{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Wednesday, February 15, 2012

အဘိဓာန်ဆရာကြီး ဦးဟုတ်စိန် (ခရစ် ၁၈၉၀ - ၁၉၈၄)(Click)

အဘိဓာန်ဆရာကြီး ဦးဟုတ်စိန် (ခရစ် ၁၈၉၀ - ၁၉၈၄)
သန်းဝင်းလှိုင်
ဇန်န၀ါရီ ၁၊ ၂၀၁၂

‘ပဒတ္ထမဉ္ဖူသာ ပါဠိ - မြန်မာအဘိဓာန်ကြီး’ နှင့် ‘အများသုံး မြန်မာ-အင်္ဂလိပ် - ပါဠိအဘိဓာန်’ ပြုစုခဲ့သော သုတေသနပညာရှင် အဘိဓာန်ဆရာကြီး ဦးဟုတ်စိန်သည် ပုသိမ်မြို့ ဇာတိဖြစ် သည်။ ၁၂၅၁ ခု၊ တပို့တွဲလပြည့်ကျော် ၁ရက်၊ (၁၈၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်) အင်္ဂါ နေ့တွင် ဖွားမြင်သည်။ မိဘများမှာ ကုန်သည်ကြီးဦးဘွန်ဖောင်နှင့် ဒေါ်ကြင်မှုန်တို့ဖြစ်သည်။

အဖဦးဘွန်ဖောင်နှင့် အမိ ဒေါ်ကြင်မှုန်တို့သည် ဗုဒ္ဓဘာသာကို အလွန်ကိုင်းရှိုင်းရိုသေသူများဖြစ်သည်။ ပုသိမ်မြို့၊ နိဂြောဓါလမ်းရှိ ‘ခါတော်မှီ ကျောင်းတိုက်’ ၏ ဒကာ/ဒကာမများ ဖြစ်သည်။

ဆရာကြီးဦးဟုတ်စိန် ၈ နှစ်သားအရွယ်သို့ရောက်သောအခါ မိဘများသည် ရန်ကုန်မြို့ သို့ ပြောင်းရွေ့အခြေချနေထိုင်ခဲ့ကြသည်။ ရန်ကုန် မြို့တွင် နေထိုင်စဉ် ဆရာကြီးဦးဟုတ်စိန် သည် ရှေ့ဦးစွာ ရန်ကုန်မြို့၊ ၂၁ လမ်းရှိ ဆရာဦးဖိုးအေး၏အစိုးရအထောက်အပံ့ခံ မြန်မာစာသင် ကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။

ဆရာဦးဖိုးအေး၏ကျောင်းမှာ မူလတန်းကျောင်းဖြစ်သည်။ ကျောင်းတွင်ဆရာဆို၍ ဦးဖိုးအေးတစ်ဦးသာရှိသည်။ သူငယ်တန်းမှ စတုတ္ထတန်းအထိ အတန်းအားလုံးကို ဆရာဦးဖိုးအေးကပင် ဒိုင်ခံသင်ကြားပြပေးသည်။

ထိုကျောင်းတွင် ဆရာကြီးဦးဟုတ်စိန်သည် ၂ နှစ်မျှ ပညာသင်ကြးခဲ့သည်။ ထို့နောက် အင်္ဂလိပ်စာသင်ကြားပေးသော စဥ့်အိုးတန်း အေဘီအမ်ကျောင်းတွင် အင်္ဂလိပ်စာမသင်ကြားခဲ့ရသဖြင့် အေဘီအမ်ကျောင်းတွင် ပထမတန်းမှစပြန်နေရသည်။ အေဘီအမ်မှ စတုတ္ထတန်းအောင်သောအခါ ထိုစဉ်က ဗရင်ဂျီကျောင်းဟုခေါ်သည့် စိန်ပေါကျောင်းတွင် ပြောင်းရွှေ့ပညာဆည်းပူးသည်။

ဆရာကြီးဦးဟုတ်စိန်သည် သတ္တမတန်းအရောက်တွင် စာမေးပွဲ ၀င်ရောက်ဖြေဆိုရာ မြန်မာတစ်ပြည်လုံးတွင် ‘ပထမ’ ရ၍ အောင်မြင်ခဲ့သည်။ ထိုခေတ်က သတ္တမတန်းစာမေးပွဲမှာ အစိုးရစစ်ဖြစ်သည်။ သတ္တမတန်းအောင်လျှင်ပင် အစိုးရဌာနများတွင် ၀င်ရောက်လုပ်ကိုင်နိုင် သည်။

ဆရာကြီးသည် သတ္တမတန်းမှစ၍ စကောလားရှစ်ဆုလည်း ရခဲ့သည်။

ထို့နောက် ဆရာကြီးသည် တရားလွတ်တော်ရုံးချုပ်သို့ ပြောင်းရွှေ့အမှုထမ်းသည်။ ရှေး ဦးစွာ စာရင်းကိုင်လုပ်သည်။ ထို့နောက် ဘီလစ်လက် ထောက် တရားလွှတ်တော် အတွင်းဝန်၊ မူလဘက်အတွင်းဝန်၊ အမွေနှင့်ပစ္စည်းထိန်းဝန် စသည့်ရာထူးများကို အဆင့်ဆင့်တိုးတက်ရရှိ ခဲ့သည်။ ထိုအတွင်း ဆရာကြီးသည် ဘီအယ်လ် (B.L) စာမေးပွဲကို ၀င်ရောက်ဖြေဆိုရာ အောင်မြင်ခဲ့သည်။

ဆရာကြီးသည် အစိုးရ၀န်ထမ်းအဖြစ်မှ ပင်စင်အငြိမ်းစားယူပြီးသောအခါ တရားလွှတ်တော်ရှေ့နေကြီးအလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ သည်။

ဆရာကြီးသည် ဘာသာစကားတို့ကို အထူးဝါသနာပါ၍ ကျနစွာ လေ့လာလိုက်စား သော ပညာရှင်ကြီးဖြစ်လေသည်။ သူသည် မြန်မာစာ၊ အင်္ဂလိပ်ဘာသာ၊
ပါဠိဘာသာ သုံးဘာသာကို တတ်မြောက်ရုံမျှနှင့်မတင်းတိမ်။ တရုတ်၊ ဟိန္ဒီဘာသာစသည့်တို့ကို လေ့လာလိုက်စားခဲ့ သည်။ ထို့နောက်မိမိတတ်ကျွမ်းသော ပညာတို့ကို ပြည်သူလူထုအား ဖြန့်ဖြူးရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ရုံးလုပ်ငန်း တာဝန်များကို ထမ်းဆောင်စဉ်၊ တဖက်ကလည်း ပညာရှာမှီးသော အဘိဓာန်များကို အပင်ပန်းခံပြုစုခဲ့သည်။

ဆရာကြီးသည် ကောလိပ်၌
ပါဠိဘာသာကို ဆည်းပူးစဉ် အာရ်စီချီးလ်ဒါးစ်၏ ပါဠိအင်္ဂ လိပ်အဘိဓာန်ကို လက်ကိုင်ပြုခဲ့သည်။ ထို့နောက် ပါဠိစာပေများကို တိုးတက်လေ့လာလိုက်စားရာမှ မိလိန္ဒပဥှာ၊ ဒီပ၀ံသ၊ ဓမ္မပဒအဋ္ဌကထာ၊ ဇာတကာအဋ္ဌကထာပါဌ်တို့ကို ဖတ်ရှုလေ့လာခဲ့ သည်။ သည်တွင် အနက်မရှင်းသော ပုဒ်တို့ကိုတွေ့သဖြင့် အဆိုပါအဘိဓာန်၌ ရှာဖွေကြည့် သည်။ အချို့သာတွေသည်။ အများအပြားမှာ မတွေ့ရ။ ထို့ကြောင့် စုံလင်ပြည့်စုံသော ပါဠိ- အင်္ဂလိပ် အဘိဓာန်ကြီးတစ်စောင်ကို မိမိကိုယ်တိုင်ပြုစုတော့မည်ဟူ၍ ကြံရွယ်ခဲ့သည်။ ကြံရွယ်သည့်အတိုင်း မိလိန္ဒပဥှာ၊ ထေရီဂါထာအဋ္ဌကထာ၊ ဇာတကအဋ္ဌကထာ၊ ဓမ္မပဒအဋ္ဌကထာတို့၌တွေ့ရသော ပုဒ်တို့ကို စ၍စုဆောင်းသည်။ နှစ်အနည်းငယ်ကြာသောအခါ သတင်းတစ်ခု ကြားသိရသည်။ လန်ဒန်ပါဠိကျမ်းစာအသင် (Pali Text Society of London) က ပြည့်စုံကျယ်ဝန်သော ပါဠိ-အင်္ဂလိပ်အဘိဓာန်ကြီးပြုစုနေရာ မကြာမီထုတ်ဝေတော့မည့်သတင်း ဖြစ်သည်။ သည်တွင် ဆရာကြီးသည် သူ၏အကြံအစည်ကို စွန့်လွှတ်လိုက်ရလေသည်။

