{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Thursday, March 15, 2012


သူရဲကောင်းဆိုတာ… အခန်း (၄) ၊ တတိယပိုင်း

Westpoint Motto-800
3
1

မဲပေးပါ
Daniel Kane၊          ၊စစ်ဘက်ထောက်ပံ့ရေးနှင့် အကြံပေးအဖွဲ့ (Military Assistance and Advisory Group)
ရဲ့ အမေရိကန်ထောက်ပံ့ရေးပစ္စည်းတွေကို ကြီးကြပ်ဖို့ အဖေ့ကိုတာဝန်ပေးတော့ အဲဒီနှစ်နွေမှာ
အီတလီနိုင်ငံ၊ ရောမမြို့ (Rome) မှာပဲနေဖြစ်ကြပါတယ်။ ကျနော်တို့နေတဲ့အိမ်ကတော့
ဘော်ရဂီးဇီစံအိမ်တော် (Villa Borghese) နဲ့မလှမ်းမကမ်းမှာရှိတဲ့ အိမ်ကြီးတလုံးရဲ့ လ
သာဆောင်ပါပြီး လှပတဲ့အပေါ်ဆုံးထပ် (Penthouse) ပေါ့။

Villa Borghese (1619)
အီတလီမှာတော့ အဲလို Penthouse မျိုးတွေမှာ ချမ်းသာကြွယ်ဝတဲ့လူတွေနေလေ့ရှိကြပါတယ်။
အီိတလီမှာ လီဗိုင်းဘောင်းဘီနဲ့ အားကစားဆွယ်တာဝတ်ပြီး အီတလီရောက်နေတဲ့ တခြားအမေရိကန်
ဆယ်ကျော်သက်တွေနဲ့ ခပ်မြန်မြန်ပဲအဖွဲ့ကျသွားပါတယ်။ အဲဒီထဲကတယောက်ကတော့ အီတလီဆိုင်ရာ
အမေရိကန်ရေတပ်စစ်သံမှူး (Naval Attache’) ရဲ့သားပါ။
ညဘက်တွေကျရင်အပြင်ထွက်ပြီး လျှောက်ကဲကြတာပေါ့ဗျာ။ စပိန်လှေခါး (Spanish Steps)
ရင်ပြင်ကနေဖြတ်လိုက်ရင် ရောက်တဲ့နေရာက ဆိုင်တဆိုင်မှာ ဘီယာနည်းနည်းပါးပါးသောက်မယ်၊
ပလက်ဖေါင်းပေါ်မှာ ဖွင့်ထားတဲ့ဆိုင်လေးတဆိုင်က အိုက်စ်ခရင်မ်မှာစားမယ်၊ ပြီးရင် ရောမဧကရာဇ်
ခါရခေါလား (Emperor Caracalla) လက်ထက် အေဒီ (၃) ရာစုဦးပိုင်းမှာ ဆောက်ခဲ့တဲ့ ခါရခေါ
လားရေချိုးဆောင် (Baths of Caracalla) ကိုအသွင်ပြောင်းထားတဲ့ပြဇာတ်ရုံက ဈေးလျှော့ပေးထားတဲ့
အော်ပရာလက်မှတ်တွေဝယ်ပြီးသွားကြည့်ကြမယ်။ ကျနော်လဲ အဲဒီတော့မှ ကာမဲန်းပြဇာတ် (Carmen)
ကို ပထမဆုံးစကြည့်ဖူးတာဗျ။ တကယ့်မြင်းအစစ်တွေ၊ ရထားလုံးအစစ်တွေနဲ့ စင်ပေါ်မှာ
သရုပ်ဆောင်ကြတာလေ။ အိုင်ဒါပြဇာတ် (Aida) လဲထပ်ကြည့်ဖြစ်တယ်။ ဒီတခေါက်တော့
တကယ့်ဆင်အစစ်တွေပါ ပါတယ်။

Spanish Steps (1725)
အဲဒီနှစ်ဇူလိုင်လလောက်လဲကျတော့ဗျာ အီတလီနိုင်ငံဆိုင်ရာ စပိန်သံအမတ်ကြီးရဲ့သမီး ရိုဆားရီယိုး
(Rosario) လို့ခေါ်တဲ့ မျက်လုံးနက်နက်လေးတွေနဲ့ စပိန်သူချောချောလေးတယောက်နဲ့ ကျနော်နဲ့
အရူးအမူးကိုချစ်မိကြပါတော့တယ်။ တညဆို… ပါတီတခုပြီးတော့ သူမလေးကိုအိမ်လိုက်ပို့ရင်းနဲ့
လမ်းတလျှောက် (Roman Column) ရောမတိုင်လုံးကြီးတွေ အကွယ်နားရောက်တိုင်း နမ်းမိကြတယ်။
ထရီဗီရေပန်း (Trevi Fountain) နားထိလျှောက်လာပြီး၊ ရေပန်းကိုကျော်သွားတော့လဲ
ဆက်နမ်းနေမိကြသေးတယ်ဗျာ။ လရောင်လည်းမရှိ၊ လေထုကလဲ ချိုမြိန်လတ်ဆတ်နေသလိုပါပဲ။
ကျနော့်ဘဝကတော့လုံးဝရှယ်တယ်ဗျား။

Colosseum (AD 80)
ကျနော်အကြိုက်ဆုံးနေရာကတော့ ဂျိုးရဲ့နေရာ (Joe’s Place) လို့ ကျနော်တို့သတ်မှတ်ထားတဲ့
(Flavian Amphitheatre) ဖလက်ဗီယန်ခေတ်အားကစားကွင်းအဝိုင်းကြီးဖြစ်တဲ့ ခေါ်လော်ဆီယမ်
(Colosseum) ပါ။ ရောမခေတ်က ဂလက်ဒီယေတာ (Gladiator) တွေတိုက်ခိုက်ကြတဲ့ နေရာပေါ့ဗျာ။
ရေတပ်စစ်သံမှူးရဲ့သားတော်မောင် ဂျိုး က ခေါ်လော်ဆီယမ်ထဲကို ညဘက်ခိုးဝင်လို့ရတဲ့နည်းကို
သိထားတယ်ဗျား။ ခေါ်လော်ဆီယမ်ထဲကို ညဘက်စွန့်စွန့်စားစားနဲ့ ခိုးဝင်ရတာ တကယ့်ကိုရင်ခုန်ကြည်နူး
စရာကောင်းတယ်ဗျာ။
အဲဒါတွေအားလုံးက လူငယ်သဘာဝပျော်ရွှင်ကြည်နူးမှုလေးတွေပါပဲလေ။ ဒါပေမယ့် ကျနော်ညတိုင်း
ဒိုးနေတာကိုတွေ့နေတဲ့ အဖေနဲ့အမေတို့ကတော့ နော်မန်တယောက်တော့ အခြေအနေအဆိုးဆုံးဖြစ်နေပြီလို့
ယူဆနေကြလေရဲ့။ သူငယ်ချင်းတွေနဲ့ အပျော်တမ်းအကြွေနည်းနည်းပါးနဲ့ ပိုကာကစားတာကို အဖေနဲ့အမေတို့က
ကျနော့်မှာလောင်းကစားရောဂါကြီး စွဲကပ်နေပြီလို့ထင်ကြပြန်ရော။ အမေကပြောတယ်… အဖေကကျနော့်ကို
သူ့ဝက်စ်ပွိုင့်လက်စွပ်ပေးလိုက်ရင် အဲဒီလက်စွပ်ကို ကျနော်ပိုကာရိုက်ပြီး ရှုံးသွားမှာတောင်ကြောက်နေတယ်ဆိုပဲ။
အခြေအနေသိပ်မကောင်းတာနဲ့ကျနော်လဲ ဘိုးတော်နဲ့ဘွားတော်ကို အသာလေးပြန်လုံးသေးတယ်။ ဒါပေမယ့်
အဖေနဲ့အမေနဲ့ ကျနော်နဲ့ကြားကဆက်ဆံရေးက အနိမ့်ဆုံးအခြေအနေကိုရောက်နေတယ်ဗျာ။

