{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Tuesday, January 12, 2010

{ ဦးကျော်ငြိမ်း (သို့မဟုတ်) နိုင်ငံရေးသမား တဦး၏ အလင်း အမှောင်ဘဝများ }(Click)


ဦးကျော်ငြိမ်း (သို့မဟုတ်) နိုင်ငံရေးသမား တဦး၏

အလင်း အမှောင်ဘဝများ




….“မင်းတို့မှာ အတွေးအခေါ်လွတ်လပ်မှု မရှိဘူး။
မော်စကို၊ ပီကင်း၊ ပုံစံချပေးတဲ့အတိုင်း တွေးခေါ်တယ် ပြောတယ်။
ဒါကြောင့် မင်းတို့ ကွန်မြူနစ်တွေ ငါမုန်းတယ်….
မင်းတို့မှာ မျိုးချစ်စိတ် မရှိဘူး…..”

(ကျော်ငြိမ်း)

….“ တို့ ကွန်မြူနစ်တွေ မျိုးချစ်စိတ် ရှိမရှိ။ မင်းအသိထိုက်ဆုံးပေါ့။
မသိဘူးဆိုရင်တော့…. လွတ်လပ်ရေးတိုက်ပွဲမှာ
မင်းမပါခဲ့ဘူးလို့ ဆိုရာရောက်သွားမှာပဲ….”

(သိန်းဖေမြင့်)

(က)

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် လူငယ်ကျောင်းသားတို့၏ ပါဝင်မှုအခန်းကဏ္ဍသည် ကြီးမား၏။ ဤသို့ဆိုလိုက်လျှင် …. ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်း၊ ကိုလှဖေ၊ ကိုဗဆွေ၊ ကိုသန်းထွန်း …. စသည့် အမည်များက ထင်ရှားစွာနှင့် ပေါ်လာသည်။ ထိုအထဲ၌ သူတို့နှစ်ဦး၏ အမည်များကိုလည်း ချန်လှပ်ထား၍မရ….။ စာရင်းတို့၌ ထည့်သွင်းကြရမည်ပင်…။ သူတို့နှစ်ဦးဟူသည်က ….. (ဦး)သိန်းဖေမြင့်နှင့် (ဦး)ကျော်ငြိမ်းတို့ဖြစ်၏။

(ဦး) သိန်းဖေမြင့်က …. (ဦး) ကျော်ငြိမ်းအကြောင်းကို … “ကျော်ငြိမ်း” ဟူ၍ ရေး၏။
(ဦး) ကျော်ငြိမ်းကို နိုင်ငံရေးဇာတ်ခုံပေါ်တွင် ထား၍ (ဦး) သိန်းဖေမြင့်က ကလောင်နှင့် မီးမောင်းထိုးပြခြင်းဖြစ်၏။ “ကရောင်း” ရိုက်ချက်အမျိုးမျိုးအကြား၌ မီးမောင်းသည်လည်း ရွှေ့ပြောင်းရ၏။ အနီးအဝေးရွှေ့၏။ အလင်းအမှောင်ကွဲ၏။

နှစ်အပိုင်းအခြားအရဆိုပါမူ …. ၁၉၃၃ မှ ၁၉၆ဝ ခုနှစ်အတွင်း (ဦး)ကျော်ငြိမ်းနှင့် မြန်မာ့နိုင်ငံရေးခရီး …. (သို့မဟုတ်) “တွဲရေး ခွဲရေး” မှသည် “သန့်ရှင်း၊ တည်မြဲ” သို့ဟု ဆိုရမည်။
“ကျော်ငြိမ်း” ကို (ဦး) သိန်းဖေမြင့် ရေးသည့်အချိန်က ….
၁၉၆၁ ခုနှစ် ….. ၂ ဦး။

ထိုစဉ်က ….. တည်မြဲခေါင်းဆောင်ကြီး (ဦး) ကျော်ငြိမ်းသည် မြန်မာ့နိုင်ငံရေးတွင် အာဏာစက်ဝန်း၏အပြင်၌ ရောက်နေသည့်အချိန်….။

အာဏာစက်ဝန်းအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အားယူပြင်ဆင်နေသည့်ကာလ…..။
(ခ)
kyaw
စာအုပ်အမည် ကျော်ငြိမ်း
စာရေးသူအမည် သိန်းဖေမြင့်
ထုတ်ဝေသူ မောင်စိုးဝင် (ရွှေပြည်တန်စာအုပ်တိုက်)
အုပ်ရေ ၅၀၀၀
တန်ဖိုး ၂ ကျပ်

