{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Friday, January 28, 2011

{ မျိုးဆက်များကို တိုးတိုက်ကြည့်ခြင်း }(Click)

မျိုးဆက်များကို တိုးတိုက်ကြည့်ခြင်း

E-mail Print

ကျနော်တို့မျိုးဆက် လူငယ်ကြားထဲမှာ ဟာသတွေရှိတယ်။ တကယ်လို့ အခုနေ ကောက်ကာငင်ကာ သေတော့ မယ်ဆိုရင် သမိုင်းတွင်လောက်အောင် ဘယ်လိုစကားမျိုးချန်ထားရစ်ကြမလဲပေါ့။

ဥပမာဗျာ - ဆရာတော် ဦးဝိစာရထင်တာပဲ။ လိမ္မာရစ်ကျပါလို့မှာတယ်။ ဆရာဗန်မော်တင်အောင်က “လူတယောက်ရဲ့ တန်ဖိုးဆိုတာ -” အစချီပြီး သမိုင်းတွင်လောက်တဲ့စကားကို ပြောခဲ့တယ်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝက စာကြည့်စားပွဲရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ “လူတယောက်မှာ အရေးအကြီးဆုံးဟာ ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို မြတ်နိုးမှု” ဆိုတာကို ကပ်ထားဖူးတယ်။ ကျနော့်သူငယ်ချင်း ကဗျာဆရာတယောက်က ဘုရားပုံတော်မှာ “ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုလုပ်သူ” ဆိုပြီးရေးထားတယ်။ ဂုဏ်တော်ကိုးပါးထဲက သူအကြည်ညိုဆုံးဂုဏ်တော်ကို ရေးထားတာလို့ပြောတယ်။ သူကိုးကွယ်လိုက်ပုံက ရှင်းတယ်။ ဘာကျမ်းကိုးကျမ်းကားမှမပါဘူး။ မအပ်မရာပြောရရင် ဘုရား ပရိနိဗ္ဗာန်မပြုခင်လေး မှာသွားတဲ့ “မမေ့မလျှော့၊ မပေါ့မဆ” ဆိုတာကိုတောင် ကျနော်တို့ အလွတ်ပေးတာ မဟုတ်ဘူး။ ကျနော်တို့ စကားနဲ့ “ပညာပါတယ်” ပေါ့။ ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ တိုတိုပဲပြောတယ်။ “မ-အ ရအောင် သမိုင်းသင်တာ” တဲ့။ ကျနော်တို့က ရှင်းရှင်းပြောရင် ကြိုက်တယ်။ တောင်စဉ်ရေ မရတွေ၊ ဝေ့ကာဝိုက်ကာတွေကို နားထောင်ဖို့ပျင်းတယ်။ (အချိန်မရတာတော့ မဟုတ်ဘူးဗျ)။ သမိုင်း သင်ထားပေးမယ့်လည်း “အ” ကြတာပါပဲ။ “ သမဂ္ဂကို သမဂ္ဂနဲ့ တိုက်ရမယ်” တဲ့။ စာဖတ်နာတဲ့ သူငယ်ချင်းတယောက် ရွှတ်နောက်နောက်ပြောတော့ ရယ်ကြတယ်။ ဟိတ်တလုံး ဟန်တလုံးနဲ့ ပြောရင် ရယ်စရာလို့ထင်တာလည်း ကျနော်တို့မျိုးဆက်ပဲ။

ကျနော့်အမေရှေ့မှာ သွားပြောလို့မရတာကို တနေ့က ကျနော်တို့ သူငယ်ချင်းတွေ ဆုံတုန်းပြောကြတယ်။ ဇာတ်ကြီးဆယ်ဘွဲ့ထဲက သုမေဓာလည်းပါတယ်။ နောက် - ဘုရားလောင်းမျောက်မင်းတို့၊ ဆဒ္ဒန်ဆင်မင်းတို့။ ဟုတ်ဟုတ်-မဟုတ်ဟုတ် တော်တော်နာတဲ့ ဇာတ်တွေပဲတဲ့။ တယောက်ကပြောတော့ ရယ်ကြတယ်။ ဥပမာ- မမှီတဲ့ကြိုး (နွယ်) နေရာမှာ မိမိကိုယ်နဲ့ ဝင်ဆက်ပေးနေတဲ့ ဘုရားလောင်းမျောက်မင်း ကိုယ်ပေါ်ကို ဒေဝဒတ်လောင်းလျာက အားနဲ့ ခုန်ချတာမျိုး။ ဆဒ္ဒန်ဆင်မင်းက သူ့အစွယ်ကို သွေးသံတရဲရဲ ကိုယ်တိုင် အနာခံ ဖြတ်ပေးလိုက်တာမျိုး။ သုမေဓာရသေ့က တန်းခိုးနဲ့ ဖန်ဆင်းလို့ ရပေမယ့် မဖန်ဆင်းဘဲ ရွှံ့ဗွက်လမ်းမှာ ဘုရားလျှောက်ဖို့ ခန္ဓာကိုယ်ကို ဝမ်းလျားမှောက်ခင်း ပေးတာမျိုးပေါ့။ ကျနော်တို့က သဘောကျတယ်။ တေမိဇာတ်မှာ စကားပြောတဲ့ အပြစ်တွေကို သိလို့ စကား မပြောတဲ့ ဘုရားလောင်းကို ကျနော်တို့က ခေတ်စကားနဲ့ပဲ “တော်တော်ပညာပါတယ်” လို့ချီးကျူးကြတယ်၊ တကယ်တော့ ကျနော်တို့ စကားဝိုင်းမှာ အစဉ်အလာ ဗုဒ္ဓ ဘာသာဝင်တွေချည်းပဲ။ ဒါပေမဲ့ ကျနော်တို့က ဥာဏ်မီသလောက်လေးပဲပြောကြ-နောက်ကျတာပါ။

တယောက်ကဆို သူကြိုက်တဲ့ ကဗျာတောင်ရွတ်ပြသွားသေးတယ်။

“အာဇာနည်တွေကို လေးစားတယ်။

ကိုယ်ဟန်ပြမယ်တွေကို ပြစ်မှားတယ်။

လူသားဆန်တာ တရားတယ်” တဲ့။ “ဟေးကနဲ” အော်ကြတယ်။ ကျနော်တို့က ဒီလို။

ကျနော်တို့ (၁၀) တန်းတက်တဲ့ (၁၉၉၇) တုန်းက။ ဒီမှာ ကျနော်ဘာလို့ သက္ကရာဇ်ကိုပါ ထည့်ထားလဲဆိုတော့ ကျနော်တို့သူငယ်ချင်းတွေ အများစု (၁၉၈၀) ဖွား ဆိုတာကို သိစေချင်လို့ပါ။ ပညာရှင်တယောက် (ဖူကူယားမားလား။ တော်ဖလာလား မသေချာပါ) က (၁၉၈၀) နောက်ပိုင်း မွေးတဲ့အုပ်စုကို မျိုးဆက်တဆက်အဖြစ် သတ်မှတ်တာနဲ့ တိုက်ဆိုင်နေလို့ပါ။ အမြဲတမ်း ကဆုန်ပေါက်နေတဲ့ ကျနော်တို့ အုပ်စုကို ဆရာမက “ငါးပျက်ရေ” လို့ ကင်ပွန်းတပ်တယ်။ ငါးပျက်ရေဆိုတာ ငါးဖမ်းတဲ့ လူတွေသုံးတဲ့ စကားလို့ ဆရာမက ရှင်းပြပါတယ်။ ငါးဆိုတဲ့အမျိုးက အုံနဲ့ကျင်းနဲ့ နေတာကိုးဗျ။ ငါးသလောက်အုပ်ကို ဖမ်းမိတဲ့ရေဆိုရင် တံငါသည်တွေ ပွပေါက်တိုးတာပေါ့။ ငါးသလောက်က ဈေးကောင်းရတာကိုး။ ငါးပျက်ကျတော့ ဈေးပေါတော့ ငါးပျက်ရေဆိုရင် ကိုတံငါတွေ တွက်ခြေမကိုက်ဘူးပေါ့။ အားအားရှိရင် ဘော်လုံးကန်တယ်။ ခုံခေါက်ပြီး သီချင်းဆိုတယ်။ အစဉ်အလာအရ တုန်အောင်ကြောက်တဲ့ ဆရာ၊ ဆရာမတွေကိုလည်း နောက်တိနောက်တောက်လုပ်တယ်။ (တဖြည်းဖြည်း အသက်ကြီးလာတဲ့အခါ ဘာသာတရား ကိုတောင် နောက်တောက်တောက် လုပ်လာတာကြည့်တော့) ကျနော်တို့ကတော့ ငါးသလောက်ခေါ်ခေါ်၊ ငါးပျက်ခေါ်ခေါ် ရယ်နေလိုက်တာပဲ။ လပတ်စာမေးပွဲတွေဆိုလည်း ကြုံသလို၊ ဖြစ်သလို ဖြေတယ်။ အမြဲတမ်းအဆင့် (၁) ရတဲ့ ကျောင်းသားတယောက် လပတ်မှာကျတာလည်း ကျနော်တို့ အသုတ်ပဲ။ စကားစပ်လို့ပြောရရင် ကျနော်တို့ရှေ့က နောင်တော့်၊ နောင်တော်ကြီးတွေဆိုရင် လပတ်မှာ ဂုဏ်ထူးတွေ စီစီရီရီ ဖူးလို့-ပွင့်လို့။ ဆရာမတွေက ချီးမွမ်းခန်းဖွင့်လို့ကို မဆုံးဘူး။ တကယ်တမ်း စာမေးပွဲကြီးကျတော့ ဘာတခုမှ ဂုဏ်ထူး ပါမလာတော့ဘူး။ ဒါလည်း ဆရာမတွေက မလျှော့သေးဘူး။ ကျနော်တို့ “ငါးပျက်အဖွဲ့” ကတော့ ဘာမှ အတင်းမလုပ်ကြပါဘူး။ ကျောင်းမှန်မှန်တက်-စာမခက်ပေါ့။ အားတဲ့အခါ လေသေနတ်ကွင်းမှာ လေသေနတ်ပစ်တယ်။ ကြုံရင်ကောင်မလေးတွေကို စာလိုက်ပေးလိုက်သေးတယ်။ ရုပ်ရှင်ရုံသွားချင်လည်း သွားလိုက်သေးတယ်။ လက်ဖက်ရည်ဆိုင်မှာ သီချင်းနားထောင်တယ်။ (တီဗွီဂိမ်းတွေ၊ ကာရာအိုကေတွေ သိပ်ခေတ်မစားသေးဘူး)။ ဒါပေမဲ့ ဆယ်တန်း အောင်စာရင်းလည်းထွက်ရော အားလုံးဂုဏ်ထူးတွေနဲ့။ ဆရာမစကားနဲ့ ပြောရရင် ငါးသလောက် ရေဖြစ်သွားတာပေါ့။ ဆရာဝန်ရော၊ အင်ဂျင်နီယာရော ကျနော်တို့အသုတ်မှာ ကျနော်တို့ကျောင်းက အများကြီးထွက်တယ်။

