{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Friday, March 09, 2012

အဘမန်း ဘာလဲ… ! အဘမန်း….ဘယ်လဲ !

အဘမန်း ဘာလဲ… ! အဘမန်း….ဘယ်လဲ !


၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျွန်တော်တို့ဝန်ထမ်းလောက စိတ်ဝင်စားခံရဆုံးသူကတော့ ဗိုလ်ချုပ်ကြီး ဟောင်း သူရဦးရွှေမန်းပဲဖြစ်ပါတယ်။ သိတဲ့အတိုင်းပဲ အဘမန်းရဲ့ ဖေဖော်ဝါရီလ(၇)ရက်နေ့က ပြည်သူ့လွှတ်တော် တင်သွင်းခဲ့တဲ့အဆိုက ကျွန်တော်တို့ဝန်ထမ်းများအတွက် အလွန်အင်မတန် နားဝင်ပီယံရှိလှပါတယ်။ အဲဒီနေ့က နားထောင် လိုက်ရတဲ့ အဘမန်းရဲ့ပြောကြားချက်တွေကလည်း အရမ်းမိုက်ပါတယ်။ ၀န်ထမ်းတွေလစာတိုး၊ လာဘ်ပေးသူတွေ ထိထိ ရောက်ရောက်အရေးယူဖို့ပြောဆိုနေတဲ့ အဘမန်းရဲ့လေသံမှာ အားမာန်တွေပါခဲ့ပါတယ်။
လူပြိန်းတစ်ယောက်အနေနဲ့ပြောရရင်တော့ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒဆိုပြီး ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ အပထား ၊ ပြည်သူ့လွှတ်တော်ဥက္ကဌကြီးရဲ့ အဆိုပြုချက်လား၊ မိန့်ခွန်းလား၊ တောင်းဆိုချက်လား ဘာမှန်းမကွဲပြားတဲ့ ပြောကြား ချက်လို့ ထင်ပါတယ်။
ဒါပေမယ့် အများစုနားလည်လိုက်တာက ၀န်ထမ်းတွေလာဘ်မစားအောင် လစာတွေတိုးမြှင့်ပေးရမယ်လို့ဆိုပြီး လစာတွေ ၃ ဆတိုးပေးမယ်ဆိုတဲ့ ကောလဟာလနဲ့အတူ နောက်တစ်နေ့မနက် ဈေးထဲမှာ ချည်ပေါင်ရွက် တစ်စီး ၃၀၀ိ/-ကနေ ၅၀၀ိ/-ကျပ် ဖြစ်သွားတာ အဘမန်းသိမယ်မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်အပါအ၀င် ၀န်ထမ်းအားလုံးကတော့ မျှော်လင့်ချက်ကြီးမားစွာနဲ့ဝမ်းသာပြီး မောင်မင်းကြီးသား ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။
ဒါ့အပြင် အဘမန်းရဲ့ပြောကြားချက်တွေကို လိုသလိုဆွဲ   နာမည်ကြီးအောင်ဖွတဲ့ ဂျာနယ်လစ်တွေကြောင့် ၀န်ထမ်း တွေကပျော် ဈေးသည်တွေက ဈေးတွေမြင့် ၊ ကုမ္ပဏီပိုင်ရှင်တွေကစိတ်တွေညစ် ၊ နိုင်ငံရေးသမားတွေက အကွက်ချောင်းနဲ့ ရှုပ်ရှက်ကိုခတ်သွားပါတော့တယ်။
ဒီလိုဖြစ်ရတာက  “  နိုင်ငံသားဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့်ချီးမြင့်ငွေများကို လာမည့်ဘတ်ဂျက်နှစ်အစမှာ မဖြစ်မနေတိုးမြှင့်ပေးရေး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မှာ အမြင့်ဆုံးသော သြဇာအကြီးဆုံးသော ဤလွှတ်တော်ကြီးက အတည်ပြုပေးပါ  ” ဆိုပြီး ရဲရဲဝံ့ဝံ့သတ္တိရှိရှိ၊ ခပ်တည်တည်နဲ့ အစိုးရအဖွဲ့ကိုအမိန့်ပေးသလို ပြောကြားခဲ့တဲ့ အဘမန်းရဲ့ စကားလုံးများကြောင့်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဝေဖန်ရေး ၊ လေကန်ရေးဆိုသူတွေရဲ့ သုံးသပ်ချက်တွေ၊ ဆွေးနွေးချက်တွေနဲ့ ပြည်တွင်း၊ပြည်ပကို အတော်လေးရိုက်ခတ်ခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံတော်မှာ ပြည်ပကြွေးမြီ ၁၁ ဘီလီယံကျော်ရှိ နေပြီဖြစ်တာကိုသိသိကြီးနဲ့ ၁၉၅၉-၆၀ ခုနှစ်ကရရှိခဲ့တဲ့စရိတ်များအတိုင်း ပေးသင့်တယ်လို့ မတွက်ချက်ဘဲပြောတာ အပေါစားစည်းရုံးရေးသာဖြစ်တယ်လို့ ဝေဖန် လာပါတယ်။
·          
ဒီလိုဝေဖန်သံတွေနဲ့အတူ အဘမန်းကဘာလဲ? ဆို တာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
·         ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဌအဖြစ်နေပြီး မိခင်ကြံ့ခိုင်ရေး ပါတီက တာဝန်ယူထားတဲ့အစိုးရအဖွဲ့ အကြပ် အတည်းဖြစ်အောင် ဖိအားပေးတာလား?
