
ဖြောင့်ညာညာ တဲ ဖြာ့ညောင်ညောင်
Monday, August 17, 2009
ကိုဂျင်ဝက်ဟာ စစ်သားတစ်ယောက်ဖြစ်တယ်။
ဗီယက်နမ်စစ်ပွဲမှာ အရာရှိ ငယ် တစ်ယောက်အနေနဲ့ အမှတ် ၅ မရိန်းတပ်ရင်းမှာ တာဝန်ကျခဲ့သူဖြစ်တယ်။ အမေရိကန်တိုက်ခဲ့တဲ့စစ်ပွဲတွေ တော်တော်များများရဲ့ ထုံးစံအတိုင်း ဗီယက်နမ်ကို ၀င်တိုက်ခဲ့တာလဲတရားသောစစ်ပွဲမဟုတ်ခဲ့ပါဘူး။
မတရားသောစစ်ပွဲမှာ ရွတ်ရွတ်ချွံချွံတိုက်ခဲ့တယ်လို့ ယူ ဆရတဲ့စစ်သားတယောက်တော့ဖြစ်တယ်။ သူ ရ ထားတဲ့ စစ်ပွဲနဲ့ဆိုင်တဲ့ သူရဲကောင်း တံဆိပ်တွေကမနည်းဘူး ဖြစ်တယ်။တတိယမြောက်လက်ရှိဇနီးကတော့ ဗီယက်နမ်အမျိုးသမီးတယောက်ဖြစ်တယ်။
ပြီးတော့ သူဟာ အမေရိကန်ရေတပ်မတော်မှာ Secretary of Navy အဖြစ်လဲ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို စာအုပ်တွေ တော်တော်များများလည်း
ရေးခဲ့သူဖြစ်တယ်။အမေရိကားမှာ သူ့ ဟာနဲ့ သူတော့ အဆင့်နေရာတစ်ခု ကြွယ်ဝမှု တစ်ခု နဲ့ အလုပ်ဖြစ်နေတဲ့သူတယောက်ဖြစ်ပြန်သလို လူရိုသေရှင်ရိုသေထဲက တယောက်လဲဖြစ်ပါတယ် ။
သူ့ ရဲ့ ဇနီးအားလုံးဟာလူ သူ့ အဆင့်နေရာနဲ့သူ လူရိုသေရှင်ရိုသေတွေဖြစ်ပါတယ။် နောက်ဆုံး တတိယဇနီးဖြစ်တဲ့ ဗီယက်နမ် လူမျိုး ဇနီးကအစပေါ့။လေးစားဖွယ် ဂုဏ်ပုဒ်တွေနဲ့လူတယောက်ပါ။
သို့သော် သူ မြန်မာနိုင်ငံကိုသွားခဲ့တာရဲ့နောက်ပိုင်း သတင်းစာရှင်းလင်းပွဲက သူ့ စကားတွေကို ကိုပြန်ကြည့်ကြရအောင်လား ။
"With respect to Aung San Suu Kyi, I don't want to take the risk of misrepresenting her views but I would say to you it was my clear impression
from her that she is not opposed to lifting some sanctions," Webb said.
"I can say it was my impression from listening to her in the conversation that there were some areas that she would be willing to look at," he told reporters in Bangkok.
