ကျားသေ နဲ့ မီဒီယာ
"သင်းကွဲတွေကို လူရာသွင်း။ ကျားသေကို အသက်သွင်းချင်နေကြသော ဂျာနယ်များ။" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေ့စ်ဘုတ်မှာ Chawchaw Mirror ရေးသားထားတာကို ကူးယူ ဖော်ပြပါတယ်။
ကျွန်မ နိုင်ငံရေးသမားတစ်ဦးလည်း မဟုတ် သလို အတိုက်အခံ အဖွဲ့အစည်းများ မှလည်းမဟုတ်ပါ။ စာပေဝေဖန်ရေးသမားလည်းမဟုတ်သလို အခုတလောမှာဂျာနယ်တွေရောင်းကောင်းနေလို့ စီးပွားပြိုင် မနာလိုတတ်တဲ့ သူတစ်ဦးလည်းမဟုတ်ပါ။ သို့သော် အမှန်တရားကိုတန်ဖိုးထားလေးစားသော။မိမိ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်ရှိသော
လွတ်လပ်ပြီး စစ်မှန်သောတရားမျှတမှုရှိတဲ့ ဒီမိုကရေစီ ကို လိုလားသူ ပြည်သူထဲမှပြည်သူတစ်ဦးပါဘဲ။
ကျွန်မ ပထမ တစ်ကြီမ်စာမှာဖေါ်ပြခဲ့သလို မဆလ ခေတ်ဆိုးစနစ်ဆိုးကြီးမှာကြီးပြင်းလာရပြီး၊ သမ၀ါယမ တန်းစီ စနစ်တွေနဲ့ ဆီတစ်ဆယ်သား။ ဆပ်ပြာတစ်ပိုင်းရဖို့ အရေး။ သမ၀ါယမဥက္ကဌ လက်မှတ် အပြေးယူ ရတဲ့ခေတ်၊ ပန်းဆိုးတန်းက ရူဘီ MART ဖြစ်သွားပြီဖြစ်တဲ့ ပြည်သူ့ကုန်တိုက် မှာ စစ်သားဂျိုင့်ထောင့် ဖြေပြတ်လက်ပြတ်သမားတွေ၊ သာမန်လူတန်းစားတွေ၊ဓာတ်ဆီကားတွေ တန်းစီးတိုးစားသလို ။တန်းစီလို့ ရတာလေးတွေ ကုန်တိုက်အောက်မှာ ပြန်ရောင်း၊ နယ်တွေမှာဆိုကောင်စီဥက္ကဌက ဘုရင်ဘဲ။ ဒီလိုစနစ်ဆိုးကြီးမှာ လူဖြစ်ခဲ့ ရတယ်။ ၁၀၀ကျပ်တန်ငွေစက္ကူတွေ မတရားအသိမ်းခံရ၊ ၂၅ကျပ်။၇၅ကျပ် တန်တွေ မတရားအသိမ်းခံရ။ ကိုဖုန်းမော် ကျောင်းသားအရေးအခင်းက စခဲ့ရတဲ့ ၁၉၈၈ လူထုအုံကြွမှုမှာ
ကျွန်မ စတ္တုထနှစ် တက္ကသိုလ် ကျောင်းသူတစ်ဦးပါ။ကျွန်မတို့ကျောင်းနေဘက်သူငယ်ချင်းတွေ တက္ကသိုလ်ကျောင်းသူ မိကောင်း ဖခင်သားသမီးတွေ အများကြီး လုံထိန်း တွေက မတရားပြုကျင့်ခံခဲ့ရတယ် ။ သွေးမျက်ရည်ကျခဲ့ရတယ်။ အင်းယားကန်ဘောင်ကန်လမ်းကနေ အချုပ်ကား။ထောင်ကားတွေ ထဲကို အတင်းအကြတ် ပြွတ်သိတ်တင်လို့ အချုပ်ကားထဲ မှာမွမ်းကြတ်ပြီးသေဆုံးခဲ့ရတဲ့ ကျွန်မတို့ ကျောင်း နေဘက်တွေ ရေကြည်အိုင် လို စစ်ထောက်လှမ်းရေး နေရာတွေမှာ ခဲဆိပ်ရေတွေသောက်။ ခေါင်းပေါ်မှာရေတစ်စက်ခြင်းချတာမျိုးတွေ။