အဓိက ပြောချင်တာက လူတွေအမူအကျင့် ပြောင်းသွားသလို မျိုးဆက်ချင်း အမြင်တွေမတူတော့တာကိုပါ။ မျက်မှန်ထူထူ၊ ဆံပင်ဘုတ်သိုက်၊ စာအုပ်ထူထူတွေ ဖတ်ပြ၊ ရိုကျိုးပြ၊ ဘုရားတရားကိုင်းရှိုင်းပြနေမှ၊ လိမ္မာတယ်၊ စာကြိုးစားတယ်လို့ ထင်တဲ့အမြင်တွေ ခေတ်မမီတော့ပါဘူး။ တက္ကသိုလ်ရောက်တော့လည်း အလားတူ အဖြစ်အပျက်တွေ အများကြီး တွေ့ရတယ်။ ရှေးဟောင်းဓာတ်ရှင်ထဲက အလွမ်းရုပ်နဲ့ ဘုရားကယ်ပါ၊ သိကြားမ-ပါ ဆိုတာမျိုးကို ကျနော်တို့မျိုးဆက်က မယုံကြည်ကြတော့ပါဘူး။ ကျမ်းဟောင်းထဲကဆိုတိုင်းလည်း ကျနော်တို့ မယုံကြည်ကြတော့ပါဘူး။ ပြောရရင် ဒါလည်းဗုဒ္ဓဝါဒ (ဝိဘဇ္ဇဝါဒ) လို့မှတ်သားဖူးပါတယ်။ ဥာဏ်မီသလောက်ပဲ စဉ်းစားလက်ခံကြတဲ့ မျိုးဆက်လို့ပြောချင်တာပါ။

ဖြတ်သန်းလာတဲ့ အသံတွေကို နားထောင်ကြည့်ရင် သိသာပါတယ်။ သီချင်းကြီး၊ ခေတ်ပေါ်သီချင်း၊ ပေါ့ပ်၊ ရော့ခ်၊ ရက်(ပ်)၊ ပန့်(ခ်)၊ နောက်ဆုံး ဟစ်ဟော့ပ်။ အဆင့်ဆင့် ပြောင်းလဲမှုမှာ အမြန်ဘက်ကို ရွေ့လာတာလို့ သတ်မှတ်ရင် ရနိုင်ပါတယ်။ ဒီလိုပြောလို့ အဟောင်းတွေကို မခံစားဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ စန္ဒယားချစ်ဆွေပဲဖြစ်ဖြစ်၊ မန္တလေး သိန်းဇော်ဖြစ်ဖြစ်၊ ထူးအိမ်သင်ဖြစ်ဖြစ် ကျနော်တို့ မျိုးဆက်က ခံစားလိုက်တာပါပဲ။ အောင်ရင်ရဲ့ ရေဒီယို ပြန်ဆိုတေးဆိုလည်း ကျနော်တို့က ရက်စ် Yes ပဲ။ အတိအကျတော့ ဟုတ်ချင်မှ ဟုတ်မယ်။ လူကြီးတွေထဲမှာ (တချို့တလေကလွဲလို့) ဟစ်ဟော့ပ်ဆိုရင် မျက်မှောင်ကျုံ့တာက ခပ်များများ။ အလွယ်ဆုံး တခုပြောရရင် မြို့မငြိမ်း သီချင်း စာသားတွေနဲ့ ဒီဘက်ခေတ် ဂီတတွေ ရောနှော အော်ဟစ်ရတာကို ကျနော်တို့ လူငယ်တွေက သဘောကျတယ်။ ဂန္ထဝင်သမားတွေက ကျေနပ်မှာမဟုတ်ပါဘူး။

ကျနော် စာဖတ်စက ဆရာကြီး ဒဂုန်တာရာရေးတဲ့ ရုပ်ပုံလွှာထဲက သခင်အောင်ဆန်းတို့၊ သခင်ဗဟိန်း၊ ညိုမြ တို့ကို သိပ်သဘောကျခဲ့တယ်။ သူတို့လို သိပ်ဖြစ်ချင်ခဲ့တယ်။ နိုင်ငံရေးလုပ်တဲ့ ခေါင်းဆောင်တွေလည်း ဒီလိုပဲ ဖြစ်မှာပဲလို့ လှေနံဓားထစ် ထင်ခဲ့တယ်။ ကလေးအတွေးပေါ့လေ။ နောက်တော့ စာအုပ်ထဲက ဇာတ်ကောင်တွေနဲ့ အင်မတန်ကွာတဲ့ နိုင်ငံရေးသမားတွေကို အပြင်မှာ တွေ့တော့ တော်တော် “ရှော့” ရသွားဖူးတယ်၊ နောက်တခါ ဆရာ ဒဂုန်တာရာ နောက်ပိုင်းရေးတဲ့ စာအုပ်တအုပ်မှာပဲ ကျောင်းသားဘဝတုန်းက နိုင်ငံရေးသမားလို့ သူမြင်တဲ့လူတွေ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ ဆိုရှယ်လစ်ခေတ်တွေမှာ အာဏာရလာတဲ့အခါ ရုပ်ပုံလွှာ ပြောင်းသွားတာကို ဖတ်ရတော့ စိတ် သက်သာရာ ရသွားတယ်။ ဆရာက နိုင်ငံရေးသမား၊ အုပ်ချုပ်ရေးသမား (အစိုးရသမားထင်တယ်) ဆိုပြီး ခွဲပြတယ်။ နိုင်ငံရေးသမားဆိုတာ ကိုယ်ကျိုးမဖက်ဘဲ အများအကျိုး (တိုင်းပြည်အကျိုး) အတွက်ဆောင်ရွက်သူလို့လည်း ဆရာက အဓိပ္ပါယ် ဖွင့်ပြတယ်။

တက္ကသိုလ်တုန်းက စာအင်မတန်ဖတ်တဲ့ သူငယ်ချင်း တယောက်ရှိတယ်။ ကျနော်တို့ခေတ် ပညာရေးစနစ် ညံ့ဖျင်းတာ၊ ဆရာတွေ ညံ့ဖျင်းတာကို ပြောကြရင်းနဲ့ သူက စဉ်းစားစရာ စကားတခွန်းပြောတယ်။ “တကယ်လို့ ကျောင်းပြီးလို့ ဒီကျောင်းမှာ ကထိက ဖြစ်လာခဲ့ရင် မင်းဘာတွေကို သင်မလဲတဲ့”။ သူပြောချင်တာ ရှင်းပါတယ်။ ကျနော်တို့ တတ်သလောက် မှတ်သလောက်လေးကိုပဲ ကျနော်တို့လောက် မတတ်ပေမယ့် မျှော်လင့်ချက်ကြီးတဲ့ ကလေးတွေကို ကျနော်တို့ သင်ဖြစ်ဖို့ များပါတယ်။ ဒါဆိုရင် ကလေးတွေခေတ်ကျရင်၊ ကျနော်တို့လို ခံစားချက်မျိုး ပြန်ပေါ်လာဦးမှာပဲ။ ဆက်တွေးကြည့်တော့ အင်မတန် ကြောက်စရာကောင်းတဲ့ ကွင်းဆက်တခုကို မြင်လာတယ်။

- - အဟောင်း

- - အဟောင်း

- - အဟောင်း

ခေါင်းထဲစဉ်းစားမိသမျှ ဘာအဟောင်း၊ ညာအဟောင်း အစုံပါပဲ။

သွေးသစ်လောင်းထားတဲ့ အဟောင်းသံသရာများ ဘယ်တော့ဆုံးမလဲ။ ကမ္ဘာကြီးကို ကျနော်တို့ မျက်ခြေပြတ်ဖူးပြီ။ ရှေးမင်းများကို ကျနော်တို့ အပြစ်တင်ကြဖူးပြီ။ ဥခွံဟောင်းထဲမှကြည့်လျှင် မြင်မြင်သမျှ ဝါကျင်ကျင် ဖြစ်နေတော့မည်။ ဒီနေရာမှာ ဒေါက်တာသန်းထွန်းပြောတဲ့ စကားတခွန်းလောက် ကိုးကားသင့်တယ် ထင်ပါတယ်။ “ကိုယ်ရေးထားတဲ့စာကို နှစ်တချို့လောက်ကြာရင် ပြန်ဖတ်ကြည့်ကွ။ ဘာမှပြောစရာ၊ ပြင်စရာမရှိ၊ အိုကေဆိုရင် သေချာပြီ။ ဒီနှစ်အတွင်းမှာ မင်း ဘာစာမှ မဖတ်လို့၊ ဘာအလုပ်မှ မလုပ်လို့ပဲ” တဲ့။

ခံစားမှု အဟောင်းနှင့် ချဉ်းကပ်မှုအဟောင်းကို ပြန်ဆန်းစစ်ဖို့ ကျနော်တို့ရော၊ မျိုးဆက်ဟောင်းတွေရော အမြင် ကျယ်ကျယ် ဖွင့်ကြရတော့မည့် အချိန်လို့ မြင်လာတယ်။ အာရုံသစ် ခံစားမှုကို ကျနော်တို့ မျိုးဆက်များ ရင်ခုန်ကြပါသည်။ မျိုးဆက်ဟောင်းများလည်း ရင်ခုန်မည် ထင်ပါသည်။ တနည်းအားဖြင့် “မြနန္ဒာ” သီချင်းကို ကျနော်တို့ ဆိုပါတော့မည်။ အဟောင်းအတိုင်းတော့ အတိအကျမဟုတ်။ လက်ခုပ် ဝိုင်းတီးပေးကြဖို့ပါ။

နေနေ

Thursday, January 20, 2011

{ ရူပဗေဒ ရော့ခ်စတား စတီဖင်ဟော့ကင်း ဟောပြောပွဲ }(CLick)

ရူပဗေဒ ရော့ခ်စတား စတီဖင်ဟော့ကင်း ဟောပြောပွဲ

E-mail Print

ရူပဗေဒ ရော့ခ်စတား စတီဖင်ဟော့ ကင်း မှာ ကာလီဖောနီးယားပြည်နယ် ပက်ဆာဒီးနားမြို့၊ Caltech အင်စတီ ကျူ့တွင် သိပ္ပံဆိုင်ရာ သဘောတရား၊ ဒြပ်စင်များနဲ့ သူ့ဘ၀အကြောင်းကို ဇန်န၀ါရီ ၁၈ ရက်နေ့က ဟောပြောခဲ့သည်။

