{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Tuesday, July 27, 2010

{ ကြောက်စိတ် }(Click)

ကြောက်စိတ်



(ရေးသူ-စာရေးဆရာ မောင်သစ်ဆင်း)

ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေးတစ်ခုကို အမြဲသတိရနေ မိပါတယ်။ မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေလက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။

မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော်ဆီမှာ ပညာသင်ကြားခဲ့ရတယ်။ တစ်နေ့မှာ မင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။

ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ
သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။

ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။ မောင်လွင် မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက်...။

``ဟဲ့... ငလွင် မရသေးဘူးလား`` လို့မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့ အကြောင်း တင်လျှောက်ရတော့တယ်။

``ငလွင်...လာခဲ့`` လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက ကျောင်းသားအားလုံးရဲ့
နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။

``ဟဲ့...ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက် ပြားတစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင် လုပ်နိုင် တော့မှာလဲ`` လို့မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။

ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်းတစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလားလို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာ အချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်၊ အဖြေလွှာ တွေကို စားပွဲပေါ်
ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။

ဆရာ့မျက်နှာက နီပြီး တင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီးကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။

ဆရာက ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်း ပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီ ကျောင်းသားကို ပေးလိုက်တယ်။

``ဒါ မင်းအဖြေလား``

``ဟုတ်ပါတယ် ဆရာ၊ အေး တစ်တန်းလုံး ကြားအောင် ဖတ်စမ်း``

နည်းနည်းအံ့သြနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။

မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှု ဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊

ပြီးတော့ ဒီကိစ္စဟာ ဒီလောက်ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျှက်နှင့် သေရာပါ
အမာရွတ်ထင်အောင် ရိုက်က်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယဖြစ်စရာရှိကြောင်း၊

ဘုရားသားတော်တို့မည်သည် ရသတဏှာဖြစ်အောင် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာ ကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊

အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာနိုင်ငံတစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်နိုင်ကြောင်း၊

အဲဒီလိုတွေ ဖြေထားတာဗျ။

တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကြိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေ ရယ်လေ ဒေါသထွက်နေလေပါပဲ။

ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။

``မင်း ငါ့ကို နောက်တာလား``

``ဟာ...မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ``

``ကဲ...အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ...မင်းကစ၊ သူဖြေတာ မှန်သလား၊
မှားသလား``

ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင်ကျောင်း သားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။

ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး
လိုလိုလည်း ကျွန်တော့်လိုပဲ ထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင် သိသာပါတယ်။

``ဟေ့ကောင်...ဖြေလေကွာ``

ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။

``ဖြေလေကွ``

အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချလိုက်တယ်။ တကယ်တော့ ဆရာကမှန်သလား၊ မှားသလား ဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ်ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက မှားတယ်လို့ဖြေစမ်း၊ မဖြေရင် ကြိမ်လုံးလို့ ပြောပြီးသား ဖြစ်နေပါပြီ။

ဆရာက ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။
ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။

သူဖြေတာ မှားပါတယ် ဟုတ်ပြီ၊ နောက်တစ်ယောက် မှား...၊ အဲ...မှားပါတယ် နောက်တစ်ယောက် မှားပါတယ်၊
....အဲ...တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။

ကျွန်တော် ထရပ်လိုက်ပါတယ်။ အသက်တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊။ အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့်နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။

ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက် ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုပဲ ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါ တယ်။

ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာ့မှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။

ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။ အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့
ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ...။ ခက်ထန်တဲ့ အမူအရာတွေ။

အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေေ၀နဲ့။

လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော် ဘာမှ မပြောရဲဘူး။

အပြုဘက်က မြင်ပြီး ပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိမြင်နေပါလျှက်နဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ အကြံမပြုရဲဘူး။

ကျွန်တော့်ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။ သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။

ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့
ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။

ကျွန်တော့်အထက်အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ်ထင်လာကြရင်ဖြင့်... ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့ကြည့်ရင် တစ်ကမ္ဘာလုံးနဲ့ လူသားအားလုံး နာပါတယ်။

ဒါပေမဲ့ ကျွန်တော် အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။ သူ့အမေ လက်ထဲမှာ တုတ် တစ်ချောင်းနဲ့...။

``ဘယ်လိုဖြစ်နေကြတာလဲကွာ``

``ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ``

``ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ...``

``တော်... စာအုပ်ထဲကဟာတွေ လာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့်ဝင်ငွေက
ဘယ်လောက်...``

ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက်မျက်လုံးများနဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမဲ့ ဖေဖေ့မျက်လုံးတွေကလည်း သားရဲ့မျက်လုံးတွေလိုပဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်...။

(မကြောက်သင့်တာကို မကြောက်ကြပါစို့ရယ်...။)

( http://komoethee.blogspot.com/2010/07/blog-post_27.html )

Monday, July 19, 2010

{ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ }(Click)




{ အမှတ်ရနေတဲ့ အာဇာနည်နေ့များ }(Click)

အမှတ်ရနေတဲ့ အာဇာနည်နေ့များ


- မိုးသီးဇွန်-

ကျနော်တို့ ငယ်ငယ်က ကြုံဆုံခဲ့ရတဲ့ အာဇာနည်နေ့ ကို အထူးသတိရတယ်။ အာဇာနည်နေ့ အခန်းအနား က ကျနော်အတွက် နစ်ခုရှိခဲ့လိုပဲ။ တခုက ကျောင်းမှာ တခုက အိမ်မှာ။

အာဇာနည်နေ့ မရောက်ခင် တပတ်လောက်ကတည်းကလည်း ကျောင်းက ၁၉ ဇူလိုင်မမေ့နိင် အနီရောင်ပေါ်မှာ အဖြူရောင်စာသားနဲ့ရေးထားတဲ့ရင်ထိုးလေးတွေကိုဝေတယ်။ ရင်ထိုးက အလျား ၂လက်မ အနံတလက်မ ရှိတယ်။ ၁၉ရက်နေ့ မှာ ကျောင်းမှာလည်း စာစီစာကုန်းပြိုင်ပွဲ၊ စကားရေလုပွဲတွေကို လုပ်ပေးပါတယ်။ အာဇာနည်ကြီးတွေအကြောင်းကိုဆရာတွေ ကျောင်းသားကြီးတွေက ဟောပြော ပေးကြတယ်။ ဟောခန်းမှာ ကျောင်းသားတွေအားလုံးစုရုံးပြီးဟောပြောပေးကြတယ်။

ဒီဟောပြောပွဲတွေထဲမှာ မြန်မာစာသင်တဲ့ ဆရာကြီး ဦးစောမောင်ရဲ့ ဟောပြောချက်ကို ကျနော်တို့ ကြိုက်ကြ တယ်။ ဆရာကြီးက အသားဖြုဖြူ၊ လူကောင်သေးသေး၊ခေါင်းတွေဖြူနေပြီ။ သူအတန်းထဲကိုလာရင် ရေနွေးအိုးကြီး ကို လက်က ဆွဲလာတာကိုမှတ်မိတယ်။

သူကကျနော်တို့ ၅ တန်းကျောင်းသားတွေကို မြန်မာ သဒ္ဒါကိုသင်ပါတယ်။ သူရင်ဘတ်ပေါ်မှာချိတ်ထားတဲ့ မော်ကွန်းဝင် တံဆိပ်ကိုလည်း ကျနော်တို့ သိချင်တယ်။ ကျနော်တို့ဝိုင်းအုံကြည့်ကြတယ်။ သူက တံဆိပ် အကြောင်းကို ရှင်းပြတယ်။

သူက ဘီအိုင်အေတပ်မှာပါခဲ့တယ်။ သူက ဗိုလ်ချုပ်အောင်ဆန်းကိုအချုပ်ထဲမှာ တောင်ထည့်ခဲ့သူ လို့ ဆိုပါတယ်။ သူ စစ်သားလေးဘ၀နဲ့ ကင်းကြနေတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်က အကြောင်းမကြားပဲနဲ့ ၀င်ချလာတယ်။ သူက ဗိုလ်ချုပ်ကို မမြင်ဘူးဘူး။ သူ့ကိုအထက်ကအမိန့် ပေးထားတာက အချိန်မတော် ၀င်လာတဲ့သူဆိုရင် ဖမ်းချုပ်ထားရမယ်။ ဒီတော့ ညကြီးတကောင် ဆိုင်းမဆင့်ဗုံမဆင့် ၀င်လာတဲ့ဗိုလ်ချုပ်ကို သူက မင်္သကာတဲ့အတွက် အချုပ်ထဲဖမ်းထည့်ထားလိုက်တယ်။ သူက ဗိုလ်ချုပ်အောင်ဆန်းပုံကိုကြည့်ပြီး ဂျပန်လို့ ပဲထင်နေသတဲ့ ဒါနဲ့ နောက်မှာ ဗိုလ်ချုပ်မှန်းသိတယ်။ ဗိုလ်ချုပ်က သူကိုစိတ်မဆိုး ဘူး။ စစ်စည်းကမ်းနဲ့အမိန့်ကို နာခံတဲ့အတွက် အလွန် သဘောကြသွားသတဲ့။ သူ့ကို ဗိုလ်ချုပ်က စာလေးတစောင် ရေးပေးခဲ့တယ်။ ဒီစာလေးကို ကျနော်တို့ကို သူက မကြာခနထုတ်ပြပါတယ်။ ဟောင်နွမ်းနေတဲ့စာ လေးပါ။ တပ်သားလေးမောင်စောမောင် တာဝန်ကြေပြွန်စွာထမ်းဆောင်မှုကို ဗိုလ်ချုပ်က ချီးကြူးထားတဲ့စာ။

ဒီစာလေးမှာ ဗိုလ်ချုပ်အောင်ဆန်းဝိဥာဉ် ကိန်းဝပ်နေတယ်။ သူဟောပြောပွဲ မှာဗိုလ်ချုပ်အောင်ဆန်း အကြောင်းပြောရင် သူ မျက်ရည်လည်နေတယ်။ ၁၉ ရက်နေ့ မှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတယ်ဆိုတဲ့ သတင်းကို သူကြားလိုက်တဲ့ အပိုင်းကို ရောက်တဲ့အခါမှာတော့ သူအသံတွေတိမ်ဝင်သွားတယ်။ ဟောခန်းတခုလုံး တိတ်သွားတယ်။ အာဇာနည်နေ့ ရောက်ပြီဆိုရင်တော့ မနက် ဆယ်နာရီမှာ ဥသြစွဲပါတယ်။ အိမ်တွေက ရေဒီယိုတွေကို ကျယ်ကျယ်ဖွင့်လိုက်ကြတယ်။ ၀ါခေါင်မိုးသားတိမ်သားကို ဖေါက်ပြီး လေးတွဲတွဲ ဥသြသံက ရပ်ကွက်အတွင်းမှာပြန့်နှံသွားတယ်။ အတိတ်ကိုသယ်ဆောင်လာတဲ့ အသံ၊ ဆွေးမြေ့စရာ ကောင်းတဲ့ အသံ၊ဒီအသံထဲမှာ မမြင်ရတဲ့ နိုးကြားမှု၊ သတိဝိရယနဲ့ တာဝန်သိမှုတွေကို နှလုံးသား ရဲ့ အနက်ရှိုင်းဆုံးနေရာ၊ ဒီနေရာမှာ နူးညံစွာနားခို၊ အလွန်ဆော့တဲ့ ကျနော်တို့ ငြိမ်သက်နေကြတယ်။

အာဇာနည်နေ့ ညများ

အာဇာနည်နေ့ ဟာ ရုံးပိတ်ရက် သတ်မှတ်ထားတဲ့အတွက် ကျနော်တို့ အိမ်မှာ လူစုံနေတတ်တယ်။ ရောင်တစောင်း ထားကာ မကျီးစေ့ရောင်တိုက်ပုံနဲ့ ကျနော်အဖိုး ဦးဟန်မက် ၊ ကျနော်ဘကြီး ဦးသိန်းမောင်၊ ဘကြီးခ၊ ဘကြီး ဦးရွေလူ၊ ဘကြီးစိန်ဟန်၊ ကျနော်အကို ကိုအောင်သန်း အားလုံးရှိနေတယ်။ ဘကြီးတွေက လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သမိုင်းတွေရှိတယ်။ ကျနော်တို့ကြားမှာ အသက်၊သမိုင်းနောက်ခံ၊ ခံစားချက် ခြားနားမှုပေါင်းစုံရှိနေကြတယ်။ ဒီခြားနားမှုတွေကို ဥသြသံက တူညီတဲ့ တန်ဖိုး (Value) အဖြစ်သတ်မှတ်ပေးလိုက်တယ်။

ကျနော်တို့ အသည်းနှလုံးထဲမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူးတရားကို အောင်းမေ့တသ ဖြစ်စေခဲ့ကြတယ်။ မောင်းလာတဲ့ကားတွေကလည်း ဟွန်းတီးတယ်။ ရပ်ကြတယ်။ ကျနော်တို့ အပြင်မှာ ရောက်နေချိန် ဆိုရင် လမ်းလျောက်လာရင် ရပ်လိုက်ကြတယ်။ သူတို့ရဲ့ စွန့်လွတ်မှုတွေအားလုံးအတွက် ကျနော်တို့ လွတ်လပ်ရေးအတွက် ကျနော်တို့ ခြေစုံရပ်ပြီး ကြည်ညိုစွာ ဦးညွတ်ခဲ့ကြ။ ဘယ်သူကမှာ ဒီလိုလုပ်ကြလို့ မတိုက်တွန်းခဲ့ကြရပါဘူး။

မိန့်ခွန်းက ညနေ ၇နာရီလောက်မှာတော့ ရေဒီယိုကနေ ဗိုလ်ချုပ်အောင်ဆန်းမိန့် ခွန်းလာပါတယ်။ ကျနော် ငယ်ငယ် က အာဇာနည်နေ့ရောက်တိုင်း မိသားစု ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကို ၀ိုင်းဖွဲ့ နားထောင်ခဲ့ကြ တယ်။ သူမိန့်ခွန်းက အလွန်အားရစရာကောင်းတယ်၊ မျှော်လင့်ချက်တွေ ရှိတယ်။

ရိုးသားမှုတွေ အပြည့်နဲ့ လူတိုင်းကို ယုံကြည်မှုတွေ ပေးခဲ့တဲ့အသံ ကိုကျနော်တို့ စိတ်ဝင်တစား နားထောင် နေခဲ့ကြတာကို မှတ်မိတယ်။ အသက်ရှင်နေသလိုခံစားနေကြတယ်။

အာဇာနည်နေ့ ဟာ ကျနော် တို့ မိသားစု အတွက် အမှတ်တရဖြစ်စရာရှိတယ်။ အထူးသဖြင့် ကျနော့် မိဘနစ်ပါးအတွက် သတိရစရာတွေရှိတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြခံရတော့ ကြွင်းရစ်တဲ့ ရုပ်ကလပ်တွေကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းအနီး ဂျူဘလီဟော နားမှာထားတယ်။ သူက ဘီအိုင်အေတပ်မှာ တပ်ကြပ်ဖြစ်နေပြီ။ သူက အာဇာနည်တွေ အလောင်းပြင်ထားတဲ့အခန်းနားကို စောင့်ရတဲ့စစ်သား။ အသက် ၂၄ နစ်ရှိပြီလို့ ဆိုတယ်။ အာဇာနည်ကြီးတွေကို လူထုက နောက်ဆုံးဂါရ၀ပြပွဲ ကို တပတ်လောက်လုပ်တယ်။ အမေတို့အိမ်က ရွှေတိဂုံဘုရားလမ်း ပေါ်မှာဆိုတော့ အိမ်က ဂျဗလီဟောနဲ့ နီးတယ်လို့ ပြောတယ်။ အမေက ညနေတိုင်းသူမိသားစုနဲ့ အတူ အာဇာနည်တွေကိုလာပြီးအလေးပြုတယ်။ ဒီမှာတင် အဖေနဲ့ အမေ ဖူးစာဆုံ တော့တယ်။ အာဇာနည်ကြီးတွေ ဈာပနပြီး မကြာခင်မှာ အဖေနဲ့ အမေ အိမ်ထောင်ပြုလိုက်ကြတယ်။ ကျနော်အထက်မှာ အကြီး သုံးရောက် ကိုမွေးပြီး ကျနော်ကို တော့ ၁၉၆၂ ဇွန်လ ၃၀ မှာမွေးတယ်။

အာဇာနည်နေ့ မှာ အဖိုးက အမှတ်တရပြန်ပြောလေ့ရှိတာကတော့ အာဇာနည်ကြီးတွေ အလောင်းတွေကို ဂျူဗလီဟောရှေ့ ကသယ်ထုတ်လာတဲ့အချိန်မှာ အဖိုး ခြံထဲက တရုပ်ဇီးသီးပင်ကြီးပြိုကျသတဲ့။ လမ်းပိတ်သွားတဲ့ အတွက် အဖိုးတို့ မိသားစုတွေကမန်းကတန်း ခုတ်ထွင်ရှင်းလင်းခဲ့ကြတာကို အဖိုးကပြန်ပြောလေ့ရှိတယ်။ အမေ ကတော့ ဗိုလ်ချုပ်တရားပွဲတွေကို နားထောင်ဘူးတယ်။ သူက ဗိုလ်ချုပ်က ကာကီဘောင်းဘီအတို ၀တ်ထားတယ်။ တကိုယ်လုံးလှုပ်ရှားပြီး စကားပြောတယ်။ လူတွေကို ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်လေ့ရှိသတဲ့။ လူကြီးတွေရဲ့ ဗိုလ်ချုပ်အပေါ် မှာ အမှတ်ရစရာတွေနဲ့ ပြန်ပြောကြ တယ်။ မရိုးနိင်တဲ့ ဒီဇတ်လမ်းကို လူကြီးတွေက နစ်စဉ်ပြောပြတယ်။ ကျနော်တို့ မိသားစုတခုလုံး တက်ကြွ နေကြတယ်။ ဒါက ကျနော်တို့ မိသားစုရဲ့ အာဇာနည်နေ့ အခန်းအနား ဖြစ်နေခဲ့ရတယ်။

ဗိုလ်ချုပ်မိန့်ခွန်း ဆုံးသွားတဲ့အခါမှာ အာဇာနည်ကြီးတွေအတွက် ဂုဏ်ပြုထားတဲ့ မေလှမြိုင်သီချင်း သံက ကျနော်တို့ မိသားစုကို အတိတ်ကနေ ပစ္စုပန် ကိုပြန်ရောက်စေခဲ့တယ်။ ဗိုလ်ချုပ်တို့ မရှိတော့ပါလားလို့၊ အဖေ တွေးကောင်းတွေးနေမယ်။ ကျနော်တို့ မိသားစုအိပ်ရာဝင်တော့မယ်။ အမေက အိမ်တခါးတွေကို လိုက်လံပိတ်ရင်း ဗိုလ်ချုပ်ကို တွေ့လိုက်ရင် အမြဲတမ်း ကာကီရောင် ဘောင်းဘီတိုနဲ့ ပဲ။ ပြုံးပြုံးနဲ့ လို့ အမေကပြန်ပြောလေ့ရှိတယ်။ ကျနော်ငယ်စဉ်ဘ၀တလျောက်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို အကြိမ်ကြိမ် ပြောပြခဲ့ပေမဲ့ နားထောင်လို့ မရိုးခဲ့ပါဘူး။