ထို့နောက် ၁၂၉၉ ခုနှစ်လောက်တွင် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီက မူလ ဟံသာဝတီတိုက်ပိုင်ရှင် မစ္စတာရစ်ပလေထံမှ ဟံသာဝတီပုံနှိပ် တိုက်နှင့်ရှိသမျှပစ္စည်းအားလုံးကို ၀ယ်ယူလိုက်သည့်အထဲတွင် ရိုက်နှိပ်ပြီးသော်လည်း မချုပ်မဖုံးရသေးသော ပိဋကတ်ပါဠိတော် အဋ္ဌ ကထာစသည့် ပါဠိကျမ်းဂန်တို့ များစွာပါရှိသည်။ ယင်းတို့ကို ဗြိတိသျှဘားမားတိုက်က ချုပ်ဖုံးစေ၍၊ ချုပ်ဖုံးခ ကျသရွေ့သာ အဖိုးနှုန်း ၁ိ-၄ ပဲစီထား၍ အလှူသဘောဖြင့် ရောင်းချခဲ့သည်။ ရဟန်းရှင်လူအများကလည်း ၀မ်းမြောက်ဝမ်းသာ ၀ယ်ယူခဲ့ကြသည်။

သည်တွင် ဆရာကြီးဦးဟုတ်စိန်တွင် အကြံကောင်းတစ်ခုပေါ်လာသည်။ ထိုကျမ်းတို့ကို ရဟန်းရှင်လူတို့ ဖတ်ရှုလေ့လာရာ၌ အထောက် အကူဖြစ်စေသော ပြည့်စုံကျယ်ဝန်းသော ပါဠိ-မြန်မာ အဘိဓာန်ကျမ်းကြီးတစ်စောင်လိုအပ်ပြီ။ ထိုလိုအပ်ချက်ကိုလည်း မိမိကြိုးပမ်း ဖြည့် စွမ်းတော့မည်။ လန်ဒန် ပါဠိကျမ်းစာအသင်းကထုတ်ဝေသော ပါဠိ-အင်္ဂလိပ်အဘိဓာန်ကဲ့သို့ အထူးစုံလင်သော ပါဠိ-မြန်မာအဘိဓာန်ကို မိမိ တစ်ကိုယ်တည်း မလျှော့သောဇွဲလုံ့လဖြင့် ပြုစုတော့မည်ဟူ၍ သန္နိဋ္ဌာန်ချလိုက်သည်။

သို့ဖြင့် ဓမ္မပဒ၊ အဋ္ဌကထာ၊ ဇာတကအဋ္ဌကထာ၊ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ဒိဃနိကာယ့်၊ မဇ္ဈမနိကာယ်၊ အဂုင်္တ္တနိကာယ်၊ ၀ိနည်းပါဠိတော်၊ ၀ိနည်းကဋ္ဌကထာ၊ အဘိဓမ္မာခုနှစ်ကျမ်း၊ ပစ္စည်းဗျာကရုဏ်း၊ ပဒရှုပသိဒ္ဓိ၊ မောဂ္ဂလ္လာန်ဗျာကရုဏ်း စသည်တို့၌တွေ့ရသော ပုဒ်တို့ကို ညှိနှိုင်းကာ ‘ပဒတ္တပဉ္ဖူသာ ပါဠိ-မြန်မာအဘိဓာန်’ ကြီးကို ရုံးလုပ်ငန်းတစ်ဖက်နှင့်ပင် ပြုစုသည်။ ၁၉၄၀ ပြည့်နှစ်မှ စတင်လုပ်ဆောင်ရာ၊ ၁၉၅၂ ခုနှစ်တွင် ပြီးစီးသည်။ နှစ်ပေါင်း ၁၂ နှစ်ကြာမျှ ပြုစုခဲ့ရသည်။ နှစ်ကြာသည်နှင့်အမျှ အထူးလည်းပြည့်စုံသည်။ အဘိဓာန်၌ ပုဒ်ပေါင်း ၅၀,၀၀၀ (ငါးသောင်း) ကျော် ပါဝင်သည်။ အနက်ဖွင့်ဆိုထားသည်မှာလည်း အလွန်စနစ်ကျသည်။ ခိုင်လုံလှသည်။ ပြည့်စုံလှသည်။

ယင်းအဘိဓာန် ပြုစုပြီးစီးသောအခါ ပုံနှိပ်ထုတ်ဝေရန် အရေးပေါ်လာသည်။ ယင်းကို မည်သည့်ပုံနှိပ်တိုက်ကမှ မထုတ်ဝေနိုင်။ သည်တွင် သက်ဆိုင်ရာတို့နှင့် ဆွေးနွေးညှိနှိုင်းသည်။ ကျယ်ဝန်းပြည့်စုံလှသဖြင့် ၄-တွဲခွဲ၍ ထုတ်ဝေရသည်။ ကျမ်းအရွယ်မှာ ၆ ½၏” x ၉” ရှိသည်။ ၄ တွဲမှာ စုစုပေါင်း စာမျက်နှာ ၁၁၈၀ ရှိသည်။ ပထမတွဲ ၁၉၅၄ ခုနှစ်တွင် ထုတ်ဝေနိုင်သည်။ ဒုတိယတွဲကို ၁၉၅၆ ခု၊ မတ်လတွင် ထုတ်ဝေနိုင်သည်။ တတိယတွဲကို ၁၉၅၉ ခု၊ စက်တင်ဘာ လတွင် ထုတ်ဝေနိုင်သည်။ စတုတ္ထတွဲကို ၁၉၅၉ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့သည်။ တစ်တွဲလျှင် အုပ်စုစုပေါင်း ၃၀၀၀ စီ ပုံနှိပ်ထုတ်ဝေနိုင်သည်။

ဤပါဠိ-မြန်မာ အဘိဓာန်ကြီးအတွက် ဆရာကြီးသည် စာမူခ လုံးဝမယူပေ။ တစ်တွဲလျှင် ၁၀ အုပ်စီသာ စာအုပ်မေတ္တာလက်ဆောင်ယူသည်။ တိုင်းပြည်သို့ မိမိပညာကို စေတနာ အပြည့်အ၀ဖြင့် လှူဒါန်းခြင်းပြုသည်။ အစိုးရပုံနှိပ်တိုက် မင်ကျမင်နကောင်းကောင်း၊ စာရွက် ကောင်းကောင်းဖြင့် ပုံနှိပ်ထုတ်ဝေပေးရာ ဆရာကြီးက ၀မ်းမြောက်ဝမ်းသားရှိခဲ့ပေသည်။

ဆရာကြီးသည် မိမိပြုစုသော ထိုပါဠိ-မြန်မာအဘိဓာန် စာအုပ်များကို မိမိအိတ်ထဲမှငွေ ဖြင့် ငွေငါးထောင်ဖိုးခန့် ၀ယ်ယူပြီး၊ ဆရာတော်ကြီးများနှင့် သင့်လျော်ရာ ရဟန်းတော်များကို လှူဒါန်းခြင်းပင် ပြုခဲ့ပေသည်။

ထိုပါဠိ-မြန်မာအဘိဓာန်သည် အလွန်ပြည့်စုံသည်။ အလွန်စနစ်ကျသည်။ အလွန်ခိုင်မာ၍ အလွန်အသုံးဝင်သည်။
ပါဠိဘာသာလိုက်စားသော ပညာရှင်များနှင့် ရဟန်းအများပင် အမြတ်တနိုးလေ့လာကြသည်။ လက်စွဲပြုကြသည်။ ယခုအခါ အုပ်ရေ ၃၀၀၀ မှာ ကုန်သွားပြီ။ ၀ယ်မရနိုင်တော့ပေ။ ထို့ကြောင့် ဆရာကြီးက ၁၉၈၃ ခု၊ ဇန်န၀ါရီလတွင် သာသနာရေးဦးစီးဌာ နသို့ မူပိုင်ထုတ်ဝေခွင့်ကို အပြီးလှူဒါန်း လိုက်လေသည်။

