{အသင်မြန်မာ}
{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}
{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}
{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}
ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ
Click for Yangon, Myanmar Forecast
Saturday, April 13, 2013
Xilisoft video converter Ultimate v7.3 for Windows XP,7,8
Xilisoft video converter Ultimate v7.3 for Windows XP,7,8
ကွန်ပျူတာကိုအသုံးပြုပြီး Video ဖိုင်များ ၊ Audio အသံဖိုင်များကို video , audio format အမျိုးမျိုးကိုပြောင်းလဲနိုင်ဖို့အတွက် အကောင်းဆုံး Converter tool ဖြစ်တဲ့ Xilisoft video converter Ultimate v7.3 (full version) ကိုတင်ပေးလိုက်ပါတယ်။ သာမန် Video Player တွေအတွက်တင်မဟုတ်ဘဲ Mobile Devices တွေဖြစ်တဲ့ iPhone/Pad များ ၊ Android ဖုန်း/tablet များ ၊ Sony PSP ၊ Microsoft X Box စတဲ့ device တွေရဲ့ video format တွေအတွက်ပါပြောင်းလဲနိုင်ပါတယ်။
Xilisoft video converter Ultimate v7.3 ကိုအသုံးပြုပြီး ပြောင်းလဲနိုင်တဲ့ video format တွေကတော့-
AVI, MPEG, WMV, MP4, FLV, H.264/MPEG-4, DivX, XviD, MOV, RMVB, ASF, 3GP, 3G2, SWF, VOB, TS, DV,MKV
H.264/MPEG-4 AVC (*.mp4), MPEG2 HD Video (*.mpg; *.mpeg), MKV HD Video, MPEG-4 TS HD Video(*.ts), MPEG-2 TS HD Video (*.ts), Quick Time HD Video (*.mov), WMV HD Video (*.wmv), Audio-Video Interleaved HD Video (*.avi))
Xilisoft video converter Ultimate v7.3 ကိုအသုံးပြုပြီး ပြောင်းလဲနိုင်တဲ့ audio format တွေကတော့-
MP3, WMA, AAC, WAV, OGG, FLAC, APE, M4A, RA, AC3, MP2, AIFF, AMR, SUN AU Format
င်္ဆော့ဝဲကို Full Version အဖြစ်အသုံးပြုနိုင်ဖို့အတွက် Serial Key ကိုလည်း တစ်ခါတည်းထည့်ပေးထားပါတယ်။ ကြိုက်နှစ်သက်ရာ key တစ်ခုကို ဆော့ဝဲမှာရိုက်ထည့်ပေးရုံပါပဲ။ Xilisoft video converter Ultimate v7.3 for Windows XP,7,8 ကို မူရင်း official site မှာဒေါ်လာ ၄၀ နဲ့ဝယ်ယူရမှာဖြစ်ပြီး Myanmar Mobile App Store မှာတော့ freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။
Download Here:
Mirror Download link: Xilisoft video converter Ultimate v7.3 for Windows XP,7,8 Download
Thursday, February 07, 2013
လွယ်ကူလေ့လာ ကလေးများအတွက် ပရိုဂရမ်းမင်းပညာ
လွယ်ကူလေ့လာ ကလေးများအတွက် ပရိုဂရမ်းမင်းပညာပရိုဂရမ်းမင်း (Programming) လို့ခေါ်တဲ့ ဘာသာရပ်ကို လွယ်တယ်လို့တော့ မပြောချင် ပါဘူး။ ဒါပေမယ့် အခက်ကြီး လို့လည်း မဆိုနိုင်ဘူး။ လွယ်ကူစွာ လေ့လာနိုင်ဖို့ဆိုတာ နည်းသိရင်ရပါတယ်။ မြန်မာတွေ ဆိုလေ့ ရှိပါတယ်။ ဆရာမပြရင် ငပိဖုတ်တာတောင် နည်းမကျဘူးဆိုတာတော့ အမှန်ပဲ။ တကယ်တော့ “နည်း” ဆိုတာ “KEY” ပါပဲ။ အဲဒီ ကီးလေးကို တစ်ချက်တည်း သိလိုက်တာနဲ့ အားလုံး အဆင်ပြေစွာ လိုက်လုပ် နိုင်ပါလိမ့်မယ်။ ပညာရေးကို ဘယ်အချိန်မှာ စသင်သင့်သလဲဆိုတဲ့ မေးခွန်းကို အစဉ်အလာ အတိုင်း ပြောရရင် အသက် ၅ နှစ်နဲ့ ၆ နှစ် လို့ဖြေကြမှာပဲ။ အသက် ၃ နှစ်လောက် ကတည်းကလည်း သင်ကြတာပဲ။ ဒါပေမယ့် ဒီအရွယ် တွေကို Logic လို့ခေါ်တဲ့ ယုတ္တိ နည်းကျကျ ဆင်ခြင်တွေးခေါ် နည်းတွေကိုတော့ သွားသင်လို့ရဦးမှာ မဟုတ်ဘူး။ သူတို့မှာ ပညာအခြေခံ လေးတွေ နည်းနည်း လိုသေးတယ်။
ဒါကြောင့် ကလေးတွေကို ပရိုဂရမ်းမင်း သင်မယ်ဆိုရင် အသက် ၁၂ နှစ်နဲ့ အသက် ၁၃ နှစ်လောက်မှ စတင် သင်ပေးဖို့ အကြံပြုချင်တယ်။ အထူးသဖြင့်တော့ အတန်း အနေနဲ့ Grade 7th or 8th လောက်ရောက်မှ သင်ပေးရင် ပိုပြီး အဆင်ပြေတယ်။ ဒါကလည်း ပုံသေပြောတာ မဟုတ်ဘူး။ အချို့ကလေးတွေဟာ IQ အရမ်းမြင့် တာကြောင့် စောပြီးသင့်လို့ ရကောင်းရနိုင်ပါတယ်။ အသက်အပိုင်းအခြားကို ဆွေးနွေးပြီးရင် ဘယ်လို ပရိုဂရမ်းမင်း language ကိုသင်လေ့လာခိုင်းသင့်သလဲ ဆိုတာ ဆွေးနွေးချင်ပါတယ်။ ဒါကလည်း သင်ယူမှုနယ်ပယ်ကို ချုံ့ပြီး အခြေခံကိုတည်ဆောက်နိုင်အောင်လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ပရိုဂရမ်းမင်းအခြေခံကို တည်ဆောက်ဖို့ပဲပြောတာ။ ပရိုဂရမ်းမင်းကိုရေးတဲ့ syntax တွေကို တည်ဆောက်ဖို့ပြောတာ မဟုတ်သေးဘူး။ ဘယ်ဘာသာရပ်မဆို စိတ်ဝင်စားမှုရှိတယ်၊ သင်ယူရတာပျော်တယ်ဆိုရင် တတ်မြောက်ဖို့လွယ်ကူတတ်ပါတယ်။ ဒီတော့ ဘာကို သင်ပါလို့ မပြောချင် ပါဘူး။ ဘာတွေကို သင်ယူလေ့လာနိုင်တယ်ဆိုတာကို ဦးစွာပြောလိုပါတယ်။
အစဉ်အလာ ပရိုဂရမ်းမင်းဘာသာရပ်များ
အစဉ်အလာလို့ပြောလိုက်တာ အဖေတို့ အမေတို့ခေတ်က ပရိုဂရမ်းမင်းကိုပြောတာ။ ခုခေတ်မှာ တချို့ဆိုရင် ကြားဖူးဖို့တောင် မလွယ်တော့ဘူး။ ဒီတော့ ပရိုဂရမ်းမင်းနဲ့ ပတ်သက်တာတွေ အားလုံးကို ခြုံငုံပြီး လေ့လာ သုံးသပ်ကြည့်ရအောင်။
1.Lisp and Scheme
တကယ့်သုတေသနလုပ်ငန်းကြီးတွေ၊ တက္ကသိုလ်ကြီးတွေက သုတေသနလုပ်ငန်းကြီးတွေနဲ့ ပရိုဂရမ်းမင်းကို သီအိုရီကျကျ လေ့လာဖို့အတွက် အသုံးပြုကြတဲ့ ဘာသာရပ်ဖြစ်တယ်။ သူ့အခြေခံကိုသိဖို့ပဲ ဦးနှောက် ခြောက်လောက်အောင် ကြိုးစားရလိမ့်မယ်။ ဒါပေမယ့် ပညာရေးလောက မှာကတော့ ဒီ language ကို ဂုဏ်ယူစွာနဲ့ သင်ကြားနေကြတုန်းပဲ။ ဒီ language တွေကို လေ့လာချင်ရင်တော့ (http://racket-lang.org/) မှာသွားပြီးလေ့လာနိုင်တယ်။
2. Java
အလွယ်လမ်းကို လိုက်ချင်သူတွေအတွက်ကတော့ မတိုက်တွန်းချင်ပါဘူး။ ဒါပေမယ့် ကလေးတွေကို သင်မယ်ဆိုရင်တော့ Greenfoot (http://www.greenfoot.org/) နဲ့ BlueJ (http://www.bluej.org/) တွေကိုသင်ယူတတ်မြောက်လာရင် Java အတွက် အများကြီး အထောက်အကူပြုနိုင်တယ်။
3. C/C++
အခက်ဆုံးလို့ပြောရမယ်။ ကလေးတွေကို သင်မယ်ဆိုရင်တော့ ကန့်သတ်ချက်ရှိတယ်။ စိတ်ဝင်စားသွားရင် တော့ သင်ယူချင်စိတ်ရှိနိုင်တယ်။ စဖို့ပဲခက်တယ်။
4. C# .NET
လောက်အထိ တက်လှမ်းဖို့မှန်းထားတယ်ဆိုရင် ရွေးချယ်သင့်တယ်။ သူလည်း C++ လိုပဲ resource တွေ သိပ်မများပေမယ့် မိုက်ခရိုဆော့ဖ်ကတော့ Sharp Kids (http://msdn.microsoft.com/en-us/beginner/bb308756.aspx) ဆိုပြီး အခြေခံကို လုပ်ပေးထားတာရှိတယ်။ .NET နဲ့ဆိုရင် web application တွေကိုရေးဖို့ လွယ်မယ်ထင်တယ်။ ပညာရေးအတွက်ဆိုရင် လေ့လာထား သင့်တဲ့ language လို့ပြောနိုင်တယ်။
5. Visual Basic
တကယ်လွယ်တဲ့ language တစ်ခုဖြစ်ပါတယ်။ သူမှာ ယခင် BASIC ဆိုတဲ့ ယခင် language အဟောင်းရဲ့ ရင်းမြစ်တွေ အများကြီးပါနေတယ်။ .NET နဲ့ C# အပြန်အလှန် အထောက်အကူပြုသလိုပါပဲ။ မိုက်ခရိုဆော့ဖ်ကတော့ Visual Basic ရဲ့အခြေခံဖြစ်တဲ့ ကလေးတွေအတွက် Very Bright Kids (http://msdn.microsoft.com/en-us/beginner/bb308758.aspx) ဆိုတာကို ထုတ်ပေးထားတယ်။
6. Smalltalk
Squeak ရဲ့ မူကွဲလို့တောင်ပြောနိုင်တယ်။ ပရိုဂရမ်မင်းလေ့လာချင်တယ်လို့ပြောရင် သူငယ်ချင်းတွေကို ညွှန်းသင့်တယ်။ လက်ရှိ အကောင်းဆုံး tutorial အနေနဲ့ http://rmod.lille.inria.fr/botsinc လိုင်းမှာ ရနိုင်တယ်။ အဲဒီထဲက သင်ခန်းစာတွေဟာ Squeak: Learn Programming With Robots စာအုပ်ကို အခြေခံ ထားတယ်။
7. BASIC