·         ဒီပုတ်ထဲကဒီပဲဖြစ်ခဲ့တဲ့ သမ္မတကြီးကို အဘမန်း အနေနဲ့ ပြည်သူတွေရဲ့ကိုယ်စား ဒီမိုကရေစီ ဘက်တော် သားလို့ခံယူပြီး ပုဂ္ဂိုလ်ရေး Political Challenge လုပ်တာလား။ ဒါမှမဟုတ် Political Assassination လုပ်တာလား?
·         ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြည်သူ အများအပြား ထောက်ခံတဲ့ပုံရိပ်ကို အားကျပြီး    ပြည်သူက လက်ခံလာအောင် ကိုယ်ရည်သွေး အပေါစား စည်းရုံးရေးလုပ်တာလား?

တကယ်တော့ အဘမန်းဟာ စစ်အစိုးရလက်ထက်မှာ နံပါတ်(၃)နေရာအထိတာဝန်ယူခဲ့ရလို့ အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက် ရသုံး/ခွဲဝေပုံတွေကို သိရှိတဲ့သူဖြစ်ပါတယ်။ အဘမန်းအဆိုပြုခဲ့တဲ့ ၀န်ထမ်းတစ်ဦးရဲ့လစာ အနည်းဆုံးတစ်သိန်း ပေးရမယ်ဆိုတာ ပေးနိုင်ရင်ကောင်းပေမယ့် လက်ရှိအစိုးရ လက်ရှိအချိန်မှာတော့ပေးနိုင်မယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ အနိမ့်ဆုံးဝန်ထမ်း ၁ ဦးလစာဟာ ၃ သောင်းခွဲရှိနေလို့ အဘမန်းပြောတဲ့ ၁ သိန်းဖြစ်အောင် ၀န်ထမ်း ၁ ဦး ၁ လကို ၆ သောင်းခွဲတိုးပေးရပါမယ်။ ၁ နှစ်ဆိုရင် ၀န်ထမ်း ၁ ဦးအတွက် ၇ သိန်း ၈ သောင်းတိုးပေးရပါလိမ့်မယ်။
 လက်ရှိအနိမ့်ဆုံးလစာ ၃ သောင်းခွဲရနေတဲဝန်ထမ်းဦးရေ ၁ သိန်းရှိရင် တစ်နှစ်ကိုကျပ်သိန်းပေါင်း ၇ သိန်း ၈ သောင်း (ကျပ် ၇၈ ဘီလီယံ)  တိုးရမှာဖြစ်ပြီး  ၂ သိန်းရှိရင် ကျပ်သိန်းပေါင်း ၁၅ သိန်း ၆ သောင်း ( ကျပ် ၁၅၆ ဘီလီယံ) တိုးပေးရ ပါလိမ့်မယ်။ ဒါဟာအနိမ့်ဆုံးဝန်ထမ်း ၁ ဦးကို တစ်လ ၁ သိန်းရအောင်တိုးပေးရင် ဖြစ်လာမဲ့လိုငွေကိုတွက်ပြတာဖြစ်ပြီး ကျန်ဝန်ထမ်းတွေ အဆင့်လိုက် ရာခိုင်နှုန်းနဲ့ဘယ်လောက်တိုးပေးမလဲ၊ ဘယ်လောက်တောင်လိုအပ်လာမလဲ အဘမန်းစဉ်းစား မိပါရဲ့လားလို့ လက်တို့ပြီးတော့မေးလိုက်ချင်ပါတယ်။
ဒါ့အပြင် အဘမန်းလစာတိုးပေးစေချင်တဲ့ တပ်မတော်သားများအင်အားဟာ ၄သိန်းခွဲရှိတယ်လို့ အင်တာနက် သတင်းများအရသိရပါတယ်။ ဒီစစ်သား ၄ သိန်းခွဲအားလုံးကို အဆင့်လိုက်မဟုတ်ဘဲ စစ်သားတစ်ဦးကို ၆ သောင်းခွဲ တိုးပေးမယ်ဆိုရင်တောင် စစ်တပ်ဘတ်ဂျက်အတွက်  တစ်နှစ်ကို ကျပ် ( ၃၅၁ ဘီလီယံ ) လိုအပ်ပါလိမ့်မယ်။ အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ ကျောင်းဆရာ/ဆရာမများ ၊  အောက်ခြေအုပ်ချုပ်ရေးဝန်ထမ်းများထဲမှာ အနည်းဆုံးလစာ ၁ သိန်းထိ တိုးပေးရမဲ့အင်အား ၄ သိန်းခွဲလောက်ရှိနိုင်ပါတယ်။ ဒါကြောင့်စုစုပေါင်းလစာတိုးပေး ရမယ့်အင်အား ၉ သိန်းအတွက်   ၀န်ထမ်း ၁ ဦးကို ၆ သောင်းခွဲတိုးပေးရရင် ၁ လအတွက် ကျပ်သိန်းပေါင်း ၅ သိန်း ၈ သောင်းကျော်လိုမှာဖြစ်ပြီး ၁ နှစ်အတွက် ဘတ်ဂျက်လိုငွေ ကျပ် ( ၇၀၂ ဘီလီယံ ) လိုအပ်မှာဖြစ်ပါတယ်။ လူပြိန်း တစ်ယောက်အနေနဲ့ အကြမ်းမျဉ်းလိုအပ်လာမဲ့ဘတ်ဂျက်လိုငွေကို တွက်ပြထားတာဖြစ်ပြီး အတိအကျဆိုရင် ဒီထက်မက လိုအပ်မယ်ထင်ပါတယ်။
အဘမန်းပြောတဲ့ ၁၉၅၉-၆၀ ခုနှစ်တန်ဖိုးများအတိုင်း ၀န်ထမ်းအားလုံးကို လစာတိုးမြှင့်ပေးရင် အနိမ့်ဆုံးစပါး ဈေးနှုန်းနှိုင်းယှဉ် တွက်ချက်မှုအရ  ဘတ်ဂျက်လိုငွေ ကျပ် ၆၆၀၀ ဘီလီယံ ရှိမယ်လို့ ၀န်ကြီးဦးလှထွန်းရှင်းလင်းခဲ့တာ အဘမန်းကြားသိမယ် ထင်ပါတယ်။ ပြည်ပကြွေး ၁၁ ဘီလီယံကျော်နဲ့ လစာတိုးပေးလိုက်လို့ လိုအပ်လာမဲ့ ကျပ် ၆၆၀၀ ဘီလီယံကျော်ကို ရှာဖွေရမဲ့ အစိုးရအဖွဲ့ရဲ့ အခက်အခဲကို  စဉ်းစားသင့်ပါတယ်။
ဒါ့အပြင် နိုင်ငံဝန်ထမ်းမဟုတ်တဲ့ အခြားလက်လုပ်လက်စား ၊ ကျဘမ်းလုပ်ကိုင်စားသောက်နေရတဲ့သူတွေ ၊ ပုဂ္ဂလိက စက်ရုံ ၊ အလုပ်ရုံက၀န်ထမ်းတွေဟာ လစာတိုးမြှင့်မှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာမဲ့ ဆိုးကျိုးကိုလည်း စဉ်းစားရမှာဖြစ် ပါတယ်။ အထူးသဖြင့် ဘတ်ဂျက်အကြီးအကျယ် လိုငွေပြနေတဲ့အချိန်မှာ အစိုးရအဖွဲ့အနေဖြင့် အပိုကုန်ကျစရိတ်တွေကို လျော့ချပြီး ဘတ်ဂျက်လိုငွေကျဆင်းအောင် လုပ်ဆောင်နေရတဲ့အချိန်ဖြစ်ပါတယ်။
လစာတိုးပေးဖို့လိုငွေတွေရအောင် “ မဆောင်ရွက်သင့်သော စီမံကိန်းများမဆောင်ရွက်ဖို့ ” ဆိုပြီး ရန်ကုန်မှာ အဘမန်းပြောတာကြားလိုက်ရတော့ ကျွန်တော်အလွန်အံ့အားသင့်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “ မဆောင်ရွက်သင့် သော စီမံကိန်းများ ” ဆိုတာ ယခုဦးသိန်းစိန်အစိုးရအဖွဲ့လက်ထက်မှ စတင်လုပ်တဲ့စီမံကိန်းများမဟုတ်ဘဲ အဘမန်းကိုယ်တိုင် နံပါတ် ၃ နေရာမှာရှိခဲ့တဲ့ စစ်အစိုးရလက်ထက်ကစီမံကိန်းများ ဖြစ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။