အထက်ပါအတိုင်း ကိုဂျင်ဝက် က ပြောခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် နှုတ်က ထုတ်ပြောခဲ့တဲ့ စကားမဟုတ်တဲ့  သူ့ ရဲ့ ဆန္ဒစွဲနဲ့ သူလိုရာလမ်းကို ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ သူ့ အမေရိကန် အစိုးရ လိုက်လာနိုင်အောင် ခင်းတဲ့ခြေခင်း ဖြစ်တယ်။
ပိတ်ဆို့ ရေးတွေ ဖွင့်ဖို့ မဖွင့်ဖို့ ကို အကြောင်းအရာတစ်ခုအနေနဲ့ အလေးအနက်ထားပြီးကျုပ်မဆွေးနွေးပါဘူး။
ဒီနေရာမှာ ဆွေးနွေးချင်တာ အလေးအနက် ပြောချင်တာတချက်ပဲရှိပါတယ်။
နအဖ ကို မလိုလားသူတွေရဲ့ အမေရိကန် ကို အားကိုးမှု၊ အမေရိကန်အစိုးရသာ အာနိုးကြီးကို မျက်နှာအိုးမဲသုတ် စက်သေနတ်ကြီးလွယ်ခိုင်းပြီး မုဒိန်းတပ်ဖွဲ့ နဲ့  မိုးကျရွှေကိုယ်တွေလို လေထီးနဲ့ခုန်ချ နောက်တော့ ဘကြီး သန်း ကို ၀င်ဖမ်းရင်ဖြင့်ဘယ်လို...ရော့ကက်ကြီးနဲ့ ပျဉ်းမနားကိုလှမ်းပစ်လိုက်ရင်တော့ ဘယ့်နှယ်
အဲသလို အဲသလို စိတ်ကူးတွေယဉ်ကြတဲ့ လူတွေကတမျိုး ၊ အဲသလို တွေမလုပ်ပေးနိုင်ဘူးသိပေမယ့် နှစ်စဉ် အမေရိကန် က ချပေးတဲ့ ရံပုံငွေနဲ့ အလုပ်ဖြစ်နေတဲ့ ဆရာတွေက တဖုံ ပေါ့။
ခုတော့မြင်ကွင်းက ရှင်း သွားသလောက်ရှိပါပြီ ကိုဂျင်ဝက်ဆိုတာ အမေရိကန် အစိုးရရဲ့ တကယ့် စီနီယာ ကြီးတယောက်ပါ ။ အဲသလို စီနီယာ တယောက်က စကားပရိယာယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တကယ်ပြောဆိုခဲ့တာတွေ မဟုတ်ပဲ သူ ခံစားလိုက်မိတယ် အာရုံရလိုက်ပါတယ် လို့ လူလည်ကျပြီး နအဖ
နဲ့အကွက်ပေါင်းရွှေ့ ဖို့ လုပ်တဲ့ လုပ်ရပ်ကို ကြည့်ချင်းဖြင့် မရိုးသားတဲ့ ခြေကွက်တွေနဲ့ ယခု အိုဘားမား ရုံးအဖွဲ့ က မြန်မာ့နိုင်ငံရေးကွင်းမှာ ၀င်ကစားတော့မှာ သိပ်မြင်သာထင်သာလာပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိ ကစားမှာလဲ ဘယ်အတိုင်းအတာအထိ ၀င်လာမှာလဲဆိုတာကတော့ နအဖ ဖက်က ဘာတွေ ပြန်ရွှေ့ ပေးမလဲ ဆိုတဲ့အကွက်အပေါ်မှာ အများကြီးမူတည်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပုံစံကျတဲ့ စစ်မှန်တဲ့  လမ်းကြောင်းပေါ်ကစတင်ဖို့ အမြဲ ကမ်းလှမ်း ပြီး ဖွင့်ထားပေးတဲ့ သူပါ ။