တကယ့် ပရိုဂရမ်းမင်းဘိုးအေ language ပါ။ ဘီလ်ဂိတ်စ်တို့ လက်ဆော့ပြီး စတင်ခဲ့တဲ့ ပရိုဂရမ်းမင်း ဘာသာရပ်ပေါ့။ အဲဒီ language ကို အဖိုးတို့ခေတ် language လို့ပြောနိုင်တယ်။ ခုထက်ထိ မိုက်ခရိုဆော့ဖ် က Small Basic for beginning developers (http://msdn.microsoft.com/en-us/beginner/ff384126.aspx) ဆိုပြီး တင်ထားပေးသေးတယ်။
8. Ruby
ကလေးတွေကို ပရိုဂရမ်းမင်းသင်ဖို့ အကောင်းဆုံး resource တွေ Ruby မှာရှိနေတယ်။ အခြား language တွေထက်လည်း လွယ်တယ်လို့ပြောကြတယ်။ Ruby for kids (http://ruby4kids.com/ruby4kids) နဲ့ RailsBridge (http://teachingkids.railsbridge.org/) တွေမှာ လေ့လာသင့်တယ်။
9. Python
လူငယ် developer တွေဖြစ်စေချင်ရင် Python ကို အကြံပြုချင်တယ်။ တကယ့်ကို ရေပန်းအစားဆုံးနဲ့ လူကြိုက်အများဆုံး language ဖြစ်လာတယ်။ လေ့လာချင်သူတွေအတွက် LiveWires (http://www.livewires.org.uk/python/home) ကိုညွှန်ချင်တယ်။
10. PHP
PHP ကိုတော့ စတင်လေ့လာတဲ့ကလေးတွေအတွက် မညွန်းချင်သေးဘူး။ Website တွေကို ဖန်တီးချင်စိတ် ရှိလာရင်တော့ စတင်လေ့လာဖို့အကောင်းဆုံးပဲ။ ခက်ပေမယ့် စတင်လေ့လာကတည်းက စိတ်ဝင်စားရင် သူ့မှာလည်း ရလဒ်ကောင်းတွေရှိတယ်။ ကလေးတွေအတွက် PHP For Kids tutorial (http://www.phpforkids.com/) မှာဝင်ပြီးလေ့လာကြည့်ဖို့ တိုက်တွန်းချင်တယ်။
11. HTML and JavaScript
ကလေးတွေအတွက် အခြေခံကျကျနဲ့ ပရိုဂရမ်းမင်းကို လေ့ကျင့်ပေးချင်တယ်ဆိုရင်တော့ လေ့လာခိုင်းဖို့ အသင့်ဆုံး language ပါ။ Website တွေကို ဖန်တီးဖို့ အခြေခံကျကျတဲ့ language တွေပါပဲ။ Waterbear (http://waterbearlang.com/) မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ပြကွက်တွေနဲ့ လေ့လာနိုင်သလို ပိုပြီးတော့ ကျယ်ပြန့်စွာ သိချင်ရင် HTMLIsEasy.com (http://www.htmliseasy.com/javascript/index.html) မှာ ၀င်ပြီးလေ့လာနိုင်တယ်။
အခြားလေ့လာသင့်တဲ့ language တွေကတော့ ML, Prolog, Haskell နဲ့ REBOL ဆိုတာတွေရှိသေးတယ်။ သိပ်ပြီးထွေပြား ကုန်မှာ စိုးရိမ်လို့ မပြောတော့ဘူး။ ပြီးတော့ အခြား language တွေလောက်လည်း နာမည်တော့ မကြီးဘူး။ ခက်လည်း ခက်တာကြောင့် လည်းပါတယ်။ Language တစ်ခုဆိုတာ တတ်ထားပြီးရင် ပြန်ပြီး အသုံးချနိုင်တဲ့နယ်ပယ် ကျယ်ဝန်းမှ အဆင်ပြေနိုင်ပါတယ်။
အခြားဆက်စပ် လေ့လာသင့်တဲ့ဝန်းကျင်
အထက်မှာဖော်ပြခဲ့ တာတွေအပြင် website တွေမှာလည်း လေ့လာစရာတွေ အများကြီး ရှိတယ်။ အချို့သော လေ့လာစရာတွေက application တွေနဲ့ပဲ တွဲပါလာတတ်တာတွေ လည်းရှိသေးတယ်။
1. MSDN Development for Beginners, Kid Corner
http://msdn.microsoft.com/en-us/beginner/bb308754.aspx
မိုက်ခရိုဆော့ဖ်က ကလေးတွေကိုသင်ဖို့ဆိုပြီးတော့ စိတ်ဝင်စားစရာကောင်းအောင် တင်ထားပေးတယ်။ သူ့မှာပေးထားတဲ့ tutorial တွေကို သေသေချာချာလေ့လာသင့်ပါတယ်။
2. Teach Kids To Program
http://www.teachkidstoprogram.com/
ဒီ site ကတော့ ဂိမ်းဆော့ရင်းနဲ့ ကလေးတွေ ပရိုဂရမ်းမင်းကို စိတ်ဝင်စားသွားအောင် စွမ်းဆောင်ပေးသွား လိမ့်မယ်။
3. Alice
http://www.alice.org/
ကလေးတွေအတွက် လေ့လာဖို့အသင့်ဆုံး ပရိုဂရမ်းမင်းဝန်းကျင်တစ်ခုဖြစ်ပါတယ်။ အဲဒီမှာ Storytelling version (http://www.alice.org/kelleher/storytelling/index.html) ဆိုတာရှိတယ်။ အလယ်တန်း အဆင့်လောက်ပညာရေးနဲ့ ဆက်စပ်ပေးဖို့သင့်တယ်။ ဒီ version ဟာ အထက်တန်းနဲ့ ကောလိပ်အဆင့် တွေအတွက် အများကြီး အထောက်အကူပြုနိုင်ပါတယ်။
4. Logo
Logo ကတော့ ဟောင်းနေပြီဖြစ်တဲ့ language တစ်ခုပါ။ ဒါပေမယ့် သူလည်း ဟိုစပ်စပ် သည်စပ်စပ်တော့ ပါဝင်ပတ်သက်နေသေးတယ်။ Google မှာရှာရင် tutorial တွေအများကြီးရနိုင်သေးတယ်။ Windows version (http://www.elica.net/site/index.html) နဲ့ Mac version (http://www.terrapinlogo.com/) ဆိုပြီး နှစ်မျိုးလေ့လာနိုင်တယ်။ LCSI Microworlds (http://www.microworlds.com/) မှာ စီးပွားဖြစ်အောင်လေ့လာနိုင်တဲ့ အပိုင်းတွေအများကြီးရှိတယ်။ အဆင့်မြင့်လေ့လာချင်သူတွေ လက်မလွှတ်သင့်တဲ့ site တွေပေါ့။
5. Phrogram
http://phrogram.com/
ယခင်ကတော့ KPL (http://kidsprogramminglanguage.com/) လို့လူသိများတယ်။ သူလည်း လေ့လာသင့်တဲ့ အ၀န်းအ၀ိုင်းထဲမှာ ပါတယ်။ ကလေးတွေကို .NET အဆင့်အထိရောက်အောင်ဆွဲခေါ်သွားနိုင်တဲ့ language တစ်ခုလို့ဆိုနိုင်တယ်။
6. Scratch
http://scratch.mit.edu/
MIT Media Lab မှာရှိတဲ့ Lifelong Kindergarten Group ကနေပြီးတော့ တီထွင်ထားတဲ့ language ဖြစ်ပါ တယ်။ သူ့မှာ ဇာတ်လမ်းဆင်ထားတာတွေ၊ animation တွေ၊ ဂိမ်းတွေအစုံထည့်ပေးထားတယ်။ သိစရာ လေ့လာမှတ်သားစရာ information တွေနဲ့ tutorial တွေအများကြီးလေ့လာနိုင်တယ်။
7. Colobot (Colonize With Bots)
http://www.ceebot.com/colobot/index-e.php
စိတ်ဝင်စားစရာ ဂိတ်းတစ်ခုပါပဲ။ Wikipedia page (http://en.wikipedia.org/wiki/Colobot) မှာတော့ ပညာရေးဆိုင်ရာ ပညာပေးဂိမ်းလို့ဖော်ပြထားတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသူက သူ့စက်ရုပ်တွေကို ပရိုဂရမ်းမင်း langauge သုံးမှ ခိုင်းလို့ရပါတယ်။ အဲဒီဂိမ်းမှာသုံးတဲ့ ပရိုဂရမ်းမင်းတွေက C++ သို့မဟုတ် Java language တွေနဲ့တူတယ်။
8. Terrarium
http://terrarium2.codeplex.com/
သူလည်း ဂရပ်ဖစ်ဒီဇိုင်းတွေ ဂိမ်းတွေနဲ့ဆင်ယင်ထားပြီး .NET အတွက် အများကြီးအထောက်အကူပြုနိုင် တယ်။ သူကတော့ ကလေးတွေအတွက်ရည်စူးလုပ်ထားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် .NET လိုင်းကို သွားချင်ရင်တော့ လေ့လာသင့်တဲ့ site လေးတစ်ခုဖြစ်တယ်။
9. Lego Mindstorms
http://mindstorms.lego.com/
စက်ရုပ်တွေကို ထိန်းချုပ်ရာမှာ ပရိုဂရမ်းမင်း language နဲ့ထိန်းချုပ်မှရတယ်။ ဒီလိုထိန်းချုပ်နိုင်တဲ့ source တွေ၊ information တွေအများကြီးကို ဒီမှာလေ့လာနိုင်တယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။
10. Stagecast Creator
http://www.stagecast.com/
လူငယ်တွေ မကြာမကြာဝင်ပြီးလေ့လာသင့်တဲ့ site လို့ ညွှန်းချင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေအတွက် ပိုပြီး ညွှန်းချင်တယ်။ ကိုယ်တိုင် ဂိမ်းတွေကို ကြိုက်တဲ့ ၀န်းကျင်တစ်ခုနဲ့တည်ဆောက်ပြီး ဖန်တီးနိုင်လို့ ပျော်စရာကောင်းတဲ့ site လေးတစ်ခုလို့ဆိုနိုင်တယ်။
11. ToonTalk
http://www.toontalk.com/
“ပရိုဂရမ်းမင်းဆိုတာ ကလေးကစားစရာ” ဆိုပြီး စီစဉ်ထားတဲ့ site ဖြစ်တယ်။ အထူးပြုလုပ်ချက် animation တွေနဲ့ ကလေးတွေကို မေးခွန်းလေးတွေ ဖြေခိုင်းသွားတယ်။ ဘာသာမျိုးစုံနဲ့ လေ့လာနိုင်အောင်လည်း စီစဉ်ပေးထားသေးတယ်။
12. GameMaker
http://www.yoyogames.com/gamemaker/windows
ကလေးတွေအတွက် ဦးတည်ထားတဲ့ site တော့မဟုတ်ပါဘူး။ ဂိမ်းကိုတည်ဆောက်တဲ့ application ဖြစ်ပါ တယ်။ ပရိုဂရမ်းမင်းဆိုပြီး code တွေရေးဖို့လည်း မလိုပါဘူး။ Code ကိုအခြေမခံတဲ့ ပရိုဂရမ်မင်း language လို့ဆိုနိုင်တယ်။ ကလေးတွေဂိမ်းကို စိတ်ဝင်စားရင် အဆင့်မြှင့်လေ့လာခိုင်းသင့်တဲ့ site အဖြစ်တော့ ညွှန်းချင်ပါတယ်။
13. Inform
http://inform7.com/
Code တွေကိုလေ့လာချင်တယ်ဆိုရင်တော့ အလွယ်ကူဆုံး လေ့လာသင်ယူနိုင်ပါလိမ့်မယ်။ Code တွေကို သာမန် language ကနေ အဆင့်ဆင့် ဇာတ်လမ်းလေးရေးသွားသလို လေ့လာနိုင်တဲ့ site ဖြစ်ပါတယ်။