ပါမောက္ခစတီဖင်ဟော့င်းမှာ Caltech တက္ကသိုလ်ပရ၀ဏ်သို့ နှစ်စဉ်သွားရောက် ဟောပြောနေကြဖြစ်သည်။ အခမဲ့လက်မှတ်ရဖို့ လူအုပ်ကြီးမှာ ညကတည်းက တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။ Caltech အင်စတီကျူ့ရှိရာ လော့စ် အန်ဂျယ်လစ်မြို့ရှိ တက္ကသိုလ်များမှ ကျောင်းသားများ စာသင်ခန်းတွေထဲ ပျောက်နေသောကြောင့် သူတို့ ဆရာတွေက စတီဖင်ဟော့ကင်းကို အပြစ်ဖို့စရာ ဖြစ်သွားခဲ့ရသည်။

ဘီးတပ်ကုလားထိုင်ပေါ်က ကွန်ပျူတာ တဆင့်ပြောအသံဖြင့် သိပ္ပံနိယာမ တွေ့ရှိချက်အသစ်တွေ ပြောနေတတ်တဲ့ ဟော့ကင်းမှာ အတော်ဆုံး ရူပဗေဒပညာရှင်တွေအနက်မှ အမြဲထူးခြားနေသူ တစ်ဦးဖြစ်သည်။ ဟော့ကင်းရဲ့ အသံကြားရဖို့ အခမဲ့ဝင်ခွင့်လက်မှတ်အတွက် ဇွဲကောင်းတဲ့ လူငယ်ထုကြီးက ညကတည်းက Caltech တွင် စောင့်ဆိုင်းနေခဲ့ကြသည်။

“အားမနာတမ်းပြောရရင် စတီဖင်နဲ့ ကျနော်တို့ ဆရာတွေနဲ့က ဘာမှဆိုင်တာမဟုတ်ဘူး မိုးနဲ့မြေ၊ စတီဖင်က ပညာရပ်ဆိုင်ရာရဲ့ ပုပ်ရဟန်းမင်းပဲ၊ တစ်သက်မှာ တစ်ခါတွေ့ခွင့်ရတာပါ” ဟု သူငယ်ချင်း သုံးယောက်နဲ့အတူ အတန်း လစ်ပြေးလာတဲ့ Palomar College အင်ဂျင်နီယာကျောင်းသား Ashley Davis က ပြောခဲ့သည်။ နောက် သင်္ချာအဓိက ကျောင်းသား Joslyn ကလည်း “ကျနော်တို့ ခရေဇီဖြစ်တဲ့ သချာင်္နဲ့ ရူပဗေဒရဲ့ ရော့ခ်စတားအတွက် တန်းစီရတာ မပင်ပန်းပါဘူး”ဟု ဆိုသည်။

ညဖက်ကတည်းက စောင့်ဆိုင်းနေတဲ့ ကျောင်းသား တစ်ရာခန့်မှာ လက်မှတ်စောင့်ရင်း သင်္ချာပုစ္ဆာတွက်သူတွက်၊ သိပ္ပံ သင်ခန်းစာ ဆွေးနွေးသူဆွေးနွေး၊ စာဖတ်သူဖတ်နဲ့ တိတ်ဆိတ်ငြိမ်သက်စွာ ရှိခဲ့သည်။

စတီဖင်ဟော့ကင်းမှာ ခန္ဓာကိုယ်မလှုပ်ရှားနိုင် စကားမပြာနိုင်သော်လည်း သူ့ဦးနှောက်ထဲ သုတေသနပြုထားတဲ့ အိုင်ဒီယာတွေ ကွန်ပျူတာမှတဆင့် တီဗွီတွင်ပေါ်လာပြီး ပရိတ်သတ်များကို ဖမ်းစားထားခဲ့သည်။ ၁၆၀၀ ခုနှစ်များတွင် ကင်းမ်ဘရစ်ခ်ျ တက္ကသိုလ်မှ အိုက်ဇက်နယူတန် ထိုင်ခဲ့သော Lucasian သင်္ချာထိုင်ခုံကို ဟော့ကင်းက နှစ်သုံးဆယ်ကျော် ထိုင်ခဲ့သည်။ နယူတန်ရဲ့ ထိုင်ခုံနေရာကို ပထမဆုံးဆက်ခံသူဖြစ်ပြီး အိုင်စတိုင်း ကိုယ်တိုင် ရှောင်ခဲ့သော ရာထူးဖြစ်သည်။ ၂၀၀၉ အောက်တိုဘာတွင် တက္ကသိုလ်ပညာရှင်အဖြစ်မှ အငြိမ်းစားယူခဲ့သည်။

ယခု အသက် ၆၉ နှစ်ရှိ ဟော့ကင်းမှာ စင်္ကြာဝဠာဗေဒ ခေါ် ကော့စမိုလော်ဂျီနဲ့ ကွမ်တမ်ဆွဲအား အကြောင်း အထူးပြု လေ့လာသူဖြစ်သည်။ ယနေ့ ပညာရပ်နယ်ပယ်တွင် Bekenstein-Hawking ရေဒီရေးရှင်းအဖြစ် လူသိများတဲ့ အလင်းအောက် အက်တမ်အမှုန်ငယ်များကို blackholes များမှ ဖန်တီးထုတ်ပေးနိုင်ကြောင်း ဖော်ထုတ်ချက်ဖြင့် စတီဖင်ဟော့ကင်းက ၁၉၇၄ ခုနှစ်တွင် စတင်နာမည်ကြီးလာခဲ့သည်။ သူ့ရဲ့ စင်္ကြာဝဠာ သီအိုရီများမှာ ထူးဆန်းလွန်းလို့ နိုဘယ်ဆုပေးဖို့ အခက်အခဲရှိသော်လည်း နိုဘယ်ဆုရ ရူပဗေဒပညာရှင်များကိုယ်တိုင် သူ့တို့အထက်က ဂုရုဟု ပြောဆိုကြသည်။ ၂၀၀၉ ဩဂုတ်လတွင် သမ္မတအိုဘားမားက အမေရိကန် နိုင်ငံသားများအတွက် အမြင့်ဆုံးဆု Medal of Freedom ကို ချီးမြှင့်ခဲ့သည်။

ဟော့ကင်းရဲ့ ကြွက်သားများမှာ လုံးဝ ပျက်စီးခဲ့ပြီး လူတကိုယ်လုံး လေဖြတ် ထားသောကြောင့် ၁၉၇၀ ခုနှစ်ကစပြီး ဘီးတပ်လှည်းကို အသုံးပြုခဲ့ရသည်။ ၂၀၀၇ ဧပြီလတွင် ဟော့ကင်းက ဘိုးရင်း ၇၂၇ လေယာဉ် မော်ဒယ်နဲ့ အာကာသယာဉ်များအတွက် မြေဆွဲအား လုံးဝမဲ့ (zero-gravity) ပျံသန်းနိုင်ဖို့ တွက်ချက်ပေးခဲ့သည်။

ဟော့ကင်းက စင်္ကြာဝဠာထဲတွင် အခြား ဥာဏ်ရည်မြင့် သတ္တ၀ါများရှိနိုင်ကြောင်း၊ လူသားတို့အနေနဲ့ သူတို့ကို စိန်သွားမ ခေါ်ဘဲ၊ ပါးပါးနပ်နပ် ရှောင်ရှားဖို့လိုကြောင်း သတိပေးသည်။ “အကယ်၍ စကြာဝဠာထဲမှ သူစိမ်းများ ကျွန်ုပ်တို့ဆီ ရောက်လာခဲ့ရင်၊ ကိုလံဘတ် အမေရိကကို ပထမဆုံး ခြေချသလို ဖြစ်သွားမယ်။ ဒေသခံ အမေရိကန် ရဒ်အင်ဒီယန်းတွေ ဒုက္ခရောက် သလိုမျိုးပေါ့” ဟု ဆိုသည်။

Caltech တက္ကသိုလ်ခန်းမထဲ စတီဖင်ဟော့ကင်း တွန်းလှည်းတွန်းသူဖြင့် ၀င်လာတော့ လူထောင်ပေါင်းများစွာ လက်ခုပ်တီး ကြိုဆိုကြသည်။ ခန်းမထဲနေရာမရသူများက မြင်ခင်းပြင်တီဗွီတွေကနေ ကြည့်ကြသည်။ ဟော့ကင်းမှာ ဗြိတိသျှ လူမျိုးဖြစ်သော်လည်း သူ့လက်ချာကို ကွန်ပျူတာစက်က အမေရိကန်အသံထွက်ပေးသည်။

ဟော့ကင်းက သူအထူးပြုလေ့လာခဲ့တဲ့ ကော့စမိုလော်ဂျီနဲ့ တွင်းမည်းများအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဟောပြော သွားသည်။ နောက် သူ့ဘ၀နဲ့ မိဘများအကြောင်း ပြောပြသည်။ ငယ်စဉ်က အတော်ဆုံးကျောင်းသား မဟုတ်ခဲ့ကြောင်း၊ အသက် ၈ နှစ်အထိ စာမဖတ်တတ်သေးကြောင်း၊ ဒါပေမဲ့ အတန်းဖော်များက အိုင်းစတိုင်လို့ နာမည်ပြောင် ပေးထားကြောင်း ပြောခဲ့သည်။

သူ့ဖခင်မှာ ဆေးသိပ္ပံသုတေသနဆရာဝန်ဖြစ်ပြီး၊ ဟော့ကင်းကို ဆေးကျောင်းကိုပဲ တက်စေချင်သည်ဟု ဆိုသည်။ စတီဖင်က ဆေးသိပ္ပံကို လုံးဝချစ်မရကြောင်း၊ ကမ္ဘာမှာ အတော်ဆုံး ဦးနှောက်စမတ်အကျဆုံး လူတွေက သင်္ချာနဲ့ ရူပဗေဒမှာပဲ လုပ်ကြတာမဟုတ်လားဟု ပရိတ်သတ်ကို ရယ်မောပြောခဲ့သည်။ သူ့အဖေထက် သာဖို့ ကြိုးစားကြောင်း၊ “ခင်ဗျား ဘယ်တက္ကသိုလ်သွားသွား ကိစ္စမရှိဘူး၊ ရူပဗေဒဟာ ဆေးပညာထက် အစစ ထူးခြားနေမှာဖြစ်ကြောင်း” ကျောင်းသားများကို ပြောဆိုခဲ့သည်။

