{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Friday, May 28, 2010

{ ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံး စာတစောင်ရေး }(Click)

ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံး စာတစောင်ရေး

ဗြိတိန် ပါလီမန်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ခြာ လည်း အခမ်းအနားကို တက်ရောက်



ပါလီမန်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာတဲ့ ဗြိတိန် ညွှန့်ပေါင်း အစိုးရအဖွဲ့  ဝန်ကြီးချုပ်သစ် David Cameron နဲ့ ဒုတိယ ဝန်ကြီးချုပ် Nick Clegg


ဗြိတိန် ပါလီမန် ဖွင့်ပွဲ အခမ်းအနားမှာ ဘုရင်မကြီးနဲ့  ကြင်ယာတော်ကို တွေ့ ရပုံ



ပါလီမန် ဖွင့်ပွဲ အခမ်းအနားမှာ ဘုရင်မကြီးနဲ့  ကြင်ယာတော်ကို တွေ့ ရပုံ




ပါလီမန်ဖွင့်ပွဲ အခမ်းအနား တက်ရောက် ကြသူများ

ဗြိတိသျှ ပါလီမန်ကို ဘုရင်မကြီးက မိန့် ခွန်းခြွေ ဖွင့်လှစ်ပေးသည့် မှတ်တမ်းပုံ


ဗြီတိန် ဘုရင်မကြီး Elizabeth II လက်ထက်မှာ အခုလို ပါလီမန်သစ် ဖွင့်ပေးတာ ၅၆ ကြိမ် ရှိပါပြီ။



မြင်းက ဗိုလ်ပါ စုံလင်စွာနဲ့  ပါလီမန်ထဲသို့ လာရာလမ်းမှာ တွေ့ ရပုံ

Monday, May 24, 2010

{ ဘာသာရေးမှာ အစိုးရစွက်ဖက်ခွင့်မရှိ }(Click)





ဘာသာရေးမှာ အစိုးရစွက်ဖက်ခွင့်မရှိ

ဦးအောင်ခင် / ၂၄ မေ ၂၀၁၀


ကိုးကွယ်ယုံကြည်မှု (သို့မဟုတ်) ဘာသာရေးဟာ လူ့ဘ၀မှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာ ကြာလှပါပြီ။ ကိုးကွယ်ယုံကြည်မှု ကွဲပြားခြားနားလို့ တိုက်ခိုက်သတ်ဖြတ်နေကြတာ ဒီကနေ့အထိ အဆုံးမသတ်နိုင်သေးပါဘူး။ ဥရောပသမိုင်းမှာ ဘာသာရေးကြောင့် ဖြစ်ပွားတဲ့ စစ်ပွဲတွေ အများကြီးရှိတယ်။ မွတ်စလင်နဲ့ ခရစ်ယာန်ဖြစ်ပွားတဲ့ ခရူးဆိတ် (Crusades) စစ်ပွဲကို လူသိများတယ်။ ခရစ်ယာန်အချင်းချင်း တိုက်ခိုက်တဲ့ ဘာသာရေးစစ်ပွဲတွေလည်း ရှိတယ်။ ဒီအထဲမှာ အနှစ် (၃၀) စစ်ပွဲဟာ နာမည်ကြီးတယ်။ အိန္ဒိယမှာလည်း အကြမ်းဖက်တဲ့ ဘာသာရေးပဋိပက္ခတွေ ဒီကနေ့အထိ ရှိနေတုန်းပဲ။ လူများစု ကိုးကွယ်တဲ့ဘာသာက လူနည်းစုကို ကိုးကွယ်တဲ့ဘာသာကို လွှမ်းမိုးလေ့ရှိတာကြောင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို အာရုံစိုက်လာကြတယ်။

မြောက်အမေရိကတိုက်မှာ (၁၇) ရာစုအစောပိုင်းက လာရောက်အခြေစိုက်ကြတဲ့ အင်္ဂလိပ်နဲ့ ဥရောပတိုက်သားတွေဟာ ဘာသာရေးလွတ်လပ်မှုကို လိုချင်တဲ့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ခရစ်ယာန် ဘာသာယုံကြည်ကိုးကွယ်မှုအမျိုးမျိုး ရှင်သန်လာတယ်။ ဘာသာရေးနဲ့ အစိုးရဟာ တသီးတခြားစီ ဖြစ်ရမယ်ဆိုတဲ့ မူဝါဒကို အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒါပေမယ့် ဓမ္မဆရာ Billy Graham ရဲ့ စည်းရုံးလှုံ့ဆော်မှုကြောင့် နိုင်ငံလုံးဆိုင်ရာ ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်ဖို့ ကွန်ဂရက်လွှတ်တော်က ၁၉၅၂ ဧပြီလ (၁၇) ရက်နေ့မှာ ဥပဒေပြုလိုက်တယ်။ သမ္မတလုပ်သူက သတ်မှတ်လိုက်တဲ့ နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့မှာ တပြည်လုံး ဘုရားရှိခိုးကြဖို့ ဖြစ်တယ်။ အမေရိကန်အခြေခံဥပဒေ ရေးဆွဲသူတွေလည်း ကွန်ဂရက်မှာ ဘုရားရှိခိုးဆုတောင်းခဲ့တယ်လို့ဆိုတယ်။

ဒါကြောင့် ၁၉၅၂ ခုနှစ်ကစပြီး အမေရိကန်သမ္မတအားလုံးဟာ နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့ကို နှစ်စဉ်သတ်မှတ်ပေးတယ်။ ၁၉၈၈ ကစပြီး မေလမှာ ပထမဆုံးဖြစ်တဲ့ ကြာသပတေးနေ့ကို ဘုရားရှိခိုးဆုတောင်းနေ့အဖြစ် သတ်မှတ်ကြောင်း အိမ်ဖြူတော်က ကြေညာရတယ်။ ဒီလိုနှစ်စဉ် ကြေညာတာဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ Wisconsin ပြည်နယ် ဖက်ဒရယ်တရားသူကြီးက ဧပြီလ (၁၅) ရက်နေ့က စီရင်ချက်ချမှတ်တယ်။ ဘာသာရေးဟာ အစိုးရနဲ့ မဆိုင်ကြောင်း ပြသလိုက်တာပါပဲ။ ဘာသာရေးမှ ကင်းလွတ်ရေးဖောင်ဒေးရှင်း Freedom from Religion Foundation (FFRF) က ဘုရားရှိခိုးဆုတောင်းနေ့သတ်မှတ်တာဟာ အခြေခံဥပဒေနဲ့ မညီကြောင်း လျှောက်ထားပြီး အမေရိကန်သမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးကို ၂၀၀၈ အောက်တိုဘာလမှာ တရားစွဲတယ်။

သမ္မတ Bush နဲ့ ပြန်ကြားရေးဝန်ကြီး Dana Perino ကို တရားစွဲတာဖြစ်ပေမယ့် တရားရုံးက စီရင်ချက်ချချိန်မှာ သမ္မတ Obama နဲ့ ပြန်ကြားရေးဝန်ကြီး Robert Gibbs တို့လက်ထက်ရောက်နေတာကြောင့် သူတို့က တရားရှုံးသလို ဖြစ်သွားတယ်။ ဒါကို မကျေနပ်တဲ့အတွက် Obama က အယူခံဝင်ထားတယ်။ အယူခံဝင်ချိန်မှာ ကြေညာခွင့် ရှိတယ်လို့ ဆိုတာကြောင့် မေလ (၆) ရက်နေ့ကို နိုင်ငံတော် ဘုရားရှိခိုးဆုတောင်းနေ့အဖြစ် အိမ်ဖြူတော်က ကြေညာတယ်။ ဒါပေမယ့် သမ္မတ Bush လို အိမ်ဖြူတော်မှာ တခမ်းတနား ဆုတောင်းစည်းဝေးကျင်းပတာမျိုး မလုပ်တော့ဘူး။

နှစ်ပေါင်း (၆၀) နီးပါးရှိလာတဲ့ သမ္မတရဲ့ လုပ်ဆောင်ချက်တခုကို အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ စီရင်ချက်ချသူဟာ Wisconsin ပြည်နယ်က အမျိုးသမီး Federal တရားသူကြီး Barbara Crabb ဖြစ်ပါတယ်။ သူ့ရဲ့ စီရင်ထုံးဟာ (၆၆) မျက်နှာရှိတယ်။ ဒီစီရင်ထုံးကို နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်ရေးအဖွဲ့က မကျေမနပ်ဖြစ်ပြီး ပျက်ပြယ်အောင် ကြိုးပမ်းနေတယ်။ သမ္မတ Obama ဟာ ဘာသာရေးဆိုင်ရာအငြင်းပွားမှုကို ရင်ဆိုင်ခဲ့ရဖူးတယ်။ Obama ဟာ ငယ်စဉ်က ဘာသာရေးနဲ့ မပတ်သက်ခဲ့ဘဲ ကြီးမှခရစ်ယာန်ဘာသာဝင်ဖြစ်လာသူလို့ ပြောကြတယ်။ Obama မိသားစုဟာ ၀ါရှင်တန်ကို ပြောင်းလာကတည်းက ဘုရားရှိခိုးကျောင်းကို မှန်မှန်သွားနိုင်တာမဟုတ်ဘူးလို့လည်း ဆိုတယ်။

နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်တာဟာ အစဉ်အလာတခုအနေနဲ့ လုပ်တာပါလို့ သမ္မတ Obama ဘက်က အကြောင်းပြတာကို တရားသူကြီး Barbara Crabb က လက်မခံပါဘူး။ ၁၉၅၂ မှာ ဥပဒေပြဋ္ဌာန်းပြီး နှစ်စဉ်ဆောင်ရွက်တဲ့ ကိစ္စဟာ ရိုးရာအစဉ်အလာမဟုတ်ဘူးလို့ ဆိုပါတယ်။ ယခင် သမ္မတတွေဖြစ်တဲ့ Thomas Jefferson, James Madison, Andrew Jacson တို့ဟာ ဆုတောင်းနေ့ သတ်မှတ်တာကို လက်မခံကြဘူးလို့လည်း စီရင်ထုံးမှာ ကိုးကားထားတယ်။ နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်တာကို ပယ်ဖျက်တာနဲ့ ဘုရားရှိခိုးဆုတောင်းမှုကို တန်ဖိုးထားတာနဲ့ တခြားစီဖြစ်နေတာကိုလည်း စီရင်ထုံးမှာ ရှင်းပြထားတယ်။ တပြည်လုံး ဘုရားရှိခိုးဆုတောင်းရမယ့်နေ့ရယ်လို့ သမ္မတက သတ်မှတ်ပေးတာဟာ အထင်မှားအမြင်မှား ဖြစ်စေပါတယ်။

ခရစ်ယာန်ရဲ့ လှုံ့ဆော်မှုကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံတော်ဘုရားရှိခိုးနေ့ဟာ သဘောထား ကွဲလွဲမှုကိုသာ ကြီးမားစေတယ်လို့ ဆိုပါတယ်။ ဂျူးဘာသာဝင်တစုက ဒီကိစ္စဟာ တရားမျှတမှု မရှိကြောင်း ၂၀၀၈ က စောဒကတက်တယ်။ ဘုရားရှိခိုးဆုတောင်းတာကို အစိုးရက ထောက်ခံအားပေးတယ်ဆိုရင် ခရစ်ယာန်တင်မကဘဲ မွတ်စလင်နဲ့ ဂျူးအတွက်လည်း လုပ်ဆောင်ပေးရပါလိမ့်မယ်။ ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်ရေးဥပဒေဟာ လူမှုရေးအရ ဘယ်သူ့ကိုမှ အကျိုးမပြုဘဲ ဆုတောင်းရေးသက်သက် ဥပဒေဖြစ်တယ်လို့ တရားသူကြီး Crabbs က ဆိုပါတယ်။ နိုင်ငံသားတစုရဲ့ ယုံကြည်ကိုးကွယ်မှုကို အစိုးရက ထောက်ခံအားပေးပိုင်ခွင့် မရှိဘူးလို့ ဆုံးဖြတ်ထားတဲ့ တရားရုံးချုပ် တရားသူကြီး Sandra Day O’Conner ရဲ့ စီရင်ထုံးကိုလည်း ကိုးကားထားတာတွေ့ရတယ်။

အမေရိကန်အစိုးရဟာ ဘာသာရေးကိစ္စမှာ ၀င်ရောက်စွက်ဖက်ပိုင်ခွင့် မရှိဘူးဆိုတာကို တရားစီရင်ထုံးတွေက သက်သေပြလိုက်တာ ဖြစ်တယ်လို့ ဘာသာရေးမှ ကင်းလွတ်ရေးဖောင်ဒေးရှင်း FFRF ရဲ့ ရှေ့နေက ဆိုတယ်။ ဘာသာရေးကိစ္စမှာ အစိုးရဟာ ကြားနေသင့်တယ်ဆိုတဲ့ FFRF ရဲ့ အယူအဆကို တရားရုံးက အနိုင်ပေးလိုက်တာဖြစ်တယ်။ အမေရိကန်အခြေခံဥပဒေ ရေးဆွဲသူတွေဟာ ညီလာခံမှာ ဘုရားရှိခိုးဆုတောင်းတယ်ဆိုတဲ့ မှားယွင်းတဲ့ သမိုင်းအချက်အလက်ပေါ်မှာ အခြေခံပြီး ၁၉၅၂ မှာ ကွန်ဂရက်လွှတ်တော်က “ဘုရားရှိခိုးဆုတောင်းနေ့” သတ်မှတ်ရေးဥပဒေကို ပြဋ္ဌာန်းလိုက်ဖြစ်တယ်။ FFRF အနိုင်ရသွားတာဟာ မရှိခဲ့တဲ့ သမိုင်းအစဉ်အလာကို ပယ်ဖျက်ခြင်းသာဖြစ်တယ်လို့ ဆိုတယ်။

၁၇၇၄ ခုနှစ် စက်တင်ဘာလမှာ ပထမဆုံးအကြိမ် ကွန်ဂရက်လွှတ်တော်ကျင်းပတဲ့အခါ ကိုယ်စားလှယ် Thomas Cushing
က ဘုရားရှိခိုးဆုတောင်းပြီး ညီလာခံကိုဖွင့်ဖို့ အဆိုပြုတယ်။ အဲဒီအခါမှာ နောင်အခါ တရားသူကြီးချုပ်တွေ ဖြစ်လာမယ့် ကိုယ်စားလှယ်နှစ်ဦး (John Jay & John Rutledge) က ကန့်ကွက်တယ်။ ကွန်ဂရက်လွှတ်တော်မှာ ဘာသာရေးခံယူချက် အမျိုးမျိုးရှိနေတဲ့အတွက် ဒီလိုဆုတောင်းခိုင်းတာမျိုးမလုပ်သင့်ဘူးလို့ ဆိုတယ်။ ဘုရားရှိခိုးဆုတာင်းပွဲ မလုပ်ဖြစ်တာကို စက်တင်ဘာ (၁၆) ရက် ၁၇၇၄ မှာ John Adams က Abigail Adams ရေးတဲ့စာမှာ ဖော်ပြထားကြောင်း တရားသူကြီး Barbara Crabb ရဲ့ စီရင်ထုံးအဖွင့်မှာ ရေးထားတာမို့ ၁၉၅၂ ဘုရားရှိခိုးဆုတောင်းဥပဒေဟာ မှားတဲ့ သမိုင်းအချက်အလက်မှာ အခြေခံတာကို သိသာထင်ရှားတယ်။

အမေရိကန်နိုင်ငံ တည်ထောင်တာ သိပ်မကြာသေးတော့ အစိုးရနဲ့ ဘာသာရေး ကင်းရှင်းအောင် လုပ်ရတာ လွယ်သလို ဖြစ်နေတယ်။ ဥရောပမှာတော့ ရောမအင်ပါယာခေတ်ကတည်းက ဘာသာရေးနဲ့ အစိုးရ ရောထွေးယှက်တင်ဖြစ်လာတယ်။ ရာစုနှစ်ပေါင်းအတော်ကြာမှ ဘုရားကျောင်းအလုပ်နဲ့ အစိုးရအလုပ်ကို ခွဲခြားသိမြင်လာကြတယ်။ Catholic ဘုရားကျောင်းရဲ့ သြဇာအာဏာကို တွန်းလှန်တဲ့ Protestant ၀ါဒ ခေတ်စားတဲ့ဒေသမှာ ဒီမိုကရေစီ ပထမဆုံးထွန်းကားတာ တွေ့ရတယ်။ Protestant ခရစ်ယာန်တွေများလေလေ ဒီမိုကရေစီ အားကောင်းလေလေဆိုတာကို တွေ့ရတဲ့အတွက် ဘာသာရေးပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီထွန်းကားမှုဟာ ဆက်စပ်နေတာ ထင်ရှားတယ်။ Catholic ဘုရားကျောင်းဟာ နောက်ပိုင်းမှ ပြည်သူ့လွတ်မြောက်ရေးကို အားပေးလာတာ။ အရင်ကတော့ အာဏာရှင်နဲ့ ဝေစားမျှစားပေါ့။

