{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Wednesday, September 30, 2009

{ပြည်သူတွေက သိကြတယ်}(Click)


ပြည်သူတွေက သိကြတယ်

ဝရဇိန်

၃၀ စက်တင်ဘာ ၂၀၀၉
line

အခုတလော နအဖတို့က သူတို့ရဲ့ကြေးစားဆောင်းပါးရှင်တွေကတဆင့် ၂၀၁၀ ရွေးကောက်ပွဲတီးလုံးကို ခပ်မြိုင်မြိုင် ခပ်သွက်သွက်ကလေး တီးလာချိန်မှာ ပြည်တွင်းက ‘ဖိုးက,ချင်’ များကလည်း ‘ဆိုင်းသံကြားရင် က,ချင်ချင်’ ဆိုတဲ့ စကားလို လှုပ်လှုပ်ရွရွ ဖြစ်နေတာတွေကို ကြားနေတွေ့နေရတယ်။

တကယ်တော့ နအဖရဲ့ အဲဒီ “၂၀၁၀ မျက်လှည့်ရုပ်စုံသဘင်မဟာစင်တော်ကြီး” ဇာတ်အဖွဲ့ဟာ ‘အနှစ်ဗလာ အကာပြဲ့ပြဲ့’ ကျီးအာသီးသာဖြစ်တယ်ဆိုတာ မြန်မာပြည်သူတရပ်လုံးသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ သိထားကြတာပါ။ ဒါကို အဲဒီဖိုးက,ချင်တွေ မသိဘူးဆိုရင်တော့ အံ့သြစရာပဲ။ ၁၉၈၃ ခုနှစ်တုန်းက ပြည်ပက ပြန်ရောက်အလာ မနီလာလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရတဲ့ နီနွိုင်းအကွီနိုဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတဦးက အဲဒီအမှုကို စစ်ဆေးနေတဲ့ တရားသူကြီးတွေကို တရားရုံးမှာ ပြောတဲ့စကားကိုပဲ ပြန်အမှတ်ရမိတော့တယ်။

နီနွိုင်းအကွီနိုကို ဘယ်သူသတ်သလဲဆိုတာကို ရှည်လျားထွေပြား ပေများစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှည့်ပတ်မေးမြန်း စစ်ဆေးကြားနာနေတဲ့ တရားသူကြီးတွေကို အမြင်ကပ်လာတဲ့ အဲဒီရှေ့နေကြီးက အငေါ်တူးပြီး ပြောလိုက်တဲ့စကားပါ။ သူပြောလိုက်တာက “ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျား … နီနွိုင်းအကွီနိုကို ဘယ်သူသတ်သလဲဆိုတာကို ဖိလစ်ပိုင်နိုင်ငံ တနိုင်ငံလုံးက သိနေကြပါပြီ။ မသိတာဆိုလို့ လူကြီးမင်းတို့ တရားသူကြီးတစုပဲ ကျန်ပါတော့တယ်” လို့ ဖြစ်ပါတယ်။ အခုလည်း နအဖရဲ့ မျက်လှည့်သဘင်အကြောင်း မသိတာဆိုလို့ အဲဒီဖိုးက,ချင် တစုပဲ ရှိမယ်ထင်ပါရဲ့လို့ ပြောရပါတော့မယ်။

နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲတီးလုံးကို “တက်ခနီကာလာ” စကားလုံးတွေသုံးပြီး ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ စည်းချက်လိုက်ပေးနေကြသူတွေထဲမှာ အဲဒီဖိုးက,ချင်တွေက ပထမဆုံး ရှေ့ကို တိုးထွက်လာတာဖြစ်တယ်။ အဲဒီတက်ခနီကာလာ စကားလုံးတွေထဲမှာ အခြေခံဥပဒေ မရှိတာထက် ရှိတာက ပိုကောင်းတယ်၊ နိုင်ငံရေးအမြင် ပြောင်းသွားပြီ၊ အထိုင်သစ်မှာ ဗျူဟာအသစ်နဲ့ သွားရမယ်၊ ၂၀၀၈ အခြေခံဥပဒေကို မထောက်ခံဘူး၊ ဒါပေမယ့် တခြားရွေးစရာ မရှိတော့လို့ ဒါကိုပဲ လက်ခံရမယ်။ အများကြိုက် လက်ခုပ်ချူ နိုင်ငံရေးခေတ်မရှိတော့ဘူး။ နအဖ လက်ပါးစေနဲ့ ၀ိုင်းတော်သားတွေကို မဲမပေးချင်တဲ့ မဲဆန္ဒရှင်ပြည်သူတွေအတွက် ထည့်စရာမဲပုံး ဖန်တီးပေးရမယ် စသဖြင့် စုံတကာစေ့အောင် ပါဝင်တယ်။

အဲဒီတက်ခနီကာလာ စကားလုံးတွေအားလုံးမှာ အရိပ်ထင်နေတဲ့ ကျောရိုးအတွေးအခေါ် ကတော့ “နိုင်ငံရေးဆိုတာ ဖြစ်နိုင်တာကိုသာ လုပ်ရတဲ့လုပ်ငန်းဖြစ်တယ်” ဆိုတဲ့ အယူအဆပဲဖြစ်တယ်။ ဒီအယူအဆက နအဖကိုယ်တိုင်ကလည်း နှပ်ကြောင်းပေးနေတဲ့ အယူအဆပါ။ “မပြေးသော်လည်း ကန်ရာရှိ” ဆိုသလို နအဖနဲ့ ရပ်တည်ချက် သဘောထားချင်းတူနေတဲ့ အဲဒီတက်ခနီလာ စကားလုံးပိုင်ရှင်များရဲ့ အယူအဆက ဒီလိုပါ။ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို ရာစုတ၀က် နီးပါးကြာ နည်းလမ်းအမျိုးမျိုး တိုက်ပွဲဆင်ခဲ့ကြပြီးပြီ၊ အခုအထိ မနိုင်သေးဘူး၊ မနိုင်တဲ့အပြင် လက်ရှိအခြေအနေမှာ စစ်အုပ်စုရဲ့ အင်အားက မိမိတို့ထက် အဆမတန်သာနေတယ်၊ ဒါကြောင့် ဒီလိုအခြေအနေမှာ စစ်အုပ်စု ပေးသလောက်ပဲယူ၊ ကျွေးသလောက်ပဲစားပြီး အားမွေး၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲရောက်၊ နောက်မှ ဒီမိုကရေစီ စည်းဝိုင်းကို ဖြည်းဖြည်းချင်း ချဲ့ယူပြီး အခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့အထိရောက်အောင် စိတ်ရှည်ရှည်နဲ့သွား၊ နောက်ဆုံးမှာ စစ်အာဏာရှင်စနစ်ကို အခြေခံဥပဒေအရ ဖျက်သိမ်း၊ အဲသလိုဖြစ်ပါတယ်။

အံ့သြစရာကောင်းတာက အဲသလိုကြွေးကြော်ပြီး ပထမဆုံး ရှေ့တန်းထွက်လာသူတွေထဲမှာ မြန်မာ့နိုင်ငံရေးလောကမှာ အစဉ်အလာနဲ့ အတွေ့အကြုံ တစုံတရာရှိခဲ့သူ ဦးသုဝေတို့လို ပုဂ္ဂိုလ်တချို့ ပါဝင်နေလို့ပါပဲ။ ဒါပေမယ့် အံ့သြစရာ မဟုတ်ရပြန်တာကတော့ ၁၉၈၈ ခုနှစ် န၀တရဲ့ ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပေါ်လာတုန်းကလည်း ၈၈ အရေးတော်ပုံကြီးအချိန်အခါနဲ့ အကိုက်ညီအသင့်လျော်ဆုံး တောင်းဆိုမှုဖြစ်တဲ့ “ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး” ကို ပထမဆုံးလွှတ်ချပြီး ပထမဆုံး အလံဖြူတင် ပါတီတည်ထောင် မှတ်ပုံတင်ခဲ့သူဟာလည်း ဦးသုဝေတို့ တစုဖြစ်နေခဲ့လို့ပါပဲ။

ဒီနေရာမှာ မိမိတို့အနေနဲ့ ဦးသုဝေအုပ်စု အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲဝင်ပြီး စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ လုပ်ဆောင်ကြမယ်ဆိုသူအားလုံးရဲ့ စေတနာတွေ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်လို့ အငြင်းမပွားလိုဘူး။ မိမိထောက်ပြဆွေးနွေးလိုတာက သူတို့ရဲ့ တွေးပုံတွေးနည်း (Way of Thinking) နဲ့ သူတို့ရွေးချယ်တဲ့ နည်းလမ်းများ (means) အကြောင်းဖြစ်တယ်။

“ဖြစ်နိုင်တာလုပ်တာ နိုင်ငံရေး” ဆိုတဲ့ အဆိုကို မိမိလည်း သဘောတူတယ်။ ဒါပေမယ့် ဒီကနေ့လက်ရှိအခြေအနေမှာ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့ နည်းလမ်းသာလျှင် တခုတည်းသောဖြစ်နိုင်တဲ့ နိုင်ငံရေးဆိုတဲ့ အယူအဆကိုတော့ မိမိသဘောမတူဘူး။ အဲဒီလို သဘောမတူဖို့အတွက် ခိုင်မာတဲ့အကြောင်းအချက်တွေ အများအပြား ရှိနေတယ်လို့ မိမိယူဆတယ်။

အဲဒါတွေထဲမှာ အရေးအကြီးဆုံး အချက်ကတော့ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားတွေရဲ့ ရပ်တည်ချက်ပဲ။ ဒီကနေ့ မြန်မာနိုင်ငံမှာ တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ အဓိကနေရာက ပါဝင်နေသူ (Stake holder) ရယ်လို့ တွက်ကြည့်ရင် (၃) ဦးပဲရှိတယ်။ အဲဒါကတော့ နအဖ ရယ်၊ အန်အယ်လ်ဒီရယ်၊ တိုင်းရင်းသားခေါင်းဆောင်တွေရယ် ဒီ (၃) ဦးပဲဖြစ်တယ်။ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အနေအထား မှိန်ဖျော့အားနည်းသွားစေဖို့ ရည်ရွယ်ချက်နဲ့ နအဖ က အနှစ်နှစ်ဆယ်လုံးလုံး ကြိုးစားပမ်းစားနဲ့ အခြား Stake holder တွေ အများအပြား ရှိနေသယောင် ဖန်တီးထားခဲ့ပေမယ့် မြန်မာပြည်ရဲ့ကံကြမ္မာကို အဓိက အဆုံးအဖြတ်ပေးမှာကတော့ အဲဒီအုပ်စု (၃) စုပဲဖြစ်တယ်ဆိုတာကို မြန်မာပြည်သူတွေကလည်း သိတယ်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း သိတယ်။ အရေးပါတဲ့ Stake holder တွေထဲမှာ ဦးသုဝေတို့အုပ်စု အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲကို မျက်စပစ်နေသူ ဘယ်သူမှမပါဝင်ဘူး။ ကုန်ကုန်ပြောရရင် နယ်စပ်က လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ (အပစ်ရပ်ရော၊ အပစ်မရပ်ပါ) တောင် မပါဝင်ဘူး။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက အဲဒီအုပ်စု (၃) စုပဲ ဖြစ်တယ်။ အဲဒီ (၃) စုမှာမှ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက “ပြည်သူလွှတ်တော်ကိုယ်စားပြုကော်မတီ” (စီအာပီပီ) ဆိုပြီး တပ်ပေါင်းစုဖွဲ့ထားတာမို့ ဒီကနေ့ မြန်မာ့နိုင်ငံရေးကို အဆုံးအဖြတ်ပေးမှာက နအဖနဲ့ စီအာပီပီရဲ့ သဘောထားရပ်တည်ချက်တွေပဲဖြစ်တယ်။ နအဖဓာတ်ခွဲခန်းထဲက မွေးထုတ်ထားတဲ့ ဘက်တီးရီးယားတွေဟာ အရွယ်စုံ၊ အရောင်အသွေးစုံ၊ အမျိုးအမည်စုံပြီး အခုအချိန်မှာ မြန်မာ့အနာဂတ်အရေးအတွက် အရေးပါတဲ့ Stake holder တွေယောင်ယောင် မြင်နေကြရပေမယ့် မလိုအပ်တော့တဲ့အခါ နအဖ က ကြိမ်တချက်ဝင့်လိုက်တာနဲ့ အားလုံးပျောက်ကွယ်သွားကြမယ့် အရာတွေဖြစ်တယ်။

အဲဒီတော့ အထက်မှာ ဖော်ပြခဲ့တဲ့ နအဖနဲ့ စီအာပီပီဆိုတဲ့ Stake holder ကြီးနှစ်ခုတည်းရှိတဲ့ အခြေအနေမှာ တခုက လုံးလုံးလျားလျား သဘောမတူဘဲ ဆန့်ကျင်နေတဲ့ ကိစ္စတခုကို ကျန်တခုက ဇွတ်လုပ်မယ်လို့ ပြင်ဆင်နေတဲ့ အခြေအနေဟာ မြန်မာနိုင်ငံရဲ့ တခုတည်းသော ဖြစ်နိုင်ခြေ နိုင်ငံရေးလုပ်ငန်းစဉ်လို့ ဘယ်လိုလုပ်ဆိုနိုင်ပါ့မလဲ။

တကယ်တော့ နအဖ က စီအာပီပီကို သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ထောင်ချောက်ထဲ ၀င်လာအောင် အသံပေါင်းစုံ ဖန်တီးပြီး တောချောက်နေတာသာဖြစ်တယ်။ အန်အယ်လ်ဒီက ရွှေဂုံတိုင်ကြေညာချက်ကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ပြီး ရပ်ခံနေသမျှကာလ ပတ်လုံး နအဖရဲ့ အဲဒီထောင်ချောက်ဟာ ဘာတန်ဖိုးမှ ရှိလာမှာမဟုတ်ဘူး။ အန်အယ်လ်ဒီ သို့မဟုတ် စီအာပီပီ မပါဘဲ အဲဒီရွေးကောက်ပွဲကို နအဖ က ဇွတ်အတင်းကျင်းပလို့ ပြီးစီးသွားစေဦးတော့၊ အဲဒီရွေးကောက်ပွဲကနေ နအဖဟာ သူလိုချင်တာ ဘာတခုမှ ရမှာမဟုတ်ဘူး။ အဲဒါကို နအဖကိုယ်တိုင်လည်း သိနေတယ်။

အမှန်တော့ ‘ဖြစ်နိုင်တာ’ ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ဖွင့်ဆိုသူရဲ့ သဘောထား ရပ်တည်ချက်ပေါ်မှာသာ မူတည်တာဖြစ်ပါတယ်။ ဖွင့်ဆိုသူရဲ့ သဘောထားရပ်တည်ချက်က ‘ဖြစ်နိုင်တာ’ ဆိုတဲ့ စကားလုံးရဲ့ပမာဏကို ဆုံးဖြတ်တာဖြစ်ပါတယ်။

အညံ့မခံ အလံမလှဲတိုက်ပွဲကို ရဲရဲတိုက် အောင်ပွဲကို ရဲရဲရယူတဲ့ စိတ်ဓာတ်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေ ကမ္ဘာ့သမိုင်းမှာ အများအပြား ရှိခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း အဖြစ်အပျက်တခုအကြောင်း အရင်ဆုံး ပြောပြချင်တယ်။ ဂျာမဏီနာဇီနဲ့ အီတလီ၊ ဂျပန်ဖက်ဆစ်တပ်တွေက ကမ္ဘာ့ဒေသအများစုကို သိမ်းပိုက်စိုးမိုးထားကြတယ်။ လန်ဒန်မြို့ဟာလည်း ဂျာမန်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်နေလို့ စိစိညက်ညက်ကြေနေပြီ။ ပြင်သစ်လည်း ကျသွားပြီ။ အဲဒီအချိန်မှာ ဗြိတိသျှအစိုးရအဖို့ အလုပ်သင့်ဆုံး ဖြစ်နိုင်တဲ့ နိုင်ငံရေးကတော့ ဟစ်တလာနဲ့ စေ့စပ်ညှိနှိုင်းပြီး စစ်ပြေငြိမ်းဖို့ပေါ့။ ဟစ်တလာ သိမ်းပိုက်ထားတဲ့ နယ်မြေဒေသ မှန်သမျှကို ဟစ်တလာလက်ထဲ တရားဝင်အပ်နှင်းလိုက်ဖို့ပေါ့။ တနည်းပြောရရင် လက်နက်ချ အရှုံးပေးလိုက်ဖို့ပေါ့။ ဒါပေမယ့် အဲဒီလို ဗြိတိသျှကျွန်းစု ကိုယ်တိုင်အပါအ၀င် ဗြိတိသျှအင်ပါယာတခုလုံး နာဇီဖက်ဆစ်တွေရဲ့ ချေမှုန်းတိုက်ခိုက် သိမ်းပိုက်ခြင်း ခံနေရချိန်မှာ ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီရဲ့ ရပ်တည်ချက်ကို ကြည့်လိုက်ပါ။ “ဘယ်လောက်ပဲ အရင်းအနှီး ပေးရပစေ၊ ကျုပ်တို့ဟာ ပင်လယ်ကမ်းခြေတွေမှာ တိုက်မယ်၊ လေယာဉ်ကွင်းတွေမှာ တိုက်မယ်။ ကျုပ်တို့ဟာ လယ်ကွင်းတွေထဲမှာလည်း တိုက်မယ်၊ လမ်းမတွေပေါ်မှာလည်း တိုက်မယ်။ ကျုပ်တို့ဟာ တောင်တန်းတွေပေါ်မှာလည်း တိုက်မယ်။ ကျုပ်တို့ဘယ်တော့မှ လက်နက်မချဘူး” ("Whatever the cost may be, we shall fight on the beaches, we shall fight on the landing grounds, we shall fight in the fields and in the streets, we shall fight in the hills; we shall never surrender." ChurchillWe will never surrender) တဲ့။ အဲဒီနောက် ဗြိတိန်နိုင်ငံ ဘယ်လိုရပ်တည်ခဲ့သလဲ။ ဒုတိယကမ္ဘာစစ် ဘယ်လို အဆုံးသတ်သွားသလဲ။ အားလုံးသိကြတဲ့အတိုင်းပဲ။

နောက်အဖြစ်အပျက်တခုကတော့ ပိုလန်နိုင်ငံက အာဏာရှင်ကွန်မြူနစ်အစိုးရနဲ့ လက်ခ်ျဗာဝင်းဆား ဦးဆောင်တဲ့ အလုပ်သမားသွေးစည်းညီညွတ်ရေးသမဂ္ဂတို့ရဲ့ တိုက်ပွဲပါ။ ကွန်မြူနစ်အစိုးရရဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေရှိနေတဲ့ကြားက အဲဒီအဖွဲ့ဟာ မြေပေါ်တ၀က် မြေအောက်တ၀က် အနေအထားနဲ့ ကြံ့ကြံ့ခံလှုပ်ရှားခဲ့ပြီး တော်လှန်ရေးအခြေအနေ ရင့်မှည့်လာတဲ့အချိန်မှာ ပြည်သူကို ပြတ်ပြတ်သားသားဦးဆောင်ပြီး အောင်ပွဲကို အရယူခဲ့တာဖြစ်ပါတယ်။

နောက်တခုက ဆာဗီးယားနိုင်ငံက အတိုက်အခံတွေရဲ့လှုပ်ရှားမှု ဖြစ်ပါတယ်။ ဘောစနီးယားနဲ့ ခရိုအေးရှား နိုင်ငံတွေ ခွဲထွက်သွားပြီးတဲ့နောက် ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်း ကော့စတာနီဆာ ဦးဆောင်တဲ့ အတိုက်အခံတွေက မဲအသာရနေတဲ့အချက် ထင်ရှားပေါ်လွင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိသမ္မတ မီလိုစီဗစ်က အရှုံးကို ၀န်မခံဘဲ စစ်တပ်ကို အသုံးပြုပြီး သူ့အာဏာတည်မြဲရေးအတွက် ဉာဏ်နီဉာဏ်နက်တွေ ထုတ်နေပါတယ်။ အဲဒီအချိန်မှာ ကော့စတာနီဆာက ရွေးကောက်ပွဲမှာ သူအနိုင်ရရှိတယ်လို့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ကြေညာလိုက်ပါတယ်။ သူရဲ့ ရဲဝံ့ပြတ်သားတဲ့ အဲဒီလုပ်ဆောင်ချက်ကြောင့် တလျှောက်လုံး မီလိုစီဗစ် ခိုင်းသမျှကို လျှောက်လုပ်ခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်တချို့ ထွက်ပေါ်လာချိန်မှာ ဇဝေဇ၀ါ ဖြစ်နေခဲ့တဲ့ ဆာဗီးယားစစ်တပ်ဟာ ခြောက်အိပ်မက်က လန့်နိုးလာပြီး အတိုက်အခံတွေ ဦးဆောင်တဲ့ ပြည်သူလူထုဘက်က ပြတ်ပြတ်သားသား ရပ်တည်လိုက်ပါတယ်။ ဒီလိုနဲ့ ဆားဗီးယားရဲ့ ကံကြမ္မာဟာ တဆစ်ချိုး ပြောင်းလဲသွားခဲ့ရတယ်။

နောက်ထပ်ထင်ရှားတဲ့ ဥပမာတခုကတော့ ၁၉၈၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက “ပြည်သူ့အာဏာလှုပ်ရှားမှု” ဖြစ်ပါတယ်။ အဲဒီတုန်းက အာဏာလက်ရှိ သမ္မတမားကို့စ်နဲ့ အတိုက်အခံခေါင်းဆောင် ကိုရာဇန်အကွီနိုတို့ ယှဉ်ပြိုင်တဲ့ သမ္မတရွေးကောက်ပွဲမှာ အကွီနို အနိုင်ရရှိတဲ့ ရလဒ်တွေ ထွက်ပေါ်လာနေပေမယ့် မားကို့စ်ဟာ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ နောက်ဆုံးအချိန်အခါအထိ ကြိုးပမ်းခဲ့တယ်။ ဒီအခါမှာ ဘယ်တုန်းကမှ နိုင်ငံရေးသမား မဟုတ်ခဲ့တဲ့ မုဆိုးမတဦးလည်းဖြစ်သူ ကိုရာဇန်အကွီနိုက ရွေးကောက်ပွဲမှာ မိမိအနိုင်ရရှိကြောင်း ရဲရင့်ပြတ်သားစွာ ကြေညာပြီး လူထုလှုပ်ရှားမှုကြီးကို ဦးဆောင်ဆင်နွှဲလိုက်တာကြောင့် နောက်ဆုံးမှာ မာ့ကို့စ် ပြည်ပကို ထွက်ပြေးသွားခဲ့ရပြီး အာဏာရှင်စနစ်လည်း ပြိုလဲသွားခဲ့ရပါတော့တယ်။