ဟော့ကင်းက အော့စဖဒ် တက္ကသိုလ်ကျောင်းသားဘ၀ဟာ သူ့အတွက် အရမ်းပျင်းဖို့ကောင်းတဲ့ အချိန်တွေပဲဟု ထပ်ပြောသည်။ ကျောင်းသားဘ၀မှာ သူ့ရောဂါကို သုံးကြိမ်ခွဲစိတ်ခန်းဝင်ခဲ့ရပြီး PhD မပြီးခင် သေမယ်လို့ ထင်ခဲ့တယ်ဟု ဆိုသည်။

‘ခင်ဗျား စောစောသေနိုင်တယ်လို့ ခံစားရရင်၊ သေမင်းနဲ့ ရင်ဆိုင်နေရရင်၊ ဘ၀ဟာ ပိုပြီးနေဖို့ ထိုက်တန်ပြီး လုပ်စရာတွေ အများကြီးရှိတာ သဘောပေါက်သွားမယ်” လို့ စတီဖင်ဟော့ကင်းက ပရိသတ်ကို ပြောဆိုခဲ့သည်။

ဝင့်ထန်း

ရည်ညွှန်း Los Angeles Times

Monday, January 17, 2011

{ ပထမဆုံးအကြိမ် ရုပ်အတူဆုံး အမြွာပြိုင်ပွဲ }(Click)

ပထမဆုံးအကြိမ် ရုပ်အတူဆုံး အမြွာပြိုင်ပွဲ



ရုပ်အတူဆုံး အမွှာပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ယခု လလယ်ပိုင်းတွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ် ပဒေသာ အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။


အမျိုးသား အမြွှာစုံတွဲ၊ အမျိုးသမီး အမြွှာစုံတွဲ၊ အမျိုးသား၊ အမျိုးသမီး အမြွှာစုံတွဲနှင့် သုံးမြွှာပူး အမြွှာစုံတွဲ စသည်ဖြင့် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း ပထမဆုအဖြစ် ကျပ်တသိန်း၊ ဒုတိယဆု အဖြစ် ကျပ် ရှစ်သောင်း နှင့် တတိယဆုအတွက် ကျပ် ခြောက်သောင်းစီ အနည်းဆုံး ချီးမြှင့်သွားမည် ဖြစ်သည်။



“အနယ်နယ် အရပ်ရပ်မှာရှိတဲ့ အမြွှာတွေ စု နိုင်အောင်၊ တွေ့ဆုံနိုင်အောင် ကျင်းပရခြင်း ဖြစ်ပါတယ်”ဟု အမြွာအသင်း ဥက္ကဋ္ဌ ဦးတင်ထူးစိန်က ပြောသည်။

အမြွာအသင်းဝင်ထားသူများကို သက်သေခံကဒ်ပြားများ ထုတ်ပေးထားပြီး ကဒ်ပြားမထုတ်ရသေးသူများလည်း သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

ယခင်နှစ်က အမြွှာတွေ့ဆုံပွဲ ကျင်းပခဲ့ပြီး ယင်းပွဲတွင် အမြွာစုံတွဲ ၄၀၀ မှ ၅၀၀ ခန့်စုလိုက်နိုင်ပြီး အသင်းဝင် အင်အားမှာ အမြွှာစုံတွဲ ၇၀၀ နီးပါး ရှိကြောင်း သိရသည်။


(ဓာတ်ပုံ- www.gs.people.com.cn )

{ Mesmerized by Dead Pirates }(Click)

အပြင်မှာ ရာသီဥတုက အေးစက်စက်နဲ့ သူစိမ်းတပြင်ဆန်နေတယ်.

အဲဒါနဲ့ အိမ်ထဲမှာပဲအောင်းပြီး စာဖတ်လိုက်၊ ကုတင်ပေါ်လူးလွန့်လိုက်နဲ့ ရှိနေတုန်း ဂီတတစ်ခုရဲ့ ဖမ်းစားခြင်းကို ခံလိုက်ရတယ်.

အဖွဲ့နာမည်က Dead Pirates တဲ့. UK က Band တစ်ခုပါပဲ.

ဝူဖာကို ခပ်ကျယ်ကျယ်အနေအထားမှာထား၊ အခန်းအလယ်မှာ ခြေထောက်နှစ်ဖက်ကို ခွဲရပ်လိုက်ပြီး မျက်စိနှစ်ဖက်ကို မှေးစင်းလို့ ကိုယ်ကိုယ်တိုင် Dead Pirate တစ်ယောက် လုပ်ပစ်လိုက်မိတယ်. ခေါင်းကို ရှေ့ငိုက်လိုက်၊ နောက်ကို စည်းချက်နဲ့အညီ မော့ပစ်လိုက်၊ ဘေးနှစ်ဖက်ကို ယမ်းပစ်လိုက်နဲ့ ဆံပင်တွေတောင် ပိုရှည်လာသလိုလို...


ဒရမ်ဘိ(တ်)တွေက တအုံးအုံး၊ ဘေ့စ်သံက တဒုံးဒုံးနဲ့ လိဒ်သံကလည်း ကဝေတစ်ကောင်လို အခန်းထောင့်က ပြေးထွက်လာလိုက်၊ မျက်နှာကြက်ပေါ်ကို ပြေးတက်သွားလိုက်၊ တခါတရံမှာ ကိုယ့်ခန္ဓာကိုယ်ထဲကို ဖောက်ဝင်လာလိုက်...

သီချင်းသံရပ်သွားတဲ့ အခိုက်အတန့်လေးတစ်ခု ရှိတယ်. အဲဒီ့အချိန်လေးမှာ ကိုယ်ကိုယ်တိုင် တောအုပ်လေးထဲ ရောက်နေပြီး ဇွန်ဘီ (Zombie) တွေက တဖြည်းဖြည်း ကိုယ့်ကို ၀ိုင်းလာသလိုလို ခံစားမိလာတယ်.

ပြီးလည်းပြီးရော ဂစ်တာသံနဲ့အတူ ဇွန်ဘီတွေပါ ကိုယ်နဲ့ လိုက်ကကြလိမ့်မယ်....

သီချင်းနာမည်က Wood တဲ့...

Thursday, January 13, 2011

{ မြန်မာစာကို ချောင်ထိုးပစ်မှာလား }(Click)

မြန်မာစာကို ချောင်ထိုးပစ်မှာလား


ယနေ့ မြန်မာကလေးတွေ၊ အရွယ်အ သင့်တင့် ရောက်နေတဲ့ မြန်မာ ကျောင်းသားလေးတွေရဲ့ မြန်မာစာ အရေးအဖတ် ဘယ်လိုများ ရှိမလဲလို့ စောင်းငဲ့ ကြည့်မိသူတိုင်း၊ မြန်မာစာကို အခြားဘာသာတွေနဲ့စာရင် လေ့လာမှု အတော်နည်းနေတာ၊

သုံးနှုန်းပြောဆိုပုံ ဆင်းရဲတာကို စိတ်မကောင်းကြီးစွာနဲ့ တွေ့နေရပါတယ်။

ပြည်တွင်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို ပြန်ကြည့်ရင် မြန်မာစာ ဂုဏ်ထူးထွက်သူ အရေအတွက်ဟာ အခြားဂုဏ်ထူးထွက်သူ အရေအတွက်ထက် အလွန်နည်းပါတယ်။ အောင်မှတ်တွေကို ကြည့်ရင် မြန်မာစာရဲ့ အောင်မှတ်က တခြား ဘာသာတွေရဲ့ အောင်မှတ်ထက် နည်းနေပါတယ်။ မြန်မာစာကို အသင်အပြကောင်းတဲ့ ဆရာဆိုလည်း အခြားဘာသာ အသင်ကောင်းတဲ့ ဆရာအရေအတွက်ထက် နည်းကြပါတယ်။

မြန်မာစာမှာ အမှတ်နည်းတာလောက်ကို ကျောင်းသားတွေစိတ်ထဲ သိပ်အလေးထားပုံ မပေါ်ဘူး။ တက္ကသိုလ် ရောက်ပြန်တော့လည်း မြန်မာစာယူဖို့ စဉ်းစားတဲ့ ကျောင်းသားက အခြားဘာသာယူသူတွေထက် နည်းနေပြန်ပါကော။ မြန်မာစာအပေါ် ရည်ရွယ်ချက်ကြီးသူ၊ ၀ါသနာထုံသူ၊ မြန်မာစာသဘောကို နက်နက်နဲနဲ တီးခေါက်မိသူတွေသာ မြန်မာစာဘာသာရပ်ကို အဓိကဘာသာ အဖြစ်ယူကြတယ်။

ကျွန်တော်တို့ သူငယ်တန်းကျောင်းသား ဘ၀တုန်းက ၀ လုံးကို ကျောက်သင်ပုန်းမှာ ကျောက်တံနဲ့ အကြိမ်ကြိမ် ရေးကြရတယ်။ ကျောင်းမှာလည်းရေး၊ အိမ်မှာလည်းရေး အမေနဲ့ အဖေက ၀ိုင်းကူပေးသေးတယ်။ ဗျည်းသရတွေ စနစ်တကျ ဆွဲနိုင်ဖို့ ကျောင်းမှာဆို ဆရာတွေက လက်ထပ်လို့သင်ပေး။ အိမ်မှာဆို မိဘ တွေက ကြပ်မတ်ပေး။ လေးကြောင်းမျဉ်းနဲ့ လက်ရေးလှဖို့ကိုလည်း သင်ခဲ့ရသေးတယ်။ ကဗျာဆိုရင်လညှ်း လက်ဟန်ခြေဟန်၊ အမူအယာ မှန်မှန်နဲ့တစ်တန်းလုံး ယိမ်းကနေသလို ဆိုခဲ့ရသေးတယ်။ မြန်မာစာဆို အရေးလည်းပျော်ခဲ့၊ အဖတ်လည်း ပျော်ခဲ့ကြရတယ်။ ငယ်ငယ်က ဆိုခဲ့ ရတဲ့ ကဗျာတွေကို ဒီနေ့အထိ အလွတ်ရနေတုန်းပဲ။

သုံးတန်း လေးတန်းရောက်ပြန်တော့ ရာသီအလိုက် လ အလိုက်ကျင်းပတတ်တဲ့ ပွဲတော်တွေကို အကြောင်းပြုလို့ လစဉ်နီးပါး အနည်းဆုံး စာစီစာကုံး တစ်ပုဒ်ရေးရတယ်။ ဆရာက ခေါင်းစဉ်ပေးတယ်၊ ရေးသားတဲ့ အချက်အလက်တွေ ကို ကျောင်းသားတွေနဲ့ ယှဉ်ပြီး တွေးစေတယ်။ ကျောင်းသားတွေ ဘာရေးမလဲဆိုတာကို ဆွဲထုတ်ခိုင်းတယ်။ ကျောင်းသား တွေဆီက တစ်ယောက်တစ်မျိုးဆီ အချက်အလက်တွေက ထွက်လာတယ်။