သို့ သော် အဲဒီလို အမျိုးသားပြန်လည်သင့်မြတ်ရေး တံခါးကိုဖွင့်ထား ပေးတဲ့ အမျိုးသားခေါင်းဆောင် တယောက်၊ အနိုင်ရ ပါတီကခေါင်းဆောင်တယောက်ကို ခုလို ဖမ်းဆီးချုပ်နှောင်ဆဲ ဖြစ်နေတာကိုလဲ ကိုဂျင်ဝက်မြင်လျှက်သိလျှက် ဖြစ်ပါတယ်။ ယုံကြည်ချက်ကြောင့်အကျဉ်းကျရသူတွေထောင်ပေါင်းများစွာ
အကျဉ်းစခန်းတွေမှာရှိနေတာကိုလဲသိပါတယ်။ ၂၀၀၇မှာ သံဃာတွေကို အရှင်လတ်လတ်ပစ်သတ်၊ ခေါင်းရိုက်ခွဲ ၊ ဆွဲထိုး ၊ ခြေထောက်နဲ့  ဆောင့်ကန်လုပ်ခဲ့တာတွေကိုလဲသိပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံ အတုအယောင်ကို အဓမ္မ လိမ်ညာပြီးလုပ်ခဲ့တာကိုလဲ သိပါတယ်။ အားလုံးကို သူ့ ဟာနဲ့ သူ သိပြီးသားဖြစ်သလို သူ မသွားခင်ကတည်းကလည်း CIA က Briefing ပေးပြီးသားဖြစ်ပါတယ်။
အမေရိကန် အားကိုးတဲ့ စိတ်ကူးယဉ်အိပ်ရာထဲက ဖိတ်စာအပြဲစနဲ့လူတွေအတွက်ကတော့ အထက်ကဆွေးနွေးချက်အတိုင်း ကို ဂျင် ၀က် ဟာ ဘာဆိုတဲ့ ရုပ်လုံးကို မြင်ကြမှာပါ။ ဒီတော့ ကိုယ့်အားကိုယ်ကိုးဖို့ အချိန်တန်ပြီ။ အမေရိကန်လဲ သူ့ အကျိုးစီးပွားအတွက် ပဲ ကြည့်တယ်။
တရုတ်လဲ သူ့ အကျိုးစီးပွားအတွက်ပဲကြည့်တယ်။ ကျန်နိုင်ငံတွေလဲ အလားတူပါပဲ။ သူတို့ အကျိုးစီးပွားအတွက် ကိုယ့်နိုင်ငံကိုယ့်လူမျိုးဆီက ရသမျှ ကို နှုတ်ယူ ထုတ်ယူသွားမှာတွေချည်ပါပဲ။ ဒီတော့ မမျှော်နဲ့ ။ ကိုယ်လုပ်စရာရှိတာကို ပြတ်ပြတ်သားသား ပဲ မမှိတ်မသုန် လုပ်ကြသင့်ပြီလို့ ပဲသတိပေးချင်ပါတယ်။
တုတ်ကြီး တာဝတိံသာ

" ရာဇာလီ-ဂမ်ဘာရီ-ဘန်ကီမွန်း-ဂျင်မ်ဝက်ဘ်၊ ‘ရက်စက်တယ်’ နဲ့ ဒီမိုကရေစီပွဲကြိုက်ခင်များ "
ဒေါက်တာလွဏ်းဆွေ
၁၈ သြဂုတ် ၂၀၀၉
line
အနှစ် (၂၀) အတွင်း မြန်မာပြည်ကို ရာဇာလီ လာလိုက်၊ ပီညဲရိုး လာလိုက်၊ ဂမ်ဘာရီ လာလိုက်၊ ကင်တားနား လာလိုက်၊ ဘန်ကီမွန်းကြီးကိုယ်တိုင် လာလိုက်၊ ဟော … အခုနောက်ဆုံး ဂျင်မ်ဝက်ဘ် ဆိုတဲ့ အမေရိကန်ဆီးနိတ်အမတ်ကြီး လာလိုက်နဲ့ တလာတည်း လာနေလိုက်ကြပုံများ ငယ်ငယ်တုန်းက ဇာတိမြို့ ဘုရားပွဲမှာ လာကတဲ့ ဇာတ်တွေကို သွားသတိရမိတော့တယ်။
