{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Friday, May 15, 2009

ယနေ့ သိ့စရာ-ဒေါ်အောင်ဆန်းစုကြည် စိတ်ဓါတ်မြင့်မားလျှက်ရှိ့ 



ဒေါ်အောင်ဆန်းစုကြည် စိတ်ဓါတ်မြင့်မားလျှက်ရှိ့ 


***ပြည်သူလူထုထံ မျက်နှာမူရန် လိုအပ်***




အင်တာဗျူး
မြင့်မောင်
ကြာသပတေးနေ့၊ မေလ 14 2009 23:45 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် နေအိမ်အကျယ်ချုပ်မှ အကျဉ်းထောင်အတွင်း ထားရှိခံရကာ တရားစွဲဆိုခံနေရချိန်တွင် ပါတီ၏ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပါတီ၏ အခြေခံ မူဝါဒများအတိုင်း ဆက်လက်၍ ကိုင်စွဲကာ လုပ်ကိုင်သွားမည်ဟု ဆိုသည်။

သူက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရန်နှင့် ၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ် အသိအမှတ်ပြုရေးများ လိုအပ်နေဆဲဖြစ်ကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုထံ မျက်နှာမူသည့် လှုပ်ရှားမှုများ လုပ်ကိုင်သွားပါရန်နှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူလူထုအနေဖြင့် မတရားမှုကို ရင်ဆိုင်ရန် စိတ်ဓာတ်ရေးရာအားဖြင့် ဖောက်ထွက်ပါရန်လည်း ထပ်မံ ပြောဆိုလိုက်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားတဦး၏ ဖြစ်ရပ်၊ မြန်မာနိုင်ငံ တရားစီရင်ရေးအပေါ် သဘောထား၊ ဖောက်ထွက်ရေး အတွေးအခေါ်နှင့် ညီညွတ်ရေးအမြင်များကို မဇ္ဈိမသတင်းထောက် မြင့်မောင်က ဆက်သွယ်မေးမြန်းရာတွင် တုံ့ပြန်ဖြေကြားခဲ့သည်များကို တင်ပြလိုက်ပါသည်။

ဒီနေ့ အဖြစ်အပျက်လေးကို ပြောပြပေးပါ ခင်ဗျ။


ဒီနေ့ အဖြစ်အပျက်က ဒီလိုဗျာ။ မနေ့တုန်းကဟာကိုပဲ အခြေခံပြီး ပြောရမှာပဲ။ မနေ့ ညနေ ၅ နာရီလောက်မှာ ရှေ့နေကြီး ဦးကြည်ဝင်းကို လှမ်းပြီးတော့ ခေါ်တယ်။ မနက်ဖြန်ကျလို့ရှိရင် ဒေါ်စုကို တရားစွဲမယ်၊ ဒေါ်စုကို အင်းစိန်ကို တရားစွဲမယ်၊ တရားစွဲဖို့အတွက် မနက် ၇ နာရီမှာ ဒေါ်စုကို လာခေါ်မယ်၊ ဒေါ်စုနဲ့အတူ အိမ်မှာနေတဲ့ အမျိုးသမီး နှစ်ဦးကိုပါ ခေါ်သွားမယ်၊ အဲဒီအတွက် အိမ်မှာ အိမ်စောင့်တွေဘာတွေ ရှာထားပါ၊ ဘာကြောင့်လဲဆိုတော့ ဒေါ်စုကို သူ့အိမ်ကို ပြန်မပို့ဘူးဆိုပြီးတော့ ပြောတယ်။ ဒါက မနေ့တုန်းက ဖြစ်တဲ့ အဖြစ်အပျက်။

အဲဒီတော့ ဒီနေ့မနက်ကျတော့ ဒေါ်စုကို လာခေါ်သွားတယ်။ အင်းစိန် တရားရုံးမှာ တင်တယ်ပေါ့လေ။ ရှေ့နေတွေကလည်း သူ့ဘာသာသူ သွားရတယ်။ ရုံးမှာကျ ဦးကြည်ဝင်းနဲ့ ဒေါ်စုနဲ့ ခဏတွေ့တယ်။ ဒါပေမယ့် ရုံးရဲ့အနေအထားက ဘယ်လိုလဲဆိုလို့ရှိရင် တရားရုံးမှာ ရှေ့နေတွေကနေပြီးတော့ ပါဝါလွှဲစာတွေတောင် မတင်နိုင်ဘူး။ တရားသူကြီးက ရုံးခန်းပေါ် တက်လာပြီးတော့ ၁၈ ရက်နေ့မှာ ရုံးချိန်းရှိတယ်လို့ ပြောပြီးတော့ ဆင်းချသွားတယ်။

အန်ကယ် ဦးကြည်ဝင်းနဲ့ အန်တီ စု တွေ့တဲ့အခါမှာ ဘာတွေများ ပြောခဲ့ကြလဲခင်ဗျ။

အပြင်ကိစ္စတွေ ဘာမှ ပြောခွင့် မရခဲ့ဘူး။ သူတို့ဘေးမှာလည်း ထောက်လှမ်းရေးတွေနဲ့။ ပြောတဲ့ဟာကတော့ အမှုကိစ္စပဲ။ ရှေ့နေက ၃ ဦး လုပ်မယ်။ ဦးကြည်ဝင်းရယ်၊ ဦးကြည်ဝင်းရဲ့ လက်ထောက်ရယ်၊ ဦးဉာဏ်ဝင်းရယ်။ ဒါပေမယ့် ဒီနေ့ ဦးဉာဏ်ဝင်းက အတွင်းကို ဝင်လို့မရဘူး၊ ရုံးကို သွားလို့ မရဘူး။ ခွင့်မပြုဘူး။ ဦးကြည်ဝင်းနဲ့ ဦးကြည်ဝင်းရဲ့ လက်ထောက်ပဲ ဝင်လို့ရတယ်။

အဲဒီတော့ ဒီလို ရှေ့နေလိုက်မယ့်ကိစ္စ၊ ပါဝါလွှဲမယ့်ကိစ္စ၊ ဒါလေးပဲ ပြောဆိုနိုင်ခဲ့ပြီး ကျန်တဲ့ကိစ္စကိုတော့ ဒေါ်စုနဲ့ ပြောရခြင်း မရှိဘူးလို့ ပြောတယ်ခင်ဗျ။

ဘာမှ ပြောဆိုနိုင်တာမျိုး မရှိဘဲ ၁၈ ရက်နေ့ ရက်ချိန်းပေးလိုက်တာနဲ့ စစ်အစိုးရဘက်က တဖက်သတ် သတင်းထုတ်ပြန်တဲ့အပေါ် ဘယ်လိုမြင်လဲဗျ။

ဘာမှ ကျေနပ်စရာကောင်းတဲ့ အနေအထား မရှိဘူးလို့ ကျနော်တော့ ပြောချင်တယ်။ ပထမဆုံး စပြောချင်တာက သတင်းထုတ်ပြန်တဲ့ ပုံသဏ္ဍာန်ပေါ့ဗျာ။ ကျနော်တို့က ဘာလဲဆိုရင် တရားခံတယောက်ကို ဖမ်း၊ ဖမ်းလို့ ရပါတယ်။ ဥပဒေနဲ့ ငြိတယ်ဆိုရင် တရားရုံးမှာ တင်နိုင်တယ်။ ဒါ သဘောတူတယ်၊ ကျနော်တို့ ဘာမှ ပြောစရာမရှိဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မှန်ကန်တဲ့၊ သင့်တင့်လျောက်ပတ်တဲ့ သတင်းထုတ်ပြန်မှုတော့ ရှိရမယ်။ တရားခံကို ဘာပုဒ်မနဲ့ ဖမ်းတယ်၊ ဘယ်ရုံးမှာ တရားစွဲမယ်၊ နောက်တခုက ဘယ်နေရာမှာ ထားတယ်ဆိုတာတော့ ပြောရမယ်ဗျ။ အချုပ်နဲ့ ထားသလား၊ အင်းစိန်ထောင်ထဲမှာ ထားသလား၊ ဒါမှမဟုတ် ထောက်လှမ်းရေး စခန်းတခုမှာ ထားသလား။ ဒါက ပြောကို ပြောရမယ်။ နောက်တခါ ဘယ်နေ့ဘယ်ရက်မှာ ရုံးချိန်းပေးတယ် ဆိုတာတွေကို စနစ်တကျ ပြောရမယ်။ ဒါက သတင်းပြန်ကြားမှုနဲ့ ပတ်သက်တာ။ အဲဒီ ပြန်ကြားမှုမှာလည်း အစိုးရဟာ အများကြီး ပျက်ကွက်နေတယ်။ မပြည့်မစုံ၊ မလုံမလောက်နဲ့၊ တွန့်တွန့်ဆုတ်ဆုတ်နဲ့၊ တွန့်တွန့်တိုတို လုပ်နေတယ်လို့ ပြောချင်တယ်။ ဒါဟာ မှားယွင်းတဲ့ သဘောထား၊ မှားယွင်းတဲ့ အပြုအမူ၊ မှားယွင်းတဲ့ အကျင့်အကြံလို့ ပြောချင်တယ်။