USNS Private Johnson
နောက်ဆုံး သြဂုတ်လရောက်လာပြီး ကျနော်လဲ နယူးယောက်သွားတဲ့သင်္ဘောတစီးပေါ်ရောက်မှ အဖေနဲ့အမေတို့လဲ
စိတ်အေးသွားတဲ့ပုံပါပဲ။ အမေရိကန်ပြည်ထောင်စုနဲ့ဥရောပတိုက်ကြားမှာ သွားနေတဲ့ စစ်သည်တင်သင်္ဘောတွေ
ကတော့ စစ်တပ်မိသားစုတွေအတွက် အခရာကျတဲ့ သယ်ယူပို့ဆောင်ရေးပါပဲ။ အဲဒီလိုစစ်သည်တင်သင်္ဘောတွေက
များသောအားဖြင့်တော့ သမ္မတတိုင်လာ (President Tylor)၊ ဗိုလ်ချုပ်ကြီးပက်ခ်ျ (General Patch) လိုမျိုး
သမ္မတနာမည်တွေနဲ့ စစ်သူကြီးတွေရဲ့နာမည်တွေမှည့်ထားတတ်ကြတယ်။
ဒါပေမယ့် အဖေကတော့ကျနော်ကို ရဲဘော်ဂျော်န်ဆဲန် (Private Johnson) ဆိုတဲ့သင်္ဘောပေါ်မှာ ဘွတ်ကင်
လုပ်ပေးထားခဲ့ပါတယ်။ သင်္ဘောကလည်း အကောင်ခပ်သေးသေးဆိုတော့ အဲဒီနာမည်နဲ့လဲ လိုက်တော့လိုက်
သွားတယ်။ သင်္ဘောခရီးစဉ်တလျှောက် စိတ်ဝင်စားစရာကောင်းအောင်လို့ အဖေကကျနော့်အတွက် သင်္ဘောဦးပိုင်းကအခန်းတခန်းထဲမှာစီစဉ်ပေးထားပါတယ်။အဲဒီအခန်းထဲမှာတော့ ကော်နက်တီကပ်
(Connecticut) ပြည်နယ်၊ နယူးလန်ဒန်မြို့ (New London) မှာ စစ်ကျန်အမေရိကန် ရေငုပ်သင်္ဘော
တစီးကိုသွားယူကြမယ့် တူရကီသင်္ဘောသားတွေနဲ့တူတူပေါ့။
ကျနော်တို့သင်္ဘောလဲ အတ္တလဲန်းတစ်သမုဒ္ဒရာရောက်ရော လှိုင်းကြီးတွေနဲ့တိုးတာနဲ့ အခန်းထဲကလူအား
လုံးလဲ ရက်ပေါင်းအတော်ကြာကြာ လှိုင်းမူးနေကြပါလေရော။ မှတ်မှတ်ရရတရက်ဆို ကျနော်ဘယ်တော့မှ
ကိုမေ့လို့မရတော့ပါဘူး။
အဲဒီနေ့က ကျနော်လဲ လှိုင်းတွေမူးပြီးတော့ သင်္ဘောအံဖုံး (Hatch Cover) တခုအပေါ်မှလှဲနေပြီး
သေချင်စိတ်ပေါက်နေတယ်။ ဘေးပတ်ပတ်လည်မှာလဲ လှိုင်းမူးပြီး အားလုံးသေချင်စိတ်ပေါက်နေကြတဲ့
တာ့ခ် (Turk) လူမျိုးတွေနဲ့ပေါ့။ ပင်လယ်၊ သမုဒ္ဒရာတွေထဲမှာ ဒီလောက်ဒုက္ခရောက်တာတောင် တချို့လူတွေကဘာကြောင့် ရေတပ်ထဲကိုဝင်ချင်နေကြတာလဲလို့ တွေးမိသေးတယ်။
အမေရိကန်ကထွက်လာတာ (၄) နှစ်လောက်ရှိသွားပြီး အခုတော့လဲ အိမ်အပြန်လမ်းပေါ်မှာပေါ့။
သင်္ဘောလဲ နယူးယောက်ဆိပ်ကမ်းနယ်မြေ (New York Harbor) ကိုဝင်လာပြီး လွတ်လပ်ရေးကျောက်ရုပ်ကြီး
(Statue of Liberty) ကိုလဲ လှမ်းမြင်လိုက်ရတော့ ကျောရိုးထဲကစိမ့်ခနဲဖြစ်သွားတယ်ဗျာ။
ကျနော်လည်း သင်္ဘောလက်တန်းပေါ်တက်ပြီးကြည့်နေရင်းနဲ့
ငါ့နိုင်ငံပြန်ရောက်ပြီ၊ အမေရိကန်ကိုပြန်ရောက်ပြီ၊ တော်တော်ပျော်စရာပဲ ” လို့ ဂုဏ်ယူဝမ်းမြောက်မှုတွေအပြည့်နဲ့
တွေးမိပါတယ်။ ကံကြမ္မာတကျော့ပြန်လည်သလိုပါပဲ။ ဗယ်လီဖို့ခ်ျစစ်တက္ကသိုလ်က အရင်ကျနော် (၅) နှစ်နေခဲ့တဲ့
ဘော်ဒဲန်တောင်းစစ်တက္ကသိုလ်နဲ့မိုင် (၄၀) ပဲဝေးပါတယ်။ ဗယ်လီဖို့ခ်ျစစ်တက္ကသိုလ်ကလည်း ဘော်ဒဲန်တောင်း
စစ်တက္ကသိုလ်လိုပဲ လှပတဲ့ကိုလိုနီခေတ်လက်ရာ အုတ်တွေနဲ့ဆောက်ထားတဲ့တိုက်တွေပါ။ ညီညီညာညာပြုပြင်ထားတဲ့ မြက်ခင်းနဲ့စစ်ရေးပြကွင်းနဲ့ ဘော်ဒဲန်တောင်းမှာတုန်းက ကျနော့်ကိုအရည်အချင်း
ကိုတိုးတက်စေခဲ့တဲ့ တင်းကျပ်တဲ့စည်းကမ်းချက်တွေနဲ့အလားတူ စည်းကမ်းချက်တွေချမှတ်ထားပါတယ်။
ကျနော်လဲ ဗယ်လီဖို့ခ်ျနဲ့ ချက်ချင်းလိုလိုပဲ အသားကျသွားပါတယ်။ မနက်မိုးလင်းတာနဲ့အိပ်ယာထ၊ သတ်မှတ်ချိန်အတွင်း
စားရိပ်သာ (Mess Hall) ကိုသွားပြီး နံနက်စာစား၊ စားပြီးတာနဲ့အိပ်ဆောင်ကိုပြန်လာပြီး၊ ကျောင်းသွားဖို့ပြင်ဆင်ရပါတယ်။
နေ့စဉ် ကျောင်းမသွားခင်လေးမှာ အိပ်ဆောင်လာစစ်ရင် အစစ်ခံဖို့အတွက် ကျနော်တို့အခန်းတွေကို သပ်သပ်ရပ်ရပ်
ပြင်ဆင်ခင်းကျင်းခဲ့ရပါတယ်။ ကျောင်းသွားရင် မီးခိုးရောင်ရှပ်အင်္ကျီ (Gray Shirt)၊ လည်စီး (Necktie)၊
ဘေးမှာအစင်းပါတဲ့ဘောင်းဘီရှည် (Trousers)၊ နက်ပြာရောင်ကုတ်အင်္ကျီအတို (Short Navy Blue Overcoat)နဲ့
ကက်ပ်ဦးထုပ်ပျော့ (Overseas Cap) တွေဝတ်ဆင်ကြရပါတယ်။ နေ့လည်စာစားချိန်ရောက်ရင်တော့
တပ်ခွဲအလိုက်တန်းစီပြီး စစ်ကြောင်းပုံနဲ့ စားရိပ်သာကို ချီတက်ကြရပါတယ်။
ကျောင်းချိန်ပြီးရင်တော့အားကစားလုပ်ကြပါတယ်။ ကျနော်ကတော့ ဘောလုံးနဲ့နပမ်းကစားတယ်။ ညကျရင်တော့
ညစာစားပြီးရင် စာကြည့်ချိန်အတွက် အိပ်ဆောင်ပြန်လာရပါတယ်။ စာကြည့်ချိန်အတွင်းမှာတော့ အခန်းတံခါးတွေဖွင့်၊
စာကြည့်စားပွဲပေါ်မှာစာအုပ်တွေချပြီး စာကြည့်ကြရပါတယ်။ တော်ကီလည်းပွားလို့မရ၊ ဟာသလည်းပြောလို့မရ၊
ရေဒီယိုဖွင့်နားထောင်လို့လည်းမရပါဘူး။ အိပ်ဆောင်တွေမှာ စစ်ဆေးသူတွေကတောက်လျှောက်ပတ်နေပါတယ်။
စာကြည့်ချိန်မှာ မဆိုင်တာတခုခုလုပ်နေတာမြင်သွားရင်တော့ စစ်ဆေးသူတွေက စည်းကမ်းချိုးဖေါက်တယ်ဆိုတဲ့
မှတ်ချက်ရေးပို့ပါတော့တယ်။ ကျနော်ကတော့ ကျောင်းကိုစစ်ကြောင်းပုံချီတက်ပြီးသွားရတာနဲ့ စည်းကမ်းလိုက်နာရ
တာတွေကိုသဘောကျမိတယ်ဗျ။ စာပေကဏ္ဍမှာလဲ ကျနော့်အဆင့်တွေက ဂုဏ်ထူးဆောင်အဆင့်ဝင်ဖြစ်လာပါတယ်။
ဗယ်လီဖို့ခ်ျစစ်ကျောင်းကတော့ အငယ်တန်းကောလိပ် (သို့) အထက်တန်းကျောင်းလို့ဆိုနိုင်ပါတယ်။ ဗယ်လီဖို့ခ်ျကို
စရောက်တဲ့နေ့ကစပြီး ကျနော့်အမှတ်တွေက အထက်တန်းအဆင့်ကို အောင်မြင်ဖို့လုံလောက်နေပေမယ့် ကျနော်သင်
ယူချင်တဲ့ ဘာသာရပ်တွေကအများကြီးရှိနေပါတယ်။ ၀က်စ်ပွိုင့်အင်္ဂလိပ်ဘာသာရပ် (West Point English) နဲ့
ဝက်စ်ပွိုင့်သခ်ျာဘာသာရပ်
(West Point Math) လိုမျိုးကောလိပ်အဆင့်ဘာသာရပ်တွေပါ။
ဗယ်လီဖို့ခ်ျမှာကစားတဲ့ ဘောလုံးကလည်း ဟိုင်ဒယ်လ်ဘာ့ဂ်အထက်တန်းကျောင်းမှာ ကစားခဲ့သလိုမျိုးပါပဲ။
ဗယ်လီဖို့ခ်ျမှာ ဘောလုံးကစားတာက တကယ့်ကိုအရေးပါပါတယ်။ ဘောလုံးနည်းပြက နိုဗက် (Novak)
လို့ခေါ်တဲ့ စိတ်သိပ်မရှည်တတ်တဲ့ ဗိုလ်မှူးတယောက်ပါ။ ဘောလုံးပညာသင်ဆုနဲ့ ကျောင်းတက်နေတဲ့ ကျောင်းသားတိုင်းရဲ
့ တစိတ်တဒေသကို သူ့အနေနဲ့ ပိုင်ဆိုင်တယ်လို့ အသေတွက်ထားတယ်ဆိုတာကို အားလုံးသိအောင်ကြေငြာထားပါတယ်။
“ ရွှပ်ဇကော့ဖ်..မင်းအစွမ်းဒါအကုန်ပဲလား.. ဒီနေရာမှာ..မင်းကျောင်းတက်ဖို့ငါတို့ထောက်ပံ့ကြေးပေးထားတယ်ဆိုတာ
မေ့နေပြီလား…”

