{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Wednesday, November 25, 2009

{ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန်ခြင်း (၃၅) နှစ်ပြည့် အထိမ်းအမှတ်ဆောင်းပါး}




ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန်ခြင်း (၃၅) နှစ်ပြည့် အထိမ်းအမှတ်ဆောင်းပါး

ဦးသန့်အရေးအခင်း
စက်မှုတက္ကသိုလ် စိုးဝင်း
(ဒုတိယအကြိမ် ပြန်လည်တင်ဆက်ခြင်း ဖြစ်ပါသည်)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်သည် ၁၉၇၄ ခုနှစ်၊ နိုဝင်္ဘာလ ၂၅ ရက်နေ့ အမေရိကန်နိုင်ငံ န ယူးယောက်မြို့တွင် ကွယ်လွန်ခဲ့ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ဦးသန့်၏ ရုပ်ကလာပ်ကို ကြီးကျယ် ခမ်းနားစွာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်းစုံမှကိုယ်စားလှယ်များနှင့် နောက်ဆုံးဂါဝရပြုလုပ်၍ ဦးသန့်၏ မိသားစုဆန္ဒအရ မိခင်တိုင်းပြည် မြန်မာနိုင်ငံတွင် ဦးသန့် ရုပ်ကလာပ်ကို သင်္ဂြိုလ်ရန် အစီစဉ်များကို ပြုလုပ်ပါ သည်။

ဦးသန့်ကွယ်လွန်ကြောင်း သိလိုက်ရတဲ့အတွက် မျိုးချစ်စိတ်ရှိတဲ့ မြန်မာတမျိုးသားလုံး ယူကျုံးမရ ၀မ်းနည်း ကြေကွဲခြင်းဖြစ်ကြပါသည်။ ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ကို ဆောင်ခဲ့တဲ့ ဦးသန့်၊ အာရှတိုက်သား ဦးသန့် သည် ကမ္ဘာ၏ အကြီးမားဆုံးသော တာဝန်ဝတ္တရားရှိသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် မြန်မာတဦးဖြစ်ပါသည်။

ထိုအချိန်က ကျနော်သည် ရန်ကုန်စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား၊ အင်ဂျင်နီယာဘွဲ့နှင့် လက်တ ကမ်းအလို နောက်ဆုံးနှစ်ဝက်တွင် ရောက်ရှိနေပါသည်။ မှားတဲ့နေရာနှင့် မှားတဲ့အချိန်မှာ ကျနော်ရောက်ရှိနေ သည်ဟု ဆိုရပေမည်။

၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ ဦးသန့်ရုပ်ကလာပ် မြန်မာနိုင်ငံသို့ ရောက်ရှိလာပါသည်။ နေ၀င်းစစ်အ စိုးရသည် ပြီးစလွယ်သဘောဖြင့် ဦးသန့်ရုပ်ကလာပ်ကို မြင်းပြိုင်ကွင်းဟောင်း ကျိုက္ကဆံကွင်း တနေရာတွင် မဏ္ဍပ်ငယ်တခုသာ ဆောက်ပေးပြီး ကြက်ခြေနီအသင်းဝင်လူငယ်များနှင့်သာ အစောင့်ချထားပါသည်။ ဒီဇင် ဘာလ ၅ ရက်နေ့၊ နေ့လည် (၁) နာရီတွင် ကြံတောသင်းချိုင်းသို့ ပို့ဆောင်သင်္ဂြိုလ်မည်ဟု ပြည်သူလူထုကို ကြေညာခဲ့ပါသည်။

နိုင်ငံတော်ဈာပနအဖြစ် တခမ်းတနား ဂုဏ်ပြုသင်္ဂြိုလ်လိမ့်မည်ဟု ယူဆနေသည့် ပြည်သူလူထုသည် နေ၀င်း စစ်အစိုးရ၏ လျစ်လျူရှုခြင်း၊ ဦးသန့်၏ ဂုဏ်သိက္ခာကိုမှမထောက်၊ လုပ်ရက်လေခြင်းရယ်လို့ ပြည်သူကြားဝယ် တဆင့်စကား ပြန့်နှံ့လို့ မကျေနပ်၊ ၀မ်းနည်းဒေါသများ ပေါက်ကွဲစေခဲ့ပါသည်။

တချိန်တည်းတွင် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားတို့သည် ဈာပနကော်မတီများ ဖွဲ့စည်းပြီး ဈာပန လိုက်ပါပို့ဆောင်၊ နောက်ဆုံးဂါဝရပြုလုပ်ရန် စီစဉ်ကြပါသည်။ ပထမအစီစဉ်အရ ဘတ်စ်ကားများငှားပြီး ကျိုက္ကဆံကွင်းမှာ စုရုံးရန် ကျောင်းသားကိုယ်စားလှယ်များ ဘတ်စ်ကားများ သွားငှားပါသည်။ ဘတ်စ်ကားအဖွဲ့ အစည်းများကို သက်ဆိုင်ရာမှ ကျောင်းသားများကို မငှားရဘူးလို့ တားမြစ်ထားပါသည်။ ဘတ်စ်ကားငှားရမ်း လို့မရသောကြောင့် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားများ ရန်ကုန်ဝိဇ္စာနှင့်သိပ္ပံတက္ကသိုလ်တွင်စုရုံးပြီး ကျိုက္က ဆံကွင်းသို့ ခြေလျင်ဖြင့်ချီတက်ဖို့ အစီစဉ်ပြောင်းလိုက်ရပါသည်။

ဈာပနအခမ်းအနားနေ့၊ ကျနော်တို့ စက်မှုတက္ကသိုလ် ကျောင်းသားများသည် ရရာဒေါ့ဂျစ်ကားများကိုငှားပြီး ရန်ကုန်ဝိဇ္စာနှင့် သိပ္ပံတက္ကသိုလ်စုရပ်သို့ သွားရောက်ကြပါသည်။ ကျနော်တို့ ဒေါ့ဂျစ်ကားများ ၀ိဇ္စာနှင့်သိပ္ပံ တက္ကသိုလ်နယ်မြေကိုဝင်သည်နှင့် အရင်ရောက်နှင့်နေသည့် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားတွေ က လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ ကြိုဆိုမှုဟာ ကျနော်တို့ရဲ့ရင်ထဲတွင် တမျိုးတမည် ခံစားရပါသည်။

နေ၀င်းဦးဆောင်သော စစ်အစိုးရသည် ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် မြန်မာပြည်လွတ်လပ်ရေးမော် ကွန်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဗုံးခွဲဖျက်ဆီးပြီး ရာပေါင်းများစွာသော ကျောင်းသားစုစည်း မှုကို လက်နက်အားကိုးဖြင့် သတ်ဖြတ်ချိုးနှိမ်ခဲ့သည့် (၁၂) နှစ်ကျော်ကာလ ဤနေ့ဒီဇင်ဘာလ (၅) ရက်နေ့ တွင် ပထမဦးဆုံး ထောင်ပေါင်းများစွာသော ကျောင်းသားများ ပြန်လည်သွေးစည်း ညီညွတ်စုရုံးမိကြခြင်းဖြစ်ပါ သည်။

ယဉ်ကျေးသော ကျောင်းသူကျောင်းသားများဖြစ်ကြ၍ စည်းကမ်းရှိကြပါသည်။ သုံးယောက်တတွဲ တက္ကသိုလ် အလိုက် စီတန်းနေရာယူပြီး ရန်ကုန်စက်မှုတက္ကသိုလ်မှ ကားတစီး၊ ၀ိဇ္စာနှင့်သိပ္ပံတက္ကသိုလ်မှ ကားတစီး၊ အသံ ချဲ့စက်များနှင့် “ကျနော်တို့ကျောင်းသားထုသည် ငြိမ်းချမ်းရေးဗိသုကာကြီး ဦးသန့်၏ နောက်ဆုံးခရီးသို့ လိုက် ပါပို့ဆောင်ရန်နှင့် နောက်ဆုံးဂါဝရပြုလုပ်ရန် စည်းကမ်းတကျ ချီတက်လာကြောင်း ကြေညာပါသည်” လမ်းခ ရီးတလျှောက်မှာလည်း ကျေနပ်ခြင်းအပြုံးနဲ့ လူအုပ်ကြီးများက ကြိုဆိုကြသည်သာမက သောက်ရေများ၊ ဖီး ကြမ်းငှက်ပျောသီးများ ဝေငှပေးခြင်းဖြင့် ခြေလျင်လျှောက်လာသော ကျောင်းသားများကို အမောပြေစေပါ သည်။

ဦးသန့်ရုပ်ကလာပ်ထားရှိသည့် ကျိုက္ကဆံကွင်းသည် ဦးသန့်ကို နောက်ဆုံးဂါဝရပြုရန် ရောက်ရှိနေသော လူ အုပ်ကြီးနှင့် ပြည့်လျှံနေပါသည်။ ရုပ်ကလာပ်ထားရှိရာ မဏ္ဍပ်အတွင်းတွင်လည်း ဦးသန့်မိသားစု၊ ဆွေမျိုးမိတ် ဆွေများနှင့် သက်ဆိုင်ရာလူကြီးများက နေရာယူထားပါသည်။ မျိုးချစ်စိတ်ရှိသောလူငယ်များ၊ ဂုဏ်ပြုထိုက် သူကို ဂုဏ်ပြုရမည်ဟု အသိရှိသည့် လူငယ်တက္ကသိုလ်ကျောင်းသားထုကြီး စနစ်တကျ၊ ကျိုက္ကဆံကွင်းအ တွင်းသို့ ၀င်ရောက်သောအခါ မိဘပြည်သူလူထုတရပ်လုံး၏ လက်ခုပ်သံများသည် မိုးခြိမ်းသံကဲ့သို့ ကွင်းပြင် တခုလုံး ဖုံးလွှမ်းသွားပါတော့သည်။ ပွဲကြည့်စင်များတွင် မိဘပြည်သူတို့နှင့် ပြည့်လျှံနေ၍ ကျောင်းသားထုတ ရပ်လုံးသည် ဦးသန့်ရုပ်ကလာပ်ထားရှိရာ မဏ္ဍပ်၏ အရှေ့ဘက်ကွင်းပြင်တွင် နေရာယူရလေသည်။

မွန်းလွဲချိန်ဖြစ်၍ ပူပြင်းလှသည့် အပူရှိန်အောက်တွင် “ဘာကြောင့်များ ဦးသန့်၏ ဈာပနကို ပြီးစလွယ် စီစဉ်ရ သနည်း” ဆိုသည့် မေးခွန်းသည် ပြည်သူကျောင်းသားတို့၏ ရင်ကိုပူလောင်စေခဲ့သည်သာမက မကျေနပ်ခြင်း ဆိုသည့် ခံစားချက်ကို ကျောင်းသားပြည်သူတို့ရင်ထဲမှာ ခံစားလိုက်ရပါသည်။ ဤတွင် ကျောင်းသားထု၏လှုပ် ရှားမှုသည် စတင်လာပါတော့သည်။ လော်စပီကာကနေ ကျောင်းသားများကို လှုံ့ဆော်စည်းရုံးလာပါတော့ သည်။ “ငြိမ်းချမ်းရေးဖခင်ကြီး ဦးသန့်အတွက် ဂူဗိမာန်ရရှိရေး၊ ဒို့အရေး၊ ဒို့အရေး” ဟူသည့် ကြွေးကြော်သံနှင့် အတူ ကျောင်းသားများ လှုပ်လှုပ်ရွရွ ဖြစ်လာပါတော့သည်။

ကျောင်းသားကိုယ်စားလှယ်များ အရေးပေါ်စည်းဝေးပြီး နောက်ဆုံးငြိမ်းချမ်းရေးဖခင်ကြီး ဦးသန့်အား ထိုက် သင့်သော ဈာပနအခမ်းအနားဖြင့် သင်္ဂြိုလ်ရန် ဆုံးဖြတ်ပါသည်။ “ပြီးစလွယ်တည်ဆောက်ထားသောမဏ္ဍပ်” “မြင်းပြိုင်ကွင်းဟောင်း” “ကြံတောသုသာန်” ဤအချက်တို့သည် အရုပ်ဆိုးလှပေသည်။ ထို့ကြောင့် ကျောင်း သားထုတရပ်လုံးက တက္ကသိုလ်နယ်မြေသို့ ပြန်လည်သယ်ဆောင်၍ ထိုက်သင့်သော ဈာပနအခမ်းနားနှင့် ငြိမ်းချမ်းရေးဂူဗိမာန်ကြီး တည်ဆောက်မည်ဖြစ်ကြောင်း ကြွေးကြော်ကြလေသည်။ တဆက်တည်းမှာပဲ မဆိုင် သူများ မဏ္ဍပ်တွင်းမှ ဖယ်ရှားပေးရန် ကျောင်းသားထုက ကြေညာလိုက်ပါသည်။ လျှပ်တပျက်အတွင်း အခြေ အနေများ ပြောင်းလဲသွားပါသည်။ မဏ္ဍပ်အတွင်းမှ ကြက်ခြေနီလူငယ်များ၊ ဦးသန့်ဆွေမျိုးနှင့် မိသားစုများ၊ သက်ဆိုင်ရာလူကြီးများ မဏ္ဍပ်အပြင်သို့ ထွက်ခွာသွားပါသည်။ မဏ္ဍပ်အတွင်းသို့ ကျောင်းသားများ ၀င်ရောက် နေရာယူထားလိုက်ပါသည်။

အသံချဲ့စက်မှ ကျောင်းသားကိုယ်စားလှယ်များက ၎င်းတို့သည် ဦးသန့်၏ ရုပ်ကလာပ်ကို တက္ကသိုလ်နယ်မြေ သို့ ပြန်လည်သယ်ဆောင်ပြီး ထိုက်သင့်သော ဈာပနအခမ်းအနားဖြင့် သင်္ဂြိုလ်၍ ဂူဗိမာန်ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း၊ ၎င်းအတွက် ဦးသန့်၏ မိသားစုနှင့် ဆွေမျိုးမိတ်ဆွေများဆီမှ ခွင့်တောင်းပါသည်။ ဦးသန့်၏ အစ် ကို ဦးခန့်ကို အသံချဲ့စက်ရှိရာသို့ ဖိတ်ခေါ်လိုက်ပါသည်။ အသံချဲ့စက်တပ်ဆင်ထားသည့် ဒေါ့ဂျစ်ကားအရှေ့ တပိုင်း၊ ကားစက်ထားရှိရာနေရာသည် ကျောင်းသားတို့၏ ယာယီစင်မြင့်သဖွယ် ဖြစ်သွားပြီး ကျောင်းသားအပါ အ၀င် လူအုပ်ကြီး၏ အာရုံသည် ထိုစင်မြင့်သို့ ရောက်နေကြသည်။ ဦးခန့် စင်မြင့်ပေါ်သို့ တက်ရောက်ပြီး ကျောင်းသားတို့အား စိတ်လိုက်မာန်ပါ မပြုလုပ်ရန်၊ အစိုးရနှင့်ဆန့်ကျင်ပြီး မပြုလုပ်ရန်၊ နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ဖို့ရန် တိုက်တွန်းပြောကြားသွားလေသည်။ အခြေအနေကို စောင့်ကြည့်နေသော လူထုကြီးနှင့် ကျောင်းသားထုတို့သည် အမြန်ဆုံး တက္ကသိုလ်နယ်မြေသို့ ဦးသန့်ရုပ်ကလာပ်ကို သယ်ဆောင်ရန် ကြွေးကြော် လာပါတော့သည်။

နောက်ဆုံး ကျောင်းသားကိုယ်စားလှယ်များ ဦးသန့်ရုပ်ကလာပ်ကို ပုခုံးပြောင်းသယ်ယူပြီး လွမ်းသူ့ပန်းခွေတင် ဆောင်ရာ တိုယိုတာပစ်ကပ်ကား ခေါင်မိုးပေါ်သို့ တင်ကြပါသည်။ ကျောင်းသားနှင့် သံဃာတော်များ ခြံရံ လျက် ထောင်ပေါင်းများစွာသော ကျောင်းသားထုကြီး၏ ချီတက်ရာလမ်းကြောင်းအတွင်းမှ ဦးသန့်ရုပ်ကလာပ် ကို လာရာလမ်းအတိုင်း တက္ကသိုလ်နယ်မြေသို့ ပြန်လည် သယ်ဆောင်သွားပါသည်။ လမ်းတလျောက်လုံးတွင် လည်း လူအုပ်ကြီးတွေနှင့် ပြည့်ကျပ်နေပြီး ကျောင်သားထုတို့၏ ကြွေးကြော်သံများသည် အရာရာကို ဖုံးလွှမ်း နေပါသည်။

တက္ကသိုလ်နယ်မြေ အဓိပတိလမ်းအတိုင်း ရုပ်ကလာပ်ကို သယ်ဆောင်ပြီး ဘွဲ့နှင်းသဘင်အဆောက်အဦးရှေ့ တွင် ယာယီစင်မြင့် ပြုလုပ်၍ ပြင်ဆင်ထားပါသည်။ တက္ကသိုလ်နယ်မြေတခုလုံးတွင် ကျောင်းသား၊ အရပ်သား၊ ရဟန်းသံဃာတော်များနှင့် ပြည့်လျှံနေပါသည်။ မကျေနပ်နိုင်သည့် ကျောင်းသားများ၏ ကြွေးကြော်သံများ ဆက်တိုက်ထွက်ပေါ်လာပါသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်၊ ၁၂ နှစ်လုံး သွေးစည်းမှုမရှိခဲ့သော ကျောင်းသားများ ဤနေ့တွင် ပြန်လည်စု ရုံးမိ၍ နေ၀င်းစစ်အစိုးရအား ကျောင်းသားထုက တန်ပြန်တိုက်ပွဲဝင်ရန် ဖန်တီးနေသည့် အသွင်ဆောင်နေပါ သည်။ နိုင်ငံရေးခံယူချက်ရှိသည့် တက္ကသိုလ်ကျောင်းသားများ၏ လှုပ်ရှားမှု တစခန်းထလာပါသည်။ ကျောင်း သားများကို နည်းအမျိုးမျိုးသုံးပြီး ဥပဒေအမျိုးမျိုးထုတ်၍ ထွက်ပေါက်မရှိအောင် နေ၀င်းစစ်အစိုးရသည် ဖိနှိပ် ချုပ်ချယ်ခဲ့သည်သာမက၊ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးဆိုသည့် နားထောင်လို့ ကောင်းသော ဝေါဟာရ များနှင့် ကျောင်းသားတို့အား မှိုင်းတိုက်ခဲ့ပါသည်။ အဖိနှိပ်ခံရသော ပြည်သူလူထုနှင့်ကျောင်းသားများ ယခု လက်ငင်းကိစ္စတွင် ထွက်ရပ်ပေါက်ကိုရှာသည်မှာ သဘာဝကျလှပေသည်။ နိုင်ငံရေးကြွေးကြော်သံများ အုံးအုံး ကြွက် ပေါက်ကွဲလာပါတော့သည်။

ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဦးသန့်ရုပ်ကလာပ်ကို အာလုံးက ဂါဝရပြုကြပါသည်။ ထို့နောက် ဘွဲ့နှင်းသဘင် ခန်းမအတွင်းသို့ သံဃာတော်များခြံရံလျက် ဦးသန့်ရုပ်ကလာပ်ကို သယ်ဆောင်ပါသည်။ ဘွဲ့နှင်းသဘင်ခန်းမ ရှိ စင်မြင့်ပေါ်တွင် ဦးသန့်ရုပ်ကလာပ်ကိုထားပြီး အရေးပေါ်ဈာပနကော်မီတီ ဖွဲ့စည်းလိုက်ပါသည်။ ဘွဲ့နှင်းသ ဘင်ခန်းမအတွင်းနှင့် အနီးပတ်ဝန်းကျင် တက္ကသိုလ်နယ်မြေသည် လူအုပ်ကြီးဖြင့် ပြည့်လျှံနေပါသည်။ ဘွဲ့နှင်း သဘင်ခန်းမရှေ့ မြက်ခင်းပြင်တွင် ကျောင်းသားများနေရာယူထားပြီး ကားခေါင်မိုးပေါ်မှနေ၍ လက်တဖက် တွင် မိုက်ကရိုဖုံးကိုင်လျက် လက်သီးလက်မောင်းတန်းပြီး ကျောင်းသားတဦးချင်း တက်ရောက်ရင်ဖွင့်ကြပါ သည်။ ဘာကိုမှ ဂရုမစိုက်နိုင်ကြတော့ပါ။ ၁၂ နှစ် ကာလနီးပါး နှုတ်ပိတ်ရေငုံနေခဲ့ရသော ကျောင်းသားများ သည် မိမိတို့ရင်တွင်းမှ နိုင်ငံရေးခံစားချက်များကို ဟစ်အော်ကြွေးကြော်ပါတော့သည်။

“ပြောတော့ ဆိုရှယ်လစ်ဒီမိုကရေစီ၊ လုပ်တော့ တပါတီကောင်းစားရေး၊” အငတ်ဘေးဆိုက်နေသည့် ပြည်သူ လူထုကိုယ်စား ကျောင်းသားများက နေ၀င်းစစ်အစိုးရကို “အောက်ကိုလည်း ပြန်ကြည့်ပါဦး၊ ကားဝယ်တိုက် ဆောက်နှင့်သာ အချိန်ဖြုန်းမနေပါနှင့်” ဟု တဖုံ၊ အမျိုးမျိုးသော စကားလုံးများနှင့် လျှောက်လဲနေကြလေ သည်။ တက်ရောက်နားထောင်နေသော ကျောင်းသားထုနှင့် အရပ်သားတို့ လက်ခုပ်သံများ တဖျောင်းဖျောင်း နှင့် ထောက်ခံချီးမြှင့်နေကြလေသည်။

၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၆) ရက်။ ဦးသန့်ရုပ်ကလာပ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ထားရှိကြောင်း ကြားသိ၍ ရန်ကုန်ဆင်ခြေဖုံးမှ လူအများအပြား လာရောက်ဂါဝရပြုကြလေသည်။ ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်ရှိ အသံချဲ့ စက် စကားပြောခွက်နှင့် လွတ်လပ်စွာ စကား ပြောဆိုခွင့်ရှိသည်ဆိုသည့် ဒီမိုကရေစီစစ်စစ်ကို ကျောင်းသား များက သရုပ်ဖော်နေပါသည်။ ကျောင်းသားများ ရဲရင့်ပြောင်မြောက်စွာ တဦးချင်း စင်မြင့်ပေါ်သို့တက်ရောက် ၍ မိမိတို့၏ ခံစားချက်များကို ရင်ဖွင့်ကြပါတော့သည်။ ဘွဲ့နှင်းသဘင်ခန်းလုံးပြည့်ရှိ လူအုပ်ကြီးလက်ခုပ်သံများ နှင့် ထောက်ခံအားပေးကြပါသည်။ ယာယီဈာပနကော်မီတီမှ ကြေညာချက်တရပ် ထွက်ပေါ်လာပါသည်။ “ဦး သန့်၏ ဈာပနကို နေ၀င်းစစ်အစိုးရအနေနှင့် နိုင်ငံတော်ဈာပနအဖြစ် ပြုလုပ်ပေးရန် တောင်းဆိုသောစာကို နိုင် ငံတော်ကောင်စီသို့ ပို့လိုက်ပြီဖြစ်ကြောင်း၊ အကယ်၍ ယနေ့ညနေ (၄) နာရီတိတိအထိ ပြန်ကြားချက်တစုံတ ရာမျှ မရရှိပါက၊ ကျောင်းသားများသည် ပြည်သူလူထုအကူအညီနှင့် မိမိတို့ဖာသာ ဈာပနအခမ်းအနားပြုလုပ် ၍ ငြိမ်းချမ်းရေးအုတ်ဂူဗိမာန် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာလိုက်ပါ သည်။ တချိန်တည်းမှာပင် အုံး အုံးကြွက်ကြွက်လက်ခုပ်သံများနှင့် ဘွဲ့နှင်းသဘင်ခန်းမတခုလုံးကို မိုးချုန်းသကဲ့သို့ ဖုံးလွမ်းသွားပါတော့သည်။
နာရီလက်သံတို့သည် တရွေ့ရွေ့လည်ပတ်နေပါသည်။ ကျောင်းသားနှင့် အရပ်သားကိုယ်စားလှယ်တို့ တဦး ချင်းအလှည့်ကျ စင်မြင့်ပေါ်သို့ တက်ရောက်မိန့်ခွန်းပြောကြပါသည်။ နုနယ်သော နှလုံးသားပိုင်ရှင် မိန်းခလေး များပင် သူတို့၏ ရင်ထဲမှထွက်လာသော စကားလုံးများသည် မိန်းမသားများနှင့်မှ မကိုက်ညီဘဲ၊ မာကျောပြတ် သားလှပေသည်။

လူတိုင်း နာရီတကြည့်ကြည့်နှင့် (၄) နာရီကို စောင့်မျှော်နေကြပါသည်။ နောက်တော့ (၄) နာရီသာ ထိုးသွား သော်လည်း နိုင်ငံတော်ကောင်စီမှ လုံးဝတုန့်ပြန်ဖြေကြားခြင်းမရှိသည့်အတွက်၊ ကျောင်းသား၊ အရပ်သား၊ သံ ဃာတော်ကိုယ်စားလှယ်များ၏ သဘောတူညီချက်အရ ကျောင်းသားသမဂ္ဂအဆောက်အဦးဟောင်း (၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင်၊ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးသည် ကျောင်းသားများနှင့်အတူ နေ ၀င်းစစ်အစိုး၏ ဗုံးဒဏ်ထိမှန် ပြိုကွဲဖျက်ဆီးခြင်းခံခဲ့ရပါသည်) နေရာကို ရှင်းလင်းပြီး ဦးသန့်အတွက် အုတ်ဂူ တည်ဆောက်သင်္ဂြိုလ်မည်ဖြစ်ကြောင်း၊ ထိုတဆက်တည်းမှာပင် ငြိမ်းချမ်းရေးဂူဗိမာန်ကိုလည်း တည်ဆောက် မည်ဖြစ်ကြောင်း ဆုံးဖြတ်ကြပါသည်။

ဆုံးဖြတ်ချက်ချသည်နှင့် ကျောင်းသား၊ အရပ်သားများနှင့် သံဃာတော်များ သမဂ္ဂဟောင်းနေရာကို စတင်ရှင်း လင်း၍ ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာဌာနနှင့် မြို့ပြဌာနမှ ကျောင်းသားများ တာဝန်ယူပုံဆွဲပြီး ဦးသန့် အုတ်ဂူနှင့် ယာယီဂူဗိမာန်ကို ဆောက်လုပ်ပါသည်။ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ၀ိဇ္စာနှင့်သိပ္ပံ တက္ကသိုလ်၊ ဆေးကျောင်းမှ တက္ကသိုလ်ကျောင်းသားများနှင့်အတူ အထက်တန်းနှင့် အလယ်တန်းကျောင်း ပေါင်းစုံတို့မှ ကျောင်းသားများလည်း ပါဝင်လုပ်အားပေးကြပါသည်။

၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၇) ရက်၊ ည (၇) နာရီအချိန်တွင် ကျောင်းသား၊ သံဃာနှင့် ဦးသန့်မိသားစုတို့သည် အရေးပေါ်အစည်းအဝေးကို မန္တလေးဆောင်တွင် ပြုလုပ်ပါသည်။ ထိုအစည်းဝေးတွင် အဖွဲ့ဝင် (၁၁) ဦးပါဝင် ပါသည်။ ဦးသန့်၏ ညီဦးသောင်းက ရန်ကုန်တိုင်းပြည်သူ့ကောင်စီက ထုတ်လိုက်သောစာကို ထုတ်ပြပါသည်။ ဦးသန့်ကိစ္စနှင့် ပတ်သက်၍ အုတ်ဂူတည်ဆောက်ရေးနှင့် ဂူဗိမာန်တည်ဆောက်ရန် ကန်တော်မင်ပန်းခြံတွင် နေရာပေးမည်ဖြစ်ကြောင်း၊ ကျောင်းသားများကိုလည်း အရေးယူဖမ်းဆီးမည် မဟုတ်ကောင်း ပါရှိလေသည်။ ဦးသောင်းအနေနှင့် ဦးသန့်ရုပ်ကလာပ်ကို အမြန်ဆုံးသင်္ဂြိုလ်ချင်ပြီဖြစ်ကြောင်း၊ ဒီဇင်ဘာလ (၈) ရက်နေ့ (၁၂) နာရီအချိန်၌ သင်္ဂြိုလ်ရေးအစီစဉ်စတင်ရန် ကျောင်းသားကိုယ်စားလှယ်များအား ပြောကြားပါသည်။

ဒေါက်တာတင်မြင့်ဦး (ဦးသန့်၏ သားမက်) ကလည်း၊ မိမိကိုယ်တိုင် ပုံစံရေးဆွဲထားသော ဦးသန့်၏ အုတ်ဂူဗိ မာန်ကို ကန်တော်မင်ပန်းခြံတွင် ဆောက်လုပ်ပြီး သင်္ဂြိုလ်ရန်ပြင်ဆင်ပြီးဖြစ်ကြောင်း၊ ကျောင်းသားနှင့် သံဃာ တော်များအား အမြန်ဆုံးစီစဉ်ရန် ပန်ကြားသွားလေသည်။ ဦးသန့်ဈာပနကိစ္စနှင့် ပတ်သက်၍ ကျောင်းသား ကိုယ်စားလှယ်များ၊ သံဃာတော်များ အပြန်အလှန်ဆွေးနွေးကြပြီး၊ အစည်းဝေး၏ ဆုံးဖြတ်ချက်ကို အများသ ဘောတူညီချက်ဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ တဦးချင်းဆန္ဒယူမည်ဖြစ်ကြောင်း၊ ထိုအစည်းဝေးတက်ရောက် သူအားလုံး သဘောတူညီလေသည်။ ပထမဦးဆုံး ဦးသန့်ရုပ်ကလာပ် သင်္ဂြိုလ်ရေးအစီစဉ်ကို ဒီဇင်ဘာလ ၈ ရက်နေ့၊ ၁၂ နာရီတိတိတွင် စတင်ရန် သဘောတူညီကြလေသည်။ ဆက်လက်၍ အောက်ပါအချက်နှစ်ချက် ကို ဆွေးနွေးပြီး ဆုံးဖြတ်မဲခွဲရပါမည်။

(၁) ဦးသန့်၏ ရုပ်ကလာပ်ကို ဘွဲ့နှင်းသဘင်ခန်းမမှ ကျောင်းသားသမဂ္ဂနေရာ၊ ကျောင်းသားများဆောက်လုပ် ထားသော ဦးသန့်အုတ်ဂူပေါ်တွင်တင်၍ ဦးသန့်မိသားစုများ၊ ပြည်သူလူထု၊ ကျောင်းသား၊ သံဃာတော်များ နောက်ဆုံးဂါဝရပြုပြီး ကန်တော်မင်ပန်းခြံသို့ သယ်ဆောင်ရန်။

(၂) ဦးသန့်၏ ရုပ်ကလာပ်ကို ကျောင်းသားနှင့်ပြည်သူတို့၏ ချွေးနှင့်တည်ဆောက်နေသည့် ဦးသန့်အုတ်ဂူတွင် သင်္ဂြိုလ်ပြီး ဦးသန့်ဂူဗိမာန်ကို ကျောင်းသားများ အသက်နှင့်သွေး စတေးခဲ့သည့် ကျောင်းသားသမဂ္ဂနေရာတွင် တည်ဆောက်ရန်။

တဦးချင်းဆန္ဒယူလိုက်သောအခါ (၇) မဲ (၄) မဲနှင့် ပထမအချက်ကို သဘောတူညီကြပါသည်။ (၇) မဲထဲမှာ ဦး သောင်း၊ ဒေါက်တာတင်မြင့်ဦး၊ သံဃာတော်နှစ်ပါးနှင့် ကျန်ကျောင်းသားကိုယ်စားလှယ်သုံးဦး ပါဝင်ပါသည်။ (၄) မဲထဲမှာ ကျနော်တို့စက်မှုတက္ကသိုလ်မှ ကျောင်းသား (၃) ဦးနှင့် ဆေးတက္ကသိုလ်ကိုယ်စားပြု ဆေးကျောင်း သားတဦးအပါအ၀င် ကျောင်းသား (၄) ဦးသည် ဒုတိယအချက်ကို မဲပေးပါသည်။

ဤတွင် ဦးသန့်ရုပ်ကလာပ်ကို (၇) မဲ (၄) မဲနှင့်ဆုံးဖြတ်ပြီး ကန်တော်မင်ပန်းခြံတွင် သင်္ဂြိုလ်မည်ဖြစ်ပါသည်။ မြန်မာ့အသံလွှင့်ရုံ ရေဒီယိုမှလည်း ၈-၁၂-၁၉၇၄ ရက် ၁၂ နာရီအချိန်တွင် ဈာပနအခမ်းအနားစတင်မည်ဟု ကြေညာပါသည်။

ကျောင်းသားနှင့် သံဃာတို့သည် ကျောင်းသားထုနှင့် ပြည်သူလူထုကို ကိုယ်စားပြု၍၊ ဤအစည်းအဝေးသို့ တက်ရောက်လာခြင်း ဖြစ်ပါသည်။ မဲခွဲရာတွင် ကျောင်းသားနှင့် သံဃာတော်များ၏ ဆန္ဒများ ကွဲပြားခြားနားနေ ပါသည်။

အခြေအနေဖြစ်ရပ်အားလုံးကို ပြန်လည်စိစစ်သောအခါ၊ နေ၀င်းစစ်အစိုးရသည် ပြီးစလွယ် ဦးသန့် (ကမ္ဘာ့ကု လသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း) ရုပ်ကလာပ်ကို ကြံတောသင်းချိုင်းတွင် သင်္ဂြိုလ်ရန် အစီအစဉ်ပြုလုပ်ပါ သည်။ ကျောင်းသားနှင့်ပြည်သူလူထုသည် မကျေနပ်နိုင်၍ လေးစားဂုဏ်ပြုထိုက်သော ဦးသန့်အား နိုင်ငံတော် ဈာပနအခမ်းအနား ပြုလုပ်ပေးရန် နေ၀င်းစစ်အစိုးရအား တောင်းဆိုခဲ့ပါသည်။ ပြည်သူလူထုနှင့် ကျောင်းသား တို့၏ တောင်းဆိုမှုကို တုံ့ပြန်မှုမရှိ၍၊ နောက်ဆုံး ကျောင်းသားတို့ အသက်သွေးနဲ့စတေးခဲ့သည့် ကျောင်းသား သမဂ္ဂဟောင်းနေရာတွင် ဦးသန့်ရုပ်ကလာပ်ကို သင်္ဂြိုလ်ပြီး အုတ်ဂူနှင့် ဂူဗိမာန် တည်ဆောက်ပါသည်။

သမဂ္ဂအဆောက်အဦးနေရာတွင် လုပ်အားပေးနေသော ပြည်သူကျောင်းသားများ၊ ဘွဲ့နှင်းသဘင်ခန်းမတွင်း ဦးသန့်ရုပ်ကလာပ်ကို စောင့်ရှောက်နေသော ပြည်သူကျောင်းသားများ၊ အဓိပတိလမ်းမပေါ်တွင် အလှူငွေ ကောက်ခံနေသော ပြည်သူကျောင်းသားများ၊ ဦးသန့်ရုပ်ကလပ်ကို နောက်ဆုံးလာရောက်ဂါဝရပြုကြသော ပြည်သူတရပ်လုံး၏ လိုအင်ဆန္ဒသည် စာကြည့်တိုက်အဆောက်ဦးနေရာမှ အုတ်ချပ်များကို တယောက်တ လက်နှင့် လက်ဆင့်ကမ်းသယ်ယူ တည်ဆောက်နေသည့် အုတ်ဂူတွင် ဦးသန့်ရုပ်ကလာပ်ကို သင်္ဂြိုလ်ပြီး ဆက် လက်၍ ဦးသန့်ဂူဗိမာန်ဆောက်တည်ရန် ဖြစ်ပါသည်။

“လူကလေးရယ်၊ အဖွားလည်း အုတ်တချပ်လောက် ၀င်သယ်ယူကုသိုလ်ပြုပါရစေ” ဆိုသည့် အဖွားတို့၏ အ သံနှင့်မမျှသည့် လုပ်အားဖြင့် ဦးသန့်အုတ်ဂူဆောက်ရာတွင် အဖွားအိုလည်း ပါဝင်လုပ်အားပေးခဲ့ပါသည်။ အုတ်ဂူနှင့်ဂူဗိမာန်တည်ဆောက်ရာတွင် လုပ်အားပေးနေကြသည့် ပြည်သူ၊ ရဟန်းသံဃာနှင့် ကျောင်းသားတို့ အတွက် ထမင်းထုပ်များကို ရပ်ကွက်များမှ လာရောက်လှူဒါန်းကြပါသည်။ ထမင်းထုပ်များတွင်လည်း “ငါ့ညီ တို့၊ မင်းတို့ရဲ့ မှန်ကန်တဲ့လုပ်ရပ်ကို ငါတို့အားပေးတယ်။ လုပ်ငန်းပြီးဆုံးသည်ထိ ဆက်လက်လုပ်ဆောင်ပါ” ဆို သည့် စာရွက်ငယ်ကလေးများဖြင့် ပြည်သူလူထုဆန္ဒကို ပြောကြားနေပါသည်။ ထိုတွင်မက မကျေနပ်နိုင်သည့် ဥက္ကလာပရပ်ကွက်က ပြည်သူတို့သည် ကျောင်းသားပြည်သူအများအတွက် ထမင်းထုပ်အလှူခံသည့်အဖွဲ့ကို တားမြစ်သည့် ရဲစခန်းကို မီးရှိ့ဖျက်ဆီးလိုက်ပါသည်။

ဘွဲ့နှင်းသဘင်ခန်းမရှိ ဟစ်တိုင်မိုက်ကရိုဖုန်းမှလည်း ကျောင်းသူကလေးတဦး၏ ရင်ဖွင့်ချက်နိဂုံးချုပ်စကားလုံး များ (“ကျမ လက်ရှိနေ၀င်းစစ်အစိုးရ လုပ်ပုံကိုင်ပုံလေးတွေကို လွတ်လွတ်လပ်လပ် ဒီမိုကရေစီကျကျ ဝေဖန် ရတဲ့အတွက် များစွာမှ အားရကျေနပ်လှပါတယ်။ အခုလိုပြောလို့ ကျမကိုဖမ်းပြီး ထောင်ချရင်လည်း ကျမ ထောင်ထဲမှာနေရုံပါပဲ။ ဘာကြောင့်လဲဆိုတော့ ထောင်ထဲမှာမှ ထမင်းလေး မှန်မှန်စားရမှာ”) ဒီ နုနယ်သော ကျောင်းသူကလေး ဖြစ်လင့်ကစား သူကလေး၏ ခံစားရမှုတို့သည် ပြင်းထန်လှပါသည်။

ရန်ကုန်ဝိဇ္စာသိပ္ပံတက္ကသိုလ် နယ်မြေတခုလုံးသည် ခြေချစရာမရှိ၊ ပြည်သူလူထုကြီးနှင့် ပြည့်လျှံနေပါသည်။ မန္တလေးဆောင် (၁၁) ဦး ဈာပနကော်မီတီ အစည်းဝေးပြီးသည်နှင့် ကျောင်းသားများ အုပ်စုကွဲသွားပါသည်။ စက်မှုတက္ကသိုလ်မှ ကျောင်းသားသုံးဦးသည် နောက်ထပ်ဆက်လက်၍ ဈာပနအစီစဉ်အစည်းအဝေးကို ကန့် ကွက်သည့်သဘောနှင့် ဆက်လက်မတက်ရောက်ကြတော့ဘဲ၊ အုတ်ဂူတည်ဆောက်ရာ ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်းနေရာကို စက်မှုတက္ကသိုလ်၏ စုရပ်လို့ သတ်မှတ်လိုက်ပါသည်။ တယောက်တဆင့်၊ တယောက်နားဆိုသကဲ့သို့ ဦးသန့်၏ရုပ်ကလာပ်ကို ကျောင်းသားပြည်သူတို့ ချွေးနှင့်တည်ဆောက်သည့် အုတ် ဂူတွင် သင်္ဂြိုလ်ရန် ဆုံးဖြတ်လိုက်ပါသည်။ သမဂ္ဂဟောင်းဝန်းကျင်တခုလုံးကို စက်မှုတက္ကသိုလ်ကျောင်းသား များ နေရာယူစောင့်ကြပ်လိုက်ပါသည်။ ဦးသန့်ရုပ်ကလာပ်ကို အုတ်ဂူပေါ်တွင် နောက်ဆုံးဂါဝါရပြုပြီးပြီးခြင်း ဂူ ပိတ်သင်္ဂြိုလ်ရန် ဘိလပ်မြေ (Concrete cement mixture) နှင့် ပရံဆရာ (Mason) အဆင်သင့်ရှိရပါသည်။ တက်ညီလက်ညီ၊ တာဝန်ကိုယ်စီနှင့် ကျောင်းသားများ ညီညွတ်ကြပါသည်။

ဘွဲ့နှင်းသဘင်ခန်းမတွင်လည်း ဦးသန့်ရုပ်ကလာပ်ကို အသက်သွေးနှင့် ကာကွယ်စောင့်ရှောက်မည့် အသေခံ (၁၂) ဦး ကျောင်းသားကျောင်းသူများ ခွပ်ဒေါင်းခေါင်းစီးနီများ ဦးထိပ်တွင်စီး၍ ခြံရံစောင့်ကြပ်နေကြပါသည်။

ဒီဇင်ဘာ (၈) ရက်၊ မွန်းတည့် ၁၂ နာရီ ၁၉၇၄ ခုနှစ်။

ဘွဲ့နှင်းသဘင်ခန်းမ၀န်းကျင်တခုလုံး၊ တက္ကသိုလ်နယ်မြေ အဓိပတိလမ်းတလျှောက်လုံးတွင် ဦးသန့်ရုပ်က လာပ်ကို နောက်ဆုံးလာရောက်ဂါရ၀ဂုဏ်ပြုကြသော ပြည်သူများနှင့် ပြည့်လျှံနေပါသည်။ ကျောင်းသားသမဂ္ဂ ဟောင်း ပတ်ဝန်းကျင်တခုလုံးကို စက်မှုတက္ကသိုလ်ကျောင်းသား ကျောင်းသူများ လက်တွဲမပြတ် စောင့်ကြပ် ထားပါသည်။

ဦးသန့်ရုပ်ကလာပ်ကို ဘွဲ့နှင်းသဘင်ခန်းမမှ များပြားလှသည့် ကျောင်းသားထုကြားမှ ခဲရာခဲဆစ် ကျောင်းသား သမဂ္ဂနေရာဟောင်းသို့ သယ်ဆောင်လာရလေသည်။ သမဂ္ဂဟောင်းနေရာအုတ်ဂူနှင့် ယာယီဂူဗိမာန်တို့သည် တယောက်တလက်နဲ့ တည်ဆောက်ခဲ့ပါသည်။ ဦးသန့်ရုပ်ပုံပန်းချီကားချပ်သည် ဂုဏ်ရှိလှပါသည်။ အလံတော် သုံးခု လွှင့်ထူထားပါသည်။ ဗုဒ္ဓဘာသာအလံတော်၊ ကုလသမဂ္ဂအလံတော်နှင့် ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအ လံတော်တို့သည် အောင်ရမည်ဆိုသည့် အသွင်ဆောင်လျက် ကောင်းကင်ယံတွင် တလူလူလွင့် အလံတော် များ တင့်တယ်ထယ်ဝါ ပျံမြူးနေကြပါသည်။ တချိန်ကဤနေရာသည် ကျောင်းသားများစုစည်းရာ ကျောင်းသား သမဂ္ဂအဆောက်အဦးကြီး တည်ရှိခဲ့ပါသည်။ ဆရာကြီး ဦးသန့်သည် ကမ္ဘာတွင် မြန်မာပြည်သားတို့၏ ဂုဏ်ကို ဆောင်ခဲ့သည်သာမက မိမိ၏ နောက်ဆုံးခရီးမှာပင် နိုင်ငံခြားသံတမန်များ၊ နိုင်ငံခြားသတင်းထောက်များ နောက်ဆုံးမှတ်တမ်းတင် သတင်းယူရန် ရောက်ရှိနေကြရပါသည်။ ထို့ထက်မက တခါမှစုစည်းမှုမရှိခဲ့သော ဘုန်းတော်ကြီးများ အနယ်နယ်ရပ်ရပ်မှ လာရောက်၍ ကျောင်းသားများနှင့် ပူးပေါင်းလက်တွဲလျက်နေသည် မှာ အံ့ဖွယ်ရာဖြစ်ပါသည်။