နောက် တရားစွဲတဲ့ကိစ္စ၊ သူတို့ ပြောတဲ့ စကားလုံးက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂၊ အဲဒီအရ တရားစွဲတာကိုး။ ဒီဟာနဲ့ ပတ်သက်လို့ တရားစွဲတာက စွဲ။ ဒါပေမယ့် ကျနော်တို့က တရားစွဲတာ မှားတယ်လို့ ယူဆတယ်လေ။ ဒေါ်စုမှာ ဘာမှ အပြစ်မရှိဘူးလို့ ယူဆတယ်။ ဒါကို ကျနော်တို့ ကြေညာချက်ထဲမှာ အတိအကျ ပြောထားတယ်။

နောက်တခုက ရှင်းရှင်းပြောရရင် တရားစီရင်ရေး တခုလုံးကို ကျနော်တို့က မယုံဘူး။ တရားစီရင်ရေးဟာ သင့်တင့်လျောက်ပတ်တဲ့၊ တရားမျှတတဲ့၊ တရားဥပဒေစိုးမိုးမှု ရှိတဲ့ တရားစီရင်ရေး မဟုတ်ဘူးလို့ ယူဆတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အရေးကိစ္စ ပေါ်လာမှ ကျနော်တို့ ပြောတာမဟုတ်ဘူး။ မင်းကိုနိုင်တို့ ကျောင်းသားခေါင်းဆောင်တွေ၊ ခွန်ထွန်းဦးတို့ တိုင်းရင်းသားခေါင်းဆောင်များ အရေးကိစ္စတွေ၊ အမှုကိစ္စတွေ အပါအဝင် ကျန်တဲ့ အခြားအခြားသော အန်အယ်ဒီ လူငယ်တွေ၊ သံဃာတော်တွေ၊ ဒါတွေ တလျှောက်လုံး တနှစ်လောက်အတွင်းမှာ ဖြစ်ပျက်နေတဲ့ တရားစီရင်ရေးတွေဟာ ဒီလောက် ကမောက်ကမဖြစ်နေတယ်၊ ဒီလောက်အထိ တရားမဲ့နေတယ်၊ ဒီလောက်အထိ ဥပဒေမဲ့ လုပ်နေတယ်၊ ဒီလောက်အထိ ထင်ရာလုပ်နေတယ်ဆိုတာ ထင်ရှားတယ်။

အဲဒါကြောင့် အမှန်အတိုင်း ပြောရရင် ဒီတရားစီရင်ရေးကို ကျနော်တို့က အယုံအကြည် မရှိဘူးဗျ။ ရှင်းရှင်းပြောရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ပေါ်လာလို့ ကျနော်တို့ ပြောတာမဟုတ်ဘူး။ ခုနပြောသလို လူပေါင်းများစွာ၊ နေရာပေါင်းများစွာ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စမှာ သူတို့ ဘယ်လိုလုပ်မယ်ဆိုတာကိုလည်း ကျနော်တို့ အယုံအကြည် မရှိဘူး။ တရားစီရင်ရေးဟာ မျှတတဲ့ တရားစီရင်ရေး၊ စစ်မှန်တဲ့ တရားစီရင်ရေး မဟုတ်ဘူးလို့ ကျနော်တို့က ထင်နေတယ်။

ကျနော်တို့ သဘောထားကတော့ ဒီကနေ့ ကြေညာချက်ထဲမှာ အတိအလင်း ပါပြီးသား။ ဒေါ်စုမှာ အပြစ်မရှိဘူးလို့ ကျနော်တို့က ယုံတယ်။ နောက်တခုက ဒေါ်စုကို တရားစွဲတာ မှားတယ်လို့ ကျနော်တို့က ယုံတယ်။ နောက်တခုက ဒေါ်စုကို တရားစီရင်မှု မလုပ်သင့်ဘူးလို့ ယူဆတယ်။ အဲဒါပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စစ်အစိုးရက တာဝန်ယူထားတယ်ဆိုတော့ လုံခြုံရေးလစ်ဟာမှုကြောင့်လို့ ပြောချင်တာလားဗျ။

လွန်ခဲ့တဲ့ တပတ်၊ ကြာသပတေးနေ့မှာ စပြီးတော့ သတင်းကြေညာလိုက်တယ်။ အမေရိကန် နိုင်ငံသားက ရေကူးပြီး ခြံထဲကို ဝင်တဲ့ကိစ္စအတွက် ကျနော့်ကို မီဒီယာတွေက အင်တာဗျူးတဲ့အခါ ကျနော် ပြောခဲ့တဲ့အချက် နှစ်ချက် ရှိတယ်ဗျနော်။

အဲဒါ ဘာလဲဆိုရင် ဒေါ်စု ခြံဆိုတာက ရှင်းရှင်းပြောရရင် ထောင်ပဲဗျ။ ခြံဘေးမှာ အစောင့်တွေရှိတယ်၊ ကန်ဘက်မှာ အစောင့်တွေရှိတယ်၊ အင်းလျားကန်မှာ ချထားတယ်၊ ရဲတွေ ချထားတယ်။ တက္ကသိုလ် ရိပ်သာလမ်းပေါ်မှာ အစောင့်တွေ ချထားတယ်၊ ကင်းတွေ ချထားတယ်။ အိမ်ထဲမှာလည်း ရဲ စခန်းရှိတယ်။ အိမ်ကိုလည်း သော့ခတ်ထားတယ်။ အဲဒီတော့ ဒီလောက်လုပ်ထားတဲ့ ကြားထဲကနေပြီးတော့ ဝင်တယ်ဆိုရင် ဒါဟာ အစိုးရရဲ့ ညံ့ဖျင်းမှုပဲ။ လုံခြုံရေးပျက်ကွက်မှုပဲ။ အကျဉ်းသားကို စောင့်ရှောက်တဲ့အခါ လုံခြုံရေးပျက်ကွက်တာက အစိုးရရဲ့ တာဝန်ပျက်ကွက်မှုပဲ။

အမေရိကန်တယောက် ဝင်လာသည်ဖြစ်စေ၊ ဒီပဲယင်းကလူတယောက် ဝင်လာသည်ဖြစ်စေ ဘယ်လို သွားတားမလဲ။ အကျဉ်းသားရဲ့ လုံခြုံရေးဟာ အလွန်အင်မတန်ကို စိုးရိမ်စရာ အန္တရာယ်ရောက်သွားတယ်လို့ ကျနော်တို့ ပြောလို့ ရတယ်။ ဒါကို တချက်အနေနဲ့ ပြောခဲ့တယ်။

နောက်တခုက ဒီလိုဆိုရင် ဒီလိုပျက်ကွက်မှုတွေ ကြားထဲမှာ ဒေါ်စုကို အမှုလုပ်ချင်နေသလားလို့။ ဒေါ်စုက မေလ ၂၇ ရက်နေ့မှာ လွတ်ရက်က စေ့နေပြီ။ အဲဒီ လွတ်မယ့်သူကို အမှုဆင်ဖို့ ကြံတာလား။ ကျနော် ဒီ နှစ်ချက် ပြောခဲ့တယ်ဗျ။ ဒီဗီဘီတို့၊ ဗီအိုအေတို့မှာ ကျနော် ပြောခဲ့တယ်။ ကျနော့်သဘောထားက ရှင်းနေတာပဲ။ ဒီအတိုင်းပဲ သဘောထားတယ်။ လွယ်လွယ်ကူကူနဲ့ ဖြစ်ရိုးဖြစ်စဉ် တရားစွဲတာပဲဆိုပြီး လက်မခံနိုင်ဘူး၊ သည်းမခံနိုင်ဘူး။

လွတ်ရက်နီးမှ အခုလို ဖြစ်လာတဲ့အပေါ် ဘယ်လိုခံစားရတယ်၊ ထင်မြင်ရတယ်ဆိုတာလေး ပြောပြပေးပါဗျ။