အခုတင်ပြခဲ့တဲ့ အဖြစ်အပျက်တွေမှာ အတိုက်အခံ လူထုခေါင်းဆောင်တွေဟာ “ဖြစ်နိုင်တဲ့ နိုင်ငံရေး” ဆိုတာကို လက်ရှိအာဏာရအစိုးရ ပေးသလောက်ယူ ကျွေးသလောက်စားပြီး လိမ်လိမ်မာမာနေတဲ့ နိုင်ငံရေးလို့သာ အဓိပ္ပာယ် ဖွင့်ခဲ့ကြမယ်ဆိုရင် အဲဒီနိုင်ငံတွေက ပြည်သူလူထုတွေဟာ အခုထိ အာဏာရှင်စနစ်အောက်မှာ ဆက်ပြီးနေနေကြရဦးမှာ ဖြစ်ပါတယ်။

နောက်တခါ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်းချက်အတိုင်း လိုက်ကဖို့ ပြင်နေသူတွေ အမြဲမေးလေ့ရှိတဲ့ မေးခွန်းတခုရှိပါသေးတယ်။ အဲဒါက “ဒီရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်ကြမှာလဲ” ဆိုတဲ့ မေးခွန်းပဲ။

အဲဒီမေးခွန်းကိုကြားတော့ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ဖတ်ဖူးခဲ့တဲ့ အာကစားဂျာနယ်တခုထဲက ဆောင်းပါးတပုဒ်ကို သွားအမှတ်ရမိတယ်။ အဲဒီဆောင်းပါးမှာ မြန်မာ့ဘောလုံးရွှေခေတ် (ဗဟာဒူးတို့ခေတ်) ဘောလုံးသမားကြီးတယောက်ရဲ့စကားကို ဆောင်းပါးရှင်က ကိုးကားဖော်ပြထားတယ်။ မြန်မာ့ဘောလုံးအသင်းဟာ မိမိထက်အင်အားပိုကြီးတဲ့ အသင်းတွေရဲ့ ခံစစ်ကို ဘယ်လိုချိုးဖောက်ပြီး ဂိုးတွေသွင်းယူနိုင်ခဲ့သလဲ ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆောင်းပါးရှင်က မေးကြည့်တော့ အဲဒီဘောလုံးသမားကြီးက ဟောသလိုပြောခဲ့ပါသတဲ့။ “ကျွန်တော်တို့ရဲ့ အခြေခံနည်းစနစ်ကတော့ ရိုးရိုးစင်းစင်းကလေးပဲဗျ၊ ကိုယ်ဘောလုံးရရင် လွတ်နေတဲ့ ကိုယ့်အသင်းသားကို အမြန်ဆုံးရှာပြီး ဘောလုံးကို အမြန်ဆုံးပို့ပေး… ဒါပဲဗျ ... အချိန်တန်တော့ ဂိုးတွေရသွားတာပါပဲ”။

အဲသလိုပါပဲ။ ဒီကနေ့ မြန်မာ့ပစ္စက္ခနိုင်ငံရေးအခြေအနေက မရှုပ်ပါဘူး။ ရှင်းရှင်းလေး ရိုးရိုးစင်းစင်းလေးပါ။ ၉၀ ရွေးကောက်ပွဲနဲ့ ပြည်သူတွေရဲ့ Mandate ရထားတဲ့ အန်အယ်လ်ဒီ၊ စီအာပီပီတို့အနေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပြည်သူတွေ တောင်းဆိုခဲ့ကြတဲ့ အရာတွေကို ကိုယ်စားပြုတဲ့ အခြေခံမူတွေကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ပြီး (ဦးဝင်းတင် ပြောသလို) ပြည်သူတွေဘက် မျက်နှာမူရပ်တည်ပေးကြဖို့ပါပဲ။ မှန်မှန်ကန်ကန် ရပ်တည်နေခြင်းဟာ ထက်ထက်မြက်မြက် အလုပ်လုပ်နေခြင်းပဲဖြစ်ပါတယ်။ လက်ရှိ အန်အယ်လ်ဒီက ထုတ်ပြန်တဲ့ “ရွှေဂုံတိုင်ကြေညာချက်” ဟာ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်ထားတဲ့၊ ပြည်သူတွေရဲ့အကျိုးစီးပွားကို မျက်နှာမူထားတဲ့ ကြေညာချက်ပါ။ ဒီကြေညာချက်ဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အန်အယ်လ်ဒီရဲ့ အခြေခံမူလည်းဖြစ်တယ်။ တကယ်တမ်းပြောရရင် နိုင်ငံရေးမှာ အလှည့်အပြောင်းတွေ၊ အကျပ်အတည်းတွေ တွေ့ကြုံရစမြဲပါ။ ချော့လုံး ခြောက်လုံးတွေနဲ့လည်း ကြုံရစမြဲပါ။ ဘယ်လိုပင် ချော့ချော့၊ ခြောက်ခြောက်၊ ဘယ်လိုပင် အကျပ်အတည်းတွေနဲ့ ကြုံရကြုံရ ပြည်သူတွေရဲ့ အကျိုးစီးပွားကို မသွေဖည်ဖို့ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်ထားတဲ့ အခြေခံမူတွေကို မသွေဖည်မိစေဖို့ အရေးကြီးပါတယ်။ မူမှန်မှ အလုပ်မှန်မယ်။ အလုပ်မှန်မှ အောင်ပွဲခံမှာပါ။

တကယ်တော့ အမှန်တရားက ပြည်သူတွေဘက်မှာပါ။ ပြည်သူတွေရဲ့ဆန္ဒနဲ့ ပြည်သူတွေရဲ့အားကသာ အရာရာကို အဆုံးအဖြတ်ပေးမှာပါ။ ပြည်သူနဲ့ အမှန်တရားကသာ တနေ့နေ့တချိန်ချိန်မှာ မလွဲမသွေအောင်ပွဲခံရမှာပါ။ စောစောကပြောသလို ဂိုးဆိုတာ အချိန်တန်ရင် မလွဲမသွေ ရလာမှာပါ။ အခုအချိန်မှာ ဘောလုံးဟာ နအဖကွင်းဘက် နအဖ ခြေထဲမှာပါ။ ညစ်ပတ်မှုအပေါင်း သရဖူဆောင်းခဲ့လို့ နိုင်ငံရေးအရ အရှုံးကြီးရှုံးပြီး ပရိသတ်ချဉ်ဖတ်ဖြစ်နေရတဲ့ နအဖဟာ ခုချိန်မှာ သူ့ခြေထဲက ဘောလုံးကို ဘေးကိုလည်း ကန်မထုတ်ရဲ၊ ပြိုင်ဘက်အသင်းကိုလည်း တိုက်စစ်မဖွင့်ရဲ၊ အချိန်လည်း သိပ်ဆွဲလို့မရတော့တဲ့ အခြေအနေပါ။ အခြေခံသေနင်္ဂဗျူဟာ မှန်ကန်ပြီး ကစားကွက်ကောင်းကောင်းနဲ့ ကစားနေလို့ နိုင်ငံရေးအရ အသာစီးရနေတဲ့ လူထုခေါင်းဆောင်တွေက နအဖ ကြောက်အားလန့်အားနဲ့ ကန်ထုတ်လိုက်တဲ့ ဘောလုံးကို ကိုယ်ကွင်းကိုယ့်ခြေထဲ ရောက်လာတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ စဉ်းစားထားပြီးသားဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကိုယ့်ခြေထဲရောက်လာမယ့် ဘောလုံးကို ဘယ်လိုပြန်ကန်မယ် ဘယ်လိုဂိုးသွင်းမယ် ဆိုတာကတော့ ကြိုပြောထားရမယ့် ကိစ္စမဟုတ်ပါဘူး။ ဒီလိုအချိန် ဒီလိုအခြေအနေမျိုးမှာ တကယ်တမ်း ခေါင်းစားရမှာက နအဖပါ။ အဲဒါကို နအဖ ဘက်က ကူပြီး ခေါင်းစားပေးနေသူများကို ပြောချင်တဲ့ စကားတခွန်းက “ဒီရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းရဲ့အဖြေကို ခင်ဗျားတို့ မသိပေမယ့် မြန်မာပြည်သူလူထုကြီးက သိတယ်” ဆိုတဲ့ စကားပဲဖြစ်ပါတယ်။

Saturday, September 26, 2009

{ဗမာပြည်နိုင်ငံရေးရဲ့ အရေးကြီးအချိန်မှာ ပေါ်ထွက်လာတဲ့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲ}(Click)


ဗမာပြည်နိုင်ငံရေးရဲ့ အရေးကြီးအချိန်မှာ ပေါ်ထွက်လာတဲ့
ဝါရှင်တန်ရဲ့ အပြောင်းအလဲ

ရဲဘော်ဖိုးသံချောင်း

၂၅ စက်တင်ဘာ ၂၀၀၉
line

ဗမာပြည်နဲ့ပတ်သက်တဲ့ နိုင်ငံတကာလေထုမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ပေါ်ပေါက်လာတော့မယ့် လက္ခဏာတွေ စပြီးမြင်တွေ့နေရပါပြီ။ နအဖစစ်အစိုးရကို နဂိုက ဆေးဖော်ကြောဖက်မလုပ်ခဲ့တဲ့ အမေရိကန်အပါ အနောက်နိုင်ငံတွေက အခုတော့ ဒီဗိုလ်ချုပ်တွေကို လူလူသူသူပြန်ဆက်ဆံမယ်လို့ ဖြစ်လာနေပါပြီ။

တကယ်က သေသေချာချာကြည့်တတ်ရင် နိုင်ငံတကာအခင်းအကျင်းမှာကိုပဲ အပြောင်းအလဲတွေ တွေ့နေရပါတယ်။ စစ်အေးစစ်ပွဲလွန် နိုင်ငံရေးအခင်းအကျင်းမှာ စစ်အေးစစ်ပွဲမှာ ထိပ်ကပါဝင်ခဲ့ကြတဲ့ နိုင်ငံကြီးတွေဟာ စစ်အေးစစ်ပွဲရဲ့ အထုပ်အပိုးတွေကို ပစ်ချခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ကတော့ နဂိုရှိခဲ့တဲ့ မာန်တွေ၊ ဟန်တွေကို အိနြေ္ဒမပျက် ထိန်းထားခဲ့ကြပါတယ်။ ဒါပေမယ့် ကာလတခုလွန်လာတော့ အခြေအနေအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ စီးပွားရေးအကျပ်အတည်းကြီးပါ။

ဒီနှစ်သြဂုတ်လ (၁၀-၁၇) ရက်ထုတ် ညူးစ်ဝိခ်ဂျာနယ်ထဲက မျက်နှာဖုံးဆောင်းပါးမှာဆိုရင် ဒီတခါ စီးပွားရေးအကျပ်အတည်း ကြီးကြောင့် မဟာဗြိတိန် (Great Britain) တောင်မှ စူဠာဗြိတိန်။ ဒါမှမဟုတ် သာမန်ဗြိတိန်ဖြစ်သွားရပြီလို့ ရေးထားပါတယ်။ နိုင်ငံကြီးတွေအားလုံးကို ကြီးကြီးမားမား ထိခိုက်ခဲ့တယ်ဆိုတာကို ပြောချင်လို့ ကိုးကားတာဖြစ်ပါတယ်။ ဒီလိုအခြေအနေ အောက်မှာ နိုင်ငံကြီးတွေဟာ ထိန်းညှိမှုအမျိုးမျိုး လုပ်ကြရပါတယ်။ အဲဒီလိုလုပ်တဲ့ ထိန်းညှိမှုတွေထဲမှာ ဗမာပြည်နဲ့ဆိုင်တဲ့ ပေါ်လစီတွေလည်း ပါကုန်တော့တာပါပဲ။

ဒါတွေနဲ့တဆက်တည်း လူပြောများ၊ ဆွေးနွေးတာများလာတာကတော့ အမေရိကန်လိုနိုင်ငံကြီးက ပေါ်လစီသဘောထား ပြောင်းလဲတယ်ဆိုရင် ဗမာပြည်ရဲ့နိုင်ငံရေးကို ဘယ်လိုထိခိုက်နိုင်သလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတာဟာ အမေရိကန်အစိုးရက ဘာလုပ်သင့်သလဲလို့ ဆွေးနွေးတာထက် ပိုကောင်းပါတယ်။ ပိုလက်တွေ့ကျပါတယ်။

တကယ်ကျတော့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲတွေက အခုမှစကာစရှိပါသေးတယ်။ နောင်မှာ ပိုပြီးကြားလာရဦးမှာပါ။ ဗိုလ်သိန်းစိန်တို့နဲ့တွေ့ပြီးရင်၊ သူတို့ရဲ့အထူးတမန်ဆိုတာချင်း တွေ့ဆုံစကားပြောကြပြီးရင် ဘာတွေတဆင့်တက်လာမယ် မသိနိုင်ဘူး။ လောလောဆယ်မှာ နအဖစစ်ဗိုလ်တွေအဖို့တော့ လက်မထောင်စရာဖြစ်ချင်ဖြစ်မှာပါ။

ဗမာပြည် ပြည်သူလူထုအနေနဲ့ ပြောရရင် ဒီကိစ္စကြောင့် သူတို့မှာ အတွေးအခေါ်အရတော့ ဘာမှရှုပ်ထွေးစရာ မရှိပါဘူး။ အမေရိကန်ကနေ အသိအမှတ်ပြုလိုက်တဲ့အတွက် နအဖစစ်ဗိုလ်ချုပ်တွေဟာ အာဏာရှင်ကနေ သူတော်စင်အဖြစ် တဖြစ်လဲသွားမှာမဟုတ်ဘူးဆိုတာ သူတို့ဘ၀အသိအရ ရှင်းနေပါတယ်။ ဗိုလ်နေ၀င်းတုန်းကဆိုရင် အမေရိကန်၊ ရုရှား၊ တရုတ် အားလုံးက အသိအမှတ်ပြုတာ ခံခဲ့ရပြီးပါပြီ။ ဒါပေမယ့် အာဏာရှင်ဟာ အာဏာရှင်ပါပဲ။ ဂျပန်၊ အိုအီးစီဒီ၊ ကမ္ဘာ့ဘဏ် စတာတွေရဲ့ အကူအညီတွေရနေတဲ့ အကြားကပဲ တိုင်းပြည်ကြီး ချွတ်ခြုံကျသွားခဲ့တာကို ပြည်သူတွေ မမေ့ပါဘူး။ ပြည်သူလူထုက ဘာမှ မျက်စိမလည်ပါဘူး။

ဒါပေမယ့် ဒါဟာ နအဖစစ်အစိုးရကို ကြံဖန်အမွှန်းတင်ချင်နေတဲ့ လူတွေအတွက်တော့ ပြောစရာ၊ ရေးစရာ အချက်အလက် နည်းနည်းပါးပါး ရကောင်းရသွားနိုင်တာပေါ့။ သူတို့အနေနဲ့ ဒီအချက်အပေါ် အခြေခံပြီး ပြည်သူလူထုကို မျက်စိလည်အောင်၊ အမြင်မှားအောင် လုပ်ကြမယ်ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။ ဗိုလ်စကားကိုသုံးရင် အဆင့်ရှိတယ်လို့ ယူဆနေသူတွေကတော့ ဒေါ်ကလင်တန်ရဲ့ ဘယ်စကားလုံးကြီးတွေကို ကိုးကားလာမယ်ဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

သူတို့ရဲ့ ပြောဆိုရေးသားမှုတွေကြောင့် တချို့ ရိုးသားတဲ့ နိုင်ငံရေးလိုက်စားသူတွေမှာ စိတ်ဓာတ်အရ ထိခိုက်တာ နည်းနည်းပါးပါး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ယာယီ၊ နောက်ပြီး အနည်းအပါးလည်းဖြစ်၊ စိတ်ဓာတ်ပိုင်းလောက်ပဲ ဖြစ်ပါတယ်။ လက်တွေ့ ရုပ်သဘောအရ ဘာမှမထိခိုက်နိုင်ပါဘူး။

ဘာပဲပြောပြော ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုအမြင်ရှင်း၊ သဘောပေါက်ဖို့အတွက် ရှင်းပြတာတွေတော့ လုပ်ရပါလိမ့်မယ်။ နအဖကလည်း ဒါကိုပဲ ပိတ်ပင်မှာဖြစ်ပါတယ်။ နအဖနဲ့ သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သူတို့ရဲ့ ရွေးကောက်ပွဲအပေါ် သံယောဇဉ်ဖြစ်ဖို့ဆိုတာကို လူထုကို ဆက်ပြီးရှင်းပြ၊ ပြောပြနေရဦးမှာဖြစ်ပါတယ်။ တပါတည်း ဘယ်လိုနည်းနဲ့ဆန့်ကျင်မယ်၊ ဖြစ်ပေါ်လာတဲ့နောက်အကျိုးဆက်ကို ဘယ်လိုရင်ဆိုင်ကြမယ်ဆိုတာတွေလည်း စဉ်းစားပြင်ဆင်ပြီးဖြစ်သင့်ပါပြီ။

တည့်တည့်ပြောရရင် ပိတ်ဆို့မှုဆိုတာတွေလုပ်ခဲ့လို့ နအဖစစ်အုပ်စုရဲ့ သံဃာတွေကိုပါသတ်တဲ့ အကျင့်စရိုက်ကို ပြောင်းလဲမသွားစေခဲ့ပါဘူး။ ပြည်ပဖိအားဆိုတာဟာ အာဏာရှင်ဗိုလ်ချုပ်တွေအနေနဲ့ ပြည်ပဘက်ကို မျက်နှာလှည့်တဲ့အခါမှာ ပြုံးဖြဲဖြဲအသွင်ဆောင်အောင် လုပ်နိုင်ပေမယ့် ကိုယ့်ပြည်သူလူထုဘက်ကို လှည့်တဲ့အခါမှာတော့ ဘီလူးရုပ်သက်သက်ပါပဲ။ တကယ်တော့ ပြည်ပက ဖိအားပေးတယ်၊ ထောက်ခံတယ်ဆိုတာတွေဟာ အရန်အခန်းလောက်သာရှိတာပါ။ အဲဒါတွေ မရှိတော့ရင်လည်း ပြည်သူလူထုမှာ ပြောပလောက်အောင် ဘာမှမဆုံးရှုံးပါဘူး။ အားပျက်စရာ ဘာမှမရှိဘူး။ အဲ-ဗမာပြည်နိုင်ငံရေးမှာ သူများနိုင်ငံ၊ သူများအစိုးရကို မှန်းမျှော်တတ်တဲ့ အလေ့အကျင့်တခုတော့ ပျောက်သွားလိမ့်မယ်လို့ ယူဆရပါတယ်။

ဒါကြောင့် ဒီတကွေ့မှာ ရှေ့ကိုချီတက်ရင်း တဖက်ကိုလှည့်လှည့်ကြည့်နေရတဲ့ အတွေးအခေါ် ၀န်ထုပ်ဝန်ပိုးတခုကို ပစ်ချလိုက်နိုင်ပြီလို့ပဲ ကောင်းတဲ့ဘက်က လှည့်တွေးရပါတော့မယ်။

Wednesday, September 23, 2009

{အတွေးအခေါ် ပြောင်းလဲရေး }(Click)

အတွေးအခေါ် ပြောင်းလဲရေး

အောင်ကျော်ခင် (ဝေဖန်သုံးသပ်ချက်)

၂၃ စက်တင်ဘာ ၂၀၀၉
line

စစ်မှန်တဲ့တော်လှန်ရေးဟာ အတွေးအခေါ် ပြောင်းလဲရေးဖြစ်တယ်လို့ ပြောကြတယ်။ သိပ်ဟုတ်တာပေါ့။ ဗိုလ်ချုပ်လူထွက်တွေက ဒီမိုကရေစီတည်ဆောက်ချင်တယ်ဆိုပြီး သူများကို အမိန့်ပေးခိုင်းစေနေတာဟာ အတွေးအခေါ် ပြောင်းလဲတာမဟုတ်ပါ။ စစ်တိုက်ရင် စစ်ခေါင်းဆောင်က နောက်ဆုံးမှာနေတယ်။ စစ်ဗိုလ်စစ်သားတွေက ရှေ့ဆုံးက တိုက်ရတယ်။ နိုင်ငံရေးမှာ ဒါမျိုးလာလုပ်ရင် ဒီလိုခေါင်းဆောင်နောက်ကို ဘယ်သူမှ လိုက်မှာမဟုတ်ဘူး။ နိုင်ငံရေးတိုက်ပွဲမှာ ခေါင်းဆောင်ဟာ ရှေ့ဆုံးကနေရတယ်။ ခေါင်းဆောင်အဖမ်းခံရရင် နောက်တယောက်က သူ့နေရာကို ယူရတယ်။ ဒါနိုင်ငံရေး ဓလေ့ပဲ။

ဒါကြောင့် ဒီမိုကရေစီလိုချင်ရင် အတွေးအခေါ်ပြောင်းလဲဖို့ အလွန်အရေးကြီးတယ်။ အရပ်သားက စစ်ဗိုလ်လိုကျင့်ကြံနေရင် ဒီမိုကရေစီအနားတောင် ကပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပရုံနဲ့ မြန်မာပြည်သားတွေ အတွေးအခေါ် ပြောင်းလဲမှာမဟုတ်ဘူး။ အတွေးအခေါ် မပြောင်းလဲရင် ရွေးကောက်ပွဲအာဏာရှင်စနစ်ပဲရမယ်၊ ဒီမိုကရေစီကို ရမှာမဟုတ်ဘူး။ လူဆိုတာ အကျင့်ဓလေ့အတိုင်းလုပ်တဲ့ သတ္တ၀ါဖြစ်တယ်ဆိုတဲ့ စကားရှိတယ်။ အတွေးအခေါ်မပြောင်းရင် အကျင့်ဟောင်းကို မစွန့်နိုင်ပါ။

မြန်မာပြည်အလယ်ပိုင်းဒေသကို ဗုဒ္ဓ၀ါဒရောက်လာတာ အနှစ်တထောင်ကျော်ပြီဖြစ် ပေမယ့် ရုပ်ဝတ္ထုကိုးကွယ်တဲ့ ဗမာ့ဓလေ့ဟာ ကွယ်ပျောက်သွားတာမဟုတ်ဘူး။ အဲနားမစ်ဇင် (animism) ခေါ် ရုပ်ဝတ္ထုကိုးကွယ်တဲ့ဓလေ့ဟာ ဗုဒ္ဓ၀ါဒနဲ့ ရောစပ်တဲ့အခါမှာ ပိုပြီးတော့ အားကောင်းသလိုဖြစ်သွားတယ်။ ဒါကြောင့် ဗုဒ္ဓ၀ါဒရဲ့ အနှစ်သာရဖြစ်တဲ့ ‘ကိုယ်ထူကိုယ်ထသဘာဝ’ ကို ဗမာအများစုက နားမလည်တော့ဘူး။ ကိုယ်တိုင်ကျင့်ကြံရတာဟာ ခက်ခဲပင်ပန်းပြီး သူများကို ကိုးကွယ်ရတာက လွယ်တာကိုး။ တရားအားထုတ်တာက ပင်ပန်းခက်ခဲပြီး ဆွမ်းကပ်ရတာက လွယ်ကူတဲ့သဘောပါပဲ။