အာကာသကောင်းကင်ဟာဇူလိုင်မိုးသားတွေ နဲ့ သိုင်းခြုံ နေတယ်။ ကျနော်တို့ မိသားစု လွမ်းဆွတ်ကြေကွဲမှုနဲ့ အတူ ယုံကြည်မှုကို ပေးခဲ့တဲ့ ဇူလိုင်၁၉ ရက်ညတွေကို ကျနော် အောင်းမေ့သတိရ နေ။

{ စိုးရိမ်ဖွယ်ရာ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး (အိတ်ဖွင့်ပေးစာ) }(Click)

စိုးရိမ်ဖွယ်ရာ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး (အိတ်ဖွင့်ပေးစာ)

စိုးရိမ်ဖွယ်ရာ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး (အိတ်ဖွင့်ပေးစာ)
ရဲဘော်ကျော်သန်း

အတွေးခေါင်နေမလားတော့မသိပါ။ သတိဆိုတာ ပိုသည်မရှိ လိုသည်ချည်းပါ။ အာဇာနည်နေ့ အခါသမယမှာ ကောလဟဠအဖြစ် အွန်လိုင်းတွေမှာ ပေါ်ထွက်လာတဲ့ သတင်းတွေကို အခြေခံတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ စိုးရိမ်စရာအခြေအနေတချို့ကို မျှဝေပေးချင်ပါတယ်။

စစ်အုပ်စုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကြားမှာ ဒေါ်စုကို ပြန်လွှတ်ပေးတော့မယ်ဆိုတဲ့ ကောလဟဠဖြစ်နေ တာ သီတင်းပတ်တွေ အတော်ကြာခဲ့ပါပြီ။ အခုတော့ အာဇာနည်နေ့မှာ လွတ်မယ်လို့ အတိအကျ အွန်လိုင်း တွေမှာ တွေ့လာရပါတယ်။ ဒီသတင်းတွေ စကြားစဉ်ကတော့ လုံးဝမဖြစ်နိုင်ဘူးလို့ မြင်မိပါတယ်။ တမင်ဖမ်း ဆီးထိန်းသိမ်းထားချင်လို့ ယက်ထောနဲ့ အမှုဆင်ထောင်ချခဲ့တဲ့ စစ်အုပ်စုဟာ ဒေါ်စုကို လွှတ်ပေးရင်တောင်မှ ရွေးကောက်ပွဲပြီးမှသာ ဖြစ်နိုင်မယ်လို့ ယူဆခဲ့တာပါ။

အခုတော့ အဲဒီစဉ်းစားချက်တွေကို အလေးအနက် ပြန်လည်သုံးသပ်စရာဖြစ်လာပါတယ်။ လွှတ်ပေးရင်လည်း အကောင်းထက် အဆိုးက ပိုများနေမလား စဉ်းစားမိလာပါတယ်။ ဝမ်းနည်းစရာ အဖြစ်ပျက်တွေများ ဖြစ်လာ လေဦးမလားဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်မိပါတယ်။

အကြောင်းကတော့ စစ်အုပ်စုရဲ့ ပညာရေးဒုဝန်ကြီး ဗိုလ်မှုးချုပ်အောင်မျိုးမြင့်က ဒီလ (၆) ရက်နေ့က မန္တလေး တက္ကသိုလ်ရတနာပုံနယ်မြေမှာ ဆရာ/ဆရာမတွေ ကျောင်းသူကျောင်းသားတွေကို ကြံ့ဖွတ်အတွက် မဲဆွယ် စည်းရုံးရင်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားရတာ သူတို့အတွက် တာဝန်ကြီးကြောင်း၊ တစုံတဦးက ဒေါ်စုကို စနိုက်ပါနဲ့ ချောင်းမြောင်းလုပ်ကြံခဲ့ရင် အများက သူတို့ (နအဖ) ကိုပဲ ရိုးစွပ်မှာဖြစ်ကြောင်း၊ အမေရိ ကန်ထောက်လှန်းရေး စီအိုင်အေကော မဖြစ်နိုင်ဘူးလားလို့ မေးခွန်းထုတ်သွားတယ် ဆိုပါတယ်။ ဒီစကားကို သူရောက်လေရာ တွေ့ဆုံသူတိုင်းကို ပြောတယ်လို့ ကြားရပါတယ်။ ဒါဟာ သူတို့ရဲ့ ယုတ်မာပက်စက်တဲ့ အ ကြံအစည်အတွက်၊ ကြိုတင်လမ်းခင်းမှုလား၊ သို့တည်းမဟုတ် သူတို့ရဲ့ အကြံအစည် အကောင်အထည်ဖော်ပြီး ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေအတွက် တီးခေါက်ကြည့်တဲ့သဘော (searching- fire) လား စဉ်းစားစရာ ဖြစ်ပါတယ်။

ဒေါ်စုအတွက် ပိုပြီးစိုးရိမ်မိစေတဲ့ အချက်က လွန်ခဲ့တဲ့ ၂၀၀၇ သံဃာ့အရေးခင်း မတိုင်မီက တွေ့ခဲ့ရတဲ့ ပြည် တွင်းမိတ်ဆွေတဦးရဲ့ ပြောပြချက်ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေဟာ ဒေါ်စုကို ထပ်လုပ်ကြံဖို့ ကြံစည်နေတယ်လို့ ဆိုပါတယ်။ ဗိုလ်သန်းရွှေက ဗမာပြည်နိုင်ငံရေးမှာ ဒေါ်စုရှိနေတာကို လုံးဝမကြိုက်ပါဘူး၊ လက်မခံနိုင်ပါဘူး၊ မရှိ စေချင်ပါဘူး။ သူတို့လုပ်သမျှ မအောင်မြင်တာ ဒေါ်စုကြောင့်၊ သူတို့ကို လူထုမထောက်ခံတာ ဒေါ်စုကြောင့် လို့ ယူဆပါတယ်။ ဒါကြောင့် ဒေါ်စုကို သုတ်သင်ရှင်းလင်းရမယ်၊ ဒေါ်စု မရှိရင် ဗမာပြည်မှာ သူတို့လုပ်ချင်ရာ လုပ်လို့ရတယ်လို့ ယူဆတယ်ဆိုပါတယ်။ ဒါပေမယ့် ဒေါ်စုဟာ သာမာန်ပုဂ္ဂိုလ်မဟုတ်လို့ အလွယ်တကူ သုတ် သင်ဖို့ မဖြစ်နိုင်လို့ ဟောလီးဝုဒ်ရုပ်ရှင်တွေထဲကလို၊ သမ္မတကနေဒီလုပ်ကြံမှု ပုံစံလို၊ ပြဇာတ်ဆန်ဆန် လုပ်ကြံ ဖို့ ကြံစည်နေတယ်လို့ ဆိုပါတယ်။

သူတို့အကြံအစည်ကတော့ လက်ရွေးစင်လူတစု သို့မဟုတ် တဦးက ဒေါ်စုကို လုပ်ကြံမယ်။ အဲဒီလူကို နောက် တစုက ထပ်ပြီး သုတ်သင်မယ် (အဓိက တရားခံ prime suspect or hard evident ကို ဖျောက်ဖျက်တဲ့သ ဘော)။ နောက် အဲဒီလုပ်ကြံမှုမှာ ဒုတိယအဆင့် ပါဝင်ပတ်သက်သူကို ရုံးတင်စစ်ဆေး အပြစ်ပေးမယ်။ ပြီး တော့ ဒေါ်စုကို နိုင်ငံတော်အခမ်းအနားနဲ့ သင်္ဂြိုဟ်မယ်၊ ဒေါ်စုအတွက် အမှတ်တရ ကျောက်ရုပ်တခုထုလုပ် ဂုဏ်ပြုပြီး နိုင်ငံတကာနဲ့ ဗမာပြည်သူတွေကို မျက်လှည့်ပြပြီး လုပ်ကြံမှုက ရှောင်ထွက်မယ်လို့ ဆိုပါတယ်။ ဒီလို နဲ့ ဒေါ်စုကို အပျောက်ရှင်းပြီး သူတို့ရဲ့ ခြေရာလက်ရာကို အစဖျောက်ဘို့ အကြံအစည်ဖြစ်ပါတယ်။

ဒီတုန်းကတော့ ကျနော့်မိတ်ဆွေကို ဒါဟာ သိပ်စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ ပြောမိခဲ့ပါတယ်။ သူကလည်း ဘာမှပြန်မပြောတော့ သူလည်း ဒီအကြောင်း ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့ဟန်တူပါတယ်။ အခုတော့ နောက် ထပ်သိလာရတဲ့ အချက်အလက်တွေအရ ဒီအရေး (စစ်အုပ်စုရဲ့ လျှို့ဝှက်အကြံနဲ့ ဒေါ်စုရဲ့လုံခြုံရေး) ဟာ အ လေးအနက်ထား စဉ်းစားရမယ့် အခြေအနေ၊ ကြိုတင်ကာကွယ်ရေးတွေ ဝိုင်းဝန်းရှာဖွေရမယ့် အခြေအနေတွေ ရှိနေပါပြီ။

ဟိုအရင်ကတော့ ဒီပဲယင်းလုပ်ကြံမှုဟာ ဒေါ်စုကို ခြောက်လှန့်ရုံသက်သက် (သို့) ဒေါ်စုနှင့် လူထုကို ခွဲခြားဖို့ သက်သက်ပဲလား၊ လုပ်ကြံသတ်ဖြတ်ဖို့ အထိ ကြံစည်ခဲ့တာလားဆိုတာ သိပ်မကွဲပြား မသေချာခဲ့ပါဘူး။ အခု တော့ ဒီပဲယင်းလုပ်ကြံမှုဟာ ဒေါ်စုကို လုပ်ကြံသတ်ဖြတ်ဖို့အထိ ရည်ရွယ်တယ်ဆိုတာ ဦးတင်ဦးရဲ့ ကိုယ်တွေ့ ပြန်လည်ပြောပြချက်တွေနဲ့ ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှန်းရေးဟောင်း ဗိုလ်အောင်လင်းထွဋ် ထုတ်ဖော်ဝန်ခံ ချက်တွေက အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

ဦးတင်ဦးရဲ့ ပြန်လည်ပြောပြချက်တွေထဲမှာ တိုက်ခိုက်သူတွေ (အရပ်ဝတ်စစ်သားတွေနဲ့ အကျဉ်းသားတွေ) ဟာ ဒေါ်စုရဲ့ကားကို အဓိက ဦးတည်တိုက်ခိုက်ခဲ့ပုံနဲ့ ဒေါ်စုကို ကြည်ညိုလေးစားတဲ့ ပါတီဝင်အမျိုးသား/အမျိုး သမီးတွေက အသက်ပေးကာကွယ်ခဲ့လို့ လွတ်မြောက်သွားရပုံတွေကို ပြောသွားခဲ့ပါတယ်။ ဗိုလ်မှုးအောင်လင်း ထွဋ်ကလည်း သူရဲ့စာတပိုဒ်ထဲမှာ ဗိုလ်ခင်ညွန့်က ဒီပဲယင်းအဖြစ်အပျက်တွေကို ဗိုလ်သန်းရွှေထံ သွားသတင်း ပို့တော့ သန်းရွှေက “အေး ငါသိတယ်၊ အဲဒါ ငါလုပ်ထားတာ မင်းဘာသာမင်း ကြည့်ရှင်းလိုက်” လို့ ပြန်ပြော တယ်လို့ ဖော်ထုတ်ထားပါတယ်။

နိုင်ငံရေးလုပ်ကြံမှုဆိုတာ တိုင်းပြည်တပြည် လူမျိုးတမျိုးရဲ့ အပေါ်ယံလွှာ အုပ်ချုပ်သူလူတန်းစားတွေထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်ဖြစ်ပါတယ်။ အများစုကတော့ ဖောက်ပြန်တဲ့လက္ခဏာရှိပါတယ်။ အောက်လွှာ အခြေခံလူတန်းစားနဲ့ ဆက်နွယ်မှုနည်းပါတယ်။ ဆက်နွယ်မှု ရှိလာပြီဆိုရင်လည်း အောက်ခြေလူထုအာဏာ ကို စုစည်းဖော်ထုတ်နိုင်ပြီး လူထုအာဏာကို မြှင့်တင်ဖို့ ကြိုးစားခဲ့တဲ့ လူထုခေါင်းဆောင်တွေ လုပ်ကြံသတ် ဖြတ်ခံရတာနဲ့ အဆုံးသတ်သွားလေ့ရှိပါတယ်။

ကမ္ဘာ့သမိုင်းစဉ်တလျှောက်မှာ နိုင်ငံရေးလုပ်ကြံမှုနဲ့ ကင်းလွတ်တဲ့ နိုင်ငံရယ်လို့ မရှိသလောက်ပါပဲ။ အဲဒီထဲမှာ ဗမာပြည်လည်း အပါအ၀င်ဖြစ်ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်မှုတခုကတော့ အင်္ဂလန် လစ်ဘရယ်နိုင်ငံရေးပုံစံ ထူထောင်ခဲ့ကြတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ ကိုလိုနီ နိုင်ငံဟောင်းတွေမှာလည်း နိုင်ငံရေးလုပ်ကြံမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အချက်ပါ။ ဗမာပြည်ကတော့ လွတ်လတ်ရေး သန္ဓေတည်စမှာပဲ နိုင်ငံရေး လုပ်ကြံမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပိုပြီးလည်း ပက်စက်ပါတယ်။ လုပ်ကြံမှုမှာ ခေါင်းဆောင်အများစု ဆုံးရှုံးခဲ့ရလို့ ပန်းကောင်းအညွန့်ကျိုး၊ တာမထွက်ခင် မြင်းကောင်းခွာလိပ်ဖြစ်ခဲ့ရတာပါ။ လက်ရှိဗမာလူထု ရင်ဆိုင်ခံစားနေရ တဲ့ ဒုက္ခသုက္ခအပေါင်းနဲ့ စစ်အာစဏာရှင်စံနစ်ဟာ ဒီနိုင်ရေးလုပ်ကြံမှုရဲ့အကျိုးဆက်လို့လည်း ပြောနိုင်ပါတယ်။

လက်ခံနိုင်စရာမဟုတ်ပေမယ့် အိန္ဒိယ၊ ပါကစ္စတန်စတဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံရေးလုပ်ကြံမှုတွေက တစုံတ ရာသော အတွေးအခေါ် အယူအဆ၊ တခုသော လူအုပ်စု ရည်ရွယ်ချက်တခုခုအတွက် ကိုယ်စားပြုတယ်လို့ ဆို နိုင်ပါတယ်။ ဗမာပြည် ရင်ဆိုင်လိုက်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံလိုက်ရတဲ့ လုပ်ကြံမှုကတော့ အင်္ဂ လိပ်နယ်ချဲ့စနစ်နဲ့ အင်္ဂလိပ်ဓနရှင်တစုက အရင်းခံအကြောင်းလို့ ဆိုသော်လည်း ကာယကံမြောက် ကျူးလွန် သူကတော့ ဗမာတယောက်ပဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး အာဃာတ သို့မဟုတ် ပုဂ္ဂိုလ်ရေးလောဘဆန္ဒကြောင့် ကျူးလွန်ခဲ့တာပါ။ အင်မတန် ကျဉ်းမြောင်းပါတယ်။ ဒါကြောင့် တဘက်က တွေးကြည့်ရင် အမျိုးသားရေး ဂုဏ် သိက္ခာမဲ့မှုတခုဖြစ်ပါတယ်။

အဆက်ဆက်သော စစ်အာဏာရှင်တွေဟာ ဖောက်ပြန်မှုပုံစံအမျိုးမျိုးနဲ့ နိုင်ငံတကာအလယ်မှာ အမျိုးသားရေး ဂုဏ်သိက္ခာကို တရစ်ပြီးတရစ်ချခဲ့တယ်။

အမြင်မတူတဲ့ နိုင်ငံရေး ပြိုင်ဘက်၊ ကျောင်းသားပြည်သူတွေကို သတ်ဖြတ်ပြီး ရိုင်းစိုင်းရက်စက်မှုကို ပြခဲ့တယ်။

ကိုယ်ကိုးကွယ်တဲ့ ရဟန်းသံဃာတွေကို သတ်၊ ဘုရားကျောင်းကန်တွေ ဖျက်ဆီးပြီး အာဏာလောဘနဲ့ သူရဲ ဘောကြောင်မှုကို ပြခဲ့တယ်။

နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်တွေအပေါ် နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး လူမဆန်တဲ့ ရိုင်းစိုင်းယုတ်မာမှုကို ပြခဲ့တယ်။

နိုင်ငံရေးကတိ အမျိုးမျိုးပေးပြီး ဗြောင်လိမ်ဗြောင်စားနဲ့ အရှက်သိက္ခာမဲ့မှု ယုတ်မာပက်စက်မှုကို ပြခဲ့တယ်။

အခုလည်း အမျိုးသားရေး ဂုဏ်သိက္ခာပျက်စေမယ့်၊ အမျိုးသားရေး ဆုံးရှုံးမှုကြီးကို ဖြစ်စေမယ့် ယုတ်မာပက် စက်တဲ့ အကြံအစည်တခုကို အားထုတ်နေပြန်ပြီလို့ ယူဆရပါတယ်။ အခုလို အာဇာနည်နေ့ အခါသမယမှာ ဗိုလ်ချုပ်အောင်းဆန်းနဲ့ အာဇာနည်ကြီးတွေရဲ့ ဂုဏ်ပုဒ်တွေကို ချီးမွမ်းခြင်း၊ ဂဠုန်ဦးစောရဲ့ ယုတ်မာတဲ့ လုပ်ရပ် ကို ရှုတ်ချခြင်းတွေ လျော့ပါးပြီး ဂဠုန်စောရဲ့အစွမ်းအစနဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ဖော်သလို ပြည်တွင်းစာစောင် တွေမှာ ဖော်ပြနေတာ တွေ့ရတယ်။ ဒါဟာ နောင်ဖြစ်ပေါ်လာစရာရှိတဲ့ ဂဠုန်စောလို လုပ်ရပ်တခုအတွက် ကြို တင် လမ်းခင်းနေတာများလား စဉ်းစားစရာဖြစ်ပါတယ်။