ဆိုတာမျိုးတွေလဲ သူကပြောတတ်ပါတယ်။ ကျနော်တို့ကျောင်းအသင်းလဲ နာမည်ကြီးတက္ကသိုလ်တွေအတွက်
လေ့ကျင့်မှုပေးတဲ့ အငယ်တန်းအသင်း (Farm League) လို စစ်တက္ကသိုလ်များပြိုင်ပွဲတွေထဲမှာ ၀င်ပြိုင်ကြပါတယ်။
ဥပမာအားဖြင့် ဘောလုံးကစားတာထူးချွန်တဲ့ အထက်တန်းကျောင်းသားတယောက်ကို အမေရိကန်ရေတပ်ကလက်ခံလိုက်ပြီး အဲဒီကျောင်းသားအနေနဲ့ကောလိပ်ရောက်ဖို့အတွက် ကျောင်းဆက်တက်ဖို့လိုအပ်တယ်ဆိုရင် ရေတပ်က အဲဒီကျောင်းသား
ကိုကျနော်တို့အသင်းထဲမှာ နှစ်နှစ်၊ သုံးလောက်သွင်းထားပါတယ်။ ကျောင်းလဲတက်၊ ဘောလုံးလဲလေ့ကျင့်ပေါ့။
အဲလိုကျောင်းသားမျိုး (၁၀) ယောက်လောက် ကျနော်တို့အသင်းထဲမှာရှိပါတယ်။ တကယ့်ပထမတန်းစားအားကစားသမားတွေပါ။
ဗယ်လီဖို့ခ်ျကိုကျနော်စရောက်တဲ့ပထမနှစ်မှာ ကျနော်တို့အသင်းရဲ့ရလာဒ်မှတ်တမ်းက (၂ – ၉) ပါ။
အသင်းနဲ့လိုက်မှီနိုင်အောင်လို့ ကျနော်လဲအားထည့်ကစားရပါတယ်။ နောက်တနှစ်ကျတော့ ကျနော်တို့အသင်းကို
ဗိုလ်မှူးအယ်လ်၊မိတ်လဲန်းဘလဲင့်ခ် (Maj. L. Maitland Blank) ဆိုတဲ့နည်းပြသစ်တယောက်က ကိုင်ပါတယ်။
ကျနော့်ရဲ့စွမ်းဆောင်ရည်ကလည်း တိုးတက်လာပါတယ်။ စိတ်ဆိုးနေရင် ကျနော်ကစားတာ အကောင်းဆုံးဆိုတာကို
နည်းပြဘလဲင့်ကသတိထားမိသွားတော့ ကျနော့်စိတ်ကိုဆွပေးဖို့ ကစားပွဲအတွင်းကနေကျနော့်ကို
ဆွဲထုတ်ပြီးဘေးထိုင်ခိုင်းထားတတ်ပါတယ်။
ဘောလုံးကွင်းထဲမှာကြမ်းကြမ်းတမ်းတမ်းဆက်ဆံခံရတာမျိုးကိုတော့ ကျနော်လက်ခံနိုင်ပါတယ်။ ဒါပေမယ့်
ကျောင်းသားတွေကြားထဲမှာ ချမ်းသာတဲ့ကျောင်းသားတွေ (The Haves) နဲ့ ချို့တဲ့တဲ့ကျောင်းသားတွေ
(The Have-nots) ဆိုပြီးအုပ်စုနှစ်စုကွဲနေတာကိုတော့ မနှစ်မြို့မိဘူး။ ချို့တဲ့တဲ့ကျောင်းသားတွေကတော့
ကျနော့်လိုဘောလုံးပညာသင်ဆုနဲ့ ဂီတပညာသင်ဆုတွေရထားတဲ့ကျောင်းသားတွေပါ။ ကျောင်းမှာ ကျနော်တို့
ကလူနည်းစုဖြစ်နေပြီး လူများစုကတော့ ချမ်းသာတဲ့ကျောင်းသားတွေပါ။ ကြေးရတတ်သားသမီးတွေပေါ့။
သူတို့ကတော့ လက်တင်အမေရိက (Latin America) ကကျောင်းသားတွေ၊ လင်မယားပြတ်စဲထားတဲ့
မိဘတွေရဲ့သားသမီးတွေနဲ့ တခြားပုဂ္ဂလိကကျောင်းတွေက လက်မခံတော့တဲ့ ကျောင်းသားမျိုးတွေပါတဲ့
ကျောင်းအိပ်ကျောင်းစားစစ်ဘက်ကျောင်း (Military Boarding School) တွေမှာ တွေ့နိုင်တယ်လို့ထင်ရတဲ့
ကျောင်းသားမျိုးတွေပေါ့။ အဲဒီထဲကတချို့ကတော့ သူတို့ချမ်းသာကြောင်းပြရတာ သဘောကျကြတယ်။
အဲဒီချမ်းသာတဲ့ကျောင်းသားတွေက ပိုက်ဆံတွေအထပ်လိုက်ကိုင်သုံးပြီး ချို့တဲ့နွမ်းပါးတဲ့ကျောင်း
သားတွေအပေါ်မှာ အကျောကြီးနဲ့ဆက်ဆံနေကြတာကို မလုပ်သင့်တဲ့အကြောင်း သတိပေးရမယ့်အစား
ကျောင်းကလဲမသိကျွိုးကျွံပြုနေပါတယ်။ ကျနော်တို့ပညာသင်ဆုယူထားတဲ့ကျောင်းသားတွေက စားရိပ်သာထဲက
စားပွဲတွေမှာလူတွေပြည့်နေရင် ရပ်စောင့်နေကြရပါတယ်။ အဲဒီလိုအချိန်မျိုးတွေမှာ သူဋ္ဌေးသားတွေက ခပ်ရင့်ရင့်နဲ့..
ပေါင်မုန့်ထပ်ယူခဲ့ကွာ..” လို့ခိုင်းတတ်ကြပါတယ်။ ကျနော့်ကိုလာပြောရင်တော့ “ဟေ့ကောင်..ငါ..မင်းကျွန်မဟုတ်ဘူး..”
လို့ပြန်ပြောလိုက်တယ်။ ကျနော်ကလူကောင်ကြီးတော့ ဒီကောင်တွေ ဖင်ရောပါးစပ်ရောပိတ်သွားတယ်။
ဝက်စ်ပွိုင့်မှာကျင့်သုံးတဲ့ ကျင့်ဝတ်စောင့်စည်းလိုက်နာမှုစနစ် (Honor System) လိုမျိုး ကျင့်ဝတ်စနစ်ကို
ဗယ်လီဖို့ခ်ျမှာကျင့်သုံးပါတယ်။ ၀က်စ်ပွိုင့်မှာကျင့်သုံးတဲ့ မိမိအသိနဲ့လိုက်နာရတဲ့ အခြေခံစည်းကမ်းချက်ကို ကျနော်တို့သင်ကြားရပါတယ်။ ဗယ်လီဖို့ခ်ျကျောင်းသားတယောက်ဟာ မလိမ်ရဘူး၊ မညာရဘူး၊ မခိုးမ၀ှက်ရဘူး။ လိမ်ညာခိုးဝှက်တဲ့လူတွေကိုလဲသည်းမခံရဘူး။
ဝက်စ်ပွိုင့်စစ်တက္ကသိုလ်နှင့်အလားတူပင် ထိုစည်းကမ်းကို ထိန်းသိမ်းကြပ်မတ်ရန် ကျောင်းသားအရာရှိများတွင်တာဝန်ရှိ၏။
စည်းကမ်းချက်ကတော့ အနှစ်သာရအားဖြင့် တကယ့်ကိုကောင်းမွန်ပါတယ်။ ဒါပေမယ့်လည်း ဗယ်လီဖို့ခ်ျမှာက
စည်းကမ်းသတ်မှတ်ချက်ကို ပရမ်းပတာတွေသုံးနေတော့ တခါတလေကျရင် ဘောင်ကျော်သွားပြီး
ရက်စက်ကြမ်းကြုတ်တဲ့အသွင်ဆောင်လာတယ်ဗျာ။
ဗယ်လီဖို့ခ်ျကိုကျနော်ရောက်ပြီးသိပ်မကြာဘူး.. (၁၄) နှစ်အရွယ် ကျောင်းသားတယောက်ကို ပစ္စည်းခိုးလို့ဆိုပြီး
ကျောင်းကနှင်ထုတ်တယ်ဗျာ။ ကျနော်တို့ကျောင်းသားတွေအားလုံး နေ့လယ်စာမစားခင် တပ်ခွဲလိုက် တန်းပေါင်း
စီထားကြရတယ်။ စစ်တီးဝိုင်းကဒရမ်သမားတွေက ကျောင်းအ၀င်ဂိတ်ဝမှာနေရာယူထားကြတယ်။ အဲဒီမှာကျောင်းသားတပ်ရင်းမှူးက အဲဒီကျောင်းသားလေးကိုသူ့ရှေ့ကိုခေါ်လိုက်ပြီး အဲဒီကျောင်းသားလေးရဲ့ကိုယ်ပေါ်မှာ ဗယ်လီဖို့ခ်ျ (Valley Forge)
နဲ့ပတ်သက်တာဘာမှမကျန်အောင် သူ့ရဲ့ယူနီဖေါင်းအင်္ကျီပေါ်က ကြယ်သီးတွေနဲ့ အဆင့်တံဆိပ်တွေအားလုံးကို
ကတ်ကြေးနဲ့ညှပ်ချလိုက်ပါတယ်။ အဲဒီမှာစိတ်ပျက်စရာကောင်းတဲ့ ဒရမ်သံတချောက်ချောက်ကထွက်လာတယ်။
အဲဒီကျောင်းသားခမျာ ကြယ်သီးမရှိတော့တဲ့  ရင်ဘတ်ဟောင်းလောင်းပွင့်နေတဲ့ ရှပ်အင်္ကျီ နဲ့ ကျောင်းသားတပ်ရင်း
တရင်းလုံးရှေ့ဖြတ်ပြီး လမ်းအတိုင်းကျောင်းဂိတ်ဝကိုလျှောက်သွားရပါတယ်။ ဘယ်တော့မှပြန်လာလို့မရတော့ပါဘူး။
ဒီဘ၀ဒီမျှပါပဲ…
ကျနော့်ခေါင်းထဲမှာအဲဒီဖြစ်ရပ်ကိုအကြိမ်တော်တော်များများပြန်ပြန်မြင်ယောင်နေမိပါတယ်။ အဲဒီကျောင်းသားရဲ့မိ
ဘတွေအနေနဲ့ သူတို့သားကိုအဲဒီလိုသိက္ခာချတာကို လက်ခံသဘောတူနိုင်ပါ့မလားဆိုတာနဲ့ အဲဒီကျောင်းသားလေး
အိမ်ကိုမှပြန်ရောက်သွားရဲ့လား ဆိုတာတွေကိုပေါ့။ အဲဒါမျိုးကတော့ လုံးဝမမိုက်ဘူးဗျာ…
Daniel Kane ဘာသာ ပြန်ဆိုသည်။
နောက်ထပ်လအနည်းငယ်လဲကြာရော ကျနော်လဲ ခြောက်ပေါက်ကျတဲ့ကိန်းဆိုက်လာပါလေရောဗျား။ ကျနော်
တို့ကျောင်းပိတ်ရက်မတိုင်မီ တညမှာ စားရိပ်သာထဲမှာ ကျနော်တို့ခရစ္စမတ်ညစာစားကြတယ်ဗျာ။ အချိုပွဲရောက်
မလာခင်အထိတော့ အစားအသောက်တွေက တော်တော့်ကိုကောင်းတာလား။ အဲလိုနဲ့အချိုပွဲလဲရောက်လာပါတယ်။
ဖြစ်ချင်တော့အချိုပွဲက ဖုတ်ထားတာမကျက်ပဲ ပျော့ပလဲနေတဲ့ ရွှေဖရုံယိုမုန့်ဖြစ်နေတယ်ဗျာ။ အဲဒီမှာကျောင်းသားတွေဆီ
က အသံတွေမျိုးစုံထွက်လာတော့တာပဲ။ ရုတ်တရက်…
ဘတ်..”
ဆိုပြီး ကျောင်းသားတယောက်ပစ်လိုက်တဲ့ ရွှေဖရုံယိုမုန့်တခု ကျနော်တို့စားပွဲအလယ်ပေါ်မှာ လာကျပါလေရော။ ချက်ချင်းဆိုသလိုပဲ… လေထဲမှာရွှေဖရုံယိုမုန့်တွေပလူပျံသွားတယ်။ ကျနော်လဲ ကျနော့်မုန့်ကိုကြည့်နေမိရင်းက
ဘယ်လိုကနေဘယ်လိုဖြစ်တယ်မသိဘူး၊ စိတ်ကပေါက်လာတာနဲ့ မုန့်ကိုကောက်ပြီးဝဲလိုက်တယ်။
အဲဒါလဲပြီးရော ကျနော်တို့လဲ တက်ကြွတဲ့ကြက်ဖတွေလိုစတိုင်နဲ့ အိပ်ဆောင်တွေကို ပြန်လာခဲ့ကြတယ်။ နောက်
တနာရီလောက်လဲကြာရော… ကျောင်းသားတပ်ရင်းမှူးက ကျနော်တို့ကိုအစည်းအဝေးခေါ်ပါတော့တယ်။
ကျောင်းသားတပ်ရင်းမှာစည်းကမ်းတကျရှိနေဖို့က သူ့တာဝန်လေ။ ရွှေဖရုံယိုမုန့်တွေကိုပစ်ကြတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူကတော်တော်ပေါက်နေတာ။ ပေါက်ကွဲသံစဉ်တွေလည်း သူ့ဆီက ခပ်ကြမ်းကြမ်းထွက်လာပါရောလား။
နောက်ဆုံးတော့…
မင်းတို့ထဲက မုန့်ပစ်တဲ့ကျောင်းသားတွေ Honor (ကျင့်ဝတ်စောင့်စည်းမှု) ရှိရှိနဲ့သတင်းလာပို့ကြ…
အခုမထွက်ပဲပြီးမှမိရင်တော့ Honor Breach (ကျင့်ဝတ်ချိုးဖေါက်မှု) နဲ့ ကျောင်းထုတ်ခံရမယ်။ တန်းဖြုတ်…”