ဦးသိန်းဖေမြင့်နှင့် ဦးကျော်ငြိမ်းတို့ ၂ ဦး ဦးကျော်ငြိမ်း၏ နေအိမ်ဧည့်ခန်းအတွင်း ထိုင်ရင်း နိုင်ငံရေး နောက်ကြောင်း၊ ပြန်ပြောကြသည့် “ဟန်” နှင့် ကျော်ငြိမ်းကို စ၍ဖွင့်သည်။
၁၉၃၂-၃၃….။

ထိုစဉ်က …. မန္တလေးဥပစာကောလိပ်တွင် ဦးကျော်ငြိမ်းနှင့် ဦးသိန်းဖေမြင့်တို့ ၂ ဦးသည် I.S.C နှင့် I.A အထက်တန်းများတွင် ပညာသင်ကြား၍ နေခဲ့၏။

မန္တလေး ဥပစာ ကောလိပ်က ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ ဥပစာကောလိပ်ဖြစ်သည်။ ထိုနှစ်က …. ရန်ကုန်တက္ကသိုလ် ကောင်စီသည် မန္တလေးဥပစာကောလိပ်ကို နောင်နှစ်တွင် ဖြုတ်ပစ်ရန် ဆုံးဖြတ်လိုက်၏။

ထိုဆုံးဖြတ်ချက်ကို မန္တလေး ဥပစာကောလိပ်ကျောင်းသား (ကို) သိန်းဖေနှင့် (ကို) ကျော်ငြိမ်းတို့ မကျေနပ်ကြ….။ ကန့်ကွက်ရန် လှုံ့ဆော်၏။ ကျောင်းသားထုအတွင်း ….. မန္တလေးမြို့သူမြို့သားများအတွင်း….။ ထိုမှ …. သူတို့ ၂ ဦးသည် မန္တလေးဥပစာကောလိပ်၏ ကျောင်းသားခေါင်းဆောင်များ ဖြစ်လာခဲ့ကြ၏။

ထိုခေတ် မြန်မာ့နိုင်ငံရေးက …. မြန်မာနိုင်ငံကို အိန္ဒိယပြည်မှ ခွဲရေးနှင့် တွဲထားရေး …. ဟူသည့် အယူအဆ ငြင်းခုန်နေကြသည့်ကာလ….။ တွဲရေးခွဲရေးအတွက် လူထုဆန္ဒခံယူမည်။ သူတို့ ၂ ဦးလုံးကမူ ခွဲရေးသမား ကျောင်းသားခေါင်းဆောင်များဖြစ်၏။
(ဂ)
၁၉၃၃-၃၄ တွင် သူတို့ ၂ ဦးစလုံး … ရန်ကုန်တက္ကသိုလ်သို့ ရောက်၏။ မန္တလေး ဥပစာမှ I.S.C အောင်ခဲ့သည့် (ဦး) ကျော်ငြိမ်းသည် ရန်ကုန်တက္ကသိုလ်တွင် B.S.C ဆက်၍မတတ်ဘဲ …. အင်္ဂလိပ်စာဂုဏ်ထူးတန်း တက်၏။

ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူတို့သည် …. နတ်မောက်မှ ကိုအောင်ဆန်း၊ မြစ်ဝကျွန်းပေါ်မှ ကိုနု၊ ထားဝယ်မှ ကိုဗဆွေ၊ ဆရာဖြစ်သင်ကောလိပ်မှ ကိုသန်းထွန်း…. စသည့် …. စသည့် လူငယ်ကျောင်းသားများနှင့် ရင်းနှီးခွင့် ရခဲ့ကြ၏။။ ထိုမှ တက္ကသိုလ်ကျောင်းသားသမဂ္ဂ စင်မြင့်တွင်အတူ လက်တွဲခဲ့ကြပြီး ….. မြန်မာ့လွတ်လပ်ရေးခရီး၏ ခြေလှမ်းသစ်ကို စတင်ကာလှမ်းခဲ့ကြ၏။

ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေ ….. စသည့် ကျောင်းသားခေါင်းဆောင်များက သမဂ္ဂစင်မြင့်မှသည် တို့ဗမာအစည်းအရုံးသို့ကူး၍ “သခင်” ဝန်းကျင်ကို ချဲ့ကြ၏။ အစားဆင်းရဲခံ၊ အနေဆင်းရဲခံ၍ သခင်နိုင်ငံတော်သစ်ကို တို့ဗမာအစည်းအရုံးအတွင်းမှ တည်ဆောက်ကြ၏။ ကိုကျော်ငြိမ်းက …. သမဂ္ဂမှ ထွက်ပြီးနောက် …. တက္ကသိုလ်တွင်ပင် နည်းပြဆရာ ဝင်လုပ်၏။ ပြီးလျှင်… “အကောက်တော်ဌာန” ၌ ရာပြတ်အလုပ် ဝင်လုပ်ပြန်သည်။ ဤအကြောင်းကို …. ဆရာသိန်းဖေမြင့်က … ကျော်ငြိမ်းတွင်…
“ကျော်ငြိမ်းကား …. တို့ဗမာအစည်းအရုံးထဲမရောက်၊ လူထုလူတန်းစားတိုက်ပွဲများနှင့် ခပ်ဝေးဝေးဖြစ်နေလေသည်။ တဖက်မှာ ကျောင်းမှာ နည်းပြဆရာလုပ်ရခြင်း၊ အကောက်တော် ဌာနတွင် ရာပြတ်အရာရှိလုပ်ရခြင်း စသည်တို့ကြောင့် နိုင်ငံရေးတိုက်ပွဲများတွင် ရှေ့တန်းမှ ဗြောင်မပါနိုင်ချေ။ နောက်ကွယ်မှသာ ရဲဘော်ရဲဘက်များနှင့် ဥမကွဲ သိုက်မပျက် ရှိနေနိုင်၏။ အဓိကအားဖြင့် လျှို့ဝှက်နိုင်ငံရေးကိုသာ လုပ်နိုင်လေသည်။ ဤသို့သော … လူနေမှုဘဝနှင့် နိုင်ငံရေးဘဝသည် ကျော်ငြိမ်း၏ သဘောတရားနှင့် ဝါဒရေးရာ အတွေးအခေါ်များကို ပြုပြင်ပဲ့ကိုင်လျက်ရှိရာ၊ မာ့က်စ်ဝါဒနှင့် ကင်းကွာစေပြီး ပြင်းထန်သော အမျိုးသားရေး ဝါဒသြဇာအောက်သို့ ပို့ဆောင်ပေးလေသည်။” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၁၈-၁၉ မှ)
(ဃ)
ဦးသိန်းဖေမြင့်က “ကျော်ငြိမ်း” တွင် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ ဦးကျော်ငြိမ်းကို မီးမောင်းထိုး၍ပြထားသည့် နိုင်ငံရေးဇာတ်ကွက်အချို့ ဆွဲထုတ်၍ဖော်ပြလိုသည်။

ဂျပန်ခေတ်တွင် ဦးကျော်ငြိမ်းသည် ဂျပန်၏ ရုပ်သေးအစိုးရ အဖွဲ့အတွင်း၌ ပထမတွင် “ အစိုးရအဖွဲ့အတွင်းဝန်” လုပ်၏။ နောင်တွင်မူ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူ၏။ နိုင်ငံခြားရေးဝန်ကြီးက ဦးနုဖြစ်သည်။

တဖက်တွင်လည်း ဖက်ဆစ်တော်လှန်ရေးအတွက် “ပြည်သူ့အရေးတော်ပုံပါတီ” ကို ဦးဗဆွေ၊ သခင်ချစ် (နောင်တွင် …. ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပဲခူးရိုးမ၌ ကျဆုံး)၊ သခင်မြတို့နှင့် အတူဖွဲ့စည်းထား၏။ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့က ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ညီညွှတ်သော တပ်ပေါင်းစုတရပ် တည်ဆောက်ရန် ကြိုးပမ်းရင်းနှင့်ပင်…၊

ပကတိဘာဝအခြေအနေအရ ဖက်ဆစ်တော်လှန်ရေးကြီးက ရင့်မှည့်၍ လာသည်။ ဤတွင် …. ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ဗမာ့မျိုးချစ်တပ်မတော်တို့ ပူးပေါင်း၍ “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး” (ဖတပလ) ကို ဖွဲ့စည်း၏။ တပ်ပေါင်းစုနှင့် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲရန်ဖြစ်သည်။