ဦးသန့်ရုပ်ကလာပ်ကို ကျောင်းသားတည်ဆောက်သော အုတ်ဂူရှေ့စားပွဲပေါ်တွင်တင်၍၊ သံဃာတော်များ၊ ဦး သန့်မိသားစုများ၊ နိုင်ငံခြားသံတမန်များ၊ ပြည်သူကျောင်းသားများ နောက်ဆုံးဂါဝါရပြုကြပါသည်။ အစီစဉ်အ ရ ဦးသန့်ရုပ်ကလာပ်ကို ကန်တော်မင်ပန်းခြံသို့ သယ်ယူမည်ဟု ကြေညာလိုက်သည်နှင့် “ဦးသန့်ရုပ်ကလာပ်ကို သမဂ္ဂ၀င်းအတွင်းမှ ဘယ်ကိုမှမထုတ်ရဘူး” ဆိုသည့် ကြွေးကြော်သံများ တခဲနက် ဆူညံသွားပါတော့သည်။

သမဂ္ဂနေရာဟောင်းရှေ့ရှိ မန္တလေးဆောင်ခန်းမ အသံချဲ့စက်မှ ဦးခန့်အနေနှင့် ပြည်သူနှင့်ကျောင်းသားထုကို မေတ္တာရပ်ခံစကား အနည်းငယ်ပြောကြားသွားပါသည်။ ဦးသန့်ရုပ်ကလာပ်ကို ကျောင်းသားများတည်ဆောက် ထားသောအုတ်ဂူတွင် ထာဝရသင်္ဂြိုလ်ရန် ကြွေးကြော်သံများ ဆူညံသထက် ဆူညံလာပါသည်။ အခြေအနေမှာ သက်ဆိုင်ရာ ကျောင်းသားကိုယ်စားလှယ်များက တစုံတခုမှမပြုလုပ်ပါက၊ ကျန်ကျောင်းသားများက အတင်း ၀င်ရောက်သင်္ဂြိုလ်မည့် အခြေအနေတွင် ရှိနေပါသည်။

နောက်ဆုံး ကျောင်းသားကိုယ်စားလှယ်များက ဦးသန့်ရုပ်ကလာပ်ကို ကျောင်းသားများတည်ဆောက်သော အုတ်ဂူတွင်သာ ထာဝရသင်္ဂြိုလ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည့်အချိန်မှသာ ကျောင်းသားထုနှင့်ပြည်သူ များ လက်ခံကျေနပ်ကြလေသည်။ ကြေညာပြီးသည့်အတိုင်း ကျောင်းသားများ ဦးသန့်ရုပ်ကလာပ် ပုခုံးပြောင်း သယ်ယူပြီး အုတ်ဂူတွင် သင်္ဂြိုလ်လိုက်ပါသည်။ ဘိလပ်မြေ (Concrete cement mixture) ကလည်း အဆင် သင့်ပြင်ထားသည့်အတွက်၊ ပရံဆရာ(Mason)လက်စွမ်းနှင့် အုတ်ဂူကို ထာဝရပိတ်လိုက်ပါသည်။ “အောင်ပြီ” “အောင်ပြီ” “အောင်ပြီ” ဟူသော ကြွေးကြော်သံများ မိုးကွဲလုမတတ် မြည်ဟိန်းသွားပါသည်။ သံဃာတော်များ ပရိတ်တရားနာပြီး အသေခံကျောင်းသားတပ်ဖွဲ့က ကမ္ဘာ့ကုလသမဂ္ဂအလံတော်နှင့် အုတ်ဂူကို လက်ျာရစ်သုံး ပတ် ပတ်ပြီး အလေးပြုပါသည်။ ထို့နောက် ကုလသမဂ္ဂအလံတော်ကို အုတ်ဂူထက်တွင် လွှမ်းခြုံလိုက်ပါသည်။

၎င်းနေ့ညဘက်တွင် နေ၀င်းစစ်အစိုးရဘက်မှ မြန်မာ့အသံကတဆင့် ကျောင်းသားများက ဦးသန့်မိသားစု၏ ဆန္ဒကို ငြင်းပယ်၍ ကျောင်းသားများတည်ဆောက်သည့် အုတ်ဂူတွင် ဦးသန့်ရုပ်ကလာပ်ကို သင်္ဂြိုလ်ကြောင်း၊ စာကြည့်တိုက် အဆောက်အဦးအတွက် ထားသော ဆောက်လုပ်ရေးပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ပြီး အုတ်ဂူဆောက်သည့်အတွက်၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနှင့် အရေးယူပေးရန်၊ ရန်ကုန်တိုင်းဆောက်လုပ်ရေး ကော်ပိုရေးရှင်းမှ စာပို့ကြောင်း ကြေညာပါသည်။

ကျောင်းသားများအနေနှင့် ဂူဗိမာန်ဆက်လက်တည်ဆောက်ရန်၊ အသေခံတပ်ဖွဲ့အမည်တပ်ကာ ငြိမ်းချမ်းရေး ဖခင်ကြီးဦးသန့်အတွက် အသက်ကို ပဓာနမထားဘူး ဆိုသည့်ခံယူချက်နှင့် ဦးသန့်အုတ်ဂူကို စောင့်ရှောက် ထားပါသည်။ မကျေနပ်နိုင်သည့် ပြည်သူလူထုကြီးနှင့်ကျောင်းသားတို့သည် နေ၀င်းစစ်အစိုးရ၏ တပါတီဝါဒကို ဆက်လက်ကန့်ကွက် ဆန္ဒပြနေကြပါသည်။

ကျောင်းသားများသည် ပိုမို၍စည်းလုံးညီညွတ်လာပါသည်။ တဦးကိုတဦး ညီအစ်ကိုမောင်နှမသဖွယ် စောင့် ရှောက်ကြပါသည်။ နေ၀င်းစစ်အစိုးရ၏ သူလျှိုအမ်အိုင် (Military Intelligence-MI) များကို မျက်ခြေမပြတ် စစ်ဆေး၍ ဖမ်းမိသော အမ်အိုင်များကို ကျောင်းသားများက ရိုက်နှက်သတိပေးလိုက်ကြပါသည်။

တရက် နှစ်ရက် ကျောင်းသားများသည် ဆက်လက်၍ ဂူဗိမာန်ပြီးစီးရေးအတွက် ဆက်လက်လုပ်ကိုင်နေကြပါ သည်။ သံဃာတော်များ၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူတို့သည် နေ၀င်းစစ်အစိုးရ၏ သတင်းစာများ နှင့် ရေဒီယိုတို့မှ အမျိုးမျိုးရှုတ်ချ ဝေဖန်မှုများကို ခံယူနေကြရပါသည်။

သုံးရက်မြောက်နေ့ ဒီဇင်ဘာ (၁၀) ရက်နေ့ ၁၉၇၄ ခုနှစ် နေ၀င်းစစ်တပ်သည် ကျောင်းသားများကို နှိမ်နင်းရန် တိတ်တဆိတ် စီမံပါသည်။ စစ်တပ်သည် ရန်ကုန်ဝိဇ္စာသိပ္ပံတက္ကသိုလ် နယ်မြေတခုလုံးကို သိမ်းပိုက်လိုက်ပါ သည်။ နယ်မြေတခုလုံးအတွင်းသို့ အ၀င်အထွက်ကို ပိတ်လိုက်ပါသည်။ ၁၁-၁၂-၇၄ မနက် ၂ နာရီတွင် ကျောင်းသားများနှင့် ဆန္ဒပြသူများ အများစုအိပ်မောကျချိန်လောက်တွင် အဓိပတိလမ်းရှိ အဓိကပင်မ၀င် ပေါက်တံခါးကြီးအား ကရိန်းကြီးဖြင့် တွန်းလှန်ဖျက်ဆီး၍ ကျောင်းဝင်းအတွင်း ၀င်ရောက်ဖမ်းဆီးကြပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ဘွဲ့နှင်းသဘင်ခန်းမနေရာကွက်လပ်အား မီးမောင်းများထိုးပြီး ရဲများက ဒိုင်းကာများ၊ လက်ကိုင်တုတ်များဖြင့် စတင်ဝင်ရောက်ပြီး မျက်ရေဗုံးများ မြေကော်စက်များ၊ မော်တော်ကားများ အသုံးပြုပြီး ဆန္ဒပြသူများအား လူစုခွဲကာ ဦးသန့်အုတ်ဂူအားလည်းဖြိုချ၍ ရုပ်ကလာပ်အား ပြန်လည်ဖော်ယူပြီး ရွှေတိဂုံဘု ရားအနီး ကန်တော်မင်ပန်းခြံဘေးရှိ သခင်ကိုယ်တော်မှိုင်းအုတ်ဂူဘေးနေရာသို့ ညတွင်းပင် ပြောင်းရွှေ့မြှုပ်နှံ ပါသည်။

ထိုသို့ ကြမ်းတမ်းစွာ ဖျက်ဆီးဖမ်းဆီးသည့်အတွက် ကျောင်းသားတချို့ သေဆုံးခဲ့ကြရပါသည်။ တချို့မှာတော့ စစ်ဖိနပ်စာထိ၍ အရိုးကျိုး၊ တုတ်များ၏ ရိုက်ချက်ဒဏ်ကြောင့် ခေါင်းကွဲပြီး လဲကျသူများလည်း ရှိပါသည်။ လက်နက်မဲ့သော ပြည်သူ သံဃာတော်များ ကျောင်းသားများကို အချုပ်ကားပေါ်သို့ အတင်းအဓမ္မ ဖမ်းဆီး တင်ဆောင်၍ ညတွင်းချင်းပင် အင်းစိန်အကျဉ်းထောင်သို့ ပို့ပါသည်။ သယ်ဆောင်ရာ စစ်ကား၏ အနောက် ပိုင်း အမိုးအကာမဲ့တွင် အားလုံးကို ပဆစ်ဒူးတုတ်၊ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်၊ ခေါင်းငုံ့လှုပ်မရအောင် ထိုင်ခိုင်းပြီး၊ စစ်ကား၏ နောက်ပိုင်း လေးဘက်ဒေါင့်တွင် စစ်သားလေးဦးသည်၊ ဂျီသရီးသေနတ်များနှင့် ချိန် ထားပါသည်။ စစ်ရုပ်ရှင်ကားများတွင် စစ်ပွဲမှအကျဉ်းသမားများကို ဖမ်းဆီး သကဲ့သို့ နေ၀င်းစစ်အစိုးရသည် ကျောင်းသား ပြည်သူ ရဟန်းသံဃာတော်များကို မတရားဖမ်းဆီး ချုပ်နှောင်ခဲ့ပါသည်။ ညပိုင်းမှစတင်ဖမ်းဆီး ပြီး အင်းစိန် ထောင်သို့ ပို့ဆောင်သော နောက်ဆုံးစစ်ကားသည် နံနက် (ဂ) နာရီအချိန်ထိ ဖြစ်ပါသည်။ ဤမြင် ကွင်းသည် ပြည်သူလူထုတရပ်လုံးအတွက် ရင်နင့်ဖွယ်ရာ မတတ်သာလို့ လက်ပိုက်ကြည့်နေရသည့် အခြေအ နေတွင် ရောက်ရှိနေပါသည်။

မြန်မာဗုဒ္ဓဘာသာထုံးစံကိုမှ ဂရုမစိုက်၊ အုတ်ဂူကို ဖောက်ခွဲပြီး သင်္ဂြိုလ်ပြီးသည့် ရုပ်ကလာပ်ကို ထုတ်ယူခြင်း၊ ပြည်သူ၊ သံဃာတော်နှင့် ကျောင်းသားကျောင်းသူများကို ရက်ရက်စက်စက် သတ်ဖြတ်ဖမ်းဆီးခြင်း ဆိုသည့် သတင်းကိုကြားသည့် ပြည်သူလူထုကြီးမှာ နေ၀င်းစစ်အစိုးရ၏ လုပ်ရပ်ကို လက်ခံနိုင်စွမ်းမရှိသည့်အဆုံး နံ နက် ဂး၃၀ အချိန်လောက်တွင် ရန်ကုန်မြို့တွင် အစိုးရနှင့်သက်ဆိုင်သည့် မြန်မာ့ဆိုရှယ်လစ်ပါတီယူနစ်ရုံးများ၊ ရဲစခန်းများ၊ ရုပ်ရှင်ရုံအချို့ကို မီးရှို့ဖျက်ဆီး တန်ပြန်အကြမ်းဖက်ဆန္ဒပြကြပါသည်။

“ငါတို့တပါတီကောင်းစားရေး ဆိုရှယ်လစ်ဝါဒကို ထိပါးလာရင်တော့ နေ၀င်းစစ်အစိုးရသည် မည်သူကိုမှ အ သက်ချမ်းသာပေးမည်မဟုတ်ကြောင်း” တရုတ်ပြည်မှ ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုန်း၏ စကားနှင့် နှိုင်း၍ “အာဏာသည် သေနတ်ပြောင်းဝတွင်ရှိကြောင်း” ပြည်သူလူထုကြီးအား လက်တွေ့သတ်ဖြတ်ပြပါသည်။
စစ်တပ်၏ ပြောင်းဝကို ပြည်သူတို့အား ချိန်ရွယ်ပစ်ခတ်နှိမ်နင်းပါသည်။ ရန်ကုန်မြို့တွင်းတွင် သေနတ်သံများ ဖုံးလွှမ်းလျက် လူပေါင်းမြောက်မြားစွာ သွေးမြေကျခဲ့ရပါသည်။ ရန်ကုန်မြို့တွင်းဝယ် စစ်နယ်မြေသကဲ့သို့ တင့်ကားကြီးနှင့် လှည့်လည်လျက်၊ ဂျီသရီး သေနတ်ကြီးများနှင့် ပစ်ခတ်နေပါသည်။ ရန်ကုန်မြို့တွင်းကိုလည်း စစ်အုပ်ချုပ်ရေးဒေသအဖြစ်သတ်မှတ်ပြီး၊ ညမထွက်ရအမိန့်များ ထုတ်ပြန်ပါသည်။ ဖမ်းဆီးမိသည့် ပြည်သူများ ကို ပြည်သူပိုင်ပစ္စည်း ချိုးဖောက်ဖျက်ဆီးမှုဆိုသည့် မတရားပုဒ်မတပ်ကာ ထောင် (၃) နှစ်မှ ထောင် (၅) နှစ်ချ ကာ အစွမ်းပြနေပါသည်။ ဦးသန့်ဈာပနကိစ္စတွင် ပါဝင်သော ပြည်သူ သံဃာတော် ကျောင်းသားများကို နေ၀င်း စစ်ထောက်လှမ်းရေးအမ်အိုင် (MI)ပုဂ္ဂိုလ်များကို အသုံးပြုလျက် နေအိမ်များမှ လိုက်လံဖမ်းဆီးပါသည်။ နုနယ် ငယ်ရွယ်လှသည့် ကျောင်းသားကလေးများပင်မချန် အင်းစိန်ထောင်ထဲသွင်းထားပါသည်။

ရာပေါင်းများစွာသော ကျောင်းသားနှင့်ပြည်သူ ရဟန်းသံဃာတော်များ အသက်ဆုံးရှုံးခဲ့ပါသည်။ ထောင်ပေါင်း များစွာသော ကျောင်းသားပြည်သူတို့ကို ထောင်ချထားသည်။ ကျန်ကျောင်းသားများသည် အိုးပစ်အိမ်ပစ် ပ ညာရေးဆုံးရှုံဆုံးခံပြီး သူတို့၏ ဖမ်းဆီးမှုမှ ရှောင်တိမ်းနေရပါသည်။ ရှောင်တိမ်းနေရသော ကျောင်းသားတချို့ သည် တောတွင်းတော်လှန်ရေးအဖွဲ့စည်းများသို့ တချို့ရောက်ကြပါသည်။ တချို့လည်း နိုင်ငံခြားတိုင်းပြည်များ သို့ ခိုးထွက်ပုန်းလျှိုးနေရပါသည်။ သူတို့၏ ဘ၀ရှေ့ရေး မည်ကဲ့သို့ ဖန်တီးမည်ကိုကား မည်သူကမှ မပြောနိုင် အောင် ဖြစ်ပါသည်။

ကောက်ခံရရှိသော ရန်ပုံငွေ ၃၀၀,၀၀၀ ကျပ် မည်သူထံတွင် ရှိနေသည်ကို စာရေးသူအနေနှင့် သတင်းမှန်မ သိရှိသော်လည်း စားရမဲ့ သောက်ရမဲ့ ၀တ်ရမဲ့ အခြေအနေကြားမှ ဤမျှသော ငွေပမာဏကို ဦးသန့်ဂူဗိမာန် တည်ဆောက်ရန် လှူဒါန်းကြသော လူထုကြီး၏ စေတနာကို သိရှိနိုင်ပါသည်။

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမည်ဆိုသည်ကို သာမာန်အသိဉာဏ်ရှိသူတယောက်ပင် သိရှိပါသည်။ ကမ္ဘာ့ငြိမ်း ချမ်းရေးဖခင်ကြီး ဦးသန့်ကို အသိဉာဏ်ရှိသည့် လူသားအားလုံးက ထိုက်သင့်စွာသင်္ဂြိုလ်ရန် ကြိုးစားခဲ့သော် လည်း မမျှော်လင့်သည့် တုန့်ပြန်ချက်များကြောင့် မြင်မကောင်းကြားမကောင်း အသက်များစွာစတေးပြီး သွေး မြေကျကာ ငြိမ်းချမ်းရေးဖခင်ကြီး ဈာပနအခမ်းအနားကို ပြီးဆုံးလိုက်ရပါသည်။

ရင်သွေးငယ်တိုင်း ယဉ်ကျေးလိမ္မာရမည်
ရင်သွေးငယ်တို့ကမ္ဘာ ငြိမ်းအေးသာယာရမည်
ရင်သွေးတို့ခေတ် ဆန်းသစ်ဝေဆာရမည်
ဒေါက်တာမင်းတင်မွန်

“Peace is too important to be left exclusively to the politicians.”
U Thant (Former UN Secretary-General)

ပတ်မြို့ (Perth, W. Australia) ကျောင်းသားများ၏ တေးသီချင်း။
“ကမ္ဘာမကြေဘူး”
ကမ္ဘာမကြေဘူး ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
တော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော် ... သူရဲကောင်းတို့ရေ∙∙∙
အာဇာနည်တွေ နေတဲ့တိုင်းပြည် ရဲရဲတောက် ဒို့မြန်မာပြည်
ကိုယ်တော်မှိုင်း ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ ∙∙∙
သခင်အောင်ဆန်း နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ ∙∙∙
သြော် လုပ်ရက်ကြပေ ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ
အတုံးအရုံးနဲ့ လဲပြိုကာနေ ∙∙∙
ညီအစ်ကိုတို့ ∙∙∙ ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး
မတွေဝေနဲ့ ∙∙∙ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော် ∙∙∙ သူရဲကောင်းတို့တွေ အခိုင်အမာပီပြင် တော်လှန်ပစ်မလေ ∙∙
ဒို့ချစ်တဲ့ ဒို့မြန်မာပြည် ∙∙∙

***********************************************

တချိန်က ဒီဇင်ဘာ ၁၉၇၄ ခုနှစ်၊ ကျနော်သည် ရန်ကုန်စက်မှုတက္ကသိုလ်တွင် မှားတဲ့အချိန်နဲ့ မှားတဲ့နေရာ ရောက်ခဲ့သည်ဟု ထင်ခဲ့ပါသည်။ ဤအချိန်သည် ကျနော့်အတွက် အမှန်ဆုံးအချိန်ဖြစ်ခဲ့သည်သာမက ကျနော် ၏ မှန်သောနေရာသည် ရန်ကုန်စက်မှုတက္ကသိုလ် ဖြစ်ခဲ့ပါသည်။ သို့မဟုတ်ပါက ကျနော်သည် ဤနေ့ ဤနေ ရာကို ရောက်ရှိမည်မဟုတ်ပါ။

စက်မှုတက္ကသိုလ်စိုးဝင်း
မေလ ၂၀၊ ၂၀၀၂
(အရေးတော်ပုံ ၄ စောင်တွဲမှ ...)

Friday, November 20, 2009

Thursday, November 19, 2009

Tuesday, November 17, 2009

{ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ကမ္ဘာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့် }



ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ
ကမ္ဘာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်

ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ အပိုင်းတစ် နဲ့ နှစ် ကို ရေးခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂသီတင်းဌာနက ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းမှုးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ၊ကမ္ဘာကျော် စတန်းဖို့ တက္ကသိုလ်တွင် ဓါတ်ပုံပြပွဲတစ်ရပ် ကျင်းပခဲ့ကြောင့် သီတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီသီတင်းကို ဖတ်ရတဲ့အခါမှာ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ များစွာကျေနပ်အားရခဲ့သလို့ ၊ ဦးသန့်ကို မမေ့လို့ ဂုဏ်ပြုခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ အမေရိကန် တက္ကသိုလ် ကိုလည်း သတိတရ ရှိပေးခဲ့တဲ့အတွက် များစွာ ၀မ်းသာမိပါတယ်။

အဆိုပါ ဓါတ်ပုံပြပွဲ ဖွင့်လှစ်တဲ့အခန်းအနားမှာ ကုလသမဂ္ဂပြန်ကြားရေးနဲ့ပြည်သူဆက်သွယ်ရေးဌာန မှ တ၀န်ရှိသူ မစ္စတာ ကီရိုအာဆာကာက

'' ဦးသန့် သည် ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ ကုလ အကြီးအကဲ တစ်ဦး အဖြစ်သော်လည်းကောင်း၊ ဂုဏ်ပြုထိုက်သူတစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ဓါတ်ပုံပြပွဲ ကျင်းပရခြင်းဖြစ် ''ကြောင်း ပြောကြားသွားခဲ့သည်။

ဆက်လက်၍ ၄င်းကပင်
'' ဦးသန့်သည် အမြော်အမြင်ကြီးမားပြတ်သားသူတစ်ဦးဖြစ်ပီး ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နေရာ အသီးသီးမှ ပြည်သူများ၏ မျော်လင့်ချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အဖွဲ့ကြီး တစ်ခု အဖြစ် သတ်မှတ်ယုံကြည်စေခဲ့သူ ...ကုလ၏ ရှေ့ဆောင်
အကြီးအကဲ တစ်ဦး ဖြစ် '' ကြောင်း ပြောကြားခဲ့ပါတယ်။

'' ဒီကနေ့ ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖြတ်ရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကြီးတွေ အတော်များများဟာ ဦးသန့်ကိုယ်တိုင် ထူထောင်ပေးခဲ့လို ပေါ်ပေါက်လာခဲ့တာပါ ''ဟု
၎င်းက ပင် ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

ထို့ပြင်..
''၁၉၆၁ ခုနစ်မှ ၁၉၇၁ ခုနစ် အထိ ဆယ်နှစ်တာကာလ ကုလ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း
ဦးသန့်သည် ကမ္ဘာပေါ်တွင်လူသားတို့အားအကျိုးပြုစေခဲ့သော ကြီးမားသော အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည်''ဟု သီတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုခဲ့ပါတယ်။

တစ်ဖန် ..ကုလ ပြောခွင့်ရ ပုဂိုလ်တစ်ဦးက
'' ဦးသန့်ဟာ အတိုင်းအဆ များပြားလွန်းစိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ကျူးဘား ဒုံးကြည်အရေးအခင်းကိစ္စ၊
ဗီယက်နမ် စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေး ကိစ္စ၊ တော်အာဖရိက လူမျိုးရေး ခွဲခြားမှု ကိစ္စ၊ စတာတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သံတမန်ကြီးတစ်ဦးပါဘဲ..''..လို့ ပြောကြားသွားခဲ့ပါတယ်။

ထိုပြင် ဦးသန့်သည် ကုလကြီးအတွက် အလွန်မှတ်သားလေးစားလိုက်နာဖွယ်စကားကို မြွက်ကြားခဲ့သူ လည်းဖြစ်သည်။
ဦးသန့်က ....မိန့်ဆိုသည်မှာ...