စာစီစာကုံး ခေါင်းစဉ်နဲ့ ကိုက်ညီတဲ့ အချက်အလက်တွေလည်း ထွက်လာသလို၊ မကိုက်ညီတဲ့ အချက်အလက်တွေလည်း ထွက်လာတယ်။ ကိုက်ညီတဲ့ အချက်အလက်တွေကို စုစည်းပေးပြီး ခေါင်းစဉ်နဲ့ မကိုက်ညီသော အချက်အလက်များကို ဘယ်လို အခါမျိုးကျမှ ရေးသင့်ကြောင်း၊ ဘယ်လိုခေါင်းစဉ်နှင့်ကျမှ သုံးသင့်ကြောင်း ညွှန်ကြားပြီး အိမ်စာပေးလိုက်တယ်။ လိုအပ်ရင် မိဘများထံမှ အကြံညဏ်များကိုလည်း ရယူနိုင်ကြောင်း မှာကြားလိုက်သေးတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ လစဉ် စာစီစာကုံး ရေးဖြစ်ကြတယ်။ ကျောင်းရောက်တော့ ယောက်ျားလေးထဲက အကောင်းဆုံး စာစီစာကုံးတစ်ပုဒ်နဲ့ မိန်းကလေးထဲက အကောင်းဆုံး စာစီစာကုံး တစ်ပုဒ်ကို ရွေးချယ်ပြီး ဂုဏ်ပြုတဲ့ အနေနဲ့ ဆရာကိုယ်တိုင် ဖတ်ပြတယ်။ ဆရာက လက်ရေးလှဖို့ကိုလည်း တိုက်တွန်းရင်း အားပေးတယ်။

သတင်းစာ မဂ္ဂဇင်းတွေမှာလို စာပုဒ် ဖြတ်တောက်ရေးနည်း တွေနဲ့ ရေးရတယ်။ အာဇာနည်နေ့တို့လို၊ အမျိုးသားအောင်ပွဲ နေ့တို့လို၊ စာဆိုတော်နေ့ အထိမ်းအမှတ် နေ့မျိုးတွေ မှာဆို နံရံကပ်စာစောင် အစီအစဉ်တွေလည်း ရှိခဲ့တယ်။ စာကြည့်တိုက် လည်း ထားပေးတယ်။ ရံဖန်ရံခါကျင်းပတဲ့ စကားရည် လုပွဲတွေ၊ ကျဗန်းစကားပြော ပြိုင်ပွဲတွေလည်း ရှိခဲ့တယ်။

နှစ်သက်ဖွယ် အကောင်းဆုံးကတော့ နာမည်ကျော် စာရေးဆရာ ကြီးတွေရဲ့ စာပေဟောပြောပွဲတွေပဲ ဖြစ်တယ်။ ကျောင်းတွင်း မှာကော၊ ရပ်ကွက်များမှာပါ ကျင်းပကြပါတယ်။ အထူးသဖြင့် စာဆိုပွဲရာသီ နတ်တော်လမှာဖြင့် စာပေဟောပြော ပွဲတွေဟာ ဟိုနေရာတစ်ပွဲ ဒီနေရာတစ်ပွဲ မနည်းပါပဲ။

အဲဒီအချိန်များမှာဆို ခေတ်ပေါ်တေးဂီတ concert ပွဲတွေကလည်း တစ်ဖက်၊ မြန်မာ့စာပေ ဟောပြောပွဲတွေကလည်း အဲဒီပွဲ ပရိတ်သတ်နဲ့အပြိုင် ရှိနေကြတယ်။ မြန်မာ့စာပေ ပရိတ်သတ်ရဲ့အားဟာ အားရလောက်ပါတယ်။ သက်ကြီးစကား သက်ငယ်ကြားဆိုသလို ၀ါရင့်စာရေး ဆရာကြီးများရဲ့ အဟောအပြော ဆိုဆုံးမစကားများဟာ လူငယ်တွေအတွက် အတုယူ မှတ်သားစရာများပါ။ လူငယ်တွေရဲ့ ချော်နေတဲ့ လမ်းတွေကို တည့်ပေးတယ်။ မှားနေတဲ့ အတွေးတွေကို အမှန် တွေးနိုင်အောင် ပြင်ပေးတယ်။ လူကြီးတွေရဲ့ မှားခဲ့တာတွေကိုလည်း သင်ခန်းစာအဖြစ် ရယူနိုင်ခဲ့တယ်။ လူငယ်တွေက ဟောပြောသူ ဆရာကြီးတွေကို အားကျလာကြတယ်။ သူတို့လို တတ်ချင် ပြောချင် လာကြတယ်။

အဲဒီအခါ လူငယ်တွေမှာ စာဖတ်ချင်စိတ်တွေ နိုးကြားလာကြတယ်။ ရပ်ကွက် စာကြည့်တိုက်တွေလည်း ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေကြသလို စာဖတ်သူတွေလည်း များပြားလာကြတယ်။ အဲဒီမှာ လူငယ်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ထိုစာရေးဆရာကြီးများကို လေးစားအားကျစိတ်များ တဖွားဖွားပေါ်လာပြီး၊ သူတို့ရဲ့ အရေးအသား သူတို့ရဲ့ အတွေးများကို နားထဲဆွဲနေကြတာမို့၊ အခုလိုအချိန်မှာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် တပည့်များကို အခါအားလျော်စွာ စာသင်ခန်းကနေ လက်ဆင့်ကမ်း မျှဝေနိုင်ခဲ့ကြပါတယ်။

ယခုကာလကို ပြန်ကြည့်ရင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျန်တာတွေ အားလုံးအောင်ပြီး မြန်မာစာ တစ်ဘာသာထဲကျတဲ့ ကျောင်းသားတွေ ရှိနေပါတယ်။ တချို့ကျောင်းသားတွေဆို ကိုယ့်လက်ရေးကိုတောင် ကိုယ်ပြန်မဖတ်တတ်တဲ့ အဆင့်ထိ အလွန်ဆိုးဝါးနေပါတယ်။ လစဉ်အလိုက်၊ စာစီစာကုံးရေးသံတွေ မကြားရတော့ပါဘူး။ စာမေးပွဲရောက်မှသာ စာစီစာကုံးကို ဖြစ်သလို ရေးကြပါတယ်။ နံရံကပ်စာစောင် အစီအစဉ်တွေလည်း ပျောက်သွားပါပြီ။

အပြောအဆိုလွတ်လပ်ခွင့် မရတဲ့ နိုင်ငံအတွက် စာပေဟောပြောပွဲဆိုတာကလည်း ကွက်ကျားမိုးလို ပါပဲ။ နားရှိသော်လည်း မကြားရ။ မျက်စိရှိသော်လည်း မမြင်ရတဲ့ မြန်မာကျောင်းသားတို့ရဲ့ ဘ၀ဟာ လမ်းပြမယ့်သူတွေ ပျောက်ခြင်းမလှ ပျောက်နေပါတယ်။

နောက်ဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာမေးပွဲအထူးထုတ်ပါ စာစီစာကုံးတွေ အလွတ်ကျက်ပြီး မေးခွန်းနဲ့ တိုက်ဆိုင်ရင်ဖြေ၊ မတိုက်ဆိုင်ရင် ဖြစ်သလို ရေးထားခဲ့ကြတာပါပဲ။ လမ်းညွှန်မှုတွေနည်း၊ လမ်းပြကြယ်တွေနည်းတဲ့ ကာလမှာ အတွေးနည်းလို့ အရေးနည်း လာကြတဲ့အတွက် မြန်မာကျောင်းသားတွေ မြန်မာစာအရေး အလွန်ကို နည်းလာကြပါတယ်။

ထို့အတူပဲ နယ်စပ်က မိုင်းဂရန့် ကျောင်းတွေမှာလည်း မြန်မာစာအပေါ် စိတ်ဝင်စားမှုတွေ နည်းနေတာကို တွေ့ရတယ်။ အချို့ကျောင်းသားများက စကော်လားရှစ် ပညာရေးကို လိုက်ကြတော့ မြန်မာစာ မသင်ချင်ကြတော့ဘူး။ အင်္ဂလိပ်စာကိုသာ ဦးတည်ပါတော့တယ်။ မြန်မာစာကို ထဲထဲဝင်ဝင်သင်ပေးနိုင်တဲ့ ဆရာကလည်း ရှားလာတယ်။ ပြည်တွင်းက သင်ရိုးကုန် အထူးထုတ်ကိုကိုင်၊ အထူးထုတ်ပါအတိုင်း စာခေါ်ပေး၊ ကျောင်းသားတွေက လိုက်ရေးကြ။ ပြီးရင် အလွတ်ကျက်၊ ဒီစနစ်နဲ့သွားနေတာက များနေတယ်။

အထူးထုတ်တွေမှာ အမှားပါလေ့ပါထ ရှိကြတယ်။ အထူးထုတ်ကို လုံးဝဥဿုံ အားမကိုးသင့်ပါဘူး။ အရန်အကူအဖြစ် ထားချင်ထားပါ။ ဆရာကိုယ်တိုင်ကလည်း ကိုယ်ပိုင် အတွေးအခေါ် သင်ပေးသင့်ပါတယ်။ မြန်မာစာ အသင်အပြ ကောင်းရင် ကျောင်းသား မပြောနဲ့ ကြားသူပတ်ဝန်းကျင်ကပင် နားထောင်ချင်တဲ့ ဘာသာရပ်မျိုးပါ။ လက်ရေးလက်သား ကလည်း ကန်စွန်းရွက်သည် အကြွေးတောင်းတဲ့ လက်ရေးနဲ့ သတ်ပုံမျိုး မဖြစ်အောင် ဆရာကိုယ်တိုင် ရှောင်ကြဉ် ရပါမယ်။ တပည့်ကျောင်းသားသည် ဆရာကို စံပြု အတုယူရမှာ ဖြစ်လို့ ဆရာရဲ့ အရည်အချင်းဟာ အဓိက ဖြစ်နေပါတယ်။

မြန်မာစာ ဆရာတွေကိုယ်တိုင် သင့်တင့် လျောက်ပတ်တဲ့ စာစီစာကုံးမျိုး ရေးနိုင်ကြဖို့လည်း လိုအပ်ပါတယ်။ နယ်စပ်က မိုင်းဂရန့်ကျောင်းတွေကတော့ နေ့ထူးနေ့မြတ်တွေမှာ မြန်မာစာနဲ့ ပတ်သက်တဲ့ အရေးအပြောအဆို ပြိုင်ပွဲများ ရှိနေတာမို့ မြန်မာစာအတွက် အားတက်ရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။