မြန်မာပြည်မှာလည်း မင်းနဲ့သံဃာ လျာနဲ့သွားလိုဖြစ်လာတာ ပုဂံခေတ်ကတည်းကပဲ။ အစိုးရနဲ့ သံဃာ အပေးအယူလုပ်တာတွေ အများကြီးရှိတယ်။ (၁၆) ရာစု အင်းဝမင်း သိုဟန်ဘွားက ဘုရားဌာပနာဖောက်ပြီး ဘုန်းကြီးတွေကို သတ်လို့ ဗမာတွေ ပုန်ကန်တာမျိုး ရှိခဲ့ဖူးပေမယ့် များသောအားဖြင့်ကတော့ ဘုရင်ဟာ ဘုန်းကြီးကို မရိုမသေ မလေးမစား မလုပ်တဲ့အတွက် သံဃာဟာ အထိုက်အလျောက် ပြောရေးဆိုခွင့်ရှိတယ်။ ဘုန်းကြီးက ကြားဝင်ပေးလို့ အသိမ်းခံရတဲ့ လယ်မြေ ပြန်ရတာမျိုး ရှိသလို သေဒဏ်ကျခံပြီးမှ လွတ်မြောက်သွားသူတွေလည်းရှိတယ်။ ဘုန်းကြီးက ပြစ်မှုကျူးလွန်ရင် ကျူးလွန်တဲ့ ဘုန်းကြီးကို ၀ါရင့်သံဃာအဖွဲ့က အရင်ဆုံးစစ်ဆေးတယ်။ အပြစ်ရှိကြောင်း တွေ့ရှိရတဲ့အခါမှာ သင်္ကန်းချွတ်ပြီး အစိုးရအာဏာပိုင်လက်ကို လွှဲပေးလိုက်တယ်။

ဘုရားတည်၊ ကျောင်းဆောက်၊ ရေကန်တူး၊ တူးမြောင်းဖောက်၊ မြို့သစ်တည်ဆောက် စတဲ့ ကိစ္စတွေကို ဘာသာရေးအမြင်နဲ့ လုပ်တာဖြစ်တယ်။ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ဗမာမင်းက ယူဆတဲ့အတွက် သံဃာတွေကို ဖိနှိပ်တာမျိုး မလုပ်ကြပါဘူး။ ဒါပေမယ့် ‘ရာဇတောဝါ’ မင်းဆိုးမင်းညစ် အန္တရာယ်ကာကွယ်ပေးဖို့ ပရိတ်ကြီးပါဠိတော်မှာ သမ္မာဒေ၀- နတ်ကောင်းနတ်မြတ်ကို ဆုတောင်းတာကိုကြည့်ရင် မင်းဆိုးမင်းညစ်ကို သံဃာက လက်မခံတာ ထင်ရှားတယ်။

၂၀၀၈ နအဖအခြေခံဥပဒေ ပုဒ်မ (၃၆၁၊ ၃၆၂၊ ၃၆၃၊ ၃၆၄) ဟာ ဘာသာရေးနဲ့ဆိုင်တယ်။ ဗုဒ္ဓဘာသာကို ဂုဏ်ထူးဝိသေသနနဲ့ ပြည့်စုံတဲ့ ဘာသာအဖြစ် အစိုးရက အသိအမှတ်ပြုပြီး ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ နတ်ကိုးကွယ်မှု အစိုးရက အသိအမှတ်ပြုတယ်လို့ ဆိုတယ်။ အခြားဘာသာတွေကိုတော့ ဂုဏ်ထူးဝိသေသနနဲ့ ပြည့်စုံတယ်လို့ ဖော်ပြမထားပါဘူး။ အခြေခံဥပဒေရေးပုံဟာ ဘက်လိုက်နေမှန်း သိသာတယ်။ အသိအမှတ်ပြုတဲ့ဘာသာတွေကို အစိုးရက တတ်နိုင်သမျှ ကူညီစောင့်ရှောက်မယ်လို့လည်း ရေးထားတာမို့ ဘာသာတိုင်းမှာ အစိုးရ စွက်ဖက်ခွင့်ရှိသလို ဖြစ်နေတယ်။ နိုင်ငံရေးကိစ္စအတွက် ဘာသာသာသနာကို အလွဲသုံးစားမလုပ်ရဘူးလို့လည်း ပုဒ်မ (၃၆၄) က ဆိုတယ်။

မေလ (၈) ရက်နေ့က ကြပ်ပြေးသန်းရွှေရဲ့ တပည့်တွေဖြစ်တဲ့ မောင်အေး၊ သိန်းစိန်၊ တင်အေး၊ မြင့်လှိုင်၊ ဉာဏ်ထွန်း၊ မြတ်ဟိန်း စတဲ့ နအဖစစ်ဗိုလ်တွေက သံဃာတွေကို ဘွဲ့တံဆိပ်ချီးမြှင့်တဲ့ သတင်း နအဖသတင်းစာတွေမှာ ဓာတ်ပုံနဲ့တကွ အကြီးအကျယ်ဖော်ပြတယ်။ မြန်မာပြည်မှာ သံဃာသုံးသိန်းလောက်ရှိမယ်လို့ ခန့်မှန်းတာကြောင့် အသတ်ခံရသူက အများစု၊ မြှောက်စားခံရသူက အနည်းစုဖြစ်နိုင်တယ်။ ဗမာဘုရင်လက်ထက်ကစပြီး ဒီကနေ့အထိ ဗမာအစိုးရမင်းတွေဟာ နိုင်ငံရေးကိစ္စအတွက် ဘာသာရေးကို အသုံးပြုကြတယ်။ ဗုဒ္ဓဘာသာကို တကယ်ယုံကြည်သူဆိုရင် တရားအားထုတ်ပြီး အေးအေးဆေးဆေးနေမှာပေါ့၊ ဘုန်းကြီးကို သတ်လိုက်ဖြတ်လိုက် မြှောက်စားလိုက် လုပ်မှာမဟုတ်ပါဘူး။

ကိုယ်ထူကိုယ်ထ ဒီမိုကရေစီကျတဲ့ ဗုဒ္ဓ၀ါဒဟာ ဗမာမင်းနဲ့တွေ့တော့မှ ပုံပျက်ပန်းပျက် ဖြစ်ကုန်တယ်။ ကိုယ်လုပ်မှကိုယ်ရတဲ့ ဗုဒ္ဓ၀ါဒအနှစ်သာရကို ပြည်သူတွေနားလည်ရင် အာဏာရှင်စနစ်ကို လက်ခံမှာမဟုတ်ဘူး။ သံဃာဦးဆောင်ပြီး ဗမာဗုဒ္ဓဘာသာ ပြုပြင်ရေးလုပ်ရင် အောင်မြင်ဖွယ်ရှိပါတယ်။ အခြေခံယုံကြည်ချက်ခိုင်မာမှ ဒီမိုကရေစီတည်ဆောက်နိုင်တာကို ဥရောပနဲ့ အမေရိကန်သမိုင်းက သက်သေပြနေပါတယ်။

{ ဒိုင်ယာလော့၏ နိဂုံး၊ ပြည်သူ့အစိုးရ၏ နိဒါန်း }(Click)


ဒိုင်ယာလော့၏ နိဂုံး၊ ပြည်သူ့အစိုးရ၏ နိဒါန်း

ဂါမဏိ / ၁၄ မေ ၂၀၁၀


အာဏာသိမ်း နအဖစစ်အုပ်စုရဲ့ အမိန့်ဥပဒေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မေလ (၆) ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ်ကနေ နိဂုံးချုပ်သွားပြီလို့ ဖက်ဆစ်အလံရှူးတွေက သခင်အားရ ကျွန်ပါးဝ မြူးတူးအော်မြည်နေတာကို ရုပ်ပျက်ဆင်းပျက် တွေ့နေရပါတယ်။ တကယ်တော့ ၂၀၁၀ မေ (၆) ရက်ဟာ အဖွဲ့ချုပ်ရဲ့ နိဂုံးမဟုတ်ဘဲ ဒိုင်ယာလော့ရဲ့နိဂုံးသာ ဖြစ်ပါတယ်။ ဒီထက်ပို တိတိကျကျ ပြောရရင်တော့ နိဂုံးချုပ် အသက်ထွက်သွားတာ ကြာပြီဖြစ်တဲ့ ဒိုင်ယာလော့ အလောင်းကောင်ထည့် ခေါင်းတလားအဖုံးကို ပိတ်တဲ့ နောက်ဆုံးသံချက်ပဲဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခု စက်တင်ဘာ (၂၇) ရက်မှာ စတင်ဖွဲ့စည်းခဲ့စဉ်က ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေး၊ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းရေးကို ကြွေးကြော်ခဲ့ပါတယ်။ အဲဒီရည်မှန်းချက်မြောက်ဖို့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ နည်းဗျူဟာလမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ပါတယ်။ မတရားတဲ့ အမိန့်အာဏာ ဖျက်သိမ်းရေး လမ်းကြောင်းပေါ်ကနေ ဒိုင်ယာလော့လုပ်ဖို့ ရပ်တည်ခဲ့ပါတယ်။

