{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Wednesday, September 02, 2009

{ အမေကျော် ဒွေးတော်လွမ်း၊ တလွဲဆံပင်ကောင်း၊ ဒေါင်းယောင်ဆောင် ကျီးမိုက် }

အမေကျော် ဒွေးတော်လွမ်း၊ တလွဲဆံပင်ကောင်း၊ ဒေါင်းယောင်ဆောင် ကျီးမိုက်
သီဟသူ (ကမ္ဘောဇ)
ကာတွန်း - ဟန်လေး (ဧရာဝတီဝက်ဘ်ဆိုက်)

ကျနော်တို့ ငယ်ငယ်တုန်းက “ကြောင် ဘယ်သူခြူဆွဲ၊ အဖြူ မည်သူအမဲဆိုးသလဲ” ဆိုတဲ့ စာတွေ ထင်ရှားခဲ့ပါ တယ်။ စာရေးဆရာ မောင်သာရနဲ့ ဆရာမင်းကျော်တို့ ပေးခဲ့တဲ့ စာအုပ်အမည်တွေ ထင်ပါတယ်။

ခုတခါ အရွယ်ရောက်ခဲ့ပြီး မျက်မှောက်ကာလမှာလဲ အလားတူဇာတ်လမ်းတပုဒ်ကို (နအဖ) စစ်ကောင်စီအစိုး ရက ဖန်တီးခဲ့တာ မြန်မာသာမက ကမ္ဘာကပါ သိကုန်ပြီး ရွှေဉာဏ်တော်စူးရောက်လှပြီလို့ သူ့ကိုယ်သူ အထင် ကြီး၊ ဘ၀မြင့် ဘုရင်ရူးရူးနေတဲ့ ဗိုလ်သန်းရွှေတယောက် နောက်ဇာတ်လမ်းတခုဆက်ရေးပြီး ကမ္ဘာကို မျက်စိ လှည့်နေပြန်ပါပြီ။

ဒါကတော့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူ ဆန်းကြယ်တဲ့ စိတ်ကူးစိတ်သန်းနဲ့ လူထူးလူဆန်း တယောက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကို ခွင့်ပြုချက်မရဘဲဝင်ခဲ့ရာက အပြစ်မရှိတဲ့ နိုဘယ်ငြိမ်းချမ်း ရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်တခါ ထပ်ဆင့်တီထွင် ပြင်ဆင်တိုးမြှင့်တဲ့ နေအိမ်အကျယ်ချုပ် (သို့မဟုတ်) ဗိုလ်သန်းရွှေ စိတ်မထင်ရင် သူ့အပေါ် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို မကျိုးနွံခဲ့ရင် “ဆိုင်းငံ့အပြစ် ဒဏ်” ဆိုတဲ့ (သားရေကြိုး ဆိုင်းငံ့ထောင်ဒဏ်) တနှစ်ခွဲကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံစေရမယ့် ဖန်တီး ချက်ဖြစ်ပါတယ်။

တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံတွေရှိတဲ့ နအဖအကြီးအကဲ ဗိုလ်သန်းရွှေဟာ မြန်မာနိုင်ငံတိုင်းသူပြည်သားတွေရော ကမ္ဘာကိုပါ မျက်စိလှည့်နားလှည့် နိုင်ငံရေးကစားကွက်အမျိုးမျိုးကို က စားပြီး ကိုယ့်ရဲ့အာဏာပါဝါ သက်တမ်းရှည်ဖို့ ကြိုးစားနေပါတယ်။

ခုနောက်ဆုံး အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကို မယုံကြည်နိုင်လောက်အောင် မြန်မာ ပြည်ကိုလာခွင့် ရှောရှောရှူရှူပေးပြီး နေပြည်တော်မှာ ပြုံးပြုံးရွှင်ရွှင် ပျူပျူငှာငှာ လက်ခံတွေ့ဆုံ၊ နောက်ဆုံး ကု လအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလို ထင်ရှားကျော်ကြားသူ ခေါင်းဆောင်တဦးကိုတောင် တွေ့ခွင့်မပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခွင့်ပေး၊ အပြန်လက်ဆောင်အဖြစ် မစ္စတာယက်တောကို ထောင် (၇) နှစ်နဲ့ အလုပ်ကြမ်းထောင်ဒဏ်ချထားရာကနေ အိမ်ပြန်၊ လွတ်လပ်ခွင့်ပေးလိုက်တာဟာ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ ဗိုလ်သန်းရွှေရဲ့ လတ်တလော နောက်ဆုံးဇာတ်ကားဖြစ်ပါတယ်။