ဗမာဘုရင်ဟာ အာဏာရှင်ပဲ။ တိုင်းသူပြည်သားရဲ့ ယုံကြည်ကိုးကွယ်မှုကိုတောင် ဗမာဘုရင်က ဆုံးဖြတ်တယ်။ ဒါကြောင့် ဗမာစစ်အစိုးရဟာ ထင်သလို ရေးချင်တာရေးပြီး ပြည်သူ့ဆန္ဒဖြစ်တယ်လို့ ပြောနေတာပဲ။ ပြည်သူကို သတ်ဖြတ်ပြီး ဘုရားတည်လိုက်ရင် ပြည်သူရှိခိုးတာကို ခံရမယ်ဆိုတာ ဗမာစစ်ဗိုလ်နားလည်တယ်။ ဒါကြောင့်မို့ ဗိုလ်နေ၀င်း၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်သန်းရွှေတို့က ဘုရားတည်ကြတာ။ ခိုင်မာအောင် ဘိလပ်မြေများများ၊ အုပ်နီခဲများများထည့်ပေါ့။ ဘုရားဖြစ်မယ့် အုပ်နီခဲဆိုတဲ့ ဗမာစကားရှိတယ်။ ဗုဒ္ဓ၀ါဒအနှစ်သာရကို ဗမာတွေနားမလည်တော့ အုပ်နီခဲတွေ ဘုရားဖြစ်ကုန်တာပေါ့။

နတ်ပေါင်းများစွာ ကိုးကွယ်တဲ့ ဗမာ့ဓလေ့အစား နတ် (၃၇) မျိုးကိုသာကိုးကွယ်ဖို့ သတ်မှတ်သူဟာ အနော်ရထာမင်းဖြစ်တယ်။ သီကြားမင်းခေါင်းဆောင်တဲ့ (၃၇) မင်းနတ်အုပ်စုဟာ ဗုဒ္ဓဘာသာထက် နိမ့်ကျတယ်လို့ အနော်ရထာမင်းက သတ်မှတ်တယ်။ ဒါကြောင့် အနော်ရထာခေတ်ကစပြီး နတ်ကိုးကွယ်မှုနဲ့ ဗုဒ္ဓဘာသာ ရောထွေးယှက်တင်ဖြစ်လာတယ်။ ဘုရားရှိခိုးပြီး နတ်ပူဇော်တာဟာ ဗမာဗုဒ္ဓဘာသာဓလေ့ဖြစ်လာတယ်။ ဗုဒ္ဓ၀ါဒရှိနေပေမယ့် ကောင်းကောင်းနားမလည်တော့ ဗမာ့အတွေးအခေါ် ပြောင်းမသွားဘူး။

ကြာလာတဲ့အခါမှာ နတ်တွေရဲ့ တန်ခိုးအာဏာအဆင့်အတန်းကို လူတွေမေ့ကုန်ကြတဲ့အတွက် ဗမာမင်းက သတ်မှတ်ပေးရပြန်တယ်။ (၃၇) မင်းနတ်အုပ်စုရဲ့ တန်ခိုးအာဏာအနိမ့်အမြင့် အထက်အောက် သတ်မှတ်ပေးတဲ့ ဘုရင့်အမိန့်ကို ၁၈၂၀ ခုနှစ်မှာ ဘကြီးတော်မင်းက ထုတ်ပြန်ခဲ့တယ်။ နတ်ကိုမင်းလို့ခေါ်ပြီး နတ်ကွန်းကို နတ်နန်းလို့ခေါ်တာဟာ နတ်ကိုမင်းမြှောက်တာပဲ။ ဘုရင်ကို အန္တရာယ်ပေးနိုင်တယ်လို့ ယုံကြည်တဲ့ နတ်တွေကို နတ်နန်းဆောက်ပေးပြီး ပူဇော်ပသပါတယ်။ တနည်းဆိုရင်တော့ ဘုရင့်အာဏာတည်မြဲရေးအတွက် နတ်ကိုးကွယ်မှုကို ဘုရင်ကိုယ်တိုင် အားပေးတာပဲ။ စစ်ဗိုလ်ထဲမှာလည်း ရာထူးကြီးလေ နတ်ကိုးကွယ်လေဖြစ်နေတယ်။

ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ဗမာလူမျိုးဟာ နက္ခတ်ဗေဒင်၊ ပယောဂ၊ မှော်အတတ်၊ ထိုးကွင်းမင်ကြောင်နဲ့ အတိတ်နိမိတ်ကို ယုံကြည်ကြတာများတယ်။ အတိတ်နိမိတ်ဆိုးပေါ်လာပြီး မကြာမီ ရှင်ဘုရင်သေဆုံးရပုံကို ဗမာရာဇ၀င်ကျမ်းတွေမှာ တွေ့နိုင်ပါတယ်။ ဂျပန်ခေတ်က နိုင်ငံတော်အကြီးအကဲအမည်ခံတဲ့ ဒေါက်တာဘမော်ရဲ့ ခြံဝန်းထဲကို လိပ်တကောင်ဝင်လာပြီး မကြာမီ ဒေါက်တာဘမောင်ဟာ ဂျပန်နဲ့အတူ ထွက်ပြေးရပုံကို မှတ်တမ်းတင်ထားတာရှိတယ်။ ‘လိပ်’ ဟာ အင်္ဂလိပ်ကို ကိုယ်စားပြုတဲ့ အတိတ်နိမိတ်မို့ အင်္ဂလိပ်ဝင်လာလို့ ဒေါက်တာဘမော် ထွက်ပြေးရတာကို နိမိတ်ကောက်ထားတာပါပဲ။ ဒေါက်တာဘမော်ဟာ အင်္ဂလန်မှာ ရှေ့နေစာမေးပွဲအောင်ပြီး ပြင်သစ်မှာ ပါရဂူဒေါက်တာဘွဲ့ရယူထားတဲ့ ခေတ်ပညာတတ်ဖြစ်ပေမယ့် အင်္ဂလိပ်စစ်ရှုံးအောင် ၀ိုင်းတိုက်ပေးကြဖို့ နတ်ပေါင်းစုံကို ပူဇော်ပသတယ်။ ပညာတတ်တိုင်း အတွေးအခေါ် ပြောင်းလဲသွားတာမဟုတ်ပါဘူး။

အယူသီးတဲ့ဗမာတွေဟာ ပုဏ္ဏားနဲ့ဗေဒင်ဆရာမပါရင် ဘာမှမလုပ်နိုင်ဘူးလို့ (၁၉) ရာစုနှောင်းပိုင်းထုတ် အစိုးရပြန်တမ်းမှာ ဖော်ပြထားတယ်။ အရေးကြီးတဲ့ကိစ္စဆိုရင် ရက်ကောင်းရက်မြတ် ရွေးရတာကလည်း အလုပ်ကြီးတခုလိုဖြစ်နေတယ်။ ဇန်န၀ါရီလ (၄) ရက်နေ့ မနက် (၄) နာရီ၊ မိနစ် (၂၀) မှာ ဗမာ့လွတ်လပ်ရေး ကြေညာတာကလည်း ဗေဒင်ဆရာ့ လက်ချက်ပါပဲ။ အိန္ဒိယမှာတော့ ဗေဒင်ဆရာက ည (၁၂) နာရီမှာ လွတ်လပ်ရေးယူခိုင်းတယ်။ မနက် (၄) နာရီမှာ လွတ်လပ်ရေးရတာမို့ အခမ်းအနား တက်သူတွေအားလုံး အစောကြီးထကြရတယ်။ ဒါကိုမကျေနပ်တဲ့ အင်္ဂလိပ်အရာရှိတဦးက ကြိုက်သလို လုပ်ကြပေါ့ကွာ။ ငါတို့ ဒီတခါပဲ အိပ်ရေးပျက်တာ၊ မင်းတို့ကတော့ အမြဲတမ်းအိပ်ရေးပျက်မှာပါလို့ ကိုယ်ရေးမှတ်တမ်းမှာ ဖော်ပြထားတယ်။ ခေါင်းဆောင်ပိုင်းကစပြီး ဗေဒင်ဆရာပြောတဲ့အတိုင်း ယုံကြည်နေရင် ဆင်ခြင်တုံတရားနဲ့အညီ ဆုံးဖြတ်နိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။

ဝန်ကြီးချုပ်ဦးနု စီးလာတဲ့မော်တော်ကား ခွေးတကောင်တိုက်မိတာကို နိမိတ်မကောင်းဘူးလို့ ယူဆပြီး ခရီးဆက်မသွားတော့တာကိုလည်း ကြားဖူးတယ်။ ဆရာဝန်အပါအ၀င် ခေတ်ပညာတတ်တွေထဲမှာ ကလေးနေမကောင်းတာကို ဗေဒင်မေးပြီး ယတြာချေသူတွေရှိတယ်။ စစ်ဗိုလ်တွေကလည်း အကြားအမြင်ရသူနဲ့ ဗေဒင်ဆရာကို အားကိုးကြတယ်။ ဘုရားကိုးဆူဆိုတဲ့ ဂြိုဟ်ပူဇော်ပွဲကို ကျင်းပနေကြတုန်းပါပဲ။ ရည်ရွယ်ချက်က မကောင်းတာတွေ ပျောက်ကွယ်ဖို့တဲ့။

ဒီလိုအယူသီးပြီး အစွဲအလမ်းကြီးတဲ့ဗမာတွေမှာ အာဏာရှင်ဓလေ့ကိုလိုလားတဲ့ အတွေးအခေါ်ရှိတယ်လို့ ကွယ်လွန်သူ သမိုင်းဆရာ ဒေါက်တာမောင်မောင်ကြီးက ယူဆတယ်။ အကြွင်းမဲ့အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရတဲ့ ဗမာတွေဟာ (၂၀) ရာစုရောက်လာတော့လည်း အာဏာရှင်စနစ်ကို တောင့်တနေတုန်းပဲလို့ ဆရာမောင်မောင်ကြီးက ဆိုတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီက အင်္ဂလိပ်ကို ပြိုင်ဆိုင်နိုင်တဲ့ နာဇီဂျာမဏီ၊ ဖက်ဆစ်အီတလီနဲ့ ဖက်ဆစ်ဂျပန်ကို ဗမာခေါင်းဆောင်တွေ သဘောကျကြပြီး ဒေါက်တာဘမော်က သူ့ကိုယ်သူ အာဏာရှင်လို့ ကြေညာခဲ့တယ်။ ဂျပန်ခေတ်က ကျင်းပတဲ့ လွတ်လပ်ရေးအခမ်းအနားမှာ ဒေါက်တာဘမော်ကို ရှင်ဘုရင်အဖြစ် ရည်ညွှန်းပြီး သခင်ကိုယ်တော်မှိုင်းက ကျမ်းကျိန်ပွဲမှာ ပြောဆိုသွားတယ်တဲ့။

ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ်ကလည်း အင်္ဂလိပ်ကို တန်ပြန်နိုင်တဲ့ အာဏာရှင်စနစ်ကို အားကျဖူးတယ်။ “ခေါင်းဆောင်မှု မှန်ကန်ရင် အားလုံးကောင်းမွန်ပြီး၊ ခေါင်းဆောင်မကောင်းရင် အားလုံးကမောက်ကမဖြစ်ကုန်တယ်လို့ ဗမာတွေက ယုံကြည်ကြောင်း၊ ဒါကြောင့် ခေါင်းဆောင်ဆိုတာ ပြရုပ်သာမဟုတ်ဘဲ တကယ်စွမ်းဆောင်နိုင်ရမှာဖြစ်ကြောင်း၊ အစိုးရတခု၊ ပါတီတခုနဲ့ ခေါင်းဆောင်တဦးသာ ရှိသင့်ပြီး နိုင်ငံတော်အာဏာကို လူတိုင်းနာခံရမယ်လို့ ၁၉၄၂ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ပြည်မှာ ရေးခဲ့တယ်။

ဖက်ဆစ်အာဏာရှင်ကို အကူအညီတောင်းဖို့အသွား ဂျပန်မှာရေးတဲ့ လွတ်လပ်ရေးစီမံကိန်း စာတမ်းဖြစ်တဲ့အတွက် အဲဒီအချိန်မှာ ရေပန်းစားနေတဲ့ အာဏာရှင်စနစ်ကို အမွှန်းတင်တာပဲ ဖြစ်ဖို့များပါတယ်။ ဂျပန်စစ်ရှုံးလို့ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားတဲ့နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ မိန့်ခွန်းတွေမှာ ဒီမိုကရေစီစနစ်ကိုသာ ထောက်ခံပြောဆိုတာ တွေ့ရပါတယ်။ ‘ဒေးဗစ်စတိုင်းဘတ်’ ဆိုတဲ့ အမေရိကန်ပညာရှင်ကလည်း ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း ဂျပန်ပြည်မှာရေးခဲ့တဲ့ စာတမ်းလေးကို ထောက်ပြပြီး ဗိုလ်ချုပ်အောင်ဆန်းကို အာဏာရှစ်စနစ်လိုလားသူအဖြစ် မဆင်မခြင် စွပ်စွဲခဲ့ဖူးတယ်။

ဗမာတွေမှာ အာဏာရှင်ဆန်တဲ့ အကျင့်ဓလေ့ရှိနေတာမို့ ကွဲလွဲတဲ့သဘောထားကို လက်မခံနိုင်တာလို့ ဆရာမောင်မောင်ကြီးက ယူဆတယ်။ ဒီမိုကရေစီဆိုတာ ‘ရပိုင်ခွင့်တွေ’ မဟုတ်ဘဲ လေ့ကျင့်ယူရမယ့် အကျင့်ဓလေ့သာဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခဟောင်း B.R.Pearn က ပြောဖူးပါတယ်။ မိမိရထားတဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ထင်သလိုအလွဲသုံးစား လုပ်တာဟာ အာဏာရှင်ဆန်တဲ့ ဗမာစရိုက်ဖြစ်တယ်တဲ့။ အထက်အောက် ဆက်ဆံရေးပုံဆံဟောင်း အပိုးကျိုးနေတာကလည်း အာဏာအလွဲသုံးစားလုပ်တဲ့ စရိုက်ဆိုးကို အားပေးသလိုဖြစ်နေပါတယ်။ အင်္ဂလန်မှာတော့ မတရားလုပ်တဲ့ အစိုးရအမှုထမ်းကို ခံချတဲ့အစဉ်အလာကြီးမားတာမို့ အာဏာအလွဲသုံးစားလုပ်မှု နည်းပါးတယ်။

ဗမာပြည်မှာတော့ ဒီလိုမဟုတ်ပါဘူး။ ရာထူးနဲ့သြဇာအာဏာရှိပြီဆိုတာနဲ့ မာနကြီးမောက်မာပြီး နိုင်ထက်စီးနင်း လုပ်တော့တာပါပဲ။ ရာထူးပြုတ်သွားတော့မှ မနေတတ်မထိုင်တတ် ရှက်သလိုလို ကြောက်သလိုလိုနဲ့ ဟိတ်ဟန်မထုတ် ရိုးရိုးကုပ်ကုပ် ပြန်ဖြစ်သွားပါတော့တယ်။ အာဏာကို အထင်ကြီးလွန်းတာကြောင့် အာဏာရှိသူရှေ့ရောက်ရင် ဗမာတွေဟာ ကြောက်လန့်ပြီး ခခယယလုပ်တော့တာပဲလို့ အင်္ဂလိပ်ကိုလိုအနီအရာရှိတဦးက မှတ်ချက်ချဖူးတယ်။ အာဏာရှိသူကို ကြောက်ပြီး အာဏာမရှိသူကို အထင်သေးတာဟာ ဗမာ့အကျင့်ဓလေ့လိုဖြစ်နေတယ်။ ဒါကြောင့် အတွေးအခေါ်ပြောင်းလဲဖို့ အရေးကြီးတယ်။

Monday, September 21, 2009

အမြင်ရှင်းအောင်{ကတ္တီပါလက်အိတ် ကျွတ်ကျသွားပြီးတဲ့နောက်}(Click)



ကတ္တီပါလက်အိတ် ကျွတ်ကျသွားပြီးတဲ့နောက်

ဘွဲ့ဖြူ

၂၁ စက်တင်ဘာ ၂၀၀၉
line


အာဏာရှင်စနစ်ဆိုတာ ဉာဏ်ပညာနည်းပါးမှု၊ အမြင်တိုမှု၊ အတ္တကြီးမားမှုတို့အပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတာဖြစ်တယ်။ အာဏာရှင်စနစ်တွေထဲမှာမှ စစ်အာဏာရှင်စနစ်ဆိုတာက အခေါင်အချုပ်မို့ ဉာဏ်ပညာအနည်းပါးဆုံး၊ အမြင်အတိုဆုံး၊ အတ္တအကြီးမားဆုံး လူတွေရဲ့ အုပ်ချုပ်ရေးစနစ်လို့ ဆိုရမယ်။

ဖက်ဆစ်ဂျပန်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို မြန်မာပြည်သူတွေ လိမ့်နေအောင် ခံစားနေကြရချိန်မှာ ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့ရဲ့ ရွာလွန်ရွက်တိုက်ဖို့ ကြိုးပမ်းတဲ့လုပ်ရပ်နဲ့အတူ အစို့အညှောက် စထွက်လာခဲ့ပြီး ပြည်တွင်းစစ်ကာလအတွင်း လူလားမြောက်လာခဲ့ကာ ၁၉၅၈ မှာ ဝတ်စုံပြည့် အစမ်းလေ့ကျင့်ခဲ့တဲ့ မြန်မာစစ်အာဏာရှင်စနစ်ဟာ ၁၉၆၂ ခုနှစ်မှာ နိုင်ငံရေးဇာတ်ခုံပေါ် အပီအပြင် တက်လာခဲ့ချိန်ကစလို့ နောက်ထပ် (၂၆) နှစ်တိုင် ဘယ်လိုလောက်လောက်လားလား စိန်ခေါ်မှုမျိုးကိုမှ ရင်မဆိုင်ရဘဲ ပန်းပန်နိုင်ခဲ့တယ်။

ပြည်ထောင်စုကြီး ပြိုကွဲတော့မယ့် အန္တရာယ်ဆိုတာကို အကြောင်းပြပြီး ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ တရားဝင်အစိုးရကို ဖြုတ်ချဖယ်ရှား အာဏာသိမ်းခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီအမည်ခံ မြန်မာစစ်အာဏာရှင် စနစ်ဟာ နိုင်ငံရဲ့အခြေခံဥပဒေကို ချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ အကြီးဆုံးရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့ပေမယ့် ပြည်တွင်းကရော၊ ပြည်ပကပါ အဲဒီလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တာမျိုး မလုပ်ခဲ့ကြဘူး။

ဗိုလ်နေဝင်း အာဏာမသိမ်းမီမှာ အာဏာရ ပထစ အစိုးရအဖွဲ့အတွင်း ဦး၊ ဗိုလ်၊ သခင်ကွဲပြီး ညီညွတ်ရေး ပျက်ပြားနေတာ၊ အဓိကအတိုက်အခံဖြစ်တဲ့ တည်မြဲ ဖဆပလ အဖွဲ့ကလည်း ဗိုလ်နေဝင်းကို သူတို့လူလို့ ယူဆထားတာ၊ တတိယအင်အားစု ဖြစ်တဲ့ ပမညတ အဖွဲ့ရဲ့ ခေါင်းဆောင်အများစုကလည်း ဗိုလ်နေဝင်းကို တိုးတက်တဲ့ တပ်မတော်ခေါင်းဆောင်တဦး အဖြစ် ရှုမြင်ထားကြတာ၊ စာရေးဆရာ၊ သတင်းစာဆရာ … စတဲ့ ပြည်သူ့ နားမျက်စိတွေ အပါအဝင် ပြည်သူလူထုအများစုကြီး ကလည်း နိုင်ငံရေးခေါင်းဆောင်တွေအတွင်း အဆက်မပြတ် ပေါ်ပေါက်နေတဲ့ အကွဲအပြဲတွေကို စိတ်ပျက်နေကြပြီး လက်ရှိ သူတို့ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေတွေအပေါ် အားမလိုအားမရဖြစ်နေကြတာ၊ တိုင်းရင်းသားတွေအတွင်းမှာ လည်း ပင်လုံစာချုပ်ချုပ်စဉ်က သူတို့မျှော်မှန်းခဲ့ကြတဲ့ အခွင့်အရေးတွေ ဆယ်စုနှစ်တခု ကျော်လာတဲ့အထိ မယ်မယ်ရရ မရကြသေးလို့ စိတ်ပျက်လက်ပျက်ဖြစ်နေကြတာ … စတဲ့ စတဲ့ အခြေခံအကြောင်းတရားတွေ ကြောင့် ဗိုလ်နေဝင်းရဲ့ အာဏာသိမ်းအစိုးရ ပေါ်လာတဲ့အခါ ပြည်တွင်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံခဲ့ကြတာ မဟုတ်သည့်တိုင်အောင် ခါးခါးသီးသီး ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ထွက်မလာခဲ့တာဖြစ်တယ်။

မြန်မာပြည်မှာ ဗိုလ်နေဝင်းရဲ့ စစ်အစိုးရ ပေါ်ထွက်လာချိန်ဟာ ကမ္ဘာမှာ အမေရိကန်ဦးဆောင်တဲ့ အရင်းရှင်အုပ်စုနဲ့ ဆိုဗီယက်ဦးဆောင်တဲ့ ကွန်မြူနစ်အုပ်စုအကြား စစ်ရေးကလွဲပြီး ကျန်တဲ့ အရေးအရာအားလုံးမှာ အပြင်းအထန် ပြိုင်ဆိုင်နေကြတဲ့ ‘စစ်အေး’ ခေါ် ‘လက်နက်အသင့်ငြိမ်းချမ်းရေး’ ခေတ် အရှိန်ကောင်းနေတဲ့ အချိန်ဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ ပေါ်ထွက်လာခဲ့တဲ့ ဗိုလ်နေဝင်းဟာ ပင်ကိုယ်က ပါးနပ်မှုရှိပြီး ဉာဏ်များတဲ့ မြင်းသမားတယောက်ဖြစ်တာနဲ့အညီ ဆိုရှယ်လစ်ပန်းတိုင်ကို လျှောက်လှမ်းမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ဆိုဗီယက်အုပ်စုကို မျက်စပစ်ထားလိုက်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ စစ်ပွဲဆက်လက်ဆင်နွှဲပြခြင်းဖြင့် အမေရိကန်အုပ်စုကို ထိန်းထားလိုက်တယ်။ လွတ်လပ်တက်ကြွတဲ့ ဘက်မလိုက်ကြားနေဝါဒဆိုတဲ့ မီးရှူးမီးပန်းပစ်လွှတ်ပြီး တတိယကမ္ဘာအုပ်စုနဲ့ ပလူးပလဲလုပ်ထားလိုက်တယ်။ ဒီလိုနဲ့ ဗိုလ်နေဝင်းရဲ့ စစ်အစိုးရဟာ ပြည်ပက လာနိုင်ဖွယ်ရှိတဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကိုလည်း ရှောင်လွှဲနိုင်ခဲ့တယ်။