၁၉၈၉ ခု ဇူလိုင် (၂၀) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရပြီးနောက်မှာ အာဏာဖီဆန်ရေး နည်းဗျူဟာ မှေးမှိန်သွားခဲ့ပြီး ၁၉၈၉ စက်တင်ဘာလကစလို့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူထုစည်းရုံးရေးနည်းဗျူဟာကို အဓိကထားလာခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရပြီးတဲ့အခါ ပြည်သူ့လွှတ်တော်ခေါ်ယူရေးနဲ့ ပြည်သူ့အစိုးရဖွဲ့စည်းရေး လုံးပမ်းခဲ့ရာမှာ နဝတစစ်အုပ်စုက ၁၉၉၀ ဇူလိုင် (၂၇) ရက် ၁/၉၀ ကြေညာချက်နဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူခွင့်၊ ပြည်သူ့အစိုးရ ဖွဲ့စည်းခွင့်တို့ကို ပိတ်ပင်ခဲ့တဲ့အတွက် ဇူလိုင် (၂၉) ရက် ဂန္ဓီခန်းမကြေညာစာတမ်းထုတ်ပြီး လွှတ်တော်ခေါ်ပေးဖို့ ခပ်ပျော့ပျော့တောင်းတာပဲ လုပ်ခဲ့ပါတော့တယ်။

အဲဒီနောက်မှာ လွှတ်တော်ခေါ်ပေးဖို့ တကျီကျီတောင်းရင်းနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ဒီဇင်ဘာ (၁၁) ရက်မှာ၊ အတွင်းရေးမှူး ဦးဝင်းတင်ကို ၁၉၉၂ ခု ဇန်နဝါရီ (၉) ရက်မှာ၊ ဥက္ကဋ္ဌ သူရ ဦးတင်ဦးနဲ့ ဦးကြည်မောင်ကို ၁၉၉၂ ခု ဇန်နဝါရီ (၂၄) ရက်မှာ ပါတီက ထုတ်ပစ်ပေးခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်ခေါ်မယ့် ဒိုင်ယာလော့ကတော့ ပေါ်မလာဘဲ ၁၉၉၃ ခု ဇန်နဝါရီ (၉) ရက်မှာ အမျိုးသားညီလာခံဆိုတာကို နဝတ က ကျင်းပတဲ့အခါ လိုက်ပါတက်ရောက်ခဲ့ရပါတယ်။

၁၉၉၅ ခု ဇူလိုင် (၁၀) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်က လွတ်လာတဲ့အခါ ဒေါ်စု၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့ကို အဖွဲ့ချုပ်ထဲပြန်ထည့်ပြီးနောက် နိုဝင်ဘာ (၂၂) ရက်မှာ အမျိုးသားညီလာခံကို ပြန်လည်သုံးသပ် တောင်းဆိုချက်ထုတ်ပြန်ပြီး ညီလာခံအစား စစ်မှန်တဲ့ ဒိုင်ယာလော့နည်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီပေါ်ထွန်းရေး၊ အများလက်ခံနိုင်တဲ့ အခြေခံဥပဒေ ပေါ်ထွန်းရေးတွေ ဖြစ်မြောက်ဖို့ ကြိုးပမ်းခဲ့ပြန်ပါတယ်။ ဒါကြောင့် နိုဝင်ဘာ (၂၉) ရက်မှာ နအဖက အဖွဲ့ချုပ်ကို ညီလာခံက ထုတ်ပစ်လိုက်ပါတယ်။ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ခေါ်ပေးဖို့ ၁၉၉၆ မတ် (၂၅) ရက်မှာ လူသိရှင်ကြား တောင်းဆိုလိုက်ပြီးနောက် မတ် (၃၁) ရက်ကစပြီး အမျိုးသားညီလာခံဆိုတဲ့ ဒိုင်ယာလော့အတုလည်း တိုးလို့တန်းလန်းနဲ့ ဆန့်ငင်ဆန့်ငင် သွက်ချာပါဒလိုက်သွားခဲ့ပါတယ်။ ညီလာခံကို ‘နှောင့်ယှက်’ ရင် အရေးယူမယ်ဆိုတဲ့ အမိန့်ဥပဒေ ၅/၉၆ ကိုတော့ နဝတ က အရှက်ပြေ ထုတ်ခဲ့ပါသေးတယ်။

အတုအယောင် အမျိုးသားညီလာခံရဲ့ အပြင်ဘက်မှာတော့ စစ်မှန်တဲ့ ဒိုင်ယာလော့အတွက် ကြိုးပမ်းချက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမအကြိမ် အကျယ်ချုပ်ကာလအတွင်း ၁၉၉၄ စက်တင်ဘာ (၂၀) ရက်မှာ ဗိုလ်ချုပ်သန်းရွှေနဲ့ တခါ၊ ၁၉၉၄ အောက်တိုဘာ (၂၈) ရက်မှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့တခါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ၁၉၉၇ ခု ဇူလိုင် (၁၇) ရက်မှာတော့ ဗိုလ်ချုပ်ခင်ညွန့်က ဦးအောင်ရွှေ၊ ဦးသန်းထွန်းနဲ့ ဦးလှဖေတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဦးအောင်ရွှေက တိုက်တွန်းပေမယ့် ဗိုလ်ချုပ်ခင်ညွန့်က ပယ်ချခဲ့ပါတယ်။ ၁၉၉၇ စက်တင်ဘာလထဲမှာပဲ ဗိုလ်ချုပ်ခင်ညွန့်က ဦးအောင်ရွှေနဲ့ ထပ်တွေ့ဖို့ ခေါ်ခဲ့ပေမယ့် ဒေါ်စုကို ဖယ်ထားလို့ ဒီဒိုင်ယာလော့ ပျက်သွားခဲ့ပါတယ်။

အဲဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒိုင်ယာလော့ကို ဘေးဖယ်ပစ်လိုက်ပြီး ၁၉၉၈ ခု ဇွန် (၂၃) ရက်မှာ နအဖကို ရက်ပေါင်း (၆၀) အတွင်း လွှတ်တော်ခေါ်ပေးဖို့ ရာဇသံပေးခဲ့ပါတယ်။ ရက် (၆၀) ပြည့်သွားပေမယ့် နအဖက လွှတ်တော် မခေါ်ပေးတဲ့အတွက် ကိုယ့်ဘာသာ လွှတ်တော်ခေါ်မယ်လို့ သြဂုတ် (၂၁) ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် နအဖ စစ်အုပ်စုဟာ ကောက်ကျစ်ယုတ်မာစွာနဲ့ စက်တင်ဘာ (၆) ရက်နေ့ကစပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များဟာ တာဝန်သိ တာဝန်ရှိစွာနဲ့ စက်တင်ဘာ (၁၆) ရက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ကို ဖွဲ့စည်းထူထောင်လိုက်ပါတယ်။

စီအာပီပီဟာ ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့အစိုးရပေါ်ပေါက်ရေးအတွက် လှုပ်ရှားခဲ့ရာမှာ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၁) ရက်နေ့မှာ နအဖ က ဒေါ်စု၊ ဦးတင်ဦး အပါအဝင် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အားလုံးကို အကျယ်ချုပ်ချခဲ့ပြီး (၁၄) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ စက်တင်ဘာ (၁၆) ရက်နေ့မှာတော့ စီအာပီပီက အခြေခံဥပဒေကို ကိုယ့်ဘာသာ ရေးဆွဲမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် နအဖက စက်တင်ဘာ (၂၂) ရက်နေ့ကစပြီး ဒေါ်စုနဲ့ ဗဟိုအလုပ်အမှုဆောင်အားလုံးကို အကျယ်ချုပ်ချခဲ့ပြန်ပါတယ်။ ဒေါ်စုကို ၂၀၀၂ မေလ (၆) ရက်ကျမှ လွှတ်ပေးခဲ့ပါတယ်။