'' လူသားဖြစ်တည်မှူ နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာများထက် များစွာ သာလွန်ပါသည်။
အစိုးရများ၊ နိုင်ငံရေးစနစ်၊ နှင့်အိုက်ဒီယာများဟူသာ် ဖြစ်ပျက်သဘော မျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှူသည်သာလျှင် ကျန်ရှိပါမည်'' ဟု ဆိုခဲ့သည်။
ထိုစာတမ်းသည်.....
ယနေ့ကုလသမဂ္ဂကြီး၏ အသက်ဝိညာဉ်ဖြစ်စေမည့် ၊ ကုလကြီး အသက်ဆက်လက်ရှင်သန်စေမည့် မိန့်ဆိုချက်ပင် ဖြစ်တော့သည်။

Referance;
The Voice weekly Journal
from internet news

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမာှးစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။

ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
တတိယ ကမ္ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
အေ၇ှ့အလယ်ပိုင်း အရေးအခင်း
ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
ကမ္ဘာ့လောင်စာ ပြဿနာ
တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....

အခြားကိစ္စများ ဖြစ်ကြသည်။

ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။

ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်

၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။

၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။

ဦးသန့်အမှတ်တရများ

အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။

ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။


ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။

U Thant Island ဦးသန့်ကျွန်း

အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။



Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ

ွှTaman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။

ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။

အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီက အေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။

what are they? where are they?

U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။

ကျေးဇူးတင်ပါသည်။

Sunday, November 15, 2009

{နယ်စပ်လမ်းက ဝမ်းတထွာ ၄}(Click)




နယ်စပ်လမ်းက ဝမ်းတထွာ ၎
ခိုင်မာကျော်ဇော
နိုဝင်ဘာ ၁၄၊ ၂၀၀၉
မြဝတီ-မဲဆောက် သောင်းရင်းမြစ်ကမ်းတလျှောက်မှာ မြန်မာနဲ့ထိုင်း အလွယ်တကူ ဝင်ထွက်သွားလာလို့ရတဲ့ ဂိတ် ပေါင်းများစွာရှိပါတယ်။ အဲဒီဂိတ်တွေကနေ (၂)နှစ်နိုင်ငံ ပြည်သူတွေ ခိုးဝင်ခိုးထွက်လုပ်ကြသလို နှစ်နိုင်ငံကုန်ပစ္စည်းတွေ ခိုးတင် ခိုးချလုပ်ကြတာမို့ အဲဒီဂိတ်တွေကို ဒေသခံပြည်သူတွေက ခိုးပေါက်တွေ၊ ခိုးဂိတ်တွေလို ခေါ်ကြပါတယ်။

အဲဒီခိုးဂိတ်တွေကို ကြီးကြပ်နေကြတာက လက်နက်ကိုင်အဖွဲ့တွေပါ။ သောင်းရင်းမြစ်ကမ်းတလျှောက်မှာ ဘုရားကုန်း ဂိတ်၊ သစ်စက် ဂိတ်၊ ဒီကေဘီအေ ဂိတ်၊ ငြိမ်းချမ်းရေး ဂိတ်၊ ဝေါလေ ဂိတ်၊ (၁၁) ဂိတ်၊ (၁၂) ဂိတ်၊ (၁၃) ဂိတ်ကနေ အမှတ်စဉ် လိုက် ဂိတ်ပေါင်း ၂ဝ ကျော်ရှိပြီး အဲဒီဂိတ်တွေကို ကြီးကြပ်ပြီးအခွန်ကောက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း အမျိုးမျိုးရှိ ပါတယ်။
အစိုးရအခွန်ရှောင်ချင်တဲ့ ထိုင်းကုန်သည်တွေ၊ မြန်မာကုန်သည်တွေ။ တရားမဝင်တဲ့ ကုန်ပစ္စည်းတွေ အထုတ်အသွင်း လုပ်ကြသူတွေကတော့ သူတို့ပစ္စည်းတွေကို ခိုးဂိတ်တွေကနေ အတင်အချ လုပ်ကြပါတယ်။ ကုန်ပစ္စည်းတွေကို အတင်အချ လုပ်ပေးရသူတွေကတော့ မြန်မာအလုပ်သမားတွေပါ။ သူတို့ကတော့ လက်နက်ကိုင်အဖွဲ့တွေ၊ ဂိတ်မှူးတွေ၊ ကုန်သည်တွေကို နေလို လလိုကြည့်ပြီး ဝမ်းကြောင်းနေကြရတာပါ။
အပေါ်ယံကြည့်ရင် သူတို့အလုပ်ဟာ ခွန်အားဗလကို အရင်းပြုလုပ်ရတဲ့အလုပ်ပါ။ တကယ်တမ်းကြတော့ နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကြားမှာ အသက်ကိုရင်းပြီး သူတို့ လုပ်ကိုင်စားသောက် နေရတာပါ။ သူတို့ အလုပ်က အနေအထိုင်တတ်ဖို့၊ နှုတ်လုံဖို့၊ ဂိတ်မှူးတွေ၊ ကုန်သည်တွေရဲ့ ယုံကြည်မှုရှိဖို့လိုအပ်တဲ့အပြင် မျက်စိနဲ့ နားကိုလည်း ရှင်ရှင် ထားဖို့လိုပါတယ်။ လမ်းကြောင်းရှင်းတယ်။ မရှင်းဘူးတယ်ဆိုတဲ့ အသံကိုလည်း သူတို့ အမြဲနားစွင့်ရပါတယ်။
ဂိတ်မှူးတွေဆီက လမ်းကြောင်းရှင်းတယ်ဆိုတဲ့ အသံကြားတာနဲ့ ကုန်သည်တွေရဲ့ ခွင့်ပြုချက်နဲ့ ကားကြီးကားငယ် အသွယ်သွယ်ပေါ်က ကုန်ပစ္စည်းတွေကို တဖက်ကမ်းကိုကူးမယ့် စက်လှေတွေပေါ် အလျှင်အမြန်အတင်အချ သူတို့ လုပ်ရပါ တယ်။
မြန်မာနိုင်ငံဘက်ကမ်းကနေ သူတို့အများဆုံး အတင်အချလုပ်ရတာက ကျွန်း၊ ပျဉ်းကတိုး သစ်မာသားတွေနဲ့လုပ်ထားတဲ့ စားပွဲ၊ ကုလားထိုင်၊ ဘီဒို၊ မှန်တင်ခုံနဲ့ အိမ်အလှဆင်ပစ္စည်းတွေပါ။ ငပိ၊ ငါးခြောက်၊ ငရုပ်၊ ကြက်သွန်၊ ကွမ်းသီးစတဲ့ စားကုန်ပစ္စည်းတွေကိုလည်း ရာသီအလိုက် သူတို့ အတင်အချ လုပ်ရပါတယ်။

တခါတခါမှာ ရန်ကုန်နဲ့ မန္တလေးဘက်ကဆင်းလာတဲ့ ရွှေခြည်ထိုး၊ ငွေခြည်ထိုးနဲ့ ယွန်းထည်ပစ္စည်းတွေ၊ ဘုရာဆင်းတုတော်တွေ၊ ကြေးစည်၊ ခေါင်းလောင်း၊ ရှေးဟောင်းပစ္စည်းအမျိုးမျိုးနဲ့ ပန်းချီကားအမျိုးမျိုးပါ။
ညဘက်တွေမှာတော့ အမျိုးအမည်မသိတဲ့ အထုပ်အပိုးတွေကို သူတို့ ထမ်းပိုးတင်ချရပါတယ်။
အချိန်မတော် အတင်အချလုပ်ရတဲ့ အထုတ်အပိုးတွေကိုတော့ စိတ်ကြွဆေးထုတ်တွေလို့ သူတို့က ထင်ကြေးပေး ကြပါတယ်။
ထိုင်းဘက်ကနေ မြန်မာဘက်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေကတော့ အမျိုးအမည်စုံပါတယ်။
ဘိလပ်မြေ၊ သွပ်၊ သံ၊ သံဇကာနဲ့ အိမ်ဆောက်ပစ္စည်းတွေ၊ စားအုန်းဆီ၊ အချိုမှုန့်၊ အချိုရည်ဗူးမျိုးစုံ၊ ဆေးဝါးမျိုးစုံနဲ့ အလှကုန်ပစ္စည်းမျိုးစုံ။ ထီး၊ ဖိနပ်နဲ့ အထည်အလိပ်အမျိုးမျိုး။ စာရေးကိရိယာနဲ့ ကလေးကစားစရာပစ္စည်းတွေပါ။


ထိုင်းဘက်ကမ်းကနေ မြန်မာဘက်ကမ်းကို ညအချိန်မတော် အမြဲလိုလို ခိုးသွင်းနေတာကတော့ နံပါတ်ပြားဖြုတ် ထားတဲ့ ကားဟောင်းတွေနဲ့ ဆိုင်ကယ်တွေဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
သူတို့အလုပ်က အခြေအနေ၊ အလုပ်ချိန်အခါနဲ့ လူပုဂိုလ်တွေပေါ်မူတည်ပြီး အပြောင်းအလွဲရှိသလို သူတို့ရဲ့ လုပ် အားခဝင်ငွေကလည်း ကုန်သည်တွေ၊ သူတို့ အတင်အချလုပ်ရတဲ့ ပစ္စည်းတွေ တရားဝင်မှု၊ မဝင်မှုပေါ် မူတည်ပြီး အနည်း အများရှိပါတယ်။
“ကျနော်တို့အလုပ်က နေ့တိုင်း၊ ညတိုင်း ရှိတာမဟုတ်ဘူး။ ဒါကြောင့် တနေ့ ဘယ်လောက်ဝင်သလဲဆိုတာ ပြောဖို့ ခက်တယ်။ ကုန်ရှိရင်ရှိသလို တနေ့ကို ဘတ် ၁၅ဝ၊ ၂ဝဝ ရတဲ့ အခါရှိသလို တပြားမှမရတဲ့ နေ့တွေလည်းရှိတယ်။ ပင်ပန်းပြီး ငွေရနည်းတဲ့ နေ့တွေရှိသလို သိပ်မပင်ပန်းပဲ ဘတ် ၁ဝဝ၊ ၁ဝဝကျော် ရတဲ့ နေ့တွေလည်းရှိတယ်”
လို့ အလုပ်သမားတဦးက ပြောပါတယ်။
သူတို့အပြောအရ ဒီအလုပ်ကို အိမ်ထောင်ဦး ယောက်ျားတဦး မသောက်မစားပဲ ပုံမှန်လုပ်ရင် ၄-၅ ဦးရှိတဲ့ မိသားစု တစု ဖူလုံပါတယ်။ တချိန်ထဲမှာပဲ ဒီအလုပ်ကို လုပ်ကြတဲ့ အလုပ်သမားအများစုဟာ အသောက်အစားနဲ့ မကင်းကြသလို မူးယစ်ဆေးဝါးနဲ့လည်း မကင်းကြတာများပါတယ်။
“ဒီအလုပ်က နင်လားငါလား တင်ရချရရင် အရမ်းပင်ပမ်းတာ။ ပင်ပမ်းတော့ အသောက်အစားရှိတယ်။ တချို့က စိတ်ကြွဆေးတွေ သုံးကြတယ်။ ဆေးသုံးလို့ပိုပြီး ထမ်းနိုင်ပိုးနိုင်တာရှိသလို မြင်ရာတွေ့ရာတွေ လျှောက်ပြောလို့ နှုတ်ပိတ်ခံ လိုက်ရတာတွေလည်းရှိတယ်။ လုံးပါးပါးပြီး ဘဝဆုံးသွားသူတွေလည်း ရှိတယ်”
လို့ အလုပ်သမားကြီးတဦးက ပြောပါတယ်။
သူတို့ပတ်ဝန်းကျင်မှာ စိတ်ကြွဆေးက အလွယ်တကူရနိုင်သလို အသတ်ခံရတာတွေ၊ သေတာတွေကလည်း သူ တို့ရဲ့ နေ့စဉ်ဘဝတွေနဲ့ ရင်းနှီးနေသလို ဖြစ်နေပါတယ်။ ဒီအခြေအနေတွေကြောင့်ပဲ တချို့က ငွေလေးနည်းနည်းပါးပါးစုမိရင် ရွာကိုပဲပြန်တော့မယ်လို့ စိတ်ကူးထားကြသလို တချို့ကတော့ လက်ဖျားငွေရွင်တာနဲ့ သောက်လိုက်စားလိုက် ပျော်လိုက်ပါး လိုက်နဲ့ ဘဝခရီး ဆက်နေကြပါတယ်။
( အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်သော ခိုင်မာကျော်ဇော၏ ရေခြားမြေခြား မြန်မာများ ပင်တိုင်ဆောင်းပါးကို ပြန်လည် ကူးယူတင်ဆက်ခြင်းဖြစ်သည်။ အသံလွှင့်ဆောင်းပါး မူပိုင်မှာ အာရ်အက်ဖ်အေ ရေဒီယို ဖြစ်ပါသည်။ သရုပ်ဖော် ဓာတ်ပုံများမှာ ခိုင်မာကျော်ဇော ရိုက်ကူးထားသောပုံများဖြစ်ပြီး ၎င်းခွင်ြ့ပုချက်ဖြင့် ဓာတ်ပုံများကို တင်ဆက်ပါသည်။)

Tuesday, November 10, 2009

{ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ}(Click)


ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ


အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း “မုသာဝါဒါ ဝေရာမဏိ”ဆိုပြီး တတွတ်တွတ် ရွတ်တတ်ကြတယ်။ ဒါပေမယ့် တကယ်တော့ ဗမာ တမျိုးသားလုံးဟာ မုသာဝါဒ မှိုင်းတွေမိပြီး ဘိုးဘွားပိုင်တိုင်းပြည်ကြီးဆိုပြီး ဇာတိသွေး ဇာတိမာန်တွေ တက်ကြွ နေတာပါ။ ရေထဲက ငါးတွေ ရေစိုတာ မသိသလိုပါဘဲ။ မိရိုးဖလာ မျိုးချစ်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လို့ နိုင်ငံရေး အသိမရှိတဲ့ ဘ၀မှာ အားလုံးက အမျိုးသားဇာတ်ပျက်ကြီးထဲ “ကမ္ဘာမကြေ”ဆိုတာနဲ့ တက်အောင် ထကခဲ့၊ ထက နေကြတာပါ။

စဉ်းစားကြည့်လေဗျာ။ ကျုပ်တို့အားလုံးကို သွင်းထားတဲ့ အမျိုးသားရေးဇာတ်ပွဲရဲ့ ဇာတ်ညွှန်းကို ကြည့်ပါ။ ဗမာ တွေ ပေါက္ကံပြည်ကြီးမှာ ကိုယ့်မင်း ကိုယ့်ချင်း တိုင်းရင်းသား အားလုံးနဲ့ ချစ်ချစ်ခင်ခင် ဥမကွဲ သိုက်မပျက်နေခဲ့ ကြတာ ရှေးပဝေသဏီ ကတည်းက၊ ကမ္ဘာတည်စကတည်းက ဆိုမယ်။ ဒီရွှေနိုင်ငံကြီးကို မိစ္ဆာကုလားဖြူတွေ ကျူးကျော် နယ်ချဲ့လို့ တိုင်းဌာနေ အစိတ်စိတ် အမွှာမွှာကွဲ၊ ပြည်သူတွေလည်း နှစ် ရာကျော် ကျွန်သဘောက် ဘ၀ ရောက်ခဲ့ရတယ်လို့ အမျိုးသားရေး ဇာတ်ထုတ်က ဆိုတယ်။

ဗမာတွေ လွတ်လပ်ရေး ရတာပဲ အနှစ် (၆၀) လောက်ရှိပြီဆိုတော့ ကျုပ်တို့တွေ သမိုင်းကို မျက်မှန်စိမ်းဖြုတ်ပြီး ကြည့်ဖို့၊ ပြန်လည်သုံးသပ်ဖို့ လိုပြီ။

ကျဉ်းမြောင်းတဲ့၊ ပြင်းထန်တဲ့ အမျိုးသားရေး သမိုင်းအမြင်ကို ဂျပန်ခေတ်က စကားနဲ့ ဆိုရင်တော့ “မျက်မှန်စိမ်း”၊ သမိုင်းလောကုတ္တရာ စကားနဲ့ ပြောရရင်တော့ “အမျိုးသားရေး မောဟ” လို့ခေါ်ရမယ်။ ကုန်းဘောင်ခေတ်နှောင်း အချုပ်တန်းဆရာဖေရဲ့ စကားငှားသုံးရင်တော့ ဗမာတွေရဲ့ “ခွ(ဂွ)ကောင်တွေခွေးဖြစ်တဲ့သမိုင်း”လို့များ ဆိုရ မလား မသိပါ။

သမိုင်းသတ္တိရှိကြပါ၊ ကျုပ်တို့ပြည်သူအားလုံးကို “ကျေးတော် ကျွန်တော်” လုပ်ခိုင်းပြီး စီးပွားရေး ကုပ်သွေးစုပ်၊ မယားမှိုလိုပေါက်အောင် ယူပြီးတော့ လောကီစည်းစိမ်ယစ်မူးခဲ့တဲ့ “ပါးစပ်က ဘုရား လက်ကကားယား” ပဒေသရာဇ်ဆိုတဲ့ လူတွေကိုကြည့်။ ယိုးဒယားကိုသိမ်း၊ ရခိုင်ကို ဖျက်ဆီး၊ မွန်တွေကို အမျိုးဖြုတ်၊ ရှမ်းတွေကို နှိပ်ကွပ်၊ ကရင်တွေကို ပေါ်တာဆွဲ ရမ်းချင်တိုင်းရမ်း အဓမ္မဇာတ်ခင်းပြီး လက်နက်နိုင်ငံတော်ကြီးတွေ ထောင်ခဲ့ တာပဲ။ အဲဒါကို ရာဇ၀င် ဆရာကြီး၊ ဆရာလေးများက လက်ခုပ်သြဘာပေး၊ ကိုယ်နဲ့ အတန်းမတူတဲ့ ဘိလပ်က အင်္ဂလိပ်တွေနဲ့ ဟဲဗီးစိတ်တန်းဝင်မြှောက်ပေးကြတော့ ကုန်းဘောင်ဆက်လဲပြုတ်။ ရွှေနန်းတော်ကြီးလည်း ထင်းဖြစ်။ မယားကြောက် သီပေါလည်း အင်္ဂလိပ်ဘွတ်ဖိနပ်စာထိ။ ဗမာတွေလည်း ကုန်းဘောင်ကျွန်ဘ၀ကနေ ၀ိတိုရိယ ကျွန်ဘ၀ အရှင်လတ်လတ် ဘ၀ကူးခဲ့ရတာပေါ့။

ကျုပ်တို့အမျိုးသားရေးသမိုင်း အမြင်မှာတော့ အင်္ဂလိပ်နယ်ချဲ့တွေ ဆိုးဝါးအနိုင်ကျင့်တယ်ပေါ့ဗျာ။ ကိုယ့်ဘုရင် သခင်က တခြားလူမျိုးတွေကို သွားသိမ်းပိုက်အနိုင်ယူတာကျတော့ ပါးစပ်က အမြှုပ်တွေ ထတဲ့အထိ ပီတိဖြာ တယ်။ ပြောလို့ ဂုဏ်ယူလို့မဆုံးတော့ဘူး။ ကိုယ့်လူမျိုးအသုံးမကျလို့ အင်္ဂလိပ်မင်းများက သခင်ကြီးအဖြစ်လဲ ရောက်ရော မတရားဘူး ထအော်ပေါ့။ ဒါက ညစ်ပလီစိတ်ပါ။

ကျုပ်တို့ ဗမာတွေလို့ သိမ်းကျုံးပြီး ရည်ညွန်းလိုက်ပြန်တော့ တစ်မြေတည်းနေ တစ်ရေတည်းသောက် ကြီးလာတဲ့ ညီနောင်ရင်း လူပါးဝလှချည်လားဆိုပြီး ဆဲတာတွေ၊ ကလော်တုတ်တာတွေ လာမယ်ဆိုတာ ခန့်မှန်းမိပါတယ်၊ “ဗမာ”ဆိုတာ အမျိုးသားရေးဝါဒီ ဗမာအားလုံးကို ရည်ညွန်းပါတယ်။ အရပ်သား၊ စစ်သား၊ ဘုရားသား၊ အသည်သား၊ ရုံးသား သားပေါင်းစုံကို ဆိုလိုပါတယ်။ မရှင်းမှာ စိုးလို့ပါ။