၆၂ က ၈၈ အထိ (၂၆) နှစ်တာကာလအတွင်း ဗိုလ်နေဝင်းရဲ့စစ်အုပ်စုဟာ ဘာပဲပြောပြော တရားဝင် အစိုးရတခုအဖြစ် ကမ္ဘာက မြင်နေအောင် လှည့်ဖြားလုပ်ဆောင်ထားနိုင်ခဲ့တယ်။ အခြေခံဥပဒေကို ပြည်သူတွေ ကိုယ်တိုင်ပါဝင်ရေးဆွဲတယ်ဆိုတာမျိုး၊ ပြည်သူတွေက တခဲနက် အတည်ပြုပြဋ္ဌာန်းတယ်ဆိုတာမျိုးတွေလုပ်ပြီး အာဏာသိမ်းစစ်အစိုးရအဖြစ်ကနေ အခြေခံဥပေဒအရ ရွေးကောက်တင်မြှောက်ခံရတဲ့ တရားဝင်အစိုးရအဖြစ် ပြည်တွင်းပြည်ပက အထင်ရောက်လာအောင် ကြီးကြီးမားမား အခက်အခဲမရှိဘဲ လုပ်ဆောင်အကောင်အထည် ဖော်နိုင်ခဲ့တယ်။

၁၉၇ဝ ပြည့်လွန်နှစ်တွေမှာ အလုပ်သမားနဲ့ ကျောင်းသားတွေရဲ့ ပြင်းထန်တဲ့ဆန့်ကျင် ကန့်ကွက်မှုတွေ ပေါ်ပေါက်လာခဲ့ပေမယ့် ‘ငြိမ်ဝပ်ပိပြား’ သွားအောင် အင်အားအသုံးပြု နှိပ်ကွပ်နိုင်ခဲ့တယ်။ သူ့လက်ထက်မှာ နောက်ထပ်အင်အားစုတွေ အများအပြား ပေါ်ပေါက်လာခဲ့တာမှန်ပေမယ့် ဗိုလ်နေဝင်းဟာ တိုင်းရင်းသား တော်လှန်ရေးအင်အားစုအားလုံးကို နယ်စပ်ဒေသတွေမှာပဲ ရှိနေအောင် ‘ထိန်းဟန့်’ ထားနိုင်ခဲ့တယ်။ သူ့ရဲ့အာဏာကို အခြိမ်းခြောက်နိုင်ဆုံးဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကိုလည်း အခြေခံပင်မဒေသဖြစ်တဲ့ ပဲခူးရိုးမပေါ်က မောင်းထုတ်ပြီး မြန်မာပြည်အရှေ့မြောက်ပိုင်း တရုတ်ပြည်နဲ့ ကပ်နေတဲ့ နယ်စပ်ဒေသတွေမှာသာ လှုပ်ရှားနိုင်တော့တဲ့ အခြေအနေရောက်သွားအောင် ‘ကန့်သတ်’ ထားနိုင်ခဲ့တယ်။

ပထစ၊ ဖဆပလ၊ ပမညတ စတဲ့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေကိုလည်း နည်းလမ်းမျိုးစုံသုံးပြီး အားနည်းချည့်နဲ့နေအောင် ပြုလုပ်ထားနိုင်ခဲ့တာမို့ ၆၂ က ၈၈ အထိ (၂၆) နှစ်တာကာလ အထူးသဖြင့် ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းလွန်စ ကာလတွေဟာ ဗိုလ်နေဝင်းစစ်အုပ်စုအတွက် ‘ဒူးနှန့်’ နေနိုင်ခဲ့တဲ့ကာလတွေလို့ ဆိုရမှာဖြစ်တယ်။

အဲသလို ‘ဒူးနှန့်’ နေကြတုန်းမှာ ဗိုလ်နေဝင်းတို့အုပ်စုဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လိုက်ကြရတာဖြစ်တယ်။ နာဂစ်ဟာ ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ လူသားတွေ မကြုံဖူးမကြားဖူးတဲ့ ပမာဏရှိတဲ့ မုန်တိုင်းကြီးဖြစ်တာကြောင့် မြန်မာပြည်သူတွေ အထိအနာကြီးနာခဲ့ကြရသလိုမျိုး ရှစ်လေးလုံးအရေးတော်ပုံကြီးဟာလည်း ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ လူသားတွေ မကြုံဖူးမကြားဖူးတဲ့ ပမာဏရှိတဲ့ လူထုအုံကြွမှုကြီးဖြစ်တာကြောင့် ဗိုလ်နေဝင်း စစ်အုပ်စုဟာ နိုင်ငံရေးအရ အထိအနာကြီးနာသွားခဲ့ရတယ်။ အထိအနာဆုံးအချက်ကတော့ မဆလဟာ အခြေခံဥပဒေအရ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအရေခွံကို ခြုံထားတဲ့ စစ်အာဏာရှင်အစိုးရသာ ဖြစ်တယ်ဆိုတဲ့အချက် ကမ္ဘာ့အလယ်မှာ ဘွားဘွားကြီး ပေါ်ထွက်သွားခဲ့တဲ့အဖြစ်ပါပဲ။

အဲဒီနောက်မှာတော့ အားလုံးသိကြတဲ့အတိုင်း နဝတ ဆိုတဲ့ အမည်သစ်တမျိုးနဲ့ ပေါ်လာပြန်တဲ့ စစ်အုပ်စုဟာ ပြင်းထန်တဲ့ ပြည်တွင်းပြည်ပဖိအားတွေအောက်မှာ ၁၉၉ဝ ပြည့်နှစ်မှာ (မဲထည့်တဲ့ နေ့တနေ့တည်းမှာပဲ လွတ်လပ်တရားမျှတမှုရှိတဲ့) ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ရပြီး အဲဒီရွေးကောက်ပွဲကတဆင့် မြန်မာပြည်သူတွေဟာ သူတို့ရဲ့ စစ်မှန်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်နိုင်ခဲ့ကြတယ်။

တကယ်တော့ ၉ဝ ရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ အတွက်မှားမှုတခုသာဖြစ်တယ်။ ဒီအချက်ကို ဗိုလ်စောမောင်ရဲ့ ရွေးကောက်ပွဲမတိုင်မီ ပြောစကားတွေက သက်သေပြနေတယ်။ စစ်အုပ်စုဟာ အဲဒီအတွက်မှားမှုရဲ့ အကျိုးဆက်အဖြစ် ဧရာမပေးဆပ်မှုကြီးတခုကို ပြုလုပ်ခဲ့ရတယ်။ အဲဒါကတော့ သူတို့အတွက် အကြီးမားဆုံးရန်သူကို သူတို့ကိုယ်တိုင် လက်သည်လုပ် မွေးဖွားပေးလိုက်မိတဲ့အဖြစ်ပဲဖြစ်တယ်။ အဲဒီရန်သူဟာ သူတို့အာဏာရလာတဲ့ (၂၆) နှစ်လုံးလုံး တခါမှမတွေ့ဖူး၊ မမြင်ဖူး၊ မကြုံဖူးခဲ့တဲ့၊ သူတို့ကို ရာဇပလ္လင်ပေါ်က ဆွဲချနိုင်လောက်အောင် အင်အားခိုင်မာတောင့်တင်းတဲ့ ရန်သူဖြစ်တယ်ဆိုတာကို သူတို့ကောင်းကောင်းသိတယ်။

စစ်ရေးသေနင်္ဂဗျူဟာမှာ ခေတ်အဆက်ဆက် ဘယ်တုန်းကမှ မမှားခဲ့တဲ့ ထုံးနည်းဥပဒေသတခုကတော့ အင်အားကြီးတဲ့ ရန်သူကို တိုက်ခိုက်ဖို့ တတိယအင်အားစု များနိုင်သမျှများများနဲ့ မဟာမိတ်ဖွဲ့ပါဆိုတာပဲဖြစ်တယ်။ စစ်အုပ်စုဟာ ‘လျှောမွေး’ ဖြစ်မယ်အထင်နဲ့ အပိုင်တွက်ပြီး သူတို့ကိုယ်တိုင် လက်သည်လုပ် မွေးဖွားပေးလိုက်ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ပြီး အရှင်မွေးလာခဲ့တဲ့ သူတို့ရဲ့အကြီးဆုံးရန်သူကို တွန်းလှန်တိုက်ခိုက်ဖို့ နည်းလမ်းတွေရှာကြံရာမှာ ‘တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ ငြိမ်းချမ်းရေးရယူခြင်း’ ဆိုတဲ့ နည်းပရိယာယ် ပေါ်ထွက်လာခဲ့ခြင်းပဲဖြစ်တယ်။ (၂၆) နှစ်တာကာလအတွင်း သူ့အာဏာတည်မြဲရေးအတွက် ဗိုလ်နေဝင်းလုပ်ခဲ့တဲ့ လုပ်ရပ်တွေ၊ ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်းနဲ့ ၉ဝ ရွေးကောက်ပွဲမတိုင်မီကာလ၊ ရွေးကောက်ပွဲပြီးစ ကာလလုပ်ရပ်တွေက တိုင်းရင်းသားအရေးအပါအဝင် ဘယ်အရေးမှာမှ စစ်အုပ်စုဟာ ရိုးသားဖြောင့်မတ်မှုမရှိကြောင်း ပေါ်လွင်နေတဲ့အတွက် အဲဒီ ‘ငြိမ်းချမ်းရေး’ ဆိုတာရဲ့ အန္တိမအရပ်ကို နိုင်ငံရေးနှံ့စပ်သိမြင်သူတွေက အဲဒီတုန်းကတည်းက အဲသလိုမြင်ခဲ့ကြတာဖြစ်တယ်။

အဲဒီတော့ အစကတည်းကမှ စစ်အုပ်စုက တိုင်းရင်းသားတွေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးရချင်လို့ လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ မဟုတ်တာဘဲ။ ဒီအင်အားစုနှစ်ခုကြားမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရတာမဆန်းပါဘူး။ မျိုးစေ့မမှန် ပင်မသန်ဆိုသလို အခုမြန်မာစစ်အာဏာရှင်အုပ်စုနဲ့ ကိုးကန့်တော်လှန်ရေးအင်အားစုအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာဟာ မလွဲမသွေ ဖြစ်ကိုဖြစ်ရမယ့် ယုတ္တိနိဂုံး Logical conclusion သာဖြစ်တယ်။

၁၉၈ဝ မှာ ဗိုလ်နေဝင်းရဲ့ ကိုယ်စားလှယ်တွေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးကြတယ်။ ဆွေးနွေးပွဲဟာ နေ့မကူးခင် ပျက်ပြားသွားတယ်။ အကြောင်းကတော့ ဗကပ က အချက် (၃) ချက်တောင်းတယ်။ ပါတီတည်ရှိခွင့်ပြုရမယ်။ တပ်တည်ရှိခွင့်ပြုရမယ်။ နယ်မြေတည်ရှိခွင့်ပြုရမယ်။ မဆလ က တခုမှသဘောမတူဘူး။ အဲဒါကြောင့် ဆက်မဆွေးနွေးနိုင်တော့ဘဲ ပျက်သွားတာလို့ သိရတယ်။

၉ဝ ရွေးကောက်ပွဲအပြီး ရရှိခဲ့တဲ့ ငြိမ်းချမ်းရေးဆိုတာမှာတော့ စစ်အုပ်စုက တိုင်းရင်းသားအဖွဲ့တွေကို အဲဒီအချက် (၃) ချက်သာမက ပြည်တွင်းထဲဝင်ပြီး စီးပွားရေးလုပ်ခွင့်ဆိုတဲ့ စတုတ္ထအချက်ကိုတောင် ခွင့်ပြုထားသေးတယ်။ ဒီအခြေအနေက ဗိုလ်နေဝင်းနောက် မျိုးဆက်သစ် စစ်အာဏာရှင်တွေဟာ နိုင်ငံရေးအရ ဘယ်လောက် အားနည်းနေတယ်။ သူတို့ဟာ တရားဝင်မှုနဲ့ပတ်သက်ပြီး ဘယ်လောက်အင်အားကြီးမားတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရတယ် ဆိုတဲ့အချက်တွေကို ပြသနေတယ်။

ဒါပေမယ့် အခုတော့ စစ်အုပ်စုဟာ သူတို့လုပ်ရင် ဘာမဆိုဖြစ်ပြီလို့ ယုံကြည်နေတာကြောင့် ဖြစ်ချင်ဖြစ်မယ် (Self confidence)၊ ဒါမှမဟုတ် မထူးတော့ဘူးလို့ တွေးလိုက်တာကြောင့် ဖြစ်ချင်ဖြစ်မယ် (desperate)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်ဆံရာမှာ သူတို့ဆယ်စုနှစ်နှစ်ခုနီးပါး ကတ္တီပါအိတ်နဲ့ စွပ်ထားခဲ့တဲ့ သံလက်သီးကို ထုတ်ပြလိုက်ပြီ။ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ် တိုင်းရင်းသားတွေနဲ့ တွဲကတဲ့အခန်းမှာ တောက်လျှောက်စွပ်ထားခဲ့တဲ့ မင်းသားခေါင်းဆောင်းကို ချွတ်ပြလိုက်တာမို့ သူ့ရဲ့ပင်ကိုယ်ဇာတိ ဘီလူးရုပ် ပေါ်ထွက်လာခဲ့ပြီဖြစ်တယ်။

တကယ်တော့ စစ်အုပ်စုဟာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့အစွယ်ဖွေးဖွေးကို စောစောပိုင်းကတည်းက အကြိမ်ကြိမ် ပြသခဲ့ပြီးဖြစ်တယ်။ ကေအန်ယူစည်းရုံးရေးနယ်မြေက အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေကို အငြိုးတကြီး ချေမှုန်းနေတဲ့ကိစ္စ၊ ကေအန်ယူ ကနေ ဒီကေဘီအေ ကွဲထွက်သွားစေခဲ့တဲ့ကိစ္စ၊ ဗိုလ်ချုပ်ဆေထင်၊ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို မချိမဆံ့ ထောင်ဒဏ်ကြီးတွေ ချမှတ်ခဲ့တဲ့ ကိစ္စတွေမှာ စစ်အုပ်စုရဲ့ မင်းသားခေါင်းဆောင်း အကြိမ်ကြိမ် ကျွတ်ကျခဲ့ဖူးပြီးဖြစ်တယ်။

ပြောရရင် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ ဆက်ဆံရာမှာ စစ်အုပ်စုဆောင်းထားတဲ့ မင်းသားခေါင်းဆောင်း ကျွတ်ကျခဲ့တာကတော့ ကြာခဲ့ပြီဖြစ်တယ်။ ဆဲဗင်းဇူလိုင်အရေးအခင်း ကတည်းကလို့ ဆိုရမယ်။ အခုမှ တိုင်းရင်းသားအပစ်ရပ် အဖွဲ့တွေ အလှည့်ရောက်လာတာဖြစ်တယ်။

တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကို ဖြစ်နိုင်ရင် အမြစ်ဖြုတ်ချေမှုန်းရေး၊ အဲဒီအထိ မဖြစ်နိုင်သေးရင် နယ်စပ်ဒေသတွေမှာပဲ သူခိုးဓားပြအဖွဲ့တွေသာသာ အခြေအနေမျိုးမှာ ရှိနေစေရေးဟာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်မြဲရေးဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်သို့ သွားရာလမ်းမှာ မြန်မာစစ်အုပ်စုရဲ့ သေနင်္ဂဗျူဟာ အစိတ်အပိုင်းတခုဖြစ်တယ်။ ဒါကို အပစ်ရပ်အဖွဲ့တိုင်းရဲ့ ခေါင်းဆောင်တွေက မသိကြတာတော့မဟုတ်ဘူး။ အခြေအနေအရ လုပ်ခဲ့ကြရတာဖြစ်တယ်။

အခုတော့ အခြေအနေက ပြောင်းသွားပြီ။ စစ်အုပ်စုဟာ ကိုးကန့်အဖွဲ့နဲ့တင် ရပ်မှာမဟုတ်ဘူး။ သူ့ရဲ့ သေနင်္ဂဗျူဟာအတိုင်း ကျန်အဖွဲ့တွေကိုလည်း တခုပြီးတခု ဖြိုခွဲသွားမှာဖြစ်တယ်။ အဲဒီတော့ အပစ်ရပ်အဖွဲ့ရော အပစ်မရပ်အဖွဲ့ရော လုပ်စရာကလည်း တခုပဲရှိတော့တယ်။ အဲဒါကတော့ ကိုယ့်အလှည့်ရောက်လာမှာကို ထိုင်စောင့်မနေဘဲ ဘဝတူအချင်းချင်း ကျောချင်းကပ်၊ ရင်ချင်းအပ်၊ လက်ချင်းတွဲပြီး ဘုံရန်သူ မြန်မာစစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးတိုင် တွန်းလှန်ဖယ်ရှားမောင်းထုတ်လိုက်ကြဖို့ပဲဖြစ်တယ်။

{ဂျပန်တွင် လက်စွမ်းပြသည့် စက္ကူလေယာဉ်ချန်ပီယံ တတိယဆု ဆွတ်ခူး}(Click)


ဂျပန်တွင် လက်စွမ်းပြသည့် စက္ကူလေယာဉ်ချန်ပီယံ တတိယဆု ဆွတ်ခူး
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၀၊ ၂၀၀၉



တိုကျိုမြို့၊ မာကူဟာရီဒေသရှိ စက္ကူလေယာဉ်ပျံ ပြိုင်ပွဲ ဆုယူအပြီး တွေ့ရသော မောင်သောင်းဒီး (Mong Thongdee)။ ထိုင်းနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သောကြောင့် ထိုင်းတို့၏ ထုံးစံအတိုင်း ဘုရင် နှင့် မိဖုရား၏ ဓာတ်ပုံဖြင့် အောင်ပွဲဆင်နေခြင်း ဖြစ်သည်။
မောင်သောင်းဒီးသည် တဦးချင်း စွမ်းရည်ပြ ပြိုင်ပွဲတွင် ၁၀း၅၃ စက္ကန့်ဖြင့် တတိယဆု ရသွားခြင်း ဖြစ်သည်။ ပြိုင်ပွဲမစတင်မီ စွမ်းရည်ပြစဉ်က သူ၏ လေယာဉ်မှာ ၁၆.၄၅ စက္ကန့်ကြာ လေထဲတွင် ၀ဲနိုင်ခဲ့သည်။ ပထမ နှင့် ဒုတိယ ဆုရှင် မည်သူများ ဖြစ်သည်ဟူသော သတင်းများ ထွက်ပေါ်မလာသေးပေ။
ယမန်နေ့က အုပ်စုလိုက်ပြိုင်ပွဲတွင် သူပါဝင်သည့် ထိုင်းအသင်းက အနိုင်ရခဲ့သည်။ ပြိုင်ပွဲဝင်သူများသည် စက္ကူဖြင့် လေယာဉ်ပုံစံ ခေါက်ချိုးပြီး လေထဲသို့ လွှင့်တင်ကြရသည်။
ရှမ်းပြည်တောင်ပိုင်းမှ မိဘ ၂ပါးက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် မွေးဖွားခဲ့သော မောင်သောင်းဒီးသည် နိုင်ငံမဲ့တဦး ဖြစ်သည်။ ထူးချွန်သည့် ၄ တန်းကျောင်းသား နိုင်ငံမဲ့နေသူအား ထိုင်းအစိုးရက နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ခြင်းကို နိုင်ငံတကာ စာနယ်ဇင်းများက ယနေ့တိုင် ရေးသား ဖော်ပြနေကြသည်။ ( ဓာတ်ပုံ - AP )မိုးမခ

Saturday, September 19, 2009

{မောင်သောင်းဒီး ဂျပန်မှာ ပြိုင်ပွဲဝင်နေပြီ}(Click)

မောင်သောင်းဒီး ဂျပန်မှာ ပြိုင်ပွဲဝင်နေပြီ
ဓာတ်ပုံသတင်း
စက်တင်ဘာ ၁၉၊ ၂၀၀၉ ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့အနီး မာကူဟာရီဒေသရှိ စက္ကူလေယာဉ်ပျံ ပြိုင်ပွဲတွင် သူ၏ လေယာဉ်ကို လေထဲတွင် ကြာနိုင်သမျှ ကြာအောင် ပျံဝဲနိုင်စေရန် လွှတ်တင်တော့မည့် မောင်သောင်းဒီး (Mong Thongdee)။ ပြိုင်ပွဲရလဒ်များ ချက်ချင်း မသိရသေးပေ။ ပြိုင်ပွဲကို All-Japan Origami Airplane Contest ဟု အမည် ပေးထားသည်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်တောင်ပိုင်းဇာတိ မိဘ ၂ပါးက မွေးဖွားခဲ့သော မောင်သောင်းဒီးသည် နိုင်ငံမဲ့တဦး ဖြစ်သည်။ ထိုင်းနိုင်ငံတွင် တရားမ၀င် နေထိုင်စဉ် မောင်သောင်းဒီးကို မွေးဖွားရာ မွေးစာရင်း မရှိသဖြင့် နိုင်ငံ မဲ့နေခြင်း ဖြစ်သည်။ သူ့အား ဂျပန်သို့ သွားရောက်ခွင့် ပြုမပြုကို ရက်အနည်းငယ်အကြာ အငြင်းအခုန် ပြုလုပ်ပြီးနောက် ထိုင်းအစိုးရက နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် မောင်သောင်းဒီးသည် ထိုင်းနိုင်ငံကို ကိုယ်စားပြုပြီး သွားရောက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။( ဓာတ်ပုံ - AP ) မိုးမခ

{အမေရိကားရဲ့ ပိတ်ဆို့မှု ရုတ်သိမ်းရေး စိတ်မအေးဘူး}(Click)

အမေရိကားရဲ့ ပိတ်ဆို့မှု ရုတ်သိမ်းရေး စိတ်မအေးဘူး

အမေရိကားရဲ့ ပိတ်ဆို့မှု ရုတ်သိမ်းရေး စိတ်မအေးဘူး
မောင်ဂဒိုး
ကာတွန်း - ဟန်လေး (ဧရာဝတီဝက်ဘ်ဆိုက်)

အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး NLD ကို ရွေး ကောက်ပွဲဝင်ဖို့ တိုက်တွန်းသလို အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းဖို့ကိုလည်း အကြံ ပြုထားပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတို့ရဲ့ အရေးယူမှုတွေကြောင့် မြန်မာနိုင်ငံမှာ တရုတ်ရဲ့သြဇာ လွှမ်းမိုးလာမှုဟာလည်း စိုးရိမ်စရာဖြစ်တယ်လို့ သူက မြင်ပါတယ်။

အလားတူ ကုလသမဂ္ဂ အအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး သန့်မြင့်ဦးကလည်း “အမေရိ ကန်နိုင်ငံရဲ့ အနီးကပ် ထိတွေ့ဆက်ဆံမှုဝါဒ မကျင့်သုံးဘူးဆိုရင် (၅၅) သန်းရှိ မြန်မာပြည်သူတွေဟာ တရုတ် လူမျိုး (၁.၃) ဘီလီယံရဲ့ ကိုလိုနီအသွင်ဆန်တဲ့ ဘဝကို ရောက်ဖို့ အလားအလာများလာပြီ (ညွှန်း - ဒေါက်တာ ဇာနည်၊ ဧရာဝတီ)” လို့ Washington Post သတင်းစာထဲမှာ ရေးသားထားကြောင်းသိရပါတယ်။ ဒီဆောင်းပါး ကတော့ နအဖ သဘောတွေ့စရာဖြစ်နေလို့ မြန်မာသတင်းစာထဲမှာ ဖေါ်ပြထားတယ်လို့လည်း ကြားသိရပါ တယ်။