ဒီဒုတိယအကျယ်ချုပ်ကာလအတွင်း ၂၀၀၀ ပြည့်နှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာ ဒေါ်စုဟာ ဗိုလ်ချုပ်သန်းရွှေနဲ့ (၂) ခါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီနောက် နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၊ တခါတရံ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်တို့ ဦးစီးတဲ့ နအဖ စေ့စပ်ညှိနှိုင်းရေးအဖွဲ့နဲ့ (၁၀) ခါ ဆွေးနွေးခဲ့ပါတယ်။ လွတ်ခါနီး ၂၀၀၂ ခု ဇန်နဝါရီလမှာ ဗိုလ်ချုပ်သန်းရွှေနဲ့ (၂) ခါ ဆွေးနွေးခဲ့ပါသေးတယ်။ မေလမှာ လွတ်ပြီးနောက် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင် ခေါင်းဆောင်တဲ့ စေ့စပ်ရေးအဖွဲ့နဲ့ (၃) ခါ ထပ်ဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ဒေါ်စုအပေါ် လူထုထောက်ခံမှုကို အကြီးအကျယ် စိုးရိမ်ကြောက်လန့်လာတဲ့ ဗိုလ်ချုပ်သန်းရွှေဟာ ၂၀၀၃ ခု မေ (၃၀) ရက်မှာ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီးကို ကျူးလွန်ခဲ့ပြီးနောက် မသေလို့ ကျန်ခဲ့တဲ့ ဒေါ်စုနဲ့ ဦးတင်ဦးကို အကျယ်ချုပ် ထပ်ချခဲ့ပြန်ပါတယ်။ ဒါပေမယ့် လုပ်ကြံမှုကို စိတ်မပါတဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ သဘောထားကြီး အမြင်ကျယ်တဲ့ ဒေါ်စုတို့ဟာ အကျယ်ချုပ်ကျပြီး မကြာမီအတွင်း တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့် ကြီးကြပ်စီစဉ်မှုအောက်မှာ ဗိုလ်ချုပ်ကျော်ဝင်း၊ ဗိုလ်ချုပ်သန်းထွန်း၊ ဗိုလ်မှူးကြီးတင်လှိုင်တို့ပါတဲ့ စေ့စပ်ရေးအဖွဲ့ဟာ ဒေါ်စုနဲ့ (၅) ခါ ဆွေးနွေးခဲ့ရာမှာ ဒေါ်စုနဲ့ အဖွဲ့ချုပ်ဘက်က ဒီပဲယင်းကိစ္စကို သင်ပုန်းချေဖို့၊ အမျိုးသားညီလာခံတက်ဖို့၊ တပ်မတော်အခန်းကဏ္ဍကို ကာလတခုအထိ ပါဝင်ခွင့်ပေးဖို့ သဘောတူခဲ့ပြီး နအဖဘက်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ၉၀ ရွေးကောက်ပွဲရလာဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့၊ အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူ (၁၀၄) ချက်ကို ပြန်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ တနည်းအားဖြင့်ပြောရရင် အမျိုးသားပြန်လည်သင့်မြတ်ရေးအောင်မြင်ဖို့ (၉၅) ရာခိုင်နှုန်း သေချာနေခဲ့ပါတယ်။ ဒီဒိုင်ယာလော့ကာလအတွင်းမှာပဲ ဗိုလ်ချုပ်ခင်ညွန့်ဟာ ဒေါ်စုတို့နဲ့ ပူးတွဲပြီး တိုင်းပြည်အနာဂတ်ကို ပုံဖော်ဖို့ ရည်ရွယ်တဲ့ လမ်းပြမြေပုံကို ၂၀၀၃ ခု သြဂုတ် (၃၀) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၄ ခု ညောင်နှစ်ပင်ညီလာခံ မကျင်းပမီ တရက်အလို မေ (၁၆) ရက်မှာ ဗိုလ်ချုပ်သန်းရွှေက သဘောတူညီချက်အားလုံးကို သူ့တယောက်တည်းသဘောနဲ့ ဖျက်သိမ်းပစ်လိုက်ပြီး ဒေါ်စုနဲ့ အဖွဲ့ချုပ်တို့အနေနဲ့ ညီလာခံကို ခြွင်းချက်မရှိ တက်ရမယ်၊ ညီလာခံအတွင်း အနေအထိုင်ပေါ်မူတည်ပြီးတော့မှ ဒေါ်စုတို့တောင်းတဲ့ကိစ္စတွေ စဉ်းစားပေးမယ်လို့ တချက်လွှတ်အမိန့်ချခဲ့ပါတယ်။ တိုင်းပြည်ရဲ့လက်တွေ့အခြေအနေနဲ့ ကမ္ဘာကြီးရဲ့ ဦးတည်လမ်းကြောင်းကို အတိုင်းအတာ တခုအထိ သဘောပေါက်လာတဲ့ ဗိုလ်ချုပ်ခင်ညွန့်လည်း ၂၀၀၄ အောက်တိုဘာ (၁၉) ရက်မှာ ရာထူးပြုတ်သွားခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံမှာ ဒိုင်ယာလော့ရဲ့ အခန်းကဏ္ဍဟာ ၂၀၀၄ မေလမှာ ဂိမ်းဘောဆိုက် သွားခဲ့ပါပြီ။ တနည်းပြောရရင် ဒိုင်ယာလော့ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

၂၀၀၃-၂၀၀၄ ဒိုင်ယာလော့မှာ ဒေါ်စုအပြင် တခြားအဖွဲ့ချုပ်ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီခေါင်းဆောင်ကြီးတွေဟာ ဒိုင်ယာလော့ နိဂုံးချုပ်သွားခဲ့ပေမယ့်လည်း ဒိုင်ယာလော့ကိုပဲ တစာစာ ဆက်အော်နေခဲ့ကြပါတယ်။ ဒီတော့ ဒိုင်ယာလော့ အသက်ထွက်သွားတာ မသိကြတဲ့ တခြား ပြည်တွင်းပြည်ပအတိုက်အခံတွေကလည်း ဒိုင်ယာလော့တို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကိုပဲ နားမလည်ပါးမလည်နဲ့ လိုက်ယောင်နေခဲ့ကြပါတယ်။

ဒါပေမယ့် အဖွဲ့ချုပ်ခေါင်းဆောင်တွေဟာ ဒိုင်ယာလော့အလောင်းကောင်ကြီး အသက်ပြန်ရှင်နိုး မျှော်လင့်ပြီး ၂၀၀၆ ဖေဖော်ဝါရီ (၁၂) ရက်မှာ လွှတ်တော်ခေါ်ပေးရင် နအဖကို ဒီဂျူရီ (ဥပဒေကြောင်းညီ တရားဝင်) အစိုးရဖြစ်အောင် လုပ်ပေးမယ်၊ ဒီနောက် တရားဝင်သွားတဲ့ နအဖအစိုးရနဲ့ လွှတ်တော်လက်တွဲပြီး အခြေခံဥပဒေဆွဲတာ၊ ရွေးကောက်ပွဲ ကျင်းပတာ၊ တိုင်းပြည်ပြဿနာတွေ ဖြေရှင်းတာ လုပ်ကြမယ်လို့ ကမ်းလှမ်းခဲ့ပါသေးတယ်။

၂၀၀၇ သြဂုတ် (၁) ရက်မှာလည်း တာဝန်သိ တာဝန်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စီအာပီပီအဖွဲ့ဝင်တွေ စုစုပေါင်း (၉၂) ယောက် (နောက်ပိုင်းမှာ ၉၇ ယောက်ဖြစ်လာ) ပူးပေါင်းပြီး နအဖ ညောင်နှစ်ပင်ညီလာခံနဲ့ နအဖ အခြေခံဥပဒေ (၁၀၄) ချက်တွေကို ထည့်သွင်းစဉ်းစားပေးထားတဲ့ အစားထိုး ပြည်သူ့လမ်းပြမြေပုံတခုကို အဆိုပြုခဲ့ပါသေးတယ်။ ဒါပေမယ့် သေပြီးတဲ့ ဒိုင်ယာလော့အလောင်းကောင်ကြီးကတော့ ဘယ်လိုမှ မလှုပ်နိုင်တော့ပါဘူး။ အခုလို အသက်ပြန်ရှူအောင် အဆုတ်ထဲ ပါးစပ်ချင်းတေ့ လေမှုတ်သွင်း၊ နှလုံးပြန်ခုန်အောင် ပြင်ပကနေ လက်နဲ့ဖိနှိပ်ပေးပြီး အရေးပေါ် အသက်ကယ်နည်းတွေနဲ့ ကြိုးစားခဲ့ကြပေမယ့် ဒိုင်ယာလော့အလောင်းကောင်ကြီး အသက်ပြန်ရှင်မလာပါဘူး။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဖြစ်တဲ့အခါမှာတော့ ပြည်တွင်းနဲ့ နိုင်ငံတကာလူထုကို လှည့်စားဖို့ ဗိုလ်ချုပ်သန်းရွှေက ဒိုင်ယာလော့အလောင်းကောင်ကြီးကို သနပ်ခါးလိမ်း ပန်းပန်ပေးပြီး ပွဲထုတ်ပြခဲ့ပါတယ်။ ဒီလိုနဲ့ ဆက်ဆံရေးဝန်ကြီးဆိုတဲ့ ဗိုလ်ချုပ်အောင်ကြည်ကို ဒေါ်စုနဲ့ ဆွေးနွေးပြစေခဲ့ရာမှာ ၂၀၀၇ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ (၃) ခါ၊ ၂၀၀၈ ဇန်နဝါရီမှာ (၂) ခါ၊ ၂၀၀၉ အောက်တိုဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ (၄) ခါ ပုံဆွဲပြခဲ့ပါတယ်။ တကယ်တော့ ဝိညာဉ်ချုပ်ပြီးသားဖြစ်တဲ့အတွက် ဒိုင်ယာလော့မသာကောင်ကြီးဟာ ပုပ်စော်နံလာတာပဲ အဖတ်တင်ပါတယ်။