14. Learn to Program
ဒါကတော့ စာအုပ်ပါ။ ရေးသူက Chris Pine ဖြစ်ပြီး အကြိမ်ကြိမ်ဖတ်ပြီးလေ့လာချင်သူတွေအတွက် အခွင့်အလမ်း ကောင်းဖြစ်နိုင် ပါတယ်။ အမှန်တကယ်လေ့လာမယ်ဆိုရင် site တွေအများကြီးရှိနိုင်ပါသေးတယ်။ လေ့လာစရာတွေကတော့ လိုက်လေပေးလေ လို့ဆိုရမလားတောင် မသိဘူး။ ကလေးလိုစပြီး လေ့လာချင်တဲ့ လူကြီးတွေအတွက်ပါ ပရိုဂရမ်းမင်းဆိုတာ မခက်ပါဘူးလို့ အားလုံးက ညွှန်းဆိုကြပါလိမ့်မယ်။ စိတ်ဝင်စားရင် ကလေးလည်း လေ့လာ၊ လူကြီးလည်းလိုက်စား အကျိုးများနိုင်ပါတယ်။
Ref By - http://www.maukkha.org
Wednesday, February 06, 2013
စင်္ကာပူ နှင့် လူဦးရေ
by Myo Than on Wednesday, 6 February 2013 at 10:11 ·
၂၀၁၂ ဟာ စင်္ကာပူအတွက် ထူးခြားတဲ့ နှစ်တနှစ် ဖြစ်တယ်။ အရင် ၁၉၄၇ နဲ့ ၁၉၆၅ ကြားမှာ စင်္ကာပူမှာ ကလေးတွေ သောက်သောက်လဲ မွေးခဲ့တယ် ( baby boom )။ အဲဒီလူတွေ ( ၉ သိန်း ) က လက်ရှိ စင်္ကာပူနိုင်ငံသား အားလုံး ရဲ့ လေးပုံတပုံလောက် ရှိတယ်။ အဲဒီအုပ်စုထဲက အသက်အကြီးဆုံးတွေက အခု ၂၀၁၂ မှာ ၆၅ နှစ်ပြည့်ပြီး အနားယူကြရတော့မယ်။
တချိန်တည်းမှာလည်း ကလေးမွေးနှုန်း ( TFR) ကလည်း ကျလာနေတယ်။ ၁၉၄၇ တုန်းက ၂.၁ လောက်ရှိရာကနေ အခုဆို ၁.၂ လောက်ပဲ ရှိတယ်။ ဒါပေမယ့် စင်္ကာပူက ကျန်းမာရေး စောင့်ရှောက်မှု ကောင်းလွန်းတော့ အသက်ကြီးတဲ့ လူတွေက တော်တော်နဲ့ မသေဘူး၊ အခု ကမ္ဘာ့အသက်အရှည်ဆုံး နိုင်ငံတွေထဲမှာ ပါနေပြီ ( ဂျပန် ၈၃၊ စကာင်္ပူ ၈၂ ) နှစ်။ အဲဒီ ၂ ခုပေါင်းလိုက်ရင် ဘာတွေ ဖြစ်လာမလဲဆိုတော့ ၂၀၂၅ လောက်မှာ သေနှုန်းက မွေးနှုန်း ထက်များလာပြီး စုစုပေါင်း လူဦးရေ လျော့ကျလာမယ်။ အခု ၂၀၁၁ နိုင်ငံသား ဦးရေ ၃.၂ သန်းကနေ ၂၀၆၀ မှာ လူ ၂.၅ သန်းလောက်အထိ ကျသွားနိုင်တယ်။ ၂၀၂၀ လောက်က စပြီး အလုပ်လုပ်နိုင်တဲ့ လူဦးရေ စ ကျမယ် (  ၂၀၁၁ မှာ တယောက် ပင်စင်ယူရင် ၂ ယောက် အလုပ် စ လုပ်မယ်၊ ၂၀၃၀ ရောက်ရင် တယောက် ပင်စင်ယူရင် ၀.၇ ပဲ အလုပ် စဝင် နိုင်တော့မယ် )။
 အခု ၂၀၁၁ မှာ လူအားလုံးပျမ်းမျှ အသက် ၃၉ နှစ်ကနေ ၂၀၃၀ မှာ ပျမ်းမျှ အသက် ၄၇ လောက်ဖြစ်သွားမယ် ။ အခု ၂၀၁၂ မှာ ၆၅ နှစ်အထက် (မှီခို ) တယောက်ရှိရင် အလုပ်လုပ်နိုင်တဲ့ လူ ( အသက်၂၀ ကနေ ၆၄ နှစ် အတွင်း)  ၅.၉ ယောက် ရှိနေရာကနေ ၂၀၃၀ မှာ ၂.၁ ယောက်ပဲ ရှိတော့မယ်။ ( အနည်းဆုံး ၄ လောက် ရှိသင့်တယ် ) ။ ဒီတော့ အလုပ်လုပ်တဲ့လူထက် ထိုင်စားနေရတဲ့ ၊ မှီခိုနေတဲ့ လူကြီးတွေက ပိုများလာပြီး အလုပ်လုပ်တဲ့ လူတွေ ဝန်ပိလာမယ်၊ အခွန်တွေ ပိုဆောင်ရမယ်၊ ကုမ္ပဏီတွေ အလုပ်သမား ရှာရခက်လာမယ်၊ စုစုပေါင်း အလုပ်လုပ်တဲ့ လူဦးရေ ကျသွားတော့ စီးပွားရေးကျမယ်၊ စီးပွားကျရင် လခ ကောင်းတဲ့ အလုပ်တွေ နည်းလာမယ်၊ ဒါဆို ပညာတတ်တွေ မနေချင်တော့ပဲ နိုင်ငံခြားတွေ ပြောင်းကုန်ကျမယ်၊ ကြာလေဆိုးလေ ဖြစ်လာမယ်။ ဒါတွေ မဖြစ်လာအောင် ကာကွယ်ဖို့က စလုံးတွေ ကလေးများများမွေးအောင် အားပေးရမယ်၊ နိုင်ငံခြားသားတွေ သွင်းပြီး လူအင်အား ဖြည့်ရမယ်။
အခုဆို လူအိုတွေများလာတော့ သူတို့ကို ဘိုးဘွားရိပ်သာမှာ သွားထားကြတယ်။ (လူတိုင်း အလုပ်လုပ်ရတော့ ကလေးလေးတွေ ၊ လူအိုတွေ အကုန် ကျောင်းပို့ ပဲ )။ ပေးရတဲ့လူက စရိတ်ကြီးပေမဲ့ ရိပ်သာက စီးပွားသိပ်မဖြစ်ဘူး။ ဒီတော့ ရိပ်သာမှာ Nursing Aid အလုပ်လုပ်တဲ့ နိုင်ငံခြားသား အလုပ်သမား တွေ ပင်ပန်းတယ်။ အိပ်ရာထဲလဲနေတဲ့ လူ ၁၀၀ လောက်ကို တနာရီခွဲ ၊ နှစ်နာရီ အတွင်း ရေချိုး ပေးရတာ လွယ်တာမဟုတ်ဘူး၊ ကြာတော့ ဖြစ်ကတတ်ဆန်းလုပ်တာ၊ ရိုင်းတာတွေ၊ အလုပ်မမြဲတာတွေ ဖြစ်လာတယ်။ ပိုက်ဆံ မတတ်နိုင်တဲ့လူတွေက ဈေးသက်သာ တဲ့ မလေး က လူအိုရုံတွေ ပို့တယ်၊ မလေးက regulation မကောင်းတော့ ကာယကံရှင် မရှိရင် ပစ်ထားတယ်၊ အီးပါချင်တယ် ပြောရင် ဆူတယ်၊ ရိုက်တယ် လို့ လေဖြတ်ထားတဲ့ ကုလားအဖိုးကြီး တယောက် က ငိုပြီး ပြန်တိုင်တယ်။ မဖြစ်ပါဘူးဆိုပြီး စလုံးက ရပ်ကွက်တိုင်းမှာ ရှိတဲ့ ( ကောင်စီရုံးလို ) community center တွေမှာ လူအိုရုံ ဖွင့်မယ်၊ အလုပ်သမားတော့ ငှားထားမယ်၊ ဒါပေမယ့် သားသမီးတွေ ရုံးပြန်အားရင် ဝင်ကြည့်ကြ လို့ စီစဉ်တယ်။ တကယ်တန်းကျတော့ လူတွေက ကိုယ့်အိမ်နား အဲဒါ လာဆောက်တာကို ကန့်ကွက်ကြတယ်။ ရပ်ကွက်မသန့်ဘူး ဆိုပြီး အိမ်ဈေးတွေ ကျမှာစိုးလို့တဲ့၊ အဲဒါကို ဝန်ကြီးချုပ်က “ကောင်းတာ လုပ်တာတော့ အားပေးတယ်၊ ဒါပေမယ့် ငါ့အိမ်နားတော့ လာမလုပ်နဲ့ “  Not in My Backyard ( NIMBY ) ရောဂါလို့ နံမည် ပေးထားတယ်။ အိမ်မှာငှားတဲ့ အိမ်ဖေါ်တွေကျတော့လည်း လူမှုရေး ပြသနာလေးတွေ ရှိတတ်တယ်။ တခါတလေ အဖိုးကြီးက အိမ်ဖေါ်မလေး ကို သေးပေါက်ချင်လို့ ဆိုပြီး ဂျိုး ခဏခဏ ကိုင်ခိုင်းတာလည်း ရှိတတ်တယ်။ အခု အဖိုးကြီးတွေကို ပြုစုဖို့ ယောင်္ကျားလေး အိမ်ဖေါ် စ ထားမယ်။ ပထမ ဆုံး အနေနဲ့ ရွှေ ယောင်္ကျားလေး အိမ်ဖေါ် ၃၀ လာမယ် ပြောတယ်။
ကလေး မွေးနှုန်းမြှင့်ဖို့ လုပ်နေတာတော့ ကြာပေါ့။ ပထမ တော့ ပညာတတ်တဲ့ လူကိုရွေးယူကြပါ၊ ဒါမှ နောက် မျိုးဆက်တွေ မြင့်လာမယ် ပြောတယ်။ အခု ဘာမှ မယူကြတော့ ပညာမတတ်လဲ ယူကြပါဟ ပြန်လုပ်နေတယ်။ စလုံးတွေက အလုပ်မအားဘူး၊ ကုန်ဈေးနှုန်းကြီးလို့ ဘာညာ ဆိုပြီး သိပ်အိမ်ထောင် မပြုကြဘူး။ ပြုရင်လည်း နောက်ကျမှ ပြုတယ်။ ၂၀၁၁ မှာ အသက် ၃၀ မှ ၃၄ တွေထဲမှာ လူပျိုက ၄၀% ၊ အပျိုက ၃၀% ရှိတယ်။ ပြုတဲ့လူတွေကျတော့ ယောင်္ကျားလေး က အသက် ၃၀ ၊ မိန်းကလေး က ၂၈ လောက် ဖြစ်နေကြပြီ။ အသက်ကြီးမှ ယူတော့ ကလေး များများ မယူဖြစ်ဘူး၊ ၂၀၁၁ မှာ ကလေးမယူတာနဲ့ ကလေးတယောက်တည်း ယူတဲ့ သူ ပေါင်းရင် ၂၆ % ရှိတယ်။ အိမ်ထောင် ပြုပြန်တော့လည်း မနှစ်က အိမ်ထောင်သစ် စုစုပေါင်း ရဲ့ ၄၀ % က နိုင်ငံခြားသားတွေ နဲ့ ပြုတာ ဖြစ်နေတော့ ဘာပြောရမှန်း မသိဘူး၊ နိုင်ငံခြားမှာ ပညာသင်ဖို့၊ စီးပွားရေး သွားလုပ်ဖို့ ပြောမိတဲ့ ကိုယ့် အပြစ်လို ဖြစ်နေတယ်၊ နိုင်ငံခြားသား နဲ့ အိမ်ထောင်ပြုတာကို တားလည်း မတားဘူး၊ အားလည်း မပေးဘူး လို့ ခပ်တည်တည် နဲ့ ကြေငြာထားရတယ်။ စလုံးနဲ့ အိမ်ထောင်ပြုတဲ့ နိုင်ငံခြားသားကို အသက်ငယ် ၊ ပညာတတ် ဖြစ်စေချင်ပေမယ့် ဘယ်လို သွားထိန်းမလဲ။
ကလေးမွေးရင် baby bonus ထောက်ပံ့ကြေး ပေးနေပေမယ့် သိပ်တက်မလာဘူး။ ကလေးမွေးရင် အမေ ကို မီးဖွားခွင့်တွေ တိုးတိုးပေးတာ ၆ လ အထိ ရောက်လာတယ်။ ဒါပေမယ့် တခါတလေ အလုပ်ရှင်က အဲလို ခွင့်အကြာကြီးယူရင် တခြားအကြောင်းပြ ပြီး ဖြုတ်ပစ်တတ်တယ်။ အခုတော့ လူတွေကို ဘာလိုချင်လဲ လိုက်မေးပြီး ဘက်စုံ ထောက်ပံ့အားပေးမယ်။ ကလေးမရလို့ ဆရာဝန်ပြချင်လည်း ပေးမယ်၊ မွေးရင် မွေးခ ပေးမယ်၊ baby bonus ပေးမယ်၊ အဖေ ရော အမေ ရော ကို ခွင့်ပေးမယ်၊ ကလေး ရောဂါပါလာရင်၊ ဖြစ်ရင် ဆေးအာမခံ ပေးမယ်၊ မူလတန်း တက်လည်း ပေးမယ်၊ အစိုးရဆောက်တဲ့ အိမ်တန်းလျားမှာ အိမ်ဝယ်ဖို့ တန်းစီရင် ဦးစားပေးမယ်။ ကိုယ်ရမည့်အိမ် ဆောက်နေတုန်း လျော့ဈေးနဲ့ အိမ်ငှားပေးထားမယ်။ ကလေးမွေးစားလည်း ခွင့်ပေးမယ်။ ဘယ်ကိစ္စမှာ ဘယ်လောက် စိုက်ပေးမယ်ဆိုပြီး ကြေငြာထားတယ်။ ကလေးနှစ်ယောက်ယူရင် စုစုပေါင်း အခွင့်အရေး ဒေါ်လာ ၁ သိန်း ၆ သောင်းခွဲ ( မြန်မာငွေ သိန်း ၁၁၆၀) လောက် ပေးမယ်။ ဒါတောင် ကာတွန်းဆရာ က အလုပ်သမား အဖေ ကလည်း ခွင့်ရလို့ ပျော်၊ ခွင့်ယူထားတဲ့ ရက်တွေ အတွက် လုပ်ခ ကို အစိုးရ က စိုက်ပေးလို့ အလုပ်ရှင်ကလည်း ပျော်၊ ဒါပေမယ့် သူခွင့်ယူတုန်း သူ့အလုပ်တွေ  ယူပြီး လုပ်ပေးနေရတဲ့ လုပ်ဖေါ်ကိုင်ဖက် ကတော့ ညစ်နေမှာပဲ ဆိုပြီး ရေးသေးတယ်။
