{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Sunday, February 27, 2011

{ ကော်ပီကူးတဲ့ ပညာရေးနှင့် အမွှမ်းတင်မှု }(CLick)

ကော်ပီကူးတဲ့ ပညာရေးနှင့် အမွှမ်းတင်မှု


ရှန်ဟိုင်းကျောင်းသားများသည် သိပ္ပံ၊ သင်္ချာနှင့် စာဖတ်ခြင်းစွမ်းရည်တို့တွင် ကမ္ဘာပေါ်မှာ အထူးချွန်ဆုံး ဖြစ်သည်ဟု ပြီးခဲ့သည့်လက ထုတ်ပြန်ကြေညာချက် အပေါ် ဝေဘန်ပြစ်တင်မှုများ ရှိနေပါသည်။ အထူးသဖြင့် တရုတ် ပညာရေးစနစ်အပေါ် အမွှမ်းတင်မှုကို

ဝေဘန်ကြခြင်းဖြစ်သည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ချုပ် OECD အဖွဲ့ဝင် နိုင်ငံများ၏ သုံးနှစ်တကြိမ် ၁၅ နှစ်အရွယ် ကျောင်းသားများအား စစ်ဆေးချက် ရလဒ်များမှာ ကမ္ဘာ့စံချိန်တင် အညွှန်းကိန်းအနေဖြင့် သတ်မှတ်လေ့ရှိကြသည်။ ရှန်ဟိုင်းကျောင်းသားများ၏ ရလဒ်ကောင်းများမှာ မျှော်လင့်ထားသည့် အတိုင်းပင်ဖြစ်ပြီး စည်းကမ်းသေ၀ပ်မှုကို တန်ဖိုးထားသည့် လူ့အဖွဲ့အစည်း၏ ပြယုဂ်လည်းဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။

သို့သော် ပြစ်တင်ဝေဘန်မှုများလည်း ရှိနေပါသည်။ ဤရလဒ်ကောင်းမှာ ဆန်းသစ်တီထွင်ခြင်းနှင့် ဖန်တီးမှုစွမ်းရည်ကို ပျိုးထောင်ပေးရန် ပျက်ကွက်နေဆဲဖြစ်သည့် တရုတ်ပညာရေးစနစ်ကို အပေါ်ယံ မျက်နှာဖုံးတပ်ခြင်း မျှသာဖြစ်သည်ဟု သုံးသပ်လေ့လာသူတို့က ဝေဘန်ကြခြင်းဖြစ်သည်။

“တရုတ်တွေသိပ်ကို ကျွမ်းကျင်ကြတာကတော့ ရေတိုရည်မှန်းချက်တွေ အောင်မြင်အောင် လုပ်တတ်ကြတာပါ။” ပီကင်းတက္ကသိုလ်နှင့် တွဲဖက်ဖွင့်ထားသည့် အထက၊ ဒုကျောင်းအုပ် ကျင်းဇူကင်းက ပြောပြသည်။ ပီကင်းတက္ကသိုလ်ကို တရုတ်ပြည်၏ ဟားဗတ်ဟု တင်စားထားကြသည်။ “ကော်ပီတွေလိုက်လုပ်တဲ့ နေရာမှာတော့ တော်ကြပါပေတယ်၊ ဆန်းသစ်တီထွင် ဖန်တီးမှုကိုတော့ မလုပ်တတ်ကြဘူး။”

အာရှဒေသတွင်းရှိ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်္ကာပူနှင့် ဂျပန်တို့မှ ကျောင်းသားများမှာလည်း ၂၀၀၉ မှ ၂၀၀၄ ခုနှစ်အတွင်း အိုအီးစီဒီ စာမေးပွဲများတွင် ထိပ်တန်းဝင်ခဲ့ကြသည်။ အဖွဲ့ဝင် ၄၁ နိုင်ငံတို့ကို စစ်ဆေးကြခြင်းဖြစ်သည်။ ဖင်လန်နှင့် ကနေဒါကျောင်းသားများလည်း ထိပ်တန်းဝင်များဖြစ်ကြသည်။ အမေရိကန်ကျောင်းသားများမှာမူ သိပ္ပံနှင် စာဖတ်ခြင်းစွမ်းရည်တို့တွင် သာမန်မျှဖြစ်ပြီး သင်္ချာတွင်မူ သာမန်အောက်နား ရောက်နေသည်။

အမြင်ရှင်းစေရန်ဤသို့ တင်ပြထား၏။ အမေရိကန်၏ ကြိုးစားမှုကို ၂ ဆအထိ တိုးလိုက်လျှင် ဟောင်ကောင်ကျောင်းသားများ၏ သင်္ချာစွမ်းရည်ကို လိုက်မီရန်အတွက် ဆယ်နှစ်ကြာဦးမည်ဖြစ်သည်ဟု အမေရိကန် အမျိုးသားသင်္ချာနှင့် သိပ္ပံဆန်းသစ်မှု ဌာန အရာရှိချုပ် ဂျွန်ဝင်းက ရှင်းပြခဲ့သည်။

ပြီးခဲ့သည့်အပတ်က အလုပ်သမားသမဂ္ဂ မိန့်ခွန်းတွင် သမ္မတအိုဘားမားက အမေရိကန် ပညာရေးစနစ်တွင်း ချွတ်ချော်နေမှုများကို ပြင်ဆင်ရန်အတွက် သုတေသနနှင့် နည်းပညာတို့တွင် ယှဉ်ပြိုင် အားထုတ်မှု ရှိရန် လိုအပ်ကြောင်းကို ထည့်သွင်းပြောဆိုခဲ့သည်။ သင်္ချာနှင့် သိပ္ပံပညာရေးမှာ အခြားတိုင်းပြည်များနောက် ရောက်နေသည်ဟုလည်း တင်ပြခဲ့သည်။

“အနာဂတ်မှာ အောင်မြင်နိုင်ဖို့ဆိုရင်၊ နိုင်ငံခြားမှာ မဟုတ်ဘဲ အမေရိကန်ပြည်တွင်းမှာပဲ အလုပ်အကိုင်တွေကို ဆန်းသစ်ဖန်တီးပေးဖို့ဆိုရင် ကျွန်တော်တို့ ကလေးငယ်တွေကို ပညာသင်ပေးနေတဲ့ ပြိုင်ပွဲမှာ နိုင်မှဖြစ်တော့မယ်။” သမ္မတက ပြောခဲ့သည်။

သို့သော် တရုတ်ကျောင်းသား အမြောက်အများပင် ပညာသင်ကြားရန် အမေရိကန်နိုင်ငံသို့ ၀င်လာမစဲ တသဲသဲရှိနေတုန်း။ အများစုမှာ ကောလိပ်ကျောင်းတက်ရန်ဖြစ်ပြီး ကလေးအချို့ကမူ အထက်တန်းတက်ရန် လာကြခြင်းဖြစ်သည်။

၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် တရုတ် ပညာတော်သင် ကျောင်းသား ၁၂၈၀၀၀ (တသိန်းနှစ်သောင်း ရှစ်ထောင်) ရှိခဲ့သည်။ ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်ဟု Institute of international education IIE စာရင်းများရ သိရသည်။

“အမေရိကန်ကိုလာကြတဲ့ တရုတ်ကျောင်းသားတွေက ရမှတ်ကောင်းကောင်းရဖို့မျှသာဖြစ်တဲ့ ပညာရေးစနစ်မှာ စာဆက်မသင်ချင်ကြတော့တာပါ။” နိုင်ငံတကာပညာရေးဌာန IIE အရာရှိချုပ် ပက်ဂီဘလူးမန်သယ်က ဆိုသည်။ “ဝေဘန်ပိုင်းခြား စဉ်းစားတွေးခေါ်ခြင်း စွမ်းရည်ကို အားပေးတဲ့အတန်းတွေကို တက်ချင်ကြတယ်။ အာဏာပိုင်တွေ၊ ဆရာသခင်တွေကို စိန်ခေါ် မေးခွန်းထုတ်ချင်ကြတယ်၊ ပညာရပ်နယ်ပယ် အမျိုးမျိုးထဲမှာ ဆန်းသစ်မှု ရှိမယ့် သုတေသနလေ့လာမှုတွေ လုပ်ချင်ကြတယ်။”

အမေရိကန်ပညာရေးမှာ အားနည်းချက်များရှိနေသော်လည်း အောင်မြင်မှုတစ်ခုမှာ “တက္ကသိုလ်အဆင့် ပညာရေးတွင် အောင်မြင်နိုင်စွမ်း ရှိသူများကို ပျိုးထောင်ပေးသည့် အခြေခံပညာရေး” ဟု ပက်ဂီက ဆိုသည်။ “သူတို့ဟာ အခြေခံပညာရေးမှာ ရမှတ်ကောင်းတဲ့သူတွေတော့ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ အမေရိကန် ကောလိပ်ဝင်ခွင့်မှာတော့ ရမှတ်တစ်ခုတည်းကိုသာ ကြည့်တာမဟုတ်ဘူးလေ။”