အဆိုပါ ပါဠိ-မြန်မာအဘိဓာန်ကို ပထမအကြိမ် ပုံနှိပ်ထုတ်ဝေပြီးချိန်ဖြစ်သော ၁၉၅၉ ခုနှစ်တွင် ဆရာကြီးသည် အသက် ၇၀ အရွယ်ရှိနေပြီ။ အသက်ကြီးသော်လည်း ကျန်းမာရေး ကောင်းဆဲ၊ ဉာဏ်အားကောင်းဆဲ၊ ဇွဲသတ္တိကောင်းဆဲပင်။

ထို့ကြောင့် ပဒတ္ထမဉ္စူသာ ပါဠိ-မြန်မာ အဘိဓာန်၌ရှိသော ပါဠိစကား၊ မြန်မာစကားတို့ကို ရှေ့နောက်ပြန်၍စဉ်က မြန်မာ-ပါဠိအဘိဓာန်ကို ပြုစုပြန်သည်။ ပြီးသောအခါ အနီးစခန်းဆရာတော်အား ပြသသည်။ ဆရာတော်က ထိုအဘိဓာန်မှာ ကောင်းမွန်သော်လည်း အများအတွက် ကား အသုံးမ၀င်နိုင်ဟူ၍ မှတ်ချက်ချခဲ့သည်။

သည်တွင် ဆရာကြီးသည် အများသုံးအဘိဓာန်ကြီးတစ်ဆူ ဖြစ်မြောက်ရန် ကြံစည်ကြိုး စားပြန်သည်။ ဆရာကြီးသည် မိမိရေးသား စီစဉ်ပြီး ဖြစ်သော မြန်မာပါဠိစကားတို့စပ်ကြား၌ ဆီလျော်ရာ အင်္ဂလိပ်စကားအနက်ကို ထည့်ပြီးလျှင် ‘မြန်မာ-အင်္ဂလိပ်-ပါဠိအဘိဓာန်’ ကြီးကို တီထွင်ရေးသား ပြုစုသည်။ ပြုစုရာတွင် ပါဠိ-မြန်မာ၊ အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကသ စသည့်ကျမ်း ပေါင်းများစွာ ကိုးကားညှိနှိုင်းပြုစုသည်။ ရှေးဦးစွာ တရားလွှတ်တော်ရှေ့နေကြီးအလုပ်ကို လုပ်ကိုင်ရင်း တစ်ဖက်ကပြုစုသည်။ ပြုစုရာမှာ မိမိရည်မှန်းသော အချိန်ကာလအတွင်း ပြီးစီးစေလိုသဖြင့် ၁၉၆၉ ခုမှစ၍ ရှေ့နေလုပ်ငန်းကို လုံးဝရပ်စဲလိုက်သည်။ အဘိဓာန်အလုပ်ကိုပင် ဇောက်ချလုပ်ကိုင်ခဲ့သည်။

ထိုအချိန်၌ ဆရာကြီးသည် အသက် ၇၉ နှစ်အရွယ်ရှိနေပြီ။ ဆရာကြီး၏ လုပ်ငန်းမှာ မည်သူမျှ အကူအညီမပေးနိုင်။ မည်သူကမှလည်း သူ့ကိုယ်စား ၀င်မလုပ်နိုင်။ တစ်ယောက် တည်းပင် ဉာဏ်စွမ်းအားစိုက်၍ ပြုစုခဲ့သည်။ ၁၉၇၇ ခုနှစ်၊ သြဂုတ်လတွင်မှ ပြီးစီးသည်။ နှစ်ပေါင်း ၃၀ ကြာမျှ ပြုစုခဲ့ရသည်။ ထိုအဘိဓာန်ပြီးစီးချိန်တွင် ဆရာကြီးသည် အသက် ၈၇ နှစ်အ ရွယ် ရှိနေပြီ။

ဆရာကြီးပြုစုပြီးသော ထိုအများသုံး မြန်မာ-အင်္ဂလိပ် အဘိဓာန်တွင် ဝေါဟာရပုဒ်ရေ ပေါင်း ၆၀,၀၀၀ (ခြောက်သောင်း) ကျော်ပါဝင်သည်။ ၇ ½” x ၁၀” (စွယ်စုံကျမ်း) အရွယ်ရှိ သည်။ ထို့ပြင် မြန်မာ၊ အင်္ဂလိပ်၊ ပါဠိ စကားသုံးမျိုးပါဝင်နေသဖြင့် ပုံနှိပ်ရန်မလွယ်။ ငွေအရင်း အနှီးကလည်း အလွန်ကြီးမားလှသည်။ ထုတ်ဝေမည့်သူ ရှာရန်မလွယ်။ သည်တွင် ဆရာကြီးသည် မိမိငွေကြေားဖြင့်ပင် စိုက်ထူ၍ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ပုံနှိပ်ရာတွင် စာမျက်နှာ ၅၀၀ ကျော်အရောက်တွင် ပရုအမှားများကို စိစစ်ကြည့်ရာ အလွန်များပြားနေသည်ကို တွေ့ရသည်။ သည်တွင် ယင်းတို့ဖျက်ဆီးပစ်ကာ အစမှာပြန်၍ ပုံနှိပ်ခဲ့ရပြန်သည်။ ပရုကို ပါဠိပိုင်းဆိုင်ရာအ တွက် ဆရာကြီးကိုယ်တိုင် ဖတ်ပေးသည်။ အင်္ဂလိပ်နှင့် မြန်မာအပိုင်းအတွက် ဆရာကြီး၏ ဒုတိယသားဦးစောလှိုင်က နှစ်သိန်းခန့် ကုန်ကျခဲ့သည်။ ဤ ‘အများသုံး မြန်မာ-အင်္ဂလိပ်-ပါဠိ အဘိဓာန်’ သည် ၁၉၇၈ ခုနှစ်ပြီးစီးသည်။ ပထမဦးဆုံး မြန်မာအင်္ဂလိပ် ပါဠိအဘိဓာန်ပင် ဖြစ် သည်။ ပထမဆုံးဖြစ် လင့်ကစား အထူးပြည့်စုံကြွယ်ဝသည်။ ပေါရာဏများ၊ ခေတ်မီ ဝေဟာရ များ၊ ပညာရပ်အသီးသီးဆိုင်ရာ ဝေါဟာရများ ပါဝင်သည်။ အနက် ဖော်ထားသည်မှာလည်း တိကျသည်။ ခိုင်လုံသည်။ အလွန်အသုံးဝင်သော၊ အထူးအကျိုးရှိသော၊ တန်ဖိုးမဖြတ်နိုင်သော အဘိဓာန်ကြီး ပင်ဖြစ်သည်။

ဆရာကြီးသည် ယင်းအဘိဓာန်အုပ်ရေ ၅၀၀ ခန့်ကို သြ၀ါဒစရိယအဖွဲ့ဝင်ဆရာတော်ကြီးများ၊ တက္ကသိုလ်များစာကြည့်တိုက်၊ မြန်မာစာ အဖွဲ့နှင့် အခြားသင့်လျော်ရာအဖွဲ့များ၊ မိတ် ဆွေသင်္ဂဟများ စသည်တို့ကို လှူဒါန်းခဲ့သည်။

ဆရာကြီးဦးဟုတ်စိန်သည် အများသုံး မြန်မာ-အင်္ဂလိပ်-ပါဠိအဘိဓာန်ကြီးကိုပြုစုပြီးနောက် ‘တရုတ်-အင်္ဂလိပ်အဘိဓာန်’ ကို ဆက်လက်ပြု စုရာ ပြီးဆုံးသွားပြန်ပြီ။ သို့သော် ယနေ့တိုင် ပုံမနှိပ်ရသေးပေ။

ဆရာကြီးသည် အရက်မသောက်၊ ဆေးလိပ်မသောက်။ ရုပ်ရှင် စသည့်ပွဲသဘင်တို့ကို မကြည့်။ ကျန်းမာရေးကိုမူ အထူးဂရုပြုသည်။ ငယ်ရွယ်စဉ်က တင်းနစ်အမြဲကစားသည်။ အသက်ကြီးလာသောအခါ အမြဲလမ်းလျှောက်သည်။ တစ်နေ့တွင် ၇ မိုင်ခန့်လျှောက်သည်။