ဗမာပြည်သူတွေရဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုဟာ အနှစ် (၂၀) ကျော်ခဲ့ပါပြီ အခုထိ မပြီးဆုံးသေးပါ။ ဒါဟာ ကျနော်တို့အရေးတော်ပုံတပ်သားတွေနဲ့ ပြည်သူလူထုရဲ့ အားထုတ်ပံ့ပိုးမှု လိုအပ်နေဆဲဆိုတာကို ပြသလို ဒေါ် အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုလည်း ဝေဖန်စရာတွေ ရှိကောင်းရှိမှာပါ။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုကို ခံယူရရှိထားဆဲဖြစ်ပါ တယ်။ လူထုရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ ခါးခါးသီးသီး ကွဲလွဲနေတဲ့ စစ်အာဏာရှင် အုပ်စုနဲ့ ပြည်သူလူထု အ ကြားက ပဋိပက္ခရဲ့အဖြေလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆုံးရှုံးစေမှုဟာ ဗမာပြည်သူတွေအ တွက် အမျိုးသားရေးဆိုင်ရာ ဂုဏ်သိက္ခာပျက်သုဉ်းမှုဖြစ်စေသလို နိုင်ငံတကာမိသားစုအတွက်လည်း အမှန်တ ရားဆိုင်ရာ ရှုံးနိမ့်မှုဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာသာမက နိုင်ငံတကာမိသားစုရဲ့ စောင့်ကြည့်ကာကွယ်မှုကို လို အပ်နေပြီဖြစ်ပါတယ်။

ဗမာပြည်မှာ ဒုတိယအာဇာနည်နေ့ ထပ်မံမပေါ်ပေါက်ရေး သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်သန်း ရွှေနဲ့ စစ်အုပ်စုရဲ့ ပက်စက်ယုတ်မာတဲ့ အကြံစည်မှကာကွယ်ရေးဟာ လူစိတ်မကုန်သေးတဲ့ နအဖ ဝန်ထမ်းများ အပါအဝင် ပြည်သူတရပ်လုံးရဲ့တာဝန်ဖြစ်ကြောင်း နှိုးဆော်သတိပေးအပ်ပါတယ်။

ဒါဟာ အမျိုးသားဂုဏ်သိက္ခာ ကာကွယ်ရေးဖြစ်ပါတယ်။ လက်ငင်းအမျိုးသားရေး တာဝန်ဖြစ်ပါတယ်။

ရဲဘော်ကျော်သန်း

Friday, July 16, 2010

{ Oasis of the Seas arrives into Port Everglades on 11/13/2009 }

{ Still More Streamlined Steam and Early Diesels }

{ ဒင်းလိုလူစား သတိထားဟေ့ }(Click)


ဒင်းလိုလူစား သတိထားဟေ့

ဂါမဏိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)
သူဟာ ကိုလိုနီခေတ်က တောနယ်လေးတခုမှာ မွေးဖွား ကြီးပြင်းလာခဲ့ပြီး အင်္ဂလိပ်ခေတ် (၇) တန်းအောင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံ ကလကတ္တားကိုသွား အင်္ဂလိပ်စာသင်ခဲ့ပြီးနောက် အသက် (၂၇) နှစ်မှာ အောက် တန်းရှေ့နေစာမေးပွဲဝင်ဖြေတာ အောင်လို့ ရှေ့နေလုပ်ခဲ့ပါ တယ်။ အင်မတန် ရဲတင်းပြီး ရည်မှန်းချက်ကြီးလှတဲ့ ဒီလူ ဟာ တဘက်က ရှေ့နေလုပ်ရင်း နိုင်ငံရေးနယ် မီဒီယာ နယ်တွေထဲ ထိုးဖောက်ခြေကုပ်ယူခဲ့ပါတယ်။ သူရိယသ တင်းစာတိုက် ရှယ်ယာတွေကို ဝယ်ယူခဲ့ပါတယ်။

သူဟာ အဲဒီကာလက အဓိကအတိုက်အခံ အမျိုးသားရေး အဖွဲ့ကြီးဖြစ်တဲ့ ဂျီစီဘီအေ ဝံသာနုအဖွဲ့ကြီးထဲ ဝင်ပါခဲ့ပြီး ၁၉၂၂ ခုမှာ ဂျီစီဘီအေကွဲတော့ (၂၁) ဦးအဖွဲ့ဘက် ပါခဲ့ပါတယ်။ ၁၉၂၅ ပထမအကြိမ် ဒိုင်အာခီရွေးကောက်ပွဲ မှာ ဝင်ပြိုင်ခဲ့ပေမယ့် အရွေးမခံရပါ။ သူ့အသက် (၂၇) နှစ်အရွယ် ၁၉၂၇ ခုနှစ် ဒုတိယအကြိမ် ဒိုင်အာခီရွေး ကောက်ပွဲမှာတော့ သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်ကနေ ဥပဒေပြုလွှတ်တော်အမတ်အဖြစ် အရွေးခံရပါ တယ်။ ၁၉၂၉ ခုမှာလည်း တတိယအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာ ထပ်နိုင်ခဲ့ပါတယ်။ သာယာဝတီမြို့မ ဝံသာနုကောင်စီမှာလည်း အတွင်းရေးမှူးအဖြစ်နဲ့ နယ်ချဲဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၃၆ ရွေးကောက်ပွဲမှာတော့ ဟင်္သာတမြောက်ပိုင်းအမတ်အဖြစ် အရွေးခံခဲ့ရပါတယ်။

၁၉၃၁ သြဂုတ်လမှာ လယ်သမားသူပုန်ခေါင်းဆောင် ဆရာစံကို အင်္ဂလိပ်တွေ ဖမ်းမိတဲ့အခါ သူဟာ ဆရာစံ ဘက်က ရှေ့နေလိုက်ပေးခဲ့ပါတယ်။ အင်္ဂလိပ်နယ်ချဲ့အစိုးရအရာရှိတွေ၊ စစ်တပ်တွေ၊ ပန်ချာပီပုလိပ်တွေဟာ ပုန်ကန်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ်လို့ အင်္ဂလိပ်အစိုးရဆီ အိတ်ဖွင့်ပေးစာတစောင် ရေးခဲ့ပါ တယ်။ “၁၉၃၀-၃၁ ခုနှစ် မြန်မာပြည်အရေး” ဆိုတဲ့နာမည်နဲ့ အင်္ဂလိပ်လို စာအုပ်တအုပ်ရေးပြီး နိုင်ငံခြားပို့တဲ့အ ခါ အင်္ဂလိပ်အစိုးရက ပိတ်ပစ်တာ ခံရပါတယ်။ ဒါဟာ ပုဒ်မ ၁၂၄ (က) နဲ့ ငြိစွန်းနေတယ်လို့လည်း သတိပေးခံရ ပါတယ်။ သူဟာ ဥပဒေပြုလွှတ်တော်ထဲမှာလည်း ဆရာစံ သူပုန်ထမှုနဲ့ ပတ်သက်ပြီး အင်္ဂလိပ်အစိုးရရဲ့ အရေး ယူကိုင်တွယ်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့လို့ ပြည်ထဲရေးအတွင်းဝန် မစ္စတာ ဘုသ်ဂရေ့ဗလီက “မောင် မင်း ဂဠုန်ဖြစ်လာပြီ” လို့ ဝေဖန်ခဲ့ပါတယ်။

၁၉၃၅ မေလမှာတော့ သူဟာ မီဒီယာကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံကိုသွားပြီး အဆာဟိရှင်ဘွန်း သတင်းစာ တိုက်မှာ မီဒီယာလုပ်ငန်းနဲ့ နိုင်ငံရေးလုပ်ငန်းတွေ လေ့လာခဲ့ပါတယ်။ အပြန်မှာ ကိုးရီးယား၊ တရုတ်၊ ထိုင်း၊ မ လေးရှားနိုင်ငံ တွေဝင်ပြီး နိုင်ငံရေး လေ့လာခဲ့ပါသေးတယ်။ ဗမာပြည်ပြန်ရောက်ပြီးတော့ သူရိယသတင်းစာ တိုက် ရှယ်ယာတွေ ထပ်ဝယ်ပြီး ၁၉၃၆ ခုမှာ သူရိယတိုက် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်လာပါတယ်။ နောက် (၂) နှစ်အကြာမှာ အယ်ဒီတာချုပ် ဖြစ်လာပြီး သတင်းစာမူဝါဒကို ကြိုးကိုင်နိုင်ခဲ့ပါတယ်။

သူဟာ ဆရာစံသူပုန်ဘက်က ရပ်တည်လို့ နာမည်ထင်ရှားလာတဲ့နောက် ၁၉၃၆ ခုမှာ ဂဠုန်စစ်သူကြီးဘွဲ့ခံယူ ပြီး ဝါးရင်းတုတ်ကိုင် ဂဠုန်တပ်ရဲ့ ဗိုလ်ချုပ်ရာထူး ယူခဲ့ပါတယ်။ ၁၉၃၆ ခုမှာပဲ ကိုအောင်ဆန်း၊ ကိုနုတို့ ခေါင်း ဆောင်တဲ့ ဒုတိယကျောင်းသားသပိတ် ဖြစ်တဲ့အခါ ကျောင်းသားတွေနဲ့ ရင်းနှီးမှုရအောင်လည်း ကြိုးစားခဲ့ပါ တယ်။ တက္ကသိုလ်သမဂ္ဂအဆောက်အဦးမှာ အင်္ဂလိပ်စာ ကျွမ်းကျင်လှတဲ့ စိန်ပေါကျောင်းထွက် တက္ကသိုလ် ဘွဲ့ရ ဘိလပ်ပြန် ဒေါက်တာဘမော်နဲ့ ကျောင်းသားတွေရှေ့မှောက် အင်္ဂလိပ်လို စကားရည်လုပွဲ လုပ်ခဲ့ရာမှာ (၇) တန်းပဲအောင်တဲ့ သူ့ကို ကျောင်းသားတွေက ထောက်ခံအားပေးခဲ့ပါတယ်။

ဒီနောက်မှာ သူဟာ ၁၉၃၈ ခု မတ်လမှာ မျိုးချစ်ပါတီကို တည်ထောင်ခဲ့ပါတယ်။ ၁၉၃၈ သြဂုတ်လ အောက် လွှတ်တော် အစည်းအဝေးမှာ ဒေါက်တာဗမော်အစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းခဲ့တာ မအောင်မြင် ခဲ့ပါ။ ရေနံမြေအလုပ်သမားသပိတ်၊ တတိယကျောင်းသားသပိတ်တွေ ဖြစ်ခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကာ လ ၁၉၃၈ ဒီဇင်ဘာလထဲမှာ မျိုးချစ်ပါတီဝင်တွေ၊ ဂဠုန်တပ်ဖွဲ့ဝင်တွေနဲ့ ရွှေတိဂုံဘုရားခြေရင်းမှာ ကျောင်းသား-အလုပ်သမား ထောက်ခံရေး အာဏာဖီဆန်မှုလုပ်လို့ အင်္ဂလိပ်အစိုးရရဲ့ ခေတ္တဖမ်းဆီးထိန်းသိမ်းမှုခံရပါတယ်။ ၁၉၃၉ ဖေဖော်ဝါရီ လွှတ်တော်အစည်းအဝေးမှာတော့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတွေကို ဖိနှိပ် တဲ့ ဒေါက်တာဘမော်အစိုးရကို သူ ဦးဆောင်ပြီး အယုံအကြည်မရှိအဆိုသွင်း ဖြုတ်ချနိုင်ခဲ့ပါတယ်။

သူဟာ ၁၉၄၀ စက်တင်ဘာလမှာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ဗမာပြည်ကို သတင်းစာဆရာပုံစံနဲ့ လာ ထောက်လှမ်းတဲ့ ကာနယ်ဆူဇူးကီး (ဗိုလ်မိုးကြိုး) ကို ခေါ်တွေ့ပြီး ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ဂျပန်နိုင်ငံ ဆီက လက်နက် ခဲယမ်း ပစ္စည်း ငွေကြေး အပါအဝင် စစ်ကူရနိုင်မလား မေးခဲ့ပါတယ်။

၁၉၄၁ အောက်တိုဘာလမှာ သူဟာ အင်္ဂလန်နိုင်ငံကိုသွား၊ ဝန်ကြီးချုပ် ချာချီနဲ့ တွေ့ဆုံပြီး ဒုတိယကမ္ဘာစစ်ပြီး ရင် ဗမာပြည်ကို လွတ်လပ်ရေး (ဒိုမီနီယံ ကိုယ်ပိုင်အုပ်ချုပ်ရေး) ပေးဖို့ အဓိက ဆွေးနွေးတောင်းဆိုခဲ့ပေမယ့် ချာချီက ပယ်ချခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန်ကအပြန် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ဂျပန်ကောင်စစ်ဝန်နဲ့ လျှို့ဝှက်ဆက်သွယ်ပြီး ဗမာပြည် လွတ်လပ်ရေးရမယ်ဆိုရင် ဂျပန်ရဲ့စစ်ရေးလှုပ်ရှားမှုကို ကူညီမယ်လို့ ကမ်း လှမ်းခဲ့ပါတယ်။ ဒီလို ဆက်သွယ်ဆောင်ရွက်ခဲ့တာကို အင်္ဂလိပ်က သိသွားလို့ ၁၉၄၁ ဒီဇင်ဘာလမှာ ပါလက်စ တိုင်းနိုင်ငံ (အခု အစ္စရေးနိုင်ငံ) ဟိုင်ဖာမြို့မှာ အဖမ်းခံခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကာလတလျှောက်လုံး အာဖရိက တိုက် ယူဂန္ဓာနိုင်ငံမှာ အကျယ်ချုပ်နေခဲ့ရပါတယ်။ စစ်ကြီးပြီးလို့ ၁၉၄၆ ဇန်နဝါရီလကျမှ အင်္ဂလိပ်အစိုးရ ပြန် လွှတ်ပေးလိုက်ပါတယ်။

အခုဖော်ပြခဲ့တဲ့ ကိုယ်ရေးမှတ်တမ်းကို ကြည့်လိုက်ရင် ဒီလူဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် တောက် လျှောက် အားကြိုးမာန်တက် ဇွဲနပဲနဲ့ လုပ်ခဲ့တဲ့ မျိုးချစ်နိုင်ငံရေးသမား တော်လှန်ရေးသမားလို့ ထင်စရာပါပဲ။ ဒါ ပေမယ့် ဒီလူဟာ ဂဠုန်ဦးစော ဖြစ်ပါတယ်။ အပေါ်ယံရွှေမှုန့်တွေကို ဖယ်ကြည့်လိုက်ရင် သူဟာ အာဏာ၊ စည်း စိမ်ချမ်းသာနဲ့ ကျော်ကြားထင်ရှားမှုကိုသာ တသက်လုံး အာသာငမ်းငမ်းတက် လိုက်စားခဲ့တာ မြင်နိုင်ပါတယ်။ သူလုပ်သမျှတွေဟာ မျိုးချစ်ပုဂ္ဂိုလ်အဖြစ် ပြည်သူလူထုက အထင်ကြီးအောင်၊ မဲရအောင် နိုင်ငံရေးစတန့်ထွင် လှည့်စားပြနေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို နယ်ချဲ့အလိုကျ လုပ်ကြံသတ်ဖြတ်ခဲ့လို့ ကြိုးစင်တက် ဘဝဆုံးသွားခဲ့တာ အားလုံးအသိဖြစ်ပါ တယ်။

ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံမှုနဲ့ တရားရုံးထုတ်တဲ့အခါ သူဟာ (၅) တန်းပဲအောင်တယ်လို့ တရားသူကြီး ရှေ့မှာ ဝန်ခံခဲ့ပါတယ်။ ဝံသာနုဂျီစီဘီအေထဲ ဝင်လုပ်ခဲ့ပေမယ့် ကွဲကြပြဲကြတဲ့အခါ (၂၁) ဦးဆိုတဲ့ အင်္ဂလိပ်နယ် ချဲ့နဲ့ စေ့စပ် အပေးအယူလုပ်ချင်တဲ့ ရာထူးအာဏာ ငမ်းငမ်းတက်အုပ်စုဘက် ပါခဲ့ပါတယ်။ အင်္ဂလိပ်ကို ပြတ် ပြတ်သားသား ဆန့်ကျင်ပြီး ‘ဘူး’ အသင်းတွေ တည်ထောင် အာဏာဖီဆန်ခဲ့တဲ့ ဦးစိုးသိမ်း ဂျီစီဘီအေဘက်ကို မပါခဲ့ပါဘူး။

ဗမာလူထုရဲ့အသည်းနှလုံးကို ဆရာစံက သိမ်းကျုံးယူနိုင်တဲ့အခါကျတော့ ဦးစောဟာ ဂဠုန်သူပုန်တွေဘက် က အာဘောင်အာရင်းသန်သန်နဲ့ ပါခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေး အားသန်သလိုလို အ ယောင်ပြပြီး သူတည်ထောင်ခဲ့တဲ့ ဂဠုန်တပ်ဟာ သိပ်မကြာခင်မှာ ဒို့ဗမာအစည်းအရုံးဝင် သခင်တွေကို ဝါးရင်း တုတ်နဲ့ ရိုက်တာတွေပဲ လုပ်ခဲ့ပါတယ်။ ဒီမိုကရေစီကို ယုံကြည်လှပါတယ်ဆိုတဲ့ ဒီပုဂ္ဂိုလ်ကြီးဟာ ဒေါက်တာဘ မော်၊ ဦးဘဦး၊ ဦးဘဖေ (ဦးစောရဲ့ ဆရာ၊ ၂၁ ဦးဂျီစီဘီအေ ခေါင်းဆောင်) တို့ကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ သခင်တွေ ကျောင်းသားတွေ ထောင်ကျတာ သူ အာဏာရချိန်မှာ အများဆုံးဖြစ်ပါတယ်။ မျိုးချစ်စိတ်ထက် သန်လှပါတယ်ဆိုတဲ့ ဦးစောဟာ “လယ်သမား ဖိုးရွှေလုံးညည်းချင်း” “သခင်ဋီကာ” စာအုပ်တွေထုတ်ပြီး ဒို့ဗမာ အစည်းအရုံးကို သိက္ခာချခဲ့ပါတယ်။ ဒါကြောင့် ဦးစော ဝန်ကြီးချုပ်ဖြစ်ချိန်မှာ ကျောင်းသားတွေက လွှတ်တော် အပြင်ကနေ သံပုံးတီး တောထုတ်ခဲ့ပါတယ်။

၁၉၄၆ စက်တင်ဘာမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အစိုးရတက်လာချိန်မှာ ဗိုလ်ချုပ်က သူ့ကို ဝန်ကြီးရာ ထူး ပေးခဲ့ပါတယ်။ ဒါပေမယ့် မျိုးချစ်စိတ်ပြင်းထန်လှပါတယ်၊ လွတ်လပ်ရေးအတွက် စိတ်အားထက်သန်လှပါ တယ်ဆိုတဲ့ ဂဠုန်ဦးစောဟာ အောင်ဆန်း-အက်တလီစာချုပ် ချုပ်တဲ့အခါ လက်မှတ်မထိုးဘဲ ၁၉၃၅ အက်ဥပ ဒေ (၉၁ ဌာနအုပ်ချုပ်ရေး) ကိုပဲ လိုလားတယ်လို့ နယ်ချဲ့အင်္ဂလိပ်အကြိုက် လိုက်ပြောပြန်ပါတယ်။ ဒီလိုနဲ့ ၁၉၄၇ ဖေဖော်ဝါရီမှာ ဝန်ကြီးရာထူးက ထွက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဏာရ ဖဆပလအဖွဲ့ချုပ်ကို အတိ အလင်း ဆန့်ကျင်လာခဲ့ပါတယ်။