ဘုရားပွဲမစခင် နှစ်ပတ်လောက်အလိုမှာ ‘ပုလင်းစိန်၊ အမြည်းစိန်၊ ဖန်ခွက်စိန်’၊ ဘုရားပွဲစခါနီးမှာ ‘ရွှေနန်းတင်သား နန်းဝင်း’၊ ဘုရားပွဲအစပိုင်းကျတော့ ‘သစ္စာမေတ္တာ ရွှေမန်းသဘင်’၊ ဘုရားပွဲအလယ်ကျတော့ ‘စိန်မာဒင်သား မိုးဝင်း’၊ ဘုရားပွဲဆုံးခါနီးတော့ ‘မန္တလေးသိန်းဇော်’၊ ဘုရားပွဲကြီးပြီးသွားပြန်တော့ ‘မြို့တော်အင်အားသစ်’ နဲ့ ဘုရားပွဲလေးကို အကြောင်းပြုပြီး တဇာတ်ပြီးတဇာတ် ၀င်ကလိုက်ကြတာ ဇာတ်တွေကို စုံလို့ပဲဆိုပါတော့ …။
အဲဒီဘုရားပွဲလေး ကျင်းပချိန်နီးပြီဆိုတာနဲ့ မြို့မှာရှိတဲ့ ပွဲကြိုက်ခင်တွေခမျာ လှုပ်လှုပ်ရွရွနဲ့ အလုပ်ရှုပ်ကြတော့တာပါပဲ။ ဇာတ်တွေဝင်မလာခင်မှာ အဲဒီဇာတ်တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အဲဒီတုန်းက ဇာတ်သဘင်အကြောင်းတွေ ဖော်ပြလေ့ရှိတဲ့ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်မျက်မှန်၊ သဘင်မဂ္ဂဇင်းတွေမှာ ရှာဖတ်ကြ၊ ဖတ်ပြီးရင် ဘယ်မင်းသားက ဘယ်လိုချောကြောင်း၊ ဘယ်မင်းသားကတော့ သွားတက်ကလေးနဲ့၊ ဘယ်မင်းသားကတော့ ပြုံးလိုက်ရင် ဘယ်လို၊ ဘယ်မင်းသားကတော့ နှုတ်ခမ်းမွေး ရေးရေးလေး … စသဖြင့် မင်းသားတွေရဲ့ ရုပ်ရည်ရူပကာတွေအကြောင်း စားမြုံ့ပြန်ကြ၊ ပြောရင်းဆိုရင်း ကိုယ့်ရည်စားအမှတ်နဲ့ အူနုကျွဲခတ်ကြ၊ ဆံပင်ပြေးကောက်သူကောက်ကြ၊ ပုံသွင်းသူသွင်းကြ၊ ပွဲကချိန်မှာ နေရာကောင်းက ရှုစားအားပေးခွင့် ရဖို့အရေး ဖျာလက်မှတ်တွေ ကြိုတင်ဘွတ်ကင်လုပ်ကြနဲ့ ရှုပ်ယှက်ခတ်နေကြတော့တာပါပဲ။
ဇာတ်အဖွဲ့တွေဝင်လာပြီဆိုရင်လည်း ၀င်လာတဲ့ဇာတ်အဖွဲ့က မင်းသားတွေဆီ ချိုင့်ကြီးချိုင့်ငယ် အသွယ်သွယ်နဲ့ အလုအယက် ချက်ပြုတ်ပို့ကြ၊ မိတ်ဆက်စကားပြောဖို့ မင်းသားရဲ့ ဇာတ်သေတ္တာဘေး၊ ခြင်ထောင်ဘေး စိတ်ရှည်လက်ရှည် စောင့်စားကြ၊ မင်းသားကို ယပ်ခတ်ပေးကြ၊ လက်ဆောင်တွေ ပေးကြ၊ မင်းသားတွေဆီက လိပ်စာတွေ တောင်းကြ၊ အော်တိုအော်ရှည်တွေ ရေးခိုင်းကြ၊ ဇာတ်အဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ ပြန်သွားလိုက်ကြနဲ့ နောက်ဆုံးတော့ ပွဲသွင်းသူ ကန်ထရိုက်ပဲ တိုက်ဆောက် ကားစီးသွားတယ်၊ မြို့မှာရှိတဲ့ ပွဲကြိုက်ခင်တွေခမျာတော့ မျက်တွင်းဟောက်ပက် အိပ်ရေးတွေပျက်နဲ့ ဖလက်ပြပြီး ဈေးမထွက်နိုင်၊ အလုပ်မလုပ်နိုင်၊ တမှိုင်မှိုင် တတွေတွေ လွမ်းဖျားလွမ်းနာတွေကျ ကျန်ရစ်ခဲ့ကြပုံတွေကို ပြန်မြင်ယောင်နေမိတယ်။