ဆရာကြီးဦးဟုတ်စိန်သည် ဒေါ်မြမေနှင့်လက်ထပ်ကာ သားသမီးခြောက်ယောက် ထွန်းကားခဲ့သည်။ ဇနီးမမြမေသည် ၁၉၇၉ ခုနှစ်က ကွယ်လွန်သွားခဲ့သည်။

ထူးခြားသည်မှာ ဆရာကြီးသည် အစိုးရ ၇ တန်းစာမေးပွဲနှင့် တက္ကသိုလ်ဝင်ခွင့် အင်းထရင့်စာမေပွဲတွင် မြန်မာတစ်ပြည်လုံး၌ ပထမရ၍ အောင်မြင်သည့်နည်းတူ၊ ဆရာကြီး၏ ဒုတိ ယသား ဦးစောလှိုင်(B.Sc, B.L) ဗဟိုတရားရုံး ရှေ့နေကြီးကလည်း ၁၉၃၆ ခု၊ ၁၀ တန်းစာမေး ပွဲတွင် မြန်မာတစ်ပြည်လုံး၌ ပထမရ၍ အောင်မြင်သည်။ ထိုမျှမက ဆရာကြီးဦးဟုတ်စိန်၏မြေးဖြစ်သူ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ဒေါက်တာသန်းသန်းတင် (M.B.B.S (Rgn). Med.Sc (OG)) (ဦးစောလှိုင်၏သမီး) ကလည်း ၁၉၆၄ခု၊ ၁၀ တန်းစာမေးပွဲတွင် မြန်မာ တစ်ပြည်လုံး၌ ပထမရ၍အောင်မြင်ခဲ့သည်။ ကျောင်းသူဘ၀၌ နှစ်ထပ်ကွမ်းလူရည်ချွန် ဖြစ်ခဲ့သည်။ ထို့အပြင် ဆရာကြီး၏မြစ်ဖြစ်သူ (ဦးစောလှိုင်၏မြေး) ကလည်း ၁၀ တန်းစာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်ပြည်လုံး၌ ပထမရ၍ အောင်မြင်ခဲ့ပြန်သည်။ ဆွေစဉ်မျိုးဆက်လေးဆက်တိုင် ပညာထူးချွန်ကြသည်မှာ အံ့ဖွယ်ပင်။

ဆရာကြီးဦးဟုတ်စိန်သည် ပုဂ္ဂိုလ်ထူးပင်ဖြစ်သည်။ သူသည် ပညာလည်းထူးချွန်သည်။ ထူးထူးခြားခြား အသက်ရှည်သည်။ စာမူခငွေ ကြေးကိုမမှုဘဲ ခေတ်အဆက်ဆက် အကျိုးပြုနိုင် မည့် အဘိဓာန်ကြီးများကို တစ်ဦးတည်း ဒိုင်ခံပြုစုနိုင်သူဖြစ်သည်။ ထိုသို့ ပြုစုနိုင်သော်လည်း ဉာဏ်ခံကြီးသည်။ ဇွဲသတ္တိကောင်းသည်။ အားမာန်အပြည့်အ၀ရှိသည်။ စေတနာသဒ္ဒါန်တရား ထက်သန်သည်။ ဆရာကြီး သည် ငွေးကြေး ကို အဓိကမထား။ တိုင်းပြည် ပညာမျက်စိပွင့်လင်း မှုကိုသာ အဓိကာထားသူဖြစ်သည်။ မြတ်နိုးကြည်ညိုဖွယ် ကောင်းသော မြန်မာ့ဂုဏ် ဆောင် စံပြပညာရှင်ကြီးပင်ဖြစ်သည်။

ထို့နောက် တရားလွှတ်ရှေ့နေကြီးနှင့် အဘိဓာန်ကျမ်းပြု ဆရာကြီး ဦးဟုတ်စိန်သည် ၁၉၈၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့လေသည်။

ကိုးကား
၁။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၅) စာမျက်နှာ ၂၅၇-၂၅၈။
၂။ မင်းယုဝေ “အဘိဓာန်ဆရာကြီးဦးဟုတ်စိန်” ရှုမ၀မဂ္ဂဇင်း၁၉၈၄ ၊ ဖေဖော်ဝါရီလ စာ ၁၄၂-၁၄၇။
၃။ မင်းယုဝေ ‘အံ့ချီးဖွယ်အလှူရှင်’ ရတနာမွန်မဂ္ဂဇင်း တွဲ ၁၁၊ မှတ် ၁။ (၁၉၈၄ ခု၊ ဇန်န ၀ါရီလ) စာ ၁၈-၁၉။

မြန်မာ့သမိုင်းတကွေ့၌ သက်စွန့်သွားခဲ့ရသော ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော်နှင့် ကိုဖုန်းမော် – အပိုင်း (၂)(Click)

မြန်မာ့သမိုင်းတကွေ့၌ သက်စွန့်သွားခဲ့ရသော ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော်နှင့် ကိုဖုန်းမော် – အပိုင်း (၂)
သန်းဝင်းလှိုင်
ဒီဇင်ဘာ ၁၆၊ ၂၀၁၁


အဲဒီနေ့ ၂ နာရီမှာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အသင်းတိုက်ရှေ့မှာ လက်ရုံး တပ်သားများက ကြေကွဲဖွယ်နောက်ဆုံးနှုတ်ဆက်ခြင်း စစ်ခရာသံကို မှုတ်၍ ဗိုလ်အောင်ကျော်အား အရိုအသေပြုပြီးနောက် ရုပ်ကလပ်ကို မော်တော်ယဉ်များဖြင့် သယ်ဆောင်ခဲ့ကြပါတယ်။ နိဗာန် ယာဉ် နောက်မှ သံဃာတော်များ၊ သီလရှင်များ၊ ဗမာ့လက်ရုံးတပ် တပ်ဖွဲ့ဝင်များ၊ ၀တ်အသင်းများ၊ သတင်းစာတိုက်သားများ၊ ကျောင်းသား များ၊ နိုင်ငံရေး အဖွဲ့အစည်းအသီးသီးမှယာဉ် တန်းများက လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။

ကြံတောသုသာန်အရောက်တွင် ရုပ်ကလပ်အားဂူမသွင်းမီ အာဇာနည်မိခင်ဒေါ်ရွှေကျော့မှ သားချစ်ဗိုလ်အောင်ကျော်ရဲ့ ဂုဏ်ပုဒ်ကို ထုတ် ဖော်ချီးကျူး၍ ဈာပနကော်မတီ အတွင်းရေးမှူး ကိုဧကျော်က ထောင်နန်းစံ ကိုဘဟိန်းထံမှ ချီးကျူး သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုလှရွှေနဲ့ တို့ဗမာအစည်းရုံးမှ သခင်လှဘော်တို့ကလည်း ရေနံမြေ သပိတ်သမားများနဲ့ ကျောင်းသားများကို အာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးသွားခဲ့ပုံကို တင်ပြခဲ့ပါတယ်။ အဲဒီနောက် မြို့မဆရာဟိန်း (၁၉၀၅ - ၁၉၇၉) က ဈာပနကော်မတီကိုယ်စား အဓိဌာန်ပြု ချီးကျူးစာတန်းကို အောက်ပါ အတိုင်း ဖတ်ကြားခဲ့ပါတယ်ဗျာ။

“အို .... အာဇာနည်ရဲဘော် ဗိုလ်အောင်ကျော် အသင်ကား လွတ်လပ်ရေးတိုက်ပွဲတွင် တပ်ဦးဗိုလ်မှူးအဖြစ်ဖြင့် ငါတို့သည် ယနေ့ကစ၍ ကမ္ဘာတွင် ဗမာတည်နေသမျှကာလပတ်လုံး စိတ်နှလုံးတွင် နောက်ဆုံး တည်မြဲစေတော့၏။

အို ... အာဇာနည်ရဲဘော်ဗိုလ်အောင်ကျော် အသင့်အား မညာမတာ ရိုက်နှက်ခဲ့သော ပြည့်အစေခံတို့၏ သံတုတ်သံသည် ငါတို့၏နား၌ လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ဆင်နွဲကြ ရန် တရံမခြား လှုံ့ဆော်သံကဲ့သို့ အမြဲ ကြားအောင်စေလိမ့်အံ့။