အခုကြမှ “ မဆောင်ရွက်သင့်တာမလုပ်နဲ့ ၊ ဆောင်ရွက်သင့်လည်း ရပ်ကြ ” ဆိုပြီးပြောလာတဲ့ အဘမန်း ဟိုအချိန် တုန်းက ဘာဖြစ်လို့မပြောခဲ့တာလဲ ? “ မဆောင်ရွက်သင့်တဲ့ စီမံကိန်းကို” ဘာဖြစ်လို့မတားခဲ့တာလဲ ? လို့ နှုတ်ခမ်းလေးဆူပြီး မေးလိုက်ချင်ပါတယ်။ မြင်တွေ့ကြားသိနေရတာကတော့ ဦးသိန်းစိန်အစိုးရလက်ထက်မှာစတင်ပြီးလုပ်တဲ့ စီမံကိန်းဆိုတာ မရှိသေးပဲ ဆိုးမွေ လို့ဘဲပြောပြော ၊ ကောင်းမွေလို့ဘဲပြောပြော အဘမန်းရဲ့ လေသံနဲ့ ပြောရရင် ယခင်တပ်မတော်အစိုးရနှင့် ဦးစီးဦးဆောင် ပြုခဲ့သော အကြီးအကဲများရဲ့  မပြီးဆုံးခဲ့သော စီမံကိန်းကြွေးကျန်တွေဘဲဖြစ်ပါတယ်။
လစာတိုးပေးဖို့ လိုငွေရရှိအောင် မဆောင်ရွက်သင့် ၊ ဆောင်ရွက်သင့် စီမံကိန်းများအားလုံးကို ရပ်ဆိုင်းမယ်ဆိုရင် တောင်  လက်ရှိဘတ်ဂျက်လိုငွေပြနေတာကို လျော့ကျတဲ့အဆင့်ပဲ အထောက်အကူပြုနိုင်မယ်ထင်ပါတယ်။ အကြွေးတွေကထူ ၊ စီမံကိန်းတွေကရပ်ပြီး ဘတ်ဂျက်လိုငွေပြနေချိန်မှာ လစာတိုးပေးလိုက်လို့ ထပ်မံလိုလာမဲ့ဘတ်ဂျက်လိုငွေကို ရေရှည်မှာ ဘယ်လို လုပ်မလဲ စဉ်းစားသင့်ပါတယ်။
နေပြည်တော်ကသိရတဲ့ သတင်းတွေအရ မနှစ်ကပင်စင်စားတွေ အငြိမ်းစားလစာတိုးမြှင့်ပေးဖို့လိုတဲ့ ဘဏ္ဍာငွေ အတွက် နေပြည်တော်ကတည်ဆောက်ရေးလုပ်ငန်းကြီးတွေ ရပ်ဆိုင်းခဲ့တယ်လို့ဆိုပါတယ်။ ဒီလုပ်ငန်းကြီးတွေ ရပ်ဆိုင်း လိုက်လို့ နေပြည်တော်တည်ဆောက်ရေးကုမ္ပဏီအသီးသီးမှ လုပ်ကိုင်နေတဲ့အလုပ်သမားပေါင်း ၂ သောင်းကျော် ၃ သောင်း လောက် အလုက်လက်မဲ့ဖြစ်သွားလို့ သမ္မတကြီးဦးသိန်းစိန် မျက်လုံးပြူး ၊ မျက်ဆန်ပြူးဖြစ်ခဲ့ရတယ်လို့ သတင်းများထွက်ပေါ် ခဲ့ပါတယ်။ ဒီအခြေအနေတွေ အဘမန်းလည်းသိမယ်ထင်ပါတယ်။
လတ်တလော ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေဟာ ပုဂ္ဂလိကကဏ္ဍ မဖွံ့ဖြိုးသေးလို့ နိုင်ငံ တော်အစိုးရရဲ့ စီမံကိန်းကြီးများကိုသာမှီပြီး လုပ်နေရတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါကြောင့် စီမံကိန်းလုပ်ငန်းကြီးတွေ ရပ်ဆိုင်းလိုက်လို့ ဖြစ်ပေါ်လာမဲ့အလုပ်လက်မဲ့တွေကို အဘမန်းသားတွေရဲ့  ဧရာရွှေဝါကုမ္ပဏီ ၊ Red Link ကုမ္ပဏီကြီးတွေက အလုပ်ခန့်ပြီး တင်ကျွေးထားမယ်တော့မထင်ပါဘူး။ အလားတူ အခွန်တိမ်းရှောင်တာတော်တယ်လို့ နာမည်ကြီးနေတဲ့ အဘမန်းရဲ့ ခမည်းခမက် ဇေကမ္ဘာဦးခင်ရွှေကြီးလည်း ထမင်းကျွေးထားနိုင်မယ်မထင်ပါဘူး။ ဦးခင်ရွှေ့တစ်ယောက် နိုင်ငံတော်ကို နှစ်စဉ်ပေးရမယ့်အခွန်တွေမပေးတာကြာပြီလို့ နားနဲ့မဆန့်အောင် သတင်းတွေလည်းကြားနေရပါတယ်။ နိုင်ငံတော်ရဲ့ဝင်ငွေ အရပ်ရပ်မှာ အခွန်ငွေဟာအရေးကြီးသလို လစာတိုးပေးဖို့ လိုအပ်တဲ့ငွေအတွက် အခွန်တွေတိုးမြှင့် ကောက်ဖို့မဖြစ်နိုင်လို့ ပေးသင့်ပေးထိုက်တဲ့အခွန်တွေကိုတော့ စီးပွားရေးသမားတွေက ပေးရမှာဖြစ်ပါတယ်။