ဆိုပြီးလုပ်ပါလေရော။
အဲဒါနဲ့ ကျနော်တို့လဲ ကိုယ့်အခန်းကိုယ်ပြန်လာခဲ့ကြတယ်။ အခန်းထဲရောက်တော့ ဒရမ်သံနဲ့ကျောင်းထုတ်ခံလိုက်ရတဲ့
ကျောင်းသားကိုပြန်သွားသတိရတယ်။ ကျနော်လဲ ကိုယ့်ဘာသာ Honor ရှိရှိနဲ့သတင်းပို့သင့်တယ်လို့ခံစားမိတာနဲ့
ကျောင်းသားတပ်ရင်းမှူးအခန်းကိုသွားလိုက်တယ်။ သူ့အခန်းရောက်တော့ အဲဒီမှာ ကျောင်းသားတပ်ရင်းမှူးနဲ့တခြားကျောင်းသားအရာရှိနှစ်ယောက်နဲ့စကားပြောနေကြတယ်။ ကျနော့်ကိုတွေ့တော့
“ ဘာကိစ္စလဲ…” လို့မေးပါလေရော။
“ ကျနော်စားရိပ်သာထဲမှာ မုန့်ပစ်မိပါတယ်။ အဲဒါကိုသတင်းလာပို့တာပါ… လို့လဲဆိုရော…”
ဗြုန်းဆို…သူတို့အားလုံးကျနော့်ဘေးရောက်လာကြပါလေရော။ ကျနော့်ကိုအိပ်ဆောင်ထဲမှာအကျယ်ချုပ်ချပြီး
ခရစ္စမတ်ကျောင်းပိတ်ရက် (Christmas Vacation) မပေးတော့ဘူးလို့ ခြိမ်းခြောက်ကြပါလေရောဗျား…
မင်းကိုဘာအပြစ်ပေးရမလဲလို့ မဆုံးဖြတ်ရသေးခင် သေနတ်ထုတ်၊ အပြင်မှာသေနတ်ထမ်းပြီး အမြန်လျှောက်နေကွာ…”
လို့ ကျောင်းသားတပ်ရင်းမှူးကအမိန့်ပေးပါတယ်။ ကျနော်လဲ သူပြောတဲ့အတိုင်း လုပ်ရပါတော့တယ်။ ဖြစ်ချင်တော့အဲဒီညက
နှင်းတော်တော်ကျပါတယ်။ အပြင်မှာနာရီတော်တော်ကြာကြာ တယောက်တည်း ဘယ်ညာ၊ ဘယ်ညာလုပ်နေရတာပေါ့ဗျာ။
ကျနော်တယောက်တည်းကွက်ပြီး အပြစ်ပေးခံရတာဆိုတော့ ရေလည်ပေါက်တယ်ဗျာ။
ရွှေဖရုံသီးပစ်မိတာကတော့ အငယ်စားစည်းကမ်းချိုးဖေါက်မှုပါ။ ဒါပေမယ့် ကျနော်က အဲဒါကို Honor ရှိရှိနဲ့သတင်းပို့မိတဲ့
တကောင်တည်းသောလူမိုက်ပေါ့ဗျာ၊ အဲဒီတော့ ကျနော်ကကြားထဲက တန်ဆာခံဖြစ်သွားရတာပေါ့။ မိုးမလင်းသေးခင် မနက်
(၂) နာရီရောက်မှ ကျနော့်ကိုတန်းဖြုတ်ပေးတယ်။ ကျနော့်အနေနဲ့ ခရစ္စမတ်ပိတ်ရက်ရတယ်ဆိုတာနဲ့… တခြားဘာတွေလဲမသိ
ဘူးဆက်ပြောတယ်ု… လူကခိုက်ခိုက်တုန်နေတော့ ကျနော်လဲမကြားတော့ဘူး။ အုပ်ချုပ်ရေးဋ္ဌာနက ကျနော့်အပေါ်ပေး
မယ့်ပြစ်ဒဏ်ကို ခရစ္စမတ်ကျောင်းပိတ်ရက်အတွင်းမှာ ဆုံးဖြတ်မယ်ဆိုပဲ။
ကောင်းပဗျား… Merry Christmas…”
ကျောင်းပိတ်ရက်မှာ သွားနေမယ့် နီဝပ်ခ်ပြည်နယ်ကဘွားဘွားရွှပ်ဇကော့ဖ်ရဲ့အိမ်ကို ဒီအရှုပ်ထုပ်ကိုသယ်သွားရဦး
မယ့်သဘောပေါ့။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော့်ကိုယ်ရေးမှတ်တမ်းထဲမှာ သတိပေးချက်တစောင် တိုးသွားတာလောက်ပါပဲ။ ဒါပေမယ့်လည်း
ကျင့်ဝတ်စောင့်စည်းလိုက်နာမှုစနစ် (Honor System) နဲ့ပတ်သက်ပြီး သင်ခန်းစာတော့ကောင်းကောင်းရလိုက်တယ်။
Honor (ကျင့်ဝတ်) ဆိုတာအခြေခံအားဖြင့် ဆင်ခြင်တုံတရားနဲ့လိုက်နာထိန်းသိမ်းရတဲ့ စည်းမျဉ်းတခုပါပဲ။ မိမိအဖွဲ့
ဝင်တွေကို Honor ရှိစေချင်တဲ့ မည်သို့သောအဖွဲ့အစည်းမဆို လူတဦးတယောက်ရဲ့ အသိစိတ်ရှိရှိနဲ့ကျင့်ဝတ်စောင့်စည်းမှုကို
အဲဒီလူကိုပြန်ဒုက္ခပေးသလိုမျိုးဖြစ်အောင် မသုံးမိဖို့လိုအပ်ပါတယ်။
အခုကိစ္စမှာဖြစ်ချင်တော့ ကျောင်းသားတပ်ရင်းမှူးက အသေအချာစဉ်းစားပြီး ကျောင်းသားတွေကို နားလည်အောင်ရှင်းပြရ
မယ့်အစား ဘာမှမစဉ်းစားပဲ ခပ်ညံ့ညံ့ဆုံးဖြတ်ချက်တခုကို ခပ်လွယ်လွယ်ချ၊ အငယ်စားပြဿနာ (Minor Situation)
တခုကို ချဲ့ကားပြီး Honor ရှိရှိနဲ့သတင်းပို့ဆိုပြီး ပုဂ္ဂိုလ်ရေးကျင့်ဝတ်စောင့်စည်းမှုနဲ့ ၀ါးလုံးချီးသုတ်ရမ်းလိုက်တယ်။
လွယ်တာကိုး။ ဒီလောက်ကတော့ဗျာ… (၁၀) နှစ်သားကလေးအတွက်တောင် ပြဿနာမရှိပါဘူး။