စင်္ကာပူမှ အထက်တန်းရူပဗေဒဆရာဟောင်းတစ်ဦးဖြစ်သူ ချုအာချင်ဝေက အာရှကျောင်းသားများမှာ စာသင်ခန်းတွင်း၌ သီးသန့်နေလိုကြပြီး မေးခွန်းများမေးမြန်းရန် ရှက်ကြောက်နေကြသည်ဟု ဆို၏။

“အခြေခံပညာရေး ရလဒ်တွေမှာတော့ ကျွန်တော်တို့ အာရှက အမှတ်ကောင်းကြပါတယ်။ ဒါပေမဲ့ အဲဒီထက်ကို ကျော်လွန်ပြီး ဖန်တီးတီထွင်တတ်မှုနဲ့ ဆန်းသစ်လိုစိတ်ကိုလည်း ပျိုးထောင်ပေးဖို့လိုသေးတယ်။” ချုအာကထောက်ပြခဲ့သည်။

ဤသို့ဖြစ်ရသည်မှာ “လူကြီးမိဘများအပေါ် အလွန်အမင်း နက်နက်ရှိုင်းရှိုင်း လေးစားသမှုရှိတဲ့ ယဉ်ကျေးမှုကြောင့်ဖြစ်ပြီး ဝေဘန်ပိုင်းခြား စဉ်းစားတွေးခေါ်မှုအပေါ် ဖုံးလွှမ်းနေတတ်ကြောင်း” ဟု ဟောင်ကောင် စာမေးပွဲနှင့် စာစစ်အာဏာပိုင်အဖွဲ့ အတွင်းရေးမှူးဟောင်းဖြစ်သူ ပီတာဟေးက ပြောသည်။

သို့ရာတွင် အာရှကျောင်းသားများ၏ ပညာရေးထူးချွန်မှုမှာ အချက်အလက်များကို အလွတ် ကျက်မှတ်ခြင်းကြောင့်သာ ဖြစ်သည်ဟူသော ထင်မြင် သုံးသပ်ချက်မှာလည်း မှားယွင်းနေကြောင်း သူက ယုံကြည်ထားသည်။ ရှုတ်ထွေးနက်နဲသည့် သင်္ချာပုစ္ဆာများကို ဖြေရှင်းရာဝယ် ၁၅ နှစ် အရွယ် ဟောင်ကောင်ကျောင်းသား ၂၅ ရာခိုင်နှုန်းကျော်က ဖြေဆိုနိုင်ခဲ့ကြသည်။ အိုအီးစီဒီနိုင်ငံများတွင်မူ ပျှမ်းမျှ ၃ ရာခိုင်နှုန်းသာ ရှိနေသည်။

“ဖန်တီးတတ်မှုနဲ့ စွန့်ဦးတီထွင် ဆန်းသစ်တတ်မှုကိုသာ ပြောလို့မရပါဘူး။” ယခုအခါအတွင် သြစတြေးလျနိုင်ငံ သင်ရိုးညွှန်းတမ်း၊ စစ်ဆေးမှုနှင့် အစီရင်ခံဌာန၏ စီအီးအိုတစ်ဦးဖြစ်နေသူ ဟေးက ပြောပြခဲ့သည်။ “အဲဒါတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ခွင့်ကော တကယ်ရှိကြပါရဲ့လား။”

မောက္ခနိုင်ငံတကာပညာရေးသတင်း

Source: USA today

Friday, February 25, 2011

{ FLIP PHONE }(Click)

လှလိုက်တဲ့ ဖုန်း၊ ကောင်းလိုက်တဲ့ဖုန်း၊ ဆန်းလိုက်တဲ့ ဖုန်း အားလုံးအတွက်လက်ဆောင်ပါ။

{ သော့ချက်ကျတဲ့ ခလုတ် }(Click)

အရှေ့ဥရောပမှာရှိတဲ့ ကွန်မြူနစ်အစိုးရတွေကို ဆက်လက်ထိန်းသိမ်းကာကွယ်ဖို့ ဆိုဗီယက်ယူနီယံက နောက်ထပ် ဘယ်တော့မှ စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှာ မဟုတ်တော့ဘူးဆိုတာ ပြည်သူတွေက သိမြင်လာတဲ့ အကျိုးရလဒ်က တော့ ၁၉၈၉ ခုနှစ်မှာ တော်လှန်ရေးတွေ ဖြစ်လာတာပါပဲ။ အခုလည်း အမေရိကန်ပြည်ထောင်စုဟာ သူတို့ကို အုပ်ချုပ် နေတဲ့ အစုး ရတွေကို အကာအကွယ်ပေးဖို့ စစ်ရေးအရ ၀င်ရောက်စွက်တာ လုပ်တော့မှာ မဟုတ်ဘူးဆိုတာကို အာရပ် တွေသိလာတာ ပါပဲ။