အမှုကြီးတခုလုံးရဲ့ ဖြစ်ပုံကို ကျနော် ပြောမယ်။ သာမန်အားဖြင့် အစိုးရဟာ အရေးကြီးဖြစ်တဲ့ ဖြစ်ရပ်မျိုး ပေါ်ပေါက်လာရင် ချက်ချင်း သတင်းထုတ်ပြန်သင့်တယ်။ ဥပမာဗျာ - ကေအန်ယူ ခေါင်းဆောင်တယောက် ဖမ်းမိတယ်၊ လက်နက်ချတယ်ဆိုတာမျိုးပေါ့။ ဒါပေမဲ့ သူတို့က အချိန်ယူ စဉ်းစားတယ်ဗျ။ သတင်းစာရှင်းလင်းပွဲ ဘယ်လိုလုပ်ရမလဲ။ စဉ်းစားပြီးတော့မှ ဒီအမှုကို ကြေညာတယ်။ ခေါင်းဆောင်တယောက်၊ သူပုန်ယောက် မိလာလို့ ချက်ချင်း ဘယ်တော့မှ မကြေညာဘူးဗျ။ အခု ဒီကိစ္စမှာက ချက်ချင်း သိ၊ ချက်ချင်း ကြေညာတယ်။ လုပ်ပုံကို ပြောတာက။ နောက် အဲဒါဖြစ်ပြီးတာနဲ့ ချက်ချင်း ဒေါက်တာတင်မျိုးဝင်းကို ဖမ်းတယ်။ ဒေါ်စုကိုလည်း ဖမ်းပြီးတော့ တရားစွဲတယ်။ ထောင်ချတယ်ဆိုတာက ဒီကောက်ချက်တွေက သိပ်မှန်တယ်ဗျ။ --- အဲဒါကို ဆက်ပြီးတော့ ကျနော် ဟောကိန်း ထုတ်ရမယ်ဆိုရင်၊ ပြောရမယ်ဆိုရင် ဒေါ်စုကို ဒီ ၂၇ ရက်နေ့မတိုင်ခင် သူတို့ အမိန့်ချရမယ်ဗျ။ သူတို့ကြံရွယ်ချက်ကြီးအတိုင်းပဲ တွန်းလုပ်နေတယ်။

ဘာလို့တွန်းလုပ်သလဲဆိုတာ ကျနော် ပြောနိုင်တယ်။ အဲလိုမှ တွန်းမလုပ်ဘူးဆိုရင် ဒေါ်စုကို ၂၇ ရက်နေ့မှာ လွှတ်ပေးရမယ်ဗျ။ အဲဒီတော့ အခုအခါကျတော့ အမှုကိုရင်ဆိုင်နေရတဲ့ အခါကျတော့၊ တရားရင်ဆိုင်ရတဲ့ အခါကျတော့ နေအိမ်ကို ပြန်ပို့ရမယ်။ လွတ်လပ်စွာ တွေ့ရမယ်။ သူဟာ အကျဉ်းသား မဟုတ်တော့ဘူးဗျ။ ၂၇ ရက်နေ့ ကျော်သွားရင် ဒေါ်စုဟာ လွတ်လပ်တဲ့သူ ဖြစ်သွားပြီ။ ပထမထိန်းသိမ်းထားတဲ့ အမှုကနေ လွတ်သွားပြီ။ လွတ်လပ်သူသည် လွတ်လပ်စွာ တရားစီရင်ခြင်းကို ရင်ဆိုင်နိုင်ရမယ်။ အဲလို အနေအထားမှာ ရှိတယ်။ အဲဒါကြောင့် ကျနော့် အထင်ကတော့ သူတို့က တွန်းလုပ်ပြီး ၂၇ ရက်နေ့ မတိုင်ခင်မှာ ဒေါ်စုကို ပြစ်ဒဏ်ချလိမ့်မယ်လို့ ထင်နေတယ်ဗျ။

ရေကူးဝင်တဲ့သူက ၂၀၀၈ ခုနှစ်တုန်းကလည်း တကြိမ် ဝင်ခဲ့သေးတယ်လို့ သတင်းတွေ ထွက်တာမျိုးလည်း ကြားရတယ်ဗျ။ အန်ကယ်တို့ရော ဘယ်လိုသိထားလဲဗျ။

ကျနော်တို့တော့ မသိဘူးဗျ။ ကျနော်က နှစ်ကုန်ခါနီး နောက်ပိုင်းမှ ထောင်ထဲက လွတ်လာတာကိုး။ နောက်တခုရှိတာက ဟုတ်တယ်လည်း မထင်ဘူး၊ သိလည်း မသိဘူး။ အခု ဒေါက်တာတင်မျိုးဝင်းကို ဖမ်းတဲ့နေရာမှာ ဒီကိစ္စဟာ အရင်တုန်းကဟာနဲ့ ပတ်သက်တယ်ဆိုပြီးတော့လည်း သူတို့ ပြောဆိုနေကြတယ်။ အဲဒီတုန်းကလည်း ဒီလူဟာ အခုလို လုပ်ခဲ့တယ်ဆိုရင်၊ ပထမတခါတုန်းကလည်း ဒေါ်စုဟာ အကျယ်ချုပ် ကျခံနေရတာပဲလေ။ ပထမအကြိမ်တုန်းကလည်း ဥပဒေပုဒ်မ ၇ အရ နိုင်ငံခြားသားနဲ့ မတွေ့ရဘူး၊ နိုင်ငံရေးသမားနဲ့ မတွေ့ရဘူး၊ နေအိမ်မှာ နေရမယ်ဆိုတဲ့ သူ့ရဲ့ ကန့်သတ်ချုပ်ချယ်မှုကလည်း အဲဒီအချိန်တုန်းကလည်း ရှိတာပဲ။ အဲဒါဆိုရင် ပထမအကြိမ်တုန်းကလည်း သူတို့ ဘာဖြစ်လို့ အရေးမယူလဲ။ သူတို့ မသိဘဲ ဘယ်နေမလဲ။

သူတို့ မသိဘဲ လွတ်သွားတယ်ဆိုရင်၊ ဒီသတင်းက ရှိနေတယ်ဆိုရင်၊ အခုတောင်မှ အရပ်ထဲမှာ ပြောနေရအောင် ဖြစ်တယ်မှန်တယ်ဆိုရင် ဘာဖြစ်လို့ သူတို့ အရေးမယူသလဲ။ ဘာဖြစ်လို့ နောက်တခါ ဒီလူကို သွင်းလာသလဲ။ အဲလိုဆိုရင် ရိုးရိုးသားသား ဖြစ်တဲ့ဟာလား။ ပထမတခါတုန်းက ဖြစ်ရဲ့သားနဲ့ အရေးမယူဘူး။ အရေးမယူတဲ့အပြင် နောက်တခါ ဒုတိယအကြိမ် ပြန်ဝင်လာတော့လည်း ဘာဖြစ်လို့ ဝင်ခွင့်ပေးလဲ။ အစိုးရက ဗီဇာဝင်ခွင့်မပေးရင် ဒီလူဟာ ဝင်လာလို့ မရဘူး။ သူ့ဟာသူ ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ သတင်းစာဆရာ အနေနဲ့ဖြစ်ဖြစ် တိုးရစ်ဗီဇာနဲ့ ပြည်တွင်း ဝင်လာလို့ရှိရင် အစိုးရ ခွင့်ပြုချက် မရှိရင် ဝင်လာလို့ မရဘူး။ အဲဒါကို ဝင်လာတယ်ဆိုတော့ ဘာသဘောလဲ။ အဲဒီတော့ ဒီဟာကြီးတခုလုံးကို လုပ်ကြံမှုအနေနဲ့လည်း ယူဆတယ်။ ဒါကြီးတခုလုံးကို လက်မခံဘူး။ အဲဒါမျိုး ဖြစ်တာမျိုး မှန်တယ်ဆိုရင်လည်း ဒါဟာ အစိုးရတာဝန်သာ ဖြစ်တယ်။ ပထမတခါ ဖြစ်ခဲ့တယ်ဆိုရင် သင့်တင့်လျောက်ပတ်တဲ့ ပုံစံနဲ့ အရေးယူရမယ်၊ ဒါမှမဟုတ် ပြန်ဝင်လာရင် တားရမယ်။ သူက အကွက်ဆင်ပြီး လုပ်နေတယ်လို့ပဲ ကျနော်က ပြောရမှာပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုလို လုံခြုံရေးလစ်ဟာတဲ့အပြင် တရားစွဲခံရတဲ့ အထိပါ လုပ်လာတာကို ပါတီခေါင်းဆောင် တယောက်အနေနဲ့ ဘယ်လိုခံစားရတယ်၊ အမှုအတွက် ဘယ်လိုမျှော်လင့်ထားတယ်ဆိုတာ သိချင်ပါတယ်။