ထိပ်တန်းအမေရိကန်စစ်သူကြီးတဦးဖြစ်သူ ကြယ်ငါးပွင့်ဗိုလ်ချုပ်ကြီးဒေါက်ဂလပ်စ်မက်အာသာ
ဗယ်လီဖို့ခ်ျမှာ (၂) နှစ်နေရတာနဲ့ပတ်သက်တဲ့အဓိကရည်မှန်းချက် (Main Objective) ကတော့ ၀က်စ်ပွိုင့်စစ်တက္ကသိုလ်
(West Point) ကိုတက်ခွင့်ရဖို့အတွက်ပါ။ ဒီရည်မှန်းချက်က ကျနော့်အတွက်တင်မကပါဘူး။ အဖေ့အတွက်လဲအရေးကြီး
လှပါတယ်။ ဖက်ဆစ်ဝင်ရိုးတန်းအုပ်စုကိုအနိုင်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးအိုင်ဆဲန်ဟောင်ဝါ၊ ဗိုလ်ချုပ်ကြီးမက်အာသာ၊ ဗိုလ်ချုပ်ကြီး
ဘရက်ဒ်လေ၊ ဗိုလ်ချုပ်ကြီးပက်တန်နဲ့ တခြားစစ်သူရဲကောင်းများစွာကို ၀က်စ်ပွိုင့် လို့ခေါ်ကြတဲ့ အမေရိကန်ပြည်ထောင်စု
စစ်တက္ကသိုလ်
(United States Military Academy) ကနေ မွေးထုတ်ပေးခဲ့ပါတယ်။ ထူးထူးခြားခြား (၁၉၁၅)
မှာကျောင်းဆင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးအိုင်ဆဲန်ဟောင်ဝါနဲ့ ဗိုလ်ချုပ်ကြီးဘရက်ဒ်လေတို့အပတ်စဉ်က ဗိုလ်ချုပ် (၅၉) ဦး
ကိုမွေးထုတ်ပေးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး တိုကျိုမြို့တွင်တွေ့ရသော အမေရိကန်ကာကွယ်ရေးဝန်ကြီးလူးဝစ်ဂျော်န်ဆဲန်၊ ဗိုလ်ချုပ်ကြီးမက်အာသာနှင့် ဗိုလ်ချုပ်ကြီးအိုမာဘရက်ဒ်လေ