(ဖတပလ) က ဖက်ဆစ်ဂျပန်ကို လက်နက်ကိုင်တော်လှန်ရန်အတွက် စစ်တိုင်းများခွဲ၏။ စစ်တိုင်းများအလိုက် တာဝန်ယူကြမည့် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်များ တာဝန်ပေး၏။ ဦးကျော်ငြိမ်းက စစ်တိုင်း ၆ တွင် နိုင်ငံရေးခေါင်းဆောင်အဖြစ် တာဝန်ယူရ၏။ စစ်တိုင်း ၆ ၏ စစ်ရေးခေါင်းဆောင်က ဗိုလ်ရဲထွဋ် (ရဲဘော်သုံးကျိပ်ဝင်) ဖြစ်သည်။ တိုင်း ၆ ၏ တာဝန်ကျရာနယ်မြေက… ပျဉ်းမနား၊ မိတ္ထီလာ၊ တောင်ငူနှင့် တောင်ပိုင်းရှမ်းပြည် ဒေသများဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပင် ရန်ကုန်မြို့၌ “အနီးကပ်ဆုံးရန်သူအား ရှာတိုက်ကြ” ဟူ၍၊ တပ်ထွက်မိန့်ခွန်းပေးပြီး သူကိုယ်တိုင်လည်း တာဝန်ကျရာ မြေထဲ၊ အောင်လံသို့ စစ်ထွက်၏။ ဦးကျော်ငြိမ်းကမူ ဖက်ဆစ်တော်လှန်ရေးကြီးအတွင်း၌ သူတာဝန်ကျရာ စစ်တိုင်း၊ တိုင်း ၆ သို့ မသွား….။ ရန်ကုန်တွင်ပင် နေခဲ့၏။

တာဝန်ကျရာအရပ်သို့ ဦးကျော်ငြိမ်း၊ မသွားဖြစ်သည့်အကြောင်းကို ….. ကျော်ငြိမ်းတွင်…
“ကျော်ငြိမ်းသည် ပျဉ်းမနား ဗိုလ်ရဲထွဋ်ထံသို့ လိုက်သွားရန် တာဝန်ကျသော်လည်း မလိုက်ဖြစ်တော့ချေ။ ကျော်ငြိမ်း တောခိုလျှင် သခင်မြနှင့် သခင်နုတို့အား ဂျပန်က လုံးဝယုံတော့မည်မဟုတ်ဟု ယူဆလေသည်။ သို့သော် … မတ်လ ၂၇ ရက်နေ့မတိုင်မီ စစ်ကိုင်း၊ မန္တလေးဘက်တွင် ဗိုလ်ဗထူး ဦးစီးသော တပ်မတော်သားများက ဂျပန်အား ထချလေရာ ဗိုလ်ချုပ်အောင်ဆန်းတို့က ဟန်ဆောင်ပြီး မည်မျှပင် အဆက်ဖြတ်ဖြတ် ဂျပန်က ဗမာ့တပ်မတော်အား မယုံတော့ချေ။” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၅၉)

(င)
ဖက်ဆစ်တော်လှန်ရေး ပြီးသည့်နောက် …. ဆင်းမလားမှ စစ်ပြေးကိုလိုနီ အုပ်ချုပ်ရေးအဖွဲ့သည် ရန်ကုန်သို့ ပြန်လည်၍ ရောက်ရှိခဲ့သည်။ (ဖဆပလ) က အင်အားအတောင့်တင်းဆုံး၊ အတိုက်အခံ အဖွဲ့အစည်းကြီးအဖြစ်နှင့် လွတ်လပ်ရေးခရီး ချီတက်လျက်ရှိသည်။ ဖဆပလအတွင်း … အားပြိုင်မှုများကလည်း ကြီးမား၏။

ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့၏ အားပြိုင်မှုများ ဖြစ်သည်။ (ဖဆပလ) အထွေထွေအတွင်းရေးမှူး နေရာမှ သခင်သန်းထွန်း ထွက်သွားပြီးသည့်နောက်တွင် (ဖဆပလ) ၏ အထွေထွေအတွင်းရေးမှူး နေရာအတွက် ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့မှ အပြိုင်အဆိုင် ရရှိရေးအတွက် ကြိုးစားကြ၏။ ကွန်မြူနစ်ပါတီမှ (ဦး) သိန်းဖေမြင့်ကို ထိုနေရာသို့ ရရန် ကြံစည်ကြသကဲ့သို့ ပြည်သူ့အရေးတော်ပုံပါတီမှလည်း (ဦး) ကျော်ငြိမ်းကို တင်ရန် လုံ့လပြု၏။ (ဖဆပလ) ၏ နိုင်ငံလုံးဆိုင်ရာ ဦးစီးအစည်းအဝေး၌ မဲခွဲရာ (ဦး) ကျော်ငြိမ်းက မဲအသာနှင့် အထွေထွေအတွင်းရေးမှူးနေရာ ရရှိ၏။

နေရာအတွက် ယှဉ်ပြိုင်ကြသည်သာမက ….. အယူအဆရေးရာများတွင်လည်း မတူကွဲပြားမှုများနှင့်….။
၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ အထွေထွေအလုပ်သမားသပိတ်ကြီး ဖြစ်လာ၏။ ပြီးလျှင် … သပိတ်သည် အစိုးရအမှုထမ်းများ၊ ပုလိပ်များဆီသို့ပင် ကူးစက်၏။ ဤသို့သော အခြေအနေအပေါ် …. ပြည်သူ့အရေးတော်ပုံနှင့် ကွန်မြူနစ်တို့အကြား၊ အယူအဆရေးအရ၊ အမြင်ချင်းက မတူကြ….
“ကျော်ငြိမ်းသည် အစိုးရအမှုထမ်းများကို ဆိုင်းထားစေလိုသည်။ တဖက်က လက်နက်စုဆောင်း ပြင်ဆင်ထားပြီးမှ အထွေထွေသပိတ်ကြီးကို ပုလိပ်သပိတ်အထိ မြှင့်တင်ဆင်နွှဲလိုသည်ဟူ၍ အကြောင်းပြသည်။ ကျနော်နှင့်တကွ ကွန်မြူနစ်များက လက်နက်စုဆောင်းပြီးအောင် စောင့်နေဖို့မလို၊ အထွေထွေ သပိတ်ကြီးကို နက်ရှိုင်းစေရမည်။ ပုလိပ်သပိတ်အထိသာမက .. စစ်တပ်သပိတ်အထိ မြှင့်တင်သွားရမည်ဟု တောင်းဆိုကြသည်” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၈ဝ မှ)
သိန်းဖေမြင့်က … ထိုစဉ်ကာလ (ဖဆပလ) အတွင်း ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ ပဋိပက္ခအား …..

“စက်တင်ဘာ အရေးတော်ပုံမတိုင်မီနှင့် အရေးတော်ပုံအတွင်းတွင်၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်ပဋိပက္ခသည် သဘောတရားရေးနှင့် နိုင်ငံရေး နယ်ပယ်ထဲမှာသာ နေသည်။ စက်တင်ဘာ အရေးတော်ပုံသည် (ပဆပလ) မှ ကြားဖြတ်အစိုးရ ဖွဲ့စည်းပြီး၊ အာဏာယူခြင်းနှင့် အဆုံးသတ်သွားသောအခါ အာဏာပဋိပက္ခ ဖြစ်လာလေသည်။
ထိုအချိန်အခါတွင် ပုဂ္ဂိုလ်ရေးတွေ လွှမ်းမိုးလာသည်။ ကွန်မြူနစ်ပါတီသည် (ဖဆပလ) ကြားဖြတ်အစိုးရအား ထောက်ခံနေရာမှ ဆန့်ကျင်သော လမ်းစဉ်သို့ ကူးပြောင်းသောအခါတွင်…၊ ရာထူးမရသော သခင်သန်းထွန်း၏ ပယောဂဖြစ်သည်ဟု ကျော်ငြိမ်းတို့ ဆိုရှယ်လစ်များက စွပ်စွဲကြသည့် နည်းအတူ ကြားဖြတ်အစိုးရဖွဲ့စေပြီး (ဖဆပလ) အား သစ္စာဖောက်လမ်းစဉ်ကို လိုက်စေခြင်းမှာ ဦးဘဖေနှင့် ကျော်ငြိမ်းကြောင့်ဖြစ်သည်ဟု စွပ်စွဲကြပြန်လေသည်။