သန့်မြင့်ဦးကတော့ ကိုယ့်နိုင်ငံအရေး စိတ်မအေးလို့ရယ်၊ တရုတ်ကွန်မြူနစ်ရဲ့ သြဇာလွှမ်းမှုအန္တရာယ် တကယ် လည်း စိုးရိမ်စရာဖြစ်နေတယ် ယူဆလို့ရယ် ရေးလိုက်တာနေမှာပါ။ သြဇာလွှမ်းမိုးမှုကို မပြောလိုသေးပါ။ တ ရုတ်ရဲ့အန္တရာယ်ဆိုတာကတော့ စစ်အစိုးရအဆက်ဆက် ရှိနေခဲ့တာပါ။ မန္တလေးမှာဆိုရင် “တရုတ်က ဖိ၊ ရှမ်း က အိ၊ ရှိသည့် ဗမာ အနောက်မှာ” ဆိုတဲ့ စကားအတိုင်း စိုးရိမ်စရာ အနေအထားဖြစ်အောင်ကို တရုတ်တွေ မြန်မာပြည်အတွင်း ဝင်လာခဲ့ကြတာပါ။ ဒါဟာ မဆလ၊ နဝတ၊ နအဖ အဆက်ဆက် သက်ဆိုင်ရာ အာဏာပိုင် တွေနဲ့ အကျင့်ပျက် ဝန်ထမ်းတွေရဲ့ တာဝန်မကျေပြွန်မှု၊ တိုင်းပြည်အပေါ် သစ္စာမရှိမှုရဲ့ရလဒ်တွေပါ။

အခုဆိုရင် မူဆယ်၊ လာရှိုး၊ မန္တလေး စတာတွေဟာ တရုတ်မြို့လိုဖြစ်ပြီး တရုတ်စာဟာ အသုံးဝင်တဲ့စာ ဖြစ်လာ လို့ သင်ယူသူတွေတောင် များလာတယ်လို့ ဆိုပါတယ်။ လူဦးရေပမာဏနဲ့အပြင် ငွေလုံးငွေရင်းနဲ့ပါ ဖိလာတာမို့ မန္တလေးမြို့ရဲ့ နေရာကောင်းမှန်သမျှ တရုပ်တွေပဲ ပိုင်လာကြတာပါ။ ဒီငွေတွေဟာ တရားသဖြင့် စီးပွားရှာလို့ ရလာတာမဟုတ်ဘဲ ကျောက်စိမ်း၊ ဘိန်း စတာတွေအပြင် တခြားဥပဒေနဲ့ မလွတ်ကင်းတဲ့ စီးပွားရှာကြံရေး နည်းလမ်းတွေနဲ့ ရလာခဲ့ကြတာပါ။ ရန်ကုန်မှာလည်း ထိုနည်း၎င်းပါ။ မြန်မာတိုင်းရင်းသားများဟာ ရေမြေသ ဘာဝက မျက်နှာသာပေးတာမို့၊ တဝမ်းတခါး စားဖို့သောက်ဖို့ဆိုတာ ခဲယဉ်းတာမဟုတ်ပါဘူး။ ငွေရေးကြေးရေး ရှိလာပြန်တော့လည်း၊ “တမူးရလို့ တပဲလှူ၊ ဒို့ရှမ်းတောင်သူ မီနိုင်ရိုးလား” ဆိုတဲ့ တိုင်းရင်းသားစကားလို လှူဖို့ တန်းဖို့သာ အားထားနေကြတာပါ။ ဒါ့ကြောင့် ငွေမရှာတတ်ပါဘူး။ ရှာဖို့လည်း စိတ်မထက်သန်ပါဘူး။ ဘာသာ တရားအားဖြင့်လည်း ရောင့်ရဲဖို့ကိုသာ ဆုံးမထားတာပါ။

တရုတ်ပြည်အနေနဲ့တော့ သမိုင်းကြောင်းရှည်ကြာတာနဲ့အမျှ လူဦးရေကလည်း အဆမတန်များတာပါ။ ဒါပေ မယ့် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်စားသောက်ဖို့တော့ ခက်ခဲတယ်လို့ ဆိုပါတယ်။ ဒါဟာ ကမ္ဘာအနှံ့ တရုတ်လူမျိုး များ ပြန့်ကျဲနေရခြင်းရဲ့ အကြောင်းရင်းလည်း ဖြစ်နိုင်ပါတယ်။ ဘဝဟာ အသိကို ပြဌာန်းပါတယ်။ စားဝတ်နေ ရေး၊ လုပ်ရေးကိုင်တာ ခက်ခဲတော့ ငွေရှာခြင်းဟာ တရုတ်ရဲ့အဘိဓမ္မာ၊ တရုတ်ရဲ့ဘဝပေးအသိဖြစ်ပြီး ငွေရှာ တတ်တာ၊ မရ ရတဲ့နည်းနဲ့ ငွေရှာတာဟာလည်း တရုတ်ရဲ့အမူအကျင့်ဖြစ်သွားတယ်လို့ ဆိုချင်ပါတယ်။ ဒါ ကြောင့်လည်း ကျနော်တို့မြန်မာနိုင်ငံမှာ ဟိုးမဆွကတည်းက “မဟုတ် တရုတ်လုပ်တယ်” ဆိုတဲ့စကား ဖြစ်လာ ခဲ့တာပေါ့။

အခုဖော်ပြခဲ့တဲ့ မြန်မာပြည်သူလူထုအတွင်းမှာရှိတဲ့ တရုတ်ရဲ့အန္တရာယ်ကတော့ ညံ့ဖျင်းတဲ့ စစ်အစိုးရအဆက် ဆက်ရဲ့ အာဏာရှိသူတွေနဲ့ အကျင့်ပျက်တဲ့ ဝန်ထမ်းတွေကြောင့်ရယ်၊ လူမျိုးနှစ်မျိုးရဲ့ မတူတဲ့ စရိုက်သဘာဝ တွေကြောင့်ရယ်ပါ။ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုနဲ့ မပတ်သက်ပါဘူး။

အာဏာသိမ်းထားတဲ့ စစ်အစိုးရအပေါ် တရုတ်ရဲ့သြဇာလွှမ်းမိုးမှုဆိုတာ စိုးရိမ်စရာမရှိပါဘူး။ အရည်အချင်းမရှိ တဲ့ နအဖ သက်ဆိုးရှည်နေမှာကိုသာ စိုးရိမ်ရတာပါ။ ကိုယ့်အစိုးရနဲ့ ကိုယ့်ပြည်သူ ကြည်ကြည်ဖြူဖြူနဲ့ အင်အား ရှိနေတဲ့အချိန်မှာ တရုတ်မှမဟုတ်ဘူး၊ ဘယ်တိုင်းခြားသြဇာမဆို လွယ်လွယ်နဲ့ ပယ်ချနိုင်ပါတယ်။ ယေဘုယျ အားဖြင့်ပြောရရင် အခုအချိန်မှာ တရုတ်သြဇာသာမက ပွဲလန့်တုန်း ဖျာခင်းတတ်တဲ့ ၂၁ ရာစုစီးပွားရေးနယ်ချဲ့ သမားတွေဖြစ်တဲ့ ရုရှားနဲ့ အာဆီယံနိုင်ငံတွေကိုပါ သတိထားရမှာပါ။ တရုတ်ရဲ့သြဇာဆိုရာမှာလည်း၊ တကယ် တော့ နအဖနဲ့ တရုတ် အပြန်အလှန် ဖေးမနေကြခြင်းသာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ကိုင် ခွင့်ပြုရာမှာ တခြားနိုင်ငံတွေထက် တရုတ်ကို မျက်နှာသာပိုပေးထားတဲ့အတွက် နိုင်ငံတကာမျက်နှာစာမှာ မြန် မာ့အရေးနဲ့ ပတ်သက်ရင်လည်း တရုတ်က နအဖကို အကာအကွယ်ပေးနေခြင်းသာ ဖြစ်ပါတယ်။ အစစ်အမှန် သြဇာရှိတာမဟုတ်ပါဘူး။

အမေရိကန်ဟာ တကယ်မရှိတဲ့ တရုတ်ရဲ့သြဇာကို အကြောင်းပြပြီး မြန်မာနိုင်ငံအတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်လိုခြင်းသာ ဖြစ်မယ်လို့ယူဆပါတယ်။ အမေရိကားရဲ့ရည်ရွယ်ချက်ဟာ အောင်မြင်တယ်လို့ ပြောရ ပါမယ်။ အောက်ပါအကြောင်းများကြောင့်ပါ။

နအဖ ဟာ သိက္ခာကင်းမဲ့တယ်။ အရှက်အကြောက်မရှိဘူး။ အာဏာတည်မြဲဖို့အတွက်ဆိုရင် မျက်ကန်း တစ္ဆေ မကြောက် လျှောက်လုပ်တယ်။ မလုပ်ရဲတာ မရှိတော့ဘူး။ အမေရိကားက မျက်စပစ်လိုက်တာနဲ့ အဲဒီက ရလာ နိုင်တဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မျှော်ကိုးပြီး မြန်မာ့အရေးမှာ တလျှောက်လုံး ဗီတိုအာဏာသုံးပြီး ကု လသမဂ္ဂမှာ အကာအကွယ်ပေးခဲ့တဲ့ တရုတ်ကိုကာပြန်ပြီး၊ နယ်စပ်ဒေသအရေးမှာ ငြိမ်းချမ်းစွာဖြေရှင်းစေလိုတဲ့ တရုတ်ရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး “တရုတ်ရဲ့ နောက်လိုက်မဟုတ်ဘူးဆိုတာ ပြတဲ့အနေနဲ့ ကိုးကန့်ကို ဝင်တိုက် ခဲ့တယ် (ညွှန်း - ဦးဖုန်ကြားရှင်)”

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို အင်အားလျှော့ကာ ပြည်သူ့ စစ် နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲဖွဲ့စည်းရေး နအဖက တောင်းဆိုခဲ့ပေမယ့် မလိုက်လျောတဲ့အတွက် အကြောင်းရှာပြီး ပထမဦးဆုံး ကိုးကန့်ကို တိုက်ခိုက်တာဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ခြင်း အားဖြင့် (အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို နအဖက စတင်ချိုးဖောက်ခြင်းဖြစ်တဲ့ အ တွက်) နအဖအဖို့ နိုင်ငံတကာအမြင်မှာ အနုတ်လက္ခဏာပြ ဆိုးကျိုးသာဖြစ်စေမယ့်အပြင် ၂၀၁၀ ရွေးကောက် ပွဲဖြစ်ခဲ့ရင်တောင် တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ဘယ်သူကမှ သတ်မှတ်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုးကန့် ကို တိုက်ခိုက်ရခြင်းအကြောင်းဟာ ဦးဖုန်ကြားရှင် ယူဆသလိုလည်း ဖြစ်နိုင်တာပါပဲ။

အခုဆိုရင် ဒီယူဆချက်ဟာ ပိုလို့တောင်နီးစပ်လာပါတယ်။ သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲကြောင့် တရုတ်ပြည်အတွင်းကို လူပေါင်း ၃၇၀၀၀ ကျော်ထွက်ပြေးခဲ့ပါတယ်။ စစ်ပွဲပြီးနောက်ပိုင်း ကိုးကန့်ကို သိမ်းပိုက် ပြီး တရုတ်လူမျိုးတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို လုယက်ခဲ့ရုံမက ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ၊ လူမျိုး ရေး ခွဲခြားဆက်ဆံမှုများပါ ရှိခဲ့ကြောင်း စက်တင်ဘာ (၃) ရက်နေ့ ခေတ်ပြိုင်သတင်းမှာ ဖော်ပြထားပါတယ်။ “၁၉၆၇ တုန်းက မော်စီတုန်းပုံ ရင်ထိုးကို ရင်ဘတ်ချိတ်လို့ တရုတ်-မြန်မာရိုက်ပွဲဖြစ်တော့ ဆတ်ဆတ်ခါနာတဲ့ တရုတ်အစိုးရဟာ ဒီတခါ တရုတ်လူမျိုးတွေကို ထိတာတောင်မှ မနာတာဟာ မြန်မာပြည်က သူပြန်ရမယ့် သ ဘာဝဓာတ်ငွေ့တို့၊ ဆိပ်ကမ်းသုံးပိုင်ခွင့်တို့ ရလို့ပေါ့” လို့ တချိန်က တရုတ်သံအမတ်ဖြစ်ခဲ့ဖူးတဲ့ သခင်ချန်ထွန်း က ပြောပါတယ်။

ဓာတ်သတ္တုနဲ့ စွမ်းအင်ကဏ္ဍတွေမှာ တရုတ်နိုင်ငံကုမ္ပဏီတွေက ကုန်းပိုင်းရော၊ ကမ်းလွန်နဲ့ ရေနက်ဒေသတွေ မှာပါ လုပ်ကွက်တွေယူပြီး ရှာဖွေရေးလုပ်ဆောင်နေကြတာပါ။ ဒါ့အပြင် ရခိုင်ကမ်းလွန်ဒေသကနေ မြန်မာပြည် အလယ်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်းတို့ကို ဖြတ်ပြီး တရုတ်ပြည် ယူနန်ပြည်နယ်အရောက် ရွှေသဘာဝဓာတ်ငွေ့ ကို ပို့ဆောင်မယ့်ပိုက်လိုင်း၊ ၄င်းနဲ့အတူ အရှေ့အလယ်ပိုင်းက ရေနံကိုသယ်မယ့် ပိုက်လိုင်းတွေကိုလည်း၂၀၁၀ မှာ သွယ်တန်းဖို့ရှိနေပါတယ်။ တရုတ်တို့အနေနဲ့ ဒါတွေကိုလည်း ထည်းသွင်းစဉ်းစားနေရတော့မှာပါ။ အခုကိုပဲ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ချဉ်းကပ်ရေးမူဝါဒဟာ အလုပ်မဖြစ်ပါဘူး။ မြန်မာနိုင်ငံအပေါ် တရုတ်ဟာ ထင်သ လောက် သြဇာမရှိပါဘူးဆိုတဲ့ လေသံမျိုးတွေ ကြားလာရပါပြီ။

ဒါတွေဟာ အမေရိကားနဲ့ အနောက်နိုင်ငံတို့ရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကြောင့် မြန်မာနိုင်ငံမှာ တ ရုတ်ရဲ့သြဇာလွှမ်းမိုးမှု ရှိလာတယ်ဆိုတာကို ခြေဖျက်တဲ့ အချက်အလက်တွေပါ။ တကယ်တော့ လွတ်လပ်တဲ့ နိုင်ငံအချင်းချင်း အကြွင်းမဲ့သြဇာလွှမ်းမိုးမှုဆိုတာ မရှိနိုင်ပါဘူး။ “ဆန်ပေးလို့ ဆေးရ” အကျိုးစီးပွားကို အရင်း တည်ပြီး အပြန်အလှန် ဆက်စပ်ပတ်သက်နေကြခြင်းသာဖြစ်ပါတယ်။ စူပါပါဝါ အမေရိကားဟာ ဒီသဘောတ ရားကို နားမလည်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် “သူလည်းလေ လောကီသားပေမို့ ‘စား’ ချင်ရှာပေဦး မယ်”။ ဒါ့ကြောင့် အကြောင်းပြပြီး ပိတ်ဆို့အရေးယူမှုတွေ လျှော့ချဖို့ ကြိုးစားလာတာပါ။

နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှ ဖွံ့ဖြိုးတိုးတက်လာနိုင်တာမို့ အမေရိကားသာမက ဘယ်နိုင်ငံရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုမဆို ကြိုဆိုပါတယ်။ ဒါပေမယ့် ပြည်သူတွေ အကျိုးခံစားနိုင်ဖို့အတွက် သေချာတဲ့ အခြေခံမူ တွေ ချမှတ်ထားဖို့တော့ လိုပါတယ်။ အဲဒီလို ချမှတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။ အောက်ပါအချက်တွေ ကြောင့်ပါ။

၁။ စွမ်းအင်ကဏ္ဍကရတဲ့ အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံကို နအဖ ဗိုလ်ချုပ်ကြီးတွေက စင်ကာပူဘဏ်နှစ်ခု မှာ ခိုးဖွက်အပ်နှံထားတယ်လို့ ERI ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ Metthew Smith က ပြောပါ တယ်။ နအဖဟာ ကုန်ကျစရိတ်ကြီးမားလှတဲ့ မြေအောက်လိုဏ်ခေါင်းဆောက်လုပ်ရေး၊ နျူကလီးယားစက်ရုံ တည်ဆောက်ရေး စတဲ့ စီမံကိန်းကြီးတွေကို လျှို့ဝှက်အကောင်အထည်ဖော်နေကြတယ်။ ပြည်သူလူထုရဲ့ဘဝ ကတော့ ဆင်းရဲစုတ်ပြတ်ပြီး မီးမလာ ရေမမှန်တဲ့ ဘဝမှာ နေရရှာတယ်။ ရန်ကုန်မြို့ကြီးဟာ စွန့်ပစ်ပစ္စည်းများ စုပုံရာသဖွယ် ပြက်ရယ်ပြုသရုပ်ဖော်ခြင်းခံရတယ်။ ဒါတွေကိုကြည့်ရင် နအဖဟာ ပြည်သူတွေအတွက် ထည့် မစဉ်းစားဘူးဆိုတာ ထင်ရှားပါတယ်။

၂။ မြန်မာနိုင်ငံအတွင်း ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှ ဗိုလ်ချုပ်လူလည်ကြီးများက ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားကြတယ်။ နိုင်ငံတော်လုပ်ငန်းကြီးများဖြစ်ကြတဲ့ သစ်တော၊ သတ္တု၊ စွမ်းအင်ကဏ္ဍတွေမှာ ဗိုလ်ချုပ် ကြီးတွေ၊ သူတို့ရဲ့အစွယ်အပွားတွေနဲ့ ခေတ်ပျက်သူဌေးတွေဟာ အာဏာကိုအသုံးချပြီး လုပ်ကွက်များစွာကို လက်ဝါးကြီးအုပ် ဆုပ်ကိုင်ထားကြတယ်။ အမေရိကားနဲ့ အနောက်နိုင်ငံများရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ရောက်အလာကို သူတို့ထိုင်မျှော်နေကြတယ်လို့ အတွင်းစကားအရ သိရတယ်။ ကဲ ... ဒီလိုအနေအထားမှာ ပြည်သူလူထုကတော့ ဆက်ပြီး ဆင်းရဲဖို့ကလွဲလို့ ဘာများမျှော်လင့်လို့ရဦးမှာလဲ။

မြန်မာနိုင်ငံကို တရက်နှစ်ရက်လာ၊ တယောက်နှစ်ယောက် တွေ့သွားရုံလောက်နဲ့ မစ္စတာဂျင်မ်ဝက် ဒါတွေ ဘယ်လိုလုပ်ထည့်တွက်နိုင်မှာလဲ။ သူ့သဘောထားကို ထောက်ခံသူဟာလည်း ပြည်သူအတွင်းက အသိဉာဏ် နည်းသူ၊ တိုင်းပြည်အခြေအနေကို ဂဃနဏ မသိသူ၊ နိုင်ငံရေးအရေခြုံ ကလိန်ကကျစ်နဲ့ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ ခေတ်ပျက်သူဌေးတို့သာပဲ ဖြစ်မယ်။

မောင်ဂဒိုး
၁၇၊ စက်တင်ဘာ၊ ၂၀၀၉

Friday, September 18, 2009

{ဘယ်ယောကျာင်္းလဲ၊ ဘယ်မိန်းမလဲ}(Click)

{ဘယ်ယောကျာင်္းလဲ၊ ဘယ်မိန်းမလဲ}

မင်းဒင်

(၁) လမ်းသစ်

တရုတ်ပြည်တွင် ၁၉၁၁ ခုနှစ်၌ သက်ဦးဆံပိုင် မန်ချူးမင်းဆက်ကို တော်လှန်သော သမ္မတစနစ် အရေးတော်ပုံ ကြီးပေါ်ခဲ့ရာမှ မန်းချူးမင်းကို နန်းချလိုက်ကြသည်။ ထိုမှသည် နန်းချအုပ်စုချင်းမညီညွတ်ပြန်၍ ဆွန်ယတ်ဆင် ဦးဆောင်သော တောင်ပိုင်း သမ္မတဝါဒီတို့နှင့် မြောက်ပိုင်း ဘုရင့်ဝါဒီတို့ ပြည်တွင်းစစ်ခင်းကြသည်။ ဆွန်ယတ် ဆင်ပါတီက ဆက်တိုက်အနိုင်ရခဲ့ပြီး မြောက်ပိုင်းနန်ကင်းမြို့ကို သိမ်းနိုင်ခဲ့သည်။

နန်ကင်းမြို့ကို အုပ်ချုပ်သော တောင်ပိုင်းစစ်တပ်သည် နန်ကင်းမြို့ဟောင်းကို ခေတ်မီသော တရုတ်နေပြည် တော် ဖြစ်လာအောင် ပြုပြင်ရာမှ အဘိုးအို လူချန်၏ ရေနွေးဆိုင် အဖျက်ခံရသည်။ အစကသော် အဘိုးအို လူ ချန်သည် သူ့ဆိုင်ကို ထိုက်သင့်သောလျော်ကြေးငွေ တသောင်းမပေးပါဘဲလျက် ဓားပြတိုက်သလို တိုက်ယူကြ သည်ဟု အစွဲရှိခဲ့သည်။ သို့သော် ထိုအရေးတော်ပုံကြီးကြောင့်ပင်လျှင် လက်ကြောမတင်းသော သူ့သား အမြင် မှန်ရ လက်ကြောတင်းလာပြီး လမ်းသစ်ဖောက်ရာတွင် ပါဝင်လာခဲ့ရာ နောက်ဆုံးလမ်းသစ်ကို အဘိုးအို လူချန် နားလည်လက်ခံလာနိုင်ခဲ့သည်။

အဆိုပါ လမ်းသစ် (New Road ) ကို အမေရိကန် စာရေးဆရာမကြီး ပါးလ်ဗတ် (Pearl S.Buck) က ရေး၍ ဆရာဇော်ဂျီက ‘လမ်းသစ်’ အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ အဆိုပါ ဝတ္ထုတိုတွင် ခေတ်အပြောင်းတွင် အယူအ ဆမတူသော်ငြား အဖေရော သားပါ ရိုးသားစွာ ဖြတ်ကျော်ခဲ့ကြသည်ဟူသော အချက်သည် အဓိကကျသည်ဟု ကျနော်မြင်သည်။

(၂) သူတို့ တမျိုးစီမြင်ကြသည်

ယခုမျက်မှောက်အချိန်၌ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာပြဿာများသည် နိုင်ငံနယ်နမိတ်ကို ဖြတ်လာ ခဲ့ရာ အန်ဂျီအိုအဖွဲ့များ၏ အခန်းကဏ္ဍ အရေးပါလာခဲ့သည်။ ဤတွင် ဆရာလူထုဦးစိန်ဝင်းက မြန်မာပြည်၏ လက်ရှိအခြေအနေ၌ လူငယ်များ အန်ဂျီအိုအဖွဲ့အသီးသီးတွင် အရှိန်အဟုန်နှင့် ပါဝင်လာကြရာမှ ကိုယ်ကျိုး ဖက်မှုများ တွေ့လာရကြောင်း၊ စေတနာရှင်းသန့်ရန်လိုကြောင်း စံပြပုဂ္ဂိုလ် မြန်မာ့အလင်း ဦးတင်နှင့် ချိန်ထိုး ထောက်ပြထားသည်။