မဟာမိတ်တပ်မှူးချုပ်ဗိုလ်ချုပ်ကြီးမက်အာသာနှင့် စစ်ရှူံးဖက်ဆစ်ဂျပန်ဘုရင်ဟီရိုဟီတို
ဝက်စ်ပွိုင့်စစ်တက္ကသိုလ်ရဲ့ဂုဏ်သိက္ခာကတော့အစဉ်အမြဲကိုမြင့်မားနေပါတယ်။ ဒါ့အပြင်ဝက်စပွိုင့်စစ်တက္ကသိုလ်မှာ
ကကျောင်းလခမပေးရပါဘူး။ အခွန်ထမ်းအမေရိကန်ပြည်သူတွေ ရဲ့ကျေးဇူးနဲ့ အခမဲ့ပညာသင်ယူနိုင်ပါတယ်။ အဲဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ကျောင်းသားလူငယ်အများအပြားတက်ရောက်လိုကြတဲ့ တက္ကသိုလ်တွေထဲမှာ ၀က်စ်ပွိုင့်
တက္ကသိုလ်လည်းပါပါတယ်။ ၀က်စ်ပွိုင့်တက်ချင်လို့ဆိုပြီး စာတိုက်ကနေ စာပို့လိုက်တာမျိုးတော့မရပါဘူး။ ၀က်စ်ပွိုင့်
ကနှစ်စဉ်လက်ခံတဲ့ ကျောင်းသားသစ်အရေအတွက် (၈၁၆) ဦးထဲမှာပါချင်တဲ့ကျောင်းသားမှန်သမျှ အကန့်အသတ်ရှိပြီး ယှဉ်ပြိုင်ရယူရတဲ့ ကျောင်းဝင်ခွင့်တနေရာရရင်ရ၊ ဒါမှမဟုတ်ရင် အထက်လွှတ်တော်အမတ် (Senator) သို့မဟုတ်
အောက်လွှတ်တော်အမတ် (Congressman/Congresswoman) တွေရဲ့ ထောက်ခံမှုကို ရဖို့လိုအပ်ပါတယ်။ အဲဒီနှစ်ခု
ထဲကတခုရပြီးရင်တော့ စာပေ၊ ကာယနဲ့ကျန်းမာရေးစစ်ဆေးမှုတွေကို အောင်မြင်ဖို့လိုအပ်ပါသေးတယ်။
ကျနော်ကျောင်းတက်နေတဲ့ဗယ်လီဖို့ခ်ျကို (၁၉၅၁) ဖေဖေါ်ဝါရီလမှာ အဖေရောက်လာပါတယ်။ ကျနော်တို့သားအဖလဲ
ကျနော်ဝက်စ်ပွိုင့်တက်ခွင့်ရဖို့အတွက် မဟာဗျူဟာဆွဲကြပါတယ်။ အဖေ့ရဲ့တိုက်တွန်းမှုကြောင့် ကျနော်လဲနယူးဂျာစီပြည်နယ်ရဲ့ အောက်လွှတ်တော်အမတ်တွေကိုစာရင်းလုပ်ပြီး အမတ်တယောက်ဆီကိုစာ
တစောင်ပို့ပါတယ်။ စာထဲမှာတော့ ကိုယ့်ကိုယ်ကိုမိတ်ဆက်ထားပြီး (၁၉၅၂) မှာလက်ခံမယ့်အပတ်စဉ်အတွက်
ကျနော့်ကိုအဆိုတင်သွင်းပေးဖို့ စဉ်းစားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ အဲဒီနောက်တော့…
နော်မန်ရွှပ်ဇကော့ဖ်ရေ… စုံစမ်းမေးမြန်းမှုအတွက်ကျေးဇူးတင်ရှိပါတယ်။ သင်ရော သင့်ရဲ့မိဘတွေရောပါ အောက်လွှတ်တော်အမတ်ဂျုန်းစ်ရဲ့မဲဆန္ဒနယ်ထဲမှာမပါဘူးဖြစ်နေပါတယ်။ လွှတ်တော်အ
မတ်ဂျုန်းစ်အနေနဲ့ သူ့ရဲ့မဲဆန္ဒနယ်ထဲကကျောင်းဝင်ခွင့်လျှောက်ထားသူတွေကိုပဲ ထောက်ခံပေးပါတယ်။
နိုင်ငံတော်ကာကွယ်ရေးမှာစိတ်ဝင်စားမှုရှိတဲ့အတွက် အလွန်ပဲကျေးဇူးတင်ရှိပါတယ်…”

အဲဒီလိုမျိုးစာတွေပြန်ရောက်လာပါလေရောဗျာ။ အဲဒီတော့ကျနော်လဲ တော်တော်ကြီးကို ညစ်သွားတယ်။
ရေမြေခြားမှာနိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ စစ်ဘက်အရာရှိတယောက်ရဲ့ သားဖြစ်ပေမယ့် အဖေကနိုင်ငံခြား
မှာတာဝန်ကျနေတော့ ကျနော့်အတွက်ထောက်ခံချက်မရဘူးဖြစ်နေတယ်။
အဲဒါနဲ့ကျနော်လဲ ပဲန်ဆယ်လ်ဗေးနီးယားပြည်နယ် (Pennsylvania) နဲ့ နယူးယောက်ပြည်နယ် (New York)
ပြည်နယ်တွေက လွှတ်တော်အမတ်တွေဆီကိုစာတွေထပ်ပို့တယ်။ အဲဒီအချိန်မှာ တောင်ကာရိုလိုင်းနားပြည်နယ်
(South Carolina) ပြည်နယ်ကလွှတ်တော်အမတ်တွေဆီမှာ ကျောင်းဝင်ခွင့်ထောက်ခံပေးဖို့ ကျောင်းသားရှာ
မရပဲဖြစ်နေတယ်လို့ တယောက်က လာပြောတယ်။ အဲလိုဆိုတော့ ကျနော်လည်း တောင်ကာရိုလိုင်းနားအမတ်တွေဆီ
ကိုစာတွေထပ်ပို့တာပေါ့။ အဲလိုနဲ့ (၁၉၅၁) မေလမတိုင်ခင်လေး၊ အဖေလည်းစစ်ဘက်အချိန်ပြည့်တာဝန်က
အငြိမ်းစားယူပြီး အမေနဲ့တူတူ အမေရိကန်ကိုပြန်ရောက်လာတဲ့အချိန်ထိ ဘာမှမထူးခြားသေးဘူး။