ကွန်မြူနစ်ပါတီသည် ဝန်ကြီး ၂ နေရာ ရအောင်လုပ်ပြီး ကြားဖြတ်အစိုးရ အာဏာကို လက်ဝါးကြီးအုပ်ရန် ကြံစည်ခြင်းဖြစ်ကြောင်း၊ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကိုပင် သစ္စာဖောက်အဖြစ်ဖြင့် ထိပါးတိုက်ခိုက်လျက်ရှိပြီး ဖဆပလအစိုးရအား ဖြိုချရန် ကြိုးစားနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အခုကတည်းက ထိုရန်ကို ဖျက်ဆီးပစ်ရန်လိုကြောင်း ကျော်ငြိမ်းသည် ဖဆပလတွင်းမှာ အတိအလင်း ပြောဆိုလာလေသည်။” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၈၃-၈၄ မှ)
ပြီးလျှင် …. (ဦး) ကျော်ငြိမ်းအား ဆရာသိန်းဖေမြင့်က … ဤသို့တည့်တည့်ပင် ဝေဖန်၏။

“ကျော်ငြိမ်းတွင် နိုင်ငံရေးလုပ်နည်းနှင့် ပတ်သက်ပြီး အယူအဆတခု ဝင်လာပြီဖြစ်၏။ မိမိနှင့်ပြိုင်ဘက် တဖက်သော အင်အားစုတွင် အန္တရာယ်မြင်လျှင် မလိုလားအပ်သော ကိုယ်ဝန်သားငယ်ကို မမြင်သလို မြင်ရမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်သားငယ်ကို နေ့စေ့လစေ့ ကြီးရင့်ခွင့်မပေးဘဲ ဖျက်ချရမည်ဖြစ်ကြောင်း၊ သားလျှောကျစေရမည်ဖြစ်ကြောင်း နည်းကောင်းလမ်းကောင်းအဖြစ်ဖြင့် မြင်နေလေသည်” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၈၄ မှ)

(စ)
လွတ်လပ်ရေး ရရှိပြီးသည့်နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းတွင် အာဏာရ (ဖဆပလ) ၏ အခန်းကဏ္ဍသည် ကြီးမား၏။ ထိုအထဲမှ …. (ဖဆပလ) အတွင်း၌ ဦးဆောင်မှုအခန်းကဏ္ဍတွင် တည်ရှိနေခဲ့ကြသည့် နိုင်ငံရေး ခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍက ပို၍ အရေးပါသည်ဟု ဆိုရမည်။ သူတို့၏ တွေးမှု၊ မြင်မှု၊ လုပ်ဆောင်မှုများက လွတ်လပ်ရေးအလွန် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းကို ပြဋ္ဌာန်း၏။ မြန်မာနိုင်ငံ၏ လူမှုဘဝ၊ နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝ …. ဘဝအထွေထွေကို ထုဆစ်နိုင်ကြသည့်သူများဟု ဆိုရမည်။ ထိုအထဲ၌ …. ဦးကျော်ငြိမ်းသည်လည်း ပါ၏။ ထိုစဉ်က (ဖဆပလ) ၏ အထွေထွေအတွင်းရေးမှူး ဦးကျော်ငြိမ်း၊ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း….။

Monday, January 11, 2010

{ ရေသောက်ခြင်း၏ အကျိုးများ }

ရေသောက်ခြင်း၏ အကျိုးများ


ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ

* နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
* အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
* ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
* မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ရေအကျိုး ဆယ်ပါး

* ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
* ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
* ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
* ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
* ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
* ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
* ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
* ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
* အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
* ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။


ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်

* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
* ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
* ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

(မှတ်ချက်) ဖော်ဝါ့ဒ် မေးမှာ သူငယ်ချင်းဆီက ရရှိသည့် ဆောင်းပါးဖြစ်သည်။ မူရင်းဆောင်းပါရှင် သိပါက စီဘောက်စ်တွင် ဖေါ်ပြခဲ့ပါ။ ကျေးဇူးတင်နေပါမည်။ ဗဟုသုတ ဆောင်းပါလေးဖြစ်၍ အများသိစေလို၍ ဖေါ်ပြခြင်း သက်သက်မျှ ဖြစ်ပါသည်

´