အစကချီပြီး တပိုင်းစီကြည့်ကြရအောင် …။

အဓိကဇာတ်ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် နေအိမ်အကျယ်ချုပ်ချမယ်ဆိုတဲ့ ဇာတ်လမ်းအ ခေါင်အထွဋ် (Climax) ရည်မှန်းချက်နဲ့ ဂျွန်ဝီလျံယက်တော ခေါ် နိုင်ငံခြားသားဇာတ်ကောင်တဦးကို ဇာတ်ရံအ ဖြစ် ထပ်ဖြည့်ပြီး ယုတ္တိမတန် အပေါ်ယံရွှေမှုန်ကြဲ၊ အကြံအဖန်တွေနဲ့ ကမ္ဘာတ၀ှမ်းလုံး စိတ်ဝင်စားအောင် “အ ယုတ်ပြ၊ အရွှန်းထင်၊ ရာဇ၀င်တွင်မဲ့ ဇာတ်ကားကြီး” ရိုက်ခဲ့တယ်လို့ ဆိုချင်ပါတယ်။

ပထမဆုံးအကြိမ် မစ္စတာယက်တော ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းထဲ ၀င်ခဲ့တဲ့ သတင်းကို နအဖ သိရတဲ့ အခါမှာ ဗိုလ်သန်းရွှေဟာ အကွက်ကောင်းဝင်ပြီလို့ ဆင်ကြံကြံ၊ လက်ခမောင်းခတ်ခဲ့မှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထပ်ဆင့်ထပ်ဆင့် နေအိမ်အကျယ်ချုပ်တွေ တိုးတိုးချနေရလို့ ပြစရာ အကြောင်းပြ ချက် ရှားပါစွာရှာနေရချိန်မှာ ဖင်လိမ်ကွင်းက ကချင်တဲ့ ဗိုလ်သန်းရွှေတယောက် ယက်တောလိုလူမျိုး ရှားတွေ့ ခြင်းဟာ သူ့အဖို့ တချပ်မှောက်ဖဲကစားသူ လိုချင်တဲ့ဖဲ ရသွားသလို အူမြူး ၀မ်းအသာကြီးသာပြီး စိတ်ထဲမှာ “ကျေးဇူးတင်လိုက်တာ ကိုယက်တော … ရယ်” တဖွဖွ ပြောနေမှာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူ့ရဲ့ ကျေးဇူးရှင်ကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ရော အပေးအယူလုပ်တဲ့ ခြေလှမ်းအစအနေနဲ့ ရော ယက်တောကို ရက်ရက်ရောရောကြီး အပြစ်ဒဏ်တွေ ပယ်ဖျက်၊ အမေရိကန်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ကို မျက်နှာလုပ်၊ အိမ်အပြန်လက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။ နောက်ထပ် လူတကာ (မြန်မာရော ကမ္ဘာမှာပါ) ထင်မြင်ချက်အမျိုးမျိုးတွေပေး၊ အကောင်းမြင် အဆိုးမြင်တွေ အားပြိုင်အလုပ်ရှုပ် တွေဝေအောင် လုပ်လိုက်ပြန်ပါပြီ။

နအဖဟာ သူတို့အကျိုးစီးပွား၊ သူတို့ကို အကောင်းစကားပြောမယ့် နိုင်ငံခြားသားကိုသာ ပြည်ဝင်ခွင့်ဗီဇာ အ လွယ်တကူ ပေးလေ့ရှိတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလိုလူတောင် သူတို့ကို အပြစ်တင် မယ့်စကား၊ အပေါ်စီးစကား ပြောမယ်ဆိုရင် မြန်မာပြည်လာခွင့် ပြည်ဝင်ခွင့်ဗီဇာ အလွယ်တကူ ပေးတာမ ဟုတ်ပါဘူး။ သူတို့လိုချင်တဲ့ (Preconditions) ကြိုတင်လိုက်နာရမယ့် စကားတွေ သဘောတူမှ လာခွင့်ပေး တာဖြစ်ပါတယ်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာတင်မျိုးဝင်းတို့က ဂျွန်ဝီလျံယက်တော ပထမအကြိမ် ခွင့်ပြုချက်မရ ဘဲ ၀င်ရောက်ခဲ့ခြင်းအပေါ် အာဏာပိုင်တွေကို သတင်းပို့တိုင်ကြား အစီရင်ခံခဲ့တာကို မထင်မရှား မသိကျိုး ကျွံပြုသလို အပြင်ဘန်းမှာရှိခဲ့ပေမယ့် ဗိုလ်သန်းရွှေနဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ကမ္ဘာကျော် ဇာတ်ကားတခုရိုက်ထုတ်ဖို့ အကြံကောင်းကြီး ရသွားတာပါပဲ။