လူမှုရေးပိုင်းကိုကြည့်ရင် ဂဠုန်ဦးစောဟာ မိန်းမကိစ္စဘက်မှာ မယားကြီးရှိနေပေမယ့် သမီးကို စာသင်ပေးတဲ့ ဆရာမနဲ့ ရှုပ်ခဲ့တာ၊ ယူဂန္ဓာနိုင်ငံမှာ အကျယ်ချုပ်ကျနေတုန်း ဂျာမန်မတယောက်နဲ့ ညားခဲ့တာ၊ ဗမာပြည်ပြန် ရောက်ပြီးတော့ (၁၀ နှစ်သမီးကတည်းက အိမ်မှာခေါ်ထားခဲ့တဲ့) ၁၉ နှစ်အရွယ် တောင်တွင်းကြီးသူ အိမ်ဖော် မလေးနဲ့ ကလေးတယောက်ရတဲ့အထိ သောင်းကျန်းခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒီ (၃) ယောက်ကတော့ မီဒီယာ တွေထဲ ဟိုးလေးတကျော် ဖြစ်လာခဲ့ပေမယ့် သူဖျက်ဆီးခဲ့တဲ့ တခြားမိန်းကလေးငယ်တွေ အများကြီးရှိပါသေး တယ်။

ဒီအချက်တွေကို သမိုင်းလှန်နေရတာက ဒီကနေ့မှာလည်း ဂဠုန်ဦးစောလို လူမြင်ကောင်းအောင် ဟိတ်ဟန် ထုတ် ညာဝါးလှည့်ဖျားပြီး ရာထူးအာဏာ ချမ်းသာစည်းစိမ် ဂုဏ်ရှိန်ကျော်ကြားမှု သုံးမျိုးစလုံးကိုဖြစ်စေ၊ တမျိုး သို့မဟုတ် နှစ်မျိုးကိုဖြစ်စေ သဲကြီးမဲကြီး လိုက်နေသူတွေ ပြည်တွင်းပြည်ပ တော်လှန်ရေးအဝန်းအဝိုင်း အ တိုက်အခံအဝန်းအဝိုင်းထဲ ရှိနေတဲ့အတွက် အားလုံးကို တပ်လှန့်တဲ့အနေနဲ့ ဂဠုန်ဦးစောအကြောင်း ဖော်ပြ လိုက်တာဖြစ်ပါတယ်။

ဂဠုန်ဦးစောခေတ်တုန်းက သူဘယ်လိုပဲ ဟန်ဆောင်လုပ်ပြခဲ့ပေမယ့် အင်မတန်ရိုးသားဖြောင့်မတ် အနစ်နာခံ ပြီး တိုင်းပြည်အတွက် တကယ်စွန့်လွှတ်စွန့်စားတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ရှိနေတော့ ဘယ်လိုမှ ယှဉ်မရ နေ ရာမရခဲ့ပါဘူး။ အခုခေတ်မှာလည်း ပြည်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အယောင်ဆောင် တော်လှန် ရေးသမားတွေ၊ အယောင်ဆောင် အတိုက်အခံတွေက ယှဉ်လို့မရနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝေးတဲ့ ပြည်ပအတိုက်အခံနယ်ပယ်မှာတော့ ဂဠုန်ဦးစောလို အယောင်ဆောင် တော်လှန်ရေးသမားတွေ၊ အရေခြုံ ဒီမို ကရေစီသမားတွေ၊ အာဏာရူး တိုင်းရင်းသားခေါင်းဆောင်တွေ လူတွင်ကျယ်လုပ် ဖြီးဖြန်းလုပ်စားနေနိုင်ပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ပမှာရော ပြည်တွင်းအတိုက်အခံနယ်ပယ်မှာပါ “ဒင်းလိုလူစား သတိထားကြဖို့” အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ်။ ။

(မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျှင်လည်း ခွင့်လွှတ်ရန်မလို။)

ဂါမဏိ

Monday, July 12, 2010

{ ကမ္ဘာ့ဖလားကို စပိန် ပထမဆုံး သိမ်းပိုက် }(Click)

ကမ္ဘာ့ဖလားကို စပိန် ပထမဆုံး သိမ်းပိုက်

၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလားပွဲမှာ စပိန်အသင်းက နယ်သာလန် အသင်းကို အကြိတ်အနယ် ကစားကာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလား သက်တမ်း နှစ်ပေါင်း ၈၀ အတွင်း ပထမဆုံး ချန်ပီယံ အသင်းသစ် အဖြစ် ထူးခြားစွာ မော်ကွန်းစိုက် ထူလိုက်နိုင်ပါပြီ။

ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်း ဆုလက်ခံယူပြီး အောင်ပွဲခံနေစဉ် (ဓာတ်ပုံ - Getty Images)

နယ်သာလန် အသင်းကတော့ ဒုတိယဆုကို တတိယ အကြိမ်မြောက် ရယူတဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်း ထားလိုက်ပါတယ်။

ဒီတကြိမ်မှာ ကျင်းပတဲ့ တောင်အာဖရိက ကမ္ဘာ့ဖလား ကတော့ ဘောလုံး လောကမှာ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ အများဆုံး ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဥရောပ အသင်းတွေက သူတို့ရေမြေ မဟုတ်ဘဲ ကြားတိုင်းပြည်မှာ လုပ်တဲ့ ကမ္ဘာ့ဖလားပွဲတွေမှာ ဗိုလ်စွဲဖို့ အင်မတန် ခဲယဉ်းတယ်ဆိုတဲ့ ပုံသေနည်းကျကျ ခန့်မှန်းချက်တွေလည်း ဒီတခါတော့ မှားယွင်းခဲ့ပါတယ်။

၂၀၀၂ ခုနှစ်က ကျင်းပတဲ့ တောင်ကိုရီးယား-ဂျပန် ကမ္ဘာ့ဖလားမှာလည်း တောင်အမေရိကတိုက်က ဘရာဇီး ဗိုလ်စွဲသွားတဲ့ နမူနာကလည်း ရှိ၊ ဘရာဇီးတို့၊ အာဂျင်တီးနားတို့ကလည်း ခြေစွမ်းတွေက ထက်ဆိုတော့လည်း တောင်အမေရိကတိုက်ကို ထင်ကြေးပေးတာလည်း မမှားပါဘူး။

ဒါပေမယ့် ကွာတားဖိုင်နယ်မှာတင် ဘရာဇီးတို့၊ အာဂျင်တီးနားတို့ပဲ ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ပျောက်ကွယ်ခဲ့ရပါတယ်။

ကမ္ဘာ့ဖလား မစခင်ကတည်းက ဒီလူသိုက်နဲ့ဆို ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြတဲ့ နာမည်ကြီး အင်္ဂလန်အသင်းလည်း ရှုံးထွက် အဆင့်ကနေပြီးတော့ လှည့်ပြန်ခဲ့ရသလို ၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံ အီတလီနဲ့ ပြင်သစ် အသင်းကြီးတွေလည်း ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ အသင်းထဲမှာ ၀ိဝါဒ ကွဲပြားမှု အမျိုးမျိုးဖြစ်ပြီး အုပ်စုအဆင့်ကနေ လန်ကျခဲ့ရပါပြီ။

မာရာဒိုနာလို “ဘုရားပေးတဲ့လက်ပိုင်ရှင်” က သူသာလျှင် အစစ်ဖြစ်တယ်ဆိုတဲ့ ကစားသမား တယောက်တောင် ထပ်ပေါ်လာ ခဲ့သလို ရေဘ၀ဲလို သတ္တ၀ါက လူသားတွေထက် မှန်အောင် ခန့်မှန်းနိုင်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေလည်း ဖြစ်ခဲ့ပါတယ်။

အားလုံး မထင်မှတ်တဲ့ ထူးခြားချက်ကတော့ ကနဦးအစက ဗိုလ်စွဲမယ်လို့ တစ်ပေးမခံရတဲ့ စပိန်၊ နယ်သာလန်၊ ဂျာမနီတို့ ပထမ၊ ဒုတိယ၊ တတိယရရှိ သွားခြင်းဖြစ်ပါတယ်။

ထို့အတူ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲကိုလည်း ပြစ်ဒဏ်ဘော အများဆုံး၊ အ၀ါကတ်အများဆုံး ပွဲစဉ်တပွဲအဖြစ် မှတ်တမ်းတင်မယ် ဆိုရင်တောင် ရပါလိမ့်မယ်။

ပွဲအစမှာကတည်းက စပိန်အသင်းက ဂျာမနီနဲ့ ပွဲမှာ ကစားခဲ့သလို အခုလည်း နယ်သာလန် အသင်းကို ကွင်းလယ်မှာတင် ချုပ်ကိုင်ပြီး ကစားဖို့ ကြိုးစားခဲ့ပေမယ့် နယ်သာလန် အသင်းရဲ့ ခပ်ကြမ်းကြမ်း တုံပြန်ကစားမှုကြောင့် ဘောလုံးကို ခြေထဲမှာ အသေအချာထားခွင့် နည်းခဲ့ပါတယ်။

ပွဲစစချင်း ၄ မိနစ်မှာတင် စပိန်နောက်ခံလူ ဆာဂျီရာမိုစ်ရဲ့ လျှပ်တပြက် ခေါင်းတိုက်ချက်နဲ့ ကန်ချက်တွေကို နယ်သာလန် ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ နယ်သာလန်အသင်းအတွက် ခံသာသွားခဲ့ပြီး ၁၆ မိနစ်မှာ နယ်သာလန် ဖရီးကစ် စပါယ်ရှယ်လစ် ရှနိုက်ဒါရဲ့ ကန်ချက်ကို စပိန်ဂိုးသမား ဖမ်းမိသွားတာကြောင့် စပိန်အသင်းလည်း ကံကောင်းသွားခဲ့ပါတယ်။

အဲဒီအချိန်က စပြီးတော့ နှစ်သင်းစလုံး အ၀ါကတ် ပလူပျံလာခဲ့ပါတယ်၊ စပိန်နောက်ခံလူ ကတ်ဒီဗီလာကို ဗန်ပါစီက ချလို့ အ၀ါ ကတ်၊ ပူယိုလ်းက နယ်သာလန်က ရော်ဘင်ကို ချလို့ အ၀ါကတ်၊ ဗန်ဘွန်းမဲလ်က စပိန်ကွင်းလယ်လူ အင်နီယေစတာကို ချလို့ အ၀ါကတ် စတဲ့ အ၀ါကတ်ပေါင်းများစွာကို အင်္ဂလိပ်ဒိုင်လူကြီးက ပြခဲ့ပါတယ်။

အဲဒီလို ထစ်ခနဲရှိ အ၀ါကတ် ပြနေတဲ့ ကြားထဲကမှ နယ်သလန် နောက်ခံလူ ဒီဂျောင်းက ထပ်မံပြီး စပိန်ကွင်းလယ်လူ အလွန်ဆိုရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့ ကန်မိတာကြောင့် အလွန်ဆိုလည်း အဲဒီဒဏ်နဲ့ပဲ ကွင်းပြင်ထွက်ခဲ့ရပါတယ်။

နယ်သာလန်အသင်းဟာ စပိန်အသင်းကို အတင်းဝင် အတင်းဖျက် ခပ်ကြမ်းကြမ်း တုံ့ပြန်ကစားတဲ့အပြင်၊ အမြင့်ဘော ကစားခဲ့တဲ့ အတွက်လည်း စပိန်တို့ အကြပ်ဆိုက်ခဲ့ပါတယ်။ ၃၆ မိနစ်မှာ နယ်သာလန်က ထောင့်ကန်ဘောရပြီး ရော်ဘင် ကန်တင်တဲ့ ဘောလုံးကို နောက်ခံလူ မက်သီဆင် အပိုင်ကန်သွင်းရာမှာ လွဲချော်သွားပြန်ပါတယ်။

ဒီလိုနဲ့ နှစ်သင်းစလုံး တဘက်နဲ့ တဘက် အကဲစမ်းရင်းနဲ့ ပထမပိုင်းပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နယ်သာလန်အသင်းက ပိုမိုထိုးဖောက်လာပြီး၊ ၆၁ မိနစ်မှာ နယ်သာလန်အသင်းရဲ့ အလယ်တန်းက စပိန် နောက်ခံလူ ကတ်ဒီဗီလာနဲ့ ဂျရတ်ပီကေး ကြားမှာရှိနေတဲ့ အာဂျန်ရော်ဘင်ကို မြေလှိမ့်ဘော ချပေးရာမှာ နောက်ခံလူ နှစ်ယောက် ထိန်းထားတဲ့ကြားက အာဂျန်ရော်ဘင် လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီး စပိန်ဂိုးသမားနဲ့ နှစ်ယောက်ချင်းအတွေ့မှာ အပိုင်ကန် သွင်းပေမယ့် ဂိုးသမားက ကာကွယ်လိုက်နိုင်ပါတယ်။

ဒီဂိုးသာ ၀င်ခဲ့မယ်ဆိုရင် စပိန်အသင်းအတွက် မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂိုးရသွားရင် နယ်သာလန်အသင်း တသင်းလုံး ဆင်းပိတ်ဆို့ ကစားရင် စပိန်အသင်းအနေနဲ့ ကစားရာမှာ အခက်တွေ့နိုင်ပါတယ်။

ထိုအတူပဲ ၆၉ မိနစ်မှာ စပိန်ဂိုးသွင်းဘုရင် ဒေးဗစ်ဗီလာလည်း နယ်သာလန်နောက်ခံလူ ဟိုက်တင်ဂါထံကနေ လွတ်ထွက်လာတဲ့ ဘောလုံးကို အပိုင်ပိတ်ရပေမယ့် နယ်သာလန် ဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ်။

ဒီလို ဂိုးသွင်းခြေ မမှန်မှုတွေဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆိုတဲ့ ဖိအားက နှစ်သင်းစလုံးမှာ ရှိနေတာကို ပြနေပါတယ်။

စပိန်အသင်းအနေနဲ့ ဂိုးသွင်းခွင့်များ ရရှိခဲ့သလိုပဲ နယ်သာလန်အသင်းက အာဂျန်ရော်ဘင် ပွဲပြီးခါနီး ၈၁ မိနစ်မှာ ပူယိုးလ် ထိန်းနေတဲ့ကြားက ဒုတိယအကြိမ် အပိုင်ကန်သွင်းဖို့ အခွင့်အရေးထပ်မံ ရရှိပြန်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုများနေတဲ့ အတွက် ဂိုးသမားခြေထောက်နဲ့ ထိပြီး ဂိုးမ၀င်ပါဘူး။

အဲဒီနောက်မှာတော့ ဒုတိယပိုင်းမှာလည်း ဂိုးမသွင်းနိုင်တဲ့ အတွက် မိနစ် ၉၀ ပြည့်သွားပြီး အချိန်ပိုကစားဖို့ ဖြစ်လာတယ်။ အချိန်ပို ဒုတိယပိုင်းမှာတော့ နယ်သာလန် နောက်ခံလူ ဟိုက်တင်ဂါ အ၀ါကတ် ဒုတိယအကြိမ် အပြခံရတဲ့ အတွက် နှစ်ဝါ တနီနဲ့ ထွက်ခဲ့ရပါတယ်။

စပိန်လိုအသင်းမျိုးကို တယောက်လျော့နဲ့ ကစားရတာ အန္တရယ်များကြောင်းကို ဟိုက်တင်ဂါ အထုတ်ခံရပြီး ၈မိနစ်အကြာမှာ စပိန်ကွင်းလယ်လူ ဖာဘရီဂက်စ်၏ ဖန်တီးပေးမှုမှ တဆင့် အင်နီယေ စတာက ဂိုးသွင်းပြီး ပြသခဲ့ပါတယ်။

စပိန်အသင်း ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်သည့်အတွက် ပျော်ရွင်နေသည့် မက်ဒရစ်မြို့မှ စပိန်ပရိသတ် (ဓာတ်ပုံ- Reuters)

တယောက်လျော့နဲ့ ကစားနေရတဲ့ နယ်သာလန်အသင်း ဘယ်လိုမှ ပြန်လည် မချေပနိုင်တော့တာကြောင့် ဘောလုံး ၀ါသနာအိုး တွေအတွက် နောက်ဆုံးအချိန်အထိ ရင်ခုန်ရမယ့် ပင်နယ်တီသွင်းပြီး အဆုံးအဖြတ်ရယူမှုကို ကြည့်ရှုခွင့် လက်လွတ်ခဲ့ရပါတယ်။

တပွဲလုံးကို ခြုံကြည့်ရင် နယ်သာလန်အသင်း အနေနဲ့ ဂိုးသွင်းခွင့်ကို စပိန်အသင်းထက် ပိုမိုရရှိခဲ့သလို အ၀ါကတ်လည်း ၉ ကြိမ် အပြခံခဲ့ရပြီး နောက်ခံလူ ဟိုက်တင်ဂါလည်း နှစ်ဝါ တနီနဲ့ ထွက်ခဲ့ရပါတယ်၊၊

အင်္ဂလိပ် ဒိုင်လူကြီး အနေနဲ့ တပွဲလုံး အ၀ါကတ် ၁၄ ခု အနီကတ် တခုပြပြီး ပွဲကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပေမယ့်လည်း တချို့သော ဆုံးဖြတ်ချက်တွေဟာ အမှားအယွင်း မကင်းဘူး၊ တရားမမျှတဘူး၊ စပိန်အသင်းကို မျက်နှာသာပေးတယ်လို့ နယ်သာလန် ကစားသမား အာဂျန်ရော်ဘင်နဲ့ ရှေ့တန်းတိုက်စစ်မှူး ကူရစ်တို့က ဝေဖန်ပါတယ်။

နယ်သာလန် နည်းပြ ဗန်မာဝစ်ကတော့ ဒိုင်လူကြီး ၀က်ဘ်အနေနဲ့ စပိန်မီဒီယာတွေရဲ့ လွှမ်းမိုးခြင်းခံနေရတယ်။ ဘာကြောင့်လဲ ဆိုတော့ စပိန်အသင်း အုပ်စုပွဲ အစမှာ ဆွစ်ဇာလန်ကို ရှုံးနိမ့်တုန်း စပိန်သတင်းစာတွေမှာ ဒိုင်လူကြီးကို ဝေဖန်ပြောဆိုခဲ့တွေကို ထာက်ပြခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ကောင်းတဲ့အသင်း နိုင်သွားတာဆိုတာကိုတော့ နည်းပြကြီးက ၀န်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံက ၀ါရင့် အားကစားကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) ကတော့ နယ်သာလန်အသင်းက ရော်ဘင်ကို အားထား ပြီး မိနစ် ၁၂၀ လုံး ရသမျှဘောလုံး ဘယ်တောင်ပံကသာ ဖောက်နေတော့ တပေါက်တည်း ကစားသလိုဖြစ်ပြီး စပိန်ပိတ်နိုင်သွားတာပါလို့ သုံးသပ်ပါတယ်။