ဒါတွေကို ထေမိအောင် နိုင်ငံခြားသား အလုပ်သမား သွင်းရမယ်၊ အသက်လည်း ငယ်၊ ပညာလည်း တတ်ပြီး စလုံးမှာ အခြေချချင်တဲ့ လူတွေကို ယာယီ နိုင်ငံသား ( PR )၊ နောက် နိုင်ငံသား ( Citizenship ) ပေးရမယ်။ ဘယ်နှစ်ယောက် ပေးရမလဲ ဆိုတာကတော့ နောင်ဖြစ်လာမည့် မွေးနှုန်း၊ သေနှုန်း ပေါ် မူတည်ပြီး တွက်သွားရမယ် ဆိုတယ်။ နိုင်ငံခြားသား စုစုပေါင်း ဘယ်လောက်သွင်းရမလဲ ဆိုတာကို မျှော်မှန်းထားတဲ့ တိုင်းပြည်စီးပွားရေး တိုးတက်မှု နှုန်း ရအောင် လူဘယ်လောက်လိုမလဲ နဲ့ ပြန်တွက်တယ်။
ပြီးခဲ့တဲ့ နှစ် ၃၀ ကနေ အခု အထိ တောက်လျောက် နှစ်စဉ် အလုပ်သမားဦးရေ ၃.၃ % တိုးခဲ့တယ်၊ GDP လည်း အများဆုံး ၁၄.၅ %အထိ တိုးခဲ့ဘူးတယ်။ ဒါပေမယ့် အခု ဘေးနိုင်ငံတွေက အရင်လို မမိုက်ကြတော့ဘူး၊ လည်လာပြီ၊ စင်္ကာပူကို အမှီလိုက်လာပြီ၊ ဒီတော့ အရင်က စီးပွားတက်နှုန်းမျိုး ပြန်ရဖို့ မမျှော်မှန်း နိုင်တော့ဘူး။ အခုကနေ 2020 အထိ GDP growth ကို ၃ မှ ၅ % ထားရင် လုပ်သားဦးရေ ၁ ကနေ ၂ % တိုးလာရမယ်။ ၂၀၂၀ နောက်ပိုင်း GDP growth ကို ၂ မှ ၃ % ထားရင် လုပ်သားဦးရေ ၁ % တိုးလာရမယ်။
လောလောဆယ် အကြမ်းဖြင်း တနှစ်ကို နိုင်ငံသားအသစ် ၁ သောင်းခွဲ ကနေ ၂ သောင်းခွဲ ရှိလာမှ ရမယ်၊ PR ကို တနှစ် ၃ သောင်း ပေးမယ် ( ၂၀၀၈ က ၇၉၀၀၀ ပေးခဲ့ ) ၊ PR စုစုပေါင်းကို ၅ သိန်းက နေ ၆ သိန်း မှာ အမြဲ ထိန်းထားမယ်။
အခု ၂၀၁၂ ဇွန်လမှာ စလုံးက ၃.၂၉ သန်း၊ PR က ၀.၅၃ သန်း ဆိုတော့ ၂ခုပေါင်း ၃.၈၂ သန်း၊ နိုင်ငံခြားသား ၁.၄၉ သန်းပေါင်းရင် စုစုပေါင်း လူ ၅.၃၁ သန်း ရှိတယ်။ ၂၀၂၀ မှာ စလုံး ၃.၅ မှ ၃.၆ သန်း ၊  PR နဲ့ပါဆို ၄ ကနေ ၄.၁ သန်း၊ နိုင်ငံခြားသား အပါ စုစုပေါင်း ၅.၈ မှ ၆ သန်း အထိ မှန်းထားတယ်။ ၂၀၃၀ မှာ စလုံး ၃.၆ မှ ၃.၈ သန်း၊ PR အပါ လူ ၄.၂ သန်း မှ ၄.၄ သန်း၊ နိုင်ငံခြားသားတွေပါ ထည့်တွက်ရင် လူဦးရေ ၆.၅ ကနေ ၆.၉ သန်း ဖြစ်ဖို့ မှန်းထားတယ် ။
ဒီ လခ နည်းနည်းပဲ ပေးရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ရှိတာ ဘာကောင်းလဲဆိုတော့ သူတို့က ကလေးတွေ၊ လူအိုတွေကို ထိန်းပေးထားလို့ စလုံးနိုင်ငံသား မိန်းကလေးတွေ အလုပ်လုပ် နိုင်တယ်။ အိမ်တွေ လမ်းတွေ သူတို့ ဆောက်ပေးလို့ စလုံးတွေက ဈေးသက်သက်သာသာ နဲ့ အဆင့်အတန်း မြင့်မြင့် နေနိုင်လာတယ်။ ဈေးရောင်း ၊ အစားအသောက်ရောင်း တာတို့ ဟိုတယ် အလုပ်တို့လို့ အသေးအဖွဲ အလုပ်တွေကို သူတို့ကို ခိုင်းထားပြီး စလုံးတွေက အဆင့်မြင့်အလုပ်တွေကို လုပ်နိုင်တယ်။ လခ များများပေးရတဲ့ အဆင့်မြင့် ကျွမ်းကျင် ပညာရှင် နိုင်ငံခြားသားတွေကျတော့ သူတို့တွေနဲ့ တွဲလုပ်တဲ့ စလုံးတွေ အတွက် ပညာရနိုင်တယ်။ သူတို့ကို စီးပွားရေး ကောင်းရင် တိုးခန့် ၊ မကောင်းတဲ့ အခါကျရင် ပြန်ဖြုတ် ပြီး စလုံးတွေကိုတော့ အလုပ်မဖြုတ်ပဲ ထားတော့ စလုံးတွေရဲ့ ဘဝ တွေ တည်ငြိမ်တာပေါ့ ။ သူတို့အတွက် အစိုးရက ဘာမှ စိုက်ပေးစရာလည်းမလိုဘူး၊ နိုင်ငံအတွက်လည်း အခွန်ငွေတိုးတယ်။ ဒါပေမယ့် ဒီနိုင်ငံခြားသား အလုပ်သမားတွေ သိပ်များများ သွင်းခွင့်ပြုလိုက်ရင် လုပ်ခ လစာတွေ ကျလာမယ်၊ အလုပ်ရှင်တွေကလဲ အလုပ်သမားပေါပေါရတာ့ အလုပ်သမားနည်းနည်းနဲ့ အလုပ်ဖြစ်တဲ့ နည်းလမ်းတွေ ( productivity ) ကို  ကြိုးစားရှာဖွေကြတော့ မှာ မဟုတ်ဘူး၊ ဒါအပြင် ယဉ်ကျေးမှု မတူတဲ့လူတွေ အချင်းချင်း အထင်လွဲ စကားများတာတွေ များလာနိုင်တယ်။ စလုံး အစစ်တွေ ကိုယ်နိုင်ငံထဲမှာ ကိုယ်နေရင်း ဘဝ တွေ မွန်းကြပ်လာတယ် လို့ ခံစားရလာနိုင်တယ်။ အဲဒါတွေကို ထည့်တွက်ရမယ်။
လောလောဆယ် ရှိတဲ့လူကလေး နဲ့ တတ်နိုင်သလောက် အလုပ်ဖြစ်အောင် လည်း ကြိုးစားရတယ်။ အသက် ၆၅ ပြည့်လို့ ပင်စင်ယူပြီးသား လူကြီးတွေကို ဆက်ခန့်ထားလို့ ရနိုင်သလောက် ပြန်ခန့်ကြဖို့ (Retirement and Re-employment Act) ဥာဏ်ရည်မမှီ တဲ့ ကလေးတွေကို ဈေးကြီးတဲ့ special school တွေက ပြီးရင် သူတို့လုပ်နိုင်တဲ့ လွယ်တဲ့ အလုပ်ကလေးတွေ ခန့်ဖို့ လုပ်နေတယ်။ အရူးတွေကိုတောင် လွယ်တဲ့အလုပ်ခန့်ဖို့ အမတ်အသစ် ကောင်မလေး က အဆိုတင်သေးတယ်။ လူပိုလို့ အလုပ်ပြုတ်လာတဲ့ စလုံးတွေကို လူလိုတဲ့ ဘက်မှာ ပြန်လုပ်ချင်ဖို့ လိုအပ်တဲ့ သင်တန်းတွေကို အစိုးရက အလကား တက်ခွင့်ပေးတယ်။ ဥပမာ ဘဏ်က ပြုတ်လာတဲ့လူကို ဆေးရုံမှာ nurse ပြန်လုပ်ဖို့ သင်တန်းခ ကို အစိုးရကပေးတယ်။ အလုပ်တွေကို လူနည်းနိုင်သမျှ နည်းနည်းနဲ့ ဖြစ်အောင် လုပ်ဖို့ တီထွင်တာမျိုးကို အတင်း တွန်းအားပေးတယ် ( ဥပမာ ဘတ်စကား မှာ လက်မှတ်ရောင်းတဲ့လူ မလိုအောင် card တွေ သုံးတယ်၊ ဟိုတယ်တွေမှာ “ဝန်ထမ်းတွေများ၊ အလုပ်ကပါး၊လစာနည်း“ တော့ ဝန်ထမ်းကို မနက် အလုပ်တမျိုး၊ ညတမျိုး နှစ်မျိုးခိုင်းပြီး လစာတိုးပေးတယ်၊ ရုံးပိတ်ရက် စနေကျလို့  အစားထိုး holiday တရက် ပေးရင် တနိုင်ငံလုံး ရုံးတွေ ပိတ်ပေးရမှာစိုးလို့ ဝန်ထမ်းအားလုံးကို ခွင့်တရက်တိုးပေးလိုက်တယ်၊ သူကြိုက်တဲ့နေ့ ပြန်ယူပေါ့ )။ ဒါတွေကို National Productivity and Continuing Education Coucil က နေ ဦးဆောင် လုပ်ပေးနေတယ်။ productivity မြင့်လာအောင် Spass, EP အလုပ်တွေရဖို့ အတွက် လိုအပ်တဲ့ ပညာ၊လစာ အဆင့်တွေကိုလည်း တဖြည်းဖြည်း မြှင့်နေတယ်။
စလုံးတွေ ဘဝ မြင့်မားလာဖို့ သူတို့ကို ပညာကောင်းကောင်း သင်ဖို့၊ လစာကောင်းကောင်း နဲ့ လူသက်သာ တဲ့ အလုပ်မျိုးတွေ ရဖို့ကိုလည်း လုပ်ပေးနေတယ်။ အဆင့်မြင့်တဲ့ Professional, Managgerial, Executive and Technical ( PMET ) အလုပ်တွေလုပ်နေတဲ့ စလုံးတွေက အခု ၈ သိန်းခွဲ (အခု စလုံး အလုပ်သမား အားလုံး ရဲ့ ၅၀% ) ရှိနေရာကနေ ၂၀၃၀ မှာ ၁.၂၅ သန်း ( စလုံး အလုပ်သမား အားလုံးရဲ့ သုံးပုံ ၂ ပုံ ) အထိ တိုးလာဖို့ မျှော်လင့်ထားတယ်၊ ( ဒါပေမယ့် အဲဒီ နေရာတွေကို စလုံးတွေက တရားမျှမျှတာတ ကိုယ့်အရည်အချင်းနဲ့ ရတာ ဖြစ်ရမယ်၊ အဲဒီလို ဖြစ်အောင် Tripartite Alliance for Fair Employment Practices က လုပ်လိမ့်မယ် )။ အဲဒီအတွက် လိုအပ်တဲ့ အဆင့်မြင့် ပညာရေး ရလာအောင် နိုင်ငံတကာ က နံမည်ကျော် ကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ သူတို့တွေ အလုပ်လုပ် နေရင်းနဲ့လည်း ကိုယ့်ပညာကို upgrade လုပ်ချင်ရင် လွယ်အောင် တသက်တာ သင်ယူမှု ( lifelong learning ) ကိုလည်း စီစဉ်ပေးနေတယ်။
လောလောဆယ် နိုင်ငံခြားမှာ နေနေတဲ့ စလုံးက ၂ သိန်းလောက် ရှိတယ်။ ၂၀၁၁ မှာ နိုင်ငံခြားမှာ မွေးတဲ့ စလုံးကလေး နှစ်ထောင် ရှိတယ်။ သူတို့ကို စလုံးစိတ်ပျောက် မသွားအောင် လိုက်စည်းရုံးမယ်။ စလုံး TV တွေကို နေ့တိုင်းကြည့်နိုင်အောင် အင်တာနက် က လွှင့်ပေးမယ်။
နိုင်ငံသား အသစ် နဲ့ အဟောင်းတွေကို ပေါင်းစည်းပေးနိုင်ဖို့ ကိုတော့ National Integration Council (NIC) ကို ဖွဲ့ပြီး လုပ်ခိုင်းမယ်။ ကောင်းကောင်းပြောဆိုဆက်သွယ် လာနိုင်အောင် အသစ်တွေကို အင်္ဂလိပ်စာ သင်တန်းတွေပေးမယ်။