အတုမြင် အတတ်သင်ကုန်ကြမည်စိုး၍ ကိုယ့်အားကိုယ်ကိုးကြရန် စံပြပုဂ္ဂိုလ်လိုကြောင်း၊ ဆိုင်းဘုတ်မျိုးစုံ အောက်တွင် နေ့ချင်းညချင်း လန်းလာကြသော အန်ဂျီအိုအမည်ခံ လူငယ်များ ပရဟိတသမားစစ်စစ်ဖြစ်စေလို ကြောင်း ဆရာက တပည့်ကို သွန်သင်သည့်သဘော စာအုပ်၊ ဘီဒို၊ သံမပါဘဲ အရပ်သုံးစကားပြော ခံစားသိဖြင့် ရေးပြထားသည်။

ကိုအောင်သူငြိမ်းကလည်း စာတတ်ပေတတ်ပီပီ ကျမ်းကိုးစကားကိုးနှင့် ပြဿနာပေါင်းစုံက နိုင်ငံနယ်နိမိတ်ကို ဂရုမစိုက်သည့် ဂလိုဘယ်ခေတ်ကြီးမှာ မြန်မာနိုင်ငံပြဿနာကို ပြည်တွင်းက ဖြေရှင်းရုံနှင့် မလုံလောက် ကြောင်း ပြန်လည်ချေပသည်။

ယခုကာလတွင် လူမှုရေး၊ ကယ်ဆယ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများတွင်သာမက အနာဂတ် နိုင်ငံပြန်လည်ထူ ထောင်ရေးအတွက် လက်ရှိအန်ဂျီအိုအဖွဲ့များပင် များနေပြီမဆိုနိုင်ကြောင်း၊ အန်ဂျီအိုဟူသည် လူမှုအရင်းအနှီး တရပ်အနေဖြင့် ခေတ်ပြောင်းရာမှာ မရှိမဖြစ်ကြောင်း ကြံဆသိဖြင့်ဆိုသည်။ ပြောရန်တချက်မှာ မြန်မာအစိုးရ ကျောထောက်နောက်ခံဖြင့် ဖွဲ့ထားကြလေသော ကြံ့ဖွံ့၊ မိခင်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာ ... စသည့်အဖွဲ့များကိုပါ တန်းယှဉ်ထောက်ပြခဲ့ခြင်းကား မူလဘူတ၊ အရင်းခံရည်ရွယ်ချက်ခြင်း ကွာဟလှသည်ဖြစ် ၍ အယှဉ်လွှဲနေသည်ဟု ကျနော်ထင်သည်။

အဆိုကိုတင်သူရော ပြန်လည်ချေပသူပါ ခေတ်ကြီးအပေါ် ရိုးသားကြသည်ဟု ကျနော်ယူဆလေရာ ဆရာလူထု ဦးစိန်ဝင်းနှင့် ကိုအောင်သူငြိမ်းတို့မှာ ‘လမ်းသစ်’ ဝတ္ထုတိုထဲက အဘိုးလူချန်တို့ သားအဖ အစအဦးတွင် သ ဘောမတူညီမှုလိုမျိုးဟုသာ ကျနော်သဘောပိုက်ပါသည်။ သို့သော် ကျနော့်အမြင်မရှင်းသည်ကား ဆိုင်းဘုတ် မျိုးစုံက လက်တွေ့တွင် တကယ်အားမကိုးရသော စေတနာမသန့်ရှင်းသောသူများ၊ အဖွဲ့များ ဖြစ်ပါသည်။

(၃) ကိုယ်တွေ့အန်ဂျီအို

ကျနော်နေထိုင်ရာမြို့မှာရှိသော အန်ဂျီအိုအဖွဲ့တခုက ကျနော်ပါဝင်ဆောင်ရွက်နေသော ရွှေ့ပြောင်းလုပ်သား သာရေးနာရေးအသင်းသို့ ရုံးသုံးဘီဒို၊ စားပွဲကုလားထိုင် အပါအဝင် ဆေးဝါးများ ကူညီထောက်ပံ့ခဲ့ဖူးရာ ကိုယ် တိုင်လက်ခံရယူခဲ့ဖူးသည်။ ထောက်ပံ့သော ပစ္စည်းအားလုံး၏ တန်ဖိုးမှာ ထိုင်းဘတ်ငွေ ငါးသောင်းထက်မပို သော်ငြား လက်ခံရရှိကြောင်း ပြေစာတွင် ဘတ်တသိန်းကျော် လက်မှတ်ထိုးပေးခဲ့ရဖူးသည်။ ဤတွင် ကြားဝင် ညှိနှိုင်းပေးသော မြန်မာဆရာဝန်အမျိုးသမီးမှာ ပကတိစေတနာရှင်းသန့်လင့်ကစား အဆိုပါအဖွဲ့၏ အမြင့်ဆုံး တာဝန်ရှိပုဂ္ဂိုလ် ထိုင်းလူမျိုးက ဖန်တီးသောကိစ္စဖြစ်၍ သူလည်း ဘာမှမတတ်နိုင်ရှာ။

နောက်တကြိမ်မှာ ကျနော်တို့မြို့တွင်ပင် ရွှေ့ပြောင်းအလုပ်သမားများအတွက် စာကြည့်တိုက်ဖွင့်ပေးရန် အဖွဲ့ တဖွဲ့ လာခဲ့ဖူးပြန်သည်။ တာဝန်ခံမြန်မာလူငယ်မှာ ညက သောက်ထားသောအရှိန် ပြေသေးဟန်မတူ။ “ကျနော့် ကားကို ကျနော်ကိုယ်တိုင် မောင်းလာတာ” ဟူသော စကားကိုပင် ထပ်ချည်းတလဲလဲပြော၍ သူပြောမျှ နား ထောင်မည့်နေရာနှင့် လူပုဂ္ဂိုလ်ကို တွေ့အောင်ရှာနေသည်။

အခြားသောအန်ဂျီအိုများ ရောက်လာခဲ့ပြန်သည့်အခါများတွင်လည်း အဖွဲ့ခေါင်းဆောင် အနောက်တိုင်းသားတို့ ကို မျက်နှာချိုသွေးကာ ဆန်ထွက်နိုင်မည့် မျောက်အုပ်စုကို လိုက်ရှာနေသည်နှင့်သာ တူတော့သည်။ ဤသည် မှာ ကျနော့်ကိုယ်တွေ့ အဖွဲ့အနည်းငယ်သာဖြစ်၍ အန်ဂျီအိုအားလုံးကို ဆိုလိုသည်တော့မဟုတ်ပါ။ အဓိက ပြော လိုသည်မှာ အနောက်ယဉ်ကျေးမှုကလာသော အန်ဂျီအိုရိုးရာကို အကောင်အထည်ဖော်ရာတွင် ကျနော်တို့မြန် မာလူငယ်များ စိတ်ထားရှင်းသန့်ဖို့၊ ကိုယ့်ကိုယ်ကို အထပ်ထပ် ဆန်းစစ်နေဖို့လိုသည်ဟု ကျနော်မြင်သည်။

(၄) ဆိုင်းဘုတ်များပါစေ၊ ပစ္စည်းစစ်မှန်ပါစေ

မနုဿဗေဒပညာရှင်ကြီးတဦးကို တယောက်သောသူက “ကမ္ဘာကြီးပေါ်မှာ မိန်းမနဲ့ ယောင်္ကျား ဘယ်ဒင်းက ပို တော်သတုန်း” ဟု မေးရာ အမေးခံရသောပညာရှင်က “ဘယ်ယောင်္ကျားတုန်း ဘယ်မိန်းမတုန်း” ဟု အမေးဖြင့် ပြန်တုံ့ခဲ့သည်ကို သတိရစရာကောင်းပါသည်။

ဒီရေတောဆိုင်းဘုတ်၊ အေ့ဒ်စ်ဆိုင်းဘုတ်၊ ပလပ်စတစ် ကြွပ်ကြွပ်အိတ် ဆိုင်းဘုတ်သာမက သားမက်နှင့် ယောက္ခမများ ပြေလည်စေရေးဆိုင်းဘုတ်အထိ မည်သည့်ဆိုင်းဘုတ်ထောင်သည်ဖြစ်စေ၊ ပစ္စည်းစစ်ဖို့လိုပါ သည်။ ဆိုင်းဘုတ်မည်မျှပင် ပေါ်ပေါက်လာပါစေ။ မြန်မာ့ပြဿနာအပါအဝင် ကမ္ဘာ့ပြဿနာမျိုးစုံကို အမှန်တ ကယ် ဝင်ရောက်ဖြေရှင်းနိုင်သော အန်ဂျီအိုများ၊ ယင်းကို အရင်းစိတ်ထားဖြူစင်စွာဖြင့် အကောင်အထည်ဖော် နိုင်သူများပေါ်လာရန်သာ လိုရင်းဖြစ်ပေလိမ့်မည်။ ဤသို့မဟုတ်လျှင်မူ မျောက်ပြဆန်တောင်းအဆင့်က ကျော် လွန်နိုင်မည်မဟုတ်ချေ ။

မျိုဆက်များကွာခြားလာသည်နှင့်အမျှ ရှုမြင်သုံးသပ်ပုံ၊ တွေးခေါ်ပုံများ မည်သို့ပင် ပြောင်းလဲလာသည်ဖြစ်စေ ရိုးသားမှုကို အခြေခံသင့်ခြင်း တည်းဟူသော ကမ္ဘာဦးတရားကြီး မမေ့လျော့သင့်သည်ကား သေချာလှပါသည်။
စေတနာရှင်းသန့်သော လူငယ်မျိုးဆက်သစ်လူငယ်များ အန်ဂျီအိုတွေမှာ ပါဝင်လာနိုင်သည့်အခါ အဘိုးအို လူ ချန်ကဲ့သို့ လမ်းသစ်အပေါ် အလိုလို အမြင်ရှင်းသွားသူများစာရင်းတွင် ကျနော်လည်း ပါဝင်ချင်ပါသည်။ အချုပ် အားဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းက ဖောက်လုပ်လိုက်သော အန်ဂျီအိုလမ်းမကြီးသည် ကျနော့်တို့မြန်မာနိုင်ငံ အတွက် ခေတ်မီရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်း သယ်ဆောင်လာသောအရာဟု ကျနော် အထူးယုံ ကြည်မျှော်လင့်လျက်ရှိပါသည်။

မင်းဒင်



{စိတ်ကို အသိညဏ်ကအုပ်စိုး၏။}={အသိညဏ်ကို ဗဟုသုတကအုပ်စိုး၏။}={ဗဟုသုတကို စာပေကအုပ်စိုး၏။}

Wednesday, September 16, 2009

{ Comments (0) နိုင်ငံမဲ့ လူငယ်လေးတဦးရဲ့ အိပ်မက် }(Click)

နိုင်ငံမဲ့ လူငယ်လေးတဦးရဲ့ အိပ်မက်


ကောင်းကင်ကို စိုးမိုး ပျံသန်း နိုင်ဖို့ ဆိုတဲ့ အိပ်မက်ရဲ့ အစိတ်အပိုင်းတခုကို အကောင်အထည် ဖော်ခဲ့တဲ့ မောင်သောင်ဒီ ကတော့ အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ဂျပန်နိုင်ငံ ချီဘာမြို့မှာကျင်းပ ပြုလုပ်မယ့် အိုမီဂါရီ စက္ကူလေယာဉ် ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် ဒီနေ့ပဲ ထွက်ခွာသွားခဲ့ပါပြီ။

မောင်သောင်ဒီနဲ့ မိသားစု (ဓာတ်ပုံ - ဧရာဝတီ)

“ကျနော့်ကို ထိုင်းဝန်ကြီးချုပ်က အကောင်းဆုံး ကြိုးစားဖို့ အားပေးစကားပြောတယ်၊ တကယ်လို့ ပြိုင်ပွဲမှာ ဆုရခဲ့ရင် သူ့ကို အရင်ဆုံးလာ တွေ့ဖို့ပြောတယ်၊ အဲ့ဒါကြောင့် ကျနော် အခု ပထမဆုရဖို့အတွက် လက်တွေ သန်မာအောင် အပြင်းအထန် လေ့ကျင့် နေတယ်” လို့ မောင်သောင်ဒီ က ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျောင်းစတက်ခဲ့ရတဲ့ မောင်သောင်ဒီဟာ ၁ တန်း ကျောင်းသား ဘ၀ကတည်းက စက္ကူနဲ့ လေယာဉ်ပျံ ချိုးခေါက်ပြီး သူငယ်ချင်းတွေနဲ့ ယှဉ်ပြိုင် ကစားလေ့ ရှိခဲ့ရာက ၄ တန်းရောက်တော့ ချင်းမိုင် တက္ကသိုလ်က ကြီးမှူးကျင်းပတဲ့ စက္ကူ လေယာဉ်ပျံ ပြိုင်ပွဲမှာ ပထမ ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ National Mental and Material Tenology (Mtec) က ကျင်းပတဲ့ စက္ကူလေယာဉ် ပြိုင်ပွဲမှာလည်း သူရဲ့လေယာဉ်က ၁၂.၅၀ စက္ကန့် ကြာ လေပေါ်မှာ ပျံဝဲနိုင်လို့ ပထမဆု ရရှိခဲ့ပြန်ပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံ အိုမီဂါရီ ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီသူ တဦးဖြစ်လာတဲ့ အတွက် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခံခဲ့ရတာပါ။

မောင်သောင်ဒီက “ကျနော်က လေယာဉ်ပျံ တည်ဆောက်တဲ့သူ ဖြစ်ချင်တယ်၊ စက်မှုလက်မှုကို ၀ါသနာ ပါတယ်၊ ကျနော်က ဖန်တီးရတာကို ၀ါသနာပါတယ်” လို့ သူ့ ရည်ရွယ်ချက်ကို ပြောပါတယ်။

စက္ကူလေယာဉ် ချိုးပြနေတဲ့ မောင်သောင်ဒီ (ဓာတ်ပုံ - ဧရာဝတီ)

သို့ပေမယ့်လည်း ထိုင်း ပြည်ထဲရေး ၀န်ကြီးဌာနက သူ့ကိုခရီးသွားလတ်မှတ် ထုတ်ပေးဖို့ ငြင်းပယ်ခဲ့တဲ့ အတွက် သူ့ အိပ်မက်တွေ ပျောက်ဆုံးလုမတတ် ဖြစ်ခဲ့ရပါတယ်။

ဆိုပြီး ထိုင်း ပြည်ထဲရေး ဝန်ကြီး Chavarat Charnvirakul က မောင်သောင်ဒီကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်မပေးနိုင်ဘူး ဆိုတာနဲ့ တကယ်လို့ ဒီပြိုင်ပွဲကို သူ ဝင်ချင်တယ်ဆိုရင် မြန်မာပြည် ကိုယ်စားပြုပြီးပဲ ဝင်ပြိုင်လို့ ရမယ် ဆိုပြီး ပြောခဲ့ပါတယ်။

“ကျနော့်ကို ပြည်ထဲရေးဌာနက ငြင်းလိုက်တော့ ၀မ်းနည်းတယ်၊ စိတ်မကောင်းဘူး၊ ကျနော်က ထိုင်းနိုင်ငံသားလို့ ပဲထင်တယ်၊ ထိုင်းနိုင်ငံမှာ ပျော်တယ်၊ ဒါပေမယ့် နိုင်ငံသား ဖြစ်ဖို့ အတွက်ကတော့ အာဏာပိုင်တွေ ပေါ်မှာ မူတည်ပါတယ်၊ မြန်မာပြည်ဆိုတာ သူငယ်ချင်းတွေဆီက တဆင့်ပဲ ကျနော်ကြားဖူးတယ်” လို့ အသက် ၁၂ နှစ်အရွယ် မောင်သောင်ဒီက ပြောပါတယ်။

ဒါပေမယ့် ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် မောင်သောင်ဒီဟာ ယာယီ နိုင်ငံကူး လတ်မှတ် ရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေးအတွက် အကျိုးဆောင် ပေးနေတဲ့ ဒေါက်တာ သိန်းလွင်က “တကယ်လို့သာ သွားခွင့် မရှိဘူး ဆိုရင်တော့ ကလေး တယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတာပဲ၊ ထိုင်းဝန်ကြီးချုပ်က ဒီလို ဆုံးဖြတ် လိုက်ခြင်းဟာ ထိုင်းနိုင်ငံက လူ့အခွင့်အရေးကို လေးစားတယ် ဆိုတာ ပြသလိုက်တာပဲ။ မြန်မာ နိုင်ငံသားတွေ အပေါ်မှာ စာနာရာလည်း ရောက်တယ်၊ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုးပမ်း အားထုတ်မှုကို အားပေးခံရတဲ့ အတွက် ဒီထက်ပိုပြီးတော့ ထူးချွန်နိုင်တယ်” လို့ ပြောပါတယ်။

မောင်သောင်ဒီရဲ့ မိဘတွေ အနေနဲ့ကတော့ ကျောင်းလည်း တက်နိုင်၊ အလုပ်အကိုင် ရှာဖွေရတာလည်း လွယ်ကူပြီး အနာဂတ် ခရီး ပိုမိုကောင်းမွန် စေဖို့အတွက် ထိုင်းနိုင်ငံသား ဖြစ်ချင်ကြတဲ့ ဆန္ဒ ရှိနေပါတယ်။

မောင်သောင်ဒီနဲ့ ချိုးပြီးသွားတဲ့ စက္ကူလေယာဉ်ကလေး (ဓာတ်ပုံ - ဧရာဝတီ)

တကယ်တော့ မောင်သောင်ဒီရဲ့ မိဘ ၂ ပါး ဖြစ်တဲ့ စိုင်းညွှန့်နဲ့ နန်းမွဲတို့ဟာ ရှမ်းပြည်တောင်ပိုင်း ခိုလန် ဇာတိ ဖြစ်ပြီးတော့ ရွာမှာ စီးပွားရေး မကောင်းတဲ့ အတွက် လက်ထပ်ပြီး သိပ်မကြာခင် ၁၉၉၅ ခုနှစ်မှာ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းကနေ ၄ သန်းထိ အလုပ် လုပ်ကိုင် နေကြပြီး အများစုက တရားမ၀င် လာရောက် လုပ်ကိုင်ကြသူတွေ ဖြစ်ကြပါတယ်။

မောင်သောင်ဒီရဲ့ မိဘတွေ ရောက်စက FANG ဒေသမှာရှိတဲ့ လိုင်ချီး၊ လိမ္မော်တို့ စိုက်တဲ့ ခြံမှာ ၀င်လုပ်ခဲ့ရပြီး အဲဒီ ခြံပိုင်ရှင်ကအလုပ်သမား မှတ်ပုံတင် မလုပ်ပေးခဲ့ဘူးလို့ ဆိုပါတယ်။

၁၉၉၇ ခုနှစ် မောင်သောင်ဒီကို မွေးဖွားခဲ့တဲ့ အချိန်မှာ မှတ်ပုံတင် မရှိတဲ့အတွက် ဆေးရုံကို မသွားရဲတာကြောင့် မွေးစာရင်းမရခဲ့ဘူးလို့ သိရပါတယ်။

“အဲဒီတုန်းက အလုပ်သမား မှတ်ပုံတင်မရှိတဲ့ အတွက် ဆေးရုံကိုလည်း မသွားရဲဘူး၊ မွေးစာရင်း မလုပ်ခဲ့ရဘူး၊ FANG မှာ ၃ နှစ် ၄ နှစ်လောက် နေပြီးတော့ အလုပ်အကိုင် ပိုကောင်းမယ်လို့ ထင်ရတဲ့ ချင်းမိုင်ကို လာခဲ့တာ၊ အဲဒီတုန်းက အလုပ်သမား မှတ်ပုံတင်မရှိတော့ ဘယ်မှ မသွားရဲဘူး” လို့ မောင်သောင်ဒီရဲ့ မိခင် နန်းမွဲက ပြန်ပြောပါတယ်။

ချင်းမိုင်ကို ရောက်တော့ ဆောက်လုပ်ရေး လုပ်ငန်းမှာ ပန်းရံအဖြစ်နဲ့ ၀င်ရောက်လုပ်ကိုင်ပြီးတော့ ၂၀၀၄ ခုနှစ်မှာတော့ အလုပ်သမား မှတ်ပုံတင်ကို ရရှိခဲ့ပါတယ်။

တနှစ်ပြီး တနှစ် သက်တမ်းတိုးလာတဲ့ သူတို့ရဲ့ အလုပ်သမားကတ်ဟာ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံကချမှတ်မယ့် ရွှေ့ပြောင်းအလုပ်သမား ဥပဒေကို စောင့်ဆိုင်း နေရတယ်လို့လည်း သိရပါတယ်။

မောင်သောင်ဒီရဲ့ ညီမလေး မြူ ကိုတော့ ဟန်ဒုန်း ဘက်က ဆေးရုံတရုံမှာ မွေးဖွားခဲ့ရလို့ မွေးစာရင်းကို ရယူနိုင်ခဲ့ပါတယ်။

“လုပ်အားခအနေနဲ့ ကျနော်က တရက်ကို ဘတ် ၁၈၀ (ကျပ် ၅၅၀၀ ဝန်းကျင်)၊ ကျနော့် မိန်းမက ၁၅၅ ဘတ် (၄၅၀၀ ကျပ် ဝန်းကျင်) ရတယ်၊ မနက် ၈ နာရီ ကနေ ညနေ ၅ နာရီ အထိ နေပူ မိုးရွာမရှောင် လုပ်ရတယ်၊ တခါတလေ အဆင်မပြေဘူး” လို့ စိုင်းညွန့်က ဆို ပါတယ်။

ဂျပန်နိုင်ငံသွားဖို့ ခရီးဆောင် အိတ်နဲ့အတူ မောင်သောင်ဒီ (ဓာတ်ပုံ - ဧရာဝတီ)

မိဘတွေ အနေနဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ပြီး သားသမီးကို ပညာ အမွေပေးဖို့ ဆုံးဖြတ်လိုက်ရင်း မောင်သောင်ဒီကို စတင် ကျောင်းအပ်ခဲ့ပါတယ်။ အရင်က ပညာသင်စရိတ် အနေနဲ့ တနှစ်ကို ဘတ် ၁၀၀၀ (ကျပ် ၃၀၀၀၀ ဝန်းကျင်) ကုန်ကျခဲ့ပေမယ့် ဒီနှစ် ထိုင်းအစိုးရရဲ့ ပြောင်းလဲလိုက်တဲ့ ဥပဒေကြောင့် ငွေကုန်စရာ မလိုတော့ဘူးလို့လည်း ဆိုပါတယ်။

မောင်သောင်ဒီတို့ရဲ့ မိသားစုက အလုပ်လုပ်တဲ့ နေရာကို မူတည်ပြီး ရွှေ့ပြောင်း နေထိုင်ရတာကြောင့် တနေရာ တည်းမှာ အတည်တကျနေလေ့ မရှိဘဲ လက်ရှိ နေထိုင်နေတဲ့ အခန်းကို ပြောင်းလာတာ ၄ လပဲ ရှိသေးတယ် လို့ သိရပါတယ်။