အခုမှ ဘာ့ကြောင့်ဖြစ်ရတာလဲ။ မနှစ်က ဒါမှမဟုတ် လွန်ခဲ့တဲ့ ၁၀ နှစ်က ဒါမှမဟုတ် ဘယ်တုန်းကမှ မဖြစ်ခဲ့တာ၊ ဒီနှစ် ထဲမှာမှ တူနီးရှားနဲ့အီဂျစ်မှာ တော်လှန်ရေးတွေ ဘာလို့ဖြစ်ခဲ့ရတာလဲ။ အခုဆို ဂျော်ဒန်၊ ယီမင်၊ ဘာရိန်း၊ လစ်ဗျားနဲ့ အယ်လ်ဂျီးရီးယားနိုင်ငံတွေမှာ နေ့စဉ် လမ်းပေါ်ထွက်နေကြတဲ့ ဆန္ဒပြသမားတွေကို ဒီတော်လှန်ရေးတွေရဲ့အောင်မြင် မှုက ထူးထူးခြားခြား စေ့ဆော်ပေးနေတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်တွေ ဘယ်လို စဖြစ်တာလဲ။ အရှေ့အလယ်ပိုင်းဒေသကို ဘယ်အရာတွေက အပြောင်းလဲဖြစ်အောင်လုပ်ခဲ့တာလဲ။

မှန်ပါတယ်။ အာရပ်ကမ္ဘာကို သက်ဦးဆံပိုင်အစိုးရတွေက အုပ်ချုပ်နေတယ်။ အတိုက်အခံတွေနဲ့ အမြင်မတူတဲ့သူတွေကို ဖိနှိပ်နေတယ်။ တခါတရံ ရက်စက်တာတွေ ကမ်းကုန်အောင် လုပ်တယ်။ ဟုတ်တယ်။ အစိုးရအတော်များများဟာ အ ကျင့်ပျက်ချစားနေကြတယ်။ အာရပ်နိုင်ငံအများစုကြီးက ဆင်းရဲတယ်။ ပိုလို့တောင် ဆင်းရဲလာနေတယ်။ ဒါတွေအားလုံး မှန်တယ်ဆိုတာ ဆယ်စုနှစ်တွေတောင် ကြာလှပြီ။ အရင်တုန်းက တော်လှန်ရေးတွေ မဖြစ်ခဲ့ဘူး။ အားမလို အားမရဖြစ် တာတွေ၊ ဒေါသထွက်တာတွေ ရှိကောင်းရှိမယ်။ ဒါတွေကိန်းအောင်းနေတာ ကြာလှပြီ၊ မီးပွားလေးတခုပဲ လိုနေတာ။ တူ နီးရှားမှာ လူငယ်လေးတဦးက ကိုယ့်ကိုယ်ကို မီးရှို့သတ်သေလိုက်တော့ အဲဒီကနေ မီးတောက်ကြီးဟာ တခြား အာရပ် နိုင်ငံတွေ ကို မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားတော့တာပါပဲ။

ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်၊ ဒါမှမဟုတ် ၁၀ နှစ် ဒါမှ မဟုတ် အနှစ်၂၀ က ဒါမျိုး အလွယ်တကူဖြစ်နိုင်တယ်ဆိုတာကို ဘယ် သူက ယုံမှာလဲ။ လွန်ခဲ့တဲ့ ၂ နှစ် ဒါမှမဟုတ် ၅ နှစ်၊ ၁၀ နှစ်က လူထုဒေါသ ရေချိန်ဟာ တကယ့်တကယ်မှာ မြင့်လာနေ ပြီဆိုတာ ထင်ဖို့ အကြောင်းမရှိဘူး။ တချိန်လုံးမြင့်နေတာ။ ဒါပေမဲ့ သာမန်အချိန်တွေမှာ လူအများစုကြီးဟာ ဒါတွေကို ဗြောင်ဖော်ပြဖို့ အရမ်းသတိထားတယ်။ အခုတော့ သူတို့ဒေါသကို ကျယ်ကျယ်လောင်လောင် ဖော်ပြနေကြပြီ။ ကာလ ရှည်ကြာအုပ်စိုးနေတဲ့ အာရပ်အစိုးရတွေဟာ စပြီး စိုးရိမ်ထိတ်လန့်နေကြပြီ။ အာရပ်နိုင်ငံတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ အီ ဂျစ်က သမတဟို့စ်နီ မူဘာရက် ကျဆုံးမှုက အာရပ်ကမ္ဘာက တခြားသက်ဦးဆံပိုင် အစိုးရတွေဟာ အလားတူ ကျဆုံးနိုင် တယ်။ ဆိုတာမျိုး ဖြစ် လာနိုင်စရာတွေ ရှိလာနေပါတယ်။ ၁၉၈၉ ခုနှစ်က ဥရောပမှာ ကွန်မြူနစ်အစိုးရတွေ အလျင်အ မြန်ကျဆုံးမှုတွေက သူတို့အတွက် အရင်ကဖြစ်ခဲ့ဖူးတဲ့ ထိတ်လန့်စရာတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီဟာက နောက်တ ကြိမ် ဘာလို့ ဖြစ်နေရတာလဲ။

“Social Media” လို့ခေါ်တဲ့ လူမှုဆက်သွယ်ရေးကွန်ယက်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်အမွှမ်းတင်ပေးတဲ့ ရှင်း လင်းထုတ်ဖော်ပြောဆိုမှုတခု ဖြစ်တယ်။ အယ်လ်ဂျာဇီးရား ကွန်ယက်ရဲ့ တူနီးရှားနဲ့ အီဂျစ်က အဖြစ်အပျက်တွေကို အ ပြည့်အစုံ ဖော်ပြပေးတာကလည်း တခုပေါ့။ နှစ်ခုစလုံးက ဒီရှင်းလင်းပြောဆိုမှုတွေရဲ့ ယုံကြည်အားထားလောက်တဲ့ အ စိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံတော်အစိုးရတွေရဲ့သတင်းဖြတ်တောက် ပိတ်ဆို့မှုတွေကိုကျော်ပြီး လူ ထုတွေ အလွယ်တကူစုရုံးနိုင်စေဖို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်ပြတ်သားသား လုပ်ပေးတဲ့ ဆက်သွယ်ရေးနည်းနာတွေ၊ ကရိယာတွေပဲ ဖြစ်တယ်။ ပြည်သူတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့ အသင့်ဖြစ်တယ်ဆိုရင် ဒီဆက်သွယ်ရေး ကွန်ယက် တွေက သူတို့တွေကို အလွယ်တကူစုစည်းနိုင်အောင်၊ ဆန္ဒပြသမားတွေရဲ့ စံနမူနာကောင်းတွေကို ပျံ့နှံ့စေဖို့ လုပ်ပေး တယ်။ ဒါပေမဲ့ ဒီဟာက နောက်ဆုံးမှာ သူတို့ ဘာလို့လမ်းပေါ်ထွက်လာရလဲ ဆိုတာကိုတော့ တကယ်တန်း ရှင်းမပြနိုင် ပါဘူး။

ပြီးခဲ့တဲ့တနှစ်၊ ၂ နှစ်လောက်က အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတာတွေနဲ့ တကယ်ပဲ မတူကွဲပြားတဲ့ အရာတခုကတော့ အမေရိကန်ပြည်ထောင်စုဟာ ဒီဒေသက ဆုတ်ခွာဖို့ စနေပြီဆိုတဲ့ အချက်ပါပဲ။ ၁၉၅၈ ခုနှစ်၊ လက်ဘနွန်ဖြစ်ရပ်ကနေ ၂၀၀၃ ခုနှစ် အီရတ် ဖြစ်ရပ်ထိကြည့်ပါ။ အဲဒီတုန်းက အမေရိကန်ပြည်ထောင်စုဟာ အာရပ်ကမ္ဘာက သူလိုလားတဲ့ အစိုး ရတွေကို အကာအကွယ်ပေးဖို့နဲ့ မလိုလားတဲ့အစိုးရတွေကို ဖယ်ရှားဖို့ဆို စစ်ရေးအရ ၀င်ရောက်စွက်ဖက်လိုစိတ် ရှိနေ ကြပါတယ်။ အခုတော့ ဒါတွေ ပြီးသွားပါပြီ။