ညအိပ်လို့ကောင်းတဲ့ နာရီပြန် ၂ ချက်တီး ကျမှအတင်းအဓမ္မနှိုး။ မဟုတ်တာကော ဟုတ်တာကော ညှင်းပန်းနှိပ်စက်ပြီးဝန်ခံခိုင်းတာတွေ။ ဒီလိုစိတ်ဒဏ်ရာတွေများစွာနဲ့ တစ်ချို့စိတ်မနှံ့ဖြစ်သွားတာမျိုးတွေ
(ဥပမာ။ ၁၉၈၈ မှာ အထက်တန်းကျောင်းသားဘ၀ဘဲ ရှိသေးတဲ့ ဗိုလ်တစ်ထောင် ၂ က ကျောင်းသားလေး။ဗိုလ်တစ်ထောင်ဘုရားလမ်းသွယ်မှာနေတဲ့ ဗိုလ်ရဲလှသား ကိုကျော်စွာ တို့လို (ကိုနေလင်း`၏ လူရှင်းသင်္ချိုင်း များ စာအုပ်ကိုဖတ်ဘူးတယ်ဆိုရင် ကိုကျော်စွာ ဟာထောင်ကျတုံးက အငယ်ဆုံး အဖြူအစိမ်းဝတ်ထားတဲ့ ကျောင်းသားကလေးတစ်ယောက်ပါ။ )
ကျွန်မ နဲ့ ကျွန်မ မိသားစုဝင်တွေ ဒီလိုမျိုး အနှိပ်စက် မခံရဘူးပါဘူး။ ထောင်ကျမခံရဘူးပါဘူး။ ( ချွင်းချက်။ ။ ၁၉၇၄ ဦးသန့်အရေးအခင်းမှာဘာနိုင်ငံရေး။အစိုးရဆန့်ကျင်ရေးတွေဘာမှ မလုပ်ခဲ့ဘဲ ဘုမသိဘမသိ နဲ့ ကျွန်မဦးလေးအငယ်ဆုံး အင်းစိန်ထောင်မှာထောင် ၆ နှစ်မတရား ကျခဲ့ဘူးတာကလွဲရင်ပေါ့။ ) အဲ့ဒီ့ခေတ်က အင်းစိန်ထောင်မှုးကြီးက မစ္စတာ မက်က်နန်းဆိုတဲ့ သူလို့ အမေ ပြောပြလို့ကျွန်မ မှတ်မိခဲ့တယ်။ ဘုမသိဘမသိတဲ့သူတွေတောင် ထောင်ချပြစ်တဲ့ မဆလခေတ်ဆိုးစနစ်ဆိုး အရှိန်ကြောင့် မဆလ တစ်ခေတ်လုံးမှာ ကျွန်မ တို့မိသားစုဝင်တွေ အစိုးရ စနစ်ဆိုးတွေကို မကျေနပ်ခဲ့ပေမဲ့ အလွန်အမင်း ရက်စက်မှု။လူမဆန်မှုတွေကို ကြောက်ရွံ့ခဲ့ရလို့။ အစိုးရဆန့်ကျင်ရေးတွေ နဲ့ ဝေးဝေးနေ တတ်လာခဲ့ပါတယ်။
၁၉၈၈ မှာ ကိုယ်တိုင်က တက္ကသိုလ်ကျောင်းသူ ဖြစ်လာခဲ့တော့ စာကြည့်တိုက်ရှေ့ ဟောပြောပွဲတွေမှာ ရှေ့ဆုံးကအားပေးခဲ့ရတာ။ ဘတ်စကားတောင်မရှိတော့လို့ လှည်းတန်းတက္ကသိုလ်ကျောင်းဝင်းကနေ ပုဇွန်တောင်အထိ လမ်းလျှောက်ပြန်ခဲ့ရဘူးပါတယ်။