တပွဲလုံးမှာတော့ နောက်ဆုံး ဂိုးသမားသာတဲ့ အသင်းကပဲ နိုင်သွားတယ်လို့ ပြောနိုင်သလို အပိုင်အလုံး သုံးလုံးလောက်ကို စပိန်ဂိုး သမား ကားဆီးလက်စ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အကောင်းဆုံး ဂိုးသမားဆုကို ဒီတကြိမ် ကမ္ဘာ့ဖလားမှာ ရသွားတာပါ။

အခုဆိုရင်တော့ “အကောင်းဆုံး ဘောလုံးသမားဆု”၊ ဂိုးသွင်းအများဆုံး ဆုဖြစ်တဲ့ “ရွှေဖိနပ်ဆု”၊ “အကောင်းဆုံး လူငယ် ကစားသမားဆု”၊ “အညံဆုံးအသင်း” ဆိုတဲ့ ဆုံးဖြတ်ချက်တွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။

ဒီယေဂို ဖော်လန်လို ဥရုဂွေး ကစားသမားတွေလည်း “အကောင်းဆုံး ကစားသမားဆု” ရခဲ့သလို၊ “ရွှေဖိနပ်ဆု” နဲ့ “အကောင်းဆုံး လူငယ်ကစားသမား ဆု” ကိုလည်း သောမတ်စ် မူလာဆိုတဲ့ ဂျာမန်ကစားသမားကပဲ ထပ်မံရယူခဲ့ပါတယ်။ ထိုအတူ ဂျာမနီအသင်းလည်း ၂၀၀၆ ကမ္ဘာ့ဖလားအတိုင်း တတိယနေရာဆိုတဲ့ စံချိန်ကို ဆက်လက်ထိန်းထားတာကို တွေ့ရပါတယ်။

အခုဆိုရင် တကမ္ဘာလုံးက ဘောလုံးဝါသနာအိုးတွေ ရင်ခုန်စွာ မျှော်လင့်စောင့်စားခဲ့ရတဲ့ ကမ္ဘာ့ဖလားလည်း ပြီးသွားခဲ့ပါပြီ။ နောက်လာမယ့် ၂၀၁၄ ခုနှစ် ဘရာဇီးမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ ဘယ်အသင်းတွေ ပြန်ပါလာပြီးတော့ ဘယ်အသင်းတွေ ပြုတ်ကျန်ခဲ့မယ်။ ဘယ်လို အပြောင်းအလဲတွေဖြစ်မယ်ဆိုတာကို ဘောလုံးဝါသနာအိုးတွေလည်း ကျနော်တို့ ဧရာဝတီ ၀ိုင်းတော်သားတွေနဲ့ အတူ စောင့်ကြည့်ကြရအောင်ပါ။

{ SPAIN CROWNED WORLD CHAMPIONS }((Click)






( စပိန် ဖလား ၂၀၁၀ )

Sunday, July 11, 2010

{ ဂရင်းကင်ညန် (သို့) ကန္တာရရဲ့ မြမျက်ချယ် }(Click)

ဂရင်းကင်ညန် (သို့) ကန္တာရရဲ့ မြမျက်ချယ်
ဉာဏ်ဦးမောင်
ဇူလိုင် ၈၊ ၂၀၁၀
၂ဝ၁ဝ နွေရာသီခရီးရဲ့ တတိယနေ့ခရီးစဉ်အဖြစ် ဂရင်း ကင်ညန်ကို ရောက်ခဲ့တယ်။
Grand Canyon-ဂရင်း ကင်ညန်ဆိုတာက အမေရိကန်တွေနဲ့ မစိမ်းတဲ့နာမည်။ အမေရိကန်တွေမှလားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ကမ္ဘာ့အံ့ဖွယ်တွေကို စိတ်ဝင်စားတဲ့ ကမ္ဘာတလွှားက ခရီးသွားတွေအတွက်လည်း အလွန်ရင်းနှီးတဲ့ နာမည် ပေါ့။ သဘာဝကိုချစ်တဲ့၊ အံ့သြဖွယ်ရာကို မြတ်နိုးတဲ့ လေ့လာလိုသူတွေအတွက် ဂရင်းကင်ညန်က ချန်ထား လို့ ရမယ့်နေရာမှ မဟုတ်တာ။ မပြုမပြင် ပင်ကိုယ် သဘာဝ လှချင်တိုင်းလှနေတဲ့ ကမ္ဘာ့အံ့ဖွယ်နေရာတစ်နေရာကို ပြပါဆိုရင် ဂရင်းကင်ညန်က ထိပ်ဆုံးကပြရမယ့် နေရာတစ်ခုဖြစ်မှာပါ။မိခင်ကမ္ဘာကြီးရဲ့ လူသားတွေအတွက် ကြင်နာစွာပေးအပ်ခဲ့တဲ့ အရာတွေထဲမှာ ခုလိုအံ့ဖွယ် နေရာတစ်နေရာ ပါဝင်နေခဲ့တာ ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာပေါ့။ နီညိုဝါပြာ အထပ်ထပ်အလွှာလွှာ မြေကမ္ဘာရဲ့ ရှုမငြီးနိုင်ဖွယ် အလှရတနာစုံတွေနဲ့ လွှမ်းထုံချယ်သထားတဲ့ တစ်နေရာဟာ ဂရင်းကင်ညန်ပါဆိုလျင်ဖြင့် လွန် မယ် မထင်ပါဘူး။
ဒီအကြိမ်က ဂရင်းကင်ညန်ကို ကိုယ်ရောက်တာ နှစ်ကြိမ်မြောက်လေ။ လွန်ခဲ့တဲ့ (၇) နှစ်ခန့်က ပထမအကြိမ် ဂရင်းကင်ညန်ကို ကိုယ်ရောက်သွားတော့ တကယ့်ကိုမှ နွေခေါင်ခေါင်လ၊ သြဂုတ်ထဲမှာ။ ဂရင်းကင်ညန်ပြည် နယ် အရီဇိုးနားဆိုတာက အမေရိကန်နိုင်ငံရဲ့ ကုန်းတွင်းပိုင်းပြည်နယ်မို့ နေရှိန်ပြင်းတဲ့ပြည်နယ်တွေထဲက တစ်ခု။ ဒီပြည်နယ်က အပူဆုံးရာသီကို ပိုင်ဆိုင်ထားတယ်လို့တောင် ပြောရမယ့် ပြည်နယ်။ အဲဒီအချိန်က အရီဇိုးနားကို ကိုယ်ရောက်သွားခဲ့တဲ့နေ့က မှတ်မှတ်ရရ အရီးဇိုးနားရဲ့ တစ်နှစ်တာလုံးမှာ စံချိန်တင်အပူဆုံးနေ့တဲ့လေ။ အပူချိန် က ဖာရင်ဟိုက် တစ်ရာ့တစ်ဆယ့်ခြောက်တောင်ရှိတာ။ အပူဆုံးပြည်နယ်ရဲ့ အပူဆုံးအချိန် အပူဆုံးနေ့မှာ ရောက်သွားခဲ့တာဆိုတော့လဲ ဒီလောက်တော့ ရှိမှာပေါ့။ ဖီးနစ်လေဆိပ်က အထွက်မှာ ကိုယ့်ကိုယ် ပြေးဟပ် လိုက်တဲ့အပူလှိုင်းက ခုတောင်ရှိန်းတိန်းတိန်းဖြစ်နေသေးသလို ခံစားမိတယ်။ ဖီးနစ်မှာက ညပိုင်းမှာတောင် အပူ လှိုင်းက တရှိန်ရှိန်လောင်မြိုက်နေခဲ့တာ။
ဒီတော့ ရောက်ရောက်ချင်း အပူလှိုင်းနဲ့ မှတ်မှတ်ရရ ဖြစ်လောက်အောင် မိတ်ဆက်လိုက်တဲ့ ဖီးနစ်ရဲ့ အရှိန် ပြင်းပြင်း အပူက ဂရင်းကင်ညန်ကို ကိုယ်ရောက်သွား တဲ့အထိတောင် ပါလာတယ်လို့ ထင်ခဲ့မိတယ်။ တ ကယ်တော့ ဖီးနစ်နဲ့ ဂရင်းကင်ညန်အမျိုးသား ဥယျာဉ် ရဲ့ တောင်ဘက်ဝင်ပေါက်က မိုင်နှစ်ရာသုံးဆယ် နီးပါး လောက်ဝေးလို့ ကားတောင် လေးနာရီခန့် မောင်းရ တဲ့ခရီးပါ။ မြင်ကွင်းတွေလည်း မတူသလို အပူချိန်လည်း ကွဲပြားပါတယ်။ ဂရင်းကင်ညန်က ဖီးနစ်လောက် မပူလောင်ပါဘူး။ သို့ပေမယ့်လဲ ဖီးနစ်ကနေ အရီဇိုးနားပြည်နယ်ရဲ့ အထိမ်းအမှတ် ရှားစောင်းပင်တွေ၊ ကန္တာရ နွယ်ပင်တွေနဲ့ တန်ဆာဆင်ထားတဲ့ ပူပြင်းတဲ့ရာသီဥတုကို ဖြတ်သွားရတာရယ်၊ လေဆိပ်ကနေ ထွက်ထွက် ခြင်း မိတ်ဆက်ပေးလိုက်တဲ့ အပူရှိန်ရယ်ကြောင့် အတန်အသင့်အေးတဲ့ ဂရင်းကင်ညန်က ကိုယ့်ကိုယ် အဲဒီ တစ်ကြိမ်က အေးမြမှု မပေးနိုင်ခဲ့ဘူး။ နောက်ပြီး ဖီးနစ်ကနေသွားခဲ့တာဆိုတော့ ဂရင်းကင်ညန်ကိုတောင် ဖက်အပေါက်ကနေ ဝင်ရတယ်လေ။ ဂရင်းကင်ညန်ရဲ့ တောင်ဖက်ပိုင်းနဲ့၊ တောင်ဖက်ပိုင်းကနေ မြင်ရတဲ့မြင်ကွင်း ကလဲ သွေ့သွေ့ခြောက်ခြောက်။ ဒီတော့လည်း ဂရင်းကင်ညန်ဆိုတာ ရင်သက်ရှုမော အံ့သြဖွယ်တွေနဲ့ ပြည့်လျံ နေတဲ့ နေရာတစ်ခုပေမယ့် ပူပြင်းတဲ့နိမိတ်ပုံဆောင်ဒေသတစ်ခုလို့ပဲ မှတ်ထင်ခဲ့လိုက်ပါတယ်။ မြင်ခဲ့ရတဲ့ ချောက်ကမ္ပားယံတွေရဲ့ နီကျင်ကျင် ပသာဒတွေကလည်း မီးပြင်းပြင်းလောင်မြိုက်နေတဲ့ သံကန့်လန့်ကာစတွေ ထပ်ထားသည့်နှယ်။
ဒီတစ်ခေါက် ရောက်သွားတာက ဇွန်လနှောင်းပိုင်း။ နောက်ပြီးလည်း ဂရင်းကင်ညန်ကို မြောက်ဖက်ကနေ ပြည် လည်မြင်ရတဲ့မြင်ကွင်း။ အရင်တစ်ခေါက် တောင်ဖက်ကမြင်ရတဲ့ မြင်ကွင်းနဲ့ ခုတစ်ခါ မြောက်ဖက်က မြင်ရတဲ့ မြင်ကွင်းက မတူခြားနားစွာ။ ဂရင်းကင်ညန်က မြစ်မိုင် (၂၇၇) မိုင်ရှည်ခန့်ရှည်ြ့ပီး (၁) မိုင်ခန့်နက်တာ။ အကျယ် ကလည်း ဘယ်နေရာမှာ တိုင်းတယ်ဆိုတာ မူတည်လို့ (ဂ) မိုင်ကနေ (၁၆) မိုင်ခန့်အထိတောင် ကျယ်တဲ့နေရာ ရှိသတဲ့။ ဒါကြောင့် မြောက်ဖျား ဂရင်းကင်ညန်ရဲ့ မြောက်ဖက်ကမြင်ရတဲ့မြင်ကွင်းက တောင်ဖျားဂရင်းကင်ညန်ရဲ့ တောင်ဖက်က နေမြင်ရတဲ့ မြင်ကွင်းနဲ့ဆို အမြင်အာရုံမှာသာမက အပူအအေးကလည်း ကွာခြားသပေါ့။
ဒီတော့လည်း ခံစားမှုရသခြင်းလည်း ကွဲပြားသပေါ့လေ။ ခုတော့လည်း ဂရင်းကင်ညန်က သစ်ပင်သစ်တောတွေ အုပ်ဆိုင်းညိုပြာလို့ စိမ်းစိမ်းစိုစို၊ အေးအေးမြမြ၊ ရီဝေဝေ၊ ရောင်စုံမြေလွှာ အထပ်ထပ်တွေနဲ့ တစ်မျိုးလှနေလိုက် တာ။ အချို့နေရာများမှာတော့ တောင်လှေကားမှာ စိမ်းမြမြ ကောက်စပါးတွေ စီကာ စိုက်ထားသည့်ပမာ။
ဂရင်းကင်ညန်ရဲ့ သမိုင်းကြောင်းက ပြောရရင် အရှည်ကြီးဖြစ်မှာပေါ့။ (from the fairly young to the fairly old) ဆိုတဲ့ ဘူမိဗေဒ ပညာရှင်တွေ အသုံးအရ ပြောရရင်ကိုပဲ ဂရင်း ကင်ညန်ရဲ့ အမြင့်ဆုံးထိပ်ဖျားက အသက်နု ဆုံး ကျောက်စိုင်ကျောက်သားသည်ပင် နှစ် သန်းပေါင်း (၂၇ဝ) ဝန်းကျင်ရှိပြီတဲ့လေ။ ဂရင်းကင်ညန်ရဲ့ အောက်ဆုံးလွှာကျောက် သား သက်ရင့်ကျောက်လွှာများကတော့ နှစ် သန်းပေါင်း (၁၈၄ဝ) တောင်ရှိပြီတဲ့။ ဘူမိဗေဒပညာရှင်တွေ လက်ခံထားတဲ့ ဒီကမ္ဘာမြေကြီးရဲ့ သက်တန်းက နှစ် သန်းပေါင်း (၄၅၅ဝ) ဆိုတာနဲ့ နှိုင်းစာမယ်ဆိုလျင်တော့လည်း သိပ်ပြီးတော့လည်း အိုစာတယ် ဆိုနိုင်မယ် မဟုတ်ဘူးပေါ့။ ခုလိုကျောက်သားကျောက်လွှာတွေက အတန်ငယ်ကြီးရင့်ပေမယ့် ဂရင်းကင်ညန်ကတော့ နုပျို နေဆဲ သားငယ်လေးတစ်ဦးသာပ။ ဂရင်းကင်ညန်ဖြစ်ပေါ်လာတဲ့နှစ်က (၅) သန်းကနေ (၆) သန်းအတွင်းမျှ လောက်သာပဲ ရှိသေးတာတဲ့လေ။ နှစ်(၅)သန်း(၆)သန်းကို မရင့်သေးဘူးလို့ ထင်ရဖို့ နှစ်ရာဂဏန်းဝန်းကျင်မျှ ရှည်ကြာနိုင်တဲ့ ကိုယ့်သက်တမ်းကို ခဏမေ့ထားဖို့တော့ လိုမှာပေါ့။
ကော်လိုရာဒိုဖြစ်သာ မရှိလျင် ဂရင်းကင်ညန်ဆိုတာလည်း ဖြစ်ပေါ်လာနိုင်မှာ မဟုတ်လို့ ကော်လိုရာဒိုမြစ်က တော့ ဂရင်းကင်ညန်ရဲ့ အဓိက ဇာတ်ဆောင်တစ်ယောက်လို့ ဆိုရမှာပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ပေါင်း (၂၈ဝဝ) ကနေ ဂရင်းကင်ညန် ချောက်ဝှမ်းတစ်လျောက် စီးမျောနေတဲ့ မြစ်ပြင်ကျယ်ဟာ မြောက်ဖက် ပိုင်းရဲ့ အချို့အမြင့်ဆုံးနေရာမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၈ဝဝဝ) ကနေ (၉ဝဝဝ) အတွင်းမြင့်တဲ့ ချောက်ကမ္ပားယံကနေ ငုံ့ကြည့်လိုက်တော့ တကယ့်ကိုမှ နက်ရှိုင်းလှတဲ့ အောက်ခြေမှာ။ ချောက်ကြား မြစ်လွှာ ရဲ့ ကွေ့ကောက်ကာ စီးမျောနေပုံက စိမ်းပြာရောင်တောက်နေတဲ့ မြွေတစ်ကောင် အစာဝလို့ မရွေ့မရှား ငြိမ်သက် နေလေဟန်။ ဂရင်းကင်ညန်ရဲ့ မြောက်ပိုင်းတစ်ခွင်မှာ လေ့လာစရာတွေ၊ လှပတဲ့ရှုမျှော်ကွင်းတွေ၊ မရေမတွက် နိုင်အောင် များပြားပေမယ့် Bright Angle Point-လင်းလက်တဲ့ ကညာနတ် အငူစွန်းလေးကနေ မျှော်ကြည့်ရတဲ့ လေးဘက်မြင် မြင်ကွင်းအလှကိုတော့ ထာဝရ တမ်းတကာ လွမ်းယောင်နေမိတော့မှာပါ။
မြောက်ဖက်ပိုင်းမှာက တောင်ဖက်လို လေ့ လာလိုသူ မများသမို့ ပိုပြီးတော့လည်း တော ဆန်ပါတယ်။ အရိုင်းဆန်တယ်၊ ဘဘာဝ ပို ဆန်တယ်လို့လဲ ပြောနိုင်ပါတယ်။ ဂရင်းကင် ညန်ဆိုတာကလည်း အလယ်မှာမြစ်တစ်စင်း စီးနေတဲ့ ဧရာမ သဘာဝချောက်ကြီးတစ်ခုပဲ လေ။ သဘာဝအရ ဖြစ်တည်နေတဲ့ အံ့ဖွယ် တစ်ခု။ သဘာဝမှာကိုပဲ မြောက်ဖက်မြင် ကွင်းက ပိုပြီးသဘာဝကျတယ်လို့ ကိုယ်က တော့ ယုံကြည်မိတယ်။ စိမ်းစိမ်းစိုစို ညိုမှောင် ပြာဆိုင်းနေတဲ့ သစ်ပင် တွေကပဲ အရိုင်းဆန်အောင် အားဖြည့်ပေးသလို ဖြစ်သလားတော့ မဆိုနိုင်ဘူးပေါ့။ ကိုယ့်အဖို့တော့ ညို့တို့ပြာတာ နီဝါရွှေစက် ရောင်စုံလက်နေတဲ့ ဂရင်းကင်ညန်ရဲ့ စွဲမက်ဖွယ်အလှတွေက မျက်စိ ခွါမရအောင် ဖြစ်နေတော့တယ်ပေါ့။
မြောက်ဖက်မှာက ချောက်အတွင်းကို ချွန်ထွက်နေတဲ့ အစွယ်စွန်းတွေလည်း ပိုများသမို့ နက်ရှိုင်းလှတဲ့ ချောက် ကမ္ဘားကြီးများရဲ့ ပင်ကိုယ်အလှကို သုံးဖက်မြင် လေးဖက်မြင်အလှတွေနဲ့ တဝကြီးရှုကြည့်လို့ ရနိုင်တယ်လေ။ ကိုယ်ဖြတ်လျောက်ခဲ့တဲ့ကမ္ပားရဲ့ အသဲယားဖွယ် အနီးကပ်မြင်ကွင်းကို ပြန်ကြည့်လို့ ရနိုင်သလို ဟိုးအဝေးဆီက အလွှာအထပ်ထပ်၊ အစွန်းအဆွယ်ဆွယ်၊ ကမ္ဘာတစ်ဝှမ်းက ထင်ရှားတဲ့ ဂန္ထဝင်အဆောက်အဦကြီးများသဖွယ် မြင်ကွင်းများကိုလည်း ခန့်မှန်းလို့ မြင်နိုင်ပါတယ်။ အထူးသဖြင့်တော့ ဘီးကုန်းကြီးသဖွယ်၊ သက်တန့်နှယ်ပမာ ရောင်စုံချယ်ထားတဲ့ သဘာဝမြင်ကွင်းကျယ် ပန်းချီကားကြီးကိုလည်း ငေးမောလို့ ရနိုင်ပြန်တယ်။ ဒီမြင်ကွင်း ကျယ် ပန်းချီကားကို မြင်ရဖို့ဆိုတာက ဒီကမ္ဘာမှာ ဒီတစ်နေရာတည်းသာ ရှိနိုင်တာမျိုးပဲဖြစ်မှာပါ။ ဒီတော့လည်း ဒီနေရာဟာ ကိုယ့်အတွက် စိတ်ဝင်စားဖွယ်တစ်နေရာ ဖြစ်ခဲ့တာ အဆန်းတော့လည်း မဟုတ်ဘူးပါ့။
တောင်ဖက်က ကမ္ဘာကျော် လပ်စ်ဗေးဂပ်ကနေသွားရင် လွယ်ကူတဲ့နေရာ၊ အရီးဇိုးနားရဲ့ မဟာမြို့တော် ဖီးနစ် ဖက်မှာလည်း ရှိတာမို့ လမ်းပန်းအဆက်အသွယ်ကလည်း ပိုမိုကူးယှက်ဖို့ လွယ်ကူတဲ့နေရာ။ ဒီတော့ အများစု လေ့လာ သူတွေက တောင်ဖက်ပိုင်းကိုသာ သွားတတ်ကြတယ် မဟုတ်လား။လူအရောက်အပေါက်များတဲ့ နေ ရာဆိုတာ လူတွေနဲ့ ဆက်နွယ်နေတဲ့ အရာတွေက ပါလာစမြဲဆိုတော့ တစ်နည်းနည်းနဲ့တော့ သဘာဝအလှ တရားတွေကို ပွန်းပဲ့စေနိုင်တတ်တာမျိုးလေ။ သဘာဝအလှတရားကို ပြည့်ပြည့်ဝဝ ခံစားလိုတယ်ဆိုလျင်ဖြင့် မြောက်ဖက်ဝင်ပေါက်ကနေ ဝင်ရောက်ကာ လေ့လာခြင်းဟာ သင့်အတွက် အကောင်းဆုံးဖြစ်မှာပါ။ တစ်ခွင်လုံး စိမ်းလန်းစိုပြည်နေတဲ့ ဂရင်းကင်ညန်တလျောက် ဖြတ်တိုက်လာတဲ့ မြောက်ပြန်လေပြေက အေးမြခြင်းရသကို ပြည့်ပြည့်ဝဝ ပေးစွမ်းခဲ့တယ်။ ဒီအေးမြခြင်းကပဲ ငြိမ်းချမ်းခြင်းအလှကို သယ်ဆောင်လာပြန်တယ်။ ဒါဟာ ခရီး တစ်ခုရဲ့ တန်ဖိုးဖြတ် မရနိုင်တဲ့ အကျိုးတစ်ခုပဲလေ။ ဒါကြောင့်လဲ ဒီနယ်မြေလေးကို ကန္တာရအလယ်က အိုအေ စစ်ရယ်လို့ ပြောကြတာ ဖြစ်လေမပေါ့။ ပြောသင့်တာပဲလေ။
အလှတွေမျှဝေချင်လို့သာ ကိုယ်က ခုလိုရေးပြနေတာပါ။ကိုယ်မြင်ရတဲ့ ဂရင်းကင်ညန်အလှကို ပြောပြနိုင်တာက တကယ့်ကိုမှ နည်းနည်းလေးမျှသာပါ။ တကယ်ဆိုတော့လဲ တကယ့်သဘာဝတရားတွေရဲ့အလှကို စာလုံးတွေ၊ စကားလုံးတွေနဲ့ ဘယ်မှာပြောပြ၊ ရေးပြလို့ ကုန်နိုင်ပါ့မလဲ၊ မှီလည်းပဲ မှီနိုင်ပါ့မလဲ။
သင်က ကိုယ်မဟုတ်လို့ သင့်အကြိုက်ကို ကိုယ်မသိနိုင်သလို သင့်ကံကြမ္မာက ဘာဆိုတာကိုလည်း မခန့်မှန်း နိုင်ပါဘူး။ သင့်ကုသိုလ်ကံက သင့်ကိုမျက်နှာသာပေးလို့ ဂရင်းကင်ညန်ဒေသကို နှစ်ခေါက်သွားဖို့ အခွင့်ရှိတယ် ဆိုရင်တော့ အအေးအပူ၊ မတူခြားနား၊ တစ်ဘာသာစီ၊ ကွဲပြားကာ လှနေတဲ့ တောင်မြောက် မြင်ကွင်းနှစ်မျိုးကို မြင်ခွင့်ရအောင် စီစဉ်ပေါ့။ ဒါမှမဟုတ်၊ သင့်မှာ တစ်ခေါက်ပဲ ဂရင်းကင်ညန်ကို သွားခွင့်သာမယ်၊ နောက်ပြီး သင် က သစ်ပင်သစ်တောတွေကိုလည်း ချစ်တတ်တယ်၊ စိမ်းစိမ်းစိုစို၊ အေးအေးချမ်းချမ်း တောပန်းလေးတွေ ဖူးပွင့် ဝေနေတဲ့ အလှယှက်နွယ် ရောင်စုံချယ်သ ရွှန်းရွှန်းမြမြ ပသာဒကို တွေ့မြင်ချင်သပဆိုလျင်တော့ မြောက်ဖက်က ဝင်ရတဲ့ ဂရင်းကင်ယန်ခရီးကိုရွေးဖို့ အကြံပြုချင်ပါရဲ့။
သင်ကိုယ်တိုင်မြင်ရတဲ့ ဂရင်းကင်ညန်ဟာ ကိုယ် ပြောပြတာထက် အဆရာထောင် သာလေမယ် ဆိုတာ ကိုယ်က သေသေချာချာကို သိနေတယ် လေ။ ဒါကြောင့် ပြောပြမကုန်နိုင်တဲ့ ဂရင်းကင် ညန်ရဲ့ ရင်ခုံတမ်းတ အလှပသာဒတွေကို အရိပ် အမြွက်မျှသာ ပြောပြနိုင်တဲ့ ကိုယ့်အားနည်းချက် ကိုလည်း သင်ကိုယ်တိုင် ဂရင်းကင်ညန်ကို ရောက်တဲ့အခါမှာ နားလည်စွာ ခွင့်လွှတ်ပေးပါ ဆိုတာကို ကြိုတင်ကာ ပြောထားလိုက်ပါရစေဦး ပေါ့။ ။