နယူးဂျာစီပြည်နယ်၏အထက်လွှတ်တော်အမတ် ဟောင်းဝပ်ဒ်အလက်ဇ္နား စမစ်သ်
စနေနေ့တနေ့မှာတော့ အဖေနဲ့ကျနော်နဲ့ နယူးဂျာစီပြည်နယ်၊ မေပယ်လ်ဟောက်စ် (Maple House) က အိမ်အသစ်ရဲ့မီးဖိုချောင်ထဲကစားပွဲမှာထိုင်ပြီးဘာလုပ်ရမလဲဆိုတာ ကြံဆနေကြတယ်။ အဖေကလည်း
သူ့ရဲ့အဆက်အသွယ်ဟောင်းတွေကတဆင့် နယူးဂျာစီပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့
ဟောင်းဝပ်ဒ်အလက်ဇန္ဒားစမစ်သ် (Howard Alexander Smith) နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်
ဆီနေတာစမစ်သ်အနေနှင့် (၁၉၅၂) အပတ်စဉ်အတွက် ကျောင်းသားတယောက်နဲ့ အရံအဖြစ်နောက်
တယောက်ကို ရွေးချယ်ပြီးနေပြီဆိုတာ ကျနော်တို့သိနေပေမယ့်လည်း ဆီနေတာစမစ်သ်က ကျနော့်အနေအ
ထားကိုသဘောကျတော့ ၀င်ခွင့်ထောက်ခံချက်အတွက်တတိယနေရာမှထားပေးပါတယ်။
အဲဒီအနေအထားက လာမယ့်နွေဦးမှာကျင်းပမယ့် ၀က်စ်ပွိုင့်စစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို
ဝင်ရောက်ဖြေဆိုခွင့်ရရှိလာစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ၀က်စ်ပွိုင့်ဝင်ခွင့်ရဖို့က အဲဒီလောက်နဲ့တင်
မလုံလောက်သေးဘူးဖြစ်နေပါတယ်။ ကျနော့်ရှေ့ကနှစ်ယောက်ကလည်း စာမေးပွဲကျဖို့မဖြစ်နိုင်တဲ့
လူစားမျိုးတွေဖြစ်နေတယ်။ အဖြစ်ကမနှစ်ကနဲ့မတူဘူး။ တော်တော်ပွဲပျက်တယ်ဗျာ။
အဖေ့အနေနဲ့ ကျနော်ဝက်စ်ပွိုင့်တက်ခွင့်ရတာကိုမြင်ချင်ပေမယ့်လည်း သူ့အဆက်အသွယ်ကောင်းတွေကို
ခပ်စောစောကတည်းက လှမ်းချိတ်ထားတာမျိုးတော့ မလုပ်ခဲ့ဘူး။ အဖေကကျနော့်အပေါ်မှာယုံကြည်မှုအပြည့်အ၀ရှိသလိုပဲ ၀က်စ်ပွိုင့်တက္ကသိုလ်ရဲ့ ကျောင်းဝင်ခွင့်စနစ်အပေါ်က ကျနော့်အပေါ်မှာလည်း မျှမျှတတရှိလိမ့်မယ်လို့
ယုံကြည်မှုရှိတဲ့သူတယောက်ပါ။
ကျနော်ကလည်းကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါတယ်။ တသက်လုံးကျနော့်ကို ၀က်စ်ပွိုင့်သွားရမယ်လို့
အပြောခံထားရတော့ ၀က်စ်ပွိုင့်တက်ခွင့်မရဘူးဆိုတာ စိတ်ကူးထဲတောင်မထည့်ဖူးဘူးလေ။ ဒါပေမယ့်
အချိန်ကြာကြာ စောင့်ကောင်းစောင့်ရနိုင်တယ်ဆိုတဲ့ လက်ရှိအနေအထားကိုတော့ ကျနော်တို့ထည့်မတွက်ခဲ့ကြဘူး။ ၀က်စ်ပွိုင့်ကကျောင်းဝင်လက်ခံတဲ့အသက်အပိုင်းအခြားက (၁၇) နှစ်ကနေ (၂၂) နှစ်ထိပါ။ အဲဒီတော့
ကျနော့်အနေနဲ့ (၁၉၅၂) မှာဝင်ခွင့်မရရင်တောင်မှ အငယ်တန်းကောလိပ်တခုမှာဝင်တက်ပြီး (သို့)
စစ်တပ်ထဲဝင်လိုက်ပြီး နောက်တနှစ်မှာထပ်ဖြေလို့ရတယ်လေ။
အဲဒီမှာ အဖေကကျနော့်ကို ဂုဏ်ထူးဆောင်စစ်ဘက်ကျောင်းဝင်ခွင့် (Honor Military Appointment)
ဆိုတာကိုဖြေဖို့တိုက်တွန်းလာတယ်။ စစ်ဘက်ကျောင်း (Military School) တွေကကျောင်းသားတွေ
ယှဉ်ပြိုင်ဖြေဆိုဖို့ ကျောင်းဝင်ခွင့်နေရာနည်းနည်းပါးပါးကို ၀က်စ်ပွိုင့်စစ်တက္ကသိုလ်က နှစ်စဉ်စီစဉ်ပေးပါတယ်။ ဖြေဆိုတဲ့ကျောင်းသားတွေကို ခေါင်းဆောင်မှုအရည်အသွေး၊
အထက်တန်းကျောင်းအောင်မြင်မှုအဆင့်အတန်း၊ အားကစား၊ ကျောင်းတွင်းလှုပ်ရှားမှုများတွင်ပါဝင်မှုများနဲ့ နိုင်ငံ
တ၀ှမ်းကောလိပ်ကျောင်းဝင်ခွင့်နဲ့အလားတူ စာမေးပွဲကိုဖြေဆိုအောင်မြင်တဲ့အနေအထားတွေအပေါ်မှာမူတည်ပြီး ၀က်စ်ပွိုင့်တက္ကသိုလ်ဝင်ခွင့်အတွက် ရွေးချယ်မှုပြုလုပ်ပါတယ်။
တကယ့်ကိုရှည်လျားထွေပြားတဲ့ပြိုင်ပွဲပါပဲဗျာ။ (၁၉၅၂) အပတ်စဉ်အတွက် ၀င်ခွင့်နေရာက (၅) နေရာပဲပေးတာ။ အဲဒီ (၅) နေရာအတွက် ဖြေကြတဲ့ကျောင်းသားတွေကထောင်ချီနေတာလေ။ ဒါပေမယ့် ကျနော်ကျိန်းသေအောင်မယ်လို
့ အဖေကအပိုင်တွက်နေတယ်လေ။ အဲဒါနဲ့ကျနော်လဲ ဗယ်လီဖို့ခ်ျကိုပြန်ယွန်းပြီး ၀က်စ်ပွိုင့်ဝင်ခွင့်ရဖို့ တတ်နိုင်သမျှ
အစွမ်းကုန်လုပ်ရပါတော့တယ်။ ကံကောင်းချင်တော့ အဲဒီနှစ်မှာပဲ ဘောလုံးနဲ့အပြေးကဏ္ဍတွေနဲ့ပတ်သက်ပြီး
ဂုဏ်ပြုလွှာတွေလည်း ရလိုက်သေးတယ်။ စစ်ရေးကဏ္ဍမှာကျပြန်တော့လည်း အဆင့်အမြင့်ဆုံး ကျောင်းသားတွေ
ထဲကတယောက်ဖြစ်လာပြန်တယ်။ စာပေကဏ္ဍမှာလည်း အတန်းထဲမှာထိပ်ဆုံးကျောင်းသားတွေထဲမှာ ပါနေပြန်တယ်။
ကျနော်နဲ့ရင်းနှီးတဲ့ အင်္ဂလိပ်စာနည်းပြ ဗိုလ်အက်စ်ရေး (Lt. Esrey) ကကျနော့်ကိုသူ့ဋ္ဌာနလက်အောက်မှာခေါ်ထားပြီး
နှစ်စဉ်မှတ်တမ်း (Yearbook) ရဲ့အယ်ဒီတာအဖြစ်ခန့်ပါတယ်။ သူကကျနော့်ကို ကျပန်းစကားပြောပြိုင်ပွဲ (Debating Contest) မှဝင်ပြိုင်ဖို့တိုက်တွန်းတာနဲ့ကျနော်ဝင်ပြိုင်လိုက်တာ ဖြစ်ချင်တော့နိုင်သွားပါလေရောလား။ ဓမ္မဓိဋ္ဌာန်မေးခွန်းစာမေးပွဲ
(Multiple-Choice Test) တွေ၊ ပြည်သူ့ဝန်ထမ်းကဏ္ဍစာမေးပွဲတွေကနေ Standford-Binet ညဏ်ရည်စစ်စာမေး
ပွဲတွေအထိဝင်ပြိုင်တာတွေမှာလည်း ထိပ်ဆုံးရောက်နေတယ်။
အဲလိုနဲ့ ဂုဏ်ထူးဆောင်စစ်ဘက်ကျောင်းဝင်ခွင့်စာမေးပွဲလည်း ဖြေရရော ကျနော့်အမှတ်တွေက အရမ်းမြင့်နေတော့တာပေါ့။
ထိပ်ဆုံးရောက်နေပါတယ်ဆိုမှ ပိုရောက်အောင် ဗယ်လီဖို့ခ်ျကျောင်းက ကျနော့်ကိုသင်တန်းဆင်းပွဲမှာ မိန့်ခွန်းပြောရ
တဲ့ကျောင်းသား (Valedictorian) အဖြစ် ရွေးချယ်လိုက်ပါတယ်။ ၀က်စ်ပွိုင့်စစ်တက္ကသိုလ်ကို ၀င်ခွင့်မရသေးတာကလွဲလို့ အခြေအနေအားလုံးကတော့ နေသားတကျနဲ့ ကိုယ့်ဘက်မှာရှိနေပါပြီ။
အဲဒီမှာ ကျနော့်ကို ကျနော်ကြိုက်တဲ့ကောလိပ်မှာတက်နိုင်တဲ့ အရံဗိုလ်သင်တန်းပညာသင်ဆုအပြည့်အစုံ
(Full ROTC Scholarship) ပေးမယ်၊ ကျောင်းပြီးရင် မရင်းတပ် (US Marine Corps) ထဲကိုဝင်ရောက်နိုင်ပါတယ်လို့
ရေတပ် (US Navy) ကကမ်းလှမ်းလာပါတယ်။ ဒါပေမယ့်လည်း အဲဒီကမ်းလှမ်းချက်က ရွှပ်ဇကော့ဖ်မိသားစုထဲမှာတော့
သိပ်မကြီးကျယ်ဘူးဖြစ်နေပါတယ်။
ဗယ်လီဖို့ခ်ျမှာ ကျောင်းဆင်းတဲ့နေ့လည်းရောက်လာတော့ ကျနော်လည်းမိန့်ခွန်းတက်ပြောပြီး သူငယ်ချင်းတွေကိုနှုတ်
ဆက်ပါတယ်။ စိတ်ထဲကလည်းနောက်နှစ်တော့ ၀က်စ်ပွိုင့်သွားမယ်လို့ ကြုံးဝါးရင်းနဲ့ပေါ့။ အဲဒီနောက် ကျနော်လည်း
မေပယ်လ်ဝုဒ် (Maplewood) ကအိမ်ကိုပြန်လာပြီး ခိုးလုခုလုနဲ့သိပ်သက်တောင့်သက်သာမရှိလှတဲ့
နေ့ရက်တွေကိုဖြတ်သန်းရပါတယ်။ ၀က်စ်ပွိုင့်စစ်တက္ကသိုလ်ရဲ့ (၁၉၅၂) အပတ်စဉ်သစ်အတွက် သင်တန်းက
ဂျူလိုင် (၁) ရက်နေ့မှာ စမှာပါ။
တဖြည်းဖြည်းနဲ့ ဇွန်လရဲ့နေ့ရက်တွေကုန်ဆုံးလာတာနဲ့အမျှ ကျနော်လည်း နောက်တနည်းအတွက် စီမံချက်ကို
စဉ်းစားရပါတော့တယ်။ အဲဒါကတော့ ၀က်စ်ပွိုင့်တက္ကသိုလ်ကိုတက်ခွင့်ရဖို့ ကြိုးစားရင်း အိမ်မှာပဲဆက်နေပြီး
တက်နိုင်တဲ့ နီဝပ်စက်မှုတက္ကသိုလ် (Newark College of Engineering) ကိုတက်ဖို့စာရင်းသွင်းဖို့ပါ။ အဲလိုနဲ့
(၁၉၅၂) ဇွန်လ (၂၆) ရက်နေ့မှာ ကြေးနန်းစာတစောင်ရောက်လာပါလေရော။
ဂုဏ်ထူးဆောင်စစ်ကျောင်းယှဉ်ပြိုင်သူအနေနှင့် ၀က်စပွိုင့်စစ်တက္ကသိုလ်ကျောင်းဝင်ခွင့်၊  ဗိုလ်လောင်း
အဖြစ်ကျောင်းအပ်ရန်အတွက် ဂျူလိုင် (၁) ရက်နေ့၊ နံနက် (၁၁) နာရီမတိုင်မီ ၀က်စ်ပွိုင့်ကျောင်းအုပ်ကြီး၊
နယူးယောက်မြို့အား သတင်းပို့ရန်