လူစင်စစ်က အမျိုးသားရေး “မျက်မှန်စိမ်း” တပ်ခံခဲ့ရ၊ တပ်ခံနေရဆဲ ကျုပ်တို့ရဲ့ဘ၀ကို မချိလို့ပါ။ ဒီညစ်ပလီ အမျိုးသားရေးသမိုင်းကို မိရိုးဖလာ အလား၊ ကိုယ်ပိုင် ဆင်ခြင်တုံတရား မသုံးဘဲ လက်ဆင့်ကမ်း လာလိုက်တာ (၁၉၄၈) က စပါတယ်။ ဒါကြောင့် မျိုးဆက် (၃) ဆက်လောက်တော့ ရှိပါပြီ။ လက်ရှိသမိုင်း သင်ရိုးညွန်တမ်းတွေ ဆိုတာကလဲ အဲဒီ သမိုင်းမျိုးအပေါ်မှာပဲ အခြေစိုက်ထားတာမျိုး ဖြစ်ပါတယ်။

ကောင်းတာမှန်သမျှ အမျိုးသားယဉ်ကျေးမှုရဲ့ အမွေအနှစ်အဖြစ် ပြောမယ်။ မကောင်းတာ၊ ပျက်တာ၊ ဖောက်ပြန် တာ မှန်သမျှ ဗြိတိသျှ သခင်ကြီးများ လက်ကျန် ကိုလိုနီအမွေအနှစ်တွေပါဆိုပြီး တာဝန်ကို ရှန်တိန်လုပ်ထားတဲ့ သမိုင်းပဲ။ မိရိုးဖလာ အမျိုးသားရေးဝါဒီတွေရဲ့ သမိုင်းအမြင်တွေထဲမှာ မှန်တာတွေကတစိတ်လေးလောက်တော့ ပါမှာပေါ့လေ။ ဒါပေမယ့် သုံးသပ်ချက်အမှား၊ သမိုင်းကောက်ချက်အမှားနဲ့ ထိန်ချန်မှုတွေကလည်း တပုံတပင်ပါ။

ကိုယ့်မင်း ကိုယ့်ချင်း ဘ၀ကတည်းက ကျုပ်တို့ဟာ ကျွန်သာသာ ဘ၀မှာ နေခဲ့ရတယ်။ မျက်နှာဖြူ သခင်ကြီးများ လက်အောက်ရောက်တော့လည်း ဒုံရင်း ဒုံရင်းပါပဲ။ ဒီ ပြည်သူအများစုရဲ့ သူမသာ ကိုယ်မသာ ဘ၀ကို ထိန်ချန် ရေးတဲ့ အမျိုးသားဝါဒီ သမိုင်းရာဇ၀င် က၀ိကြီးများက ကျုပ်တို့ရဲ့အတိတ်ဆိုး၊ အတိတ်ပုပ်တွေကို မျှော့ကြိုးလို သဘောထားပြီး ကိုယ်လိုရာ ဆွဲတွေး၊ ဆွဲရေးခဲ့ကြ၊ ရေးနေဆဲဖြစ်တယ်။

ဒါကြောင့် ပြည်သူတွေခမျာလဲ အစဉ်အလာအမျိုးသားရေး၊ လူမျိုးရေး သမိုင်းအမြင်ထဲမှာပဲ တ၀ဲလည်လည်ပေါ့ ဗျာ။ ဖွတ်ကို မိကျောင်းမှတ်၊ မမြင်ဘူး မူးမြစ်ထင်ဆိုသလို ကိုယ့်ကိုယ်ကို သနားလိုက် ဘ၀င်မြင့်လိုက်နဲ့ သံသရာ လည်နေတဲ့ သမိုင်းရေဆွေးထဲပဲ ပိတ်ဆို့ ပေါလောမျောနေတာကိုး။

ဘုရားဆုပန် သာသနာပြု ဆင်ဖြူ နွားဖြူများရှင် မင်းတြားကြီးများရဲ့ လက်ထက်က ပြည်သူတွေရဲ့ လူမူစီးပွား ဘ၀ကို မျက်မှန်စိမ်းချွတ်ပြီး ပြန်ကြည့်ရအောင်။ ပါးစပ်ကတော့ ဘုရား ဘုရားနဲ့၊ ပြည်သူကို ကျောသားရင်သား မခွဲခြားဘဲ မင်းကျင့်တရားဆယ်ပါးနဲ့ အညီ အုပ်ချုပ်ပါတယ် ဆိုတဲ့ ဧကရာဇ်တွေဟာ တကယ့်လက်တွေ့မှာ တိုင်း သူပြည်သားတွေကို ဘယ်လိုများ အုပ်ချုပ်ခဲ့ပါသလဲ။ တိရစ္ဆာန်တွေနဲ့ မခြား ကြီးနိုင်ငယ်ညှဉ်း သမားတွေပဲ။ ထီးဖြူ ကိုဆောင်း၊ ပလ္လင်ပေါ် တင်ပျဉ်ခွေထိုင်၊ ဘောင်းတော်စီးပြီး ဘုရားထူးခံတာက လွဲလို့ အဟိတ်သတ္တ၀ါများနဲ့ သိပ် မကွာလှပါဘူး။

ကုလားပြည်နဲ့ သိပ်မကွာတဲ့ လူတန်းစား ဇာတ်ခွဲခြားမူ လွှမ်းမိုးတဲ့ လူမှုဘ၀ကို ကြီးကြပ်စီမံခဲ့သူတွေပါ။ အ၀တ်အစား အရောင်၊ ခေါင်းပေါင်း ပုဝါ ကစပြီး အိမ်တောင် ဆိုဒ်စုံ ပြဌာန်းချက်တွေ များစွာနဲ့ မလွတ်လပ်တဲ့ ကျွန်လူနေမှုစနစ်ကြီးပါ။ ကျုပ်တို့တွေ ကိုယ့်မင်းကိုယ်ချင်းဘ၀က ဘ၀ရှင်မင်းတြားကြီးဆိုသူများဟာ ဘုရားကြီး တွေတည်၊ နန်းတော်ကြီးတွေ တခုခုပြီးတခုဆောက်၊ သူတို့နန်းဆက်တည်မြဲရေးဆိုတဲ့ စိတ်ဓာတ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာပဲ။ ကျုပ်တို့ရဲ့ သမိုင်းအစဉ်အလာ အစစ်ကို မယုံရင် ဗဒုံ (ခေါ်) ဘိုးတော်ဧကရာဇ် ဘုရားတည် “ဘုရားကြီး” ကို သွားကြည့်ကြပါ။ ပြည်သူတွေ စားစရာမရှိ၊ ငတ်မွတ်ခေါင်းပါးတဲ့ ဘ၀မှာ ဘိုးတော်ဘုရင်က ပြည်သူသွေးချွေးနဲ့ ရင်းလို့ရလာတဲ့ ဥစ္စာနဲ့ ပြည်သူလုပ်အားကို အဓမ္မသုံးပြီး ဘုရားတည်ခဲ့တာပါ။

ဘိုးတော်ဘုရား တယောက်တည်း ဒီလိုကျင့်ကြံခဲ့တာ မဟုတ်ပါဘူး၊ ပဒေသရာဇ်ခေတ်ကတည်းက ကျုပ်တို့ ဗမာ အားလုံး အခက်ကြုံခဲ့တာတွေ အခုခေတ်မှာလည်း ဂယက်ရိုက်တုန်းပါပဲလား။ ကျုပ်တို့ ဘိုးဘွားဘီဘင်တွေ လက် ထက် ခေတ်အဆက်ဆက်က နိမ့်ကျတဲ့ ဒုတိယတန်းစား လူ့အလွှာအဆင့်မှာ ဆက်ဆံခံခဲ့ရတယ်။ နဖူးကချွေး ခြေမကျမှ ရတဲ့ ဆန်စပါး ကောက်ပဲသီးနှံတွေကို အခွန်ကောက်၊ အမြတ်ထုတ်၊ လက်ဝါးကြီးအုပ် သိမ်းပြီး အုပ်ချုပ်သူနဲ့ မင်းမြှောင်များ မြို့ကြီးသား လူ့ယဉ်ကျေးဆိုသူများက စားတော်ခေါ်ကြ၊ နိုင်ငံထူထောင်ကြတာ ဖြစ်ပါတယ်။

ဗမာအုပ်ချုပ်သူ၊ ရှမ်းအုပ်ချုပ်သူ၊ ရခိုင်အုပ်ချုပ်သူ၊ မွန်အုပ်ချုပ်သူ အစရှိသဖြင့် လူမျိုးတွေ၊ လူတန်းစားတွေ၊ ခေတ်တွေ ပြောင်းသွားပေမယ့် အကျင့်အကြံ အပြုအမူတွေကတော့ သူမသာ ကိုယ်မသာတွေပါ။ သက်ဆိုင်ရာ လူထုကြီးတွေကို ဂုံးပိုးစီးပြီး နိဗ္ဗာန်ကို ဖြတ်လမ်းက ရောက်ချင်သူတွေပါ။

ဒီလို ညစ်ပလီသမိုင်းဆိုးတွေနဲ့ ပတ်သက်လာရင် ကျုပ်တို့ရဲ့ခြံပေါက်အမျိုးသားရေး ၀ါဒီများအပေါ် သမိုင်းက၀ိကြီး တွေက သတ္တိရှိရှိ ပညာရှင် ကျင့်ဝတ်မသုံးဘဲ အမှန်ကို အမှန်အတိုင်း ဓမ္ဗဓိဌာန်ကျကျ မရေးကြတဲ့အပြင် ၎င်းတို့ ကိုယ်တိုင်က မျက်မှန်စိမ်းကြီးတွေ ဆိုဒ်စုံတပ်ပြီး ကလောင်သွေးခဲ့ကြတာ နှစ်တရာကျော်တောင် ရှိလာပြီပဲ။ ခေတ်မီဗမာ့အမျိုးသားရေးစိတ်ဓာတ်များ စတင်သန္ဓေတည်ခဲ့တယ်လို့ဆိုကြတဲ့ (၂၀) ရာစုဆန်းကစပြီး ကျုပ်တို့ ခြံပေါက် ရာဇ၀င်ဆရာကြီးများ ဖန်တီးခဲ့တဲ့ သမိုင်းကို ပြန်ကြည့်ကြရအောင်။

ဦးမေအောင် နဲ့ အဘိဓာန်ဆရာကြီး ဒေါက်တာ ဘဟန်က အစ သွေးအိုင်ထဲမှ မြန်မာ့ဒေါင်း အင်္ဂလိပ်-မြန်မာ ဆက်ဆံရေး သမိုင်း (၁၇၅၃ - ၁၉၄၈) ရေးသူ ကမ္ဘာကျော် မြန်မာပုံပြောဆရာကြီး ဒေါက်တာထင်အောင် အလယ်၊ မြန်မာအမျိုးသား လှုပ်ရှားမှုသမိုင်း(၁၉၄၀ - ၄၈) ရေးသူ ဗိုလ်မှူးချုပ် မောင်မောင်(ကွယ်လွန်) နဲ့ နောက် ဆုံး ခြေရာပျောက်များကို ရှာကြည့်ခြင်း ပုဂ္ဂလိက သမိုင်းရှာပုံတော် ရေးသူ ဒေါက်တာ သန့်မြင့်ဦး အထိ အားလုံး သော က၀ိကြီးများက ဗမာနိုင်ငံတော်ကြီးကို ဗဟိုပြုတင်ဆက်ထားတဲ့ အုပ်စိုးသူဗမာရေပေါ်ဆီတွေရဲ့သမိုင်းကို မသာ ပေါင်ဒါဖို့တာမျိုး ရေးသားကြတာပါ။

ဒီ ညစ်ပလီ အမျိုးသားရေး သမိုင်းအရဆိုရင် တိုင်းပြု ပြည်ပြု ဗမာမျိုးချစ်ကြီးများ လုပ်ဖို့ဆိုတာကတော့ ပြည်မနဲ့ လူမျိုးစုပြည်နယ်များ ပေါင်းစည်းရေးက အဓိကပေါ့ဗျာ။ ဒီမိုကရေစီနည်းနဲ့ပဲခေါ်ရခေါ်ရ၊ သေနတ်အားကိုးနဲ့ နဖား ကြိုးဆွဲခေါ်ရခေါ်ရဆိုတာမျိုးပါ။ ဒါကတော့ လုပ်ပုံလုပ်နည်းမှာ လူလိမ္မာနဲ့ လူမိုက် ကွဲခြားမှုလောက်ပါပဲ။ ရည်ရွယ် ချက်ကတော့ ဗမာကို အလယ်မှာထားပြီး လူနည်းစုလူမျိုးစုတွေက အစွန်အဖျားကနေရမယ့် ဗမာဗဟိုပြု ပြည် ထောင်စုကြီး ထူထောင်ဖို့ပါ။

တကယ်တော့ ကိုလိုနီခေတ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့သမိုင်းဟာလဲ သြဇာအာဏာကို လက်ဝါးကြီးအုပ်ထားတဲ့ ဗမာလူမျိုး မြို့နေလူတန်းစား ယောက်ျားရေပေါ်ဆီတွေရဲ့သမိုင်းပါ။

ကျုပ်တို့နိုင်ငံ ကိုလိုနီခေတ်မတိုင်မီက ညစ်ပလီ အတိတ်ဘ၀ကို ကိုယ့်အမျိုးလို့ဆိုပြီး သာသာထိုးထိုး ရေးခဲ့တဲ့ မျက်မှန်စိမ်း သမိုင်း အဖြစ်ကိုရော၊ လွတ်လပ်ရေးရပြီးခေတ် အမျိုးသားစိတ်မွှန်ပြီး လုပ်ခဲ့ကြတဲ့ သမိုင်းဖြစ်ရပ်များ ကိုပါ သတ္တိရှိရှိ ရင်ဆိုင်ဖို့ လိုပါတယ်။

၁၉၄၈ လွတ်လပ်ရေး လွန်ကာလမှာ ကိုယ့်မင်းကိုယ်ချင်းဆိုပြီး နိုင်ငံတော်ထူထောင်ရေး အမျိုးသားသမိုင်း က တကယ်တော့ ဖ ဆ ပ လ နိုင်ငံရေးသမားကြီးများနဲ့ နောက်ပိုင်းကာလ တပ်ထဲက ခေါင်းဆောင်ကြီး၊ ခေါင်း ဆောင်လတ်များက ဗမာဇာတိမာန် ဇာတိသွေးကြွပြီး အားနည်းတဲ့ လူမျိုးစုဝင်တွေကို ပြည်တွင်းဖြစ် ကိုလိုနီ လက်သစ်စနစ်နဲ့ အုပ်ချုပ်ဖို့၊ ဗိုလ်ကျဖို့ လုပ်တဲ့ ခေတ်သစ်ညစ်ပလီ သမိုင်းသာဖြစ်ပါတယ်။ အမျိုးသားဝါဒီ ဗမာနိုင်ငံရေးသမား၊ တပ်မတော်အရာရှိကြီးများ၊ ရေပေါ်ဆီ ပညာတတ်ကြီးများအပါအ၀င် အထူးသဖြင့်တော့ ငါးတောင်ဝတ် နိုင်ငံမျက်နှာဖုံး ဂုဏ်သရေမရှိ လူကြီးများက ကျန်တဲ့ ဗမာလူထုလူတန်းစားများနဲ့ လူမျိုးစုငယ်များ အပါအ၀င် ကုမ္မာရီမိန်းမ လူကြီးအားလုံးထက် ငါတို့ ငါးတောင်ဝတ် ဗမာအမျိုးသားရေးဝါဒီများက တမူးသာတယ် ဆိုတဲ့ အဓမ္မ အမြင်နဲ့ ရေးခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သမိုင်းပဲ ဖြစ်ပါတယ်။

၁၉၉၄ ဆောင်းရာသီအ၀င်လောက်မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် ယခင်တော်လှန်ရေး ကောင်စီဝင် တဦးဖြစ်ခဲ့ပြီး ဗမာ့သေနတ်ကိုင် တပ်ရင်း(၃) ရဲ့ တပ်မှူးကြီး ဗိုလ်မှူးကြီး ချစ်မြိုင်(အငြိမ်းစား)ကို ကျုပ် အင်တာဗျူး လုပ်ခဲ့တာ အလျင်းသင့်လို့ တင်ပြပါရစေ။

ဗိုလ်မှူးကြီး ချစ်မြိုင်ဟာ ကွယ်လွန်သူ NLD ဦးကြည်မောင် (ဗိုလ်မှူးကြီးဟောင်း နဲ့ တော်လှန်ရေးကောင်စီဝင် ဟောင်း)နဲ့ အတူ သံမဏိအဖွဲ့မှာ ပါခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေးမှာပါခဲ့သူ လူလေးစားခံခဲ့ရတဲ့ တပ်မတော် ခေါင်း ဆောင်ဟောင်းတဦးလည်း ဖြစ်ပါတယ်။

သူကတော့ ရိုးရိုးဖြောင့်ဖြောင့် သတ္တိရှိတဲ့ စစ်သားဟောင်းကြီးမို့လားတော့ မပြောတတ်ဘူး။ ကျုပ်တို့ ဗမာအမျိုး သားရေးဝါဒီ ခေါင်းဆောင်ကြီးတွေ တခြားလူမျိုးစုတွေကို ဘယ်လိုဖြစ်လို့ လုပ်တယ်ဆိုတာ ဘွင်းဘွင်းပဲ ပြော သွားခဲ့တာက ဒီလိုပါ။

၁၉၅၀ အစောပိုင်းကတည်းက ဗထူးတပ်မြို့ကွဲပြီး ရှမ်းပြည်မှာ သွားတည်တာ ရိုးရိုး သားသားမှ မဟုတ်ဘဲ၊ ရှမ်းတွေ ၁၉၅၈ ရောက်ရင် ခွဲထွက်မှာကို ဗျူဟာအရ ဟန့်တားဖို့နဲ့ စစ်ရေး အရ ခြေခွင်းဖို့ ဗထူးမြို့ကို စစ်အခြေခံ စခန်းအနေနဲ့ ဆောက်ပြီး စစ်ရေးပြင်ဆင်တာပါ။ DSA စစ်တက္ကသိုလ်ကြီးရဲ့မွေးဖွားရာလို့ဆိုရင်လည်း မမှားပါဘူး။

ဖ ဆ ပ လ ခေတ်နိုင်ငံရေး ခေါင်းဆောင်များကလည်း ဗိုလ်နေ၀င်းတို့ ဗိုလ်မောင်မောင်တို့နဲ့ နှစ်ပေါက်တပေါက် ရိုက်ပြီး ဒီစစ်ရေးပြင်ဆင်မှုတွေကို မသိကျိုးကျွန်ပြုပြီး နေခဲ့ကြတာပါ။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဦးအောင်ဆန်းက ဗမာတွေကို ကိုယ်စားပြုပြီး အသိအမှတ်ပြု လက်မှတ်ထိုး လက်ခံခဲ့တဲ့ ပင်လုံစာချုပ်ကြီးကို အိမ်သာသုံးစက္ကူလောက်တောင် တန်ဖိုးမထားဘူးဆိုတဲ့ သဘောရောက်ပါ တယ်။ ဒါကတော့ ဗမာနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဗမာအမျိုးသားရေး စစ်ဝါဒီတွေ ညစ်ပလီ ညစ်ပလစ်လုပ်ခဲ့ ကြတဲ့ သမိုင်းပုပ်ကို ပြန်လည်သုံးသပ်ခြင်းပါ။

ကျုပ်တို့ ဗမာအမျိုးသားရေး စစ်ဝါဒီ နိုင်ငံရေးသမားတွေနဲ့ ဒီဗိုလ်ချုပ်ကြီးတွေကို တိုင်းရင်းသားလူမျိုးစုတွေက တခါသေဖူးလို့ ပျဉ်းဖိုး သိနေပြီး မယုံကြတာ ဘယ်သူ့အပြစ်ပါလဲ။

အခုလဲ အပစ်အခတ် ရပ်စဲရေးသဘောတူညီမူတွေကို ယောက်ျားရင့်မာကြီးတွေလုပ်ပြီး ခုတမျိုး တော်ကြာတမျိုး မှောက်ချီလှန်ချီ လုပ်နေကြတော့ “ငြိမ်း” အဖွဲ့တွေခဗျာ အရူးမ လင်လုပ်တဲ့ဘ၀ကို ရောက်မှန်း မသိရောက်နေ တော့တာပေါ့။ မင်းတို့ဗမာတွေ “ညစ်ပလီ”တွေဆိုပြီး ပြောရင်လဲ ခေါင်မိုးက မလုံတော့ ရှက်ရှက်နဲ့ပဲ ခေါင်းငုံ့ခံရ မှာပါ။ ကိုယ့်လူတွေကမှ မရိုးသားကြတာကိုး။

အဲဒီ ၁၉၄၇ ခု ဖွား ဖွဲ့စည်းပုံအခြေခံဥပဒေကို အားမနာတမ်း ဝေဖန်ရရင်တော့ ဖက်ဒရယ် (သို့) ပြည်ထောင်စု ဆိုတာ နာမည်ခံပါ။ တကယ်ကြတော့ ဗမာအမျိုးသားရေးဝါဒီ နောင်တော်ကြီးများက လူမျိုးစုဝင် ညီငယ်တွေကို ဆရာလုပ် ဗိုလ်ကျ လူပါးဝဖို့ကို ဥပဒေနဲ့ညီတဲ့အသွင် ဆောင်အောင်လုပ်ထားတဲ့ အခြေခံဥပဒေသာ ဖြစ်ပါတယ်။ ရန်ကုန်က ၀တ်လုံတော်ရ ဦးရဲထွန်း ဖခင်ကြီး ဖြစ်ပြီး လွတ်လပ်သော မြန်မာပြည်ရဲ့ ပထမဆုံး တရား သူကြီးချုပ် ကွန်လွန်သူ ဦးချန်ထွန်း ပွင့်ပွင့်လင်းလင်း သုံးသပ်သွားတဲ့ ဥပဒေအမြင်ပါ။ ကျုပ် လံကြုတ်လုပ်ပြီး ပြောတာ မဟုတ်ပါဘူး။ ထားတော့ တခြား ဗမာမဟုတ်ဘဲ တိုင်းရင်းသားတွေဘက် လှည့်ကြရအောင်။