{ အမိုးမရှိတဲ့ လိုဏ်ဂူ ၊ သစ်ပင် မထူတဲ့ တောအုပ် }(Click)

အမိုးမရှိတဲ့ လိုဏ်ဂူ ၊ သစ်ပင် မထူတဲ့ တောအုပ် - ဘရိုက်စ် ကင်ညန်
ဉာဏ်ဦးမောင်
ဇူလိုင် ၁၀၊ ၂၀၁၀
ဒီနေ့ခရီးစဉ်က Red Canyon နဲ့ Bryce Canyon ဆီ ကို။ ကိုယ်တို့ စခန်းချတည်းခိုတဲ့ Mt. Carmel Junction-မောင့်တ် ကာမဲလ်လမ်းဆုံကနေ စထွက် တော့ ၁ဝ နာရီဝန်းကျင် ရှိပြီ။ တစ်နာရီကျော်ကျော် ခန့် အကြာမှာတော့ နေ့လယ်စာအတွက် Hatch ဆို တဲ့ မြို့လေးမှာ ခဏနားကြတယ်။ မြို့လေးက မြေပြန့် လွင်ပြင်မှာတည်ရှိပေမယ့် ခပ်လှန်းလှန်းဆီမှာ မြင်ရ တဲ့ တောတောင်တွေရဲ့ အရိပ်က မြိုံ့လေးအပေါ် လွှမ်းခြုံသက်ရောက်နေသလိုဖြစ်လို့မို့ အေးအေးချမ်းချမ်း မြို့လေးတစ်မြို့။ လူနေပါးတဲ့ဒေသမှာ တည်ရှိလို့လဲ တောမြိုံ့လေးရဲ့ အသွင်အပြင်က ပီပိပြင်ပြင်။ အထူးသဖြင့်တော့ ဒီမြို့လေးမှာ စားခဲ့ရတဲ့ ဆိုင်လေးရဲ့ အပြင် အဆင်နဲ့ နေ့လယ်စာလေးကိုတော့ အမှတ်ရနေမိပါတယ်။
ကိုယ့်အမိမြေဒေသမှာ တွေ့ရတတ်တဲ့ တောထမင်းဆိုင်လေးတွေရဲ့ ဓလေ့တစ်ခုကို ဒီဆိုင်လေးမှာ တွေ့ရတယ်။ ကိုယ်ချစ်မြတ်နိုးတဲ့ အနုပညာရှင်တွေရဲ့ ပိုစတာဓာတ်ပုံတွေကို ချိတ်ဆွဲထားတတ်သလိုမျိုး ကိုယ်နေ့လယ်စာ စားခဲ့တဲ့ မြို့လေးရဲ့ ဆိုင်နံရံအပေါ်ပိုင်းတလျောက်လုံးမှာလည်း နာမည်ကျော် အဆိုတော်တွေ၊ ရုပ်ရှင်အနု ပညာရှင်တွေရဲ့ ပုံတွေကို ချိတ်ထားတယ်။ ပုံအများစုကလည်း လက်ရှိနာမည်ကျော်သူတွေ မဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ်ခန့်က နာမည်ကြီးခဲ့တဲ့ သူတွေရဲ့ပုံတွေ။ ဆေးရောင်စုံဓာတ်ပုံတွေလည်း ပါသလို အဖြူအမဲပုံတွေလည်း ပါရဲ့။ ခုလို ခေတ်ဟောင်းအနုပညာရှင်တွေပုံတွေကို မြင်ရတာကိုကပဲ ဒီမြိုံလေးနဲ့ ဒီဆိုင်လေးကို ဒဏ္ဍာရီ ပိုဆန်သွားစေသလားတော့ မဆိုနိုင်ဘူးပေါ့။
လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ် အနုပညာရှင်တွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ခုခေတ်သစ်ဝတ်စားဆင်ယင်မှု မတူခြား နားတာကို သတိပြုမိပါတယ်။ ဆိုင်တစ်ဆိုင်လုံးရဲ့ ပတ်ပတ်လည်မှာ ပုံများစွာချိတ်ဆွဲထားပေမယ့် ပုံတွေထဲမှာ ကိုယ်သိသူဆိုလို့ အဲလဗစ် ပရက်စလေ တစ်ယောက်ပဲပါတယ်။ သူ့ပုံကတော့ ဆံပင်အမောက်ထောင်ထောင်၊ အင်္ကျီကော်လာက ကြီးကြီးပြားပြား၊မေးချွန်းချွန်းနဲ့ဆိုတော့ တစ်မျိုးအမြင်ထူးနေတာမို့ မှတ်မိနေတာလေ။ သူ့ အတုကိုယူလို့ ဝတ်စားဆင်ယင်တတ်ကြတာကို ကိုယ်ငယ်ငယ်က ကိုယ်တို့ဆီမှာလည်း မြင်ခဲ့ရဘူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကတော့ ဘယ်မှာလာ အဲလဗစ်တုတွေလို့ သိနိုင်ခဲ့ပါ့မလဲ။ လူကြီးတွေပြောပြောနေတတ်လို့ ဘောင်းဘီဖင်ကျပ်နဲ့ လမ်းသရဲဂိုဏ်းသားတွေဆိုတာကို အမှတ်ရနေမိတာ။ အစဉ်ပြောင်းလဲနေတဲ့ ယဉ်ကျေးမှု အစဉ်အလာကြားမှာ အဲလဗစ်ယဉ်ကျေးမှုပုံစံလည်းပဲ ခုတော့ဟောင်းနွမ်းမှုကြားမှာ။ တောမြို့လေးတစ်မြို့ရဲ့ နံရံပေါ်မှာသာ အဲလဗစ်ခမျာ အခန့်သားပြုံုးနိုင်တော့ရှာပါ့။ ငယ်စဉ်ကတော့ ယဉ်ကျေးမှုဆိုတာမျိုးဟာ ဘယ် လိုအရံအတားတွေကိုပဲဖြစ်ဖြစ် ဖြတ်ကျော်တတ်တယ်ဆိုတာမျိုးကို မတွေးတတ်ခဲ့သလို ပျောက်ကွယ်ချိန် ရောက်ပြန်ကလည်း ဘယ်အရာတွေနဲ့မှ ဆွဲထားလို့ မရနိုင်ဘူးဆိုတာကိုလဲ ဘယ်မှာ တွေးတတ်နိုင်ခဲ့ပါ့မလဲ။ သို့ပေမယ့်လည်း မရနိုင်တဲ့အရာမျိုးကိုပင် ရလိမ့်နိုးနိုးနဲ့ ဟန့်တားလို ဆန့်ထားလိုတတ်သူမျိုးလည်း ရှိနိုင်တာပဲ ပေါ့လေ။