အို .... အာဇာနည်ရဲဘော်ဗိုလ်အောင်ကျော် အသင်၏ထုထည်ကြီးမားသောခန္တီတရားကလည်း အသင့်အား မရဏနိုင်ငံသို့ ပို့ဆောင်သကဲ့ သို့ ငါတို့ဗမာလူမျိုးတို့၏ အနာဂတ်လုပ်ငန်းသည် မြန်မာပြည်ကြီးအား ကိုယ့်မင်းကိုယ့်ချင်း အဖြစ်သို့ ပို့ဆောင်ပေးလိမ့်အံ့။

အို .... အာဇာနည်ရဲဘော် ဗိုလ်အောင်ကျော် ဖိနှိပ် ချုပ်ချယ်ခြင်း၊ ပုဒ်မ အမျိုးမျိုးတို့ကို သည်းခံခြင်း လက်နက်ဖြင့် မဆုတ်မနှစ် တိုက်ဖျက်ရာ၌ အသင်၏ မွန်မြတလှသော သေခြင်းသည် မြန်မာပြည် လုံးဝ လွတ်လပ်ရေး ပန်းတိုင်သို့ ပို့ဆောင်မည့် ရှေ့ပြေးနိမိတ်ဖြစ်စေလိမ့်အံ့။

အို ... အာဇာနည်ရဲဘော်ဗိုလ်အောင်ကျော် အသင်၏ မြင့်မြက်သော စိတ်ဓါတ်၊ ခိုင်မြဲသောဇွဲ၊ သည်းခံနိုင်သော စိတ်ထား၊ ရဲရင့်သော သတ္တိ၊ ကိုယ်ကျိုး မဖက် အသက်စွန့်သော အရည်အချင်းတို့မှ ကူးစက်လောင်မြိုက်သော မီးတောက်မီးလျှုံကြီးသည် ငါတို့ ဗမာတမျိုးသားလုံး၏ စိတ် နှလုံး အတွင်းဝယ် အစဉ်မပြက် တဟူဟူး တဟုန်းဟုန်း တောက်လောင်စေအံ့သတည်း။

အရေးတော်ပုံအောင်ပါစေ” ဟု နိဂုံးချုပ် ဖတ်ကြားကာ ခရာသံများဖြင့် ဈာပန အခမ်းအနားကို အဆုံးသတ်ခဲ့ပါတယ်။

ဗိုလ်အောင်ကျော်ကျဆုံးကြောင်း သတင်းသည် တမဟုန်ခြင်း မြန်မာ တပြည်လုံးသို့ ပျံ့နှံ့ခဲ့ရာ အဲဒီသတင်းဟာ ရေနံမြေ သပိတ်တပ်ကြီး ပြည် မြို့သို့ ဆိုက်ရောက်ချိန်နဲ့ တိုက်ဆိုင်နေတာမို့ ပြည်မြို့ကို ရောက်နေတဲ့ သပိတ်တဖွဲ့လုံး ၀မ်းနည်းကြေကွဲသည့် အထိမ်းအမှတ်နဲ့ ချီတက်ပွဲကို တရက်တာ ရပ်နားကာ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။

အဆိုပါ အဓိကရုဏ်း ဖြစ်ရပ်ကို အဲဒီတုန်းက အုပ်စိုးနေတဲ့အစိုးရက ခုံရုံးဖွဲ့ စစ်ဆေးစေခဲ့ပေမဲ့ နိုင်ငံတော် ၀န်ထမ်း ဖြစ်သော ပုလိပ်များကို တရားမစွဲနိုင်ဟု ဆုံးဖြတ်ကာ အမှုကို ပိတ်သိမ်းခဲ့ပါတယ်။

ခုံရုံးတွင် ဗိုလ်အောင်ကျော်ရဲ့ အလောင်းကို ရန်ကုန်ဆေးရုံကြီးမှ ခွဲစိတ် ဆရာဝန်ကြီး ဒေါက်တာဘသန်း (ဦးနေ၀င်း၏ ဇနီး ဒေါ်ခင်မေသန်း၏ ဖခင်) က ဆေးမှတ်တမ်းကို တင်ပြ အစီရင်ခံခဲ့ပါတယ်။ သူက ဗိုလ်အောင်ကျော် အလောင်းကို စစ်ဆေးရာတွင် ဦးခေါင်းတွင် ဒဏ်ရာများတွေ့ ရပါတယ်။ ဦးခွံ ကွဲအက်နေပြီး ဦးနှောက်ထဲ သွေးရောက်နေပါတယ်။ ဦးခွံကွဲအောင် ရိုက်သော ဒဏ်ရာဖြင့် လူနာသေဆုံးခဲ့ပြီး ဒဏ်ရာမှာ တုံး သော လက်နက်ဖြင့် နှစ်ကြိမ်မက ရိုက်နှက်ခံ၍ရရှိခြင်၊ နံပါတ်တုတ် ကျိုးလောက်အောင် ပြင်းထန်စွာ ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း မကွယ်မ၀ှက် ရဲရဲဝံ့ဝံ့ တင်ပြ အစီရင်ခံခဲ့ပါတယ်။

ဗိုလ်အောင်ကျော်၏ဂူကို ကြံတောသုဿန်၌ ၁၉၂၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ ဘီလပ်သွား ဖေ၊ ပု၊ ရှိန် ကိုယ်စားလှယ်အဖွဲ့ဝင် နိုင်ငံရေးခေါင်းဆောင်ကြီး ဦးထွန်းရှိန် (မြန်မာ ၁၂၅၂ - ၁၂၈၂)ရဲ့ ဘေးမှာ ယှဉ်တွဲပြီး ဂူသွင်းမြှုပ်နှံခဲ့ပါတယ်။ နောင် ဗိုလ်အောင်ကျော် အုတ်ဂူနားမှာ ဂျပန်ခေတ် ၁၉၄၅ ဧပြီလ ၁၂ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဂျာနယ်ကျော် ဦးချစ်မောင်ကိုလည်း မြှုပ်နှံခဲ့ပါတယ်။ အခုတော့ ကြံတောသုသာန်ဟာ ၁၉၉၇ ခုနှစ်က ဖျက်လိုက်တာမို့ ဗိုလ်အောင်ကျော်အုတ်ဂူနဲ့ ဦးထွန်းရှိန် အုတ်ဂူတို့လည်း မရှိတော့ပါဘူးဗျာ။ ဗိုလ်အောင် ကျော်အုတ်ဂူတွင် အောက်ပါအတိုင်း ကမ္မည်းစာတမ်း ရေးထိုးထားတာမို့ သမိုင်း သုတေသီများအတွက် အမှတ်တရ ပြန်လည်ဖော်ပြလိုက် ပါတယ်။

ပြည့်သူ့လွတ်လပ်မှုတိုက်ပွဲတွင်
ပုလိပ်တို့၏လက်ချက်ဖြင့်
၁၃၀၀ပြည့်နှစ်၊ ပြာသိုလဆန်း ၂ ရက်နေ့၊
၁ နာရီ ၂၅ မိနစ်အချိန်၌
အနိစ္စရောက်ရရှာသော
ရဲဘော် အောင်ကျော်။
(အသက်၂၂နှစ်)’

ဗိုလ်အောင်ကျော် အနိစ္စရောက်ပြီးနောက် မြန်မာနိုင်ငံလုံး၌လည်း ၀မ်းနည်းကြေကွဲသော အထိမ်းအမှတ်တွေ တပြိုင်တည်းလိုပင် ဆွမ်းသွတ် အမျှဝေခြင်းပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ ဟင်္သာတအပိုင် မဲဇလီကုန်းမြောက်ဘက် ၆ မိုင်အကွာ ချင်းချောင်းရွာအနီး၌ `ဗိုလ်အောင်ကျော် လွမ်းစေတီ´ကို ဂျပန်ခေတ်၌ တည်ထားတယ်။ စေတီ တည်ရန်အတွက် ဘီအိုင်အေက ငွေကျပ် ၂၀၀၀ ထုတ်ပေးပြီး ထိုငွေကို ဗိုလ်အောင်ကျော် ဖခင်က ဖြည့်စွက်ပြီး တည်ခဲ့ပါတယ်။ ဗိုလ်အောင်ကျော် အထိမ်းအမှတ် ကြေးရုပ်ထုကို ရန်ကုန် တက္ကသိုလ် ပင်မ တံခါး အ၀င်ညာဘက် တက္ကသိုလ် သမဂ္ဂ အဆောက်အအုံရှေ့၌ တည်ဆောက်ထားပြီး ၁၉၄၀ပြည့်နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့ပါ တယ်။ အဆိုပါကြေးရုပ်ထုသည် ဒုတိယ ကမ္ဘာစစ်အတွင်း ပျောက်သွားတယ် လို့ သိရပါတယ်။ အာဇာနည် ဗိုလ်အောင်ကျော် အကြောင်း ဖွဲ့နွဲ့ စပ်ဆိုထားသော တေးသီချင်းများလည်း အတော်များများ ပေါ်ပေါက်လာခဲ့ပါတယ်။ သီချင်းတွေ အနက် ရွှေတိုင်ညွန့်ရေးစပ်ပြီး ခင်ခင်ရီ သီဆို ခဲ့သော `ဇာနည်မောင်အောင်ကျော်´ သီချင်းနဲ့ စာရေးဆရာ ဦးသုခ ရေးသားပြီ ကိုယ်တိုင် သီဆိုခဲ့တဲ့`ဗိုလ်အောင်ကျော်´ သီချင်းတွေဟာ လူသိများခဲ့ပါတယ်။