လိုငွေအကြီးအကျယ်ပြနေတဲ့ အစိုးရအနေနဲ့ မဖြစ်မနေလစာတိုးပေးဖို့ လိုအပ်လာမယ့်ငွေကို ငွေစက္ကူရိုက်နှိပ် ထုတ်လိုက်ရင် ငွေကြေးဖောင်းပွမှုဖြစ်လာမှာ အဘမန်းသိမှာပါ။ အဘမန်းအနေနဲ့   ယခင်အစိုးရ လက်ထက်က တပ်ပိုင်းမှ Commander ဆုံးဖြတ်နိုင်သူမဟုတ်ဘဲ နယ်ဘက်မှာလည်း ၀န်ကြီးချုပ်လောက် အခွင့်အာဏာ မရှိခဲ့ပါဘူး။ အစိုးရအဖွဲ့သစ် တက်လာချိန်မှာလည်း ဦးသိန်းစိန်ရဲ့ပုံရိပ်အောက်မှာ မှေးမှိန်နေခဲ့ရလို့ လွတ်တော်ရဲ့လုပ်ပိုင်ခွင့် ( Parliament Roll )ကို အတင်းအဓမ္မမြှင့်တင် အာဏာပြသလိုဖြစ်နေပါတယ်။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ထုတ်ဖော်တာ ကောင်းပါတယ်။ ဒီမိုကရေစီလည်း ဆန်ပါတယ်။
ဒါပေမယ့်ဒီလိုတွေ အာဏာပြ၊ လက်တန်းတွေလျှောက်ပြောပြီး လက်ရှိအစိုးရအဖွဲ့နဲ့ ကြံ့ဖွံ့ပါတီကြား စည်းလုံးမှုတွေ ပျက်ပြားအောင်လုပ်တာ ဒီမိုကရေစီဘက်တော်သားလားလို့ အဘမန်းကို မေးလိုက်ချင်ပါတယ်။
ဒီလိုမေးလို့ ကျွန်တော့်ကို ကြံ့ဖွံ့ပါတီဝင်တစ်ဦးလို့လဲ မထင်စေချင်သလို ဒီမိုကရေစီမလိုလားသူ နောက်ပြန်ဆွဲဝါဒ သမားအဖြစ်လည်း မမြင်စေလိုပါဘူး။ သိသာထင်ရှားတဲ့ မူဝါဒအပြောင်းအလဲတွေနဲ့ ခေတ်ပြောင်း၊စနစ်ပြောင်းကိုလုပ်နေတဲ့ လက်ရှိအာဏာရပါတီအတွင်း အကွဲအပြဲဖြစ်လာမှာ စိုးရိမ်လို့ပါ။
ဒီနေ့နိုင်ငံတော်မှာ အမြင့်ဆုံးနှင့် သြဇာအကြီးဆုံးဟာ လွှတ်တော်ဖြစ်တယ်လို့ အဘမန်းပြောတာလဲ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီထင်ပါတယ်။ ကျွန်တော်နားလည်သလောက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတသာလျှင် နိုင်ငံတော်ရဲ့ အကြီးအမှူးဖြစ်ပြီး နိုင်ငံတော်ကို မဏ္ဍိုင် ၃ ရပ်နဲ့ ထိန်းညှိထားတယ်လို့ ထင်ပါတယ်။ အဘမန်းရဲ့ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်နဲ့ သမ္မတကြီးရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရအဖွဲ့ဆိုတာ တကယ်တော့ ကြံ့ဖွံ့ပါတီကပဲ အများစု လွှမ်းမိုးထားတာပါ။ တမတ်သားပါတဲ့စစ်သားတွေကလည်း ကြံ့ဖွံ့ပါတီဘက်ကပဲရှိမယ် ထင်ပါတယ်။
­လွှတ်တော်ကလုပ်ချင်တာကို အစိုးရအဖွဲ့က လိုက်လုပ်လာအောင်….
အစိုးရအဖွဲ့က လုပ်ချင်တာကို လွှတ်တော်က အတည်ပြုပေးလာအောင်….