ဆိုင်လေးက ရှေးဟောင်းအပြင်အဆင်နဲ့။ အဲဒီရှေး ဟောင်းအပြင်အဆင်ပေါ်မှာ ခုလိုရှေးဟောင်းအနုပညာရှင် တွေရဲ့ပုံစံနဲ့ တန်ဆာဆင်ထားလိုက်တော့ တကယ့်ကိုမှ အတိတ်ကာလတစ်ခုဆီ ပြန်ရောက်သွားသလို။ ဂန္ထဝင် ကိုမြတ်နိုးသူတစ်ယောက်ဆိုလျင်တော့ အတော်မှကိုပဲ နှစ်သက်မယ့်နေရာလေး တစ်နေရာဖြစ်မှာပေါ့။ ကိုယ့် အတွက်လည်း ဒီဆိုင်လေးဟာ နှစ်သက်စရာ ဖြစ်ခဲ့ပါတယ်။ ကိုယ်ကတော့ ဂန္ထဝင်ကို မြတ်နိုးတတ်သူမို့ တော့ မဟုတ်ပါဘူး။ ကိုယ်စားခဲ့ဘူးတဲ့ Fish Sandwich တွေထဲမှာဆိုလျင်တော့ ဒီဆိုင်လေးမှာ စားခဲ့ရတဲ့ ဆင်း ဒဝစ်ခ်ျဟာ အကောင်းဆုံးဖြစ်တာကြောင့်ပါ။ တကယ်လို့ US 89 ပေါ်ကို ကားဖြတ်မောင်းဖြစ်ခဲ့တယ်ဆိုလျင်ဖြင့် Hatch ဆိုတဲ့ မြို့လေးမှာရှိတဲ့ Galaxy Diner ဆိုတဲ့ ဆိုင်လေးမှာနားဖို့ မမေ့ပါနဲ့။ တကယ်လို့ သင်က အမေရိ ကန် ကျေးလက်တေးသီချင်းနဲ့ ရော့ခ်ခေတ်ဦးသီချင်းတွေကို ကြိုက်တတ်တယ်ဆိုလျင်ပေါ့လေ။ ကိုယ်ထိုင်နေခဲ့ တဲ့ တစ်နာရီကျော်ကျော်အချိန် အတွင်းမှာ ဆိုင်လေးရဲ့စပီကာကနေ ထွက်ပေါ်နေတဲ့ တေးသီချင်းသံကလည်း ၁၉၆ဝ၊ ၇ဝ ဝန်းကျင်က ခေတ်စားခဲ့တဲ့ သီချင်းတွေတဲ့လေ။ အမေရိကန်ကျေးလက်တေးသံနဲ့ ရော့ခ်အပျော့စား ကို ခွဲခြားတတ်အောင် တေးသီချင်းသံတွေနဲ့ မရင်းနှီးလို့မို့ ဘယ်သီချင်းက ရော့ခ်၊ ဘယ်သီချင်းက အမေရိကန် ကျေးလက်တေးသံဆိုတာကိုတော့ မခွဲခြားတတ်ပါဘူး။ တကယ်တော့လည်း အနုပညာခံစားမှုဆိုတာ အမည် နာမတွေသိဖို့က ပဓာနမှတော့လည်း မဟုတ်တာ။ ရှေးသီချင်းသံလေးနားထောင်ရင်း ကိုယ်အမှတ်တရဖြစ်ခဲ့တဲ့ အပြင်ဖက်က နုနုပျော့ပျော့၊ အတွင်းဖက်မှာ ကြွပ်ကြွပ်ရွရွ၊ စားလို့တမျိုး အရသာရှိလှတဲ့ ဆင်းဒဝစ်ခ်ျကိုလည်း မှာယူစားဖို့ မမေ့စေနဲ့ဦးပေါ့။
Red Canyon ဆိုတဲ့နာမည်ကိုက အနီရောင်သဘော ကိုညွှန်ပြနေတာမို့ ထူးဆန်းတဲ့ အနီရောင်မြင်ကွင်းကို တော့ ကြိုတင်မှန်းဆထားပြီးသားပါ။ သို့ပေမယ့် ဘယ် လို ပုံစံနဲ့ ဘယ်လိုနီလေမလဲဆိုတာကိုတော့ မခန့်မှန်း နိုင်ခဲ့ပါဘူး။ ကျောက်သားကျောက်တောင်ကြီးတွေက နီနေတာလား။ မြေခဲမြေစိုင်တွေက နီနေတာလား။ တောတောင်ချောက်ကြား စီးမျောသွားနေတဲ့ မြစ်ရေ အလျင်ကပဲ နီနေတာလား။ ဒါမှမဟုတ်လဲ ချောက် ကြားမှာ ပေါက်နေတဲ့ သစ်ပင်သစ်တောများကပဲ အနီ ရောင်ရောင်တောက်တောက် ဖြစ်နေသလားပေါ့။ လားပေါင်းများစွာနဲ့ ဒီနေရာကို ရောက်လာခဲ့တာ။ ကိုယ်ထင် ထားတဲ့ လားပေါင်းများစွာထဲက တလားလားနဲ့ လာတူနေခဲ့တယ်ဆိုရင် ကိုယ်ထင်တာနဲ့ တူတာပဲဆိုပြီး အံ့သြ မိချင်မှ အံ့သြမိမှာ။ ခု တကယ်ရောက်တော့ ကိုယ်ထင်ထားတဲ့ လားပေါင်းများစွာထဲက တစ်လားလားနဲ့မှ သူက တူ မနေဘူးလေ။
ကျောက်တောင်တော့ ဟုတ်ပါရဲ့။ ဒါပေမယ့် ကျောက်ဆောင်နဲ့မတူတဲ့ ကျောက်တောင်၊ မြေစိုင်တော့လဲ မှန်ပါရဲ့။ ဒါပေမယ့် ဘယ်မြေစိုင်ခဲနဲ့မှ နှိုင်းပြလို့ မရနိုင်တဲ့ မြေစိုင်။ နီလွလွ၊ တိတိကျကျဆိုရရင် တချို့က လိမ္မော်ရင့် ရောင်၊ တချို့က ပန်းရောင်ရင့်ရင့်၊ ကျောက်ခိုင်ကျောက်သား မြေခဲမြေစိုင်ကြားမှာ စိမ်းလန်းတဲ့ သစ်ပင်တွေ ဝေဝေဆာဆာနဲ့ တစ်မျိုးပသာဒရှိပြီး ချစ်စရာကောင်းတဲ့ နေရာလေးဟာ Red Canyon-အနီရောင်ချောက် ကြားဒေသလေးပါပဲ။ ဘရိုက်ကင်ညန်ဆိုတဲ့အမည်ကို မကြားဘူးပေမယ့် ရက်ဒ် ကင်ညန်ဆိုတဲ့ နာမည်ကိုတော့ ကြားဖူးနေခဲ့တာကြာပြီ။ ဒါပေမယ့် တကယ်တော့ ရက်ဒ်ကင်ညန်ထက်စာရင် ဘရိုက်စ်ကင်ညန်က ပိုပြီးကျယ် ပြန့်ပါတယ်။ ကြည့်ရှုလေ့လာဖွယ်တွေလည်း ပိုများပါတယ်။ ရက်ဒ်ကင်ညန်က လှတော့လှပါရဲ့။ ဒါပေမယ့် သူ့နယ်ပယ်က သိပ်ကျဉ်းလွန်းပါတယ်။ ဇိုင်ယန်ဥယျာဉ်နဲ့ ဘရိုက်ကင်ညန်၊ ဒါမှမဟုတ်လည်း ဂရင်းကန်ညန်နဲ့ ဘရိုက်ကင်ညန် ဆက်သွယ်တဲ့ကြားမှာ သူကဖြတ်သွားဖြတ်လာ ခဏနားနေနိုင်တဲ့ နေရာလေးသာသာမျှသာ။ ဒါပေမယ့်လည်း သူ့ရဲ့အလှကတော့ ကြီးမားတဲ့ကင်ညန်တွေကို ယှဉ်နိုင်သပလေ။
ဘရိုက်စ် ကင်ညန်ကို သရုပ်ဖော်သူတွေက အမိုးမရှိတဲ့လိုဏ်ဂူ၊ သစ်ပင်မရှိတဲ့တောရယ်လို့ ပြောကြတယ်။ လိုဏ်ဂူဆိုတာ မြေအောက်၊ တောင်အောက်မှာဖြစ်ဖြစ် ။ တောင်နံရံမှာဖြစ်ဖြစ် ရှိတတ်တာမို့ အမိုးအကာနဲ့ ရှိတတ်တာမျိုး မဟုတ်လား။ လိုဏ်ဂူဆိုတဲ့သဘောကိုက အမိုးအကာ ပြည့်ပြည့်စုံစုံနဲ့ ဝင်ထွက်ပေါက် ကျဉ်း ကျဉ်းရှိတတ်တဲ့အရာမျိုးကိုသာ ခေါ်ရိုးမဟုတ်လား။ တောအုပ်ဆိုတာကလည်း သစ်ပင်ထူထူ၊ ချုံနွယ်ပိတ်ပေါင်း၊ သစ်အောင်း ကျားခို၊ စိမ်းညို့ညို့မှောင်၊ နေရောင်မထိုး၊ လူမတိုးနိုင်တဲ့ နေရာမျိုးကို ခေါ်တယ်လို့ အကြမ်းစား အားဖြင့် သတ်မှတ်ထားရိုး မဟုတ်လား။ ဒီတော့ အမိုးမရှိတဲ့လိုဏ်ဂူ၊ သစ်ပင်မထူတဲ့တော၊ သစ်ပင်မရှိတဲ့တော ဆိုတော့ ကိုယ့်အတွက်အဆန်းပေါ့။ တင်စားသုံးနှုန်းထားတဲ့ အသုံးမှန်းသိပေမယ့် ဘာကြောင့်ဘယ်လို အမိုးမဲ့ လိုဏ်၊ သစ်ပင်မရှိတဲ့ တောမြိုင် ဖြစ်နေရတယ်ဆိုတာကိုတော့ မခန့်မှန်းနိုင်ခဲ့ပါဘူး။ အခုလို မခန့်မှန်းနိုင်ခဲ့ခြင်း ကိုက ဘရိုက်စ်ကင်ညန်ကို အရောက်သွားဖြစ်ဖို့ တွန်းအားတစ်ရပ် ဖြစ်နေခဲ့တယ်လို့တောင် ဆိုရမှာပါ။
တကယ်တမ်း ကိုယ်တိုင်ရောက်လေကာမှ အော် အမိုးမဲ့လိုဏ်ဆိုတဲ့ သူတို့စကားဟာ ဟုတ်ပေသားရယ်လို့ နားလည်လိုက်ပါတယ်။ တကယ်တော့ ဒီအမိုးမဲ့လိုဏ်ဂူရယ်လို့ သူတို့လို အမည်မတတ်တတ်လျင်တောင် ဘရိုက်စ်ကင်ညန်ကိုရောက်လျင်ဖြင့် လိုဏ်တစ်ခုထဲကို ရောက်သွားရတဲ့ ခံစားမှုမျိုး သူသူကိုယ်ကိုယ် ခံစား မိတတ်ကြမှာပါ။ ဘရိုက်စ်ကင်ညန်ဆိုတာ အပြာရောင်ရင့်ရင့် မိုးကောင်းကင်အမိုးအောက်မှာ ဝါနီရောင်တောက် တောက် ကျောက်ပန်းဆိုင် ပန်းခိုင်တွေ မှိုလိုပေါက်နေတဲ့ အံ့မခန်းလောက်စရာ နေရာတစ်ခုလို့ ဆိုရမှာပါ။ တကယ်လို့ သူတို့ပြောသလို အမိုးမဲ့ဂူဆိုလျင်တောင် ဒီဘရိုက်စ်ကင်ညန်ဆိုတဲ့ ဂူဟာ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး ဂူတစ်ခုပဲ ဖြစ်လေမှာပါ။
ဘရိုက်စ်ကင်ညန်ထဲမှာ မြင်ရတဲ့ ကျောက်ဆိုင်ကျောက်လွှာတွေက အခြားနေရာဒေသတွေရဲ့ ဂူတွေထဲမှာသာ မြင်ရတတ်တဲ့ ကျောက်ဆိုင်ကျောက်ပန်းတွေအလားလေ။ ဒါပေမယ့် အခြားနေရာက လိုဏ်ဂူတွေထဲမှာက အပေါ်ကနေ စိမ့်ကျလာတဲ့ ရေနဲ့အတူ စီးမျောပါလာတဲ့ ကျောက်မှုန်ကျောက်သားတွေ စဖွဲ့ပြီး ကြာလာတဲ့အခါ ကျောက်ပန်းကျောင်ဆိုင်တွေဖြစ်လာတာ။ ဒီမှာတော့ အမိုးက ကောင်းကင်ကြီးသာမို့ အဲဒီလို အပေါ်က တစစ စီးကျလာတဲ့ ကျောက်သားလွှာနဲ့ ဖွဲ့ထားတာတော့ ဘယ်ဟုတ်ပါ့လဲ။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဆီက မီးတောင်ပေါက်ကွဲခဲ့ရာကနေ ထွက်ပေါ်လာတဲ့ ချော်ရည်အပျော့စားတွေနဲ့ အပေါ်ယံလွှာပါးပါး အမာစားကျောက်သားတွေ ပေါင်းစပ်ကာ ဖြစ်နေတဲ့ ကျောက်သားရုပ်တုလေး တွေလေ။ သဘာဝရဲ့ ဆန်းကြယ်မှုက အပေါ်မှာ ဦးထုပ်ပုံလေးတွေ၊ ဦးခေါင်းပုံလေးတွေ ဖန်တီးပေး ထားသမို့ ကျောက်စိုင်ကျောက် သားလေးတွေက လူသားရုပ်တုလေးတွေသဏ္ဌာန် ဖြစ်နေတယ်။ အကြီးအသေး အရွယ်အစားအစားနဲ့ နှစ်ခုသုံးခု စသည် အစုလေးတွေ စုကာ ဖြစ်နေတတ်တာ ကြောင့်လည်း တကယ့်လူသား မိသားစုလေးတွေ အလား ထင်ရပါတယ်။
ဒီဒေသကိုရောက်လျင်ဖြင့် ဘယ်လိုမှ အမှတ်မထားမိဘဲ မနေနိုင်မယ့် ဝေါဟာရတစ်ခုကိုလည်း တွေ့ရမှာပါ။ သင်က ဗဟုသုတများသူမို့ ဒီဝေါဟာရကို အရင်ကတည်းက ကြားဘူးကောင်း ကြားဘူးပါလိမ့်မယ်။ ကိုယ့် အဖို့ တော့ ဒီဝေါဟာရလေးက တကယ့်ကိုမှ အသစ်စက်စက်ပါ။ နောက်ပြီး Hoodoo ဆိုတဲ့ ဒီဝေါဟာရလေးက စကားလုံးလေးကိုယ်တိုင်ကိုယ်ကပဲ ဆန်းဆန်းပြားပြားလေးနဲ့ တစ်မျိုးစိတ်ဝင်စား ဖွယ်ကောင်းနေတယ်လေ။ စကားလုံးလေးရဲ့နောက်မှာ ဘာသာရေးတစ်ခုခု၊ ဒါမှမဟုတ်လည်း လူမျိုးတစ်မျိုးရဲ့ ရိုးရာအစဉ်အလာ ယဉ် ကျေးမှုတစ်ခုခုနဲ့ ဆက်နွယ်နေမယ်လို့ ခန့်မှန်းနိုင်တဲ့ စကားလုံးလေးပေါ့။ ကြားရတဲ့အသံတွင်ပါမက မြင်ရတဲ့ Hoodoo ဆိုတဲ့ စာလုံးလေးကိုက တစ်မျိုးစိတ်ဝင်စားစရာပါ။
ဟူးဒူးဆိုတဲ့စကားလေးကို ဘာသာ။ လူမျိုးနဲ့ ယဉ်ကျေးမှုအမျိုးမျိုးက အဓိပ္ပါယ်အမျိုး ဖွင့်ကြပါတယ်။ လေ့လာ ကြည့်တော့ ဒီစကားလေးက (folk magic) ရိုးရာအစဉ်အလာ ယုံကြည်မှု အံ့ဖွယ်ရာတွေနဲ့ ဆက်နွယ်နေတဲ့ စကားလေး ဖြစ်နေတယ်လေ။ ကျောက်စိုင်ကျောက်သားထိပ်မှာ မတ်မတ်တည်တည်ဖြစ်နေတဲ့ ဟူဒူးတွေက အနီရောင်လူသားလေးတွေ ရပ်နေဟန်ပါပဲ။ ဒီဒေသမှာ ဦးစွာအခြေချနေထိုင်တဲ့ ရှေးဦးအမေရိကန်မျိုးနွယ်စု အချို့က (Native American Ethnic Group) ဒီဟူဒူးတွေဟာ လူသားတွေက ဖြစ်လာတာ။ သူတို့ကိုးကွယ် တဲ့ဘုရားက စကားနားမထောင်ပဲ လုပ်ချင်ရာလုပ်တဲ့သူတွေကို ခုလိုဟူဒူးရုပ်တွေဖြစ်အောင်ဖန်တီးပြီး ဒဏ် ခတ်ထားတယ်လို့ ယုံကြည်ပါသတဲ့။
ရိုးရာယုံကြည်မှုဆိုတာ ယုတ္တိရှိမရှိကို အခြေခံတာမျိုး မဟုတ်လို့ ယုတ္တိရှိတယ် မရှိဘူးဆိုတဲ့ ပညာရှင်တွေရဲ့ ပေ တံနဲ့တိုင်းတာလို့တော့လည်း ဘယ်ရနိုင်မှာလဲ။ ယုံကြည်မှုဆိုတာ ယုံကြည်မှုပဲလေ။ ကိုယ်ကတော့ လူလေး တွေ မတ်မတ်ရပ်နေဟန်ထင်ရတဲ့ ဒီဟူးဒူးလေးတွေကိုကြည့်ပြီး ဆရာ့စကားနားမထောင်လို့ အတန်းထဲက ခုံ ပေါ်မှာ မလှုပ်မရှက် ငြိမ်ငြိမ်လေးရပ်နေစေဖို့ ဒဏ်ပေးထားတဲ့ ကျောင်းသားငယ်လေးတွေကို ပြေးမြင်မိပါတယ်။ ဒီမှာတွေ့ရတဲ့ ဟူးဒူးလေးတွေကတော့ သက်မဲ့ကျောက်ရုပ်လေးတွေလေ။ သူတို့မှာက ခံစားနားလည်နိုင်စွမ်းမှ မရှိတာ။ ခုလို ကျောက်ဆောင်ထိပ်ဖျား နေပူကျဲကျဲထဲမှာ နှစ်ရာထောင်ရှည်ကြာ ရပ်နေရပေမယ့် ဘယ်မှာ ပင် ပန်းနွမ်းနယ်တယ်ဆိုတာ ရှိပါ့မလဲ။ ကိုယ်တွေ့ခဲ့ဘူးတဲ့ လူသားဟူဒူးလေးတွေကတော့ တခါတခါ နေပူထဲမှာ အလံလေးတွေကိုင်ကာ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေရရှာတာ။ ဘယ်အချိန်မှာ ဘယ်နေရာကနေ ဘာ အကြောင်းကြောင့်ရောက်လာမယ်မှန်းမသိတဲ့ ဒဏ်ပေးမယ့်သူကို နေပူကျဲကျဲထဲကနေ စောင့်နေရတဲ့ ဟူးဒူး ငယ်လေးတွေလို လူသားလေးတွေရဲ့ ပုံရိပ်လွှာအချို့ကိုလည်း သနားစဖွယ် အတွေးထဲပြန်လည် မြင်ဖြစ်အောင် မြင်လာမိပါသေးတယ်။ ဟူးဒူးလေးတို့ရေ၊ အားမငယ်ပါနဲ့။ မင်းတို့မှာ အဖော်တွေအများကြီးရှိနေပါသေးတယ်။
တချို့နေရာများက ကျောက်စိုင်ကျောက်လွှာများကတော့ အနီရောင်စွေးစွေးထနေတဲ့ သစ်ပင်သစ်တောများလို ပါပဲ။ ဒါကြောင့်လည်း သစ်ပင်မရှိတဲ့တောအုပ်လို့ ဆိုကြလေတာဖြစ်မှာပါ။ ဘရိုက်ကင်ညန်ကိုရောက်တော့ သဘာဝကြောင့်ဖြစ်တည်နေတဲ့ အရာတွေဟာ လူတွေတုပဖန်တီးလို့ရနိုင်တာရဲ့ ဟိုမှာဖက်မှာ ရှိနေတယ်ဆိုတာ ကို အမှတ်ရစေပါတယ်။ မူလအမေရိကန်မျိုးနွယ်စုတွေပြောသလို ဘုရားသခင်က ဟူဒူးတွေကို ဖန်ဆင်းထား တယ်ဆိုတာ ဟုတ်တယ် မဟုတ်ဆိုတာထက် မြင်ရတဲ့ မြင်ကွင်းအလှတွေဟာ ဘုရားသခင်သာ တကယ်ဖန် ဆင်းတယ်ဆိုလျင် ဖန်ဆင်းရှင် ဘုရားသခင်ဟာ ကျွမ်းကျင်လိမ္မာတဲ့ ပန်းချီပညာရှင်တစ်ဦး ဖြစ်လိမ့်မယ်လို့လဲ ကြံကြံဖန်ဖန် တွေးမိပါတယ်။ ဟုတ်တယ်လေ။ ဒီလောက်လှပတဲ့ မြင်ကွင်းမျိုးကို အလွန့်အလွန် ကျွမ်းကျင်တဲ့ ပန်းချီပညာရှင်တစ်ဦး မဟုတ်ခဲ့လျင် သူဘယ်လိုလုပ် ဖန်တီးနိုင်ပါ့မလဲ။
ပြောလို့သာ ပြောရတာပါလေ။ ဘုရားသခင်ကိုယ်တိုင် ဒီမြင်ကွင်းကျယ် ပန်းချီကားချပ်ကြီးကို ဖန်တီးထားခဲ့ တယ်ဆိုရင်တောင် သူ့ဘဝတစ်သက်တာမှာ ဒီပန်းချီကားမျိုးကို တစ်ကြိမ်တစ်ခါ၊ ဒီတစ်နေရာတည်းမှာသာ ဖန် တီးခဲ့တာဖြစ်မှာပါ၊ ဒါမှမဟုတ်လည်း သူ့ဘဝတစ်သက်တာမှာ တစ်ကြိမ်တည်းသာ ဖန်ဆန်းနိုင်လို့ပဲ ဖြစ်မှာပါ။ ဒါ သေချာပါတယ်လေ။ ခု ကိုယ်မြင်ရတဲ့ အလှက အခြားတစ်နေရာမှာ ထပ်ခါတွေ့နိုင်တဲ့ အလှမျိုးမှ မဟုတ်တာ။ ။

Friday, July 02, 2010

{ သမိုင်းနှင့်အစဉ်အလာ - မြန်မာ့ရိုးရာနဲ့ ယဉ်ကျေးမှု }(Click)

သမိုင်းနှင့်အစဉ်အလာ - မြန်မာ့ရိုးရာနဲ့ ယဉ်ကျေးမှု
Wednesday, 07 July 2010
ထိုးကွင်းကလေးနဲ့ ယဉ်တဲ့ ကိုဆံရှည်
ရန်ဝင်း (တောင်တံခါး)
ဇူလိုင် ၈၊ ၂၀၁၀


“ချစ်တဲ့သူ ကိုဆံရှည် ရောင်ကြီးဗွေ။ ဒူးပေါင်ရိုး အရင်းမှာလေ၊ ထိုးကွင်းနဲ့ အလှသားအေ။”
ထိုးကွင်းကလေးနဲ့ ခြင်းခတ်သူ၊ ရွှေပြည်အေး