“မောင်သောင်ဒီ မူကြိုတုန်းကတော့ ချင်းမိုင်မဲ့ကြိုးဘက်က ကျောင်းမှာထားတယ်၊ ၁ တန်းရောက်မှ ဒီအခုနေတဲ့ Ban Huay Sai ကျောင်းကို ပြောင်းလာတယ်၊ အိမ်က သူ့ကို အကြိုအပို့ လုပ်ပေးတယ်” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

၁၉၉၅ ခုနှစ် ရှမ်းပြည်နယ် ခိုလန်ရွာ ကနေထွက်လာပြီးတော့ ထိုင်းနိုင်ငံမှာ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ စိုင်းညွှန့်နဲ့ နန်းမွဲတို့ အတွက်တော့ မောင်သောင်ဒီ့ကြောင့် သတင်းဌာနတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြား နေရတာက စိန်ခေါ်မှုတခု ဖြစ်နေပါတယ်၊

“သတင်းသမားတွေမေးတာကို ဖြေရတော့ ထိုင်းစကားတချို့တောင်ခပ်မေ့မေ့ဖြစ်ကုန်တယ်၊ တခုခုမှားသွားမှာ စိုးရိမ်တယ်၊ ကင်မရာတွေနဲ့ဆိုတော့ မလွတ်လပ်ဘူး၊ နေရခက်တယ်” လို့ သူတို့က ပြောပါတယ်။

ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံလုံးက အသိအမှတ် မပြုတဲ့ နိုင်ငံမဲ့နေတဲ့၊ မောင်သောင်ဒီလို ကလေးတွေဟာ နယ်စပ် တလျှောက်မှာ မြောက်မြားစွာ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

နိုင်ငံမဲ့ဆိုတဲ့ စကားလုံးကို ကြားလိုက်တဲ့ အချိန်မှာတော့ မောင်သောင်ဒီရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ရစ်ဝဲလာပြီးတော့ အစောပိုင်း တက်ကြွနေတဲ့ သူ့ရဲ့ အသံဟာ တိမ်ဝင် နစ်မြှုပ်သွားပါတော့တယ်။ ။

Wednesday, September 09, 2009

ဖတ်သင့်တဲ့ စာပါ။{အရပ်သားအမြင်နဲ့ စစ်သားအထင်}(Click)


{အရပ်သားအမြင် နဲ့ စစ်သားအထင်}

ဦးအောင်ခင်

၉ စက်တင်ဘာ ၂၀၀၉
line

မြန်မာပြည်မှာ ဒီမိုကရေစီစနစ်တည်ဆောက်ချင်တဲ့ အရပ်သားအဖွဲ့အစည်းတွေနဲ့ စစ်အစိုးရတို့ စေ့စပ်ဆွေးနွေးတဲ့အဆင့်ကို မရောက်နိုင်သေးဘဲ လိပ်ခဲတည်းလည်းဖြစ်နေရတဲ့ အခြေခံအကြောင်းတခုက အရပ်သားရဲ့ သမိုင်းအမြင်နဲ့ စစ်သားရဲ့ သမိုင်းအမြင် ကွဲပြားခြားနားနေလို့ပါပဲ။ စစ်တပ်တိုင်းမှာ သီးခြားအသွင်လက္ခဏာရှိတယ်။ အရပ်သားနဲ့စစ်သားဟာ သမိုင်းအမြင်ချင်း မတူတာများပါတယ်။ စစ်ဗိုလ်ရဲ့ အတွေးအခေါ်ဟာ စစ်တပ်ရဲ့သမိုင်းအမြင်က လွှမ်းမိုးလေ့ရှိတယ်။

အရပ်သားဟာ သူတွေ့ရှိတဲ့ အချက်အလက်ပေါ်မှာမူတည်ပြီး သမိုင်းရေးတယ်။ မိမိတွေ့ရှိတဲ့ အချက်အလက်ကိုလိုက်ပြီး သုံးသပ်မှုနဲ့ အဓိပ္ပာယ်ဖော်မှုလည်း ပြောင်းသွားရပါတယ်။ ကိုယ်ဖြစ်ချင်တာကို ရေးလို့မရဘူး။ ကိုယ်ထင်တာကိုမရေးဘဲ တွေ့တဲ့အတိုင်းရေးတာကို သတ္တိရှိတယ်လို့ ပြောတာပါပဲ။ ဗမာစစ်တပ်က သမိုင်းရေးသလို လိုချင်တာတွေထည့်ပြီး မလိုချင်တာ ကို ဖယ်ထုတ်လို့မရပါဘူး။ လူသတ်တာကို ကယ်တင်တာလို့ ရေးလို့မရပါဘူး။ အနောက်တိုင်းမှာ နာမည်ကြီးတဲ့ စစ်သမိုင်းဆရာတွေဟာ အရပ်သားတွေပါ။ ဗမာပြည်မှာတော့ စစ်ဗိုလ်ကသာ စစ်သမိုင်းကို ရေးခွင့်ရှိသလို ဖြစ်နေတယ်။

စစ်တပ်ကိုအယုံတင်သွင်းရာမှာ သမိုင်းကို ၀ါဒဖြန့်ပစ္စည်းအဖြစ် အသုံးပြုပြီး ပုံကြီးချဲ့လေ့ရှိတယ်။ ဒီလိုပြောပါများလာတော့ စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဂျပိုးကိုလိပ်လို့ ယုံကြည်လာတာပါပဲ။ ဒါကို စိတ်ပညာမှာ auto-suggestion လို့ခေါ်တယ်။ ၂၀ ရာစုအစောပိုင်းမှာ ပြင်သစ်စိတ်ပညာရှင်တဦး Emile Coue 1857-1926 တွေ့တဲ့နည်းပါ။ မိမိကိုယ်မိမိ ကယ်တင်ရှင်လို့ အနှစ် (၅၀) နီးပါး ၀ါဒဖြန့်လာတဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့ဝါဒဖြန့်တာကို သူတို့ကိုယ်တိုင် ပြန်ယုံနေတဲ့အတွက် နေရာတကာ စစ်ဗိုလ်က ဦးဆောင်ခွင့်ရှိကြောင်း ဥပဒေပြုတာဖြစ်တယ်။

ဥပမာ အမေရိကန်နဲ့ အင်္ဂလိပ် စစ်အင်အားကြီးမားလို့ ဂျပန်စစ်ရှုံးရတာ တကမ္ဘာလုံး သိတယ်။ ဂျပန့်လက်အောက်ခံ ဗမာစစ်တပ်က ဂျပန်ကိုတော်လှန်ပြီး အင်္ဂလိပ်နဲ့ အမေရိကန်ဘက်က ကူတိုက်ပေးတယ်။ ဗမာစစ်တပ် မကူလည်း အင်္ဂလိပ်/အမေရိကန်က နိုင်မှာပါပဲ။ ဗမာစစ်တပ်က တော်လှန်လို့ ဂျပန်စစ်ရှုံးတာမဟုတ်ဘူး။ ဂျပန်ကို တော်လှန်တဲ့အတွက် ဗမာစစ်တပ်သာ အမြတ်ထွက်သွားတယ်။ ဂျပန်နဲ့လက်တွဲပြီး အင်္ဂလိပ်၊ အမေရိကန်တပ်ကို သွားတိုက်မယ်ဆိုရင် ဗမာစစ်တပ်ဟာ အိန္ဒိယလွတ်လပ်ရေးတပ်ဖွဲ့လို အင်္ဂလိပ်စစ်တပ်ရဲ့ ကူလီဘ၀ကို ရောက်သွားမှာ သေချာတယ်။

ဒီအဖြစ်အမှန်ကိုမထုတ်ဖော်ဘဲ တပ်မတော်ကတော်လှန်လို့သာ ဂျပန်စစ်ရှုံးသလိုလို တပြည်လုံးကို ၀ါဒဖြန့်ထားတာ စစ်တပ်ရဲ့ သမိုင်းအမြင်ပါပဲ။ ဗမာစစ်တပ်တိုက်ယူလို့ လွတ်လပ်ရေးရတာလို့ စစ်ဗိုလ်တွေယူဆထားတာဟာ မှားယွင်းတဲ့သမိုင်းအမြင်ပါ။ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ ဖက်ဆစ်တော်လှန်ရေးဟာ အခန်းကဏ္ဍလေးတခုသာဖြစ်တယ်။ စစ်ပြီးခေတ် လွတ်လပ်ရေးကြိုးပမ်းမှုဟာ နှလုံးရည်တိုက်ပွဲသာဖြစ်တယ်။ အဲဒီအချိန်မှာ ဗမာစစ်တပ်ဟာ အင်္ဂလိပ်စစ်တပ်ရဲ့ လက်အောက်ခံ ဖြစ်နေလို့ လွတ်လပ်ရေးလှုပ်ရှားမှုမှာ တိုက်ရိုက်မပါဝင်နိုင်ခဲ့ဘူး။

ခေတ်ပညာတတ် စစ်ဗိုလ်ဆရာဝန် စာရေးဆရာ ဒေါက်တာမောင်မောင်ညို လိုဟာမျိုးကတောင် ဂျပန်တော်လှန်ရေးကို အကြီးအကျယ် အောက်မေ့နေတယ်။ ၁၉၇၃ ခုနှစ်က တိုကျိုမှာ ကျနော် သမိုင်းသုတေသနလုပ်နေတုန်း ဒေါက်တာမောင်မောင်ညိုနဲ့ ခဏဆုံမိတော့ ဂျပန်တော်လှန်ရေးအကြောင်း ဘာတွေရေးထားသလဲလို့ သူကမေးတယ်။ ဂျပန်တော်လှန်ရေးကို အလေးအနက်ထားသူ သိပ်မရှိကြောင်း ပြောပြတော့ ဒေါက်တာမောင်မောင်ညို အတော်မကျေမနပ် ဖြစ်သွားတယ်။ ဂျပန်တော်လှန်ရေးကို မှေးမှိန်သေးသိမ်အောင် ကျနော်က တမင်ပြောတဲ့ပုံစံနဲ့ သူ့ခရီးသွားမှတ်တမ်းမှာ ၁၉၇၇ က ရေးထားတယ်။ စစ်ဗိုလ်ဆရာဝန် ဒေါက်တာမောင်မောင်ညိုလည်း စစ်တပ်ဝါဒဖြန့်တာကို ယုံကြည်သူပါပဲ။

အခုတော့ ဂျပန်ကို ဗမာစစ်တပ်က တွန်းလှန်လိုက်တယ်ဆိုတဲ့ စိတ်ကူးယဉ်ချက်ကို အများယုံကြည်လာအောင် ပုံကြီးချဲ့ဝါဒဖြန့်ပြီး နိုင်ငံရေးအာဏာကို လက်ဝါးကြီးအုပ်ထားတယ်။ ဂျပန်ကို တိုက်ထုတ်သူဟာ ဗမာစစ်တပ်ဖြစ်ကြောင်း ပုံကြီးချဲ့တာကိုနားထောင်ပြီး လူငယ်တွေ ကြီးပြင်းလာရတယ်။ ဗမာစစ်တပ်ရဲ့ ပုံကြီးချဲ့ဇာတ်လမ်းအရ အင်္ဂလိပ်စစ်တပ်၊ အမေရိကန်စစ်တပ်၊ တရုတ်၊ ကရင်၊ ကချင်၊ ချင်း၊ နာဂနဲ့ မြန်မာအရပ်သားတွေကတော့ ဂျပန်တော်လှန်ရေးမှာ မပါသလို ဖြစ်နေတယ်။

တကယ်တော့ ဂျပန်တော်လှန်ရေးကို ပထမဆုံး စတင်ဆင်နွှဲသူဟာ ကရင်နဲ့ ချင်းအမျိုးသားတွေပါ။ ကရင်တိုင်းရင်းသားတွေနဲ့ အတူ ပထမဆုံးသော ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲ ဦးဆောင်ဆင်နွှဲခဲ့သူ ဗြိတိသျှဗိုလ်မှူး Hugh Paul Seagrim ဖြစ်တယ်။ ကရင်ပြောက်ကျားအဖွဲ့က ဂျပန်စစ်တပ်ကို ပထမဆုံးတော်လှန်တာဖြစ်တယ်။

၁၉၄၂ ခုနှစ် ဆောင်းဦးရာသီမှာ ကလေးမြို့ကို ဂျပန်သိမ်းပိုက်ထားတုန်း ကင်းလှည့်တဲ့ ဂျပန်စစ်သားကို ဇိုပြည်သူ့စစ်က ဖြောင်ပစ်တဲ့အတွက် အဲဒီအချိန်ကတည်းက ချင်းတော်လှန်ရေးစတယ်လို့ ဆိုနိုင်ပါတယ်။ ကလေးမြို့အနီးမှာ ဂျပန်တပ်ဖွဲ့တဖွဲ့ အနားယူနေစဉ် ၁၉၄၂ ခုနှစ် ဒီဇင်ဘာ (၂၃) ရက်နေ့မှာ ဇိုပြည်သူ့စစ်က လျှပ်တပြက်ဝင်တိုက်လို့ ဂျပန် (၁၂) ဦး ကျသွားတယ်။ ဒီတိုက်ပွဲသတင်းကို ဒီဇင်ဘာ (၂၆) ရက်နေ့မှာ ဘီဘီစီအင်္ဂလိပ်ပိုင်းက ကြေညာတယ်။ ဒါဟာ အရပ်သားရေးတဲ့ သမိုင်းပါ။ စစ်တပ်ကို ကယ်တင်ရှင်လို့ ပြည်သူလူထုက မယူဆပါဘူး။

စစ်ခေါင်းဆောင်ကို သစ္စာရှိတဲ့စစ်တပ်ဟာ အဲဒီစစ်ခေါင်းဆောင်အလွဲသုံးစားလုပ်တာကို ခံရတယ်။ ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေဟာ သာဓကတွေပဲ။ ဒီကနေ့ စစ်ဗိုလ်တွေလက်ခံတဲ့ နိုင်ငံရေးအယူအဆကို နောက်တနေ့မှာ စစ်ဗိုလ်တွေ မေ့သွားနိုင်တယ်။ ၁၉၆၂ ကစပြီး ဗမာစစ်တပ်တခုလုံးက ယုံကြည်ပါတယ်လို့ ကြွေးကြော်ခဲ့တဲ့ ဆိုရှယ်လစ်ဝါဒကို ၁၉၈၈ ရောက်တော့ ယုံကြည်တဲ့စစ်ဗိုလ် တယောက်မှမရှိတော့ဘူး။ ဒါဟာ ဗမာစစ်ဗိုလ်တွေရဲ့ ခံယူချက်လား။

အပြင်လူက မြန်မာပြည်ကို နားလည်ဖို့လိုအပ်သလို မြန်မာတွေကလည်း မိမိကိုယ်မိမိ အကဲဖြတ်ဖို့လိုအပ်ကြောင်း အမေရိကန်သမိုင်းဆရာကြီး ဂွန်ကေဒီ ၁၉၅၇ ခုနှစ်က ပြောဖူးတယ်။ ဗမာစစ်အစိုးရက အနှစ် (၅၀) နီးပါး ကိုယ်ရည်သွေး ၀ါဒဖြန့်ခဲ့တာကြောင့် မြန်မာ့သမိုင်းဖြစ်ရပ်မှန်ကို သိနိုင်ဖို့ မလွယ်ပါဘူး။ အဖြစ်မှန်ကိုမသိရင် တဘက်နဲ့တဘက် နားလည်ဖို့နဲ့ ပြဿဖြေရှင်းဖို့ ခက်ခဲနိုင်တယ်။

ဥပမာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ဟာ တိုင်းရင်းသားလူမျိုးတွေကို စိတ်ဝမ်းကွဲပြားအောင်လုပ်ပြီး မြန်မာပြည်ကို သွေးစုပ်ခြယ်လှယ် တယ်ဆိုတာနဲ့ ဖက်ဆစ်တော်လှန်ရေးဆင်နွှဲလို့ လွတ်လပ်ရေးရတာဆိုတဲ့ ၀ါဒဖြန့်ချက်တွေကို ယုံကြည်လေလေ တိုင်းရင်းသားပြဿနာ ဖြေရှင်းရတာ ခက်လေလေပါပဲ။ မြန်မာ့ပြဿနာဟာ တိုင်းရင်းသားအရေးမှာ အခြေခံတယ်လို့ဆိုတယ်။ ဗမာလူမျိုး ရောက်မလာမီကတည်းက မြန်မာပြည်မှာ တိုင်းရင်းသားအမျိုးမျိုးရှိနေတယ်။ တိုင်းရင်းသားတွေဟာ ဗမာမင်းကို သစ္စာခံလိုက်၊ တရုတ်လက်အောက်ရောက်သွားလိုက်၊ ထိုင်းကိုသစ္စာခံလိုက်နဲ့ နောက်ဆုံး အင်္ဂလိပ်လက်ထက်ရောက်တော့မှ သူတို့ဘ၀ဟာ လုံခြုံသွားတဲ့သဘောပါပဲ။ ရှေးကတည်းက ဗမာမင်းနဲ့ တိုင်းရင်းသားတွေ အကွဲကွဲအပြဲပြဲဖြစ်လာတာကို အင်္ဂလိပ်က လိုသလို အသုံးချသွားတာပါပဲ။

ဖက်ဆစ်ဂျပန်စစ်ဗိုလ်ကလည်း သူ့ကိုယ်သူကိုယ် ကယ်တင်ရှင်လို့ ယူဆတာပဲ၊ ၁၉၄၅ မှာ ဂျပန်လက်နက်ချပြီး စစ်တပ်တခုလုံး ဖျက်သိမ်းလိုက်တော့မှ ကယ်တင်ရှင်ဝါဒ နိဂုံးချုပ်သွားတယ်။ စစ်ပြီးခေတ်ဂျပန်မှာ နှစ်ပေါင်းအတော်ကြာ စစ်တပ်မရှိဘူး။ အမေရိကန်စစ်တပ်နဲ့ ဂျပန်အရပ်သားအစိုးရက ပူးတွဲအုပ်ချုပ်ပါတယ်။ စစ်ဗိုလ်တွေကြောင့် တိုင်းပြည်ပျက်စီးခဲ့ရတဲ့အဖြေစ်ကို နာကြည်းခဲ့တဲ့ ဂျပန်နိုင်ငံမှာ စစ်မှုထမ်းအလုပ်ကို ဂုဏ်ယူစရာလို့ မယူဆကြတော့ဘူး။ စစ်ရှုံးလို့ရရှိလိုက်တဲ့ အကျိုးအမြတ်ကတော့ ဂျပန်ပြည်မှာ စစ်ဝါဒကွယ်ပျောက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားလာတာပါပဲ။

Tuesday, September 08, 2009

{ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲကို အားပေးထောက်ခံကြ }(Click)

မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲကို အားပေးထောက်ခံကြ

(ဘာသာပြန်ဆောင်းပါး)
ဖိုးဇော်

၈ စက်တင်ဘာ ၂၀၀၉
line

ဒုတိယကမ္ဘာစစ်ကြီးရဲ့ ကြောက်မက်ဖွယ် အဖြစ်ဆိုးတွေက အကြမ်းဖက်မှုနဲ့ စစ်ဆိုရင် ဘယ်သောအခါမှ လက်သင့်မခံချင်တော့ လောက်အောင် လူ့အဖွဲ့အစည်းကြီးကို တုန်လှုပ်ချောက်ချားသွားစေခဲ့ပြီး ငြိမ်းချမ်းတဲ့ ခေတ်သစ်တခုကို အစပျိုးပေးခဲ့တယ်။ ဒါပေမယ့် နှိပ်စက်ညှဉ်းပန်းမှုနဲ့ ရာဇဝတ်မှုတွေကို ကျနော်တို့ အခုအချိန်အထိ အတောမသတ် မြင်တွေ့နေရဆဲပါ။ အချို့ဖြစ်ရပ်တွေမှာဆို လူမျိုးတုံးသတ်ဖြတ်မှု အဆင့်ထိတောင် ဖြစ်ခဲ့ကြတာပါ။ ဒီလိုဖြစ်ရတာဟာလည်း ဒီရာဇဝတ်မှုတွေကို ကာကွယ်ဟန့်တားနိုင်စွမ်းရှိသူတွေက အနည်းအကျဉ်းလောက်သာ စွမ်းဆောင် ပေးနိုင်ခဲ့တာကြောင့် ဒါမှမဟုတ် ဘာတခုမှကို စွမ်းဆောင်မပေးခဲ့တာကြောင့်ပါ။

၁၉၇ဝ ပြည့်လွန်နှစ်တွေတုန်းက ကမ္ဘောဒီးယားမှာ “killing fields” လို့ခေါ်တဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ ၉၄ ခုနှစ်က ရဝမ်ဒါမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ ဒါဖာ (ဆူဒန်)၊ ဆိုမားလီးယားနဲ့ ကွန်ဂိုသမ္မတနိုင်ငံတွေမှာဆိုရင် အခုထိ ရက်စက်ကြမ်းကြုတ်မှုတွေ ပေါ်ပေါက်နေဆဲပဲ။ ဘုရားသခင်က လူသားတွေကို အသိဉာဏ်ပညာရှိသူတွေ၊ သနားညှာတာထောက်ထားတတ်သူတွေအဖြစ် ဖန်တီးပေးသနားခဲ့ပါလျက် တဦးအပေါ်တဦး လူမဆန်တဲ့ အရက်စက် အကြမ်းကြုတ်ဆုံး အပြုအမူတွေ ပြုမူနေကြဆဲပဲဆိုတာ ဒီနမူနာဖြစ်ရပ်တချို့က ကျနော်တို့ကို သတိပေးနေသလိုပါပဲ။

အကြမ်းဖက်မှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေ ထကြွပုန်ကန်ရတော့မယ့်အချိန် ကျရောက်နေပါပြီ။ သမိုင်းတလျှောက်မှာ အာဖရိက၊ အာရှနဲ့ ဥရောပတလွှားက ပြည်သူသန်းပေါင်းများစွာဟာ အာဏာရှင်တွေကို ဆန့်ကျင်အုံကြွ တွန်းလှန်ဖယ်ရှားပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြပါပြီ။

ပြီးခဲ့တဲ့ သြဂုတ်လ (၅) ရက်နေ့မှာ ကျနော် မနီလာကို ရောက်ခဲ့တယ်။ အာရှတိုက်ရဲ့ သူရဲကောင်းတဦးဖြစ်တဲ့ ကိုရာဇွန်အကွီနိုကို ဂါရဝပြုဖို့ သွားရောက်ခဲ့တာပါ။ သူမဟာ ၁၉၈၆ ခုနှစ်တုန်းက အာဏာရှင်မားကို့(စ်)ကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့တဲ့ “ပြည်သူ့အာဏာလှုပ်ရှားမှု” ကို ဦးဆောင်ခဲ့သူပါ။ ရိုးသားနှိမ့်ချတဲ့ သာမန်အိမ်ရှင်မဘဝကနေ နိုင်ငံတကာက အသိအမှတ်ပြု လေးစားခဲ့ရတဲ့ နိုင်ငံရေးသမားတယောက်လည်းဖြစ်၊ သူရဲကောင်းလည်းဖြစ်ခဲ့ရတဲ့ သူမကို ဖိလပ်ပိုင်ပြည်သူ သန်းပေါင်းများစွာတို့က နှုတ်ဆက်ဂါရဝပြုခဲ့ကြပါတယ်။