သို့သော် ကျောင်းတိုင်းကျောင်းတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက် ကျောင်းတိုင်းရှိ ကိုယ်စားလှယ်များပါဝင်တဲ့ အဖွဲ့အစည်းတစ်ရပ်ကိုလည်း ဖွဲ့စည်း ထားသင့်ပါတယ်။ ကြိုတင်လေ့ကျင့်ဖို့ အချိန်ပေးခြင်း၊ ပြိုင်ပွဲအတွက် ကြိုတင် အကြောင်းကြားခြင်း၊ ကျောင်းတိုင်းပါဝင်လာအောင် ဆွဲဆောင်ပေးခြင်း အထူးလိုအပ် ပါလိမ့်မယ်။ စာမေးပွဲတစ်ခါလာမှ စာစီစာကုံးတခါ ဖြေရတဲ့ အဖြစ်မျိုး မဖြစ်သင့်ပါဘူး။

မြန်မာအချို့ဟာ ခွင့်တိုင်စာကိုပင် အဆင်ပြေပြေ ဆ်ီလျော်အောင် မရေးနိုင်ကြပါဘူး။ ဒီအထဲမှာ အချို့ ဆရာတွေလည်း ပါနေပါတယ်။ ဒီလိုဖြစ်ရတာ မြန်မာစာ အရေးအသား အလေ့အထ နည်းလို့ပါ။ ရေးမယ်ဆိုရင် တွေးရပါမယ်။ မတွေးရင် အရေးမပီပြင်ပါဘူး၊။ အတွေးကောင်းရင် အရေးကောင်းလာတတ်ပါတယ်။ ကိုယ်တိုင်တွေးပါမှ တပည့်များအတွက် အတွေးလမ်းကြောင်းကို ဖွင့်ပေးနိုင်မှာ ဖြစ်တယ်။ မည်သည့်ဘာသာရပ်မဆို တွေးဖို့ အတွေးအခေါ် မှန်ကန်ဖို့ လိုပါတယ်။ အတွေးမှန်မှ အရေးမှန်၊ အတွက်အချက်လည်းမှန်မှာ ဖြစ်တယ်။

ဒါကြောင့် ဆရာကိုယ်တိုင် စတွေးနိုင်ပါမှ ကျောင်းသားလည်း တွေးလာနိုင်မှာ ဖြစ်တယ်။ ကျောင်းသားတွေးနိုင်ဖို့ ဆရာကိုယ်တိုင်က ရေလာမြောင်းပေးစကား ပြောပေး သင့်တယ်။ မိုင်းဂရန့် ပညာရေးဝန်ထမ်းတွေအတွက် BMTA ကကြီးမှူးကျင်းပပေးလေ့ရှိတဲ့ ဒေါက်တာသိန်းလွင်ရဲ့ RWCTသင်တန်းက ဆရာတွေရဲ့ အတွေးဓားကို ထက်စေမယ့် ဓားသွေးကျောက် တစ်လက်ပါပဲ။

ဘာသာရပ်တိုင်းမှာ ဘာကိုရည်ရွယ်ပြီး ဒီအကြောင်းအရာကို သင်ရတာလဲ၊ ဘယ်မှာ အသုံးပြုမှာလဲ၊ ဘာကြောင့် အသုံးပြုရမှာလဲ၊ လူ့လောကအတွက် ဘယ်လို အကျိုးရှိသလဲ၊ ဒါတွေကို ကျောင်းသားများ ဆက်စပ်တွေးခေါ် လာနိုင်အောင် သင်ပေးကြရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက စာလုံးပေါင်းသတ်ပုံကိစ္စ ဖြစ်ပါတယ်။ လူငယ်ဆရာတစ်ဦးက ပြောပါတယ်။ အိမ်ကို ‘မ’သတ်နဲ့ပဲအိမ်အိမ် ‘န’သတ်နဲ့ပဲအိမ်အိမ် ကျောင်းလို့တော့ ဘယ်သူမှ မဖတ်ပါဘူးတဲ့။

သူပြောလိုတာက စာလုံးပေါင်းသတ်ပုံအရေးမကြီးဘူး။ ဖတ်လို့နားလည်ရင် ပြီးရောဆိုတဲ့ သဘောပဲပေါ့။ ဒါဆိုရင် အဲဒီဆရာကို ကျွန်တော်ပြောလိုက်ချင်တယ်၊ ခင်ဗျားကိုယ်တိုင် စာလုံးပေါင်းသတ်ပုံ အမှားများနဲ့ ရေးထားတဲ့ စာအုပ်တစ်အုပ်လောက် လူတွေဖတ်ဖို့ ထုတ်ကြည့်ပါလားလို့ အဲဒီလိုပဲ တိုက်တွန်းချင်ပါတယ်။

တချို့ တိုင်းတစ်ပါးသားတွေ မြန်မာစာကို အထူးပြု လေ့လာနေကြပါတယ်။ မြန်မာစာကို မြန်မာတွေထက် ပိုသိပိုတတ်တဲ့ နိုင်ငံခြားသားတွေ ဟိုးအရင် ကတည်းက ယနေ့ထိတိုင် ရှိနေပါတယ်။ ကျွန်တော်မိတ်ဆွေ တစ် ယောက်က တရုတ်ပြည်ကလာလည်တဲ့ သူ့ဧည့်သည်ကို ရွှေတိဂုံဘုရားလိုက်ပို့တော့ ဘုရားစောင်းတန်းက အ ဆင်းမှာ သူတို့လျှောက်ခဲ့တဲ့ လမ်းကို လက်ညိုးထိုး ပြီး ဒါကို မြန်မာလို ဘယ်လို ခေါ်သလဲလို့ မေးတယ်။ ကျွန်တော့် မိတ်ဆွေ မြန်မာပြည်ဘွဲ့ရက လှေကားလို့ အလွယ်တကူ ဖြေလိုက်တယ်။ ချက်ချင်းပဲ တရုတ် ဧည့်သည်က မဟုတ်ဘူး၊ လှေကားထစ်လို့ ပြန်ပြင် ပေးလိုက်တော့မှ မြန်မာအိမ်ရှင် ဆင်ခြင်မိပါတော့တယ်။

ယနေ့ထိုင်းနိုင်ငံရဲ့ ပညာရေးစီမံကိန်းမှာ မိခင်ဘာသာ ရပ်အပြင် အင်္ဂလိပ်စာနဲ့ အိမ်နီးချင်းနိုင်ငံတို့ရဲ့ ဘာသာစကား၊ စာတွေကို (အထူးသဖြင့် မြန်မာစာကို) သင်နေကြပါပြီ။ နိုင်ငံရေး၊ စီးပွားရေး အတွက် အထူးမောင်းနှင်အားကို သိနေကြပါပြီ။ မြန်မာလူမျိုးတစ်ယောက် အင်္ဂလိပ်စာ essay တစ်ပုဒ် ရေးမယ်ဆိုရင်တောင်၊ နံပါတ်တစ် မြန်မာလိုတွေးလို့ မြန်မာလိုရေးဖို့ ရှေ့ပြေးလိုအပ်မယ် ထင်ပါတယ်။ ထိုမှတဆင့် အင်္ဂလိပ်လို ရေးဖြစ်ရင် ပိုမိုကောင်းမွန်တဲ့ essay ဖြစ်လာမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာဖြစ်နေလို့ပါ။ မြန်မာနဲ့ နီးစပ်တာ မြန်မာစာပဲ မဟုတ်ပါလား။ မြန်မာစာကို ဂဃနဏ ရေးနိုင်တဲ့ အချိန်ကိုရောက်မှ အင်္ဂလိပ် လိုရေးရင် အဆင်ပြေချောမောနိုင်ပါလိမ့်မယ်။

ကမ္ဘာကြီးက ယခင်က ရေခြားမြေခြား အရှေ့ အရပ်၊ အနောက်အရပ် ခြားနေခဲ့တယ်။ ဒါပေမဲ့ အသိပညာ၊ အတတ်ပညာ ထွန်းကားတဲ့ ယခုလို အိုင်တီခေတ်ကြီးမှာ ရေကိုတားသော် အကြားမရှိသကဲ့သို့ နည်းပညာတွေကြောင့် ကမ္ဘာမြေကြီးကို ဟိုဘက်ဒီဘက်ခြားလို့ မရနိုင်တော့ပါ။

ယဉ်ကျေးမှု ဘာသာစကားတို့မှာ တစ်နေရာနဲ့ တစ်နေရာ ကူးလူးယှက်ဖြာနေပြီး၊ လူနေမှုဘ၀တွေ အင်မတန် တိုးတက်လာနေချိန်မှာ ဘာသာစကား စာမျိုးစုံတို့ကို တတ်မြောက်ထားဖို့ လိုပါတယ်။ နောက်ပြီး မိမိအမျိုးသား စာကိုလည်း အခြားသော ကမ္ဘာသူကမ္ဘာသားများကို ဦးဆောင်ဖြန့်ဝေ ပေးရမှာဖြစ်လို့ မိမိအမျိုးသားစာကို မိမိကိုယ်တိုင် ချစ်မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်လို့ တတ်မြောက်အောင် အပတ်တကုတ် သင်ကြားနေဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

ဆရာဌေး (B.H.S.O.H)

Sunday, January 09, 2011

{ " နိုက်ကလပ်မှ မြတ်ဗုဒ္ဓ " }


" နိုက်ကလပ်မှ မြတ်ဗုဒ္ဓ "

အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး ရန်မျိုးအောင်ဟာဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။ သူ့ဘ၀ သူ့အခက်အခဲ သူ့ရည်ရွယ်ချက်တွေအောင်မြင်ဖို့အတွက် ဘုရားသာအားကိုးရာရှိတော့တယ်လို့သူယုံ ကြည်ထားလို့ပါ။

သူ့ရည်ရွယ်ချက်ဆိုတာ ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀ အောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူလက်တွဲပြီး သာယာတဲ့ဘ၀ခရီးလျှောက်လှမ်းနိုင်ဖို့ဆိုတဲ့ လူငယ်တို့သဘာဝရှိတတ်တဲ့မျှော်မှန်းချက်တွေတော့ မဟုတ်ပါဘူး၊
လူငယ်နဲ့မလိုက် ကိုယ့် အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခုသူ့မှာရှိနေလို့ပါ။

သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။
သူအလုပ်လုပ်တဲ့စားသောက်ဆိုင်က လူသုံးရာကျော်စားနိုင်တဲ့ဆိုင်ကြီးပါ။
အာရှအစားအစာမျိုးစုံ ရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။

ရန်မျိုးအောင်ဟာတနေ့တော့ အလုပ်ကအပြန်ရေမိုးချိုးပြီးအနားယူနေချိန်မှာ နိုက်ကလပ်သွားချင်တဲ့စိတ်တွေပေါ် လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲဝါသနာပါသူမဟုတ်တော့လို့ သွားချင်တဲ့စိတ်တွေ မဖြစ်ခဲ့တာလည်းကြာခဲ့ပါပြီ။

ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိ သွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။
မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက်ပုတီးစိတ်လိုက်နဲ့ဖြေဖျောက်ဖို့ကြိုးစားခဲ့တယ်။ မရဘူး၊ မသွားရမနေနိုင်လောက်အောင်ဖြစ်နေတယ်။ ကဲဒီလောက်တောင်ရှိရင်သွားမယ်ဆိုပြီးဘယ်သူမှ မခေါ်ဘယ်သူမှ မတိုက်တွန်းပဲ သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီးထွက်ခဲ့တော့တယ်။

နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။
နေ့ခင်းမှာ စားသောက်ဆိုင်လုပ်ပြီး ည၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။

ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ရေရွတ်တမ်းတမိပြီး တအံ့တသြငေးမောကြည့်နေမိတယ်။
တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်းမြင်နေကျပါ။ ဆိုင်မှာအလှအပအဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့သူမမျှော်လင့်ခဲ့ဘူး။

ခုတော့ ဘုရားခမျာ ဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံးတော်မူနေရရှာတယ်။
လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖိုမအစုံစုံယစ်မူးအဟုန်ဖြင့်အစွမ်းကုန် မြူးတွန့်နေကြတယ်။
ဘုရားရဲ့ရှေ့တည့်တည့် (၁၀) ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့်အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက သူတို့ ကိုယ်အလှသူ့တိုအကတွေနဲ့  ကာမမှောင်ကို မှောင်သည်ထက်မှောင်အောင်
ဆွဲဆောင်နေပြန်တယ်။

ဘုရားနောက်ကျေား နံရံမှထွက်လာတဲ့ မှိတ်ချီဖွင့်ချီရောင်စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော်ဘေးဝန်းကျင်ကို ဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို မြင်သာအောင်ထိုးပြနေပြန်တယ်လေ။
ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။

ဆင်းတုကိုယ်တော်မြတ်ကြီးက “ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများ ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်က ငါဘုရားကိုလာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။
ဒီအဖြူမလေးတွေက ညတိုင်းလာဖြားယောင်းနေပါလား ” လို့တွေးထင်တော်မူလေမလားမသိ။
ရန်မျိုးအောင်တော့ ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။

ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီးဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။ အလား--လား-- ပိုဆိုးပါလား။
စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကိုသူ့ပေါင်နဲ့ထိထိုင်ကာစတိုင်ကျကျနဲ့ အရက်ခွက်ကိုကိုင်လို့ တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေ တင်ထားပြန်တယ်။
ဒီထက်ဆိုးတာက မိန်းကလေးက ဘုရားကိုကျောမီနေပြီး သူ့တွဲဖက် ကောင်လေးကဘုရားပေါ်လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်းထွက်မိတယ်၊ ဖြစ်နိုင်ရင်ဝါးရင်းဒုတ်နဲ့ အားလုံးကိုမောင်းထုတ်ပစ်လိုက်ချင်တယ်။
မပြုဝံ့ပါပေ၊ “ခါကျဉ်ကောင်မာန်ကြီးပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံ ခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာတတ်နိုင်ပါမည်နည်း။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကိုကြည့်ပြီး ကြိတ်မနိုင်ခဲမရဖြစ်နေရတယ်၊လှုပ်လှုပ်ရွရွ တွန့်လိမ်ပွတ်သပ် နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ ဂီတသံ၊ ထောင်းထောင်းမွှန်နေတဲ့ အရက်နံ့၊ မျက်နှာ တော်တည့်တည့်မှာ တစ်ကိုယ်လုံးနီးပါးပေါ်နေတဲ့ ကခြေသည်မလေးတွေရဲ့တုန်ကာလှုပ်ကာ မြူဆွယ်ပြနေတဲ့ အက၊ ဒီဝန်းကျင်မှာနေရရှာတဲ့ ဘုရားရုပ်ပွားတော်ကြီးခမျာ စိတ်တော်ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင်နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။

ဘုရားဆိုတာ သနားစရာမဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနားနေမိတယ်။
ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင်နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့မျက်နှာတော်ကိုစိုက်ကြည့်မိရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့
မိန့်တော်မူနေသလို ခံစားမိပြန်တယ်။

ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကိုရောက်လာရခြင်းမှာ သာမန်ရောက်လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ ပြင်းပြလွန်းလို့အရောက်လာခဲ့ရတာ။ ဘုရားစောင့်နတ်တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။
မည်သို့ပင်ဖြစ်စေ အခြေအနေအရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာအတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန်ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။

ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေးငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင်ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။

ဒီကာမ အမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော်ကြီးကို ပင့်ထုတ်ရမယ့်တာဝန်ဟာ ငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာ ခံယူလိုက်တော့တယ်။ “ဘုရားရုပ်ပွားတော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့
အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင်ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ။

ရန်မျိုးအောင်ဟာ နောက်နေ့မှာစောစောအလုပ်ဆင်းဖြစ်တယ်။ ဆူရှီဘားမှာအလုပ်လုပ်ရင်း ဆိုင်ရှင် သူဋ္ဌေး အလာကို စောင့်နေတယ်။ သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက် ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်း မော့ကြည့်တယ်။

“သူဋ္ဌေးကို ပြောစရာရှိလို့ပါ”

“အေး-ပြော”

“ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ် ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်”
ရန်မျိုးအောင်ဟာ သူ့ကြံစည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။

သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေတာလဲ ဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ ရန်မျိုးအောင် ခေါင်းငိုက်ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။
ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။

ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊
ဆိုင်မန်နေဂျာ အမျိုးသ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီပြောပေးပါရန် အသနားခံခဲ့တယ်။ မန်နေဂျာကလဲ မဖြစ်နိုင်ကြောင်းနှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့ မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း
အကူအညီ တောင်းဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။

တနေ့တော့ မန်နေဂျာကိုပြောမိတယ်
“ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့ ဗုဒ္ဓဘာသာတွေအတွက် အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊ နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလို မရိုမသေမဖွယ်မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့မလား။ ငါတို့ဗုဒ္ဓကို ဒီလို ပြုလုပ်နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။ ” လို့မအောင့်ပဲခံစားမိတဲ့အတိုင်းပြောချလိုက်မိတယ်။

သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့်မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်း အမှန်တရားကို လက္ခံကြမည်သာ…။

ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့်မယ်လို့ မျှော်လင့်မိရင်းကျေနပ်နေမိတယ်။

ရန်မျိုးအောင်မှာ သူဋ္ဌေးကမခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကိုစောစောလာ ညကမြူတူးပျော်ပါး သောက်စား ကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့ အရက်ခွက်တွေ၊ ပေကျန်နေတဲ့အရက်စက်တွေ၊ ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့ အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။

ပြီးရင် သရဏဂုံသုံးပါးနဲ့ ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊
ဘုရားကြီးကို ပင့်နိုင်ရပါလို၏ လို့ လည်းအကြိမ်ကြိမ်ဆုတောင်းမိတယ်
ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။

ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင် မျှော်လင့်ချက်ကတော့ဘာမှ အကောင်အထည်ပေါ်မလာသေး။

“ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ”

( ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည် မည်သည်မရှိ ) ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလို့ပိုလို့ ပင် တိုးလာမိတယ်။

ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်းထဲသို့ ၀င်ခဲ့မိပြန်တယ်။
“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲ အလုပ်လုပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကိုရောင်းပေးပါ” ၊ ရန်မျိုးအောင် ကဒီတခါတော့ပုံစံတစ်မျိုးပြင်ပြီး တောင်းဆိုလိုက်တယ်။

သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိ တယ်။
မန်နေဂျာကလဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။
“မင်း ဒီလောက်တောင်လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့နဂါးကြီးတစ်ကောင်ရှာပေးပါ” ။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊
“ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်” လို့ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။

အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။ သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်း ကူညီရှာပေးတယ်။ လော့စ်အိမ်ဂျလိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကို အနှံ့ရောက်ခဲ့ပြီ။
အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ်
ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။”

“တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ” လို့ လွယ်လွယ်ပဲဖြေလိုက်တယ်။
အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။ နဂါးရှာရင်း ငွေခြောက်ထောင်အတွက်လည်းရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေ တွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့သယ်ယူ စရိတ်ကလည်း တစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။

ခေါင်းကုတ်လို့ကြံသော်လည်းအကြံက မထွက်။ ချေးးဖို့ငှါးဖို့ဆိုတာလဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေးထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြားလှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။

ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင် ပေးဆပ်ချင်ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်းလျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။

ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်မိတယ်။
ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်းတဲ့ စေတနာဟာအလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ ကာမမှောင်အတွင်းက ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။

အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ် တဲ့ ဆိုင်တွေကိုသူ့ကား ဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေးထားတဲ့ အမြတ်တနိုးဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်းလိုက်တော့
လေးထောင်ကျော်လောက်ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင် သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။

ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့ နဂါးကြီးတောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်သဘောကျလိမ့်မည်။ရန်မျိုးအောင် ပျော်မဆုံးတော့၊ သူငယ်ချင်း ကိုမိုးဝင်းကို ပုခုံးကိုလက်သီးနဲ့ထိုးပြီး
“အောင်ပြီကွ” လို့ ကြွေးကြော်မိတယ်။

နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီးဘုရားရဲ့လက်တော်ကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကိုပင့်နိုင်တော့မည်ဘုရား” လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။

သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာဝင်ခဲ့ပြန်တယ်။ တတိယအကြိမ် ၀င်ခဲ့ခြင်းပေါ့။

“ ရန်- မင်းနဂါး တွေ့ပြီလား။”
“ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊ နဂါးကြီးက သိပ်လှတာပဲဗျာ”
“မင်း နဂါးက ဘယ်နှစ်ပေလောက်ရှိလဲ။”
“၇-ပေရှိပါတယ် ခင်ဗျာ"
“ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”