ကျနော်တို့ ခေါင်းဆောင်တယောက်ဟာ၊ ကျနော်တို့ ခေါင်းဆောင်ဆိုတာက ရိုးရိုး ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ နာမည်ခေါင်းဆောင် မဟုတ်ဘူးဗျ။ မြန်မာပြည်တင်မကဘဲ ကမ္ဘာ့လူထုကပါ ဝိုင်းရံထားတဲ့ ခေါင်းဆောင်။ ဒီလိုခေါင်းဆောင်တယောက်ဟာ ထောင်ထဲ ဝင်ရမယ်ဆိုတော့ ကျနော်တို့အနေနဲ့ အလွန်ကို စိတ်ပျက်အားငယ်ခြင်း ဖြစ်ရတယ်ပေါ့ဗျာ။ ခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံးတာ။ ဒါက တခု။ နောက်ပြီးတော့ ဒီခေါင်းဆောင်ဟာ အလုပ်မရှိ ထိုင်ပြီးတော့ နေရာကနေ ထောင်ထဲရောက်သွားတာ မဟုတ်ဘူး။ နိုင်ငံရေးဦးဆောင်မှုတွေ ပေးနေရာကနေ ရောက်သွားတာ။ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်။ တကယ်လည်း ဦးဆောင်မှုပေးနိုင်တဲ့ ပုဂ္ဂိုလ်၊ တကယ်လည်း နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်လောက်တဲ့ နိုင်ငံရေးသြဇာရှိတဲ့ ပုဂ္ဂိုလ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ကျနော်တို့ ဆုံးရှုံးတယ်ဆိုတော့ ကျနော်တို့ သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းအနေနဲ့ အလွန်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်၊ တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်းမှာ ထိုင်မယ့်သူက ဒေါ်အောင်ဆန်းစုကြည်။ တခြားသူ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်စုကြည်။ ဒီ ပုဂ္ဂိုလ်မျိုးကို ဆွဲထုတ်လိုက်တာက ရှင်းရှင်းပြောရရင် ကျနော်တို့ နိုင်ငံရေးလမ်းကြောင်းက ပျက်သွားသလို ဖြစ်တယ်လို့ ခံစားရတယ်။ ဒါက တခုပေါ့။

ကျနော့်အနေနဲ့ ထောင်ထဲမှာ နှစ်ပေါင်း ၂ဝ ထောင်ထဲမှာ နေခဲ့ဖူးသူ လူတယောက်အနေနဲ့ ကြည့်တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုဂ္ဂိုလ်ရေးခံစားမှုတွေက သိပ်ပြီးတော့ စာနာမိတယ်။ ဒီအချိန်မှာ ဒီလောက်ထိ လုပ်တာ တရားလွန်ပြီ။ ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲမှာ နေရတဲ့ဟာ နှစ်ပေါင်းရေမယ်ဆိုရင် သူလည်း နှစ်ပေါင်း တော်တော်များပြီ။ အခုလည်း နောက်ထပ် ထပ်ကျမယ်ဆိုရင် နှစ်ပေါင်း ၂ဝ တောင် ကျော်သွားတော့မယ့် အနေအထားတောင် ရှိနေပြီ။ အဲဒါကြောင့် ဒီလို ပုဂ္ဂိုလ်မျိုး၊ လူတယောက်အနေနဲ့လည်း ကျနော် စာနာတယ်။ နိုင်ငံရေးသမားတယောက်အနေနဲ့ မကဘူး၊ လူတယောက်အနေနဲ့ စဉ်းစားတဲ့ အခါကျတော့ သူ့မှာ သားတွေနဲ့၊ သူ့မှာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး လုပ်ငန်းတွေ ရှိတယ်။ သူ့ရဲ့ ပုဂ္ဂိုလ်ရေး အစီအမံတွေ ရှိတယ်။ သူ့ရဲ့ လေ့လာမှုတွေ၊ သူ့ရဲ့ လုပ်ငန်းတွေ ရှိတယ်။ ဒါတွေ အကုန်လုံးကို စွန့်လွှတ်ပြီး ထောင်ထဲမှာ နေရတာ နည်းတာ မဟုတ်ဘူး။ အခုပဲ ကြည့်လေ၊ ၆ နှစ် ပြည့်သွားပြီ၊ ၆ နှစ်စေ့သွားပြီ၊ တရားလွန်တယ်လို့ ထင်တယ်ဗျာ။

ဒေါ်အောင်ဆန်းစုကြည်က သွားတွေ့တာမျိုး မဟုတ်ဘဲ၊ ကိုယ့်အိမ်ထဲမှာ နေနေတာကိုတောင် ခဲမှန်တဲ့ ပုံစံမျိုးဖြစ်ရတဲ့ အပေါ်မှာ ဘယ်လို မြင်ပါသလဲ။


ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြောမယ်ဆိုလို့ရှိရင် ကိုယ့်အိမ်ထဲမှာနေတဲ့ လူတယောက် ဒီလိုဟာမျိုး လုပ်တယ်ဆိုတာက တရားဥပဒေ စိုးမိုမှု မရှိတဲ့ နိုင်ငံမှာသာ ဖြစ်နိုင်တာကိုး။ သူလို တိုင်းသူပြည်သားတယောက်အနေနဲ့ ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်လုပ်ငန်း ကိုယ်လုပ်နေတဲ့ လူတယောက်ဟာ ဆိုလို့ရှိရင် ဖြစ်စရာအကြောင်း မရှိဘူး။ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့တဲ့ နိုင်ငံတွေမျိုးမှာသာ ဒီလိုဟာမျိုးတွေ ဖြစ်တာ။

ဒေါ်အောင်ဆန်းစုကြည် ဆိုရင်လည်း အကျဉ်းကျနေတဲ့ သူတဦးဖြစ်တယ် ဆိုသော်ငြားလည်း သူဟာ ရှင်းရှင်းပြောရရင် သူ့ရဲ့အနေအထားက ကိုယ့်အိမ်ထဲမှာ အကျဉ်းကျခံနေတာ၊ လုံခြုံရေး အထပ်ထပ် ချထားတဲ့အထဲ အကျဉ်းကျတာ။ ဒီလိုကိစ္စမျိုး ပေါ်တယ်ဆိုတာဟာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ခြင်း၊ လုံခြုံမှု ကင်းမဲ့ခြင်း၊ လုံခြုံစွာ စောင့်ရှောက်မှု ကင်းမဲ့ခြင်း ဆိုတာတွေတင် မကဘူး။ မတရား လုပ်ကြံဖန်တီးမှုတွေရဲ့ တိုးနှက်ချက်တွေ ခံရခြင်း ဆိုတာတွေလည်း ပါလာတယ်။ သူတို့က သူတို့ဘာသာ စီမံချင်သလို စီမံ၊ လုံခြုံမှု ကင်းမဲ့ရုံတင် မဟုတ်ဘူး။ လုပ်ကြံမှုတွေပါ ခံရတယ်လို့ ကျနော်က ထင်မြင်တယ်။ အဲလိုပဲ ခံစားရတယ်။

အခုဖြစ်ရပ်က အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်တယ်လို့ ယူဆပါသလဲ။

စောစောက ကျနော်ပြောခဲ့သလိုပဲဗျာ။ ဒေါ်စုဟာ တွေ့ဆုံဆွေးနွေးပွဲ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲတွေ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေးတွေအပေါ်မှာ အလွန်အရေးပါတဲ့ ပုဂ္ဂိုလ်၊ အလွန် စွမ်းရည်ထက်မြက်တဲ့ ပုဂ္ဂိုလ်၊ အလွန် ဦးဆောင်မှုကြီးမားတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဘာပဲပြောပြော ကျနော်တို့မှာ အများကြီး ဆုံးရှုံးသွားတာပေါ့ဗျာ။ ကျနော်တို့ မျှော်မှန်းချက်တွေလည်း ဆုံးရှုံးသွားပြီးပေါ့ဗျာ။ သို့သော် ဒီဟာနဲ့ ပတ်သတ်လို့ စောစောက ကျနော်ပြောတဲ့ အတိုင်းပဲ ကျနော်တို့ကတော့ ဒီလိုင်းကို ကျနော်တို့ မစွန့်ဘူး၊ ဒီမျှော်မှန်းချက်ကိုလည်း ကျနော်တို့ မစွန့်ဘူး။ ဒါတွေက ကျနော်တို့ ဆက်လုပ်သွားမှာပဲ။