လို့ကြေးနန်းမှာဖေါ်ပြထားပါတယ်။ ကျနော်လည်းဖတ်လိုက်တာ (၃) ခေါက်တောင်ဖြစ်သွားတယ်။
အဖေကအလုပ်မှာပဲရှိနေတုန်း၊ အဲဒါနဲ့ အမေ့ကိုအဲဒီကြေးနန်းလည်းပေးဖတ်လိုက်ရော ၀မ်းသာလွန်းလို့
အမေမျက်ရည်ကျပါတော့တယ်။ အမေဖတ်ပြီးတာနဲ့ မြို့ထဲသွားပြီး ဆံသဆိုင်တဆိုင်မှာ စစ်သားဆံတောက်
ညှပ်လိုက်ပါတယ်။ လောလောဆယ်မှာတော့ အဲဒါကလုပ်ဖို့ သင့်တော်တယ်လို့ယူဆရတာပဲ။ တခြား…
ဘယ်လိုနည်းနဲ့ အောင်ပွဲခံရမယ်ဆိုတာလည်း မသိဘူးလေ။
ညနေကျတော့အဖေပြန်ရောက်လာပါလေရော။ တံခါးဖွင့်ပြီး အဖေလည်းအိမ်ထဲဝင်လာတော့ ကျနော့်ဆံပင်
ပုံစံကိုကြည့်ပြီး…
ငါ့သားဆံပင်ပုံတော့ ကြိုက်သွားပြီဟေ့ ” လို့ဆိုပါလေရော။ အဲဒါနဲ့ကျနော်လည်း…
“အဖေ…ဒီဟာကိုပိုလို့တောင်ကြိုက်သွားဦးမယ်…”  လို့ပြောပြီး ကြေးနန်းစာကိုပြလိုက်တယ်။ အဖေ့ခမျာဝမ်း
သာလွန်းလို့ ကျနော့်ကို တင်းတင်းကျပ်ကျပ်ဖက်ထားပါတယ်။ ပြီးတော့ သားအဖနှစ်ယောက် မီးဖိုခန်းထဲသွားပြီး
ဘီယာသောက်ပြီး အောင်ပွဲခံကြတော့တာပေါ့…   (ဆက်လက်ဖေါ်ပြသွားပါမည်)

http://freedomnewsgroup.com/2012/03/14/it-doesnt-take-a-hero-9/
´