{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Friday, June 24, 2011

{ ရော့ခ်စတားဖြစ်နေတဲ့ ဒဿနပညာရှင် }

ရော့ခ်စတားဖြစ်နေတဲ့ ဒဿနပညာရှင်

E-mail Print PDF

မကြာခင်က တရုတ် နယူးဝိစ် မဂ္ဂဇင်းတွင် မျက်နှာဖုံး အထူး ဆောင်းပါးအဖြစ် တရုတ်ပြည်အတွက် ‘တစ်နှစ်တာ ဩဇာအရှိဆုံး နိုင်ငံရပ်ခြား ပုဂ္ဂိုလ်’ အကြောင်း ဖော်ပြထားသည်။ ထိုပုဂ္ဂိုလ် အမည်က
ဘားရခ် အိုဘားမား မဟုတ်။ ဘီလ်ဂိတ်နဲ့ ၀ါရင်း ဘတ်ဖစ်တ် တို့နာမည်လည်း မဟုတ်။

အာရှကျောင်းသားများကြား ရော့ခ်စတား သဖွယ်ဖြစ်နေတဲ့ အနောက်တိုင်း ပညာရှင်တစ်ယောက် အမည် ဖြစ်သည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့မှ လူတွေက သူ့အသံကြားရဖို့ လက်မှတ် လုဝယ်နေကြရသည်။ သူ့ အမည်က မိုက်ကယ်လ် ဂျေ ဆန်ဒယ်လ် (Michael J. Sandel)။ ဟားဗတ်တက္ကသိုလ်မှ နိုင်ငံရေး ဒဿန ပညာရှင်။

တရုတ် နယူးဝိစ်သတင်းက ဟားဗတ်တက္ကသိုလ် ကျောင်းသားများအတွက်တော့ အဆန်းမဟုတ်။ ဆန်ဒယ်လ် ရဲ့ Justice ဘာသာရပ် ပို့ချတဲ့ အတန်းတိုင်းမှာ ကျောင်းသား ၁၅,၀၀၀ ကျော် တက်ရောက်ကြသည်။ ဟားဗတ် တက္ကသိုလ်နဲ့ ကမ္ဘာ့တက္ကသိုလ်များရဲ့ သမိုင်းမှာ လူအများဆုံး တက်ရောက်တဲ့ သင်တန်း ဖြစ်နေသည်။ ဆန်ဒယ်လ် က အရစ္စတိုတယ်လ်၊ အင်မာနျူရယ်လ် ကန့်၊ ဂျွန် စကျူးအတ် မေးလ် တို့ရဲ့ ဒဿနများကို သရုတ်ဖော်ရှင်းပြဖို့ လက်တွေ့ဘ၀ ဥပမာတွေကို အသုံးပြုရင်း သူ့အတန်းကို ဖမ်းစားထားသည်။

အသက် ၅၈ နှစ်ရှိ ဆန်ဒယ်လ်က သူ့အတန်းကို ခြောက်ပေါက်တွေ မေးပြီး စတတ်သည်။  “ကျနော်တို့ ဘိုးဘွား မိဘ မျိုးဆက်တွေရဲ့ အမှားတွေကို မှန်အောင်လုပ်ဖို့ ကျနော်တို့မှာ ကျင့်ဝတ်အရ တာဝန်ရှိပါသလား” ဆိုတာမျိုး။ ကျောင်းသားတွေက အပြိုင်စဉ်းစား ဖြေကြသည်။ စာသင်ခန်းမကျယ်ကြီးထဲမှာ တစ်ဦးကိုယ်တစ်ဦး ပျော်ပျော်ပါးပါး ချဲ့လင့်လုပ်ကြသည်။ ဒဿနပညာရှင်ကြီးတွေရဲ့ အိုင်ဒီယာများကို လူငယ်တွေ ဒီဘိတ် လုပ်ကြသည်။