သို့သော် ဒေါ်စု မရှိတဲ့အတွက် ရာခိုင်နှုန်း တော်တော်ကြီး၊ များများကြီး ကျနော်တို့မှာ ဆုံးရှုံးသွားတယ်။ ကျနော်တို့မှာ နစ်နာသွားတယ်။ ကျနော်တို့မှာ လျော့ပါးသွားတယ်လို့ ပြောလို့ရတယ်။ အဲလိုပဲ ယူဆလို့ ရတယ်။ ရှေ့ အလားအလာတွေ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာများ၊ မြန်မာပြည်ရဲ့ နိုင်ငံရေး ပြဿနာများ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အလားအလာများဟာ အလွန်ကို မှေးမှိန်သွားတယ်။ အလွန်ကို အားနည်းသွားတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ အားလျော့သွားသော်ငြားလည်းပဲ၊ အားနည်းသွားသော်ငြားလည်းပဲ လုပ်စရာ ရှိတာကို ဆက်ရမှာပဲ။ ဒီလိုင်းကို မစွန့်ဘူး။ တိုင်းပြည်မှာ ဒီနည်းနဲ့ပဲ ဖြေရှင်းမယ်။ တခြားတခြားသော နည်းလမ်းတွေနဲ့ ဖြေရှင်းမယ်ဆိုရင်လည်း ဖြစ်နိုင်ချေမရှိဘူး၊ ဖြစ်ဖို့လည်း မကောင်းဘူးလို့ ကျနော်တို့ ယူဆတဲ့အတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုတော့ စွန့်မှာ မဟုတ်ဘူး။ အစိုးရက ပျက်အောင်လို့ ဘယ်လိုပဲ ပိတ်ဆို့ ပိတ်ဆို့၊ ဘယ်လိုပဲ နှောင့်ယှက်ဟန့်တား ဟန့်တား၊ ကျနော်တို့က ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်နေတာနဲ့အတူ ဒေါ်စုလို ပုဂ္ဂိုလ်၊ ကျနော်တို့ရဲ့ ခေါင်းဆောင် လွှတ်ပေးဖို့ ဆိုတာကို ဆက်တောင်းဆိုနေမှပဲ။ ဒေါ်စုနဲ့အတူဖြစ်တဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင် ဦးတင်ဦးတို့၊ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ ပုဂ္ဂိုလ်မျိုးတွေ၊ ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ကိုမင်းကိုနိုင်လို ပုဂ္ဂိုလ်မျိုးတွေ ဆက်လွတ်ဖို့ရာအတွက် ဆက်တောင်းနေမှာပဲခင်ဗျာ။ ကျနော်တို့လုပ်ငန်းကို ကျနော်တို့ လုပ်သွားမှာပဲ။ ဒါကတော့ ကျနော်တို့ ဒေါ်စုရှိလို့ မရှိလို့ဆိုတဲ့ ဟာပေါ်မှာ မကြည့်ဘူး။ ဒါကတော့ ကျနော်တို့ အား ဘယ်လောက်ပဲ လျော့လျော့ ကျနော်တို့ရဲ့ လုပ်ငန်းကို ကျနော်တို့ ဆက်ကိုင်ထားမှာပဲလို့ ပြောချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အခုလို တရားရင်ဆိုင်နေရတဲ့အပေါ်မှာ အန်အယ်ဒီကရော ဘယ်လိုမျိုး ရပ်တည်ပြီး၊ ဘယ်လောက် ရုန်းကန်သွားရမယ်လို့ ပြောနိုင်မလဲခင်ဗျ။

ဒါကတော့ ခုန ကျနော် ပြောသလို ကျနော်တို့ လုပ်မြဲအလုပ်တွေကတော့ ကျနော်တို့ လုပ်မှာပဲ။ ကျနော် အကြိမ်ကြိမ် ပြောသလိုပါပဲ။ ဒီရက်အတွင်းမှာပဲ ကျနော် အများကြီး ပြောပါတယ်။ ကျနော်တို့ရဲ့ အခြေခံမူဝါဒတွေ ဖြစ်တဲ့ ဒီမိုကရေစီရေး မူဝါဒတွေ၊ အခြေခံ မူဝါဒတွေ၊ မူလတရားတွေပေါ့ဗျာ။ အာဏာရှင် စနစ်ဆန့်ကျင်ရေးလို ဟာမျိုးတွေ၊ လူ့အခွင့်အရေး မျှော်မှန်းချက်တွေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေ၊ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးလိုဟာတွေ၊ ခွင့်တူညီမျှရေးလိုဟာမျိုးတွေကို ကျနော်တို့ ဘာမှ စွန့်လွှတ်ခြင်း မရှိဘူး။ လုပ်မြဲလုပ်နေမှာပဲ။ အားပြတ်နေရင်လည်း ကျနော်တို့ လုပ်မြဲအတိုင်း လုပ်နေမှာပဲ။

ခုန ကျနော် ပြောသလိုပဲ။ ဒေါ်စု ကျနော်တို့ ခေါင်းဆောင်ကြီး ဒေါ်စု မရှိတာ နှစ်ပေါင်းများစွာ ကြာပြီဗျာ။ သို့သော် ကျနော်တို့ လုပ်မြဲ လုပ်နေတယ်။ သို့သော် အားကောင်းမောင်းသန် ဖြစ်ချင်မှတော့ ဖြစ်မယ်ပေါ့။ ဒါကတော့ မသိဘူး။ ကျနော်တို့ ကြည့်ရမှာပဲ။ သို့သော် အရှိန်အဟုန်တော့ မပျက်ပါဘူး။ ကျနော်တို့ ဆက်လုပ်ကြမှာပဲ။ ဆက်ပြီးတော့ ဆုံးဖြတ်ချက်တွေ ချသွားမှာပဲ။ အဲဒီတော့ ဒေါ်စု ဒီလိုတရားရင်ဆိုင်နေရတဲ့ ကာလအတွင်းမှာ ကျနော်တို့ကတော့ ခုနပြောသလို ဒီတရားစွဲဆိုခြင်းသည် လုံးဝကို မှားယွင်းတယ်။ လုံးဝကို မမှန်ကန်ဘူး။ ဒေါ်စုမှာ လုံးဝကို အပြစ်မရှိဘူးလို့ တစ် ပြောမယ်။ နောက်တခုက ကောင်းပြီ၊ ဒီကြားထဲမှာပဲ သူတို့က တရားစွဲလာလို့ ရှိရင်လည်း ဒီတရားစီရင်ရေးဟာ မှန်ကန်တဲ့ တရားစီရင်ရေး ဟုတ်မှာ မဟုတ်ဘူး။

ကျနော်တို့ကလည်း တရားစီရင်ရေးကို အယုံအကြည် မရှိဘူး။ ရှေ့နေရှေ့ရပ်တွေနဲ့ သေချာကျကျနန တွေ့ဆုံဆွေးနွေးခွင့် ရှိရမယ်။ သတင်းထုတ်ပြန်ခွင့်တွေ မှန်ကန်တဲ့ သတင်းထုတ်ပြန်မှုတွေ ရှိရမယ်။ နောက်ပြီး အများပြည်သူ ကြားနာနိုင်တဲ့ အနေအထားတွေ ရှိရမယ်ဆိုတာ ကျနော်တို့ ဆက်ပြောသွားမှာပဲခင်ဗျ။ ဒါကို ဆက်ပြောသွားမှာပဲ။

အဲဒီကနေတဆင့် ပြောရမယ်ဆိုရင် ကျနော်တို့ဟာ ကျနော်တို့ရဲ့ အလုပ်ကို လုပ်နေတဲ့အတွက် ကျနော်တို့ဟာ ကျနော်တို့ရဲ့ ပါတီလူထုတွေ၊ ကျနော်တို့ရဲ့ ကမ္ဘာ့လူထုတွေ၊ ဗမာပြည်က လူထုတွေ၊ အကုန်လုံးကို ပြောချင်တာက ဘာလဲဆိုရင် ကျနော်တို့က ကျနော်တို့အလုပ် ဆက်လုပ်နေမှာပဲ။ အောင်မြင်အောင်လည်း ဝိုင်းဝန်းကြပါ၊ ကျနော်တို့ကို ဝန်းရံကြပါ။ ဒေါ်စု ထောင်ကျနေတယ်၊ နောက်ထပ် ထောင်ကျအုံးမယ်ဆိုရင်လည်း မတတ်နိုင်ဘူး။ ဒီလိုပေါ့ဗျာ၊ တိုင်းပြည်မှာ တရားဥပဒေမဲ့နေတဲ့ ခေတ်ကြီးမှာ ဒီလိုအဖြစ်မျိုးတွေ ကြုံမှာပဲ။

အဲဒါအတွက် ကျနော်တို့မှာ ဘာမှ အားငယ်မနေဘူး။ ကျနော်တို့ လုပ်နိုင်တဲ့ဟာ လုပ်နေမှာပဲ။ အဲဒါကြောင့် ကျနော်တို့ကို ဝန်းရံကြပါ၊ ကျနော်တို့ကို ကူညီကြပါ၊ ကျနော်တို့ကို အားပေးကြပါ။ ဒါပဲ ကျနော်တို့ ပြောရမှာပဲ။ ပြောဖို့ ရှိတာပဲခင်ဗျ။

ပြည်သူလူထုကို ဝန်းရံကြပါ၊ အားပေးကြပါ ဆိုတဲ့အပေါ်မှာ ရှေ့ဆက်ပြီးတော့ ခြေလှမ်းသစ်ပေါ့နော်၊ နဂိုက ခြေလှမ်း ထပ်တိုးပြီးတော့များ လုပ်ဆောင်ဖို့ရာ ရှိပါသေးသလား ခင်ဗျ။

အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြောရမလဲဆိုတော့ ကျနော်တို့ကို လူတွေက ပြောကြတာပေါ့ဗျာ၊ လုပ်ကိုင်တာတွေနဲ့ ပတ်သက်ပြီးတော့ အားရတယ်တို့၊ အားမရဘူးတို့ ဒါက အများအမြင်။ ပြောခွင့်ပြုတယ်၊ ဝေဖန်ခွင့် ရှိတယ်။ ကျနော်တို့အပေါ်မှာ အားမရတဲ့ အခွင့်အရေးလည်း ရှိတယ်။ အားမရတဲ့ သဘော ရှိတာလည်း ကျနော်တို့ ဘာမှ မပြောလိုပါဘူး။ သို့သော် ကျနော်တို့ ပြောချင်တာကတော့ ကျနော်တို့ လုပ်နေတာကတော့ လုပ်သင့်လုပ်ရမယ့် မူဝါဒတွေအတိုင်း ကျနော်တို့ လုပ်နေတာပဲ။