ဗမာတွေ လူမျိုးကြီး သမိုင်းကို မျက်မှန်စိမ်း ကပ်ကြည့်ပြီး ပြည်ထောင်စုကြီးကို မောင်ပိုင်စီးဖို့ လုပ်ပြီဆိုတော့ လူမျိုးစု အသီးသီကလည်း အားကျမခံ ဘူးပေါ့ဗျာ။ သူတို့တွေလည်း မျက်မှန်ဝါ ၊ စိမ်း၊ နီ၊ ပြာ ဆိုဒ်စုံတပ် ကိုယ့် လူမျိုးစုသမိုင်းကို ဇောင်းပေးရေး ဒါနဲ့ပဲ လူမျိုးရေး ပေါင်းစုံ ရောင်စုံမျက်မှန်တပ်ပွဲကြီး ကျင်းပခဲ့တာ လွတ်လပ်ရေး ရပြီးကတည်းက ခုဆို နှစ် (၆၀) ကျော်လာခဲ့ပြီ။

ခွေးသေ၊ ၀က်သေ သေတဲ့သူ၊ အသတ်ခံရတဲ့သူ၊ မုဒိန်းကျင့်ခံရတဲ့သူ၊ ကွဲတဲ့သူ၊ ပြဲတဲ့သူ၊ ဘ၀ပျက်တဲ့သူ များလွန်းလို့ အသုဘ စာရင်းကိုင်တွေတောင် မျက်ဖြူစိုက်နေတဲ့ ကျုပ်တို့နိုင်ငံရဲ့ ခေတ်သစ် နိုင်ငံရေးသမိုင်း။
လူမျိုးရေး ဇာတိသွေး၊ ဇာတိမာန်ဆိုတာ တန်ဆေး လွန်ဘေးပေါ့ဗျာ။ ဒီ လူမျိုးရေး စစ်ရေးသွေးကြွတာတွေ များလာတော့ ကျုပ်တို့အားလုံး ဘုရားဆုပန်ဆိုတဲ့ဘ၀ကနေ အမြီးပေါက်ပြီး တရားပျောက်တဲ့ဘ၀။ လူထုက စားဝတ်နေရေး ရုန်းကန်ရလို့ ကျောင်းပညာနဲ့ ဗဟုသုတ ကောင်းကောင်း မရှိနိုင်တဲ့ ဘ၀။

ပါရဂူဘွဲ့ရ က၀ိကြီးများ ကိုယ်တိုင်က မျက်မှန်အရောင်စုံတပ်ပြီး ရခိုင်ပြည်သည် ရခိုင်များအတွက်ဆိုပြီး သွေး စကားတွေ ပြောပြီး ခေတ်နောက်ပြန်စွဲ ညစ်ပလီသမိုင်းထဲမှဘဲ ယက်ကန်ယက်ကန် ပေါလောပေါလာ အဆင့် ကနေ တက်မလာကြတာကို ၀မ်းနည်းစွာ မြင်ရ ကြားရ ဖတ်ရပါတယ်။ ဥပမာ ပြရရင် ဧရာဝတီမှာ ပါသွားတဲ့ ဒေါက်တာ အေးကျော် ရဲ့ အင်တာဗျူး။ ကေအန်ယူ ခေါ် ကရင်အမျိုးသားအဖွဲ့ကြီးရဲ့ သင်ရိုးတွေမှာလည်း ဗမာတွေကို ကလော်တုတ်အောင် ဇောင်းပေးရေးထားတာ အားလုံးက သိကြပါတယ်။ ဒီလူမျိုးရေး အခြေခံ သွေးစော်နံတဲ့ သမိုင်းအမြင်နဲ့ လူမူနိုင်ငံရေး သဘောထား အကျင့်အကြံတွေဟာ ကျူပ်တို့ မဟာ ဗမာတွေနဲ့ “မဟာလူနည်းစု” ၀င်တွေကြားက ပြဿနာတင် မဟုတ်ပါဘူး။

ဗမာတွေကို မဟာဗမာတွေ ဆိုပြီး ကလော်တုတ်ပြီး ဆန့်ကျင်နေတဲ့ ရှမ်း၊ ကချင်၊ ရခိုင် စတဲ့ မဟာလူနည်းစုဝင် များက ၄င်းတို့ထဲမှာ ကြားညပ်နေတဲ့ လူမျိုးစု အငယ် ဘုစု ခရု မှန်သမျှကို မဟာလူနည်းစု ၀ါဒကိုင်စွဲပြီး ညစ် ကျယ်ကျယ်လုပ်ပြ ဗိုလ်ကျ လုပ်တာ မမြင်ချင် မကြားချင်လို့ မရတဲ့ အနေအထား၊ သွေးကိုပဲ အခြေခံခံ၊ ဒေသ အရ အသံထွက် ကွဲပြားတာကိုပဲ ကြည့်ကြည့် ကိုးကွယ်တဲ့ဘုရားမတူတာဘဲ အဓိကထားထား ကျုပ်တို့အားလုံး တမျိုးနဲ့ တမျိုး တဖွဲ့နဲ့ တဖွဲ့ လူမျိုးရေး၊ ဘာသာရေး မှိုင်းတွေမိပြီး ညစ်ပလစ်၊ ညစ်ပလီ နိုင်ငံရေး လုပ်နေကျ တာပဲဗျာ။

ရှည်ရှည်ဝေးဝေး မကြည့်ပါနဲ့၊ ရခိုင်က မဟာမေဒင် ကုလားတွေကို နှိပ်ကွပ်ဖို့ ကြံ၊ ဗုဒ္ဓဘာသာ ကရင်တပ်မတော် ကြီးက အစဉ်အလာအရ ခရစ်ယာန်တွေရဲ့ KNU အဖွဲ့ဝင်တွေကို မေတ္တာရှေ့ထားပြီး လိုက်သတ်၊ ဂျိန်းဖောတွေ က လီဆူးတွေကို ဗိုလ်ကျ၊ ဒါတွေပြောမယ်ဆိုရင် ပြောမဆုံးပေါင် တော သုံးထောင် ဆိုတာလိုမျိုး။

လက်ရှိ စစ်ပါတီများ ချယ်လှယ်တဲ့ န အ ဖ အစိုးရ ကြည့်ပြန်တော့ ဒီလောက်ကြီးတဲ့ “သွေး” ပြဿနာထုကြီးကို ပေါ့သေးသေး နိုင်ငံရေး သူငယ်နာရယ်လိုများ သဘောထားသလား မသိပါဘူး။ လူမျိုးရေးကိစ္စကို “နယ်ခြားစောင့် တပ်”ရဲ့ စစ်သားစုဆောင်းရေးပြဿနာ သဘောလောက်ပဲ ဒီမောင်တွေ သဘောထားပုံရတယ်။

NLD က ဒီမိုကရေစီ ထုတ်ဆေး မန်းဆေးနဲ့ လူမျိုးရေးကို ကိုင်မယ်၊ ကုမယ်။ န အ ဖ စစ်ပါတီကြီးများက M.1 M.2 M.3 ခေါ် မောင်းပြန် ဆေးကြိမ်လုံးတွေနဲ့ လူမျိုးရေး အမင်းထုတ်မဲ့ ဟန်။ ဒါကတော့ တိုင်းပြည်ကြမ္မာကို သုံးသပ်ကြည့်တာပါ။ ဖြစ်နေတာက နာတာရှည် ကင်ဆာ၊ ကုမဲ့သူတွေက စစ် ဆရာ ကြီး တွေ။ လူမျိုးစု၊ လူမျိုးကြီး ပြဿနာဆိုတာ စိတ်ပိုင်းဆိုင်ရာ ၀ါဒရေးရာပြဿနာပဲ ဆိုပြီး ကန့်ကြည့်လို့ မရပါဘူး။

ဒီ အပေါ်ယံ သွေး စကားပြောတာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြည့်မယ်ဆိုရင် လူ့အလွှာတွေ၊ လူမျိုးအစုတွေ ထဲမှာ အနိုင်ကျင့်မူ၊ စီးပွားရေး ကုပ်သွေးစုတ်မူတွေ အဖုံဖုံတွေ့ရမှာပါ။

“ကမ္ဘာမကြေ”ဆိုတဲ့ အသံကြားလိုက်တာနဲ့ ဗမာတွေ အားလုံး ရုပ်ရှင်ရုံထဲ မတ်တပ်ထရပ် လောက်အောင် ခေါက် ရိုးကျိုးတဲ့ အထိ အမျိုးသားရေး မျက်မှန်ရောင်စုံတပ်ခံထားရတော့ ဗမာအချင်းချင်း၊ ရှမ်းအချင်းချင်း၊ ကရင် နဲ့ ကချင် အချင်းချင်း ဒါမှမဟုတ် ကျုပ်တို့တမြေတည်းနေ တပြည်ထောင်စုသားတွေ မုဒိတာ ပွားကြမယ်လို့ ထင်ပါ သလား။ သတိမျက်မှန်လေးကပ်ပြီး ကြည့်လိုက်ပါ။ ဟင်္သာကိုးသောင်း ဇာတ်တူသားစား ဇာတ်ခင်းနေတာ မမြင် ချင် အဆုံး။

ရခိုင်ကမ်းလွန်နဲ့ ကန်းခြေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူး၊ ရေနက်သင်္ဘောဆိပ်တွေ ဆောက်တာ ဘယ်သူ့အမိန့် နဲ့ ဘယ်သူ့အကျိုးအတွက်လဲ။ မွန်တွေရဲ့ဒေသ မုတ္တမ ပင်လယ် ကွေ့မှာ သဘာဝဓာတ်ငွေ့တူးပြီး ရလာတဲ့ ဘဏ္ဍာတွေ ဘယ်ရောက်သွားလဲ။ ဘယ်သူ့ အတွက်လဲ၊ ကရင်တွေရဲ့ ကော်သူလေးပြည်မှာ ကျွန်းနဲ့ တခြား သစ် မာတွေ ခုတ်ရောင်းတာ ဘယ်သူတွေ အမြတ်ရသလဲ။ ဒေသခံ ပြည်သူတွေလား။ ကြေးနီ၊ ကြေးဝါ၊ သံနဲ့ ယူရေ နီယမ် ထွက်တာ တူးတာက ရှမ်း၊ ကချင်၊ ကရင်နီဒေသတွေများတယ်။ ဒါတွေထုတ်ရောင်းတော့ အဲဒီနယ်တွေက ပြည်သူတွေ ဘာတွေများ အကျိုးအမြတ်ရပါသလဲ။ ဒီအမြတ်တွေ၊ သယံဇာတတွေ ဘယ်နားရောက်သွားသလဲ။ လို့ မေးကြည့်ပါဦး။

ကျုပ်တို့ နိုင်ငံမှာ လူသန်း ၅၀ ကျော်ရှိတာ ဘယ်လူတန်းစားက ဆန်စပါး၊ ကောက်ပဲသီးနှံတွေ စိုက်ပျိုးထုတ်လုပ် ပေးပြီး အဲဒီ လူတန်းစားရော စားဝတ်နေရေး ရုံးကန်ရတဲ့ဘ၀ကလွတ်ဖို့ အနေအထား ရှိပါသလား။ တံငါသည် တွေ၊ တောင်သူလယ်သမားတွေ ထမင်းရည်ကို ပုလင်းနဲ့ ၀ယ်သောက်ရတယ်လို့ ကြားဖူးပါတယ်။ မြန်မာပြည်ကြီး ရဲ့ ပါမစ်အခြေခံတဲ့ စီးပွားရေးစနစ်ပျက်ကြီးကို ကြိုးကိုင်ပြီး ပထွေးသေလို့ အမွေရတဲ့ ကုန်စုံဆိုင်ကြီးလို လက်ဝါး ကြီးအုပ် အမြတ်ထုတ်နေတာ ဘယ်သူတွေလဲ။ ဘယ်လူတန်းစား ပါလဲ၊ တို့ တိုင်းဌာနေလို့ ဆိုတဲ့ ရွှေဝါပြည် ကြီး မှာ တို့တာဝန်ကြီး သုံးပါးဆိုတာ ဘယ်ခေါင်းဆောင်ကြီးရဲ့ ရွှေဉာဏ်တော်စူး ရောက်မှုပါလဲ။

ဒီမေးခွန်းတွေကို မေးဖို့၊ ဖြေနိုင်ဖို့ ပါရဂူဘွဲ့လည်း မလိုဘူး။ ရေပေါ်ဆီ နိုင်ငံရေးသမား၊ တိုင်းပြုပြည်ပြု သမားတွေ ဖြစ်ဖို့လည်း မလိုပါဘူး။ ဘယ်ဆုရမှ ဘွဲ့ ရမှ အဖြေမှန် ထွက်နိုင်တာလဲ မဟုတ်ပါဘူး။ ဓမ္မာစရိယလည်း အောင်စရာ မလိုပါဘူး။

သာမန်ပြည်သူ အခြေခံလူတန်းစားကအစ ရွှေကိုင်းမျက်မှန်နဲ့ ခါတော်မီ ကိုယ်တော်လေးတွေ အဆုံး ဖြေနိုင်တဲ့ နိုင်ငံရေးပဟေဠိ တွေပါ။

ဗမာတွေ အပါအ၀င် တိုင်းရင်းသား လူမျိုးစု အားလုံးပါ အသည်းနာဖို့ ကောင်းတာက လွတ်လပ်ရေးရတာ နှစ် (၆၀) ကျော်ပါပြီ။ မျက်မှောက် တို့တိုင်းဌာနီကြီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ လူမျိုးရေး အနေအထားတွေ ဟာ ကိုလိုနီ နှစ်ထပ်ကွမ်း အနေအထားပါ။

လူမျိုးစုတွေဘက်က ကြည့်ရင် မျက်မှောက်မြန်မာပြည်ကြီးဟာ မဟာဗမာ စစ်ဝါဒီ တွေရဲ့ လူမျိုးရေး ဗိုလ်ကျမူ၊ စီးပွားရေး ကုပ်သွေးစုတ်မူနဲ့ နယ်ချဲ့သိမ်းပိုက်မူ ဘ၀မှာ နေရတယ်လို့ ပြောလာရင် မှန်တယ်လို့ပဲ ၀န်ခံရမှာပါ။

မျက်မှောက် တို့တိုင်းဌာနီကြီးက သူတို့ အတွက်တော့“လူမျိုးရေး ကိုလိုနီစနစ်”ပါပဲ။ ဗမာအရပ်သား ပြည်သူတွေ (စီးပွားရေးသမား၊ ပညာရှင်၊ အနုပညာသမား၊ လက်လုပ်လက်စားနဲ့ တောင်သူလယ်သမား၊ စက်ရုံ အလုပ်သမား၊ ပြည်သူ့ဝန်ထမ်းတွေအပါအ၀င် ဘုန်းတော်ကြီး၊ သီလရှင်တွေ အားလုံး) ဘက်က ကြည့်ပြန်တော့ သေနတ် အားကိုး နသားပါးရ အုပ်ချုပ်တဲ့ ပြည်တွင်းဖျက် ကိုလိုနီ ယန္တရားထဲမှာ ပြားနေအောင် ၀ပ်နေရတဲ့ “စစ်ကိုလိုနီ”စနစ်။

ဒါကြောင့် တို့တိုင်းဌာနေကြီးကို “ကိုလိုနီ နှစ်ထပ်ကွမ်း” လို့ တင်စားလိုက်တာပါ။ နာဂစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ဒီမိုကရေစီ ဆိုပြီး လူကြားကောင်းအောင် အော်ပြီး ၂၀၁၀ ရွှေးချယ်ပွဲကနေ ဒီ ပြည်ဖျက် “ကိုလိုနီနှစ်ထပ်ကွမ်း” ကို စင်တင်မှာ ဖြစ်ပါတယ်။

အချုပ်တန်းဆရာဖေများ သက်ရှိထင်ရှားရှိဦးမယ် ဆိုရင် “ညစ်ပလီ”များပေပဲ ဆိုပြီး ကလောင်နဲ့ တွယ်လိုက်ဦး မယ် ထင်ပါတယ်။

ပညာရှင် တယောက်အနေနဲ့ရော ဗမာတယောက်အနေနဲ့ပါ အော့နှလုံးနာမိတာကတော့ အရပ်သား ပညာရှင် က၀ိကြီးများက ကျုပ်တို့ လူမျိုးချင်းချင်း ကိုလိုနီစနစ်မှာ အုပ်ချုပ်မယ့် စစ်ဝါဒီဝင်တွေကို မျိုးချစ်ကြီးများရယ်လို့ သတ်မှတ်ပြီး ရေးကြ၊ သုံးသပ်ကြ၊ ဟောပြောကြနဲ့ ပညာရှင် သိက္ခာမစောင့် လုပ်နေကြတာပါပဲ။

အဲဒီ က၀ိကြီးတွေ နိုင်ငံရေး ဗေဒင်ဆရာတွေ ရေး၊ ပြော၊ ဟောတာတွေက စစ်ဝါဒီ တွေရဲ့လက်အောက်မှာ နင်းပြားကျွန်နှစ်ထပ်ကွမ်း ပြည်သူလူထု တိုင်းရင်းသားအစုအားလုံးကို စော်ကားမော်ကား လုပ်တာပါပဲ။
လူလူချင်း လူပါးဝပြီး သွေးစုတ်ကြ၊ အနိုင်ကျင့် ကြနဲ့ စခဲ့တဲ့ ပဒေသရာဇ် စနစ်ဆိုးတွေရဲ့ ကြားက ဖြတ်သန်းလာ ခဲ့တဲ့ မြန်မာလက်နက်နိုင်ငံကြီးတွေကို ပြည်ထောင်စုရဲ့ အခြေခံအုတ်မြစ်အသွင် လံကြုတ် လုပ်ကြံရေးထားတဲ့ မုသာဝါဒ အမျိုးသားသမိုင်းကို ကျုပ်တို့ ဇီဝိန်ဖြုတ်ဖို့ လိုပြီ။

“နိုင်ငံတော်သည် အမိ၊ နိုင်ငံတော်သည် အဖ” ဆိုတဲ့ နိုင်ငံတော်ဝါဒီ များ၊ မကျက်တကျက် အမျိုးသားဝါဒီ ပညာတတ်လူတန်းစားများ က၀ိကြီးများ က ကျုပ်တို့ လူထုကြီးကို ဆက်ပြီး သမိုင်းမျက်မှန်စိမ်းတပ်ပေးပြီး မြက်ကျွေးတာကို အဓိက ပြဿနာကြီး တရပ်အနေနဲ့ ရှုမြင်ဖို့ လိုပါတယ်။

ကျုပ်တို့ ပြည်သူတွေ၊ လူမျိုးစုတွေဟာ ဒီ“သွေး”၀ါဒီတွေကို ကျော်ပြီး စည်းစည်းလုံးလုံးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်ချင်တယ်ဆိုရင် ဗမာလူမျိုးကြီးဝါဒ သမိုင်းအပင်းသွင်းတာကိုပဲဖြစ်ဖြစ်၊ တခြားလူမျိုးစု မျက်မှန်စိမ်း တပ်တာကိုပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား လက်မခံကြဖို့ လိုပါတယ်။



စာရေးသူ၏ “ ကျုပ် ” အခေါ်အဝေါ်ပေါ် ရှင်းလင်းချက်


ဒီဆောင်းပါးမှာ အညာဆန်ဆန် မိမိကိုယ်မိမိ “ကျုပ်” လို့ ရည်ညွန်း သုံးစွဲထားတာကို လူယဉ်ကျေး အရပ်က မန္တလေးသား အပြောအဆို ရိုင်းပါဘိလို့ မယူဆစေလိုပါ။ ဗမာပြည်သူတွေကို ခေတ်အဆက်ဆက်က နာမ်နှိမ်ပြီး စော်စော်ကားကား “င” နဲ့ တပ်ခေါ်၊ ကျွန်တော်မျိုး ကျေးတော်မျိုး ဆိုပြီး၊ လက်အုပ်ချီခိုင်း၊ ဒူးထောက် ခိုင်းနဲ့ အုပ်ချုပ်သူများကတော့ ရွှေလင်ပန်းနဲ့ အချင်းဆေးတဲ့ မင်းမျိုးမင်းဆွေတွေဆိုပြီး လူပေါ်လူစော် လုပ်တဲ့ ယဉ်ကျေးမှုကို တမင်ရှုတ်ချတဲ့အနေနဲ့ ကျွန်တော်အစား “ကျုပ်”လို့ သုံးနှုန်းခြင်း ဖြစ်ပါတယ်။ ရိုင်းတယ်လို့ ကောက်ချက် လိုသူများကိုတော့ မြန်မာပြည် လွတ်လပ်ရေးရအောင် ဦးဆောင်ခဲ့သူများမှာ “အရိုင်း”လို့ သမုတ်ခံ၊ တဇောက်ကန်းလို့ သတ်မှတ်ခံခဲ့ရတဲ့ ကိုအောင်ဆန်းနဲ့ လူမိုက်များသာ ဖြစ်ကြတယ် ဆိုတာ သတိမူကြ စေချင်ပါကြောင်း။



ဒေါက်တာဇာနည်သည် မြန်မာပြည် လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Burma Coalition) ကို စတင် တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ယခုအခါ အောက်စဖို့ဒ်တက္ကသိုလ်တွင် ဧည့်သုတေသီ ပညာရှင် အဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါသည်။

Saturday, November 07, 2009

{ထိတွေ့ဆက်ဆံရေးမူဝါဒ မြန်မာဗိုလ်ချုပ်ကြီးများ လက်ထဲ ရောက်သွားပြီလော }(Click)


ထိတွေ့ဆက်ဆံရေးမူဝါဒ မြန်မာဗိုလ်ချုပ်ကြီးများ လက်ထဲ ရောက်သွားပြီလော

မဇ္ဈိမသတင်းဌာန
စနေနေ့၊ နိုဝင်ဘာလ 07 ရက် 2009 ခုနှစ် 12 နာရီ 22 မိနစ်


မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေးမူဝါဒကို ထုတ်ဖော်ကြေညာခဲ့ပြီးနောက် အမေရိကန်သမ္မတ မစ္စတာ အိုဘားမား အစိုးရသည် ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သူ၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို နေပြည်တော်သို့ စေလွှတ်လိုက်သည်။