ပညာသင်ယူဆွေးနွေးရင်း စာသင်ခန်းက ကြီးမားတဲ့ ပြဇာတ်ရုံကြီး ဖြစ်သွားသည်။ ဟားဗတ်နှင့် ဘော်စတွန် PBS ရုပ်သံက ဆန်ဒယ်လ် ရဲ့ သင်ကြားချက်ကို ရုပ်ရှင်ရိုက်ပြီး တီဗွီရုပ်သံစီးရီးအနေနဲ့ ၂၀၀၉ ခုနှစ်က အမေရိကန် ပြည်ထောင်စုအနှံ ထုတ်လွှင့်ခဲ့သည်။ ၄င်းစီးရီးကို ဒီနေရာတွင် (www.JusitceHavad.org) ကလစ်ပြီး ကြည့်ဖြစ်အောင် ကြည့်စေလိုသည်။

ပြီးခဲ့တဲ့နှစ်မှာ ဂျပန် NHK သတင်းဌာနကလည်း PBS စီးရီးကို ဂျပန်ဘာသာပြန်ပြီး ထုတ်လွှင့်ခဲ့သည်။ အဲဒီနောက် ဂျပန်မှာ ဖလော်ဆော်ဖီ ခရေဇီ ဖြစ်လာကြသည်။ တိုကျိုတက္ကသိုလ်က ဆန်ဒယ်လ် ရဲ့ ပို့ချချက်အပေါ် အခြေခံပြီး သင်ခန်းစာ မော်ဒယ်တွေ ဖန်တီးသည်။

နောက် တရုတ်မှာ သူ့ရဲ့ ပို့ချချက် စီးရီးကို ၀ါသနာရှင်တွေက ဘာသာပြန်ပြီး တရုတ်ဝဘ်ဆိုဒ်တွေပေါ် တင်ထားသည်။ တရုတ်သန်းပေါင်းများစွာ ကြည့်ကြသည်။ မကြာခင်ကထွက်တဲ့ ဆန်ဒယ်လ် ရဲ့စာအုပ် “Justice: What’s the Right Thing to Do?”   မှာ အရှေ့အာရှတွင်ပင် ကော်ပီ တစ်သန်းကျော် ရောင်းရသည်။ စာအုပ်က ဈေးကွက်စနစ်နဲ့ တရားမျှတမှုဆိုင်ရာ ကျင့်ဝတ် ဒဿနအကြောင်း လူ့အဖွဲ့အစည်း ပေါင်းစုံကို မီးမောင်းထိုးပြီး တင်ပြထားသည်။

၂၀၁၀ ခုနှစ် ဆန်ဒယ်လ်ရဲ့ ဂျပန် ခရီးနဲ့ပတ်သက်ပြီး ဂျပန်တိုင်းမ် သတင်းစာက အခုလို ရေးထားသည်။ “ရော့ခ်စတား၊ တီဗွီ ဆယ်လစ်ဘရယ်တီ တို့လို လူမျိုးတွေနဲ့ နှိုင်းယှဉ်လောက်အောင် အောင်မြင်ကျော်ကြားတဲ့ ဒဿနပညာရှင် ဆိုတာ မရှိသလောက်ပါပဲ။ မိုက်ကယ်လ် ဆန်ဒယ်လ်ကတော့ ဂျပန်မှာ အဲဒီလိုမျိုးကို ပေါ်ပြူလာ ဖြစ်နေပါတယ်”

မကြာခင်က သူ့ရဲ့ တိုကျိုဟောပြောပွဲမှာလည်း ညနေခင်း ပွဲမစခင်ကတည်းက လူတွေ ရှည်လျားစွာ တန်းစီခဲ့ရသည်။ အခမဲ့ ပေးတဲ့ လက်မှတ်တွေ တစ်စောင် ဒေါ်လာ ၅၀၀ အထိ ဖြစ်သွားသည်။ ဆန်ဒယ်လ်က သူ့ရဲ့ Justice လက်ချာအတွက် “လက်မှတ်ကို အမြတ်ရဖို့ရောင်းတာဟာ တရားမျှတသလား မမျှတဘူးလား” ဆိုတဲ့ မေးခွန်းနဲ့ စဖွင့်ခဲ့သည်။