လွယ်လွယ်လေး ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ရဲ့ အခြေခံ ဝါဒက ခုနကပြောတဲ့ ယုံကြည်မှု တည်ဆောက်ရေးတို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ ဟုတ်လား၊ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးတို့ဆိုတဲ့ မူဝါဒတွေ ရှိတယ်၊ အခြေခံ တရားတွေ။ အခြေခံ တောင်းဆိုချက်တွေ ရှိတယ်။ ဥပမာ စုလွှတ်တွေ့ လိုဟာမျိုးတွေ။ ဒေါ်စုနဲ့တကွ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဆိုတဲ့ ဟာမျိုးတွေ။ နောက်တော့ လွှတ်တော် ခေါ်ယူကျင်းပပေးရေး ဆိုတာတွေ၊ နောက်တခါ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရေးဆိုတဲ့ ဒီလို အခြေခံ တောင်းဆိုချက်တွေ ရှိတယ်ဗျ။

ဒါတွေဟာ ကျနော်တင်တယ်၊ လုံလောက်တဲ့ နိုင်ငံရေး တောင်းဆိုချက်တွေ၊ နိုင်ငံရေးအစီအမံတွေ၊ နိုင်ငံရေး အစီအစဉ်တွေ၊ မူဝါဒ သဘောတရားတွေ၊ ဒါတွေ ကျနော်တို့မှာ အပြည့်အစုံ ရှိတယ်။ အဲဒီတော့ ကျနော်တို့ကို ပြည်သူလူထုက အားရတဲ့ အခါတွေ အားမရတဲ့ အခါတွေ ရှိမယ်လို့ထင်တယ်။ ဒါတွေကို ပြောမယ်ဆိုရင် ကျနော်တို့က ကျနော့်ကို ဥပမာအားဖြင့် လက်ညှိုးထိုးမယ်ဆိုရင် ကျနော်က နောက်ကို လက်ညှိုးထိုးပြမယ်။ နောက်မှာ ကြည့်ပါအုံးဗျာ၊ နောက်မှာ စစ်အစိုးရကြီးက ကျနော်တို့ကို ဖိနှိပ်နေတယ်၊ ကျနော်တို့ကို ချုပ်ချယ်နေတယ်၊ ကျနော်တို့ကို ဟန့်တားနေတယ်၊ ကျနော်တို့ကို လည်ပင်းညှစ်နေတယ်ပေါ့ဗျာ။ ဟုတ်လား။ အဲလိုပဲ ကျနော်တို့ ပြောရမှာပဲ။

ကျနော်တို့ လုပ်ခဲ့တဲ့ လုပ်ငန်းတွေထဲမှာ အားနည်းချက်တွေ ရှိမယ်။ အဲဒီအားနည်းချက်တွေထဲမှာ ကျနော်တို့ ညံ့ဖျင်းမှုတွေ၊ ကျနော်တို့ ပျော့ညံ့မှုတွေ ဖြစ်နိုင်ပါတယ်။ ဒါနဲ့အတူပဲ အစိုးရရဲ့ မတရား ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေကြောင့် ဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ အဲဒီတော့ ရှေ့လျှောက်လုပ်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ကလည်း ပြည်သူလူထုအနေနဲ့ ကျနော်တို့ကို ဝန်းရံကြပါ၊ ကျနော်တို့ကို ကူညီကြပါ၊ ကျနော်တို့ကို အားပေးကြပါလို့ ပြောတဲ့နေရာမှာ အလားတူပဲ ကျနော်တို့ ဝေဖန်ချက်တွေ ပေါ်လာနိုင်တယ်။ ခင်ဗျားတို့ လုပ်ငန်းတွေက၊ ခင်ဗျားတို့ အစီအမံတွေက ပျော့ညံ့တယ်၊ မှားယွင်းတယ်၊ တိမ်းချော်တယ် အဲလိုတွေ ပြောလာမယ်။ အဲလိုပြောလာတိုင်း ပြောလာတိုင်း ကျနော်ပြောတာက မှားလို့ရှိရင် ကျနော်တို့ ဝန်ခံမယ် ပြင်မယ်။ ဟုတ်လား။

ဒါပေမယ့် ကျနော်တို့ သွားနေတာကတော့ ဆက်သွားနေမှာပဲ။ အဲဒီဟာက ဘာလို့ ချို့ယွင်းနေလဲ၊ ဘာဖြစ်လို့ ညံ့ဖျင်းနေလဲ၊ ဘာဖြစ်လို့ ဒီလောက်ထိ တိမ်းချော်နေလဲကြည့်ရင် ခုန ကျနော်ပြောသလို နောက်က စစ်အစိုးရကို လက်ညှိးထိုးပြရမှာပဲ။ စစ်အစိုးရ ချုပ်ချယ်နေပါတယ်ဗျာ၊ စစ်အစိုးရ ဖိနှိပ်နေပါတယ်၊ စစ်အစိုးရကနေပြီးတော့ ကွပ်ညပ်နေပါတယ်ပေါ့ဗျာ။ ကျနော်ပြောချင်တာက ကျနော်တို့ လုပ်ငန်းတွေကို ထောက်ခံမှုနဲ့အတူ ဒီစစ်အစိုးရ ဆန့်ကျင်ရေး လုပ်ငန်းတွေကိုလည်း တိုးမြှင့်ပြီး လုပ်ကြပါ။ တိုင်းပြည်ကနေလည်း ပါဝင်ကြပါ။ စစ်အစိုးရကိုလည်း ဆန့််ကျင်ကြပါအုံး။ ကျနော်တို့ ပြောတာလည်း ကျနော်တို့ ခံမယ်။ ကျနော်တို့ မှားရင်လည်း ကျနော်တို့ ပြင်မယ်။

သို့သော် တချိန်တည်းမှာဘဲ စစ်အစိုးရကို ဆန့်ကျင်ဖို့ရာလည်း စဉ်းစားကြပါအုံး။ ပြည်သူလူထုက ဝိုင်းဝန်းကြပါ။ ပြည်သူလူထုက မဆန့်ကျင်ဘဲ ကျနော်တို့ကို ညံ့ဖျင်းလှချည်လားလို့ အပြစ်တင်လို့တော့ သိပ်ပြီးတော့ ပြည့်စုံတဲ့ အဖြေမျိုး ဘာခေါ်မလဲ အင်အားတွေ ရလာမှာ မဟုတ်ဘူး။ လုပ်ရပ်တွေ ပေါ်လာမှာ မဟုတ်ဘူးလို့တော့ ကျနော်တော့ အဲလိုပဲ ပြောချင်တယ်။

ဖောက်ထွက်ဖို့ရာ စဉ်းစားကြပါဆိုတဲ့ အနေအထားမျိုးမှာ အန်အယ်ဒီကရော ဘယ်တွေလုပ်ဖို့ အစီအစဉ်တွေ ရှိပါသလဲလို့ မေးရင်ရောခင်ဗျ။

ဒီဟာနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိနေမှာပါ။ ဒီစစ်အစိုးရဟာ တိုင်းပြည်မှာ အုပ်ချုပ်နေတာ နှစ်ပေါင်း ၂ဝ ကျော်ပြီပေါ့။ နှစ်ပေါင်း ၂ဝ ကျော်ပြီ။ နှစ်ပေါင်း ၂ဝ ကျော် ကာလမှာ ကျနော်တို့ ဖောက်ထွက်တယ်ဆိုတာက ကျနော် အခုမှ ပြောနေတာမဟုတ်ဘူး။ ကျနော် ဟိုတုန်းကတည်းက ပြောနေတာ။ ဒါက စိတ်ဓာတ်ပဲဗျ။ ဖောက်ထွက်တဲ့ စိတ်ဓာတ်မွေးကြရမယ်လို့ ကျနော် ပြောနေတာ။ တံတားကြီး ရိုက်ချိုးဖို့ ပြောနေတာ မဟုတ်ဘူးဗျ။ အဲလိုပြောတော့ တချို့ အင်တာဗျူးတဲ့ လူတွေက ကျနော့်ကို မေးတယ်။ ခင်ဗျား ဖောက်ထွက်ရမယ်လို့ ပြောတယ်။ ဘယ်တော့ ဖောက်ထွက်မှာလဲ။ သို့သော် ခင်ဗျား ဖောက်ထွက်မယ့်နောက် လူဘယ်နှယောက်ပါမှာလဲ။ သို့မဟုတ် ခင်ဗျားဖောက်ထွက်တာ ဘယ်ဘက်က ဖောက်မှာလဲ။ အဲဒီတော့ ကျနော် ပြောတာက မဟုတ်ဘူး။ ကျနော် နောက်ကို လှည့်မကြည့်ဘူး။ ကျနော့် နောက်မှာ လူဘယ်နှယောက်ပါတယ် မပါဘူးဆိုတာ အရေးမကြီးဘူး။