အပေါ်ယံမှာ ပါးပါးလေးဖုန်းကွယ်ပုံဖျက်ထားတဲ့ အီရတ်က အမေရိကန်ရဲ့ ရှုံးနိမ့်မှုက ဒီအပြောင်းအလဲကြီးကို တစိတ် တပိုင်း တွန်းအားပေးခဲ့တာပါ။ နောက်ပြီး အဲဒီလို စိုးရိမ်စရာကောင်းတဲ့ အတွေ့အကြုံတွေ တွေ့ကြုံပြီးနောက်မှာ ဒီဒေသ မှာ အမေရိကန်တွေ စစ်ရေးအရ နောက်ထပ် ၀င်ရောက်စွက်ဖက်တာမျိုးကို သဘောတူထောက်ခံတော့မှာ မဟုတ်တော့ ဘူးဆိုတာကို အမေရိကန်ပြည်သူလူထုရဲ့အမြင်စစ်တမ်းကောက်ခံမှုတွေက ပြသနေပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အာရပ်အစိုးရတွေရဲ့လုံခြံရေးကွန်ယက်ကို ဖယ်ရှားနေပါပြီ။ ဒါကို သူတို့ ပြည်သူတွေက သိနေတယ်။ ၀ါရှင်တန်မှာ အဓိကမဟာဗျူဟာ ပြန်လည်သုံးသပ်ချက်တခုလည်း လုပ်နေတယ်။ ပြီးခါနီး နေပါပြီ။ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒမှာ အရှေ့အလယ်ပိုင်းရဲ့အရေးပါမှုကို လျှော့ချလိုက်ပါပြီ။ အာရပ်လူထုက ဒါကို မသိပါဘူး။ ဒါပေမဲ့ အစိုးရတွေကတော့ မုချသိပါတယ်။ ဒါက သူတို့ယုံကြည်မှုကို လျော့ပါးသွားစေတာပဲဖြစ်တယ်။

အရှေ့အလယ်ပိုင်းမှာ အမေရိကန်က မဟာဗျူဟာအရပါဝင်နေရတဲ့ အစဉ်အလာ အကြောင်းရင်းတွေကတော့ ရေနံနဲ့ အစ္စရေးလ်ကြောင့်ပဲ ဖြစ်တယ်။ အမေရိကန်ရဲ့ရေနံထောက်ပံ့မှုကို ကာကွယ်ခဲ့တာပဲ ဖြစ်တယ်။ စစ်အေးတိုက်ပွဲက နှစ် ဖက်စလုံး ထိခိုက်နစ်နာ ရှုံးနိမ့်သွားတာဖြစ်တယ်။ ဒီအထဲမှာ အမေရိကန် မထိန်းချုပ်နိုင်တဲ့ အစိုးရတွေကို ဆိုဗီယက် လက်ထဲ ကျသွားမယ့်အန္တရာယ် ရှိတယ်ဆိုပြီး ကြည့်မြင်ခဲ့တယ်။ နောက်ပြီး စိတ်ကူးယဉ်ဆန်တဲ့စဉ်းစားချက်တွေအပြင် စစ်ရေးအရ အရေးကြီးတယ်ဆိုပြီး အစ္စရေးလ်ကို ကာကွယ်စောင့်ရှောက်ခဲ့တာ ဖြစ်တယ်။

ဒါပေမဲ့ စစ်အေးကြီးက ကာလရှည်ကြာခဲ့တယ်။ ဒီလိုနဲ့ အရှေ့အလယ်ပိုင်းမှာ နှစ်ဖက်စလုံး ရှုံးခဲ့တာပဲဖြစ်တယ်။ အာရပ် ရေနံတင်ပို့သူတွေက ကူးသန်းရောင်းဝယ်ရေးအခြေခံပေါ်ကပဲ သူတို့ဖောက်သည်တွေကို ရွေးကြတာဖြစ်တယ်။ သူတို့ နိုင်ငံရဲ့ တိုးလာနေတဲ့လူဦးရေကို ထောက်ပံ့ဖို့ သူတို့ရေနံကို ရောင်းရမှာပဲ ဖြစ်တယ်။ သူတို့ဆီက ရေနံတွေရဖို့ ခင်ဗျား တို့အနေနဲ့ သူတို့ကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ မလိုပါဘူး။ သူတို့ကို ချက်လက်မှတ်တွေပဲ ပေးပါ။ ဒါ့ပြင် အာ ရပ်ကမ္ဘာက ရေနံတင်သွင်းနေတဲ့ ရေနံက အမေရိကန်ကတင်သွင်းနေတဲ့ ရေနံရဲ့ ငါးပုံတပုံတောင် မရှိပါဘူး။