အင်မတန် ထက်မြက်လှတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိုင်ယာလော့ အသက်မရှိတော့တဲ့အကြောင်း ပြည်တွင်းပြည်ပ သိစေဖို့အတွက် ၂၀၀၉ စက်တင်ဘာ (၂၅) ရက်မှာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကိစ္စဆွေးနွေးဖို့ ခေါင်းစဉ်တပ် ကမ်းလှမ်းပြခဲ့ပါတယ်။ ဒီကိစ္စကို နောက်ဆုံးမှာ ဘယ်လိုမှ ရှေ့ဆက်မရအောင် ဗိုလ်ချုပ်သန်းရွှေ လုပ်ခဲ့တာဟာ ဒိုင်ယာလော့အလောင်းထည့်ထားတဲ့ ခေါင်းတလားအဖုံးကို သံချက်နှက်ခဲ့တာဖြစ်ပါတယ်။

ဒီနောက် ၂၀၀၉ ခု ဧပြီ (၂၉) ရက်က ချမှတ်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အနိမ့်ဆုံးသတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့တာကို နအဖရဲ့ မတ်လ (၈) ရက်ရွေးကောက်ပွဲဥပဒေတွေက အပြီးအပြတ် ပယ်ချပစ်လိုက်တာ၊ ဒါနဲ့ တဆက်တစပ်တည်း မေ (၆) ရက်မှာ အဖွဲ့ချုပ် မှတ်ပုံပြန်မတင်လို့ တရားမဝင်ဖြစ်ပြီဆိုတဲ့ နအဖရဲ့ အာဏာပါဝါတွေဟာ ဒိုင်ယာလော့အလောင်း ခေါင်းတလားဖုံးကိုပိတ်တဲ့ နောက်ဆုံးသံချက်တွေ ဖြစ်သွားပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း မိမိရဲ့အခြေခံရပ်တည်ချက်ဟာ (အရည်မရ အဖတ်မရ ဒိုင်ယာလော့ မဟုတ်ဘဲ) ၂၀၀၃ မတ် (၉) ရက်၊ ၁၉၉၇ ဖေဖော်ဝါရီ (၄) ရက်၊ (၁၉၉၃ နေရူးဆုအတွက်) ၁၉၉၅ နိုဝင်ဘာ (၁၆) ရက်တို့မှာ ပြောခဲ့တဲ့ မိန့်ခွန်း/ဆောင်းပါး (၃) ခုအတိုင်း ဖြစ်တယ်လို့ ၂၀၀၉ အောက်တိုဘာလမှာ မက်ဆေ့ခ်ျပေးခဲ့သလို ၂၀၁၀ မတ်လ (၂၃) ရက်မှာလည်း အန်အယ်လ်ဒီဗဟိုဌာနချုပ်ကို ဘူးသီးတလုံး ပေးလိုက်ပြီး ဘူးတိုက်ပွဲဆင်နွှဲဖို့ မက်ဆေ့ခ်ျပေးခဲ့ပါတယ်။

ဒါကြောင့် ကွယ်လွန်အနိစ္စရောက်သွားတဲ့ ဒိုင်ယာလော့တို့၊ (နအဖနဲ့) အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို လက်ရှိ စစ်အုပ်စု အသက်နဲ့ကိုယ် အိုးစားမကွဲသရွေ့ (နအဖအသက်နဲ့ တပ်မတော်ကိုယ်) ဘာမှမျှော်လင့်စိတ်ကူးယဉ်နေစရာ မရှိတော့ဘဲ တာဝန်သိ တာဝန်ရှိ (အဖွဲ့ချုပ်+တိုင်းရင်းသား) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ mandate ကို ရဲရဲဝံ့ဝံ့ ပါးပါးနပ်နပ်နဲ့ အပြည့်အဝ အသုံးချပြီး ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုးရတို့ကို ပြည်တွင်းမှာ ကိုယ့်ဘာသာ ဖွဲ့စည်းထူထောင်ဖို့၊ မြန်မာ့ဒီမိုကရေစီတိုက်ပွဲ နောက်ဆုံးအောင်ပွဲရတဲ့အထိ ပြည်သူလူထုနဲ့ တပ်မတော်သားတွေကို ခေါင်းဆောင်သွားဖို့ လမ်းကြောင်းပဲ ရှိပါတော့တယ်။

ဒီနည်းနဲ့ ၂၀၁၀ မေ (၆) ရက် ဒိုင်ယာလော့ရဲ့ အပြီးသတ်နိဂုံးကနေ ပြည်သူ့အစိုးရရဲ့ နိဒါန်းဖြစ်လာအောင် ဝိုင်းဝန်းလုံးပန်းကြပါစို့။ ။

Thursday, May 20, 2010

{ ဆည်မြောင်း နိုင်ငံတော်ကြီး }(Click)


ဆည်မြောင်း နိုင်ငံတော်ကြီး


မြန်မာ စစ်အစိုးရနှင့် တရုတ် အစိုးရတို့က ကချင်ပြည်နယ် ထဲတွင် ရေအားလျှပ်စစ် ထုတ်ယူရန် အတွက် ရေကာတာ ဆည်ကြီး ပေါင်း ၇ ခု တည်ဆောက်ရန် ပြင်ဆင် နေကြသည်။ သို့သော် ထိုဆည်ကြီးများ ဆောက်လုပ်ခြင်းသည် ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်နှင့် လုံခြုံရေးကို အာမခံချက်ပေးနိုင်မည် မဟုတ်သည့်အပြင် ထွက်ရှိလာသော လျှပ်စစ်ဓာတ်အား ကိုလည်း ပြည်သူများ သုံးစွဲခွင့် ရလိမ့်မည်မဟုတ်ပေ။

သရုပ်ဖော်ပုံ - ကာတွန်း ဟန်လေး

ကြီးမားသော ဆည်ကြီးများ တည်ဆောက်၍ ရေအားလျှပ်စစ် ထုတ်ယူ ခြင်းသည် ဒေသခံ လူ့အဖွဲ့ အစည်းနှင့် သဘာဝ ပတ်ဝန်းကျင်ကို အကြီး အကျယ် ထိခိုက် ပျက်စီး စေသောကြောင့် နိုင်ငံတကာက ဝိုင်းဝန်း ရှုတ်ချ နေသည်မှာ ကာလ အတန်ကြာပြီ ဖြစ်သည်။ သို့သော် ထိုအဆိုကို လက်မခံ သူများလည်း ရှိနေပါ သေးသည်။ တခြားသူများ မဟုတ်။ ဆည်ကြီးများ တည်ဆောက်ခြင်းဖြင့် အကျိုးစီးပွား ဖြစ်ထွန်း နေသူများ ဖြစ်သည်။ လက်တွေ့ ကျကျ စဉ်းစား သူများက ဆည်ကြီးများမှ ထွက်ရှိလာသော လျှပ်စစ် ဓာတ်အားသည် သေချာပေါက် အားကိုးအားထား ပြုနိုင်ပြီး လျှပ်စစ်ဓာတ်အား မရှိသော နိုင်ငံတခုသည် ခေတ်သစ်ကမ္ဘာကြီး ထဲတွင် ရှင်သန်ရန် မဖြစ်နိုင်ဟု ဆိုကြသည်။