အံဩဖွယ်အကောင်းဆုံးက တရုတ်ပရိတ်သတ်တွေရဲ့ ကြိုဆိုမှုဖြစ်သည်။ ဆင်ဝှာနဲ့ ဖူဒန် တက္ကသိုလ်တွေမှာ သူ့စာအုပ် လှည့်ရောင်းရင်း လက်ချာတွေပေးခဲ့သည်။ ကျောင်းသားတွေ နာရီများစွာကြိုပြီး ထိုင်ခုံ နေရာဦးထားခဲ့သည်။ ဆင်ဝှာတက္ကသိုလ်ရဲ့ ဒီနှစ် စာသင်နှစ်မှာ ဆန်ဒယ်လ် ရဲ့ ဘာသာရပ် “Critical Thinking and Moral Reasoning” နဲ့ စတင်ခဲ့သည်။ စာသင်ခန်းထဲ သူအလည်လာမှုက တရုတ် အစိုးရ ရုပ်သံတွေရဲ့ ညနေခင်းသတင်းတွေမှာ လွှမ်းသွားသည်။

အာရှမှာ ဆန်ဒယ်လ် ပေါ်ပြူလာဖြစ်တာက အချက် သုံးချက်ကြောင့် ဖြစ်သည်။ ပထမအချက်က ဘယ်နေရာ ဘယ်ဒေသက ကျောင်းသားဖြစ်ဖြစ် ကမ္ဘာ့အကောင်းဆုံး ပရောဖက်ဆာများနဲ့ ထိတွေ့ခွင့်ရနိုင်တဲ့ အွန်လိုင်း ပညာရေးကြောင့် ဖြစ်သည်။ ဒုတိယအချက်က အာရှရဲ့ တီထွင်ဖန်တီးလိုမှုကို အာသာငမ်းငမ်း တောင့်တလာခြင်း ဖြစ်သည်။ ဆန်းသစ်တီထွင်လိုတဲ့ အာရှကျောင်းသားတွေက ဆွေးနွေးမှုစတိုင် အခြေပြု သင်ကြားမှုကို လိုလားလာကြသည်။ နောက်ဆုံးအချက်က ဘောဂဗေဒ၊ ဘစ်ဇနက်၊ အင်ဂျင်နီယာ တို့လို ခြောက်သွေ့သွေ့ ဘာသာရပ်တွေထက်၊ ဒီဘိတ်လုပ်ရတဲ့၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဆင်ခြင်ဆွေးနွေးရတဲ့ ဘာသာရပ်တွေကို ဆာလောင်မွတ်သိပ်နေတဲ့ လူငယ်တွေ တိုးများလာခြင်း ဖြစ်သည်။

ဆင်ဝှာနဲ့ ဖူဒန် တက္ကသိုလ်တွေမှာ ဆန်ဒယ်လ်က တရားမျှတမှု (Justice) နဲ့ ဈေးကွက် အကြောင်း ကေ့စ်တွေ အများကြီးနဲ့ ကျောင်းသားတွေကို ချဲလင့်လုပ်သည်။ “နှင်းမုန်တိုင်းကျပြီးနောက် နှင်းကော်တဲ့ ဂေါ်ပြားဈေးကို မြှင့်လိုက်တာဟာ တရားမျှတပါရဲ့လား”၊  “တက္ကသိုလ်ဝင်ခွင့်ကို အမြင့်ဆုံးအမှတ်နဲ့ လေလံဆွဲနိုင်သူသာ တက်ခွင့်ရတာ မျှတရဲ့လား” ဆိုတဲ့ မေးခွန်းမျိုးတွေနဲ့။

ဆန်ဒယ်လ် က “လွတ်လပ်တဲ့ ဈေးကွက် အယူအဆဟာ အံဖွယ်ကောင်းအောင် အောင်မြင်လာပေမဲ့၊ ကျောင်းသားအချို့က ဈေးကွက်ကို အထိန်းအချုပ်မရှိ လွှတ်ထားတာဟာ လူတန်းစားမညီမျှမှုတွေနဲ့ လူမှု မညီညွတ်မှုတွေ ဖြစ်လာစေတယ်လို့ ငြင်းချက်ထုတ်ကြတယ်” ဟု သူ့အတွေ့အကြုံကို ပြန်ပြောသည်။