ပြည်တွင်းမှာ လူဦးရေတိုးလာလို့ အကုန် ကြပ်ညပ်ပြီး ပြသနာတွေ မတက်ရအောင်လည်း စီမံထားမှ ရမယ်။ အခု ရထားလမ်း အရှည် ၁၀၀ ကီလိုမီတာ ကို ၂၀၂၁ ရောက်ရင် ၂၈၀ ကီလိုမီတာ ဖြစ်အောင် တိုးချဲ့မယ်။ ရထား စီးရေ ကားစီးရေ တိုးမယ်၊ ကားလိုင်းတွေ တိုးမယ်။ ရထားနဲ့ ကားဆုံတဲ့ Integrated Transport Hub တွေ တိုးမယ်။ ကားမကြပ်အောင် တရုံးနဲ့ တရုံး ရုံးချိန်တွေ မတူအောင် လွှဲခိုင်းမယ်၊ off-Peak hour စီးဖို့ မက်လုံးတွေ ဖန်တီးပေးမယ်။ အမိုးပါတဲ့ စင်္ကြန်တွေ၊ မြေအောက်လမ်းတွေ တိုးမယ်။ အိမ်တန်းလျား ( HDB ) တွေ၊ ဆေးရုံတွေ တိုးဆောက်မယ်။ လူအိုရုံတွေ တိုးမယ်။ အသက်ကြီးတွေလူတွေအတွက် နေရာတိုင်းကို wheel-chair နဲ့ သွားနိုင်အောင် လမ်းတွေအားလုံး barrier-free ဖြစ်အောင်လုပ်မယ်၊ wheel-chair တက်လို့ရတဲ့ bus တွေ တိုးမယ်။ အလုပ်အဝေးကြီး မသွားရအောင် စက်မှုဇုန် နဲ့ အိမ်ယာတွေ နီးအောင် ထားမယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ပန်ုးခြံတွေ၊ ဥယျာဉ်တွေလည်း လာဦးမယ်။ အကုန်စီစဉ်ထားတယ်၊ အပိုအလိုတွေလည်း ထည့်တွက်ထားတယ်၊ ဘာမှ မပူကြနဲ့လို့ အစိုးရ ကပြောပါတယ် ( A Hight Quality Living Enviroment for All Singaporeans by Ministry of National Development )။
သူအဲဒါပြောလိုက်ကတည်းက တယောက်မှ “ကြိုဆိုပါသည်၊ ထောက်ခံပါသည်“ မလုပ်ပဲ ဝိုင်းဆဲလိုက်ကြတာ ဆူနေတာပဲ၊ အရင်က မပြောရဲလို့ ငြိမ်နေရာကနေ တယောက်တပေါက် ထင်ရာမြင်ရာ ပြောကုန်ကြပါတယ်။ လူဦးရေ တိုးမယ်ဆိုတော့ ၂၀၃၀ ကျရင် ရထားတွေ ကားတွေ တွယ်စီးရတော့မှာပဲ ဆိုပြီး photoshop နဲ့ လုပ်တဲ့လူက လုပ်တယ်။ SME လုပ်ငန်းရှင်များ အသင်းက မင်းတို့တွေ အလုပ်သမား ရှားအောင် လုပ်တာ လွန်လာပြီ၊ အကုန်စီးပွားကျကုန်မယ်၊ အခု ငလျင်လာပြီ၊ နောက် ဆူနာမီ လိုက်လာလိမ့်မယ် ကြည့်နေ ဆိုပြီး ကျိန်ဆဲတယ်၊ PMET တခုတည်းနဲ့ အလုပ်လုပ်လို့ ရမလားကွ၊ အောက်ခြေအလုပ်တွေမှာ စလုံးတွေ မရှိတော့ရင် ဘာဖြစ်ကုန်မယ်၊ ဘာညာ ပြောကြတယ်။ ဥရောပ တို့ဘာတို့က ကုန်သည်ကြီးများ အသင်းတွေကလည်း “အရင် ပွင့်သေးတယ်၊ အခုလို ပိတ်လိုက်ရင် စင်္ကာပူ နိုင်ငံ နံမည်ပျက်မယ်၊ စီးပွားကျမယ်“  ဆိုပြီး စာပို့တယ်။ အစိုးရဆီ ပို့တဲ့ အိပ်ဖွင့်ပေးစာတွေ ပလူပျံနေတာပဲ ၊ သတင်းစာတွေ မှာလည်း ငြင်း၊ TV မှာလည်း ငြင်း၊ ပါလီမန် ထဲမှာလည်း ငြင်း ဆိုတော့ ငြင်းတာ ဝါသနာပါတဲ့လူတွေ အလုပ်တွေရှုပ်ပြီး သဘောတွေကျနေကြတာပဲ၊ ဆရာကြီး ဝင်လုပ်ရတာ အားသန်တဲ့လူတွေကလည်း မင်းတို့က ရုပ်ပိုင်းပဲ ကြည့်တာကိုး၊ မတူတဲ့ လူတွေ စုနေခိုင်းရင် စိတ်ဒုက္ခရောက်တယ်၊ ဘယ်လိုဖြစ်တယ် ဘာညာ ဝင်ပြောတာပေါ့။
ဘာပဲ ပြောပြော တကမ္ဘာလုံးမှာ အရမ်းတော်တဲ့ အစိုးရတွေတောင် အဆဲခံနေရတာ ပဲ၊ ငါတို့ အဆဲခံရတာ နည်းပါသေးတယ်၊ နောက်ဖေးလမ်းကြား မှောင်ထဲကနေ ဆဲသွားတဲ့ ကောင်ကိုလည်း လိုက်ရှာမနေတာ့ပါဘူး ဆိုပြီး ယောင်ကန်းကန်း မြန်မာအစိုးရ အသစ်လေး ဖြေနိုင်စေချင်ပါတယ်။
Ref: စလုံး ပြည်တွင်း သတင်းများ ၊ A sustainable Population for a Dynamic Singapore ( Population White Paper )
Update : မနေ့က ပါလီမန်မှာ အတိုက်အခံ Worker Party က အစိုးရ လူဦးရေ စာတမ်း နဲ့ အပြိုင်စာတမ်း တခု တင်တယ်။ ၂၀၂၀ အထိ နိုင်ငံခြားသား ထပ်မဝင်ခိုင်းတော့ဘူး၊ စလုံး အဘိုးကြီး အဘွားကြီး နဲ့ အိမ်ထောင်ရှင် မိန်းမတွေကို အလုပ်ထွက်လုပ်ခိုင်းမယ်၊ ကုမ္ပဏီတွေကို productivity အမြန်မြှင့်ခိုင်းမယ် ဆိုတယ်။ PAP အမတ်တွေက ဝိုင်းဖဲ့တယ်၊ SME လုပ်ငန်းရှင်များ အသင်းက အဲဒီစာတမ်းကို ပယ်ချတယ်လို့ ချက်ချင်း ကြေငြာတယ်။ ၂၀၃၀ လူဦးရေတိုးတာနဲ့ နိုင်အောင် bus ကား စီးရေ တိုးပေးရမယ့် SBS က Driver ခန့်ဖို့ နိုင်ငံခြားသား အလုပ်သမား ချပေးမှ တိုးနိုင်မှာပေါ့၊ အဲဒီ အလုပ်ကို ပြည်မကြီး က တရုပ်တွေပဲ လာလုပ်နေတာ၊ စလုံးတွေက လုပ်တာ မဟုတ်ဘူး၊ အခုတောင် လူ ၃၀ လိုနေတယ် ပြောတယ်။ တချို့ကတော့ GDP ချည်းပဲ ကြည့်မနေပါနဲ့၊ လူတွေ စိတ်ချမ်းသာဖို့လည်း ကြည့်ပါဦး လို့ သတင်းစာတိုက်ကို လှမ်းရေးတယ်။
Myo Than
 https://www.facebook.com/notes/myo-than/%E1%80%85%E1%80%80%E1%81%A4%E1%80%AC%E1%80%95%E1%80%B0-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%9C%E1%80%B0%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%9B/534318863255985
Tuesday, January 22, 2013
ကိုယ်ပေါ်မှာ လျှပ်စစ်ဓာတ်တွေဖြာထွက်နေသူ (သို့မဟုတ်) Nikola Tesla
ကိုယ်ပေါ်မှာ လျှပ်စစ်ဓာတ်တွေဖြာထွက်နေသူ (သို့မဟုတ်) Nikola Tesla
by Heinn FiveStrings on Monday, 21 January 2013 at 17:42 ·
                                                                          ♣♣♣
    နယူးယောက်မြို့၏လမ်းမတစ်ခုပေါ်တွင် ပြင်းထန်စွာကျနေသောမိုးသီးမိုးပေါက်များကိုအံတု၍ လူတစ်ယောက်ခပ်သုတ်သုတ်လျှောက်လာနေသည်။ ဖြတ်သန်းလူးလားနေသောသူများကလည်း သူ့ကိုစိတ်ဝင်တစားလည်ပြန်ကြည့်သွားကြစမြဲ။ ဟုတ်ပါသည်။ ရွှဲနစ်အေးစက်နေသောခန္ဓာကိုယ်၊
ဖြူဖျော့တုန်ရီနေသောနှုတ်ခမ်းတို့ဖြင့် ထိုလူသည် လက်ထဲမှ တစ်စုံတစ်ခုကို မိုးကာအင်္ကျီဖြင့် သေချာစွာပတ်ထား၏။ သူကိုယ်တိုင်ကားမ၀တ်။ နံဘေးမှဖြတ်သွားသော ရထားလုံးတစ်စီးကို လှမ်းတားမည်ဟု ကြံရွယ်ပြီးမှ သူ့တွင် အမေရိကန်ငွေ ၄ဆင့်သာပါသည်ကို သတိရသဖြင့် စိတ်ကိုပြန်လျှော့လိုက်၏။ အတန်ကြာဆက်လျှောက်ပြီးသော် တစ်နေရာအရောက်တွင် ရပ်လိုက်သည်။ မိုးစက်တို့ကြောင့် မျက်လုံးကိုလက်ဝါးဖြင့်ကာ၍ သေချာအောင်ကြည့်လိုက်၏။
    "လျှပ်စစ်၏ဘုရားသခင်အက်ဒီဆင်"
ထိုကုမ္ပဏီကြီး၏ ရုံးခန်းထဲတွင်မူ ပိုင်ရှင်အက်ဒီဆင်နှင့် မိုးရေများစိုရွှဲနေသော ၂၈နှစ်အရွယ်လူရွယ်တစ်ဦး။ ထိုလူရွယ်က သူကိုယ်တိုင်ပင် မိုးကာမ၀တ်ဘဲ မိုးကာဖြင့်ဂရုတစိုက်ပတ်ယူခဲ့ရသော အထုပ်ကိုဖြည်၏။ သံသေတ္တာတစ်လုံး။ ဖွင့်လိုက်သော် ဆားကစ်ပြားများ၊ တစ်စစီဖြုတ်ထားသောဒိုင်နမို၊ resistor များ၊ capacitor များ၊ လေစုပ်ထားသောဖန်သီးများ၊ ကဗျာစာအုပ်အချို့ နှင့် လျှပ်စစ်သမားတိုင်းကိုင်ဆောင်လေ့ရှိသောပစ္စည်းကိရိယာများ။ ထိုအရာတို့ကြားမှ စာတစ်စောင်ကိုဆွဲထုတ်လိုက်သည်။ နောင်အခါကမ္ဘာကျော်စာတစ်စောင်ဖြစ်လာမည့် ထိုစာကို သူယခင်က အလုပ်လုပ်ခဲ့သော ဘူတာပတ်စ်(Budapest)မြို့မှတယ်လီဖုန်းကုမ္ပဏီပိုင်ရှင် Charles Batchelor ကရေးသားပေးလိုက်ခြင်းဖြစ်သည်။ သူ အက်ဒီဆင်နှင့်တွေ့လျှင်ပေးရမည့် ထောက်ခံစာလည်းဖြစ်သည်။ ထိုစာမှာ နှစ်ကြောင်းသာပါရှိသော်လည်း အလွန်ပြည့်စုံ၏။
    "ကျွန်ုပ်သည် ဥာဏ်ပညာကြီးကျယ်ခမ်းနားလှသူနှစ်ဦးကိုသာ ဘ၀တွင်တွေ့ဖူးသည်။ တစ်ဦးမှာ သင်(အက်ဒီဆင်)၊ နောက်တစ်ဦးမှာ ယခုသင့်ရှေ့တွင်ရပ်နေသောလူရွယ်"
အက်ဒီဆင်မှာ ခိုက်ခိုက်တုန်နေသောလူရွယ်ကို အံ့သြစွာမော့ကြည့်လိုက်လေသည်။ အချိန်ကား ၁၈၈၄ခုနှစ်၏ မိုးရာသီတစ်ခု။
                                                                          ♣♣♣
    လူသားတို့ လျှပ်စစ်ကိုဖန်တီးထိန်းချုပ်နိုင်သည့်သမိုင်းတွင် မပါမဖြစ်ဖြစ်သော နီကိုလာတက်စ်လာ(Nikola Tesla)ကို ၁၈၅၆ခုနှစ်၊ ဇူလိုင်လ ၉ရက်နေ့ သန်းခေါင်ယံအချိန်တွင် Similijan ရွာ၊ Likaပြည်နယ်၊ Croatia နိုင်ငံတွင်မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက သိပ္ပံနှင့်စက်မှုပညာကို အထူးစိတ်ဝင်စားခဲ့ပြီး အသက်၁၂နှစ်အရွယ်ခန့်တွင် သူ၏မိခင်အတွက် ဂျုံကြိတ်စက်တစ်မျိုးကို ကိုယ်တိုင်ဖန်တီးပေးခဲ့သည်။ အရွယ်ရောက်သော် အော့စတီးယားတက္ကသိုလ်တွင် ပညာသင်ကြားခွင့်ရရှိခဲ့ပြီး လျှပ်စစ်ဆိုင်ရာသိပ္ပံပညာကိုလေ့လာခဲ့သည်။ ၁၈၈၂ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိ လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများကုမ္ပဏီတစ်ခုတွင် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ သူ၏ အထူးပြုဘာသာရပ်မှာ Alternating Current (AC current) ခေါ် ပြန်လှန်လျှပ်စီးအကြောင်းဖြစ်သည်။ AC current ဟူသည် ယနေ့ကမ္ဘာတွင်အသုံးပြုနေသော