ရန်မျိုးအောင် ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။
ခေါင်းငိုက်ဆိုက်ဖြင့်ထွက်ခဲ့ရပြန်ပြီ။ ခဲလေသမျှ သဲရေကျပြီထင့်…။
ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာငိုင်နေမိတယ်၊ ဘာလုပ်ရမလဲလို့စဉ်းစားနေမိတယ်။ ဆိုင်ပေါင်းစုံရောက်ခဲ့ပြီး ဖြစ်လို့၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။
ဇာတ်လမ်းကတော့ ပြီးလေပြီ.. ။

ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင်ဆက်လက်ကြိုးစားချင်တယ်။ လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ်
ရှာကြံစဉ်းစားဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင်ပေါ်လာတယ်
“ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာမရှိဘူး၊ ဘုရားဂုဏ်တော်တွေကိုရွတ်ပွားပြီး သစ္စာဆိုမယ်” လို့  မျက်စိလယ် လမ်းပျောက်နေသူလမ်းမှန်တွေ့သလို အရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။

ရန်မျိုးအောင် တစ်ယောက် ဂုဏ်တော်ပေါက်လေမလား၊ လူပေါက်နေသူလို့ ထင်ကြလေမလားမသိ၊ တချိန်လုံးဂုဏ်တော်တွေကိုသာ ရွတ်နေတော့တယ်။
အလုပ်သွား အလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊ ဈေးသွားဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ် ၊ တစ်ခါတရံ အာခေါင်တွေခြောက်ပြီး လျှာပင်ပူလာတဲ့အထိဖြစ်ခဲ့ရတယ်။

ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မားသုံးယောက် လုပ်နေရာမှ အခြားနှစ်ယောက် ကို စီးပွားရေးမကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့်ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက်တာဝန်ကို တစ်ယောက်တည်း လုပ်နေရတော့တယ်။ မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊ အဆူခံရပြန်တယ်။

ရန်မျိုးအောင် စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက်ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့ အလုပ်ထွက်တော့မယ်လို့စိတ်ကူးမိတယ်၊ မဖြစ်သေးပါ၊ ဘုရားကြီးကိုထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကိုတစ်ပါတည်းပင့်နိုင်မှ ငါထွက်တော့ မယ်လို့ စိတ်ဒုန်းဒုန်းချကာ ပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကိုသာ အဖန်ဖန်ရွတ်ပွားနေတော့တယ်။

တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့ ပင်ရောက်ခဲ့ပေပြီ။ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါးကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ မအောင်နိုင်ရှာ ဂုဏ်တော်သာ ရွတ်နေဆဲပင်။

တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက် လာတယ်၊ ရန်မျိုးအောင် အလုပ်လုပ်နေရာမှထွက်လာပြီး အဖိုးကြီးကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေးပြုစုတယ်။ အဖိုးကြီးကို မေတ္တာပို့ တယ်၊ အဖိုးကြီး မပြန်မချင်း
စူးစူးစိုက်စိုက်ပို့နေမိတယ်။ ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က အချည်းအနှီးမဖြစ်ပါပေ။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အားအကောင်းဆုံးလက်နက်များပင် မဟုတ်ပါလား။ လက်နက်ကောင်းတွေရှိပါလျှက် မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။

ရန်မျိုးအောင်ကတော့ သူပိုင်လက်နှက်များဖြင့် ဒလပ်စပ် ပစ်ခတ်နေပေပြီ။
နောက်တစ်ပတ်လောက်မှာ ရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ရက်နေ့ပေါ့၊ ဆိုင်ကိုစောစောလာပြီး ပြုလုပ်နေကြဖြစ်တဲ့ ဘုရားဆင်းတုတော်ကြီးကို သန့်ရှင်းရေးလုပ်တယ်။
ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ် အဖြစ် ဘုရားရဲ့လက်တော်ထဲကပ်လှူပြီးဝတ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါ တယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိလှပါဘူး၊ သူ့ခံစားချက်အတိုင်း ဘုရားကြီးကို သနားစိတ်တွေဖြစ်နေမိတယ်။

ဒါပေမဲ့ဆင်းတုတော်ကြီးရဲ့ မျက်နှာတော်မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပနေတယ်လို့ ရန်မျိုးအောင် ထင်နေမိတယ်.. ။

ဘုရားဝတ်ပြုပြီး အလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင် လန့်သွားတယ်။ ငါ့များအလုပ်ဖြုတ်တော့မှာလားဆိုတဲ့ အတွေးက ပထမဆုံးဝင်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရ အဓိကထားတဲ့ ဘုရားရုပ်ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်ယူဖို့ကြိုးစားခဲ့ပြီ။
ဘာသာရေးပြဿနာများဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ ထင်မြင်နိုင်တယ်။

ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင်ဓါတ်ပုံတွေခိုးရိုက်ခဲ့ပြီ။ သူရည်ရွယ်တာက ဘုရားကြီးကို ငါပင့်လို့ မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီးအကူအညီတောင်းမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။
ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင်ပေလိမ့်မယ်။

သူတို့အမြင်တော့ ရန်မျိုးအောင် ဟာအပြစ်ရှိသူတယောက်ပါ။ ဒီဆိုင်မှာမရှိသင့်သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင် အသိ၊ သိလို့လည်း မာဖီးယားလိုအင်အားကြီးတဲ့သူတွေမို့ ငါ့ကိုရန်ပြုလေမလားဆိုပြီး
သတိကြီးစွာနဲ့နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ်နိုင်တယ်လို့မျှော်လင့်ထားပြီးသား.. ။

ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေးရုံးခန်းထဲ ၀င်ခဲ့ရပြန်တယ်။ ဒါစတုတ္ထအကြိမ်ပါ၊ ဒီတစ်ခါတော့ သူတောင်းဆို ဖို့ ၀င်လာခြင်း မဟုတ်၊ အမိန့်နာခံဖို့ ၀င်လာခြင်းပါ၊ နောက်ဆုံးစီရင်ချက်များဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။

သူဋ္ဌေးက ချိုသာသောမျက်နှာနဲ့
“ရန်-လာ၊ ထိုင်”
လို့ ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ် စိတ်သက်သာသွားတယ်။

သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာကြည့်ပြီး
“ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။”
“ဟာ-တကယ်လား” ရန်မျိုးအောင် အရမ်းဝမ်းသာသွားကာ၊ ထခုန်ချင်လောက်အောင်ပင်ဖြစ်ခဲ့ရတယ်။
သူဋ္ဌေးအားလက်အုပ်ချီကာ “ကျေးဇူးတင်လိုက်တာဗျာ”လို့ လှိုက်လှိုက်လှဲလှဲဆိုမိတယ်။

သူဋ္ဌေးကဆက်ပြောတယ်
“ဒီကောင်လေးဆိုရင် ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့်ပေးတာပါ။”
လို့ သူ့ဖခင်ရဲ့သဘောထားကိုပါရှင်းပြတော့။

“သြော်- ဟုတ်လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်းပြောပေးပါဗျာ။ အရမ်းကိုကျေးဇူးတင်ပါတယ်။”
ရန်မျိုးအောင် သိလိုက်ပါပြီ၊ ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာအဖိုးကြီးရဲ နှလုံးသားကို ထိမှန်ခဲ့ပေပြီ။ ဘုရားဂုဏ်တော်တို့ ရဲ့  အစွမ်းအာနိသင်ကိုလဲ လေးလေးနက်နက် ယုံကြည်မဆုံးတော့..

သဗ္ဗညုတဘုရားရှင်သည် သုံးလောကတွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏ အလိုက်အောင်မြင်ရမည်မှာ မုချ..။

ရန်မျိုးအောင်ဟာ မိမိဘ၀တိုးတက်ရေးအတွက် ထိုအားကိုးရာလက်နှက်ကောင်းတစ်ခုကို ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။ ၀မ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံ ဖုန်းဆက်ကာ ရည်မှန်းထားသည့်အတိုင်း ကားနှင့်ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်းလိုက်တော့တယ်။

ရန်မျိုးအောင်ဟာ အလုပ်သွားအလုပ်ပြန် ခြေလျှင်သွားရမည့်ဒုက္ခကို သူမမြင်၊ ဘုရားကြီးပင့်နိုင်ရေးကသာအဓိက မျှော်မှန်းချက်။
ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာဖြစ်နေတယ်။
ရန်မျိုးအောင်ရဲ့စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။

ချိန်းတဲ့ရက်မှာ ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်က ဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ်တွေကို အားရ၀မ်းသာနဲ့ ပြောပြတယ်။ ကိုမိုးဝင်းက မှတ်ချက်ပေးတယ်-
“ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့တာပါလား”။

ရန်မျိုးအောင် အားရပါးရရယ်လိုက်တယ်၊ ဒီစကားကို သိပ်သဘောကျသွားပုံရကာ “ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲဘုရားကျွန်ဖြစ်ချင်ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန်
မယားကျွန်ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန်ဖြစ်ခွင့် ရခဲပါတယ်ဗျာ။”

အရွယ်နဲ့မလိုက်တဲ့ ရန်မျိုးအောင်စကားကြောင့် ကိုမိုးဝင်းအံ့သြသွားကာ
“ကောင်းပါတယ်ကွာ၊ မင့် စိတ်ဓါတ်ကိုချီးကျူးပါတယ်၊ လေးစားပါတယ်။ မင်းကိုသနားလဲသနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထားတယ်။ကားလဲသွားမရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေးပေးပါ့မယ်။”
“ဟာ- တကယ်။ ၀မ်းသာလိုက်တာဗျာ” ဟုပြောပြောဆိုဆို ကိုမိုးဝင်းကိုဖက်ကာဝှေ့ရမ်းလိုက်မိတယ်။

ဇနီးဖြစ်သူ မဘေဘီကအသင့်ပြင်ထားတဲ့ ဒေါ်လာလေးထောင်ကိုထုတ်ပေးတဲ့အခါမှာတော့
“အဆင်ပြေချင်တော့လဲ ချောလို့ပါလား” လို့ ရန်မျိုးအောင်ပီတိဖြစ်မဆုံးတော့။
ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊
“ငွေခြောက်ထောင်ပေးပါ့မယ်၊ ခြောက်လလည်

.............forward mail ........

............ကိုရန်မျိုးအောင်အတွက် သာဓုခေါ်ပေးကြပါအုံး.....

( အားလုံးကို ကျေးဇူးတင်ပါသည်။ ကျွှန်တော်ထံ ရောက်လာသေား မေလ်းတစ်ခု့ ပါ၊ စားဖတ်လိုက်ရသူအားလုံး ဆန္ဒတွေပြည့်ဝကြပါစေလို့  ဆု့ မွန်ကောင်းတောင်ရင်မေတ္တာထပ်မံပို့ သလိုက်ပါသည်...။ ။)

´