တရက်မှာ အိမ်နံဘေးက အဖွားတယောက် သူ့မြေး ပွဲကြိုက်ခင်ကို မြည်တွန်တောက်တီးနေတာ ကြားရတယ်။ ဘာဖြစ်လို့ပါလိမ့်လို့ နားစွင့်ကြည့်တော့ သူ့မြေးပွဲကြိုက်ခင်က ပြန်သွားတဲ့ ဇာတ်အဖွဲ့က မင်းသားအကြောင်း နှုတ်ကမချ တဖွဖွပြောလိုက်၊ မင်းသား ရေးပေးသွားတဲ့ အော်တိုစာအုပ်လေးကို ဖွင့်ဖတ်လိုက်၊ စာအုပ်လေးကို ရင်ဘတ်ပေါ်ဖိထားလိုက်နဲ့ စိတ်ကူးတွေယဉ်နေလို့ပါတဲ့။
“ဟဲ့ကောင်မ၊ ညည်းအေ နေ့လည်းနေ့မို့၊ ညလည်းညမို့ ဒီမင်းသားအကြောင်းပဲ ပြီးကိုမပြီးနိုင်တော့ဘူး။ စာအုပ်ကို ရင်ဘတ်ပေါ်တင်လိုက် မွှေးမွှေးပေးလိုက်နဲ့ ညည်းရူးနေလား၊ မင်းသားဆိုတာ နယ်တကာလှည့်ကနေတဲ့အမျိုးဟဲ့၊ သူ့မှာ ညည်းလိုအရူးမတွေ အများကြီးနေမှာပေါ့အေ့။ ဒါကိုများ အရူးထပြီး တမ်းတနေလိုက်တာ ငါ … တယ် … မပြောလိုက်ချင်ဘူး။ သွား … သွား ညည်း ဈေးမထွက်တာ ဘယ်နှစ်ရက်ရှိပြီလဲ။ ကိုယ့်အလုပ်ကိုယ်လုပ်။ ထမင်းငတ်ရင် ညည်းကို ဘယ်မင်းသားကမှ လာကျွေးမှာမဟုတ်ဘူး။ ဒီပုံအတိုင်းဆို ညည်းအဖေ ခရီးက ပြန်လာရင်တော့ ဖနောင့်စာမိမှာ ငါမြင်ယောင်သေးတော့ အေ” ဆိုတဲ့ အဖွားလုပ်သူရဲ့ နန်းစတော့ပ် ဆူပူကြိမ်းမောင်းသံကို ပြန်ကြားယောင်ပြီး ပြုံးနေမိပါတယ်။
အခုလည်း ကျနော်တို့ မြန်မာနိုင်ငံရေးဇာတ်ခုံကြီးမှာ အဲဒီလို ဇာတ်ပွဲတွေနဲ့ ပွဲကြိုက်ခင်တွေရဲ့ အဖြစ်အပျက်မျိုးတွေ အတွေ့ရများခဲ့တာ ဒီမိုကရေစီတိုက်ပွဲသက် (၂၁) နှစ် ပြည့်မြောက်ခါနီးတဲ့အထိပါပဲ။ ပွဲသွင်းသူ နအဖက ရာဇာလီဇာတ်အဖွဲ့ကို ခေါ်မယ်ကြေညာလိုက် ကျနော်တို့ ဒီမိုကရေစီပွဲကြိုက်ခင်များက ‘ရာဇာလီ မြန်မာပြည်ကို ကယ်တင်တော့မည်’ အထင်နဲ့ ရာဇာလီမလာခင် လေလှိုင်းကနေ ကြိုတင်ခန့်မှန်းတွေ ပြောကြ၊ ဘယ်လိုမြင်တယ် ဘယ်ဝါမြင်တယ် ဘယ်လိုဖြစ်နိုင်တယ်ဆိုပြီး အားလူးတွေဖုတ်ကြ၊ ရာဇာလီ မအောင်မမြင်နဲ့ ပြန်သွားတော့ ကြေညာချက်တွေထုတ်ပြီး ကန့်ကွက်ကြ၊ လေလှိုင်းတွေကနေ ရှုတ်ချပြောဆိုကြ၊ ပြောလို့မော အော်လို့လည်ချောင်းကွဲတော့ ငြိမ်သက်သွားကြ …။
ဒီလိုနဲ့ ပွဲကန်ထရိုက် နအဖက ရာဇာလီဇာတ်အဖွဲ့နည်းတူ ပီးညဲရိုးဇာတ်ကို သွင်းခဲ့တယ်။
ဂမ်ဘာရီဇာတ်ကို အကြိမ်ကြိမ် အလီလီသွင်းခဲ့တယ်။
ကင်တာနားဇာတ်ကို သွင်းပြန်တယ်။