၁၉၈၈ မှာ “ စစ်တပ်ဆိုတာ သေနတ်ကိုမိုးပေါ်ထောင်မပြစ်ဘူး။တည့်တည့်ပြစ်တယ် လို့ “နိုင်ငံတော် (ပြည်သူပိုင် ) မြန်မာ့အသံကနေ ခေါင်းပေါင်းစ တစ်လူလူ နဲ့ အသက် ၇၀ နီးပါး ခန့်ရှိတဲ့ လူကြီးတစ်ယောက်ပြောသွားခဲ့တာကို ကျွန်မ အသက် ၂၀ အရွယ်မှာ နားနဲ့ ဆတ်ဆတ် အံသြစွာကြားခဲ့ရတာပါ။ ဒီစကားကို ဘယ်သူပြောခဲ့ ပါသလဲ။ ( ပြည်သူတွေမေ့များနေတယ် ထင်ပါသလား လို့တော့ ဂျာနယ် ဆရာများ ကိုမေးချင်မိပါတယ်။ ) မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်ယူပြီး ။- ------- ကြားထဲမှာဘဲ ခေါင်းထောင်နေတဲ့သူ။ ဆွဒ်ဇလန် ဘဏ်မှာငွေသားပေါင်းများစွာနဲ့ ကိုယ်တိုင်က ဇိမ်အပြည့်ခံ။ ပြည်သူကို သမ၀ါယမ စနစ် နဲ့ တန်းစီတိုးခိုင်းတဲ့သူ။ သူလုပ်ခဲ့တဲ့ စနစ်ဆိုးအမွေတွေ။ သူ့နဲ့ တကွ သူ့သားစဉ်မြေးဆက်တွေရဲ့ လုပ်ရပ်တွေ ။ဆက်လက် အသက်ရှင်ခွင့်ပေးခဲ့တဲ့ စစ်အစိုးရ အမွေဆိုးတွေကို သတင်းစာ ဂျာနယ်သမားတွေ ဂျာနယ်သက်တမ်းနု သေးလို့ မသိတာလား။
ပြည်သူတွေ ခံစားခဲ့ရတဲ့ ခံစားချက်တွေ မျက်ရည်တွေကို ပြက်ရယ်ပြုတာလား။ လစ်လျုရှု မှေးမှိန်းအောင် လုပ်တာလား။ ကျွန်မ ဘယ်လိုနားလည်ရမှာလဲ။
(၁)။7 Days Journal က အတွင်းမျက်နှာစာ ထဲမှာ မဆလစနစ်ဆိုးရဲ့ တရားခံ အကြီးစား ခေါင်းပေါင်းစ တစ်လူလူနဲ့ ဓာတ်ပုံနောက်ခံပုံကြီးထားလို့။
သူတို့မျိုးဆက် ကအကောင်းစားဆိုဖာတွေမှာ အခန့်သားဟန်ပါပါ နဲ့ ထိုင်ပြီး အင်တာဗျုးခံနေတဲ့ပုံကို ထည့်သွင်းဖေါ်ပြတာ ။
(၂)။ Flower News Journal/ Vol-8 .No.3. January 17 ထုတ်မှာ ပါတဲ့ အလွန်ဆိုးဝါးသော စာသား ကောက်နှုတ်ချက်
“ ဗခက ဟောင်း---- အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသည့်သူများ--- လွတ်မြောက်။ ဆိုတဲ့ စာသားကို ဘယ်လိုနားလည်ရမှာလဲ။
(၃)။ Hot News Journal / January 19, 2012 နေ့စွဲထုတ် ဂျာနယ် ၏ အဆိုးဝါးဆုံး မျက်နှာဖုံးဓာတ်ပုံဖေါ်ပြမှု။ နှင့်
ပြည်သူ့အတွက် အတိုက်အခံလုပ်ပေးနေတာပါလို့ မိမိကိုယ်မိမိ ကင်ပွန်းတပ်ထားသော စစ်ဗိုလ်ချုပ်ကြီးဟောင်း ၏ သမီးတော် ဂျာနယ်တိုက် ပိုင်ရှင် အထက်တန်းစားလူ့အခွင့်ထူးခံခဲ့ရဘူးသူ သင်းကွဲသာကူးက ပြည်သူကပေးတဲ့လစာ နဲ့ တွက်ရင် တစ်လစာ မကတဲ့ ဆိုဖာကုလားထိုင် အကောင်းစားကြီး နဲ့ အပျံစား ဧည့်ခန်းမကြီး ထဲမှာ အခန့်သား စတိုင်အပြည့်နဲ့ ထိုင်နေတဲ့ ( စစ်ရာဇ၀တ်ကောင်တစ်ဦး ) ကို