ကျနော်လုပ်နေတာက ကျနော်တို့ လုပ်နေတာက ပိတ်ဆို့နေတဲ့ အခါမျိုးမှာ လူတယောက်က တံခါးကနေ ဖောက်ထွက်ရမှာပဲ။ အဲဒီစိတ်ဓာတ် မွေးရမယ်။ ဘယ်နားမှာလဲတို့၊ ဘယ်အခန်းမှာလဲတို့၊ ဘယ်နံရံကြီးမှာလဲတို့ ပြောလို့မရဘူး။ တကယ်တော့ ဒါက အဓိကပဲ။ အဲဒီတော့ ကျနော် ပြောချင်တာက ဘာလဲဆိုတော့ ဒေါ်စုကိုယ်တိုင်ပင်လျှင် နံရံကြီးကို အကြိမ်ကြိမ် ဖောက်ထွက်နေတာပဲ။ ဟုတ်တယ်မလား။

ဖောက်မထွက်တဲ့လူက အချိန်တန်ရင် ရုံးသွားတက်မယ်။ အချိန်တန်ရင် အစည်းအဝေးထိုင်မယ်။ အချိန်တန်ရင် ဆုံးဖြတ်ချက်ချမယ်။ အချိန်တန်ရင် သူများဆီပို့မယ် ဆိုတာမျိုး။ ဘာမှကို မလုပ်ဘူးဆိုရင် ဟုတ်လား၊ အသစ်ကြံဆတယ်၊ အသစ်တွေးခေါ်တယ်၊ အသစ်နည်းလမ်းရှာတယ်။ ဒါဟာ ဖောက်ထွက်ခြင်းပဲဗျ။ ဖောက်ထွက်တယ်ဆိုတာ တံခါးရိုက်ချိုးမှ ဖောက်ထွက်တာ မဟုတ်ဘူးဗျ။ ကျနော် ပြောတာက ဖောက်ထွက်တဲ့ စိတ်ဓာတ်တော့ မွေးရလိမ့်မယ်၊ မွေးပါ။

ကောင်းပြီ၊ ကျနော်တို့ အဖွဲ့ချုပ်မှာ ဖောက်ထွက်တဲ့ စိတ်ဓာတ် ဘယ်လိုရှိလဲ။ ကျနော်တို့ဆီမှာ ဖောက်ထွက်တဲ့ စိတ်ဓာတ် ဒီနေ့အထိ ရှိပါတယ်။ အရမ်းကြာပြီ။ ကျနော်တို့ဟာ အပြုသဘောနဲ့ ဖောက်ထွက်တယ်၊ လိုက်လျောမှုနဲ့ ဖောက်ထွက်တယ်၊ သာယာငြိမ်းချမ်းရေးနဲ့ ဖောက်ထွက်တယ်။ အဲဒီတော့ ဆိုလိုတာက ဖောက်ထွက်ခြင်းဆိုတာက အဲဒါပါ။

အဲဒီတော့ ဒီနေ့ဒီအချိန်မှာ ဖောက်ထွက်ဖို့ အချိန်တန်တဲ့ အချိန်ရောက်နေတယ်လို့ ကျနော် မပြောချင်ဘူး။ ဖောက်ထွက်ဖို့အချိန်က စစ်အစိုးရက စတင်ပြီး တိုင်းပြည်ကို စက်သေနတ်နဲ့ နင်းတဲ့ အချိန်ကစပြီး ဖောက်ထွက်ဖို့ အချိန်သင့်နေတာပဲ။ အဲတော့ နှစ်တိုင်း နှစ်တိုင်းမှာလဲ ဖောက်ထွက်ဖို့ အချိန်အခါတွေ သင့်နေတာပဲ။ ရှေ့လျှောက်လည်း ဒီဖောက်ထွက်ဖို့ အချိန်အခါတွေ သင့်နေမှာပဲ။ အဲတော့ ကျနော်တို့ လုပ်ငန်းတွေကတော့ ကျနော် လုပ်နေမှာပဲ။ အဲဒီဖောက်ထွက်တယ်ဆိုတာက ကျနော်တို့ တံခါးကြီးတခု ရိုက်ချိုးတယ်ဆိုတာထက် စိတ်ဓာတ်ထဲက လူတိုင်းလူတိုင်းရဲ့ စိတ်ထဲမှာ ငါတို့ သိပ်ကျပ်တည်းနေရင် ဖောက်ထွက်မယ်၊ ငါတို့ သိပ်ဆိုးနေရင် အကြံသစ်တွေ ရှာမယ်၊ ဖောက်ထွက်မယ်။ နည်းလမ်း သဘောထားတွေ ပေါ်မယ်၊ အတွေးအခေါ်တွေ ပေါ်မယ်၊ အယူအဆတွေ ပေါ်မယ်။ အဲဒါ သူတို့ ဖောက်ထွက်တဲ့ စိတ်ဓာတ်ပဲ။ ကျနော် အဲလို မြင်တယ်။ အဲဒီ စိတ်ဓာတ်ဟာ ရှေ့လျှောက်လည်း ရှိအုံးမှာပဲ။ အခုလည်း ရှိနေမှာပဲလို့ ကျနော် ပြောချင်ပါတယ်။

ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးစေလိုပါတယ် ခင်ဗျ။


ရွှေဂုံတိုင် အစည်းအဝေးမှာ ကျနော်လည်း မိန့်ခွန်း ပြောခွင့်ရတယ်ဗျ။ ခုနပြောတဲ့အချက်တွေ ပါပြီးသားပါ။ ဒါပေမယ့် ထူးခြားချက်က ဘာလဲဆိုတော့၊ ကျုပ်တို့အခြေအနေက ဘာလဲဆိုရင်၊ ကျနော်ပြောတဲ့ မိန့်ခွန်းမှာ ကျနော်တို့ ပြောခဲ့တာက ထောင်ထဲမှာ ရှိတဲ့ကာလရော၊ အပြင်မှာ ရှိတဲ့ ကာလတုန်းကရော ပြောခဲ့တာက မူလဘူတ မူဝါဒများသို့ ဆိုတဲ့ ကြွေးကြော်သံနဲ့ မူလ မူဝါဒတွေကို မစွန့်နိုင်ဘူး။

မူလ မူဝါဒဆိုတာက မတရားတဲ့ အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့ အစိုးရမျိုးကို လက်မခံဘူး၊ အာဏာရှင်စနစ်ကို လက်မခံဘူး၊ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ကျနော်တို့ မျှော်မှန်းတယ်၊ တည်ဆောက်မယ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပြန်လည်တည်ဆောက်မယ်၊ ဒီမိုကရေစီစနစ်ကို ထူထောင်မယ် စတဲ့ ဒီလိုဟာတွေက အခြေခံမူဝါဒတွေ။ ဒီလို မူဝါဒတွေကို မစွန့်ဘူး။

အလားတူပဲ အခြေခံ မူဝါဒတွေ မစွန့်သလို၊ အခြေခံ တောင်းဆိုချက်တွေ ဖြစ်တဲ့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါ၊ ပြည်သူ့လွှတ်တော်ကို ခေါ်ပါ၊ တွေ့ဆုံဆွေးနွေးရေး ကျင်းပပါ၊ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပါ၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးပါ ဆိုတဲ့ တောင်းဆိုချက်တွေကိုလည်း ကျနော်တို့ မစွန့်ဘူးဗျ။ ဒါက ကျနော်ပြောခဲ့တဲ့ မိန့်ခွန်း အစိတ်အပိုင်းတခု။ အချက်တစ်ပေါ့ဗျာ။

ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ဒါက အခြေခံပါပဲ။ သို့သော် ဒါတွေကို စိုက်လိုက်မတ်တတ် အတင်းဆုပ်၊ အတင်းညှစ်ပြီးတော့၊ အသေဆုပ်ကိုင်ပြီးတော့ မလွှတ်တမ်း ကိုင်နေတာမဟုတ်ဘူး။ သင့်တင့်တဲ့ အပြောင်းအလဲနဲ့ အလျှော့အတင်းနဲ့ လုပ်မယ်၊ လုပ်တတ်တယ်။ ကျနော်တို့ လုပ်ဖို့ရည်ရွယ်ချက်ရှိတယ် ဆိုတာကို ကျနော်တို့က ပြောတာ။ ဒီအချိန်မှာ ညီညွတ်ဖို့ လိုပါတယ်။ ဒါပေမယ့် တိုင်းပြည်ထဲမှာဗျာ သူတို့ စစ်အစိုးရက အမျိုးမျိုးကို အငြှိုးအတေးနဲ့ ခွဲနေတာ။ ကျနော်တို့ထဲကို ခွဲတယ်ဗျာ၊ လူလူချင်း ခွဲတယ်ဗျာ၊ မြို့နယ် မြို့နယ်ချင်း ခွဲတယ်ဗျာ၊ တိုင်း တိုင်းချင်း ခွဲတယ်ဗျာ စသည်ပေါ့ဗျာ။ တခြားသော ပါတီများနဲ့လည်း ခွဲတယ်၊ တခြားသော လူမျိုးစုတွေနဲ့လည်း ခွဲတယ်။ အဲဒီလို သေးစိတ်မွှားပြီးတော့ သွားရအောင် လုပ်နေပါတယ်။ ဒီအခြေအနေမှာ ကျနော်တို့က ညီညွတ်ရေး လုပ်ကြရမယ်။