ဗိုလ်အောင်ကျော်ဟာ စိတ်နေသဘောထားပြည့်ဝရုံမက အပျော်အပါး၊ အသောက်အစား ကင်းသူဖြစ်ပြီ ကွမ်းယာဆေးလိပ်တို့ပင် မစား သောက်တတ်ချေ။

ဗိုလ်အောင်ကျော်ဟာ အမျိုးသားစိတ်ဓါတ်ပြင်းရုံသာမက စာပေဘက်၌လည်း ၀ါသနာထုံသူဖြစ်တယ်။ ကောလိပ်သို့ရောက်၍ မကြာမှီပင် စာရေးဆရာကြီး မဟာဆွေထံ စာပေ တပည့်ခံခဲ့သည်။ ဂန္တလောက မဂ္ဂဇင်းတိုက်နှင့် ယုဒသန် မဂ္ဂဇင်းတို့တွင်လည်း စာတိုပေစများကို ကိုအောင်ကျော် ကလောင်အမည်နဲ့ ရေးသားလေ့ရှိပါတယ်။ ဇာတိနယ်ရှိ မိမိ ပညာရေနို့သောက်စို့ခဲ့တဲ့ ကျောင်းများမှ ထုတ်ဝေသော ကျောင်း မဂ္ဂဇင်းများတွင်လည်း ဆောင်းပါးများ၊ ကဗျာများ၊ စာညွန့်များ၊ နိုင်ငံရေးနှိုးဆော်စာများ အခါအားလျော်စွာ ရေးသားပေးပို့ခဲ့ပါတယ်။

ဗိုလ်အောင်ကျော်လိုပဲ တပြည်လုံးအုံကြွခဲ့တဲ့ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွားစေခဲ့တဲ့ ၁၉၈၈ မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသား အရေးအခင်းမှာ အာဏာရှင်တွေဟာ ပြဿနာတွေကို အေးချမ်းစွာ ဖြေရှင်းရမည့်အစား လက်နက်အားကိုးနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့လို့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရပါတယ်ဗျာ။

အာဇာနည်ကိုဖုန်းမော်ကျဆုံးခဲ့တဲ့နေ့ကို ယခုအခါ ဒီမိုကရေစီ အင်အားစုတွေက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ဆိုပြီး ကျင်းပလာတာ ယခု နေ့ ၂၀၁၁ မတ်လ ၁၃ ရက် နေ့ဆိုရင် ၂၃ နှစ်တိုင်ခဲ့ပါပြီ။

အာဇာနည် ကိုဖုန်းမော် ကျဆုံးခြင်း နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ကို ၁၉၈၉ မတ်လ ၁၃ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သောမိန့်ခွန်းဟာ သမိုင်း ၀င်မိန့်ခွန်းမို့ အမှတ်တရ ပြန်လည်ဖော်ပြချင်ပါတယ်။

ကိုမျိုးပန်းချီဒီဇိုင်းအား အသုံးပြုထားပါသည်။

‘ဒီနေ့ဟာ မော်ဖုန်းမော် ကျဆုံးသွားတာ (၁) နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။ မောင်ဖုန်းမော်ဟာ ဆိုရင် ကျဆုံးတဲ့အချိန်တုန်းက လူငယ်တ ယောက်ဖြစ်ပါတယ်။ ဒီလိုလူငယ်တစ်ယောက် ကျဆုံးရတယ်ဆိုတာ အင်မတန်မှနှမြောစရာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလူငယ်ရဲ့ဘ၀မှာ အများကြီး လုပ်စရာကိုင်စရာတွေ ရှိသေးတယ်။ ဒီလုပ်စရာကိုင်စရာတွေကို မလုပ်ရဘဲနဲ့ ဆုံးရှုံးသွားရတယ် ဆိုတာ အင်မ တန်မှ နှမြောစရာဖြစ်ရပါတယ်။ မောင်ဖုန်းမော် ဆုံးရှုံးရခြင်းကိစ္စဟာ အတ္ထုပ္ပတ္တိကို ဖတ်ကြည့်လို့ရှိရင် အသက်ပင် ဆုံးရှုံးရတာမဟုတ်ဘူး။ ဆုံးရှုံးသွားတဲ့ အခါကျတော့လည်း ဂုဏ်သိက္ခာနဲ့တောင် မဆုံးရှုံးသွားရဘူး။ မိသားစုများဟာ အေးအေးဆေးဆေး၊ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ လုပ် သင့် လုပ်ထိုက်တဲ့ ကိုယ့်ထုံးတမ်း အစဉ်အလာအရ ကျဆုံးသွားတဲ့ လူတစ်ယောက်အတွက် ကောင်းကောင်းမွန်မွန် လုပ်ချင်တာတွေတောင်မှ အေးအေးဆေးဆေး မလုပ်လိုက်ရဘူးဆိုတာ အားလုံး အသိပဲဖြစ်ပါတယ်။ ဒီလို မလုပ်လိုက်ရခြင်းဟာ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေလို့ပဲ’ ဒါကြောင့်မို့လို့ အမျိုးသား ဒီမိုအရေစီ အဖွဲ့ချုပ် အနေနဲ့ မောင်ဖုန်းမော် ကျဆုံးသွားတဲ့ နေ့ပတ်လည် အချိန် ဟာ အခြေခံ လူ့အခွင့်အရေးများနှင့် ပတ်သက်လို့ပြန်ပြီးတော့ စဉ်းစားရချိန်၊ ဒီအခွင့်အရေးများ ရရှိဖို့အတွက် ပြန်ပြီးတော့ကြိုးစားရချိန်ဆို ပြီး သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။ လူ့အခွင့်အရေးများ ဆိုတာ ဘာဖြစ်လို့ရှိသလဲ။ ဘာဖြစ်လို့ လူ့အခွင့်အရေး လူ့အခွင့်အရေးများကို လိုချင် သလဲ ဆိုရင် အစီအစဉ် (၈) မှာ လူ့အခွင့်အရေးများ ကြေညာစာတမ်းမှာ ဖတ်ကြည့်လို့ရှိရင် တွေ့ပါလိမ့်မယ်။ ဒီကြေညာစာတမ်းမှာ အရေး ကြီးအချက်ကလေးတွေ တချို့ကို ကျမ ထောက်ပြချင်ပါတယ်။ ဒီကြေညာစာတမ်းထဲမှာ ဆိုလို့ရှိရင် လူ့အခွင့်အရေးများဟာ ဘာတွေလဲ ဆို တာတော့ ရှင်းပြထားပါတယ်။ အဲဒီဟာက ပိုပြီးတော့ အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်း လူတိုင်းဟာ အခွင့်အရေးတွေတော့ လိုချင်တာပဲ။ ဒီအခွင့်အရေးတွေကို ဘာဖြစ်လို့ လိုချင်တာလဲ။ ဘာဖြစ်လို့ရသင့် ရထိုက်သလဲ ဆိုတာကို တခါတ လေ သိပ်ပြီးတော့မစဉ်းစားကြဘူး။ အဲဒီတော့ ဒီကြေညာချက်ကို ဖတ်ပြတဲ့အခါကျရင် နိဒါန်းကို နည်းနည်း သေသေချာချာ နားထောင်စေချင် ပါတယ်။ ဥပမာ ဆိုလို့ရှိရင် နိဒါန်းထဲမှာပါပါတယ်။