ကြမ်းပြင်အောက် ကျုံ့ကျုံ့ လေး ထိုင်ပြီး ( သူတို့ခေတ်က သုံးနှုန်းတဲ့ စကား နဲ့ဆိုရင် ) ဂါရ၀ပြု နေတဲ့ ( ပြည်သူ့ အသံတွေကို ရဲရဲဝင့်ဝင့်တင်ပြနေပါတယ်လို့ဆိုနေသူ သင်းကွဲဂျာနယ်လစ်ဇင်) မြင်တွေ့ဖတ်ရှုရတဲ့ ပုံတွေဟာ ပြည်သူ့ မျက်ရည်ကို ခြေနဲ့ ဆေး သလို ခံစားရပါတယ်။
ကျွန်မရေးထားတဲ့ ဆောင်းပါးပါအကြောင်းအရာ တွေဟာ လိုရင်သာလိုနေမယ်။ပိုတယ်များရှိသလား။ လောကပါလစောင့်နတ်မင်း နဲ့ တကွ သိကြားမင်းကို တိုင်တည်ပြီး။မဟာပထ၀ီမြေကြီးကို သက်သေအမှုပြု ပါတယ်။
စာဖတ်ပရိတ်သတ်တို့ မဆလစနစ်ဆိုး ကြီး နှင့်၎င်းစနစ်ကို အကောင်အထည်ဖေါ်ခဲ့ကြသည့် သူများ။(၁၉၆၂-၁၉၈၈)၊ စစ်အစိုးရ နှင့် န၀တ စစ်အစိုးရ စနစ်ကြီးကို အကောင်အထည်ဖေါ်ခဲ့ကြသည့်သူများ ( ၁၉၈၈-၂၀၁၁ ) ။ ၎င်းတို့၏ အဆွယ်အပါးအနွယ်ဝင်များအားလုံးဟာ
ကျွန်မတို့ချစ်မြတ်နိုးတဲ့ အမိမြန်မာနိုင်ငံတော်ကြီး နှင့် မှီတင်းနေထိုင်ကြ တဲ့ မြန်မာနိုင်ငံမှ ပြည်သူပြည်သားများအားလုံးကို ကမ္ဘာအလည် မှာ မျက်နှာမွဲ ဖြစ်ရလေအောင် ၊အနှိမ်ခံရ လေအောင်၊ပြုလုပ်ခဲ့ကြသူများ၊သမိုင်းတရားခံများ။ ရာဇ၀တ်ကောင်များဘဲ ဖြစ်ကြတယ်ဆိုတာကို ပြည်သူ့မျက်ရည် ကိုမှင်လုပ်ပြီး။ခံပြင်းလှတဲ့ ရင်ဘတ်ထဲက စကားတွေကို ကျွန်မ ထုတ်ဖေါ်ရေးသားပါတယ်။
သမိုင်းတရားခံ တွေ၊မဆလတွေ။စစ်ရာဇ၀တ်ကောင် နဲ့ အနွယ်ဝင်တွေ မမောက်မာခဲ့ပါဘူး။မရက်စက်ခဲ့ပါဘူး။ မတရားတာ မစားခဲ့ပါဘူး။ ပြည်သူ့ ပိုင်ပစ္စည်းကို အာဏာ နဲ့ အပိုင်မသိမ်းခဲ့ပါဘူး။ မိမိနေထိုင်နေတဲ့ အိမ်။ စီးနေတဲ့ ကား။ ပိုင်ဆိုင်မှုတွေအားလုံးဟာ။
နိုင်ငံတော် ဆိုတဲ့ ပြည်သူ့ ဘဏ္ဍာက ပေးတဲ့လစာ ငွေ နဲ့ ချစ်ခြုပ်ပြီးဝယ်ထားတဲ့ကားပါ။ အိမ်ပါ။ ချွေးနည်းစာတွေပါလို့ ပြည်သူတွေမျက်နှာကို တည့်တည့်ကြည့်ပြီး။ ရဲရဲရင်ဆိုင်ပြောရဲပါသလား။ တိုင်းပြည်ကို မရောင်းစားခဲ့ပါဘူး။မဟုတ်ခဲ့ပါဘူး။မလုပ်ခဲ့ပါဘူး ။ကျွန်တော်ကျွန်မတို့ကတော့ မပါပါဘူး လို့ ဘယ်သူငြင်းရဲမလဲ။ငြင်းပါ။