ရင့်ကျက်မှုမရှိတဲ့ ဒီမိုကရေစီဆန်ဆန် အတိုက်အခိုက်၊ အငြင်းအခုန်လုပ်ပြီး လက်သီးပုန်းတွေ ထုတ်သုံးတာဟာ ကြံ့ဖွံ့ပါတီရဲ့ စည်းလုံးညီညွတ်မှု၊ ပါတီရဲ့ Political Capacity ကိုထုတ်ဖော်ပြသလိုဖြစ်နေပါတယ်။
၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲအလွန် လွတ်တော်အတွင်း NLD တွေရောက်လာရင် ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ ဒီလိုသာလုပ်နေကြရင် လက်ရှိအာဏာရပါတီ(ကြံ့ဖွံ့ပါတီ) ကျန်တဲ့သက်တမ်းမှာ ရင်လေးစရာပါပဲ။ ၂၀၁၅ ခုနှစ်၊ ဒုတိယအကြိမ် ပြည်လုံးကျွတ်ရွေးကောက်ပွဲကြီးလုပ်ရင်တော့ “ ပြောမနေပါနဲ့ အဘမန်းရေ စဉ်းစားသာကြည့်လိုက်ပါတော့လို့  ” သတိပေး စကားလေး ပြောချင်ပါတယ်။
မပြောကောင်း မဆိုကောင်း ကြံ့ဖွံ့ပါတီကြီးပြိုကွဲသွားရင် NLD ကအာဏာမရပဲ စစ်တပ်က တိုင်းပြည်ကိုကယ်တင် ရပါတယ်ဆိုပြီး ယခင်ကာလကို ပြန်ရောက်သွားမှာ ပြည်သူလူထုက စိုးရိမ်ပူပန်မှုတော့ ရှိနေတာအမှန်ပါပဲ။
ပြည်သူတွေရဲ့စိုးရိမ်မှုကလည်း မလွန်ဘူးလို့ဆိုရပါမယ်။ တပ်ချုပ်အပါအ၀င် အဘမန်းနဲ့ သမ္မတကြီးတို့က “ နောက်ပြန်မလှည့်ပါဘူးလို့  ” ကတိတွေပေးနေပေမယ့် အဘမန်းရဲ့တပည့် တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့မှာ ကြည်း၊ ရေ၊ လေ စစ်သည်မိသားစုတွေကို တွေ့ဆုံစကားပြောရာမှာ  “  သမိုင်းကြောင်း ပြန်ကြည့်ပါက အာဏာရပါတီအတွင်း အုပ်စုကွဲမှုများဖြစ်ရခြင်း၊ သွေးထိုးမှုအမျိုးမျိုးခံကြရပြီး ယုံကြည်မှု၊ ညီညွတ်မှုပျက်ပြားခဲ့ရလို့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရတယ်  ”  လို့ ထောက်ပြပြောဆိုလာပါတယ်။
ဒါအပြင် သူရဲ့အထက်အရာရှိကြီးများဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရအဖွဲ့က ဗိုလ်ချုပ်ကြီးတွေ၊ အဘမန်းအပါအ၀င် ကြံ့ဖွံ့ပါတီက လူကြီးတွေကို “ ယနေ့အချိန်အခါတွင် ဥပဒေနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ တင့်တယ်စွာလျှောက်လှမ်းနိုင်ရေး အားလုံးစည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရန်လိုတယ် ” ဆိုပြီး ဆုံးမသလိုလို သတိပေးသလိုလိုနဲ့ ပညာသားပါပါ ပြောဆိုသွားတာကို သတိပြုလိုက်မိပါတယ်။
 တပ်ချုပ်ကြီးက သူ့ရဲ့ဆရာတွေဖြစ်ခဲ့တဲ့ သမ္မတကို ရည်ညွှန်းတာလား၊ ပြည်သူ့လွှတ်တော်ဥက္ကဌကြီးကို ရည်ညွှန်း တာလားမသိပေမယ့် သူ့ရဲ့ပြောဆိုချက်တွေဟာ ဘာကိုဆိုလိုလဲဆိုတာ အမျိုးမျိုးတွေးစရာဖြစ်နေပါတယ်။ သမိုင်းကြောင်းနဲ့ ယှဉ်ပြီး အာဏာရပါတီအကွဲအပြဲကို ထောက်ပြပြောဆိုချက်တွေဟာ ရန်ကုန်မှာရှိတဲ့ ကြည်း၊ရေ၊လေ တပ်ဖွဲ့တွေကိုသာမက နိုင်ငံတကာကိုပါ တပ်မတော်အနေနဲ့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ရှိပြီး လိုအပ်တာတွေ ပြင်ဆင်ထားတယ်ဆိုတာ အချက်ပေးနေတယ်လို့လည်း ယူဆနိုင်ပါတယ်။