၁၉၉၈ ခုနှစ်မှာ အင်ဒိုနီးရှားကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတခုကြောင့် အာဏာရှင်ဆူဟာတို ပြုတ်ကျခဲ့ရတယ်။ ဒီဖြစ်ထွန်းမှုက ကျနော်တို့ တိုင်းပြည်လွတ်မြောက်ရေးကိုလည်း အထောက်အကူဖြစ်စေခဲ့တယ်။ ကနေ့ကာလမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ဟာ ဒေသတွင်းမှာ ဒီမိုကရေစီနဲ့ သည်းခံစိတ်ရှည်မှုတွေရဲ့ စံနမူနာကောင်းတွေပါပဲ။ ဒါပေမယ့် ဒါဟာလည်း ပြည့်စုံကုံလုံမှုတော့ မရှိသေးပါဘူး။ ကျနော်တို့ တီမောလိ(စ်)မှာ ဖြစ်ပျက်ကြုံတွေ့နေရသလိုမျိုးပေါ့။

အင်အားကြီးနိုင်ငံတချို့မှာလည်း ပြည်သူတွေရဲ့ဆန္ဒကို လိုက်လျောခဲ့ရတာ၊ နိုင်ငံတကာရဲ့ဖိအားကို မလွန်ဆန်နိုင်ခဲ့တာတွေ ရှိခဲ့တာပဲ။ ဆိုဗီယက်ပြည်ထောင်စုဟောင်းနဲ့ အသားအရောင်ခွဲခြားတဲ့ တောင်အာဖရိကအစိုးရရဲ့ အဖြစ်အပျက်တွေဟာ နမူနာဖြစ်ရပ်အချို့ပါပဲ။

လွန်ခဲ့တဲ့နှစ် (၅ဝ) လောက်ကတည်းက ပြောင်းလဲသွားခဲ့ပြီဖြစ်တဲ့ ကမ္ဘာကြီးမှာ ရှက်ရွံ့စရာ၊ စိတ်ကသိကအောက်ဖြစ်စရာ ပြယုဂ်တခုအနေနဲ့ အနည်းအကျဉ်းလောက်သာ ကျန်ရစ်နေတဲ့ အာဏာရှင်နိုင်ငံတွေထဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားဟာ အထင်အရှားဆုံးပါပဲ။ အရှေ့ဥရောပ၊ အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကတလွှားမှာ အရည်အချင်း မပြည့်ဝမှု၊ မောက်မာမှုတွေနဲ့ အနိုင်ကျင့်စိုးမိုးအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်တွေထဲက အများစုကို အပြောင်းအလဲဆိုတဲ့ လေထုတွေက တိုက်ဖျက်ဖြိုလှဲခဲ့ကြပြီးပါပြီ။

အခုအချိန်ဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ပိုမိုအားစိုက်လုပ်ဆောင်ဖို့၊ ပိုမိုဆန်းသစ်တီထွင်တဲ့ နည်းလမ်းတွေသုံးပြီး တိုက်ပွဲဝင်ကြဖို့ အချိန်ကျရောက်နေပါပြီ။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် ကုန်သွယ်ရေးနဲ့ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေကို ကျနော်မလိုလားပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုဒဏ်ခတ်အရေးယူမှုဟာ နိုင်ငံရေးအရ မှန်တယ်လို့ ပြောနိုင်သလို ကျနော်တို့အတွက်လည်း ဘဝင်ကျစရာဖြစ်ပေမယ့် အကြီးအကျယ် ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်တော့ ဘူးလေရာ ဖရုံဆင့်ဆိုသလို ဖြစ်နိုင်လို့ပါပဲ။

ဒါပေမယ့် ဒေသတွင်းမှာရှိနေတဲ့ စစ်အစိုးရနဲ့ သူ့အပေါင်းအဖော်တွေ ပိုင်ဆိုင်တဲ့ ဓနဥစ္စာတွေအပေါ် ထိန်းချုပ်ကန့်သတ်တာ မျိုးကိုတော့ ကျနော် မဆန့်ကျင်ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အစွန်းရောက် အကြမ်းဖက်အုပ်စုတွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေ ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေအပေါ် ထိန်းချုပ် ကန့်သတ်မှုတွေ လုပ်နိုင်တယ်ဆိုရင် အခုတတိုင်းပြည်လုံးကို ပြန်ပေးဆွဲသိမ်းပိုက်ထားပြီး အပြစ်မဲ့ပြည်သူတွေကို အစုအပြုံလိုက် သတ်ဖြတ် မုဒိမ်းကျင့်နေသူ တွေကိုလည်းပဲ ဦးတည်ချက်ထားပြီး အရေးယူဆောင်ရွက်ရေးဟာ ကိုယ်ကျင့်သိက္ခာပိုင်းအရရော၊ နိုင်ငံရေးအရပါ ထပ်တူထပ်မျှ လိုအပ်တယ်ဆိုတာကို နားလည်ခံယူထားရမှာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရနဲ့ ပတ်သက်ဆက်နွှယ်သူတွေရဲ့ နိုင်ငံရပ်ခြားဘဏ်တွေမှာ အပ်နှံထားရှိတဲ့ ငွေကြေးဥစ္စာတွေကို ထိန်းချုပ်ကန့်သတ်ဖို့ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ့် ဆုံးဖြတ်ချက်မျိုးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ဖို့ သေချာပေါက် မဖြစ်နိုင်တော့ဘူးဆိုရင် အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ အခြားသဘောထားကိုက်ညီတဲ့ နိုင်ငံတွေအနေနဲ့ အဲဒီလိုအရေးယူဆောင်ရွက်မှုမျိုးကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောင်ရွက်ဖို့လိုပါတယ်။

အင်တာပိုလို ရဲတပ်ဖွဲ့ဝင်တွေကိုလည်း စစ်အုပ်စုနဲ့ သူအပေါင်းအဖော်တွေက သူတို့ငွေကြေးဥစ္စာတွေကို ကမ္ဘာ့ဘယ်အရပ်၊ ဘယ်ဒေသမှာ ဘယ်လို ဘယ်လောက် မြှုပ်နှံထားရှိတယ်ဆိုတာကို လက်ခံထားရှိတဲ့ ဘဏ်အမည်စာရင်းတွေနဲ့တကွ စုံစမ်းဖော်ထုတ်ပေးဖို့ ညွှန်ကြားထားရပါမယ်။ အကြမ်းဖက်အုပ်စုတွေကို ငွေကြေးခန်းခြောက်အောင် လုပ်တာမျိုး၊ ကြားကနေ ဖြတ်တောက်သိမ်းယူတာမျိုး စတဲ့နည်းလမ်းတွေသုံးပြီး မြန်မာစစ်အစိုးရကို အကြပ်ဆိုက်အောင်လုပ်ဖို့လိုပါတယ်။ ဒါ့အပြင် သူတို့ရဲ့စည်းစိမ်ဥစ္စာတွေကို အကာအကွယ်ပေးနေတဲ့ ဘယ်ငွေကြေးအဖွဲ့အစည်းကိုမဆို အရေးယူအပြစ်ပေးဖို့လည်း လိုပါတယ်။

အိုဘားမားအစိုးရအနေနဲ့ ကမ္ဘာကြီးအတွက် သစ်လွင်လတ်ဆတ်တဲ့ အနေအထားသစ်နဲ့ မျှော်လင့်ချက်သစ်တွေ ပေးစွမ်းဖို့ ကြိုးပမ်းနေတယ်။ ဒါ့အပြင် ကြောက်ရွံ့မှု၊ မောက်မာမှု၊ အရည်အချင်းမပြည့်ဝမှုတွေနဲ့ ကိုယ့်တွင်းကိုယ်တူးပြီး နစ်နေတဲ့ မြန်မာစစ်အစိုးရလို အစိုးရမျိုးတွေကို သိက္ခာရှိရှိ ပြန်ရုန်းထွက်လာနိုင်ပြီး ငြိမ်းချမ်းရေးသံလွင်ခက်ကို လှမ်းယူဆုပ်ကိုင်နိုင်ဖို့ အတွက် တွေ့ဆုံဆွေးနွေးရေး အခွင့်အလမ်းကို ကမ်းလှမ်းဖွင့်လှစ်ပေးခဲ့တယ်။ ဒါပေမယ့် စည်ပင်သာယာဝပြောခဲ့တဲ့ နိုင်ငံတနိုင်ငံကို အလွဲလွဲအမှားမှား စီမံခန့်ခွဲအုပ်ချုပ်ရင်း ဖျက်ဆီးခြေမွှခဲ့တဲ့ မြန်မာစစ်အာဏာပိုင်တွေကတော့ အိုဘားမားအစိုးရရဲ့ အကောင်းမြင်ဝါဒနဲ့ သင့်မြတ်ပြေလည်ရေးနည်းလမ်းကို အသုံးပြုချဉ်းကပ်ဆောင်ရွက်နေတာကို ပျော့ကွက်ဟာကွက်လို သဘောထားပြီး တလွဲတချော် တွေးထင်ယူဆနေပုံရပါတယ်။

မြန်မာနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ကုလသမဂ္ဂရဲ့ အခြားအေဂျင်စီတွေကရော အာဆီယံအဖွဲ့ကပါ အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ ကျနော်အဆိုပြုချင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ သံရုံးထားရှိတယ်ဆိုရုံလောက် အငယ်တန်း သံအရာရှိတဦး လောက်သာထားရှိပြီး နိုင်ငံအားလုံးကနေ သံတမန်ဆက်ဆံမှုတွေကို အဆင့်လျှော့ချပစ်ရပါ့မယ်။ ထွက်ပြေးခိုလှုံချင်တဲ့ မြန်မာသံတမန်တွေကိုလည်း ခိုလှုံခွင့်ပေးသင့်ပါတယ်။ အလားတူပဲ မြန်မာနိုင်ငံက ထွက်ပြေးလွတ်မြောက်ချင်တဲ့ အရပ်ဘက်နဲ့ စစ်ဘက်က ပုဂ္ဂိုလ်တွေကိုလည်း ထောက်ခံအားပေးသင့်ပါတယ်။

စစ်အေးခေတ်ကာလတလျှောက်မှာ အမေရိကန်၊ ဥရောပနဲ့ ကနေဒါနိုင်ငံတွေဟာ အခုကွယ်ပျောက်သွားပြီဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုနဲ့ အရှေ့ဥရောပနိုင်ငံတွေက နိုင်ငံရေးဒုက္ခသည်တွေအတွက် ခိုလှုံစရာပေးခဲ့တယ်။ ဒါဆို မြန်မာအစိုးရနဲ့ သဘောထားကွဲသူတွေနဲ့ ထွက်ပြေးခိုလှုံလာသူတွေကိုရော ဘာကြောင့် ဒီလိုထောက်ခံအားပေးမှုမျိုး မပေးနိုင်ရမှာလဲ။

ဗွီအိုအေတို့ ဘီဘီစီတို့လို အဓိကအသံလွှင့်ဌာနတွေနဲ့ အခြားအသံလွှင့်ဌာနတွေအနေနဲ့လည်း သူတို့ရဲ့ မြန်မာပိုင်း အစီအစဉ်တွေကို သိသိသာသာ တိုးချဲ့ထုတ်လွှင့်သင့်တယ်။

မြန်မာနိုင်ငံ စစ်တပ်ထဲက အစိတ်အပိုင်း အတော်များများဟာ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အတော် စိတ်မချမ်းမသာ ဖြစ်နေကြတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတုန်းက သူတို့ကိုးကွယ်ဆည်းကပ်ရာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ကိုယ်တိုင်ရိုက်နှက်သတ်ဖြတ်ဖို့ အမိန့်ပေးခံရတဲ့နောက်ပိုင်းမှာပါ။

တိုင်းပြည်နဲ့ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ် ကယ်တင်နိုင်ရေးအတွက် တပ်မတော်အရာရှိ အရာခံနဲ့ အကြပ်တပ်သားအားလုံးကို လှုံ့ဆော်စည်းရုံးဖို့အတွက် ဆက်သွယ်ပြန်ကြားရေးနည်းလမ်းပေါင်းစုံကို အသုံးပြုဖို့လိုပါလိမ့်မယ်။ ကိုယ့်တိုင်းပြည်ကို လုယက်ဓားပြတိုက်ပြီး အစုံအပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အိုမင်းရွတ်တွပြီး လောက်တက်ခြစားနေကြတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုက မိမိတို့တိုင်းပြည်ကြီးကို ဘယ်ပုံဘယ်နည်း ဒုက္ခအန္တရာယ် ကျရောက်အောင် လုပ်နေကြပုံနဲ့ မိမိတို့တတွေ သိက္ခာကျဆင်းနေရပုံတွေကို အဲဒီတပ်ထဲကသူတွေသိအောင် စည်းရုံးပြောပြဖို့လိုတယ်။

မြန်မာ့တပ်မတော်က အရာရှိတွေနဲ့ အကြပ်တပ်သားတွေကို ဒီရာဇဝတ်မှုတွေမှာ ကြံရာပါလို ဖြစ်နေရတဲ့အကြောင်းနဲ့ သူတို့သေနတ်ပြောင်းဝတွေကို ကိုယ့်ပြည်သူတွေဘက် မလှည့်ကြဖို့နဲ့ အဲဒီအိုနာရွတ်တွပြီး၊ လောက်တက်ခြစားနေကြတဲ့ စစ်ဗိုလ်ချုပ်တွေကို ဆန့်ကျင်တော်လှန်ကြဖို့ လိုပြီဆိုတဲ့အကြောင်း ပြောဆိုနားချဖို့လိုပါတယ်။

ဂျာမဏီမှာ အနန္တတန်ခိုးရှင်လို့ ထင်မှတ်မှားလောက်အောင် တန်ခိုးထွားခဲ့တဲ့ အာဏာရှင်ဟစ်တလာကို ဖြုတ်ချဖယ်ရှားဖို့ ကြိုးပမ်းရာမှာ ဟစ်တလာစစ်တပ်က ထိပ်ပိုင်းအရာရှိတွေဟာ ကြီးမားတဲ့ ရဲစွမ်းသတ္တိနဲ့ မျိုးချစ်စိတ်ဓာတ်ကို ဖော်ထုတ်ပြသ ခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ်က ပေါ်တူဂီမှာ ငြိမ်းချမ်းစွာဆင်နွှဲခဲ့တဲ့ ''ဇော်မွှားပန်း တော်လှန်ရေး'' ဆိုတာ ပေါ်ပေါက်ခဲ့တယ်။ အဲဒီတော်လှန်ရေးကြောင့် နှစ် (၅ဝ) ကြာစိုးမိုးခဲ့တဲ့ အာဏာရှင်ဆိုလက်ဇာကို ဖြုတ်ချနိုင်ခဲ့ပြီး ပေါ်တူဂီမှာ ဒီမိုကရေစီ လမ်းကြောင်းကို စတင်လျှောက်လှမ်းနိုင်ခဲ့တယ်။ ဒါ့အပြင် ပင်လယ်ရပ်ခြားက ပေါ်တူဂီကိုလိုနီနိုင်ငံတွေကိုလည်း လွတ်လပ်ရေးရစေခဲ့တယ်။ အဲဒီတော်လှန်ရေးရဲ့ ဗိသုကာတွေကတော့ ပေါ်တူဂီစစ်တပ်က အရာရှိငယ်တွေပါပဲ။ ဒါကြောင့် မြန်မာ့တပ်မတော်အရာရှိငယ်တွေကိုလည်း သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ မျိုးချစ်စိတ်ဓာတ်ရှိမှုကို စံနမူနာပြတဲ့အနေနဲ့ မိမိတို့တိုင်းပြည်ကို ကယ်တင်ကြဖို့ လှုံ့ဆော်စည်းရုံးနိုင်ပါတယ်။

ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ မြန်မာနိုင်ငံစီးပွားရေး ပြန်လည်နာလန်ထူရေးနဲ့ ငွေကြေးစနစ် ပြန်လည်ထူထောင်ရေးအတွက် လေ့လာစူးစမ်းမှုတွေပြုလုပ်ရေးနဲ့ စီမံကိန်းမူကြမ်းတရပ်ရေးဆွဲရေးကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အမြန်ဆုံးစတင်ဆောင်ရွက်ဖို့လိုပါတယ်။

လွတ်လပ်မှုတွေ ပြန်လည်ရရှိလာတဲ့အခါ ပြန်လည်ထူထောင်ရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုအတွက် လျှောက်လှမ်းရမယ့် ခရီးလမ်းဟာ အလွန်ကြမ်းတမ်းရှည်လျားနေဦးမှာပါ။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုအက်ကြောင်းတွေနဲ့ အက်ရာကွဲရာ ဗရပွဖြစ်နေသလို လက်နက်ကိုင် ဘိန်းရာဇာတွေရဲ့ ဖိစီးနှိပ်စက်မှုကိုလည်း ခါးစည်းခံနေရတဲ့ တိုင်းပြည်တပြည်ပါ။

တိုင်းပြည်တည်ငြိမ်မှုနဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရေးမှာ စစ်တပ်ဟာ ပစ်ပယ်ရှောင်လွှဲလို့မရနိုင်တဲ့ အခန်းကဏ္ဍမှာ ဆက်လက်ရှိနေဦးမယ်ဆိုတာ ဘယ်လိုမှမငြင်းနိုင်တဲ့ အချက်ပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ နောင်ပေါ်ထွန်းလာမယ့် စစ်အရာရှိတွေအနေနဲ့ သူတို့မှာ တိုင်းပြည်ကို ကယ်တင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲပြီး ကမ္ဘာမှာ မြန်မာအတွက် နေရာပြန်ရအောင် ဆောင်ရွက်သွားဖို့ သမိုင်းပေးတာဝန်တရပ် ရှိနေတယ်ဆိုတာ သိနားလည်ဖို့လိုပါတယ်။

ဒါပေမယ့် စစ်တပ်နဲ့ ရဲအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး ခေတ်မီတိုးတက်အောင် လုပ်ရမှာဖြစ်ပါတယ်။ ဒီအတွက် မြန်မာ့အိမ်နီးချင်း တွေနဲ့ မိတ်ဆွေတွေက ကူညီပံ့ပိုးဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိနေရပါမယ်။

မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့အနှစ် (၂ဝ) ကျော်အတွင်း ဖြစ်ထွန်းမှုတွေကို စေ့ငုသုံးသပ်ကြည့်ပြီးတဲ့နောက် တဖန် ကိုယ့်ပြည်သူတွေအပေါ် ထိန်းထိန်းသိမ်းသိမ်း ညှာညှာတာတာ ဆက်ဆံပြုမူဖို့နဲ့ ပြဿနာရပ်တွေကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ စစ်အုပ်စုခေါင်းဆောင်တွေကို အကောင်းဘက်က ရှုမြင်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပြောဆိုစည်းရုံးမှုတွေ မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ပေမယ့် အဲဒီကြိုးပမ်းအားထုတ်မှုတွေအားလုံး အရာမထင်ဖြစ်ခဲ့တာတွေကို တွေ့မြင်ခဲ့ရပြီးတဲ့နောက် ကျနော်ယုံကြည်မိတာကတော့ ကိုယ့်ပြည်သူတွေအပေါ် ဆင်နွှဲခဲ့တဲ့ စစ်ပွဲအတွက် စစ်ဗိုလ်ချုပ်တွေဘက်က တန်ဖိုးတစုံတရာ ပြန်လည်ပေးဆပ်ဖို့အတွက် အရေးယူဆောင်ရွက်မှုတွေ လက်တွေ့ကျကျ အရှိန်မြှင့်ဆောင်ရွက်သွားဖို့ လိုနေပြီဆိုတာပါပဲ။

သံခင်းတမန်ခင်းအတွက်တော့ တံခါးတွေ ဆက်ဖွင့်ထားရပါလိမ့်မယ်။ အကယ်၍သာ အသိတရားတွေဝင်လာပြီး စစ်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အခြားနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်မယ်ဆိုရင် နိုင်ငံတကာမိသားစုကြီးရဲ့ အူလှိုက်သဲလှိုက် ချီးကျူးထောပနာပြုသံတွေကို သူတို့ကြားလာရမှာပါ။ ဒါ့အပြင် အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အခြားခေါင်းဆောင်တွေနဲ့ပါ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး အဲဒီကတဆင့် အပြုသဘောဆောင်တဲ့ နောက်ထပ်ခြေလှမ်းတရပ်ကို သူတို့ဆက်လှမ်းကြမယ်ဆိုရင် နိုင်ငံတကာမိသားစုကြီးက ခိုင်မာတဲ့ ထောက်ခံအားပေးမှုတွေ ချက်ချင်းလက်ငင်းပေးလာကြမှာပါ။

အကယ်၍သာ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား လွတ်လပ်ပြီး ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးကောက်ပွဲတွေပြုလုပ်ဖို့ သဘောတူညီချက်တရပ်ရရှိပြီး စစ်တပ်အနေနဲ့ ရွေးကောက်ပွဲရလဒ်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံတကာက ဝိုင်းဝန်းထောက်ပံ့ဖို့ ကတိကဝတ်ပြုရေး ညီလာခံကြီးတရပ် ကျင်းပပြုလုပ်ရပါလိမ့်မယ်။ အဲဒီညီလာခံမှာ ကမ္ဘာ့မိသားစုအသိုင်းအဝိုင်းကြီးကနေ မြန်မာ့စီးပွားရေး ပြန်လည်နာလန်ထူနိုင်အောင် ကူညီထောက်ပံ့ဖို့အတွက် ကတိကဝတ်တွေ ပေးကြပါလိမ့်မယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝချမ်းသာရေးအတွက် လျှောက်လှမ်းရမယ့်ခရီးလမ်းဟာ အလွန်ရှည်လျား ထွေးပြားနိုင်တယ်ဆိုတာကိုတော့ ကျနော်တို့ ကြိုတင်တွက်ဆထားရပါလိမ့်မယ်။

မှတ်ချက် ။ ။ ၂ဝဝ၉ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့ထုတ် The Huffington Post သတင်းစာတွင် “In Support of the Struggle for Democracy in Burma” ခေါင်းစဉ်ဖြင့် အရှေ့တီမောသမ္မတ ရာမို့စ်ဟော်တာ ရေးသားခဲ့သည့် ဆောင်းပါးကို တိုက်ရိုက်ပြန်ဆိုထားခြင်းဖြစ်ပါသည်။

{ ဗာမာ့စောင်း } - ၅





{ ဗာမာ့စောင်း ဇတ်လမ်း ကိုကြည့်ပြီး သားသား၏ မြန်မာပြည်ကြီးလည်း အမြန်ဆုံး အေးချမ်းပါစေ လို့  မျှော်လင့်မိပါတော့သည်။ }

{ ဗာမာ့စောင်း } - ၎



{ ဗာမာ့စောင်း } - ၃



{ ဗာမာ့စောင်း } - ၂



{ ဗာမာ့စောင်း } - ၁



´