လျှပ်စစ်သဘာဝနှစ်မျိုးအနက်မှ တစ်မျိုးဖြစ်သည်။ အီလက်ထရွန်များပုံသေမရှိဘဲ အဖို၊အမတစ်လှည့်စီဖြစ်ပေါ်နေသည်။ သက်ရှိသတ္တ၀ါများနှင့်ထိတွေ့မိလျှင် သတ္တ၀ါတို့၏ ကိုယ်တွင်းရှိနာဗ့်ကြောများအားလုံးသည် ဓာတ်ကြိုးများသဖွယ်အလုပ်လုပ်ပြီး အသက်ဆုံးရှုံးစေ၏။ ယနေ့ခေတ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လွှတ်လိုက်သောလျှပ်စစ်ဖြစ်သည်။ AC လျှပ်စစ်၏ဗို့အားကိုလိုသလိုမြှင့်တင်နိုင်ပြီး အလွန်ဝေးကွာသောအရပ်များထိတိုင် ပေးဝေပို့လွှတ်နိုင်သည်။ နောက်တစ်မျိုးကား Direct Current(DC current)ခေါ် တိုက်ရိုက်လျှပ်စီးဖြစ်သည်။ အဖို၊အမပုံသေတည်ရှိနေပြီး လူကို အန္တရာယ်မပြုနိုင်၊ ယနေ့ခေတ်၏ ဓာတ်ခဲ၊ဘက်ထရီ တို့သည် DCလျှပ်စစ်ထုတ်ပေးသော ပစ္စည်းများဖြစ်သည်။ သို့သော်ဝေးကွာလွန်းသောနေရာများသို့ဓာတ်အားပို့လွှတ်၍မရ။ သွယ်တန်းထားသောကြိုးများ၏ခုခံမှုကြောင့်
ဗို့အားများဘေးထွက်လျော့ပါးတတ်သည်။ ယခုမူ DC ဒိုင်နမိုများထုတ်လုပ်ရောင်းချနေသောသူဋ္ဌေးကြီးအက်ဒီဆင်သည် ACလျှပ်စစ်အပေါ်အလွန်အမင်းရူးသွပ်ယုံကြည်သော တက်စ်လာကို အငယ်တန်းအင်ဂျင်နီယာရာထူး ခန့်အပ်လိုက်လေသည်။ ပြည့်စုံခိုင်မာသော ထောက်ခံစာကြောင့်လည်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ... နက်ရှိုင်းကျယ်ပြောလှတဲ့အတ္တလန္တိတ်သမုဒ္ဒရာကြီးကိုဖြတ်သန်းခရီးဆန့်လာရသော၊
သင်္ဘောပေါ်တွင် ခရီးဆောင်အိတ်နှင့်ငွေကြေးများအခိုးခံလိုက်ရသော၊ ကဗျာစာအုပ်အနည်းငယ်၊ ငွေ၎ဆင့်နှင့် သံသေတ္တာတစ်လုံးသာပါသော တက်စ်လာသည် နယူးယောက်မြို့ကြီးရှိ အက်ဒီဆင်၏ကုမ္ပဏီတွင် တစ်ပတ်လုပ်ခ၁၀ဒေါ်လာဖြင့် သူမက်ခဲ့ရသောအိပ်မက်တို့ကို အကောင်အထည်ဖော်ရန်ကြိုးစားလေတော့သည်။
    အမှန်မှာအက်ဒီဆင်၏ DC ဒိုင်နမိုများသည် ပုံပန်းသွင်ပြင်ရောအရည်အသွေးပိုင်းပါ အဆင့်နိမ့်လျက်ရှိသည်။ ထူးခြားသောပင်ကိုယ်ပါရမီနှင့် အလွန်အမင်းအလုပ်ကြိုးစားသောကြောင့် တစ်ခဏအတွင်းပင် ၀န်ထမ်းကောင်းတစ်ယောက်ဖြစ်လာသော တက်စ်လာက ထိုအချက်ကို ထောက်ပြပြောဆိုလေသည်။ ထို့နောက် ကုမ္ပဏီ၏၀န်ဆောင်မှုနှင့်ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းပေးရန်နှင့် ပိုမိုအရည်အသွေးကောင်းမွန်ပြီး သေသပ်လှပသောဒိုင်နမိုများထုတ်လုပ်ရန် တက်စ်လာက ၁၈၈၅ခုနှစ်တွင် ခွင့်တောင်းခဲ့လေသည်။ အက်ဒီဆင်ကလည်းခွင့်ပြုရုံသာမက၊ အောင်မြင်အောင်လုပ်ဆောင်နိုင်လျှင် ဒေါ်လာ ၅သောင်းချီးမြှင့်မည်ဟုစိန်ခေါ်လိုက်လေသည်။ တစ်နှစ်မပြည့်မီအချိန်မှာပင် ကမ္ဘာအနှံ့အပြားမှ အမှာစာများ ကုမ္ပဏီတွင်စုပုံနေ၏။ ကောင်းမွန်သောအရည်အသွေး၊ ဆန်းသစ်လှပသောပုံစံနှင့် ဈေးနှုန်းချိုသာမှုတို့ကြောင့်
အက်ဒီဆင်၏ဒိုင်နမိုများသည် ထုတ်၍မနိုင်လောက်အောင်ရောင်းချခဲ့ရသည်။ အမြတ်အစွန်းများစွာကိုလည်း ရရှိခဲ့သည်။ အက်ဒီဆင်ကမူ ရေငုံနှုတ်ပိတ်နေမြဲ။ စိန်ခေါ်ချက်ကိစ္စကို စကားပင်မဟ။ ကြာသော် တက်စ်လာက ထုတ်ပြောရ၏။ ဒေါ်လာ ၅သောင်းကို သူရရှိမည်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ အကျိုးအတွက် သူကြိုးစားပေးခဲ့ကြောင်း ။ ဤတွင် အက်ဒီဆင်ပြောလိုက်သောစကားကြောင့် တက်စ်လာ၏အိပ်မက်ကလေးမှာ အပိုင်းပိုင်းအထစ်ထစ် ချိုးဖဲ့ဖျက်ဆီးခံလိုက်ရလေသည်။
    "မင်းက ငါတို့အမေရိကန်တွေရဲ့ဟာသကို နားမလည်သေးဘူးပဲ"
      (Tesla,you don't understand our American humor)
    ကိုယ်ပိုင်စမ်းသပ်ခန်းတစ်ခုတည်ဆောက်ဖို့၊ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတည်ထောင်ဖို့၊ မိမိစိတ်ကြိုက် AC ဒိုင်နမိုများစမ်းသပ်ထုတ်လုပ်ဖို့ စသည့်မျှော်လင့်ချက်များသည် အက်ဒီဆင်၏လှောင်ပြောင်စကားတစ်ခွန်းအောက်တွင် ကျဆုံးသွားလေပြီ။ တရားကျဖို့တော့ကောင်းသည်။ ကိုယ့်စကားကိုယ်တာဝန်မယူရဲသော သူဋ္ဌေးကြီးအက်ဒီဆင်က တက်စ်လာကို တစ်ပတ်လုပ်ခ ၁၀ဒေါ်လာမှ ၁၈ဒေါ်လာသို့ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း စကားဆိုလာပြန်သည်။ တက်စ်လာ၏ ပညာမာနတို့ပေါက်ကွဲလေပြီ။ ချက်ချင်းငြင်းဆိုကာ အလုပ်မှထွက်ခဲ့လေ၏။ ကိရိယာတန်ဆာပလာတို့ထည့်ထားသော သံသေတ္တာလေးကိုပိုက်လျက် ...... ။ တကယ်ဆိုလျှင် သူဋ္ဌေးကြီးအက်ဒီဆင်သည်လည်း ပညာရှင်တစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် အခြားပညာရှင်တစ်ဦးအပေါ်လေးစားနားလည်နိုင်သင့်သည်။ သူကိုယ်တိုင်လည်း မီးရထားပေါ်တွင် ၀မ်းရေးအတွက်ရုန်းကန်နေရင်းမှ အောင်မြင်ကျော်ကြားလာခြင်းဖြစ်သည်။ နောင်တစ်ချိန်ဒီဖြစ်ရပ်အပေါ် သုံးသပ်သူတို့က အက်ဒီဆင်သည်လည်းလူ့သဘာဝလူ့သဘောအရဖြစ်ခဲ့သော၊ အံ့သြစရာမရှိသောအဖြစ်အပျက်ဟု မှတ်ချက်ချခဲ့ကြသည်။ ကျွန်တော်ကတော့ ကဗျာဆရာမောင်ပြည့်မင်း၏ "လက်တစ်ဖက်ကိုမြဲနေအောင်ကိုင်ထား"ဟူသောကဗျာထဲမှ စာသားတချို့ကိုသာ သတိတရရှိနေမိ၏။
    " လက်တစ်ဖက်ကို စိန်လက်စွပ်အပြည့်ဝတ်
      အသက်ကယ်ဘောကွင်းကို မြဲနေအောင်ကိုင်ထား
      လက်တစ်ဖက်ကို သူ့ပခုံးဖက်လိုက်
                                                                          ♣♣♣
    ၁၈၈၆ခုနှစ်တွင် တက်စ်လာလျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်ရေး အမည်ဖြင့် သူ၏ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို တည်ထောင်လေ၏။ ကိုယ်ပိုင်ဆိုသော်လည်း ငွေကြေးစိုက်ထုတ်ပေးသူတစ်ဦးနှင့် အချိုးတူဖြစ်သည်။ ထိုသူက ကုမ္ပဏီကို DC ဒိုင်နမိုများဦးစွာ ထုတ်လုပ်၊ ပြီးမှ အမြတ်များရလာလျှင် AC ဒိုင်နမိုများကို စမ်းသပ်ထုတ်လုပ်လိုသည်။ တက်စ်လာကမူ AC ဒိုင်နမိုများကိုသာ စွန့်ဦးတီထွင်လိုသည်။ ဤသို့ဖြင့် ကုမ္ပဏီ၏သက်တမ်းမှာ ၁နှစ်ပင်မပြည့်လိုက်။ ဆက်လက်ရပ်တည်နိုင်စွမ်းမရှိသဖြင့် တက်စ်လာသည် ကုမ္ပဏီကို ထိုသူထံထိုးအပ်ပြီးထွက်ခဲ့ရလေသည်။ ထိုအခြေအနေများတွင် တက်စ်လာသည် တစ်ရက်လုပ်ခ ၂ ဒေါ်လာဖြင့် မြေတူးအလုပ်သမားဘ၀ရောက်ခဲ့လေသည်။ သို့သော်သူ၏ပညာဂုဏ်သတင်းသည် သိပ္ပံလောကအတွင်းအနည်းငယ်ပျံ့နှံ့နေလေပြီ။ ထို့ကြောင့် လျှပ်စစ်ကုမ္ပဏီတစ်ခုထည်ထောင်ထားသော ၀က်စတင်းဟောက်စ်(Westinghouse)က လိုက်လံရှာဖွေခေါ်ယူခဲ့သည်။ တက်စ်လာသည် သူနှင့်တွဲဖက်ကာ AC ဒိုင်နမိုတစ်လုံးကိုတီထွင်နိုင်ခဲ့ပြီး ပေါ်စဦးလျှပ်စစ်ခေတ်ကို ကိုင်လှုပ်နိုင်ခဲ့သည်။ Electric Worldမဂ္ဂဇင်းကြီး၏ ရေးသားဖော်ပြမှုတို့ကြောင့်လည်း တက်စ်လာ၏နာမည်သည် ကျော်ကြားမှုအရှိန်မြင့်လာခဲ့၏။ ထိုအချိန်မှစ၍ တက်စ်လာ၏ AC ဒိုင်နမိုနှင့် အက်ဒီဆင်၏ DC ဒိုင်နမို အားပြိုင်ပွဲကြီးစတင်လာသည်။
ထိုဖြစ်ရပ်ကို လျှပ်စီးကြောင်းများ၏စစ်ပွဲ(War Of Currents)ဟု လေ့လာသူတို့က အမည်တပ်ခဲ့ကြလေသည်။
    ထိုခေတ်က ရုပ်သံမီဒီယာများမပေါ်ပေါက်သေး၍ သုံးစွဲသူလူထုကြီးအားသရုပ်ပြပွဲများဖြင့် အပြိုင်အဆိုင်ဆွဲဆောင်ခဲ့ကြလေသည်။ ဤသို့ဆွဲဆောင်ရာတွင် အသက်အန္တရာယ်ထိုခိုက်စေသော AC current ၏ အားနည်းချက်ကို အက်ဒီဆင်က သရုပ်ဖော်ပြခဲ့သည်မှာ ရက်စက်ကြမ်းကြုတ်လှပေသည်။ လူအများရှိရှေ့တွင် ဆင်ကြီးတစ်ကောင်ကိုသံကြိုးများဖြင့် ရစ်ပတ်လျက် AC current ဖြင့် ချိတ်ဆက်ပေးလိုက်၏။