ဘန်ကီမွန်းဇာတ်ပွဲကြီးဆို နှစ်ကြိမ်နှစ်ခါကြီးများတောင် ကပြအသုံးတော်ခံခွင့်ပေးခဲ့တယ်။
နောက်ဆုံးမှာတော့ နအဖသွင်းတဲ့ ဇာတ်ပွဲတွေကို စောင့်မျှော်ဝေဖန်ရင်း၊ ကြေညာချက် ထုတ် ရှုတ်ချရင်း၊ သံရုံးတွေရှေ့ ဆန္ဒပြရင်း၊ ကမ္ဘာပတ်ပြီး လှည့်တောင်းရင်းနဲ့ အချိန်တွေ ကုန်လာလိုက်ကြတာ မျိုးဆက်တဆက်စာနီးပါး ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ နအဖစစ်အုပ်စုနဲ့ သူတင်ကိုယ်တင် ရင်ဆိုင်တိုက်ပွဲဝင်နိုင်မယ့် အင်အား၊ ညီညွတ်မှုမျိုး မတည်ဆောက်နိုင်ခဲ့ကြဘူး။ ဒီမိုကရေစီပွဲကြိုက်ခင်များ အဲဒီလို အချိန်ကုန်နေချိန်မှာ ပွဲသွင်းသူ နအဖကတော့ သူလုပ်စရာရှိတာကို လုပ်ရင်း၊ လိမ်ရင်း၊ ညာရင်း၊ ရက်စက်ရင်း၊ ဖိနှိပ်ရင်း၊ သတ်ဖြတ်ရင်း၊ ချေမှုန်းရင်းနဲ့ လာလိုက်တာ မကြာခင် ၂၀၁၀ ဆိုတဲ့ အတုအယောင် ရွေးကောက်ပွဲကြီးနဲ့ အာဏာကိုအပိုင်ကြံဖို့ အပူတပြင်း လုပ်ဆောင်နေပါပြီ။
ဒါပေမယ့် အခုအချိန်အထိလည်း ကျနော်တို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ တိုက်ပွဲဝင်သူတွေ (အထူးသဖြင့် ပြည်ပရောက်တွေ) ဘက်က လေလှိုင်းတွေ၊ ရုပ်သံတွေမှာ လေကန်ကြ ဝေဖန်ကြ၊ လက်တော့ပ်လေးတွေ ကိုယ်စီနဲ့ ခေါင်းချင်းဆိုင်ပြီး ကြေညာချက် တွေထုတ် ရှုတ်ချလိုက်ကြ၊ သံရုံးတွေရှေ့မှာ ဆန္ဒပြလိုက်ကြနဲ့ပဲ ပြီးနေတုန်းပါပဲ။ အဲဒါတွေကိုကြည့်ပြီး ကွယ်လွန်သူ အဆိုတော် စိုးလွင်လွင်ရဲ့ သီချင်းတပုဒ်ကို သွားသတိရမိတယ်။ သီချင်းခေါင်းစဉ်က ‘ရက်စက်တယ်’ တဲ့။ ခေါင်းစဉ်အတိုင်းပဲ သီချင်းတပုဒ်လုံးမှာလည်း ‘အကြင်နာဆုံး ရက်စက်တယ် xxx မောင်အချစ်ဆုံး ရက်စက်တယ် xxx ရီရီစိုး ရက်စက်တယ် xxx ရက်စက်တယ် xxx ရက်စက်တယ် xxx ” နဲ့ သီချင်းသာ ဆုံးသွားတယ် ‘ရက်စက်တယ်’ ချည်းပဲ ကြားလိုက်ရတယ်။
ကျနော်တို့ရဲ့အဖြစ်ကလည်း စိုးလွင်လွင်သီချင်းလိုပဲ အနှစ် (၂၀) လုံးလုံး နအဖ ရက်စက်တာကိုပဲ သက်သေပြနေကြတယ်။ ကြေညာချက်တွေထုတ်၊ ဆန္ဒတွေပြ၊ လေလှိုင်းတွေ ရုပ်သံတွေကနေ လေကန်ဝေဖန်နဲ့ပဲ နအဖရက်စက်ကြောင်း ငြီးငွေ့စရာ ကောင်းလောက်အောင် သက်သေပြခဲ့ကြတယ်။ နအဖက ဒီမိုကရေစီလှုပ်ရှားသူတွေ၊ ပြည်သူတွေအပေါ် မရက်စက်အောင် မရက်စက်နိုင်အောင် မရက်စက်ရဲအောင် ဘယ်လိုလုပ်ဆောင်မလဲ၊ ဘယ်လိုခုခံမလဲ၊ ဘယ်လိုလက်ဦးမှုယူပြီး တိုက်ပွဲဝင်မလဲ ဆိုတာကို မစဉ်းစားခဲ့ကြဘူး။ ကြိုတင်မပြင်ဆင်ခဲ့ကြဘူး။ အင်အားမတည်ဆောက်ခဲ့ကြဘူး (ရွှေဝါရောင်မှာ အသိသားဆုံး ဖြစ်ပါတယ်)။ ပရိုပိုဇယ်နိုင်ငံရေးလောက်၊ သံတမန်ရေး ဖိအားလောက်၊ အော်ရုံ ရှုတ်ချရုံလောက်နဲ့ ဒီမိုကရေစီရမယ်ထင်ပြီး အချိန်ကုန်ခဲ့ကြတယ်။
အခုတော့ ရင်ဆိုင်နေရတဲ့ ရန်သူနအဖရဲ့ အနေအထားက ဘန်ကီမွန်းလည်း မနိုင်၊ အာဆီယံလည်း လက်မှိုင်ချရတဲ့ အနေအထားရောက်ရပြီ။ အမေရိကန်ကြီး ဂျင်မ်ဝက်ဘ်ကလည်း သူ့အလုပ်သူလုပ် (ယက်တောကို လာထုတ်)၊ စားကောင်းသောက်ကောင်းလေး ပြောပြီး ပြန်သွားပါချေပြီ။ “၀င်ရောက်ခိုနား ပြန်ထွက်သွားသော် ကိုင်းဖျားသိမ့်သိမ့်ကျန်ရစ်သတည်း” ဆိုတဲ့ ကဗျာစာသားလေးအတိုင်း ယက်တောဝင်ရှုပ်ပြီး ပြန်ထွက်သွားပေမယ့် ကျန်ရစ်သူ ဒေါ်အောင်ဆန်းစုကြည်ခမျာမှာတာ့ အရင်လို အကျယ်ချုပ်ဘ၀မျိုးနဲ့သာ အဖတ်တင် ကျန်ရစ်ခဲ့ရချေပြီ။ မြန်မာပြည်သူတွေသာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အရေး ရတက်မအေးဖြစ်ကျန်ရစ်ခဲ့ရချေပြီ။
အဲဒီတော့ နောက်ဆုံးပိတ် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်လာတဲ့ ခရီးစဉ်အထိ အနှစ် (၂၀) ရလဒ်တွေကို ပြန်လည်သုံးသပ် အဖြေထုတ်ကြည့်မယ်ဆိုရင် ကျနော်တို့ ဒီမိုကရေစီတိုက်ပွဲဝင်တွေအနေနဲ့ နအဖကို စိုးလွင်လွင်သီချင်းလို “ရက်စက်တယ် xxx ရက်စက်တယ်” ဆိုပြီး အော်ဟစ်နေရုံလောက်နဲ့ မရဘူးဆိုတာ ရှင်းနေပါပြီ။ နအဖ မရက်စက်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာကိုသာ လက်တွေ့ကျကျ (အပ်တိုတချောင်းကအစ ဘယ်လိုအသုံးချမလဲဆိုတာမျိုး) အကောင်အထည်ဖော်ဖို့၊ စနစ်တကျပြင်ဆင်ဖို့ အချိန်ကျရောက်နေပြီလို့ မြင်ပါတယ်။ နို့မဟုတ်ရင်တော့ အဖေပြန်လာရင် ဖနောင့်စာမိမယ့် ပွဲကြိုက်ခင်လို ကျနော်တို့ ဒီမိုကရေစီပွဲကြိုက်ခင်များနဲ့ ပြည်သူများလည်း နအဖပထွေး လိမ်ညာလုပ်ဆောင်မယ့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲလှည်းစုတ်ကြီး ဖြတ်ကြိတ်နင်းခြေသွားတာ ခံရနိုင်ကြောင်း သတိပေးခေါင်းလောင်းထိုးလိုက်ရပါတယ်။
( http://www.khitpyaingnews.org/articles/Aug09/180809.php )