ပထဝီဝင်နိုင်ငံရေးအရ ပြိုင်ဆိုင်မှုများရှိလာ၍လည်းကောင်း၊ အမေရိကန်မူဝါဒဟောင်းဖြစ်သော အထီးကျန် ပစ်ပယ်ထားခြင်းနှင့် ဒဏ်ခတ်အရေးယူခြင်းမှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအပြောင်းအလဲများ ဖြစ်ပေါ်လာအောင် မစွမ်းဆောင်နိုင်၍လည်းကောင်း၊ အမေရိကန်မူဝါဒ ရေးဆွဲသူများသည် အခြားရွေးစရာ လမ်းမရှိတော့ဘဲ ဆုပေးဒဏ်ပေးစနစ်ကိုသာ ကျင့်သုံးရန် ရွေးချယ်ခဲ့ကြရသည်။ သို့သော် မြန်မာဗိုလ်ချုပ်ကြီးများကို အနည်းဆုံး မကြာခင်ကာလ၌ ဒဏ်ပေးရန် အကြောင်းမရှိ၍ လောလောဆယ် အမြတ်ထွက်မည့်သူမှာ နေပြည်တော်ရှိ အစိမ်းရောင် ယူနီဖောင်းဝတ် ဗိုလ်ချုပ်ကြီးများသာ ဖြစ်သည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကင်းဘဲလ်နှင့် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာဆီယယ်သည် သူတို့၏ မြန်မာနိုင်ငံသို့ အချက်အလက် ရှာဖွေရေး ၂ ရက်ကြာ ခရီးစဉ်ကို မကြာခင်က အဆုံးသတ်ခဲ့သည်။ ဤခရီးစဉ်အတွင်း သူတို့သည် ဝန်ကြီးချုပ်သိန်းစိန်နှင့် ဝန်ကြီးဦးသောင်း အပါအဝင် စစ်အစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့သည်။ ဦးသောင်းကို အမာလိုင်း သမားတဦးဟု လူအများက သိရှိကြပြီး၊ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူယုံတော်လက်ရုံးတဦးလည်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း သူတို့သည် အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်များ၊ အတိုက်အခံ တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်များ၊ စစ်အစိုးရ လိုလားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ကိုယ်စားလှယ်များ စသည်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ USDA ကို အတိုက်အခံ တက်ကြွလှုပ်ရှားသူများကို အကြမ်းဖက် တိုက်ခိုက်နှိမ်နင်းတတ်သူများအဖြစ် ကြာမြင့်စွာကတည်းကပင် သိရှိထားကြသည်။

သို့သော် မကြာခင်ကာလအတွင်း ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ်လာရေးမှာမူ အတော်ပင် အခွင့်အလမ်း နည်းပါးနေဆဲ ရှိသေးသည်။ နှစ်ဖက်လုံးတွင် ကွဲလွဲချက်များက ကြီးမားစွာ တည်ရှိနေဆဲ ဖြစ်သည်။ ဗိုလ်ချုပ်ကြီးများဘက်က သူတို့နှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ဒဏ်ခတ်မှုများကို အမေရိကန်နှင့် သူ့မဟာမိတ်များက ရုပ်သိမ်းပေးစေလိုသည်။ အငြင်းပွားဖွယ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် စောဒက မတက်ဘဲ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်ခံအသိအမှတ်ပြုစေလိုသည်။

အဆိုပါ ဖွဲ့စည်းပုံကို စောဒကတက်စရာ တပုံကြီးနှင့် ၂ဝဝ၈ ခုနှစ် မေလက ကျင်းပခဲ့သော ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုထားခြင်း ဖြစ်သည်။ သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအဝင်ဖြစ်သော သူတို့၏ မဟာမိတ်အဖွဲ့အစည်းများကမူ ဤဖွဲ့စည်းပုံသည် စစ်တပ်ကြီးစိုးမှုကို တရားဝင် အတည်ဖြစ်အောင် ရည်ရွယ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံတရပ်သာဖြစ်ပြီး၊ ထိုဖွဲ့စည်းပုံအောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲဆိုသည်မှာလည်း အတုအယောင်သာ ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆကြသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဟု ခေါ်သော စစ်ကောင်စီကမူ တိုင်းပြည်အပေါ် ကျရောက်လာမည့် အကျိုးသက်ရောက်မှု အားလုံးကို လျစ်လျူရှုကာ နိုင်ငံတကာ သံတမန်ရေးကစားပွဲတွင် ဝင်ရောက်ကစားရန် ရည်ရွယ်ထားပုံရသည်။ သူတို့က တရုတ်ဖဲချပ်ကိုပြပြီး အမေရိကန်ကို ဆွယ်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အိမ်နီးချင်းနိုင်ငံများမှ သူတို့လိုချင်သော ထောက်ခံမှု ရနိုင်သည်ဆိုသည်ကိုမူ စစ်အစိုးရ ကောင်းစွာ သိသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ဗီတိုအာဏာပိုင်ဆိုင်ထားသော တရုတ်နိုင်ငံထံမှ ထိုသို့သော ထောက်ခံမှုမျိုး ရရှိနိုင်သည်။

အကယ်၍ မည်သူ့ကို ဆရာတင်ရမည်ကို အတင်းအကျပ် ရွေးချယ်ခိုင်းသည့် အခြေအနေမျိုးနှင့် ကြုံလာလျှင်မူ မြန်မာဗိုလ်ချုပ်ကြီးများသည် အမေရိကန်နှင့် အမေရိကန်၏ ဒီမိုကရေစီ မဟာမိတ်များကို ပစ်ပယ်ကာ ရွေးချယ်ထားသော အထီးကျန် မူဝါဒဆီသို့ ပြန်လှည့်မည့် အခြေအနေမျိုး ရှိနေသည်။

မိမိဘာသာ ခန့်အပ်ထားသော ဒိုင်လူကြီးဖြစ်သည့် အမေရိကန်နိုင်ငံကလည်း သူတို့၏ မူဝါဒ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းမှ ရေတိုအတွင်း ရလဒ်များများစားစား ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားပါ။ တဆင့်ပြီးတဆင့် သွားရမည့် လုပ်ငန်းစဉ်တရပ်သာ ဖြစ်သည်ဟု အကြောက်အကန် ပြောနေဆဲ ဖြစ်သည်။ သို့သော် မည်သို့ပင်ဆိုစေ ဤချဉ်းကပ်မှုသစ်၏ မြင့်မြတ်သော ရည်ရွယ်ချက်ကိုတော့ ရှုပ်ထွေးမသွားစေသင့်ပါ။ ဤမူဝါဒသစ်အရ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ပြောင်းလဲရာတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လူမျိုးစုများနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းမှတဆင့် ပြောင်းလဲရေးလမ်းကို အကူအညီပေးသွားရေး ဖြစ်သည်။

ထို့ပြင် အမေရိကန်က မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု မူဝါဒသစ်ကို တိုးတက်ကျင့်သုံးမည့် အရိပ်အယောင် လက္ခဏာများကို မြင်တွေ့နေရပြီဖြစ်သည်။ ဥရောပသမဂ္ဂကလည်း ဤကမ္ဘာ့အင်အားလွန် နိုင်ငံကြီး၏ လမ်းကြောင်းအတိုင်း လိုက်တော့မည်မှာ သေချာသလောက်ပင် ရှိနေသည်။

ဤနေရာတွင် ပေါ်ထွက်လာသည့် မေးခွန်းမှာ အမေရိကန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကဲ့သို့ နိုင်ငံခြားသား မုန်းတီးရေး ရောဂါစွဲကပ်နေသော၊ အတ္တကြီးသော၊ သက်ဦးဆံပိုင် အာဏာရှင်ဖြစ်သော လူတဦး၏ စဉ်းစားပုံစဉ်းစားနည်းကို ပြောင်းလဲလာအောင် လုပ်နိုင်ပါ့မလားဟူသည့် မေးခွန်းပင်ဖြစ်သည်။ အစွပ်အစွဲတွေ တလှေကြီး ရှိခဲ့သော ၂ဝဝ၈ ခုနှစ် မေလ ဖွဲ့စည်းပုံဥပဒေ ဆန္ဒခံယူပွဲတုန်းကကဲ့သို့ပင် နောက်တကြိမ် ရွေးကောက်ပွဲများ လုပ်မလာအောင် စစ်အစိုးရကို သူတို့ ဟန့်တားနိုင်ပါ့မလား။ စိုးရိမ်ဖွယ်ကောင်းလှသည့် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးအဆက်အဆံများ ရပ်တန့်သွားအောင် လုပ်နိုင်ပါ့မလား။ မေးခွန်းများက တပုံတပင်ရှိသည်။

ထို့ပြင် အကယ်၍များ စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ ပြဿနာများကို ဆွေးနွေးညှိနှိုင်းရန် ငြင်းဆန်ခဲ့လျှင်၊ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့ခြင်းကို ငြင်းဆန်ခဲ့လျှင် အတိုက်အခံများဘက်ကရော ဘာလုပ်မည်လဲဆိုသည့် မေးခွန်းမျိုးများ ဖြစ်သည်။

မစ္စတာ အိုဘားမားအစိုးရက မြန်မာနိုင်ငံနှင့်၊ အနိမ့်ဆုံးအားဖြင့် မြန်မာ့ဒီမိုကရေစီ အတိုက်အခံများအပေါ် အကောင်းဆုံး ရည်ရွယ်ချက်များ ထားရှိသည့်တိုင် နေပြည်တော်ရှိ စစ်အစိုးရဘက်က အသာစီးရနေဦးမည့် အနေအထားမျိုးပင် ရှိနေသည်။

Friday, November 06, 2009

{အမျိုးသားပြန်လည်သင့်မြတ်ရေး အပေးအယူ}(Click)



အမျိုးသားပြန်လည်သင့်မြတ်ရေး အပေးအယူ

ကျော်ဗလ

၆ နိုဝင်ဘာ ၂၀၀၉
line

Sanction ကို ဆန့်ကျင်တယ်ဆိုတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်ရောက်လာချိန်မှာ နအဖအဖွဲ့က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသလို လိုက်လျောမှုတွေကိုလည်း မကြုံစဖူး ထူးထူးခြားခြား ပေးခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်း မြန်မာပြည်လာစဉ်က အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တာတောင် တွေ့ခွင့်မရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဂျင်ဝက်ဘ်ဟာ တွေ့ခွင့်ရခဲ့ပါတယ်။ ဂျင်ဝက်ဘ်အပြန်မှာ နအဖက ဘယ်လိုလက်ဆောင်တွေ ထည့်ပေးလိုက်တယ်ဆိုတာ သိခွင့်မရခဲ့ပေမယ့် ပြဿနာကောင် ယက်တောကိုတော့ အိမ်ပြန်လက်ဆောင်အဖြစ် ထည့်ပေးလိုက်ပါတယ်။

ဒီလိုနဲ့ ဂျင်ဝက်ဘ်လည်း မြောက်ကိုရီးယားပြန် သမ္မတဟောင်း ကလင်တန်လိုပဲ ၀ါရှင်တန်ရဲ့ လှိုက်လှဲစွာကြိုဆိုခြင်းကို ခံခဲ့ရပါတယ်။ အလိုက်အလွန်သိတတ်တဲ့ ဂျင်ဝက်ဘ်ကလည်း မြန်မာပြည်ခရီးစဉ် အောင်မြင်မှုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ နအဖအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု (Sanction) အလုံးစုံကို ရုပ်သိမ်းပေးကြဖို့ ဆောင်းပါးရေးသားတောင်းဆိုလိုက်ပါတယ်။ ဂျင်ဝက်ဘ်က Sanction ရုပ်သိမ်းပေးရေးအတွက် ဗျိုး ဟစ်လိုက်တာနဲ့ တပြိုင်နက် နအဖလိုလားတဲ့ ပြည်တွင်းပြည်ပမီဒီယာတွေကလည်း ၀ိုင်းပြီး သျှိုးလိုက်ထောက်ခံကြတော့တာပါပဲ။

အမှန်တော့ ဂျင်ဝက်ဘ်ရဲ့ မြန်မာပြည်ခရီးစဉ်ဆိုတာ အိမ်ဖြူတော်နဲ့ စည်းဝါးကိုက် လက်ဝါးရိုက်ထားတဲ့ သံတမန်ရေးရာ ဗျူဟာတခုသာ ဖြစ်ပုံရပါတယ်။ “ကျနော်တို့ ပြောင်းလဲဖို့လိုလာပြီ” ဆိုတဲ့ ကြွေးကြော်သံနဲ့ သမ္မတ အရွေးခံခဲ့ရတဲ့ အိုဘားမားအနေနဲ့ အရင်သမ္မတ ဘုရှ်နဲ့ မတူတဲ့ သဘောထားချဉ်းကပ်မှုတွေကို ပြသဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် အာဖဂန်၊ အီရတ်၊ အီရန်၊ မြောက်ကိုရီးယား၊ ကျူးဘား၊ မြန်မာ စတဲ့ အပူစက်တွေ ထွက်ပေါ်လာနိုင်တဲ့ နေရာတွေမှာပေါ့။ အရင်သမ္မတဘုရှ်က ဒီတိုင်းပြည်တွေအပေါ်မှာ တင်းမာတဲ့ စကားလုံး၊ တင်းတောင့်တဲ့ မူဝါဒတွေနဲ့ လိုအပ်သလို Hard Power ကို သုံးခဲ့ပါတယ်။

အိုဘားမားကတော့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးရေး Dialogue တွေလုပ်ပြီး Soft Power နဲ့ ချဉ်းကပ်ဖြေရှင်းနိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။ အိုဘားမားအနေနဲ့ အခုလိုသဘောထားတွေ၊ ချဉ်းကပ်နည်းတွေ ပြောင်းလဲကျင့်သုံးလို့ရပါတယ်။ ဒါပေမယ့် အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီထွန်းကားပြန့်ပွားရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေးဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ နှုန်း၊ စံ၊ တန်ဖိုးတွေ၊ အခြေခံပေါ်လစီ၊ မူဝါဒတွေကို ပြောင်းလဲပစ်လို့တော့မရပါဘူး။ ဒါကြောင့် Soft Power သုံးပြီး ချည်းကပ်ကြည့်မယ်၊ မရရင်တော့ ပိတ်ဆို့မှုအပါအ၀င် Hard Power လည်း ကျင့်သုံးရမယ်ဆိုတဲ့ Smart Power မူဝါဒကို အိုဘားမားက နိုင်ငံခြားရေးမူဝါဒ အခြေခံအဖြစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

Sanction ရုပ်သိမ်းပေးရေးအတွက် အမေရိကန်နဲ့ အဆင်ပြေချင်တဲ့ နအဖကလည်း အမေရိကန်သမ္မတတွေရဲ့ သဘောထားပေါ်လစီ အလှည့်အပြောင်းမှာ ဘယ်အပေါက်က ၀င်ရမယ်လို့ အခွင့်အခါကောင်း ချောင်းနေချိန် ဂျင်ဝက်ဘ်ဆိုတဲ့ ကယ်တယ်ရှင်ကို ဖန်ဆင်းလိုက်ပုံရပါတယ်။ ဂျင်ဝက်ဘ်စလိုက်တဲ့ ခရီးစဉ်နောက်မှာ တနွယ်ငင်တစင်ပါဆိုသလို ကွန်ဂရက်နဲ့ နိုင်ငံခြားရေးဌာနရဲ့ သံတမန်ရေးလှုပ်ရှားမှုတွေ တထွေးကြီးလိုက်ပါလာကြတာ၊ ခုနောက်ဆုံး အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်အထိပါပဲ။

Sanction ကို ရုပ်သိမ်းပေးကြဖို့ မီဒီယာတွေကတဆင့် ဝေဖန်တိုက်တွန်းနေကြတဲ့ အသံတွေကလည်း တမိုးလုံးညံနေပါပြီ။ “ဗမာပြည်အပေါ်မှာ Sanction ကျင့်သုံးမှု” ဆိုတာ ဘာမှမထိရောက်ပါဘူးလို့ တချိန်လုံးပြောနေကြသူအများစုဟာ အချောင်နိုင်ငံရေး နလပိန်းတုံးတွေ၊ နအဖ အလိုတော်ရိတွေပဲ။ Sanction လုပ်တာ မထိရောက်ဘူးဆိုရင် ဘာဖြစ်လို့ နအဖအဖွဲ့အနေနဲ့ ရုပ်သိမ်းပေးဖို့ ပျာယီးပျာယာ မျက်ဆံပြာ အစိုးရိမ်ကြီးစွာ ကြိုးပမ်းနေကြပါသလဲ။ ဘာဖြစ်လို့ Sanction လုပ်ခံရတာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါလို့ သဲသဲမဲမဲ ဒေါသတကြီး စွဲချက်တင်ခဲ့ကြပါသလဲ။

ရှင်းရှင်းလေးပါ။ Sanction ဟာ ထိခိုက်နစ်နာလောက်အောင် ထိရောက်နေလို့ပါပဲ။ ဘယ်သူတွေ ထိခိုက်နစ်နာနေတာလဲ။ အဓိက ထိခိုက်နစ်နာနေကြတာ နအဖနဲ့ သူ့နောက်လိုက် အရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးဆိုသူတွေပါ။ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ပညာတတ်တွေ၊ လက်လုပ်လက်စားတွေ၊ တိုင်းရင်းသားတွေ ထိခိုက်နစ်နာနေကြတာ Sanction ကြောင့်ဆိုတာထက် နအဖရဲ့ လက်ဝါးကြီးအုပ် အမြတ်ထုတ်ရေး ပေါ်လစီမူဝါဒပေါင်းစုံကြောင့်သာ ဖြစ်ပါတယ်။ Sanction ကြောင့် ထိခိုက်နစ်နာရတဲ့ ပို့ကုန်လုပ်ငန်းတွေက အလုပ်သမားဆိုတာ သိန်းဂဏန်းမကျော်ပါဘူး။ နအဖရဲ့ မှားယွင်းဖောက်ပြန်တဲ့ မူဝါဒတွေကြောင့် ဖောင်စီးရင်း ရေငတ်နေကြရတဲ့ ဒုက္ခသည်တွေက မြန်မာပြည်မှာ အနည်းဆုံး သန်းငါးဆယ်ကျော်ပါလိမ့်မယ်။ Sanction ကြောင့် ဘယ်သူတွေ ထိခိုက်နစ်နာနေသလဲဆိုတာကို သိချင်ရင် Sanction ကို ဘယ်သူတွေ ခါးသီးမုန်းတီးနေသလဲဆိုတဲ့ ပေတံနဲ့ တိုင်းထွာကြည့်လိုက်ပါ၊ အထင်းသား မြင်ရပါလိမ့်မယ်။

ဒါကြောင့် ခြုံကြည့်ရင် နအဖအဖွဲ့အပေါ် စီးပွားရေးပိတ်ဆို့မှု Sanction ကျင့်သုံးမှုဟာ တစုံတရာ ထိရောက်မှုရှိပါတယ်။ ဒါပေမယ့် အခြားတဖက်ကလည်း ဒီလို Sanction ကျင့်သုံးရုံသက်သက်နဲ့တော့ မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်လာစရာ အကြောင်းမရှိပါဘူး။ ဒီလိုဖြစ်ရတာ Sanction နည်းနာကျင့်သုံးမှုဟာ မထိရောက်လို့ မမှန်ကန်လို့ မဟုတ်ပါဘူး။ Sanction ကျင့်သုံးမှုကို မထိရောက်အောင် ၀ိုင်းရံအကာအကွယ်ပေးနေတဲ့ အကြောင်းအချက်တွေနဲ့ အင်အားစုတွေရဲ့ ၀ိုင်းဝန်းဟန့်တားပေးနေမှုကြောင့်သာဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်မှာ လူဖြူဘိုသာ (Botha) အစိုးရရဲ့ အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်ဖို့ ကုလသမဂ္ဂက ချမှတ်ကျင့်သုံးခဲ့တဲ့ Sanction က ဘက်ပေါင်းစုံပိတ်ဆို့မှု (Multi Lateral Sanction) ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက ပါဝင်ပိတ်ဆို့ကြတာဖြစ်လို့ Sanction ဟာ အလွန်ထိရောက်ခဲ့ပါတယ်။ ပိုအရေးကြီးတာက တောင်အာဖရိကနိုင်ငံကို ၀န်းရံထားတဲ့ နမီးဘီးယား၊ ဘော့စ်ဝါနာ၊ ဇင်ဘာဘွေ၊ မိုဇမ်းဘစ် စတဲ့ အိမ်နီးချင်းနိုင်ငံအားလုံးက ဘိုသာအစိုးရကို ဆန်တပြည် ငွေတကျပ်တောင် မကူညီခဲ့ကြခြင်းဖြစ်တယ်။ ဒါကြောင့်လည်း (၃) နှစ်မပြည့်မီအတွင်းမှာတင် ဘိုသာအစိုးရအဖွဲ့ ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် Sanction လုပ်တယ်ဆိုတာ ကုလသမဂ္ဂက ချမှတ်ကျင့်သုံးတဲ့ Multi Lateral Sanction မျိုးမဟုတ်ပါဘူး။ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ သြစတြေးလျတို့သာပါဝင်တဲ့ Limited Sanction သာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာကလည်း မြန်မာနိုင်ငံကို Sanction လုပ်ဖို့ လုံခြုံရေးကောင်စီမှာ အဆိုပြုတိုင်း အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့က
ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ကြလို့သာ ဖြစ်ပါတယ်။ ဒါ့ထက်ပိုဆိုးတာက တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ စတဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေပါပဲ။

ဒီနိုင်ငံတွေက ကြွယ်ဝလှတဲ့ မြန်မာ့သယံဇာတတွေကို အမေရိကန်၊ ဥရောပတို့နဲ့ ပြိုင်ဆိုင်စရာမလိုဘဲ အချောင်နှိုက်ခွင့် ရရေးအတွက် Sanction ဆိုတာကို အားလုံးကျောပေးထားကြပါတယ်။ မြန်မာနအဖ အစိုးရရဲ့ လိုအပ်ချက်မှန်သမျှ လေယာဉ်ပျံ၊ စစ်လက်နက်ကအစ အီလက်ထရောနစ်ပစ္စည်းများအထိ ဖြည့်ဆည်းပေးဖို့ အိမ်နီးချင်းအားလုံးဟာ အသင့်ရှိနေကြပါတယ်။ ဒီလိုအနေအထားမျိုးအောက်မှာ ဘယ်လို Sanction မျိုးမှ နအဖက မကြောက်ရွံ့မတုန်လှုပ်တဲ့အပြင် ဒူးနှံ့လိုပင် နေချင်သလိုနေနိုင်ပါတယ်။ နအဖကြောက်တာ ဆက်ဒမ်ဟူစိန်ရဲ့ ကံကြမ္မာမျိုးပါ။ ဒါကြောင့် အိုဘားမားကသာ လက်ကမ်းပေးရင် ဗိုလ်သန်းရွှေ ပြေးနမ်းမှာ သေချာပါတယ်။