တကယ်လို့သာ ဗိုလ်သန်းရွှေ မသေသေးဘဲ ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဖြစ်ခဲ့ရင် ဒါမှမဟုတ် မော်စီတုံး၊ ဗိုလ်နေ၀င်း၊ လီကွမ်ယူတို့လို ကန့်လန့်ကာနောက်ကွယ်က ကြိုးကိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီး ဆက်ဖြစ် နေခွင့်ရခဲ့ရင် မစ္စတာယက်တောကို သူကောင်းပြုပြီး “သတိုးသီရိသုဓမ္မာ မဟာသရေစည်သူ အဂ္ဂမဟာဥမ္မ ဇောတိက” မဟာ့မဟာရှည်လျားတဲ့ ဘွဲ့ထူးကြီးတွေ ဆက်ကပ် ကျေးဇူးဆပ်ဦးမှာပါ။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ယက်တော” တို့အမှု အဆုံးသတ်ပုံကိုလည်း ကြည့်ပါဦး။

အစပထမ ဥပေဒမှာ ချို့ယွင်းချက်တွေရှိလို့ဆိုပြီး ရက်ရွှေ့ဆိုင်း၊ ဇာတ်ရှိန်တင်၊ မွေးစားပထွေး ပေါက်ဖော်ကြီး ဆီကို ပြေးတိုင်ပင်၊ စစ်ကူတောင်းပြီး နောက်ဆုံး ဗေဒင်ဆရာပေးတဲ့ ရက် နာရီကို ဗြုန်းစားကြီး အရှက်မရှိ စီ ရင်ချက်ချမှတ်၊ ပြဇာတ်တိုက်ထားသလို မတရားသူကြီးမင်းများ ဇာတ်စင်မှ ထွက်ခွာ၊ လူကြမ်းမင်းသား မင်း တိုင်ပင် ကပ်ဖားဝန်မင်းက အမိန့်တော်ပြန်၊ ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျော ပြဇာတ် ကြီး။

ဇာတ်နာအောင်ကပြသလို မျက်နှာဖြူ လူထူးကြီးကို အဖြူမုန်းတဲ့ ဇာတ်ရှုပ်ဆရာကြီးက အလုပ်ကြမ်းနဲ့ ထောင် ဒဏ် (၇) နှစ်ပေးပြီး မစုလေးကိုတော့ ငါသနားချင်ယောင်ဆောင်ပြလိုက်မယ်ဆိုကာ သူတော်ကောင်း ‘ဒေါင်း’ ယောင်ဆောင်တဲ့ ‘ကျီး’ လို စာနာထောက်ထားမှု အမျိုးမျိုးတွေ အကြောင်းပြပေမယ့် နောက်ဆုံးမှာ ကြိုတင် စီ ရင်ချက်ချမှတ်ရေးပြီးဖြစ်တဲ့ “နောက်ထပ် နေအိမ်အကျယ်ချုပ် (သို့မဟုတ်) နိုင်ငံရေးမြင်ကွင်း (Political Arena) က ဖယ်ရှားထားရေး အစီအစဉ်” ကို ဖော်ထုတ်လိုက်တာပါပဲ။ တုတ်တဘက်၊ ရေတခွက်နဲ့ အာဏာပါး ကွက်သားက ရာဇ၀တ်သားကို သနားဟန် သရုပ်ဆောင် မင်္ဂလာအမှတ်ယူတာမျိုးပါ။

ငါဆင်တဲ့ဇာတ်ကွက် ဘယ်လောက်လှ ဘယ်လောက်ပိုင်သလဲလို့ ဗိုလ်သန်းရွှေတယောက် စိတ်ကြီးဝင်၊ ဘ၀င် ခေါက်ခိုက်ပေမယ့် ကျီးမိုက်ကြီးရဲ့ ဇာတ်လမ်းမှာ ပြန်လှန်မေးခွန်းထုတ်စရာတွေက တပုံတပင်ကြီးပါပဲ။

လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ “ဗိုလ်ချုပ်အောင်ဆန်း” ရဲ့ သမီးမို့လို့ဆိုတဲ့ စကားကိုသုံးရင်း အစကရော ဘာ ဖြစ်လို့ ခေါင်းဆောင်ကြီးရဲ့ သမီးလို မဆက်ဆံ၊ အသိအမှတ်မပြုဘဲ ခုတ်လို့ရတဲ့ ကြွက်ကလေးကို မစားသေး ဘဲ ဆော့ကစားတဲ့ ကြောင်အိုကြီးလို လုပ်ရတာလဲ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံ၊ ဗိုလ်နေ၀င်းရဲ့ပုံတွေ အကုန်ဖယ်၊ ငါ့ပုံသာချိတ်ဆိုပြီး ဘာဖြစ်လို့ နိုင်ငံခေါင်းဆောင် ကြီးအပေါ် မိုက်လုံးကြီး ရိုင်းစိုင်းယုတ်မာစွာ ဖယ်ရှားရတာလဲ။ ဘာဖြစ်လို့ လွတ်လပ်ရေးဗိသုကာကြီးနဲ့ ပတ် သက်သမျှ သတင်း၊ မီဒီယာ၊ ပြည်သူလူထုရဲ့ အာရုံမြင်ကွင်းက မှေးမှိန်ပပျောက်အောင် လုပ်ရတာလဲ။