ကုန်းဘောင်ခေတ်ဦး အချိန်လောက်ကတည်းက ရှေးမြန်မာတွေ ထိုးကွင်းမင်ကြောင် ထိုးတဲ့ဓလေ့ရှိနေနှင့်ပြီလို့ မှန်းဆရပါတယ်။ ကုန်းဘောင်ခေတ်ဦး နံရံဆေးရေးပန်းချီတွေနဲ့ ပုရပိုက်တွေမှာ တွေ့နိုင်ပါတယ်။ အကြမ်းအားဖြင့် ထိုးကွင်း နဲ့ မင်ကြောင် လို့ နှစ်မျိုးခွဲခြားပြီးပြောရမယ်ထင်ပါတယ်။ အလှအပအနေနဲ့ ထိုးကွင်းထိုးတာရယ်၊ သိဒ္ဓိတင်၊ ပီယမြောက် အဆောင်အဖြစ် မင်ကြောင်ထိုးတာရယ်လို့ ထိုးတဲ့ရည်ရွယ်ချက် နှစ်မျိုးရှိပါတယ်။

ထိုးကွင်းမင်ကြောင်ထိုးလိုက်ပြီးရင်တော့ ပြန်ဖျက်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်လည်း ထိုးကွင်းမင်ကြောင် ထိုးတော့မယ်လို့ဆိုရင် မလုပ်ခင်ကတည်းက သေသေချာချာစဉ်းစားကြဖို့အတွက် မြန်မာ့ရှေးစကား သတိပေးတဲ့ အချက်တွေထဲမှာ ပါဝင်နေပါတယ်။

“အိမ်ထောင်ပြု၊ ဘုရားတည်သည်၊ ဆေးမင်ရည်စုတ်ထိုး၊ ပြင်နိုင်ခဲတဲ့ အမျိုးတွေပေ။”
“ရေချိုးတဲ့အဝတ်နဲ့ အင်္ဂလိပ်မရုပ်ကလေး၊ ဆေးထိုးမှားရင်၊
နောင်တွင် အသက်ကြီးလို့ အရွယ်အို၊ စိတ်တိုတို သင်္ဂြိုဟ်ငြင်းတိုင်း၊ လမိုင်းမကပ်မှာတွေမြင်။”
မုံ့စား၊ မြို့မငြိမ်း

ကြောင်တက်၊ ကြောင်ဆင်း၊ ကြောင်ဖီလာ ဆိုတဲ့ ကြောင်ရုပ်တွေကို မင်ဆေးနဲ့ ထိုးတာကြောင့် မင်ကြောင် ဆိုတဲ့ ဝေါဟာရဖြစ်လာတယ်လို့ သုတေသီများက မှန်းဆကြတယ်။ မင်ကြောင်ထိုးတဲ့အခါ ရင်အုပ်၊ နောက်ကျော၊ ခြေသလုံး၊ ပုခုံး၊ လက်မောင်း၊ လက်ဖျံတွေကစပြီး ဦးရေခွံပါမကျန် တကိုယ်လုံး နေရာမျိုးစုံမှာ ထိုးပါတယ်။ အင်းကွက်တွေ၊ ဂါထာ စာတန်းတွေနဲ့ အရုပ်အမျိုးမျိုးကို မင်နီ၊ မင်နက်တွေနဲ့ ထိုးလေ့ရှိတယ်။ အမျိုးအစား အင်မတန်စုံတော့ မင်ကြောင်ဆရာတဦးထဲက ထိုးထားတာတောင်မှ တသွေမသိမ်းတူတဲ့ မင်ကြောင်တွေကို ရှာတွေ့ဖို့ မလွယ်ကူပါ။ မိန်းမသားတွေမှာလည်း လက်ကောက်ဝတ်နေရာတွေမှာ စားခွက်နှိုက်အဆောင်ဆိုပြီး ထိုးတတ်ကြသေးတယ်။

ရှေးပုရပိုက်ပါ အင်း နဲ့ နတ်ရုပ် မင်ကြောင်ပုံစံ

ပုခုံးပေါ်မှာထိုးထားတဲ့ အင်း နဲ့ နတ်ရုပ် မင်ကြောင်

ရှေးဘုရင်ခေတ်က ရာဇဝတ်သားတွေရဲ့ လက်ဖျံ၊ နဖူး စတဲ့နေရာတွေမှာ အများမြင်သာစေဖို့ ရည်ရွယ်ချက်နဲ့ ‘ငမိုးသီး၊ မဆိုးနဲ့၊ မမိုက်နဲ့’ စသဖြင့် လူဆိုးမှတ်တမ်းတွေကို မင်ကြောင်နဲ့ ထိုးလေ့ရှိတယ်။

ခါးပတ်ပတ်လည်ကစလို့ ဒူးဆစ်နားဆီမှာဆုံးတဲ့ ထိုးကွင်းကိုတော့ မြန်မာယောက်ျားသားတွေပဲ ထိုးလေ့ရှိတယ်။ ထိုးကွင်းရှိမှ ယောက်ျားဟန်ပန်ပီသတယ်လို့ ယူဆကြတဲ့ခေတ်ဆိုတော့ ရောင်ကြီးဗွေ၊ ရောင်တစောင်းထုံးတဲ့ပြီး ခါးတောင်းကျိုက်နဲ့ ခြင်းအယိုင်ခတ်ကြတဲ့အခါဖြစ်ဖြစ်၊ အပျော်သဘောနဲ့ နပန်းလုံးကြတဲ့အခါဖြစ်ဖြစ်၊ ထိုးကွင်း မထိုးရသေးရင်၊ ပေါင်တွေလုံးချင်းအတိုင်း ပြောင်ပြောင်ကြီးမြင်နေရတာကို ရှက်စနိုးဖြစ်တတ်ကြတယ်။ ဒါကြောင့် အများအားဖြင့် ၁၂ နှစ်သား၊ ၁၄ နှစ်သားလောက်မှာ ထိုးကွင်းထိုးပြီးနေကြပြီ။ ၁ဝ နှစ်သားလောက်က စပြီး ၁၇ နှစ်သား လောက်အတွင်းမှာ ထိုးလေ့ရှိပါတယ်။

ထိုးကွင်းဆရာနဲ့ ထိုးကွင်းရှင်

ထိုးကွင်းလို့ခေါ်တာကတော့ အကွင်းအကွင်း အဝိုင်းပုံစံတွေထဲမှာ အရုပ်မျိုးစုံကို မင်ဆေးနဲ့ ထိုးထားတာကြောင့်ပါ။ ထိုးကွင်းအရွယ်က ၁ လက်မခွဲကနေ ၂ လက်မတမတ်လောက်အထိ ရှိတယ်။ ရှေးကျတဲ့ ထိုးကွင်းတွေက အရွယ်ပိုကြီးပြီး၊ နောက်ပိုင်းကျလာရင် ထိုးကွင်းအရွယ်တွေက ငယ်ငယ်လာတယ်။ ထိုးကွင်းမထိုးခင် လေးထောင့်အကွက်တွေနဲ့ အကွင်းပုံစံကို အရင်မင်နဲ့ရေးပြီး ရာထားပါတယ်။ တချို့ ထိုးကွင်းဆရာတွေက အလွတ်ထိုးတယ်။ နောက်ပိုင်းခေတ်မှာတော့ လက်ပံဆူးပေါ်မှာ အဆင်သင့်ထွင်းထားတဲ့ အရုပ်ကို မင်သုတ်၊ ပုံနှိပ်ပြီး ကောက်ကြောင်းပုံစံအတိုင်း ထပ်ထိုးတာလည်းရှိတယ်။

ထိုးကွင်းထဲမှာ အထိုးအများဆုံးအရုပ်က ဘီလူးရုပ်ပါ။ ဘီလူးစက်နင်း၊ အလံကိုင်၊ တံခွန်လွှား၊ သံလျှက်ထမ်း၊ ဘီလူးခေါင်းတုံး စတဲ့ ဘီလူးရုပ်အမျိုးမျိုးရှိတယ်။

ဘီလူးရုပ်များ

ဝက်၊ ကြောင်၊ ဥဒေါင်း၊ လိပ်၊ ငှက်တော်၊ မျောက်၊ ဇော်၊ ငုံး အရုပ်အမျိုးမျိုး၊ ပန်းခက်နဲ့ အကွက်အဆင်တွေကိုလည်း ထိုးကွင်းဆရာက လက်စွမ်းပြတဲ့အနေနဲ့ရော၊ ကွက်လပ်ဖြည့်တဲ့အနေနဲ့ရော အစုံထိုးပါတယ်။ တခြားအရုပ်တွေက ဘီလူးရုပ်လောက်တော့ လက်မဝင်ပါ။ ဒါကြောင့် ထိုးကွင်းတခုမှာ “မင့်ဟာက ဝက်ကုန်းတွေပဲ များနေတာပါကွာ” လို့ အဝေဖန်ခံရရင်၊ ထိုးကွင်းဆရာက လက်ရာခိုထားတယ်လို့ ဆိုလိုပါတယ်။



အသုံးများတဲ့ထိုးကွင်း အရုပ်တွေ

ဒူးစွတ် ဆိုတာက ဒူးအထက်နားမှာ ထိုးကွင်းကို လက်စသတ်တဲ့အခါ ထိုးတဲ့ပုံစံကို ခေါ်ပါတယ်။ အရုပ်ဘေးက ပတ်ဝိုင်းထားတဲ့စက်ဝိုင်းကို စာရံ လို့ ခေါ်တယ်။ အင်းစာ နဲ့ စမတွေ၊ ဂဏန်းတွေကို ပတ်ဝိုင်းပြီးထိုးရာက ဆင်းသက်လာတဲ့ စကားလုံးပါ။ စာရံမှာထိုးထားတဲ့ လေးထောင့်ရှည်ရှည် အတုံးငယ်ကလေးတွေရဲ့ အကျဉ်းအကျယ်ဗြက်ကိုကြည့်ပြီး သုံးတဲ့စုတ်အရွယ်အစားကို သိနိုင်တယ်။ စုတ်တွေကို ကြေးနဲ့လုပ်ထားပြီး အသွားက အချွန်မဟုတ်၊ အပြားပါ။ အတန်းလိုက်၊ ဒေါင်လိုက်စိပ်ထားတဲ့ အသွား ၂ ခွကနေ ၁ဝ ခွ၊ ၁၂ ခွ အထိ ပါတယ်။ စုတ်ရဲ့ခေါင်းပိုင်းတွေကို စိတ်ကူးရသလို အလှအပတွေနဲ့ ထုထားလေ့ရှိတယ်။ နတ်ရုပ်ပုံစံနဲ့ အတွေ့ရ များတယ်။

အလှဆင်ထားတဲ့ ကြေးစုတ်ခေါင်းတွေ

ထိုးကွင်းထိုးတဲ့ ကြေးစုတ် နဲ့ သစ်သားသေတ္တာ

ရှေးခေတ်က သစ်ပင်ရိပ်အောက်မှာ ထိုးကွင်းထိုးနေပုံ

ထိုးကွင်းအထိုးခံရတာ မသက်သာလှပါ။ အသွား ၁ဝ ခွ၊ ၁၂ ခွပါတဲ့ ကြေးစုတ်ကြီးနဲ့ သွေးပေါက်ပေါက်ကျအောင်ထိုးမှ အရုပ်စွဲတယ်။ ထိုးကွင်းအထိုးခံနေတုန်းမှာ ကွမ်းသီးမာမာတလုံးကို အလုံးလိုက်အံသွားနဲ့ ခဲထားတာတောင်မှ တခွမ်းခွမ်းနဲ့ ကွဲအောင်ကိုက်မိတဲ့အထိ နာတယ်လို့ ဆိုပါတယ်။ ပေါင်တဖက်ကို တမနက်ခင်းနဲ့ အပြီးထိုးပေမယ့်၊ ခံရတဲ့ ဒဏ်ချက်ပြင်းတာကြောင့် အနာယဉ်းပြီး ဖျားတတ်ကြတယ်။ ဒါကြောင့် တပတ်၊ ၁ဝ ရက်လောက်ခြားပြီးမှ နောက်တဖက် ထိုးလေ့ရှိတယ်။ တနေ့တည်းနဲ့ နှစ်ဖက်စလုံး အထိုးခံနိုင်တဲ့သူတွေလည်းရှိတယ်လို့ ကြားဖူးပါတယ်။ အနာမခံနိုင်တော့လို့ ထိုးနေရင်း လက်စသတ်မပြီးခင် ထပြေးတာကြောင့် တဝက်တပျက်ပဲထိုးထားပြီး ကြောင်သွားတဲ့ ထိုးကွင်းကြောင်၊ အင်းကြောင်တွေလည်းရှိသတဲ့။

မြန်မာဘုရင်လက်ထက်က စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အခါမျိုးမှာ ထိုးကွင်းမထိုးရသေးရင် အခက်အခဲ တွေ့ကြရတယ်။ ထိုးကွင်းထိုးဖို့ကလည်း အချိန်မရှိတော့ ထိုးကွင်းပုံစံအတိုင်း ပေါင်နှစ်ဖက်မှာ မင်ဆေးနဲ့ ရေးသွားကြသတဲ့။ ဒီအတိုင်းနေရင်တော့ ခါးတောင်းကျိုက်နဲ့ဘာနဲ့ ဟန်မပျက်ဖူးလေ။ တကယ်စစ်ချီရလို့ ချောင်းတွေ ကန်တွေကို ဖြတ်ကူးကြရတဲ့အခါ ဆေးတွေက ရေနဲ့မျောကုန်ရော။ ဒါကြောင့် ရှေးက မေတ္တာစာ ရေးပေးတဲ့အခါ မောင့်မေတ္တာက ခိုင်မြဲပါတယ်၊ ရေမှာမျောတတ်တဲ့ အယောင်ဆောင် ထိုးကွင်းမင်ကြောင်မျိုး မဟုတ်ပါလို့ ညွှန်းဆိုဂုဏ်တင်တတ်ကြတယ်။

၂ဝ ရာစု စောစောပိုင်းကစပြီး တဖြည်းဖြည်းနဲ့ မြန်မာယောက်ျားတွေမှာ ရောင်ထုံးထားတဲ့ဓလေ့နဲ့အတူ၊ ထိုးကွင်းထိုးတဲ့ဓလေ့လည်း ပျောက်ကွယ်သွားခဲ့တယ်။ မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေလောက်ကလွဲရင်၊ ထိုးကွင်းဗလာ မိမွေးတိုင်း၊ ဖမွေးတိုင်း ပေါင်ခေါင်းတုံးအဖြစ်နဲ့ပဲ နေကြလေတော့တယ်။ ရောင်ကြီးဗွေ နေရာမှာလည်း ဘိုကေ ရောက်လာခဲ့တယ်။ ဘိုကေ ဆိုတဲ့ ဝေါဟာရက တော်တော်ပဲခေတ်စားခဲ့ဖူးတယ်။ လူပျိုလူရွယ်တွေကို ကိုယ်စားပြုတဲ့ စကားလုံးအဖြစ် သုံးခဲ့ကြဖူးတယ်။ နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းတွေမှာ တွေ့နိုင်ပါတယ်။

“ဘိုကေ တထောင်မှာ တယောက်လောက်ဖြင့်စွဲကောင်းပါရဲ့၊ ကျွဲမအသားညို။”
ကျွဲမ၊ နန်းတော်ရှေ့ဆရာတင်

“စုံနံ့သာမြိုင်လယ်၊ မရွှေသောင်းနဲ့ တော်တယ်၊ ဘိုကေ မောင်ရယ် လမ်းလျှောက်ရင်ခေါ်ကွယ်။”
စုံနံ့သာမြိုင်လယ်၊ နန်းတော်ရှေ့ဆရာတင်

အဆောင်အဖြစ်ထိုးတာနဲ့ အလှအပအဖြစ် မင်ကြောင်ထိုးတဲ့ အလေ့အထကတော့ မြန်မာပြည်ထဲမှာ ဒီကနေ့အထိ ရှိနေပါတယ်။ အဆောင်အဖြစ် ရိုးရာနည်းအတိုင်း မင်ကြောင်ထိုးနေကြဆဲပါ။

ရိုးရာနည်းအတိုင်း မင်ကြောင်ထိုးနေပုံ

ဒီကနေ့ မြန်မာနိုင်ငံအနှံ့အပြား မြို့တွေ ရွာတွေမှာတော့ ရှေးရိုးပုံစံတွေကို ခေတ်သစ်ပုံစံ အလှထိုး မင်ကြောင်တွေက အစားထိုးဝင်ရောက်နေခဲ့တာကြာပြီ။ ပွဲလမ်းတွေရှိရင် လမ်းဘေးတွေမှာ ကြော်ငြာဒီဇိုင်း ပုံတွေထောင်ထားလို့ ဘက်ထရီအားသုံး စက်ကလေးတွေနဲ့ ထိုးပေးနေတဲ့ ၁၂ ပွဲဈေးလိုက် မင်ကြောင် ဆရာတွေကအစ၊ မြို့ကြီးတွေမှာ ဆိုင်ခန်းကြီးတွေနဲ့ လုပ်ငန်းကြီးတွေလုပ်နေတဲ့ ခေတ်သစ် မင်ကြောင်ဆရာတွေကို တွေ့နိုင်ပါတယ်။ နိုင်ငံခြားဖြစ် မင်ကြောင်ထိုးတဲ့ ကရိယာတွေကြောင့်လည်း အသား မနာလှတော့ပါ။ နိုင်ငံခြားကတင်သွင်းလာတဲ့ ခေတ်သစ်မင်ကြောင် ပုံစံတွေကိုလည်း ဒီကနေ့ မြန်မာ လူငယ်တွေရဲ့ကိုယ်ပေါ်မှာ တွေ့မြင်နေရပါပြီ။

မန္တလေးမြို့ မင်ကြောင်ဆိုင်ခန်းတခုအတွင်းက ဒီကနေ့လူငယ်များ

ရှေးခေတ်အခါက ရောင်တစောင်းပိုင်ရှင် ထိုးကွင်းနဲ့ လူညိုယဉ် ဆံရှည်မောင်ကြီးတွေလိုပဲ ဒီကနေ့ခေတ် မှာလည်း ခေတ်သစ်မင်ကြောင် (tattoo) ပုံစံတွေထိုးထားတဲ့ ဘိုကေလူငယ်တွေကို မြင်ရတာ၊ သူ့ခေတ်နဲ့ သူ့မျက်စိထဲမှာတော့ ယဉ်နေကြလိမ့်မယ်လို့ ထင်ပါရဲ့လေ။

အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း

(၁) မြန်မာမှုသုတေသနစာ (ဝင်းမောင်-တမ္ပဝတီ)၊ ဇွန်လ ၂ဝဝ၆
(၂) ဦးလေးလှထုံး နှလုံးမူကာ၊ မောင်အေးမြင့် (မြန်မာမှုဒီဇိုင်းသုတေသီ)၊ နှစ် ၉ဝ ပြည့် လူထုဦးလှ၊ ဇွန်လ၊ ၂ဝဝဝ
(၃) အငြိမ့် (လူထု ဒေါ်အမာ)၊ ပ၊ ဒု၊ နိုဝင်ဘာ၊ ၂ဝဝ၅
(၄) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄
(၅) Burma Art and Archaeology (Alexandra Green and T. Richard Blurton)

Thursday, July 01, 2010

{ Automated Parking by Parkmatic }



အလို အလျှောက် ကားရပ်နားရန်နေရာ အမှတ်တရာပါ။
´