“လူခပ်သိမ်းတို့၏ ဇာတိ ဂုဏ်သိက္ခာနှင့်တကွ လူတိုင်း အညီအမျှခံစားခွင့်ရှိသည်။ အခွင့် အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း တို့၏တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်တည်း” တဲ့။

ဒီလိုဂုဏ်သိက္ခာနဲ့ လူတိုင်းဟာ ငြိမ်းငြိမ်း ချမ်းချမ်းနေနိုင်တယ်။ တရား မျှမျှတတနေနိုင်တယ် လို့ ဆိုလိုတာပါ။ ဒါကြောင့် ကျမတို့ဟာ အခွင့်အ ရေးတွေ လိုချင်တယ် ဆိုတာ ဒီအခွင့်အရေးတွေကို ခံစားချင်လို့ချည်း မဟုတ်ပါဘူး။ ဒီအခွင့်အရေးတွေ ရှိမှသာလျင် တိုင်းပြည်ကြီးရော ကမ္ဘာ ကြီးရောဟာ ငြိမ်းငြိမ်းချမ်းချမ်း တရားမျှမျှတတ ရှိနိုင်မယ် ဆိုတာ ယုံကြည်ရမှာဖြစ်တယ်။

ထိုနည်းလည်းကောင်းပဲ “လူ့အခွင့်အရေးများကို ပမာထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်းတို့၏ အကျင့် သိက္ခာကို ချိုးဖောက် ဖျက်ဆီး တတ်သည်။ ရက်စက်ကြမ်းကြုတ်သော အပြု အမူများကို ဖြစ်ပေါ်စေသောကြောင့်” တဲ့။

ဒါလည်းဟုတ်ပါတယ်။ အခွင့်အရေးများမရှိတဲ့အခါကျတော့ လူများရဲ့ အကျင့်စရိုက်ကလည်း ဖောက်ပြား လာတတ်တယ်။ အခုမြန်မာနိုင်ငံမှာ ဆိုလို့ရှိရင် အရင်၂၆ နှစ်အတွင်း ဘာလောက် အကျင့်စာရိတ္တတွေ ကျဆင်းလာတယ် ဆိုတာ အများ အသိပဲ။ ဘာဖြစ်လို့ ဒီ အကျင့် စာရိတ္တတွေ ကျဆင်းလာရသလဲ အခြေခံ လူ့အခွင့်အရေးတွေ မရှိလို့ပဲ။

အားလုံးသိနေတဲ့ လာဘ်စားတဲ့ ကိစ္စကြီးပဲကြည့်လိုက်ပါ။ လူတိုင်း လူတိုင်းဟာ မိမိရဲ့အသက်မွေးဝမ်းကြောင်း ဖူလုံနိုင်လောက်အောင် မလုပ် နိုင်တဲ့ အခါကျတော့ မဟုတ်မမှန်ကန်တဲ့နည်းတွေနဲ့ ပိုက်ဆံရှာရတယ်။ အသက်မွေးဝမ်းကြောင်း ဖူလုံအောင် လုပ်ရတယ်။ အဲဒီလို လုပ်ရင်း လုပ်ရင်းနဲ့ လာဘ်ပေး လာဘ်ယူ ဆိုတဲ့ စနစ်ဆိုးကြီးဟာ တနေ့ထက် တနေ့ ပိုပြီးကြီးထွားလာ တယ်။ ဒါဟာ ဥပမာ သေးသေးလေး တခု ထဲပါ။

တခါတည်းမြန်မာနိုင်ငံရဲ့ အခြေအနေကို သုံးသပ်လိုက်မယ် ဆိုရင် အရင် (၂၆) နှစ်အတွင်းက အခွင့်အရေးများ ဆုံးရှုံးလေ လူထုရဲ့ အကျင့်စာရိတ္တများဟာ ပိုပြီးတော့ ပျက်စီးလေ ဆိုတာ ထင်ရှားလာပါလိမ့်မယ်။ ဒါကြောင့်မို့ ကျမတို့ပြန်ပြီးတော့ လူ့အခွင့်အရေး အတွက် လိုချင်တာဟာ တိုင်းသူပြည်သားတွေရဲ့ အကျင့် စာရိတ္တကိုလည်း ပြန်လည် ထူထောင်ချင်လို့ပဲဖြစ်ပါတယ်။

အဲဒီတော့ အခွင့်အရေးတွေတော့ လိုချင်တယ်။ အကျင့် စာရိတ္တကိုတော့ ကောင်း အောင် ပြန်မလုပ်ဘူး ဆိုရင်တော့ ကျမတို့ရဲ့ အဓိကရည် ရွယ်ချက်ဟာ ရနိုင်မှာမဟုတ်ပါဘူး။

နောက်တခါ ပါ ပါသေးတယ်။

“လူခပ်သိမ်းတို့သည် တရား လက်လွတ် နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီး ညှင်းဆဲမှုတို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ လက်နက်စွဲကိုင် ကာ တော်လှန်ခြင်း မပြုစေရန် လူမှု အခွင့်အရေးများကို ဥပဒေဖြင့် ထိန်းသိမ်း ကာကွယ်ပေးရမည်ဖြစ်သောကြောင့်” တဲ့။

ဒါလည်း ကျမလို့က ဒီဟာကို တချိန်လုံးပြောနေတာပဲ။ အခြေခံ လူ့အခွင့်အရေးများကို ပေးပါ။ အခြေခံ လူ့အခွင့်အရေးများကို ပေးလို့ရှိရင် ဒီမိုကရေစီ လှုပ်ရှားမှု အောင်မြင်ရေးအတွက် ပြည်သူလူထုက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်သွားပါလိမ့်မယ်။ ဒီအခွင့်အရေးတွေ မရှိလို့သာ တချို့ လက်နက် ကိုင်ချင်တယ်။ ဒီစနစ်ကြီးကို ဖျက်ဖို့ဟာ အကြမ်းကိုင်မှဖြစ်မယ် ဆိုတဲ့ စိတ်တွေ ပေါ်ပေါက်နေတာပဲ။ ဒါလည်း လူ့အခွင့်အရေးတွေ မရှိလို့ပဲ။

တရားဥပဒေအရ အခြေခံ လူ့အခွင့်အရေးတွေကို အာမခံတယ် ဆိုလို့ရှိရင် လူထုကလည်း ဒီလို ဆူပူသောင်းကျန်းမှု လုပ်ဖို့ မလိုပါဘူး။ လုပ် လည်း မလုပ်ချင်ပါဘူး။ လူတိုင်းလူတိုင်းဟာ အေးအေးဆေးဆေးနဲ့ ကိုယ့်ဘ၀မှာ ကိုယ် ရပ်တည်ပိုင်ခွင့်ကို လိုချင်ကြပါတယ်။ ဒီအခွင့်အရေး တွေ မရဘူး ဆိုတော့ နောက်ဆုံး မခံနိုင်တော့မှဘဲ ဆူပူသောင်းကျန်းမှုများ ဖြစ်လာတတ်ပါတယ်။

အခု မောင်ဖုန်းမော်လေး ဆိုရင် ဆုံးသွားတာ တစ်နှစ်ပြည့်သွားပြီး ဒီလို တစ်နှစ်ပြည့်သွား တဲ့ အချိန်တွင်းမှာ ကျမတို့နိုင်ငံမှာလည်း အပြောင်းအလဲတွေဟာ တော်တော်များများ ပေါ်ပေါက် လာခဲ့ပါတယ်။ ဒီအပြောင်းအလဲတွေ ပေါ်ပေါက်လာခြင်းဟာလည်း လူတိုင်း လူတိုင်းဟာ လူ့အခွင့်အရေးများကို ခံစားချင်လို့ ရုန်းကန်ခဲ့လို့ ပေါ်ပေါက်လာရတာဖြစ်ပါတယ်။ လူ့အခွင့်အ ရေးများ ရရှိရေး အတွက် ဆက်ပြီးတော့ ဇွဲ၊ သတ္တိနဲ့ လုပ်သွားမယ် ဆိုလို့ရှိရင် တဖြည်းဖြည်းနဲ့ ဒီ ကမ္ဘာ့ကုလသမဂ္ဂ ကြေညာစာတမ်းထဲမှာ ပါတဲ့ အခွင့်အရေးတွေကို တနိုင်ငံလုံးမှာ ထာဝရခံစားနိုင်ခွင့် ရရှိလာမှာပါ။