သို့သော် ထိုအဆိုပြုချက်သည် မြန်မာနိုင်ငံတွင် ပြောင်းပြန်ဖြစ်နေသည်။ ဆည်ကြီးများ တည်ဆောက်ခြင်းအကျိုးဆက်ကြောင့် လူအများအပြား သေဆုံးခြင်း၊ ကျေးရွာများ ဖျက်ဆီးခံရကာ သစ်တောများ အပါအဝင် သဘာဝပတ်ဝန်းကျင် ပျက်သုဉ်းခြင်း ကိုလည်း ရင်ဆိုင်နေရသည်။ ထို့အပြင် ဆည်တည်ဆောက်ခြင်းကြောင့် လူအခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး ကစဥ့် ကလျား ဖြစ်သွားသော အကူအညီမဲ့ ဒေသခံများအကြား ငှက်ဖျား အပါအဝင် ရောဂါဘယများ ပိုမိုဖြစ်ပွားလာသည်။

မြန်မာပြည်သူလူထု အကျိုးအတွက် စစ်အစိုးရက ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား ဆိုသည်မှာ နောက်ဆုံးတွင် ရှားပါး ပစ္စည်း တမျိုးသာ ဖြစ်နေမလားဟု မေးရန်သာ ရှိတော့သည်။

မြန်မာ နိုင်ငံသား ၅၅ သန်းသည် ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အား လိုလားတောင့်တ နေသူများထဲတွင် ပါဝင်သည်။ ရန်ကုန် မြို့ရှိ အိမ်ထောင်စုများ၊ ရုံးများနှင့် လုပ်ငန်းဌာနများတွင် ရရှိသော လျှပ်စစ်ဓာတ်အားသည် တရက်လျှင် သုံးနာရီ၊ လေးနာရီထက် မပိုပါ။ မကြာခဏ မီးဖြတ်ခံရသည်။ မီးမမှန်၍ အလုပ်မတွင်ခြင်းကလည်း ကြီးမားသော ပြဿနာ ဖြစ်သည်။ အိမ်နီးချင်း များ စုပေါင်း၍ မီးစက်ဝယ်ကာ လျှပ်စစ်ပြဿနာကို ဖြေရှင်းရသည်။ အိမ်ထောင်စု အများအပြားမှာ ဖယောင်းတိုင်နှင့် မီးခွက် ကို အားကိုး၍သာ ညစာစားခြင်း၊ စာဖတ်ခြင်းတို့ကို ပြုလုပ်ကြရသည်။

မီးမလာသောကြောင့် လူထုအတွင်း ဖြစ်တောင့်ဖြစ်ခဲ ဆူဆူပူပူဖြစ်သည်ကိုပင် မကြာသေးခင်က တွေ့ရသည်။ ပြီးခဲ့သည့် မတ် လ အတွင်းက မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး မြို့တော်ဖြစ်သော မော်လမြိုင်တွင် စာမေးပွဲကာလအတွင်း မီးမှန်မှန် မလာ သောကြောင့် ကျောင်းသားများ လမ်းမပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။ ထိုကျောင်းသားများသည် ယခင်မျိုးဆက်ဟောင်း ကျောင်းသားများကဲ့သို့ ဒီမိုကရေစီနှင့် လွတ်လပ်မှုကို တောင်းဆိုခြင်းမဟုတ်ဘဲ ကျောင်းစာ လေ့လာနိုင်ရန်အတွက် လျှပ်စစ်မီး မှန်မှန် ရရေးကိုသာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများကို စွမ်းအင်အရင်းအမြစ်များ ရောင်းချနေသည့် မြန်မာနိုင်ငံ၌ မန္တလေးကဲ့သို့သော ဒုတိယအကြီးဆုံး မြို့တော်တွင် မီးမှန်မှန်မလာခြင်းသည် အသေးအဖွဲ ကိစ္စဟု ပြော၍မရပါ။ ပြီးခဲ့သည့် ဇူလိုင်လက မန္တလေးတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံများ စွမ်းအင် ညီလာခံ ကျင်းပနေစဉ် မီးမှန်မှန် လာစေရန် စစ်အစိုးရက တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော ရွှေလီမှ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၃၀ဝ ဝယ်ယူခဲ့ပြီး တမြို့လုံး မီးလင်းအောင် ဆောင်ရွက်ခဲ့ရသည်။

နိုင်ငံတကာ စွမ်းအင်ဆိုင်ရာ အေဂျင်စီမှ မကြာသေးမီက ထုတ်ပြန်သော စာရင်းဇယားများအရ ၂၀ဝ၆ တွင် မြန်မာနိုင်ငံ၏ နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် ၈၄ ကီလိုဝပ်သာရှိကြောင်း သိရသည်။ တရုတ်နှင့် ထိုင်းတွင် သုံးစွဲသော ပျမ်းမျှ လျှပ်စစ်ဓာတ်အားနှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းသာရှိ၍ အိန္ဒိယနိုင်ငံနှင့်ဆိုလျှင် ၁၆ ရာခိုင်နှုန်းသာ ရှိသည်။
ထိုသို့ လျှပ်စစ်သုံးစွဲမှု နိမ့်ကျနေရခြင်းမှာ မြန်မာနိုင်ငံအတွင်း ယိုယွင်းနေသော စီးပွားရေးကြောင့်ဖြစ်ပြီး စီးပွားရေး နာလန်မထူ နိုင်ခြင်းမှာလည်း စစ်အစိုးရ၏ ဆယ်စုနှစ် နှင့် ချီ၍ မှားယွင်းသော စီမံခန့်ခွဲမှုများကြောင့် ဖြစ်သည်။ ယင်းကြောင့် စွမ်းအင် လို အပ်နေသော နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ရင်းမြစ်များအပေါ် အမြတ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရကို နှစ်ပေါင်း နှစ်ဆယ်နီးပါး ကျောထောက်နောက်ခံ ပြုပေးခဲ့သော အဓိကနိုင်ငံမှာ တရုတ်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံမှ ထွက်ရှိသော ပေါများလှသည့် စွမ်းအင်အရင်းအမြစ်အများစုကို အခြားသောနိုင်ငံများထက် ရရှိခံစားနေသော နိုင်ငံမှာလည်း တရုတ် သာ ဖြစ်သည်။

၂၀ဝ၈ ခုနှစ် စက်တင်ဘာလတွင် Earth Rights Internationalအဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာအရ တရုတ် ကုမ္ပဏီကြီး ၇၀ နီးပါးသည် ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ သတ္ထု တူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းပေါင်း ၉၀ တွင် ပါဝင်ဆောင်ရွက် နေသည်ဟု ဆိုထားသည်။

“မြန်မာနိုင်ငံရဲ့ သဘာဝ အရင်းအမြစ်တွေကို ဆက်လက်ရရှိဖို့အတွက် တရုတ်ဟာ စစ်အစိုးရကို နိုင်ငံရေးအရ ထောက်ခံမှု ပေးခြင်း၊ လက်နက်ရောင်းချပေးခြင်း၊ အတိုးမဲ့ ချေးငွေထောက်ပံ့ခြင်း စတာတွေနဲ့ ပံ့ပိုးကူညီနေပါတယ်”ဟု ဝါရှင်တန် အခြေ စိုက် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ကချင်ပြည်နယ်တွင် အကြီးစားဆည် ၇ ခု တည်ဆောက်ရန် မြန်မာ့ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနနှင့် တရုတ်အစိုးရပိုင် တရုတ် စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း(China Power Investment Corporation - CPI)တို့ အကြား ၂၀ဝ၆ ကတည်း က သဘောတူညီချက် ရခဲ့သည်။ သို့သော် ထိုအကြောင်းကို စစ်အစိုးရပိုင် မီဒီယာက ၂၀ဝ၉ ခုနှစ် ဇွန်လ ၁၆ ရက်ကျမှ မြန်မာ နှင့် တရုတ်အကြား အဆိုပါကိစ္စများ ဆောင်ရွက်ရန် နှစ်ဘက် သဘောတူညီချက် ရသည်ဟု ဖော်ပြခဲ့သည်။

ဧရာဝတီမှ ရရှိထားသော သတင်း အချက်အလက်များအရ CPI ကုမ္ပဏီသည် ၂၀ဝ၇ ခုနှစ် မတ်လ ၇ ရက်ကတည်းက ယူနန် စွမ်းအင်ကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။ တရုတ် ကုမ္ပဏီနှစ်ခု၏ ဆွေးနွေးချက်များတွင် မြန်မာနိုင်ငံရှိ ဆည်များမှ တင်ပို့သော လျှပ်စစ်ဓာတ်အားကို ယူနန်ပြည်နယ် လျှပ်စစ် ကွန်ရက်မှ တဆင့် ဖြတ်သန်း၍ တရုတ် ပြည် အတွင်းသို့ တင်ပို့မည်ဟူသော သဘောတူညီချက် ပါဝင်သည်။