 ဒီလိုအခြေအနေတွေမှာ အဘမန်းအနေနဲ့ ရဲရဲဝံ့ဝံ့သတ္တိရှိရှိပြောပြီး ဘယ်လိုလမ်းကြောင်းကို လျှောက်မှာလဲ၊ အဘမန်း…. ဘယ်လဲဆိုတာ စောင့်ကြည့်နေကြပြီဖြစ်ပါတယ်။

(ကောင်းကင်မင်းသား)

Monday, March 05, 2012

( တရုတ်စကား ပင်ယင်း အသံထွက်စနစ် တီထွင်သူ အသက် ၁၀၆ နှစ် အဖိုးအို )(Click)

တရုတ်စကား ပင်ယင်း အသံထွက်စနစ် တီထွင်သူ အသက် ၁၀၆ နှစ် အဖိုးအို


မကြာခင်က အသက် ၁၀၆ နှစ် ပြည့်တဲ့ ကျောက်ယုကွမ် (Zhou Youguang) မှာ တရုတ်စကားကို လာတင် အက္ခရာဖြင့် စာလုံးပေါင်း အသံထွက်တဲ့ ပင်းယင်း (Pinyin) စနစ် တီထွင်ခဲ့သူဖြစ်သည်။
သူတီထွင်တဲ့ ပင်ယင်းစနစ်ကို တရုတ်အစိုးရတင်မက၊ စင်္ကာပူ၊ ထိုင်ဝမ်နဲ့ မလေးရှားတို့မှာပါ တရားဝင် အသိအမှတ်ပြုထားပြီး၊ တရုတ် စကားနဲ့ အသံထွက် နားလည်လိုသူများအတွက် အများကြီး အားကိုးအားထား ဖြစ်စေသည်။ ပင်ယင်းစနစ်ကြောင့် ကွန်ဖျူးရှပ် အင်စတီကျူ့များ တကမ္ဘာလုံးတွင် မှိုလိုပေါက်လာပြီး၊ တရုတ်ဘာသာစကား လေ့လာသူ များပြားလာခဲ့သည်။
မစ္စတာကျောက် က ဗြိတိသျှ စွမ်စုံကျမ်း Encyclopedia Britannica ကို တရုတ်ဘာသာစကားဖြင့် ဦးဆောင် ဘာသာပြန်သူ ဖြစ်သလို၊ တရုတ်စွယ်စုံကျမ်း ပြုစုရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။ တရုတ်နှင့် အင်္ဂလိပ်လို စာအုပ် ၄၀ ကျော်လည်း ရေးသားထားသူ ဖြစ်သည်။
တရုတ်ခေါင်းဆောင်တွေက မစ္စတာကျောက် ကို လူငယ်တွေ စံထားထိုက်တဲ့ပုဂ္ဂိုလ်လို့ ပြောဆိုပေမဲ့၊ တရားဝင် ချီးမြှောက်မှု မလုပ်။ အခမ်းအနားတွေမဖိတ်။ အဓိကအကြောင်းက မစ္စတာကျောက်က တစ်ပါတီစနစ်ကို မထောက်ခံခြင်းကြောင့် ဖြစ်သည်။
၂၀၀၉ ခုနှစ်မှာ တရုတ်အစိုးရက စွယ်စုံကျမ်း ပြုစုရေးအဖွဲ့မှ ပညာရှင် ၅၀၀ ကျော်ကို အခမ်းအနားလုပ်ပေးခဲ့ပေမဲ့၊ သူ့ကို မဖိတ်။ သူ့မိတ်ဆွေတွေရဲ့ ပြောပြချက်ကတော့ ကွန်မြူနစ်ပါတီ ၀ါဒဖြန့်ချီရေးမှူး Li Changchun က မစ္စတာကျောက်ကို လက်ဆွဲ မနှုတ်ဆက်ချင်သောကြောင့်ဟု ဆိုသည်။ မစ္စတာကျောက်က ပါတီက လူတွေကို သိပ်ဂရုမစိုက်သလို၊ ပါတီကလည်း သူ့ကို ခြိမ်းခြောက်မှုတော့ မလုပ်။
မစ္စတာကျောက်က “ဒီမိုကရေစီဆိုတာ ခေတ်သစ်လူ့အဖွဲ့အစည်းအတွက် သဘာဝပုံစံတစ်ခုပဲ” လို့ ကြေငြာထားသည်။ ဒီမိုကရေစီဟာ တရုတ် နှင့် မသင့်တော်ပါဘူးဆိုတဲ့ ပြောဆိုမှုတွေကို အပြတ်ငြင်းပယ်သည်။ “ဖွံ့ဖြိုးမှုအဆင့် နိမ့်နိမ့် မြင့်မြင့် ကိစ္စမရှိဘူး၊ ဒီမိုကရေစီ ရှိကိုရှိရမယ်” ဟု ပြောဆိုသည်။