အမျိုးကောင်းသားသမီးဆိုရင်၊ ဗုဒ္ဓဘာသာ သာကီဝင်နွယ်ဆိုရင်၊ သူတောင်ကောင်းဆိုရင် ဗုဒ္ဓဆုံးမ သြ၀ါဒစ ကားတွေနဲ့ ဆန့်ကျင်တာတွေ ဘာဖြစ်လို့လုပ်နေသလဲ။ ရှက်တတ်ရင် လဲသေလိုက်ဖို့ ကောင်းတယ်။

ဟန်ဆောင်ပန်ဆောင်နဲ့ အမှုစီရင်ချက်မှာ စကားလုံးလှလှတွေ သုံးခဲ့ပေမယ့် သုံးသမျှ ပြန်လှန်မေးချင်စရာ၊ မေးခွန်းတွေက တပုံကြီးရှိတဲ့အပြင် မင်းသားခေါင်းဆောင်းထားတဲ့အောက်က ဘီလူးရဲ့အစွယ်က ပြနေတယ်။ အဲဒါကတော့ ငါ့ကို ဦးမညွတ်၊ ငါ့စကား နားမထောင်ရင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁) နှစ်ခွဲပေးပြီး ထောင် ထဲမှာ သွားနေခိုင်းမယ်ဆိုတဲ့ အချက်ပါပဲ။

ခုတခါ အမေရိကန်လွှတ်တော်အမတ် လာမယ်ဆိုတော့ ဖုတ်သွင်းရထားဆိုက်သလို အကွက်ဝင်ပြန်ပြီ။ အာဆီ ယံ ဒီနှစ်အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က နအဖတင်းမာမှုတွေ ပျော့ ပျောင်း၊ ဒီမိုကရေစီအပြောင်းအလဲတွေ တကယ်လုပ်မယ်ဆိုရင် ပိတ်ဆို့မှုတွေဖယ်ရှား မြန်မာနိုင်ငံကောင်းစား ဖို့ ကူညီမယ်ဆိုတုန်းက ဟီလာရီကလင်တန်ကို မြန်မာသတင်းစာတွေမှာ ဝေဖန်လိုက်ကြတာ။ ခုကျတော့ ဂျင်မ် ၀က်ဘ်ကို “အပြုသဘောဆောင်သူ” လို့ မဟာချီးမွမ်းခန်းထုတ်နေပြန်ပြီ။ သူတို့နဲ့ ဂျင်မ်ဝက်ဘ် ဘာ ‘အပေးအ ယူ’ တွေ လုပ်ကြတယ်ဆိုတာတော့ သူတို့ပဲသိမှာပါ။ သေချာတာကတော့ “ပိတ်ဆို့မှု ဖယ်ရှားရေးကိစ္စ” မှာ အ ရေးပါတဲ့သူတယောက်ကိုတော့ မျက်နှာချိုသွေးပြပြီး မျက်လှည့်ပြဦးမှာပါ။

အမေရိကန်အစိုးရကတော့ ပြောင်ပြောင်ကြီး ပြောနေပါတယ်။ ဒီအမတ်ဟာ အမေရိကန်အစိုးရကို ကိုယ်စား ပြုတာ မဟုတ်ပါဘူးတဲ့။

အချုပ်ဆိုရရင် “ဒေါ်အောင်ဆန်းစုကြည်အမှု” ဆိုတဲ့ “ကလိန်စေ့ငြမ်းဆင်” ဇာတ်ကားကြီးရဲ့ အဓိကတရားခံ၊ ဇာတ်ကောင် ‘ယက်တော’ ကို သဘောထားကြီးစွာ ပြန်လွှတ်ပေးလိုက်ပြီး (‘ပြည်နှင်ဒဏ်ပေးလိုက်တယ်’ လို့ ကျယ်ကျယ်လောင်လောင်ပြောသံမကြားရ) ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အာဃာတကြီးစွာ အငြိုးအတေး ကြီးစွာနဲ့ နောက်ထပ် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ (သားရေကြိုးဥပဒေ) နဲ့ ဆက်ချထားတာတွေကတော့ တ လွဲဆံပင်ကောင်း၊ ခေါင်းပေါင်းပေါင်း သမ္မတလုပ်ချင်တဲ့သူ၊ အမေကိုကျော် ဒွေးတော်လွမ်းချင်တဲ့ (ကျီးမိုက် ဇာတ်ရှုပ်ကြီး) ရဲ့ ‘ဒေ၀ဒတ်’ ဉာဏ်တွေသာ ဖြစ်ကြောင်းပါ။

သီဟသူ (ကမ္ဘောဇ)
´