ဆင်ဝှာတက္ကသိုလ်ရဲ့ စီးပွားရေးနဲ့ စီမံခန့်ခွဲမှု ကျောင်းအုပ်ကြီး ချင် အင်ကျီ က “ဆန်ဒယ်လ်ရဲ့ Justice သင်ကြားမှုနည်းလမ်းက စီးပွားရေးတိုးတက်မှုကြောင့် ရုပ်ဝါဒနောက်ကိုသာလိုက်နေတဲ့ တရုတ်အတွေးအခေါ် ကို ပြန်ဆန်းစစ်မှုတွေ ဖြစ်လာစေတယ်။ ဆင်ဝှာမှာ လက်ချာပေးဖို့ ဆန်ဒယ်လ်ကို ဖိတ်ကြားမှုဟာ ကျနော်တို့ လက်ရှိ ပညာရေး ပြုပြင်ပြောင်းလဲဖို့တင် မဟုတ်ဘူး။ စာသင်ခန်း တစ်ခုအတွက် စမ်းသပ်ရုံတင် မဟုတ်ဘူး။ ခေတ်သစ်တစ်ခု စတင်ဖို့ဖြစ်တယ်” ဟု ပြောသည်။

ဆန်ဒယ်လ်က ဘောစတွန်မှာရော ပေကျင်းမှာပါ နက်ရှိုင်းတဲ့ ဒဿနပညာရပ်တွေကို ကျောင်းသားတွေနဲ့ ရင်းနှီးအောင် လုပ်ပေးနေသည်။
“နေရာတိုင်းမှာ ကျောင်းသားတွေဟာ ကျနော်တို့ နေ့စဉ် ရင်ဆိုင်နေရတဲ့ ကျင့်ဝတ်ဆိုင်ရာ မေးခွန်းကြီးကြီးတွေကို ဆွေးနွေးဖို့ ဆာလောင်နေကြတယ်။  စီးပွားရေးဆိုင်ရာ ပြဿနာတွေအပေါ် တရားမျှတမှုဆိုင်ရာ မေးခွန်းတွေ ထုတ်စရာ ရှိလာတယ်။ ဂျီဒီပီတွေနဲ့ ဈေးကွက် တန်ဖိုးတွေက သူ့ဘာသာသူတော့ ပျော်ရွှင်မှုနဲ့ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း ထုတ်လုပ် မပေးနိုင်ဘူးလို့ လူ့အဖွဲ့အစည်းတိုင်းက ခံစားလာကြတယ်” ဟု ဆန်ဒယ်လ်က ပြောသည်။

“ကျနော့် အိပ်မက်ကတော့ ဗွီဒီယို ချိတ်ဆက်ထားတဲ့ ဂလိုဘယ် စာသင်ခန်းတစ်ခု ဖြစ်ထွန်းရေးပါ။ အဲဒီ စာသင်ခန်းမှာ ယဉ်ကျေးမှုပေါင်းစုံ၊ အမျိုးသားနယ်နမိတ်ပေါင်းစုံက ကျောင်းသားတွေကို ချိတ်ဆက်ထားမယ်။ ခက်ခဲတဲ့ ကျင့်ဝတ်စံနှုန်းဆိုင်ရာ မေးခွန်းတွေကို အတူတကွ တွေးကြဖြေကြမယ်။ တစ်ဦးထံက တစ်ဦး ဘာတွေ သင်ယူနိုင်မလဲဆိုတာ ကြည့်ကြမယ်” ဟု နိုင်ငံရေး ဒဿန ပါမောက္ခ ဆန်ဒယ်လ်က သူ့ရည်ရွယ်ချက်ကို ကျောင်းသားများအား ချပြထားသည်။ သူ့အောင်မြင်မှုကြောင့် Justice သည် ယခု ကျောင်းသားများကတဆင့် ဂလိုဘယ် ဂျပ်စတစ် ဖြစ်လာနေသည်။

ဝင့်ထန်း
ရည်ညွှန်း။ IHT

http://www.justiceharvard.org/ ( သွားရောက်လေ့လာနိင်ပါသည်။)

http://athome.harvard.edu/programs/jmr/ ( သွားရောက်လေ့လာနိင်ပါသည်။)

( မောက္ခ ပညာရေး မဂ္ဂဇင်း ) မှ ဖေါ်ပြပါသည်။
´