ကောင်းပြီ၊ အနိမ့်ဆုံးအားဖြင့် ညီညွတ်ရေး လုပ်နိုင်တဲ့ အနေအထားမရှိဘူး၊ အားမရှိဘူး ဆိုရင်တောင်မှ မကွဲပြဲအောင် လုပ်ကြပါ။ မတူဘူးနော်။ ညီညွတ်ရေးလုပ်တယ်ဆိုတာက ဆက်ပြီးတော့ မြင့်သွားအောင် တည်ဆောက်တာ။ မကွဲပြဲအောင်ဆိုတာက အောက်အခြေခံကနေပြီးတော့ ခိုင်မာနေအောင်လုပ်တာ။ ဒါကြောင့် အကွဲအပြဲ မခံနိုင်ဘူး။ အဲဒါကြောင့် ကျနော် ပြောတာက ညီညွတ်ရေးလုပ်ကြမယ်၊ သို့မဟုတ်ရင် အနိမ့်ဆုံးအားဖြင့် မကွဲပြဲအောင် လုပ်ကြရမယ်။ ဒါက ဒုတိယအချက် ပြောတာ။

နောက်တချက်က ဘာလဲဆိုတော့ ကျနော်တို့ ဗမာပြည်မှာ နှစ်ပေါင်းများစွာအတွင်းမှာ ကျနော်တို့ နိုင်ငံရေးဟာ ဘယ်လိုဖြစ်လဲဆိုတော့ နိုင်ငံရေးပြဿနာတွေ ပြောကြတယ်၊ ဆိုကြတယ်၊ တောင်းဆိုကြတယ်၊ လုပ်ကြတယ်။ တခါတလေ လူထုကို မေ့မနေနဲ့၊ လူထုရဲ့ အရေးအရာတွေကို လျစ်လျှူရှုမနေနဲ့။ လူထုရဲ့ ဘဝတွေမှာ ပါဝင်ဆင်နွှဲရမှာ၊ ရှေ့ဆောင်ရှေ့ရွက် လုပ်ရမယ့်နေရာမှာ အားနည်းနေတယ်ပေါ့ဗျာ။ ကျနော်တို့ ညီညွတ်ရေးလုပ်မယ်ဆိုတာဟာ ကိုယ့်ရဲ့ အိမ်တွင်း၊ ကိုယ့်ရဲ့ မိသားစု အသိုက်အဝန်းကို ဖျက်ပြီးတော့ လမ်းပေါ်ထွက် ရပ်ကွက်ထဲ ဝင်ပြီးတော့ လုပ်တယ်ဆိုကတည်းက ရပ်ရေးရွာရေးပဲဗျ။ အဲဒီရပ်ရေးရွာရေး ဆိုတာကလည်း အမှန်အတိုင်း ပြောရရင် နိုင်ငံရေးပဲဗျ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ဘာအတွက် လုပ်တာလဲ၊ လူတွေအတွက် လုပ်တာဗျ။ လူတွေအတွက် လုပ်ရင်းကနေပြီးတော့မှ ဒါ့ထက်ပိုပြီးတော့မှ နိုင်ငံရေးမှာ အားရှိလာအောင်၊ စနစ်ကျလာအောင်၊ နည်းမှန်လမ်းမှန်တွေ ဖြစ်အောင် စသည်ပေါ့ဗျာ။

အဲဒီအတွက် မူဝါဒတွေ ရှာကြတယ်၊ သဘောတရားတွေ ရှာကြတယ်၊ နည်းလမ်းတွေ ရှာကြတယ်။ အဖွဲ့အစည်းတွေ ထူထောင်ကြတယ်။ နောက်တခါ တခြားသော နိုင်ငံများနဲ့ ကုလသမဂ္ဂနဲ့ စတဲ့ဟာနဲ့ ဆက်ဆံကြတယ်။ သို့သော် အခြေခံအားဖြင့်က လူတွေကိစ္စ။ ကျနော်တို့ ဘယ်လိုလဲဆိုတော့ အန်အယ်ဒီ ဆိုလို့ရှိရင် လူထု လူထုလို့ ပြောတဲ့အခါမှာ လူထုက တုံ့ပြန်မှုအားနည်းတဲ့အခါ ရှိတယ်။ လူထုက ကျနော်တို့ဘက်မှာ အများကြီး ရှိသော်ငြားလည်း၊ တခါတလေ လူထုကလည်း ငြိုငြင်တာ မဟုတ်ရင်တောင်မှ စိတ်ပျက်တဲ့ဟာတွေ ရှိတယ်။ ဘာဖြစ်လို့ ဒီလိုဟာမျိုး ဖြစ်ရလဲဆိုတဲ့အခါကျတော့ လူတွေရဲ့ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ အခွင့်အရေး အမျိုးစုံ၊ တိုင်းပြည်ကြီးမှာ လူတိုင်းလိုလို ဘဝပျက်နေတယ်ဗျာ။ လူတွေရဲ့ စားဝတ်နေရေး ပြဿနာတွေ၊ လူတွေရဲ့ ကျန်းမာရေး ပညာရေး စတဲ့ ပြဿနာတွေ၊ လူတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ဆည်းကပ်မှုဆိုတဲ့ ပြဿာနာမျိုးတွေ၊ လူတွေရဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှား ပြောဆိုရေးသားခွင့် ဆိုတဲ့ ပြဿနာမျိုးတွေ၊ လူ့အခွင့်အရေး ပြဿနာတွေ။ ဒါတွေအကုန်လုံးမှာ ဆုံးရှုံးနေတယ်ဗျာ၊ ပျက်ပြားနေတယ်ဗျာ။

အဲဒီအခါမျိုးမှာ တခါတလေ ကျနော်တို့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေဟာ လူထုရဲ့ ကိစ္စကို မပြောနိုင်ဘူး။ တခါတလေ ကုလသမဂ္ဂတို့၊ တခါလာ နအဖ၊ တခါလာ အာဆီယံ၊ တခါလာ အီးယူ ဆိုတဲ့ဟာတွေလောက်ပဲ ပြေးနေသလို ဖြစ်နေတဲ့အခါကျတော့၊ အေးနေသလို ဖြစ်နေတဲ့အခါကျတော့ လူထုက နားမလည်နိုင်ဘူး။ ကျနော်တို့ကလည်း ကျနော်တို့ဟာ မှားသလားဆိုတော့ မှားတယ်လို့ မဟုတ်ဘူး။ ဒါတွေလည်း လုပ်ရမှာပဲ။ ကုလသမဂ္ဂနဲ့လည်း လုပ်ရမှာပဲ၊ အာဆီယံလည်း၊ အီးယူနဲ့လည်း၊ တရုတ်နဲ့လည်း၊ အိန္ဒိယနဲ့လည်း၊ ယိုးဒယား၊ အင်ဒိုနီးရှား စသည်အားဖြင့် လုပ်နေရမှာပဲ။

သို့သော် လူထုရဲ့ ဟာတွေမှာ ရှေ့ကနေ မားမားမတ်မတ် ရပ်ပေးရမယ်။ ရှေ့ကနေ ရပ်ပေးရမယ်၊ တိုက်ပွဲဝင်ပေးရမယ်၊ ရှေ့ဆောင်ရှေ့ရွက် လုပ်ပေးရမယ်။ အဲဒါတွေမှာ အားနည်းနေတာကို ကျနော်က ပြောတယ်။ ကျနော့်မိန်းခွန့်မှာ ၃ ချက်ပြောတယ်။ ဘာတွေလဲဆိုတော့ အခြေခံ မူဝါဒတွေ ကိုင်စွဲမယ်ဆိုတာရယ်၊ အခြေခံ တောင်းဆိုချက်တွေ ကိုင်စွဲမယ်ဆိုတာရယ်၊ ညီညွတ်ရေးဆိုတာရယ်နဲ့အတူ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ကြပါလို့ ကျနော်က တိုက်တွန်းချင်တယ်။

အဲဒါကြောင့် လူထုဘက်ကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်မှ လူထုက ကျနော်တို့ကို ပိုပြီးတော့ ဝန်းရံလာမယ်၊ ပိုပြီးတော့ အားဖြစ်လာမယ်လို့ ကျနော်တော့ ထင်တယ်။ အဲဒီ ၃ ချက်ကတော့ ခင်ဗျားမေးတဲ့ မေးခွန်းတွေထဲမှာ ကျနော် ထပ်ဖြည့်ချင်တဲ့ဟာပါပဲ။ ဒါပါပဲ။

http://www.mizzimaburmese.com/
´