မငြင်းခင်မှာတော့ အမိမြန်မာပြည်က မြေကြီး ကိုလက်ထဲမှာ ဆုတ်ကိုင်ထားပြီး မှ မဟုတ်မမှန်တာ ပြောဆို လုပ်ကိုင်ခဲ့ ရင် အရှင်လတ်လတ် မြေပြိုပါစေ၊မြေမြိုပါစေ လို့ သစ္စာ ဆိုပြီးမှငြင်းချက်ထုတ်ပါ။
စာဖတ်ပရိတ်သတ်များ အားလုံးကိုယ်စားပြည်သူတစ်ယောက် အနေနဲ့ ကျွန်မ မေးခွန်းတွေမေးချင်ပါတယ်။ ပြည်သူ့အသံကိုလေးစားတယ်။ပြည်သူ့ဘက်ကရပ်တည်နေပါတယ်။ လို့ အသံကောင်းဟစ်နေကြသော ဂျာနယ် များရှင့် -
မိမိ တို့ရပ်တည် နေတဲ့ stand မှန်ကန်ပါသလား။ သွားနေတဲ့ လမ်းကြောင်း မှန်ကန်ပါသလား။ နဖူးပေါ်လက်တင်ပြီးစဉ်းစားမေးခွန်းထုတ်ကြည့်ပါ။ ပြည်သူ့အသံကို မလေးစားချင်နေပါ။ပြည်သူ့ ဘက်က မရပ်တည်ချင်နေပါ။ ပြည်သူကို မစော်ကားမိဖို့တော့လိုပါလိမ့်မယ်။
ကျွန်မတို့ တွေရဲ့ မျိုးဆက်သစ် ကလေးငယ် တွေကို သမိုင်းကြောင်း အမှန်ကိုလိမ်ညာပြီး သင်းကွဲတွေကို သူရဲကောင်းဟန် နဲ့ ဂေါပကလို။ တရားရှင် လိုလို ပွဲမထုတ်မိပါစေ နဲ့လိုတော့ အမှန်တရား ကိုရဲဝင့်စွာ ပြောဆိုရေးသားပါတယ်။
မီဒီယာလွတ်လပ်ခွင့်ဆိုပြီး တိုက်ခိုက်နေရဆဲ။ကြိုးစားရယူနေရဆဲ ဖြစ်တဲ့သတင်းဂျာနယ်လစ်များ။ဂျာနယ် အယ်ဒီတာများ။ ဂျာနယ်များ ။
ကျွန်မရေးသားထားတဲ့ ဆောင်းပါးပါ အကြောင်းအရာတွေကို လူကြီးမင်းတို့ ဂျာနယ်တွေမှာ ရဲရဲဝင့်ဝင့် ထည့်သွင်း ဖေါ်ပြရဲပါသလား။
နိုင်ငံတော်ပိုင် သတင်းစာတွေ မှာ ၁၉၈၉ ကထဲ က မမြင်ချင်မှ အဆုံး မြင်ခဲ့တွဲ့ခဲ့ရတဲ့ ဒီလူ နဲ့ မိသားစု ၀င်တွေရဲ့ မျက်နှာကို ပြည်သူ့ဘက်တော်သားလို့ကြွေးကြော် နေတဲ့ ဂျာနယ် တွေ မှာလဲ ထပ်တွေ့ထပ်မြင်နေရဦးမယ် ဆိုရင်တော့ အော်ဂလီဆန်ပါတယ် ဂျာနယ်ဆရာတွေရယ်။ ပြည်သူ့ မျက်ရည်ကို မသုတ်ပေးချင်နေကြပါ။ ခြေတော့ မဆေးလိုက်ကြပါနဲ့။ ဆရာတို့ရေ။
သင်းကွဲ တွေကို တရားရှင်လိုလို။သူတော်ကောင်း လိုလို။ ပွဲ ထုတ်တာကို လက်မခံနိုင်ပါဘူး။
ကျွန်မ လူ့အခွင့်အရေးဆိုတာကို အလွန်လက်ခံပါတယ်။လေးစားပါတယ်။ လူသားတိုင်းမှာ လွတ်လပ်ခွင့်ရှိ ရမယ်။ လူသားတိုင်း လွတ်မြောက်မှု ကို လိုလားတယ်။ လူသားချင်းစာနာစိတ်ရှိရမယ်။ ဒါတွေကို လက်ခံပါတယ်။