ဆင်ကြီးမှာ ဝေဒနာမချိမဆန့်ပြင်းထန်စွာခံစားရပြီး အသက်ဆုံးသွားလေသည်။ လူထုမှာလည်း AC လျှပ်စစ်ကို လွန်စွာကြောက်လန့်သွားကြပြီး DC ဒိုင်နမိုများသာ အရောင်းသွက်ခဲ့လေသည်။ သို့သော် နောက်ပိုင်းတွင်အမြင်ကျယ်လာသောလူတို့သည် AC ဒိုင်နမိုတို့ကိုသာ ဂရုတစိုက်အသုံးပြုခဲ့လေ၏။ ယနေ့မျက်မှောက်ကမ္ဘာတွင်အားလုံးသော မီးပေးဝေရေးစနစ်မှာ AC လျှပ်စစ်သာဖြစ်သည်။
    တက်စ်လာသည် ဇူလိုင်လ ၃၀ရက်၊ ၁၈၉၁ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ်ခံယူခဲ့လေသည်။ သူ၏တီထွင်မှုတို့ကြောင့် လွယ်လွယ်ကူကူခံယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ AC ဒိုင်နမိုများထုတ်လုပ်ရောင်းချပြီး ငွေကြေးပြည့်စုံလာသောအခါ တက်စ်လာသည် အလွန်ထူးဆန်းသော တီထွင်မှုတို့ကို ပြုလုပ်လေ၏။ သာမန်အားဖြင့် မဖြစ်နိုင်ဟုယူဆရမည့် တက်စ်လာကွိုင်(Tesla Coil)သည် သူ၏ပထမဆုံးတီထွင်မှုဖြစ်သည်။
မီးအားမြှင့်စက်တစ်ခုအလုပ်လုပ်ပုံနှင့်ဆင်တူသော်လည်း သာမန်မဟုတ်ချေ။ ဗို့အား ၂၀၀ ၀န်းကျင်ရှိသော အိမ်သုံးမီးကို ဗို့အားတစ်သန်းကျော်အထိပြောင်းလဲထုတ်လွှတ်ပေးနိုင်သော ကွိုင်များပါဝင်သည်။ ထိုအခါထွက်ပေါ်လာသော လျှပ်စီး၏ကြိမ်နှုန်း(Frequency)သည်လည်း အလွန်မြင့်မားစွာ ဖြစ်ပေါ်လာသည်။ သို့သော် လျှပ်စီးကြောင်းပမာဏမှာမူ လွန်စွာသေးငယ်၏။ ထို့ကြောင့် မြင့်မားသောဗို့အား၊ မြင့်မားသောကြိမ်နှုန်းနှင့် သေးငယ်သောလျှပ်စီးပမာဏကြောင့် ထိုကွိုင်နှင့်အနီးတ၀ိုက်တွင်အလွန်လှပဆန်းကြယ်သော အပြာရောင်၊ အနီရောင်လျှပ်စီးတန်းများဖြစ်ပေါ်လာသည်။ ပုံစံမှာ မိုးကြိုးပစ်ချိန်တွင် မြင်ရသောလျှပ်စီးတန်းများနှင့် တူညီသည်။ ထူးခြားချက်မှာ လူနှင့်ထိမိသော်လည်း အန္တရာယ်မရှိ။ ထိုဖြစ်ရပ်ကြောင့် အနီးတ၀ိုက်ရှိလေစုပ်ထားသောဖန်သီးများ၊ ဖန်ချောင်းများမှာ မည်သည့်အဆက်အသွယ်မှမရှိဘဲ မီးလင်းလာသည်။ လင်းလက်လာသော်လည်း မူလဓာတ်အားဆုံးရှုံးမှုမှာ အလွန်ပင်နည်းလှ၏။ သဘောမှာ ယခု AC လျှပ်စီးဖြင့် ၀ပ် ၅၀ မီးလုံးတစ်လုံးကို ထွန်းညှိလျှင် မူလဓာတ်အားမှ ၀ပ် ၅၀ ဆုံးရှုံးမည်။ တက်စ်လာကွိုင်ဖြင့် အသုံးပြုလျှင်မူ ၀ပ်၅၀ပို့လွှတ်သော် ၀ပ်၅၀မီးလုံးအမြောက်အမြားကို ထွန်းညှိနိုင်မည်ဖြစ်၏။ ဤအချက်ကို အားပြု၍ တက်စ်လာက ကြိုးမဲ့လျှပ်စစ်ဆက်သွယ်ရေးကို ကြံဆခဲ့သည်။ တက်စ်လာကွိုင် စမ်းသပ်ချက်ကို အိမ်နီးနားချင်းများက ပြန်လည်ပြောပြကြသည်။ "ညဘက်ဆိုရင် သူ့အခန်းတစ်ဝိုက်မှာ အပြာရောင်တွေ၊ အနီရောင်တွေတောက်ပနေတာ။ သူ့ခြံရှေ့က မီးသတ်ရေတိုင်ကလည်း မီးပွားတွေတဖွားဖွားပန်းတက်နေတယ်။ ခြံထဲက သစ်ပင်တွေမှာရောပဲ၊ သစ်ကိုင်းတွေပေါ်မှာ လျှပ်စစ်တွေစီးနေတာကို ကျွန်တော်တို့မြင်ရတယ်"။
    ထိုမြင်ကွင်းကို ကျွန်တော်မြင်ယောင်ကြည့်ရင်း ၂၀၁၀ခုနှစ်တွင်ထွက်ရှိခဲ့သော မင်းသားNicolas Cage၏ "The Sorcerer's Apprentice" ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်းကိုအမှတ်ရမိ၏။ ထိုကားထဲတွင် မင်းသားငယ်Jay Baruchelက တက်စ်လာကွိုင်ကိုအထူးပြုလေ့လာနေသော ကျောင်းလားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားသည်။ သူနှစ်သက်သဘောကျနေသော ကောင်မလေးအား သူဖန်တီးထားသောတက်စ်လာကွိုင်နှင့် တေးဂီတကို တွဲဖက်၍သရုပ်ပြပုံဖြစ်သည်။ အခန်းထဲတွင်ပျံ့နှံ့လှပနေသော လျှပ်စီးကြောင်းများကိုမြင်ရသောအခါ ၂၁ရာစုလူသား ကျွန်တော်ပင် အံ့သြမှင်သက်ရလေသည်။
                                                                          ♣♣♣
    ၁၈၉၉ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် တက်စ်လာက ထူးခြားချက်တစ်ခုကို ထပ်မံတွေ့ရှိပြန်လေသည်။ ၄င်းမှာကမ္ဘာမြေကြီးအတွင်းတွင် လျှပ်စစ်စွမ်းအင်ကို အကျိုးပြုနိုင်သော ပုံသေလှိုင်းတစ်ခုရှိနေကြောင်း၊ ထိုလှိုင်းသည် အခြားလှိုင်းများဖြစ်သော လျှပ်စစ်သံလိုက်လှိုင်းများနှင့် ကြိမ်နှုန်းကွဲပြားမှုရှိနေကြောင်းဖြစ်သည်။ ထိုလှိုင်းကို ကမ္ဘာ့အပေါ်ယံမျက်နှာပြင်နှင့် Kennelly-Heaviside အလွှာ(မြေပြင်မှ ၅၆-၉၃မိုင်)ကြားတွင်တွေ့ရ၏။ ထိုလှိုင်း၏ ကြိမ်နှုန်းနှင့်
တက်စ်လာကွိုင်၏ကြိမ်နှုန်းတို့ထပ်တူညီအောင်ပြုပြင်နိုင်ခဲ့လျှင် ကမ္ဘာမြေကြီးသည် အလွန်ကောင်းမွန်သော လျှပ်ကူးပစ္စည်းကြိးဖြစ်လာမည်။ သဘောမှာ မည့်သည့်ဓာတ်ကြိုးမှမလို။ သူ၏ မှတ်တမ်းထဲတွင် စမ်းသပ်ခန်းနှင့် ၂၅မိုင်ပတ်လည်ရှိ မီးသီးရာပေါင်းများစွာကို လင်းလက်စေခဲ့သည်ဟု ဖော်ပြထားသည်။ ကြိမ်နှုန်းများကိုသာ ပြုပြင်ယူနိုင်လျှင် တစ်ကမ္ဘာလုံးသို့ လျှပ်စစ်များဖြန့်ဖြူးပေးပို့နိုင်မည်။ သူက ကမ္ဘာကြီးတစ်ခုလုံးမီးလင်းစေမည် ဟုဆိုသည်။
သူ၏စမ်းသပ်ချက်များအားငွေကြေးထောက်ပံ့ပေးနေသူတို့ကမူ ထိုသို့မဟုတ်။ "တစ်ကမ္ဘာလုံးရဲ့ဘယ်နေရာမှာမဆို မီးသီးအားလုံးလင်းနေရင် ကျုပ်တို့ကုန်ကျထားတဲ့စရိတ်တွေဘယ်သူက ပေးမှာလဲ၊ ဘယ်လိုပြန်ရှာရမှာလဲ" ဟုဆိုကာ
ငွေကြေးထောက်ပံ့နေမှုများအား ရပ်ဆိုင်းခဲ့လေသည်။ တက်စ်လာ၏ တွေ့ရှိချက်မှာလည်း ငွေသံကြေးသံတချွင်ချွင်ထွက်သောစကားလုံးများအောက်တွင် နစ်မြုပ်သွားရလေ၏။
    ၁၉၃၁ခုနှစ်တွင်မူ တက်စ်လာက အံ့သြဖွယ်ရာတစ်ခုကို ထပ်မံမိတ်ဆက်ပေးပြန်သည်။ သတင်းစာရှင်းလင်းပွဲတစ်ခုချက်ချင်းစီစဉ်ပြီး စကားတစ်ခွန်းသာပြောခဲ့လေ၏။ "ဒါကိုတွေ့ရှိသူကျွန်တော်ကိုယ်တိုင်တောင် တော်တော်တုန်လှုပ်သွားပါတယ်။ လုံးဝမမျှော်လင့်ထားတဲ့ စွမ်းအင်တစ်ခုကိုကျွန်တော်ပေးနိုင်ပါတော့မယ်" ။ တက်စ်လာက ထိုသို့တစ်ခုပြီးတစ်ခုစမ်းသပ်နေချိန်တွင် အက်ဒီဆင်၏ကုမ္ပဏီကမူ စီးပွားရေးကိုသာ အားစိုက်လုပ်ကိုင်နေ၏။ မည်သည့်တီထွင်မှုကိုမျှ ထပ်မတွေ့ရ။ ငွေကြေးနောက်ကိုသာ အမောတကောပြေးလိုက်နေ၏။ ထို့ကြောင့် ဖြစ်မည်၊ နှောင်းလူတို့အတွက်တက်စ်လာက မှတ်သားဖွယ်ရာစကားတစ်ခွန်းကို ချန်ထားခဲ့လေသည်။
    "လူသားထုအားလုံးအပေါ် ပိုမိုကောင်းမွန်စေလိုသောရည်ရွယ်ချက်မရှိခဲ့လျှင် ထိုသိပ္ပံပညာသည် ကိုယ်ကျိုးရှာမှု(သို့မဟုတ်)စိတ်ဖောက်ပြန်မှုသာဖြစ်သည်"
                                                                          ♣♣♣
    ကမ္ဘာတစ်ဝှမ်းလုံးစစ်မီးများစတင်လောင်ကျွမ်းနေချိန်တွင် တက်စ်လာက သူ၏တွေ့ရှိမှုကိုဖော်ထုတ်ခဲ့သည်။ အလွန်မြင့်မားသောစွမ်းအားဖြင့် အီလက်ထရွန်များကို ပစ်လွှတ်ခြင်းဖြစ်သည်။ အများက ထိုရောင်ခြည်ကို မရဏရောင်ခြည်(Death Ray)ဟု အမည်ပေးခဲ့ကြသည်။ ထိုအရာသည် မိုင် ၂၅၀ အကွာအဝေးတွင်ရှိသော အင်အား ၁သောင်းခန့်ရှိ သင်္ဘောအုပ်စု(သို့မဟုတ်)လေတပ်စခန်းတစ်ခုကို မိနစ်ပိုင်းအတွင်းအမှုန့်ဖြစ်စေမည်ဟုဆိုသည်။
သူကိုယ်တိုင်ကမူ ထိုရောင်ခြည်ကို ငြိမ်းချမ်းရေးရောင်ခြည်(Peace Ray)ဟု ခေါ်ဆိုခဲ့သည်။ သူက ငြိမ်းချမ်းရေးရောင်ခြည်ဖြင့် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်အောင်တားဆီးမည်ဟု ကြွေးကြော်ခဲ့သည်။ ထို့နောက် ငြိမ်းချမ်းရေးရောင်ခြည်ထုတ်လွှတ်မည့် အစီအစဉ်အား အကောင်အထည်ဖော်ရန် မူလငွေကြေးစိုက်ထုတ်သူများထံ ကမ်းလှမ်းခဲ့၏။ မအောင်မြင်၊ စိတ်မ၀င်စားကြ။ ထိုအခါ ဗြိတိန်ဝန်ကြီးချုပ်ချန်ဘာလိန်းနှင့်တိုက်ရိုက်တွေ့ဆုံကာ စစ်မက်မဖြစ်ပွားရေးအတွက် ငြိမ်းချမ်းရေးရောင်ခြည်ဖြင့် လုပ်ဆောင်နိုင်ကြောင်းရှင်းပြသည်။ ဤမျှအဖျက်စွမ်းအားကြီးမားသောရောင်ခြည်ကို စမ်းသပ်ပြလိုက်လျှင် နိုင်ငံအားလုံးအံ့သြထိတ်လန့်ကာ စစ်ပွဲများမဖြစ်အောင် တားဆီးနိုင်မည်ဖြစ်ကြောင်းပြောပြ၏။ သို့သော် နိုင်ငံ့ခေါင်းဆောင်တို့က စိတ်မ၀င်စားကြ။ ထုတ်လွှတ်ရန်မျှော်စင်နှင့် စမ်းသပ်ခန်းများတည်ဆောက်ပြီးမှ မအောင်မြင်လျှင် ဆုံးရှုံးသွားမည့်ငွေကြေးအတွက် စိုးရိမ်ကြသည်။ ထိုအချိန်က နိုင်ငံတိုင်းတွင် ဘဏ္ဍာရေးဘတ်ဂျတ်ရနိုင်သလောက်ကို စစ်စရိတ်အတွက်အသုံးပြုနေချိန်။