ဒီလိုအနေအထားမျိုးတွေအောက်မှာ Sanction ကျင့်သုံးရုံနဲ့တော့ ဗမာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ မဖြစ်နိုင်တာ သေချာသလောက်ပါပဲ။ အခုအခါ နအဖနဲ့ နောက်လိုက် မီဒီယာသမားတသိုက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူလူထုက ထောက်ခံအတည်ပြုထားတဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အခြေခံဥပဒေဖြစ်တယ်လို့ ၀ိုင်းလိမ်ပေးနေကြပါတယ်။ နအဖအဖွဲ့ဆိုတာလည်း ကျွမ်းကျင်တဲ့ မျက်လှည့်ဆရာတွေလိုပါပဲ။ လိမ်နေမှန်းသိနေပေမယ့် သက်သေအထောက်အထား မရှိတော့ နိုင်ငံတကာဒီမိုကရေစီအင်အားစုတွေအနေနဲ့ မပြောသာဘူးပေါ့။ ဒါကြောင့်လည်း၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပွင့်လင်း တရားမျှတမှုရှိရေး၊ နိုင်ငံတကာ ကြီးကြပ်လေ့လာမှုရှိရေး ဆိုတာတွေလောက်ပဲ ကမ္ဘာက တောင်းဆိုတင်ပြနေကြရတာ ဖြစ်ပါတယ်။

စစ်တပ်အုပ်စိုးမှုကို ရေရှည်အကာအကွယ်ပေးမယ့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေဆိုတာကို သပိတ်ဝင်အိတ်ဝင် အပိုင်ရပြီးမှတော့ ရွေးကောက်ပွဲကျင်းပပေးဖို့ဆိုတာ နအဖအတွက်တော့ သိပ်မှုစရာမရှိဘူးပေါ့။ Child-Play ပါပဲ။ ဒါကြောင့် ဒီနေ့ဒီအချိန်အခါမှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို ဘေးချိတ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် Dialogue လုပ်ရေးကို အလေးပေးတောင်းဆိုကြရပါလိမ့်မယ်။ Dialogue လုပ်ကြရာမှာလည်း ၀ှက်ဖဲတွေနဲ့ ကြိတ်ဝိုင်းဆွေးနွေးမှုမျိုးတွေမဟုတ်ဘဲ တန်းတူမှုနဲ့ လွတ်လပ်ပွင့်လင်းမှုရှိစွာ ညှိနှိုင်းဆွေးနွေး အပေးအယူရှိကြဖို့ပါပဲ။

ဘာတွေညှိနှိုင်းဆွေးနွေးပြီး ဘာတွေအပေးအယူလုပ်ကြရမှာလဲ။

ချုပ်ပြီးပြောရမယ်ဆိုရင် ရွှေဂုံတိုင်ကြေညာချက်ပါ သဘောထားတွေကို ဆွေးနွေးညှိနှိုင်းကြရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးနဲ့ Sanction ရုပ်သိမ်းရေးကို အပေးအယူလုပ်သင့်ပါပြီ။ မြန်မာ့နိုင်ငံရေးကံကြမ္မာကို အနာဂတ်မှာ အဆုံးအဖြတ်ပေးမှာ ၂၀၁၀ ရွေးကောက်ပွဲမဟုတ်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် အောင်မြင်ရေးသာဖြစ်ပါတယ်။

{ဗိုလ်ချုပ်အောင်ဆန်း နှင့် မြန်မာ့ရိုးရာဗေဒင်ပညာ ရှုထောင့်အမြင်}(Click)



သည်အဖေ ... သည်သမီး (၁)



မြန်မာသမိုင်းကြောင်းတွင် တိုင်းပြည့် တာဝန်ကို ရွပ်ရွပ်ချွန်ချွန် ထမ်းဆောင်ခဲ့သော အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ယခုဆောင်းပါးဖြင့် ဂါရ၀ပြုအပ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းအား .... ၁၂၇၆ခုနှစ် တပေါင်းလဆန်း (၁)ရက် စနေနေ့ နံနက် ၅နာရီ ၃၅မိနစ် ၂၅စက္ကန့်အချိန်၊ နတ်မောက်မြို့တွင်၊ နေကြတ်ပြီး တစ်ရက်ကျော်တွင် ဖွားမြင်သည်။ မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာရပ်အရ... နှစ်ခုကြွင်းဖွား စနေသား ရာဇဖွားဖြစ်သည်။

မူလမဟာဘုတ်ဇာတာ နှင့် အမည်၏ သဘောသဘာဝများ

(၁) ဗိုလ်ချုပ်၏ အမည် အောင်ဆန်း သည် တနင်္ဂနွေစ အင်္ဂါဆုံး (၁နွေ+၃င်္ဂါ) အမျိုးအစား ၊ သမ္ပဒါနကာရက အပြင်ရန် အမည်မျိုးဖြစ်သည်။

(၂) အမည်အရင်းစာလုံး "အောင်" သည် တနင်္ဂနွေဂြိုဟ်ပိုင် ဖြစ်ခြင်းကြောင့် ဇာတာရှင် စနေသားအတွက် ကရဏ ကာရကဂြိုဟ် (အကူအညီနှင့်ဆိုင်သောဂြိုဟ်) အမျိုးအစားဖြစ်ပြီး အမည်အဖျားစာလုံး "ဆန်း"သည် အင်္ဂါဂြိုဟ်ပိုင် ဖြစ်ခြင်းကြောင့် စနေသားအတွက် သြကာသ ကာရကဂြိုဟ် . (အထောက်အပံ့ .. အားကိုးအားထားမှုနှင့် ဆိုင်သြော၈ိုဟ်) အမျိုအစားဖြစ်သည်။

(၃) ယင်း အမည်အရင်းစာလုံး "အောင်" နှင့် အဖျားစာလုံး "ဆန်း "တို့သည် ဇာတာရှင်၏ မူလမဟာဘုတ်ဖွားဇာတာတွင် အထွန်း နှင့် ဘင်္ဂတို့တွင် ရပ်တည်နေပြီး ပက္ခမိနေလျှက် ရှိသည်။

(၄) ကောင်းသောအချက်အလက်များမှာ ....စနေသားအတွက် အညွန့်ဂြိုဟ်တနင်္ဂနွေသည် အထွန်းဌာနတွင် ရပ်တည်နေပြီး အမည်အရင်းအလုံးအဖြစ် တည်ခြင်း၊ မွေးနံ စနေသည် ၄င်းတနင်္ဂနွေပိုင် ရာဇဌာနတွင် ရပ်တည်နေခြင်း၊ အမည်မှာ ထက်မြက်သော ဦးဆောင်ဦးရွက် ဂြိုဟ်များဖြင့် ဖွဲ့စည်းထားခြင်း။

(၅) ဆိုးသောအချက်များမှာ နာမည်အရပင်လျှင် တနင်္ဂနွေသည် အသက်ဂြိုဟ် ၊ အင်္ဂါသည် ရန်သတ္တုပြုတတ်သောဂြိုဟ် ၏ ဖြစ်ကြပြီး၊ ၄င်းနှစ်ခုသည် အပြင်ရန် ၁-၃ (ဦးညို) ဂြိုဟ်တွဲဖြစ်ခြင်း၊ အသက်ကို ရန်ရှာစေတတ်သော သဘာဝ စရိုက် ရှိသည့် အမည်တွဲမျိုးဖြစ်ခြင်း၊ အမည်ပက္ခမိခြင်းများဖြစ်သည်။

ဗိုလ်ချုပ်၏
ထူးခြားသော ဘ၀ဖြစ်စဉ် အချို့နှင် မဟာဘုတ် ဗေဒင် ရှုထောင့်အမြင်များ

(၁) လျှို့ဝှက်သင်ကြားရသော စစ်ပညာ

ဗိုလ်ချုပ်အောင်ဆန်း၏ မူလမဟာဘုတ်ဇာတာတွင် စစ် နှင့် လက်နက်များကိုအစိုးရသော အင်္ဂါဂြိုဟ်သည် ... လျှို့ဝှက် ဖုံးကွယ်တတ်သော ပုတိဌာနတွင်ရပ်တည်နေ ပြီး .. အဆိုပါ အင်္ဂါဂြိုဟ် ပိုင် အက္ခရာဖြင့် ... ဗိုလ်ချုပ်၏ အမည် အဖျားစာလုံးကို "ဆန်း " ဟူပြီးမှည့်ခေါ်ထားလေသည်။ ယင်းအချက်အရ .. ဂျပန်နိုင်ငံ ဖော်မိုဆာကျွန်းတွင် လျှို့ဝှက်စွာ စစ်ပညာကိုသင်ကြားရခြင်းမှာ လွန်စွာကိုက်ညီနေသော အချက်ဖြစ်သည်။ ပုတိဌာနသည် သင်ကြားခြင်းကို အားပေးရာ ဌာနဖြစ်ပြီး....၊ ၄င်းဌာနတွင် ရပ်တည်နေသော အင်္ဂါဂြိုဟ်က .... စစ်နှင့်ဆိုင်သော ပညာရပ်များကို သင်ကြားရခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ ၄င်းအပြင် စစ်ပညာ သင်ကြားရသော သင်တန်းသားဦး ရေမှာ ရဲဘော်သုံးကျိပ်ခေါ် သင်တန်းသားဦးရေ သုံးဆယ်ဖြစ်သည်။ ယင်းမှာ ပုတိဌာနရှိ အင်္ဂါဂြိုဟ်(၃) ဂဏန်း၏ သဘာဝနှင့် တိုက်ဆိုင်နေလျှက် ရှိပေသည်။

(၂) နေမျိုးနွယ်တို့ထံမှအကူအညီ

ဗိုလ်ချုပ်အောင်ဆန်း၏ မူလမဟာဘုတ်ဇာတာတွင် ..အထွန်းဌာနတွင် ရပ်တည်နေသော တနင်္ဂနွေဂြိုဟ်သည် ... စနေသားအတွက် ကရဏကာရကခေါ် အကူအညီနှင့် သက်ဆိုင်သော ဂြိုဟ်အမျိုးအစားဖြစ်ပြီး၊ ယင်းမှာ ဗိုလ်ချုပ်၏ နာမည် အရင်းစာလုံးလည်း ဖြစ်၏။ ယင်းအချက်နှင့် ဂျပန်တို့ထံမှအကူအညီတောင်းခံရသော အချက်မှာ လည်း ကိုက်ညီမှုရှိပေသည်။ အဘယ်ကြောင့်ဆိုသော် တနင်္ဂနွေဂြိုဟ်ဟူသည်မှာ နေမင်းကို ခေါ်ဆိုခြင်းပင်ဖြစ်ပြီး .. ၄င်းဂြိုဟ်မှာ အကူအညီနှင့်ဆိုင်သော ကရဏကာရက ဂြိုဟ်ဖြစ်နေခြင်းအားဖြင့်၊ နေမျိုးနွယ်ဟုခံယူထားပြီး နေတံဆိပ်အလံဖြင့် နယ်ချဲ့ခဲ့သော ဂျပန်တို့ထံမှ အကူညီတောင်းခံရသည့်ဖြစ်ရပ်မှာ ကိုက်ညီဆီလျော်မှုရှိ ကြောင်းတွေ့ရှိရပေသည်။ ထို့အတူ အမည်အားဖြင့် အဆိုပါတနင်္ဂနွေ နှင့် အင်္ဂါတို့သည် ရန်ပက္ခမိထားသည့်နည်းတူ..၊ ဂျပန်တို့ထံမှရရှိခဲ့သော အကူညီသည်လည်း သန့်ရှင်းစင်ကြယ်မှု မရှိနိုင်ခဲ့ဘဲ ... လက်နက်ကိုင်ပြီး ထပ်မံတိုက်ပွဲဝင်ရန် အကြောင်းများ ဖြစ်ပေါ်လာခဲ့ပေသည်။

ဗိုလ်ချုပ်၏အမည်အဖျားစာလုံး အင်္ဂါဂြိုဟ်သည် စနေသားတို့အတွက် သြကာသ ကာရကဂြိုဟ်ခေါ် (တည်ရာမှီရာ၏ သဘော ၊ မပြီးပြတ်သေးသည်ကိုဆက်လက်ဆောင် ရွက်ရတတ်သည့်သဘာဝ) ကို ဖြစ်ပွားစေခြင်းအားဖြင့် .... ဗိုလ်ချုပ်၏ လွတ်လပ်ရေးရရန် ကြိုးပမ်းအားထုတ်မှုများသည် တစ်ကြိမ်နှင့် မပြီးပြတ်တော့ဘဲ...ကိုရွှေဂျပန်တို့ ကိုပါ ဆက်လက်တိုက်ထုတ်ရန် အကြောင်းများ ဖြစ်ပွားခဲ့ရပေသည်။

(၃) လုပ်ကြံခံရခြင်း

ဗိုလ်ချုပ်အောင်ဆန်း၏ မူလမဟာဘုတ်ဇာတာ တွင် ... အသက်ဇီဝဂြိုဟ် ကြာသာပတေးသည် မရဏဌာနတွင် ရပ်တည်နေပြီး မဟာဘုတ်နိစ်မူထား၏။ (စာရေးသူ၏ အတွေ့အကြုံအရ ...အာယုဂြိုဟ် လည်းဖြစ် ဆပွတ်ဂြိုဟ်လည်း ဖြစ်သော .. ကြာသာပတေးနိစ်မူထားသည့် (၂) ခုကြွင်း စနေသားသမီး ရာဇဖွားများသည် ......... အိမ်ထောင်ရေး၊ မေတ္တာရေးရာ အဆင်မပြေမှု ဖြစ်စေ၊ အသက်တိုစေမှု ဖြစ်စေ၊ မိသားစုတွင်း ပြသနာများပြားရမှု ဖြစ်စေ .. တစ်ခုမဟုတ် တစ်ခု ကြုံတွေ့ ရင်ဆိုင်ရသည်ကို တွေ့ရပေသည်။)

ဗိုလ်ချုပ်၏ အမည်သည် အသက်ဘေးကြုံရခြင်းကို ဖြစ်ပွားစေတတ်သော ... (တနင်္ဂနွေ+အင်္ဂါ) ဦးညိုပက္ခ အမည်မျိုး ဖြစ်နေ၏။ လုပ်ကြံသူ၏ အမည်သည်လည်း (တနင်္ဂနွေ +အင်္ဂါ) ...ဂဠုန်စော .. ဖြစ်နေ၏။ ဂဠန်သည် တနင်္ဂနွေ .. စောသည် အင်္ဂါ ဖြစ်နေ၏။ ဗိုလ်ချုပ်လုပ်ကြံခံရချိန်သည် သေသ၀ိဇ္ဇာကိန်းအရ.. စနေသားသမီးတို့ နာသေကိန်း ဖြစ်ပွားတတ်ချိန်ဖြစ်သော..... ကြာသာပတေးအခါတိုင် အသက်ပိုင်းဖြစ်သည့် .. အသက် သုံးဆယ့်သုံးနှစ်အတွင်း ကျရောက်နေ၏။

ဗိုလ်ချုပ်လုပ်ကြံခံရသော ကောဇာ မြန်မာခုနှစ်သည် ၁၃၀၉ခုနှစ် ဖြစ်ခြင်းကြောင့်... သုညကြွင်း မဟာဘုတ်ခွင် ကျရောက်သဖြင့်...၊ မွေးနံစနေသည်.. ဘင်္ဂဌာနတွင် နံတူ စနေနှင့်ပင် ပက္ခမိနေခဲ့၏။ ယင်းကောဇာ မဟာဘုတ်ခွင်အရပင်လျှင် ... ဗိုလ်ချုပ်၏ အမည် အောင်ဆန်းသည် .... ပုတိ နှင့် မရဏတွင်ရပ်တည်နေပြီး၊ အထူးသဖြင့် ... နာမည်အဖျားစာလုံး ဆန်း(အင်္ဂါဂြိုဟ်) သည် မရဏဌာနတွင် အဆုံးသတ်နေခဲ့၏။ (စာရေးသူ၏အတွေ့အကြုံအရ ...နာမည်အစအဆုံး နှစ်လုံးသည် ပုတိ နှင့် မရဏတွင် ရပ်တည်နေခဲ့ပါ က.. ဘင်္ဂဌာနရှိဂြိုဟ်သည် ဆိုးကျိုးကို ထက်သန်စွာဖော်ဆောင်တတ်ကြောင်း တွေ့ရှိရပေသည်။)

လုပ်ကြံခံရချိန်ဖြစ်သော အသက်ပိုင်း သုံးဆယ့်သုံးနှစ်သည် ...(၂) ခုကြွင်း မဟာဘုတ်ဖွား စနေသားတို့အတွက် .. အဆိုးအညံ့ များပြားတတ်ချိန်ဖြစ်သော.... ပက္ခမိနေ သည့် ရာဟုဂြိုဟ်အိပ် ၊ စနေသက်ရောက် ကာလ အတွင်း ..ဖြစ်၏။

ယင်းသို့....ထူးခြားစွာတိုက်ဆိုင်နေသော..ကာလဖြစ်သည့်..မြန်မာသက္ကရာဇ် ၁၃၀၉ခုနှစ် ၀ါခေါင်လဆန်း (၂)ရက် .. စနေနေ့ နံနက် ဆယ်နာရီ သုံးဆယ်မိနစ် အချိန် တွင်... လုပ်ကြံသူတို့၏ လက်ချက်ဖြင့်...နိုင်ငံ၏ ရတနာတစ်ပါး ကွယ်ပျောက်လွင့်ပါး.. သွားခဲ့ရပေတော့သည်။

သည်အဖေ သည်သမီး ပထမပိုင်းပြီး၏။
သုတေသီဝေသာလီမောင်ဖုန်း။

Wednesday, November 04, 2009

{ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံတမန်အဖွဲ့တွေ့ဆုံ}(Click)

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံတမန်အဖွဲ့တွေ့ဆုံ
NEJ / ၄ နိုဝင်ဘာ ၂၀၀၉

line



အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် ယနေ့မွန်းလွဲပိုင်း၌ (၂) နာရီကြာခန့် တွေ့ဆုံခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ (၁၁) နာရီခွဲကနေ (၁) နာရီခွဲလောက် အထိ အင်းယားလိတ်မှာ တွေ့ခဲ့ကြပြီး ဗဟိုအလုပ်အမှု ဆောင်အဖွဲ့နဲ့ (၃:၄၀) နာရီမှာ တွေ့နေပါတယ်” ဟု အန်အယ်လ်ဒီပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ အများပြည်သူ ၀င်ထွက်သွားလာရာ နေရာတခုတွင် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံခွင့်ရရှိခြင်းသည် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း အပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ သတင်းမီဒီယာများအား ၀င်ရောက် ဓာတ်ပုံရိုက်ကူးခွင့်ပြုခဲ့သော်လည်း မေးမြန်းခွင့်မပြုခဲ့ကြောင်း သိရသည်။

“ဓာတ်ပုံရိုက်ခွင့်ပဲပေးတယ်။ ရိုက်ပြီး ပြန်ရတာပဲ။ သတင်းအချက်အလက် ဘာမှမရပါဘူး။ အန်တီစုကို တွေ့ရတာ လန်းလန်းဆန်းဆန်းနဲ့ ကျန်းမာပါတယ်။ သူ့မျက်နှာက အရမ်းကျက်သရေ ရှိနေတာပါပဲ” ဟု အင်းယားလိတ်သို့ သွားရောက်ခွင့်ရသည့် ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခင်တွင် မစ္စတာကမ်ဘဲလ် ဦးဆောင်သည့် သံတမန်အဖွဲ့သည် မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့တွေ့ဆုံမှုသည် အမေရိကန်နှင့်မြန်မာအစိုးရ (၂) ခုအကြား (၁၀) စုနှစ်အတွင်း အဆင့်အမြင့်ဆုံးအရာရှိများ တွေ့ဆုံခြင်းဖြစ်သည်။


တွေ့ဆုံသည့်အကြောင်းအရာများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ စစ်အစိုးရထိန်းချုပ်ထားသည့်
မီဒီယာများက မစ္စတာကမ်ဘဲလ်၏ (၂) ရက်ကြာခရီးစဉ် နှင့်စပ်လျဉ်း၍ ယနေ့အထိ တစုံတရာထုတ်ပြန်ခြင်းမရှိသေးပေ။

ယခုကဲ့သို့ အဆင့်မြင့်အမေရိကန် သံတမန်များ မြန်မာနိုင်ငံ လာရောက်ခြင်းသည် အမေရိကန်အစိုးရက ပိတ်ဆို့တားမြစ်မှုများနှင့်အတူ တိုက်ရိုက်ပြောဆိုဆက်ဆံမှုများ ပြုလုပ်သွားမည်ဆိုသည့် မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီသစ်တရပ် ထုတ်ပြန်ပြီးနောက်ပိုင်း ထွက်ပေါ်လာသည့် ရလဒ်ဖြစ်သည်။

မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့အပါအ၀င် အမေရိကန်ကိုယ်စားလှယ် (၄) ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံး၌ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် (၁) နာရီကြာတွေ့ဆုံခဲ့သည်ဟု အန်အယ်လ်ဒီပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

၎င်းက “ဆွေးနွေးပွဲမှာ အဓိကထားပြောဖြစ်ကြတာကတော့ မြန်မာ့ဒီမိုကရေစီဖော်ဆောင်နိုင်ရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာတွေကို ဆွေးနွေးသွားကြတာပါ” ဟု ပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးဝင်းတင်၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ (၆) ဦးသာ တက်ရောက်နိုင်ခဲ့ပြီး ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့မှာ ကျန်းမာရေး မကောင်းသည့်အတွက် တက်ရောက်နိုင်ခြင်းမရှိပေ။

၂၀၀၈ ခုနှစ်အတွင်း ပြန်လည်လွတ်မြောက်ခဲ့သော ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့သည် စစ်အစိုးရက စီစဉ်ပေးသော သံတမန်တွေ့ဆုံပွဲများတွင် တက်ရောက်ခွင့်ရခြင်းမရှိဘဲ ယခု ပထမအကြိမ်အဖြစ် နိုင်ငံခြားသံတမန်များနှင့် တရားဝင်တွေ့ဆုံနိုင်ခြင်းဖြစ်သည်။



{ခေတ်ပြိုင်}
´