သင်းကွဲတွေ။သူတို့တွေ လွတ်မြောက်ခြင်းအပေါ်မှာ မနာလိုစရာ မရှိသလို။ ဘာခံစားချက်မှတစ်စုံတစ်ရာ ၀မ်းနည်းဝမ်းသာ မရှိတာတော့ အမှန်ဘဲ။ ဒါပေမဲ့ အမွှန်းမတင်သင့်တဲ့ သူတွေကို ချီးတန်ဆာဆင်ပြီး အမွှန်းတင်တာ ဟာ ပြည်သူ့မျက်ရည်ကို လှောင်ပြောင်တာဘဲ။ စော်ကားတာဘဲ လို့ တော့ပြည်သူတစ်ယောက် အနေနဲ့ လွတ်လပ်စွာမြင်တယ်။
လွတ်လပ်စွာနေထိုင်ပြောဆိုလုပ်ပိုင်ရေးသားခွင့်တွေ။ နိုင်ငံတော်သမ္မတက စလို့ တိုင်းပြည်ခေါင်းဆောင် မည်သူကို မဆို အဘက်ဘက်က မျက်နှာမလိုက် ဘက်မလိုက်ဘဲပြောဆို ဝေဖန်ထောက်ပြရဲရမယ်။ အမှန်တရားကို ထုတ်ဖေါ် ပြသရဲရမယ်။
နောင်လာနောင်သား မျိုးဆက်သစ် တွေကို လိမ်ညာဖုံးကွယ်ထားတဲ့ သမိုင်းကြောင်း အမှားတွေကို သိသိကြီးနဲ့ ဆက်ညာပြီးအဆိပ်ပင်ရေလောင်းနေမယ်ဆိုရင် ----- တိုင်းပြည်တာဝန် ကျေပြွန်တဲ့ ပြည့်သူ့ အသံကိုလေးစားသော၊ပြည်သူ့ ကို ကိုယ်စားပြုသော ဂျာနယ် တွေပါ လို့ မိမိ တို့ကိုယ် မိမိ တို့ ပြောရဲပါသလား။
( စစ်ရာဇ၀တ်ကောင်ဟောင်း နှင့်မိသားစုဝင်တွေ။မဆလ စနစ်ဆိုးကိုဖန်တီးခဲ့တဲ့ ဆွေးတော်မျိုးတော် အနွယ်ဝင်တွေဟာ )) အခွင့်ထူးခံလူတန်းစားခြင်း အတူတူ ပခုံးချင်း သွားယှဉ်မိလို့ အကျဉ်းချခံရတာလား။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရတာလား ။ သူတို့တွေဟာ သင်းကွဲ တွေ မဟုတ်ဘူးလား ဆိုတာကို သဲကွဲစွာ မတင်ဆက်နိုင်ဘူးဆိုရင်တော့။
ချော်လဲရောထိုင်။ကျားသေကို မသိမသာ အသက်သွင်း ။ရပ်တည်ချက်မမှန်သော သင်းကွဲ သာကူး လူတန်းစားတစ်ရပ်ကို ဒီမိုကရေစီ ခေတ်မှာ ပြောင်ပြောင်ထင်ထင် အရေခြုံထွက်ကပြတဲ့ ပြည်သူမျက်ရည်ကို ခြေဆေးနေသော ဂျာနယ် များလို့ဘဲ ပြင်းထန်စွာ ဝေဖန်ချင်ပါတယ်။
ကျွန်မ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း မထောက်ခံပါ။ မဝေဖန်ပါ။ နိုင်ငံရေးပါတီများအားလုံးကိုလည်း မထောက်ခံပါ။မဝေဖန်ပါ။ စနစ်ဆိုးခေတ်ဆိုးကြီး များကို ကျင့်သုံးခဲ့ကြသူ သမိုင်းတရားခံ များအားလုံး။အခွင့်အထူးခံလူတန်းစားများ အားလုံးကို အလွန်ရွံ့ရှာ မုန်း တီး နာကျည်းသော ပြည်သူထဲက ပြည်သူ့ ဘက်တော်သား အမှန်တရားကိုချစ်မြတ်နိုးလေးစားသူ ပြည်သူ တစ်ယောက်ပါ။