    ထို့ကြောင့်တက်စ်လာက ငြိမ်းချမ်းရေးရောင်ခြည်ကို ဆောက်လုပ်ဆဲကိုယ်ပိုင်မျှော်စင်ပေါ်တွင် ပစ်လွှတ်ရန် စီစဉ်သည်။ ၁၉၃၁ခုနှစ်၊ဇွန်လ၃၀ရက်နေ့တွင် မိတ်ဆွေဖြစ်သူ ဂျော့ရှစ်ဖ်(George Scherff)နှင့်အတူ စမ်းသပ်ခဲ့သည်။ ထိုရောင်ခြည်တန်းအား လူဦးရေနည်းပါးသော အာတိတ်ဒေသအနီးရှိ Peryမြို့အနောက်ဘက်သို့ ချိန်ရွယ်ပစ်လွှတ်ခဲ့သည်။ ထိုရောင်ခြည်တန်းသည် သာမန်မျက်စိဖြင့် မမြင်နိုင်သည့်အတွက် ပစ်လွှတ်ပြီးသည်၊မပြီးသည်ကိုပင် ဆုံးဖြတ်၍မရခဲ့ပေ။ တိုက်ဆိုင်စွာပင် ထိုအချိန်၌ မျှော်စင်အမိုးကြားမှ ဇီးကွက်တစ်ကောင်သည် ပစ်လွှတ်သောလမ်းကြောင်းရှေ့မှ ဖြတ်ပျံမိ၏။ ချက်ချင်းပင် ဇီးကွက်သည် အစိတ်စိတ်အပိုင်းပိုင်းပြတ်ထွက်ကာ တစ်စစီလွင့်စင်သွားခဲ့သည်။ ထိုဖြစ်ရပ်ကို တက်စ်လာကသူ၏နေ့စဉ်မှတ်တမ်းအတွင်း သေချာထည့်သွင်းရေးခဲ့သလို မိတ်ဆွေဖြစ်သူဂျော့ကလည်း ထိုအတွေ့အကြုံကို နောင်တွင်စာအုပ်ရေးသားခဲ့၏။ ထို့နောက်တွင် Pearyမြို့သို့ ကြေးနန်းရိုက်ကာ ပတ်ဝန်းကျင်တွင်မည်သို့သောထူးခြားမှုများရှိခဲ့ကြောင်း စုံစမ်းခဲ့သည်။ သို့သော်အဖြေကအားရစရာမရှိ၊ မည်သို့မှ မထူးခြားပါတဲ့။
    တက်စ်လာသည် ထိုညနေတွင်ပင် စမ်းသပ်ချက်မအောင်မြင်ကြောင်း ၀န်ခံရန်ပြင်ဆင်နေပြီဖြစ်၏။ သို့သော် ဆိုက်ဘေးရီးယားဒေသတောနက်ထဲတွင် ဧက ၅သိန်းခန့်ကျယ်ဝန်းသောပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ကြောင်း၊
မည်သည့်အကြောင်းကြောင့်ဟု မသိရသေးကြောင်းသတင်းရရှိခဲ့သည်။ ၄င်းပေါက်ကွဲမှုကြိးကြောင့် အနီးအနားတောအုပ်ရှိအပင်များလည်း ပေါက်ကွဲမှုဗဟိုမှ ဆန့်ကျင်ဘက်လားရာသို့ဦးတည်ကာ လဲပြိုသွားရကြောင်း၊
တောမီးလောင်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲသံကြီးကို မိုင် ၆၀၀ကျော်ဝေးသောနေရာမှပင် ကြားလိုက်ရကြောင်း ထပ်ဆင့်သိရသည်။ တက်စ်လာကမူ Peace Ray ချိန်ရွယ်ပစ်ခတ်စဉ် မှားယွင်းမှုကြောင့် ထိုပေါက်ကွဲမှုကြီးဖြစ်ရသည်ဟု ယုံကြည်ခဲ့သည်။ အခြားသိပ္ပံပညာရှင်တို့ကမူ ကြယ်တံခွန်အပိုင်းအစ(သို့မဟုတ်)ဥက္ကာခဲတစ်ခုကျရောက်ခဲ့ခြင်းဟု ထုတ်ပြန်ခဲ့ကြသည်။ သို့သော်ယခုအချိန်ထိ ထိုထုတ်ပြန်ချက်အပေါ် သက်သေမပြနိုင်ခဲ့ပေ။ တက်စ်လာမလည်း သူ၏ငြိမ်းချမ်းရေးရောင်ခ်ြညဆက်လက်တည်ရှိနေပါက မကောင်းမှုပြုချင်သူများအတွက်သာ ပို၍အကျိုးရှိနေနိုင်ကြောင်းခန့်မှန်းမိသည်။ ထို့ကြောင့် တစ်စစီဖြုတ်သိမ်းကာ စာရွက်စာတမ်းများကိုလည်း ဖျက်ဆီးပစ်လိုက်သည်။ "ကျွန်တော့်ဦးနှောက်ထဲမှာပဲရှိတဲ့အရာကို ဘယ်သူကလာခိုးနိုင်မှာလဲ"ဟု ဆိုခဲ့၏။
                                                                          ♣♣♣
    ထိုဖြစ်ရပ်အားလုံးသည် ထိုခေတ်ကပြည်သူလူထု၊ သတင်းစာများ၊ တက်စ်လာ၏ကိုယ်တိုင်ရေးနေ့စဉ်မှတ်တမ်းများ၊ သူနှင့်ခင်မင်ရင်းနှီးသူများကို အခြေခံ၍ သိခဲ့ရခြင်းဖြစ်သည်။ သူ၏တီထွင်မှုအားလုံးတွင် ဒွိဟအဖြစ်ရဆုံးမှာ Death Ray ခေါ် Peace Ray ဖြစ်သည်။ မည်သည့်သိပ္ပံပညာရှင်ကမှ ပြန်လည်စမ်းသပ်မှုမပြုနိုင်၊ ပြန်လည်မတီထွင်နိုင်သောကြောင့်ဖြစ်၏။ ထို့ကြောင့် ယနေ့သိပ္ပံလောကတွင် Peace Ray တကယ်ရှိခဲ့ကြောင်း ယုံကြည်သူများရှိသလို၊ တကယ်မရှိခဲ့ကြောင်း ယုံကြည်သူများလည်းရှိနေဆဲပင်။ အကြောင်းတိုက်ဆိုင်၍ ကျွန်တော်ပြောရမည်ဆိုလျှင် ၂၀၁၀ခုနှစ်တွင်ထွက်ရှိခဲ့သော Megamind ကာတွန်းရုပ်ရှင်ဇာတ်လမ်းရေးသားသူကမူ ယုံကြည်ပုံရလေ၏။ ထိုဇာတ်ကားထဲတွင် ထိုရောင်ခြည်ဖြင့်ပစ်ခတ်တိုက်ခိုက်ပုံအားဖော်ပြထားသလို တက်စ်လာကွိုင်များလည်း ဖန်တီးပြထားသည်။ မည်သို့ပင်ဆိုဆိုတက်စ်လာသည် သာမန်ဥာဏ်စွမ်းထက် အလွန်သာလွန်သောဦးနှောက်ပိုင်ရှင်ဖြစ်လေသည်။
    သူသည်ဘ၀တစ်လျှောက်လုံးတွင် ကိုယ်ကျိုးအတွက်မည်သည့်တီထွင်မှုကိုမျှ မလုပ်ခဲ့ပေ။ အသက်ဆက်ရှင်နိုင်ရန် သင့်တင့်သောစားဝတ်နေရေးနှင့်နောက်ထပ်တီထွင်မှုများပြုလပ်နိုင်ရန် အရင်းအနှီးအနည်းငယ်တို့ကိုသာ မျှော်လင့်ခဲ့သည်။ အခြားသော သိပ္ပံပညာရှင်များမှာကား တက်စ်လာကဲ့သို့မရောင့်ရဲနိုင်ကြ။ ယနေ့ယူဆနေသော စွမ်းအင်ပေးသလောက်စွမးအင်ပြန်ရမည် ဟူသော အယူအဆကိုတက်စ်လာက လက်မခံခဲ့ပါ။ စွမ်းအင်ပေးသည်ထက် အဆများစွာပိုသောစွမ်းအင်ပြန်ရမည်ဟုသူက ယုံကြည်သည်။ သူ့အယူအဆအချို့တွင် အလွန်သေးငယ်သောပေါက်ကွဲမှုလေးတစ်ခုကိုအခြေခံ၍ စွမ်းအင်ပွားများစေကာ မြေငလျင်အကြီးစားတစ်ခုကိုဖန်တီးနိုင်ကြောင်း၊ ဆန္ဒရှိလျှင် မြို့ကြီးများကို ဖျက်ဆီးနိုင်ကြောင်းပြောခဲ့၏။ ထိုသို့ပြောဆိုချက်များကြောင့်ပင် ပြည်သူလူထုကြား၌သူသည် အရူးတစ်ယောက်လိုဖြစ်လာသည်။ သာမန်လူအများတွေးတောနားလည်နိုင်စွမ်းမရှိသော အယူအဆတို့ကလည်း သူ့အမည်ကို တဖြည်းဖြည်းမှေးမှိန်စေခဲ့သည်။ သူ့ဘ၀၏ နောက်ဆုံးအချိန် ၁၀နှစ်ခန့်ကို နယးယောက်ကာ(New Yorker)ဟိုတယ်၏ ၃၃ထပ်၊ အခန်းနံပါတ် ၃၃၂၇တွင် တစ်ကိုယ်တည်းကုန်လွန်စေခဲ့သည်။ မည်သူနှင့်မှတွေ့ဆုံခြင်းမရှိ၊ မည်သည့်တီထွင်မှုကိုမျှ မလုပ်တော့။ ဂူအောင်းကျင့်စဉ်တစ်ခုကို ကျင့်နေသောလူထူးလူဆန်းတစ်ယောက်အဖြစ် အများကသတ်မှတ်ခဲ့သည်။ အချို့ကတော့ တက်စ်လာသည် ဂြိုဟ်သားများနှင့်ဆက်သွယ်နေနိုင်ပြီး ထိုအခန်းတွင်းမှနေ၍ အာကာသခရီးသွားနေသည်ဟု ကောလဟာလများပြောဆိုကြသည်။ သူသည် ၁၉၄၃ခုနှစ်၊ ဇန်န၀ါရီလ ၇ရက်နေ့ ထိုအခန်းနံပါတ် ၃၃၂၇မှာပင်ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်၈၇နှစ်ရှိပြီဖြစ်ပြီး
နှလုံးသွေးကြောပိတ်ရောဂါ(Coronary thrombosis)ဖြင့် ကွယ်လွန်ခဲ့ကြောင်းဆရာဝန်တို့ကအတည်ပြုပေးခဲ့သည်။ တက်စ်လာကွယ်လွန်အပြီး တစ်နှစ်အကြာမှ အမေရိကန်နိုင်ငံ၏အမြင့်ဆုံးတရားရုံးက သူသာလျှင်ရေဒီယိုတီထွင်ခြင်း၏ စစ်မှန်သောတီထွင်သူဖြစ်ကြောင်း အတည်ပြုဆုံးဖြတ်ချက်ချခဲ့၏။ ၁၉၅၆ ခုနှစ်တွင် လျှပ်စီးစက်ကွင်း၏ပြင်းအား (တစ်နည်း)တစ်စတုရန်းမီတာဧရိယာတွင်ရှိသောလျှပ်စီးအရေအတွက်ကိုဖော်ပြသည့် နိုင်ငံတကာသုံးယူနစ်တစ်ခုကို သူ၏အမည်အဖြစ်သတ်မှတ်ဂုဏ်ပြုခေါ်ဆိုခဲ့သည်။(SI unit of magnetic flux density=Tesla/symbol T)။ ထိုသို့ ဂုဏ်ပြုခံရခြင်းမှာ အမေရိကန်သိပ္ပံပညာရှင်များထဲတွင် သုံးဦးသာရှိခဲ့သည်။ အများဆိုသလို တက်စ်လာသည် သာမန်လူသားဟုတ်မဟုတ်မပြောနိုင်သော်လည်း သာမန်သိပ္ပံပညာရှင်တော့မဟုတ်ပါ။
"ကမ္ဘာကြီးကို မင်းသိအောင်လုပ်၊ မင်းကို ကမ္ဘာကြီးကသိလာလိမ့်မယ်"
ဟူသောစကားအတိုင်း ယနေ့ကမ္ဘာကြီးသည် လျှပ်စစ်ဓာတ်များဖြင့်အံ့အားသင့်စေခဲ့သူ နီကိုလာတက်စ်လာကို မော့ကြည့်လေးစားဦးညွှတ်လွမ်းဆွတ်နေရပြီသာဖြစ်ပါတော့သည်။
ဟိန်း
၂၀.၁.၁၃
2:44 AM
ကိုးကား-
http://www.teslasociety.com
http://en.wikipedia.org
http://www.biography.com
http://www.spaceandmotion.com
မောင်ပြည့်မင်း(လက်တစ်ဖက်ကို မြဲနေအောင်ကိုင်ထား)
(Tesla Coil စမ်းသပ်ချက်များကို စိတ်ဝင်စား၍ကြည့်ရှုလိုလျှင် www.youtube.com တွင် tesla coil experiments ဟု ရိုက်နှိပ်ရှာဖွေကြည့်ရှုနိုင်ပါသည်)
(လက်မှတ်မထိုးထားသောပုံများမှာ google မှရှာဖွေ၍ စာတန်းထည့်ပေးထားခြင်းဖြစ်ပြီး ကျန်ပုံများမှာ ကိုယ်ပိုင်ဖြစ်သည်)
´