အစ္စရေးလ်ကြောင့်ဆိုပြန်ရင်လည်း စစ်အေးခတ်ပြီးကတည်းက အမေရိကန်ရဲ့စစ်ရေးတန်ဖိုးက ထိုးကျသွားပါပြီ။ အမေ ရိကန်ရဲ့ အကာအကွယ်အစောင့်အရှောက်ကို မလိုပါဘူး။ အစ္စရေးလ်ဟာ အာရပ်အိမ်နီးခြင်းနိုင်ငံတွေအပေါ် စစ်ရေးအ ရ လွှမ်းမိုးထားတဲ့ ဆူပါပါဝါ အငယ်စားလေး ဖြစ်နေပါပြီ။ ဒါကြောင့် ကျနော် နောက်တခေါက် ပြန်ပြောပါမယ်။ အတိအ ကျ ပြောရရင် အမေရိကန်က အရှေ့အလယ်ပိုင်းဒေသရဲ့ တည်ငြိမ်မှုကို သေရေးရှင်ရေးတမျှအရေးပါတဲ့ အမျိုးသားအ ကျိုးစီးပွား အဖြစ် ဘာကြောင့် ကြည့်မြင်နေမှာလဲ။

ဆိုဗီယက်ပြည်ထောင်စုဟာ သူတို့ကို အုပ်ချုပ်နေတဲ့ကွန်မြူနစ်အစိုးရတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ စစ်ရေးအရ ၀င် ရောက်စွက်ဖက်တာတွေ လုပ်မှာမဟုတ်တော့ဘူးဆိုတာကို အရှေ့ဥရောပနိုင်ငံတွေက သိမြင်ခဲ့တယ်။ အဲဒီအချိန် မှာ ၁၉၈၉ ခုနှစ်က တော်လှန်ရေးတွေ ဖြစ်လာနိုင်တော့တာပါပဲ။ အာရပ်ကမ္ဘာမှာ နောက်ထပ် ၁၉၈၉ ကလို တော်လှန် ရေးတွေ ဖြစ်လာနိုင်မလား။ အမေရိကန်ပြည်ထောာင်စုက သူတို့ကို အုပ်ချုပ်နေတဲ့အစိုးရတွေကို အကာအကွယ်ပေးဖို့ စစ်ရေးအရအရ ၀င်ရောက်စွက်ဖက်တာ မလုပ်တော့ဘူး ဆိုတာကို အခုဆို အာရပ်ကမ္ဘာက သိနေကြပါပြီ။

(ရည်ညွှန်း။ ။ The Pioneer: What has triggered Arab unrest? By Gwynne Dyer: 22 Feb 2011)

Gwynne Dyer ဟာ လန်ဒန်အခြေစိုက် လွတ်လပ်တဲ့ သတင်းစာသမားတဦးဖြစ်ပါတယ်။

{ လက်နက်ကိုင် ပဋိပက္ခနဲ့ ချုံပုတ်ထဲက စာသင်ကျောင်းများ }(Click)

လက်နက်ကိုင် ပဋိပက္ခနဲ့ ချုံပုတ်ထဲက စာသင်ကျောင်းများ


ဆယ်စုနှစ်များစွာ နိုင်ငံရေးမတည်ငြိမ်မှုများအကြားမှာ ဗဟိုအာဖရိကနိုင်ငံ CAR က ကျောင်းဆရာများရဲ့ အရည်အသွေးရှိတဲ့ ပညာရေးဖြစ်ဖို့ကြိုးစားနေမှုကို နိုင်ငံတကာပညာရေးသမဂ္ဂများအဖွဲ့ချုပ် EI ထောက်ခံလျက်ရှိပါတယ်။

ချုံပုတ်ထဲက စာသင်ကျောင်း CAR

ချုံပုတ်ထဲက စာသင်ကျောင်း CAR

အကြီးအကျယ် အဖျက်အဆီးခံရမှုနဲ့ ရွှေ့ပြောင်းနေရမှုတွေက ပညာရေးကဏ္ဍကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်။ အရည်အသွေးပြည့်ဝတဲ့ ကျောင်းဆရာ ပြတ်လပ်မှုနဲ့ ကျောင်းအထောက်အကူပစ္စည်းတွေ ရှားပါးမှုကို ကြုံတွေ့နေရတယ်။ ကလေးငယ် ထောင်သောင်းပေါင်းများစွာဟာလည်း ကျောင်းနဲ့မတူတဲ့ ချုံပုတ်တွေထဲမှာ စာသင်ကြားနေရတာပါ။