မစ္စတာကျောက် ကို ၁၉၀၆ ခုနှစ် ဇန်န၀ါရီ ၁၃ ရက် တရုတ်နောက်ဆုံး မင်းဆက်ခေတ်မှာ မွေးဖွားခဲ့သည်။ ချမ်းသာတဲ့ မိသားစုရဲ့ သမီးတဦးကို လက်ထပ်ပြီး ဘဏ်လုပ်ငန်း လုပ်ခဲ့သည်။ ၁၉၃၇ ခုနှစ် ဂျပန် ကျူးကျော်ပြီး ချုံကင်းမြို့ကို ဗုံးကျဲချိန်မှာ တောကို သူ့မိသားစု ပြောင်းခဲ့ပြီး ငါးနှစ်အရွယ် သမီးကြီး သေဆုံးခဲ့သည်။ ကွန်မြူနစ်ပါတီကို ဘယ်တော့မှ မ၀င်တဲ့အတွက် အသက် အန္တရာယ် ရှိခဲ့ပြီး၊ ပါတီခေါင်းဆောင်ပိုင်းမှ ချူအင်လိုင်းနဲ့ ရင်းနှီးမှုကြောင့် အသက် ချမ်းသာရာ ရခဲ့သည်။
ရှန်ဟိုင်း တက္ကသိုလ်မှာ ဘောဂဗေဒဆရာ လုပ်ရင်း၊ ဘာသာဗေဒကို သင်ယူခဲ့သည်။ ၁၉၄၆ မှာ သူ့မိသားစုနဲ့အတူ နယူးယော့ခ်ကို ပြောင်းခဲ့ပြီး ဘဏ်လုပ်ငန်းကြောင့် ချမ်းသာခဲ့သည်။ သိပ္ပံပညာရှင် အိုင်စတိုင်းနှင့်လည်း ရင်းနှီးခဲ့သည်။
၁၉၅၅ ခုနှစ်မှာ ၀န်ကြီးချုပ်ဖြစ်လာတဲ့ ချုအင်လိုင်းက သူ့ကို ပေကျင်းပြန်ခေါ်ပြီး၊ တရုတ်အမျိုးသားဘာသာစကားကို နိုင်ငံတကာ အသံထွက် သင်္ကေတသစ်နဲ့ တီထွင်ဖို့ သူကို အတင်းတာဝန်ပေးခဲ့သည်။ နောက်နှစ်မှာ ဥက္ကဌမော်ရဲ့ လက်ျာ ဆန့်ကျင့်ရေးလှုပ်ရှားမှု ပေါ်ထွက်လာပြီး၊ အနောက်တိုင်းပြန် ပညာတတ်များကို ပစ်မှတ်ထား တိုက်ခိုက်လာခဲ့သည်။ မစ္စတာကျောက် ရဲ့ ကျောင်းသားတစ်ယေက်နဲ့ အရင်းနှီးဆုံး မိတ်ဆွေ စီးပွားရေးပညာရှင်တစ်ဦး သတ်သေသွားသည်။
၁၉၆၆ ခုနှစ် ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ နှစ်နှစ်လောက် တောထဲမှာ အလုပ်ကြမ်းလုပ်ဖို့ အပို့ခံရသည်။ ဒါပေမဲ့ သူနဲ့ သူ့တပည့်တွေ အမြဲအဆက်အသွယ်လုပ်ပြီး၊ တရုတ်စကားကို လာတင်အက္ခရာနဲ့ အသံထွက်စနစ်သစ်ထွင်ဖို့ သဲသဲမဲမဲ ကြိုးစားခဲ့သည်။
တရုတ် အရုပ်စာလုံးတွေဟာ ရာစုနှစ်များစွာ တည်ရှိခဲ့တာမှန်ပေမဲ့၊ အခု ပင်ယင်း စနစ်ကသာ ပိုမို အသုံးဝင်လာမယ်ဟု သူက ပြောသည်။ ယခု တရုတ်စကားဖြင့် ဖုန်းမက်ဆေ့ခ်ျပို့မှု၊ အီးမေးလ် ရေးသားမှုနဲ့ ဘလော့ဂ် ရေးသားမှုများတွင် ပင်ယင်းစနစ် အခြေခံ အသုံးပြုမှု များပြားလာတာကို သူကိုယ်တိုင် မြင်နေရသည်။
အသက် ၁၀၆ နှစ်ပြည့် အင်တာဗျူးတွင် မစ္စတာကျောက်က မော်စီတုံးနဲ့ ပတ်သက်ပြီး၊ “ကောင်းရာကောင်းကျိုး ဘာတစ်ခုမှ မလုပ်ခဲ့ဘူး” အပြတ်ပြောသည်။ ၁၉၈၉ တီယန်မင်အရေးအခင်းနဲ့ ပတ်သက်ပြီးလည်း “တရားမျှတစွာ ဖော်ထုတ် အရေးယူမှု မကြာခင် တစ်နေ့မှာ ဖြစ်လာလိမ့်မယ်” ဟု ပြောသည်။ တရုတ်အစိုးရကတော့ သူ့ ပြောဆိုမှုတွေအပေါ် အသက် ၁၀၆ နှစ် အဖိုးအိုဖြစ်လို့ လွှတ်ထားဟန် ရှိသည်။
မစ္စတာကျောက် က ၂၀၁၀ ခုနှစ်ထုတ် သူ့အက်ဆေး စာအုပ်မှာ “တီထွင်ဆန်းသစ်မှုတွေဆိုတာ လှပတဲ့ ပန်းပွင့်တွေလိုပဲ၊ လွတ်လပ်တဲ့ မြေကြီးပေါ်မှာသာ ရှင်သန်ကြီးထွားလာနိုင်တာ။ တီထွင်ဆန်းသစ်မှုတွေဆိုတာ အစိုးရ အမိန့်အောက်ကနေ ဘယ်လိုမှ ထွက်လာစရာ အကြောင်းမရှိဘူး” ဟု ရေးထားသည်။
ဝင့်ထန်း
´