကုန် ဖြတ်လမ်းနည်း သုံးစွဲသွားရတယ်လို့ သိရှိရပါတယ်။ ယခု အခြေခံဥပဒေများ ပြုပြင်ရေးကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ဦးဌေးဦးတို့က တန်ပြန် တုန့်ပြန်နေကြောင်း သိရှိရပါတယ်။ ဒီတော့ ဦးသိန်းစိန်အနေဖြင့် ဘယ်လို ဆက်လက် စခန်းသွားမလဲဆိုတာ စောင့်ကြည့်သွားရမည် ဖြစ်ကြောင်း ပေးပို့ တင်ပြလာပါတယ်။