ယူနီဆက်ရဲ့ နိုင်ငံဆိုင်ရာ ပညာရေးအကြီးအကဲဖြစ်သူ ဖာရစ်ဘူဘက်ကာက အခုလိုပြောပြခဲ့ပါတယ်။ “လိုအပ်ချက် ကြီးမားလွန်းလှပါတယ်။ ရံပုံငွေကတော့ မလုံလောက်ပါဘူး။ သင့်တော်တဲ့ ပညာရေးအခြေခံ အဆောက်အအုံတွေနဲ့ အရည်အသွေးပြည့်ဝတဲ့ ကျောင်းဆရာတွေ လိုအပ်နေတယ်။ ပဋိပက္ခကြားက အခက်အခဲတွေရှိနေတာဖြစ်လို့ ကျောင်းတက်နိုင်ခွင့်နဲ့ အရည်အသွေးပြဿနာ ပိုလို့ဆိုးလာနေတယ်။”

တိုင်းပြည်ရဲ့ အရှေ့မြောက်ဖက်ပိုင်းဒေသတွေမှာ ကျောင်းတက်နေကြတဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ ရွာနဲ့ အိမ်တွေကနေ ထွက်ပြေးလာကြရတဲ့သူတွေပါ။ အစိုးရတပ်တွေနဲ့ သူပုန်တွေအကြား လက်နက်ကိုင် ပဋိပက္ခတွေကြောင့်ဖြစ်တယ်။ ရွာပတ်ဝန်းကျင်နေရာလေးတွေမှာ ဟိုတစ်စု၊ ဒီတစ်ခု နေနေကြရတယ်။

ယူနီဆက်ရဲ့ အစီရင်ခံစာအရ အမ်ဘရက်ဒေသက မူလတန်း ကလေး ငါးထောင်ကျော်နဲ့ ကျောင်း ၁၉ ကျောင်းဟာ ပျက်စီးလုနီးပါး ပစ္စည်းတွေအသုံးပြုပြီး စာသင်ခန်းတွေကို ဖန်တီးပြီး စာသင်နေကြ ရတာလို့ဆိုပါတယ်။ ကျောင်းဆရာ ၇၆ ယောက်ထဲက ၄၀ လောက်ကတော့ ကလေးတွေရဲ့ မိဘတွေဖြစ်ပြီး ဆရာအတတ်သင် လက်မှတ်မရှိကြတဲ့ သူတွေလို့လည်း ပြောပါတယ်။

တိုင်းပြည်ရဲ့ စာရင်းဇယားတွေအရ ဆရာတစ်ဦးဟာ ကလေး ၉၄ ယောက်ကို စာသင်ကြားနေကြရတယ်။ အီကိုးအွန်ဒီရွာကလေးမှာတော့ ဆရာ ၂ ဦးသာရှိတယ်။ တစ်ဦးက အလုပ်သင်ပါ။ ပုံမှန်ဆရာတစ်ဦးဟာ လစာငွေ CFA 60,000 (US $ 120) မြန်မာငွေ ကျပ် တသိန်းနီးပါး ရပေမဲ့ ဒီဆရာတွေကတော့ လစာလုံးဝ မရရှိကြပါဘူး။ မိဘတွေဆီက ပြားငါးဆယ်၊ တကျပ်စုပြီးပြီး လစာနည်းနည်းပေးထားနေရတယ်။

အရှေ့မြောက်ပိုင်းမှာတော့ အကူအညီပေးရေးအဖွဲ့တွေက ကျောင်း ၈၀၀ ကျော်ကို တည်ဆောက်ထားကြတယ်။ သုံးပုံ နှစ်ပုံကတော့ “ချုံပုတ်ကျောင်း” တွေမျှသာဖြစ်တယ်။ ဆရာ ၂၀၀၀ လောက်ကိုတော့ သင်တန်းပေးထားပြီးပါပြီ။

EI ကနေ ဆရာအရည်အချင်း မြှင့်ပေးဖို့ တိုက်တွန်းထားပါတယ်။ အလုပ်သင်ဆရာတွေကိုလည်း ခံစားခွင့် ပေးဖို့နဲ့ ဆရာတွေအတွက် သင့်တော်တဲ့ ကျောင်းပတ်ဝန်းကျင် ဖန်တီးပေးဖို့၊ ကျောင်းအဆောက်အဦနဲ့ ဆရာလစာလုံလုံလောက်လောက် ပေးဖို့ကို အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

မောက္ခနိုင်ငံတကာ ပညာရေးသတင်း

Source: EI

´