ကျမတို့ဟာ သုညကနေပြီးတော့ စနေရတဲ့ အခြေအနေပါ။ သူညကနေ စနေရတဲ့ အခြေအနေမို့လို့ မြန်မြန် ဆန်ဆန် ပန်းတိုင်ကိုတော့ ရောက်နိုင်မှာ မဟုတ်ဘူး။ မောင်ဖုန်းမော်တို့လို အာဇာနည်လေးများဟာ အသက် ဆုံးရှုံးခံသွားကြပြီ။ ဒီကလေးသူငယ်များဟာ ဘယ်တော့မှ လူ့အခွင့်အရေး ခံစားနိုင်မယ့် မြန်မာနိုင်ငံကို မြင်တွေ့ရမှာ မဟုတ်တော့ဘူး။ အဲ့ဒီတော့ ကိုယ့်အနေနဲ့ ဆုံးသွားတဲ့ လူတွေ အတွက် ဒီအခြေခံ လူ့အခွင့် အရေးများကို ရအောင် လုပ်ရုံတင်မက ဒီအခြေခံ လူ့အခွင့်အရေးများ ရသင့် ရထိုက်တဲ့ လူများ ပီပီ နေမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချဖို့ လိုပါ တယ်။

လူငယ်များဟာ ဒီနိုင်ငံရဲ့ အနာဂတ်ကို ပခုံးပေါ်မှာ ထမ်းသွားရမယ့် လူတွေဖြစ်တယ်။ နိုင်ငံရဲ့အနာဂတ်ကို ပခုံးပေါ်မှာ ထမ်းသွားဖို့ ဆိုတာ အားရှိဖို့လည်း လိုတယ်။ အကျင့်စာရိတ္တလည်း ကောင်းဖို့ လိုတယ်။ နောက်ပြီးတော့လည်း သမိုင်း အဆက်ဆက်မှာ ကောင်းတဲ့ အကျင့်တွေက ဘာလဲ၊ ဒီ ကောင်းတဲ့ အကျင့်တွေ၊ ကောင်းတဲ့ ထုံးစံတွေကို ဆက်ပြီးတော့ ထိန်းသိမ်းထားမယ်။ မကောင်းတာတွေက ဘာလဲ၊ မကောင်းတာတွေကို ပြုပြင်သွားမယ် ဆိုတဲ့ စိတ်တွေလည်း ထားဖို့ လိုပါတယ်။

အဲ့ဒီတော့ တခေတ်နဲ့တခေတ် သင်ခန်းစာယူစရာတွေ အများကြီး ရှိပါတယ်။ ဟိုအရင် လွတ်လပ်ရေး ခေတ် အဖြစ်အပျက်တွေ အပေါ်မှာလည်း သင်ခန်းစာယူရမယ်။ အရင် ၁၉၈၈ ခုနှစ်က အဖြစ်အပျက်တွေ ပေါ်မှာလည်း သင်ခန်းစာ ယူရမယ်။ မနက်က အဖြစ်အပျက်တွေပေါ်မှာလည်း သင်ခန်းစာ ယူရမယ်။ တချိန်လုံး ကိုယ့်ကိုယ်ကိုယ် ပြုပြင်သွားဖို့ ဆိုတာ သင်ခန်းစာ ရှာနေရမှာဖြစ်ပါတယ်။ ဒီလိုစိတ်ရှိမှသာ နောင် အနာဂတ်မြန်မာနိုင်ငံကြီး တိုးတက် စည်ပင်သွားအောင် လုပ်နိုင်မှာဖြစ်ပါတယ်။

အခု ဒီနေ့မောင်ဖုန်းမော်ကို သတိရသော အားဖြင့် မောင်ဖုန်းမော် မလုပ်ခဲ့ရတဲ့၊ မထမ်းဆောင်လိုက်ရတဲ့ တိုင်းပြည်တာဝန်တွေကို အားလုံးက ၀ိုင်းဝန်း ထမ်းဆောင်သွားမယ် ဆိုတဲ့ သန္နိဋ္ဌာန်ချပြီးတော့ ဒီမိုကရေစီ အောင်မြင်ဖို့ အတွက် ချီတက်သွားကြပါစို့လို့ ဆန္ဒပြရင်းနဲ့ နိဂုံးချုပ်ပါတယ်” ဟု ပြောဆိုသွားခဲ့ပါတယ်။

ယခုအခါ ဗိုလ်သန်းရွှေ ဦးဆောင်နေတဲ့ စစ်အာဏာရှင် အုပ်စုဟာ မိမိ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ထားနဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ဘယ်လောက်ပဲ ပျက်ပျက်၊ လူထုနဲ့ တိုင်းပြည် ဘယ်လောက်ပဲ နစ်နာနစ်နာ ငါတို့လုပ်ချင်ရာ လုပ်မယ် ဆိုတာ တိုင်းပြည်နဲ့ လူထုပေါ် ဘယ်လောက် စေတနာ နည်းသလဲ ဆိုတာ ထင်ရှားနေပါတယ်ဗျာ။

နိုင်ငံတနိုင်ငံဟာ တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးဖို့ဆိုတာ ပြည်သူလူထုကို လေးစား တန်ဖိုးထားပြီး တိုင်းပြည်ကိုချစ်တဲ့ မြင့်မြတ်တဲ့ စိတ်ထား ရှိတဲ့ သူတွေ၊ ဉာဏ် အမြှော်အမြင် ပြည့်ဝပြီး တိုင်းပြည်အပေါ် သစ္စာရှိတဲ့ ခေါင်းဆောင်တွေ ရှိဖို့လိုပါတယ်ဗျာ။ ပြည်သူ လူထုဟာ အဲဒီလို ခေါင်းဆောင်တွေကိုပဲ တောင့်တနေပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ တပ်မတော်ကို တိုင်းပြည်နဲ့ လူထုကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ ဖွဲ့ထားတာပါ။ စစ်အာဏာရှင် လူတစု တည်တံ့ခိုင်မြဲရေးအတွက် ဖွဲ့ထားတာ မဟုတ်ပါဘူး။

ဒါကြောင့် ပြည်သူ့လွတ်လပ်မှု အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ရတဲ့ အာဇာနည် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်နဲ့ ကိုဖုန်း မော်တို့ နှောင်း အတိတ်မှ သမိုင်းပုံရိပ်ကို သင်ခန်းစာ ယူသင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက “လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းဟာ နိုင်ငံရေးပင်ဖြစ်တယ်”
လို့ မိန့်ကြားခဲ့တာကြောင့် လူတိုင်း လူတိုင်းဟာ မိမိတို့ အခွင့်အရေးကို ရယူလိုခြင်း၊ ရယူရဲခြင်း၊ ရယူတတ်ခြင်းတို့ကို ပြည့်ဝနိုင်ပါစေလိုသာ ဆန္ဒပြုလိုက်ပါတယ်ဗျာ။

စာကိုး
(၁) မြန်မာစွယ်စုံကျမ်းအတွဲ (၁၅) စာ ၂၆၉၊ ၂၇၀
(၂) ရွှေကျွန်းသောင်း “ဗိုလ်အောင်ကျော်နဲ့ ပြောဖူးတယ်” ရွှေတူဂျာနယ် (၁- ၅ - ၇၂ )
(၃) မောင်ဇနိယ “ထောင့်သုံးရာပြည့် အရေးတော်ပုံမှ အာဇာနည်အောင်ကျော်” အိုးဝေမဂ္ဂဇင်း ( ၁ - ၁- ၆၉ )
(၄) ဦးလေးမောင်၊ မြန်မာ့နိုင်ငံရေးသမိုင်း (ဒုတွဲ) စာပေဗိမာန် ပကြိမ် ၁၉၇၄။
(၅) ……. တို့ဗမာအစည်းအရုံးသမိုင်း (ဒုတွဲ) စာပေဗိမာန် ၁၉၇၄၊ စာ ၃၅၉၊ ၃၆၀။
(၆) သန်းဝင်းလှိုင်၊ အနှစ်ချုပ် မြန်မာ့သမိုင်း အဘိဓာန် (ဒုတွဲ) ပညာရွှေတိုက် စာအုပ်တိုက် ပကြိမ် ၂၀၁၀။
(၇) ……………အောင်ဆန်းစုကြည် လက်ရွေးစင် မိန့်ခွန်းများ ၁၉၉၅။
´