CPI ကုမ္ပဏီသည် အခြားသော တရုတ် ရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်း၍ ဆည်တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများ အတွက် ဘဏ္ဍာရေးအရ အကူအညီပေးနေပြီး တချိန်တည်းတွင် ယူနန် စွမ်းအင်ကုမ္ပဏီကလည်း လျှပ်စစ်ဓာတ်အား ပြန်လည် ဖြန့်ဖြူးပေးမည့် လိုင်းကြိုးများကို တည်ဆောက်နေသည်။ ထိုလိုင်းကြိုးများသည် တရုတ်ပြည် အနောက်တောင်ဘက်ပိုင်းသို့ ဓာတ်အား ပို့လွှတ်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ကျောက်မီးသွေးကို စွမ်းအင်အဖြစ် ယခုအထိ အဓိကထား သုံးစွဲ နေရသော စက်မှုလုပ်ငန်းများရှိရာ တရုတ်ပြည် အရှေ့ဘက်ခြမ်းအတွက် ပစ်မှတ်ထားသည့် တရုတ်၏“အနောက်မှ အရှေ့သို့ စွမ်းအင် ဖြန့်ဖြူးရေး မူဝါဒ”အရ ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်ရှိ ဆည်များမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ် အားသည် မြန်မာနိုင်ငံအတွင်း လိုအပ်နေသော နေရာများ၌ သုံးစွဲခွင့် ရမရ ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ထုတ်ဝေသော တရုတ်အစိုးရပိုင် “တရုတ် ရင်းနှီးမြှုပ်နှံမှု” မဂ္ဂဇင်း၌ တရုတ်ပြည် နိုင်ငံတကာ အင်ဂျင်နီယာ အကြံပေးလုပ်ငန်း ကော်ပိုရေးရှင်းမှ ညွှန်ကြားရေးမှူး Zhou Jiachong က ဧရာဝတီမြစ်ရိုး တလျှောက်၌ ဆည်ကြီးများ တည်ဆောက်ရန် အစိုးရနှစ်ခု အကြား သဘောတူညီချက်များ၂၀ဝ၉ ကတည်းကရထားပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ သည်။ ဆည်ကြီးများမှ ထွက်ရှိလာမည့် စုစုပေါင်း လျှပ်စစ်ဓာတ်အားသည် မီဂါဝပ် ၁၆၀ဝ၀ ရှိမည် ဖြစ်ပြီး ထိုင်းတနိုင်ငံလုံးတွင် သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား၏ သုံးပုံနှစ်ပုံ ရှိမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာပြည်တွင် လက်ရှိသုံးစွဲနေသော လျှပ်စစ် ဓာတ်အား ထက် ဆယ်ဆ များပြားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အကြံပေး ကော်ပိုရေးရှင်းသည် တရုတ်၏ နိုင်ငံပိုင် လုပ်ငန်းတခု ဖြစ်ပြီး ကချင်ပြည်နယ်ရှိ ဆည်ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ကျွမ်းကျင်သူ ပညာရှင်များ အဆိုအရ ဆည်ကြီးများ အပြည့်အစုံ တည်ဆောက် ပြီးစီးသွားပါက မြန်မာနိုင်ငံသည် တနှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၀ဝ၀ မီဂါဝပ် ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။ သို့သော် လျှပ်စစ်ဓာတ်အားကို စစ်အစိုးရက အိမ်နီးချင်း နိုင်ငံများသို့ ထုတ်ရောင်းနေသမျှ ကာလပတ်လုံး မြန်မာပြည်သူများအနေဖြင့် ဆည်ကြီးများကြောင့် ရရှိလာသည့် လျှပ်စစ် ဓာတ်အားကို သုံးစွဲရသည်ထက် လူမှုဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဒဏ်ကိုသာ ခံစားရလိမ့်မည်ဟု ဆိုသည်။ စစ် အစိုးရ အနေဖြင့် အာဏာ ဆက်လက်တည်မြဲရေးအတွက် လျှပ်စစ်ဓာတ်အားကို အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချရန် သေချာသလောက် ရှိနေပေသည်။

တရုတ်ခေါင်းဆောင်ပိုင်း အနေဖြင့်လည်း မြန်မာပြည်တွင် ဖြစ်နေသော နိုင်ငံရေး ပြဿနာများကြောင့် ရင်းနှီးမြုပ်နှံထားသော ငွေကြေးများ မဆုံးရှုံးဘဲ တတ်နိုင်သရွေ့များများပြန်ရရန် ရေရာသေချာသည့် လုပ်ဟန်ကိုသာ ဆက်လက် ကျင့်သုံးပေလိမ့် မည်။

“မြန်မာနိုင်ငံဟာ တရုတ်ပြည်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် နိုင်ငံသေးသလို လူလည်း နည်းပါတယ်၊ ထွက်လာသမျှ လျှပ်စစ်ဓာတ် အားလုံးကို ပြည်တွင်းမှာ ကုန်အောင်မသုံးစွဲနိုင်ပါဘူး၊ ဒါကြောင့် တရုတ် ကုမ္ပဏီများအနေနဲ့ မြန်မာပြည်မှာ ဆည် တည်ဆောက် မှုတွေ ပြီးသွားရင် လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံထဲ တင်သွင်းဖို့ စဉ်းစားရပါတယ်”ဟု Zhou Jiachong က “တရုတ် ရင်းနှီးမြှုပ်နှံမှု” မဂ္ဂဇင်းသို့ ပြောသည်။

မြန်မာပြည် ရေအားလျှပ်စစ် စီမံကိန်းများမှ ရရှိလာမည့် အကျိုးအမြတ်များအတွက် တရုတ်ကုမ္ပဏီများက အစွမ်းကုန်ကြိုးစား နေကြသည်။ လိုအပ်သည့် အတိုင်းအတာ တွက်ချက်မှုများ ပြီးဆုံးပြီဖြစ်၍ ကချင်ပြည်နယ် မြစ်ဆုံဒေသ၌ ဆည်တည်ဆောက် ရေး လုပ်ငန်းများ စတင်ရန်အသင့် ဖြစ်နေကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ကချင်ပြည်နယ်တွင် တည်ဆောက်မည့် ဆည်ကြီး ၇ ခုအနက် မြစ်ဆုံသည် ပထမဆုံး ဆည်ကြီးဖြစ်ပြီး တရုတ်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။ ဆည် အပြီးတွင် ရေလွှမ်းမည့် ဧရိယာအကျယ်သည် စင်္ကာပူနိုင်ငံ၏ အကျယ်အဝန်းနှင့် ညီမျှမည်ဖြစ်သည်။

ယခုအခါ ထိုစီမံကိန်းသည် ဆက်လက်အကောင်အထည် ဖော်ရန် အသင့်ဖြစ်နေသည်။ စစ်အစိုးရက ယင်းဆည်ကြီး တည် ဆောက်ခြင်းအားဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို ရလိမ့်မည်ဟု ရည်မှန်းထားဟန်လည်း ရှိသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံး၌ မဝေးတော့သည့် အနာဂတ်တွင် နိုင်ငံတော်သည် လျှပ် စစ် ဓာတ်အားကို တနိုင်ငံလုံး ဖူလုံရုံမက ပိုလျှံသည်အထိ ထုတ်လုပ်နိုင်တော့မည်ဟု ခေါင်းကြီးတပ်ကာ ရေးသားဖော်ပြခဲ့ သည်။ အမှတ် (၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက ရေအားလျှပ်စစ် စီမံကိန်း ၃၀ ကျော်မှ ထုတ်လုပ်နိုင်မည့် စွမ်းအင်ကို အသေးစိတ် ရေးသား ဖော်ပြထားပြီး အနာဂတ်၌ လျှပ်စစ်စွမ်းအင်ကို သုံးစွဲ နိုင်တော့မည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများ အနေဖြင့်လည်း လျှပ်စစ် ဓာတ်အားကို ပေါပေါများများ သုံးစွဲနိုင်တော့မည်ဖြစ်၍ သတင်းကောင်းပါးလိုက်ကြောင်း ရေးသား ဖော်ပြထားသည်။

ဆည်များမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားသည် နိုင်ငံတွင်း အိမ်သုံးနှင့် စက်မှုလုပ်ငန်းများ၌ အလုံအလောက် သုံးစွဲနိုင် သည် ဟူသော တွက်ချက်မှုသည် ဖြစ်နိုင်စရာ ရှိပါသည်။ ရှမ်းပြည် မြောက်ပိုင်း၌ တည်ရှိသော ရွှေလီ (၁) ဆည်သည် တရုတ်-မြန်မာ စီမံကိန်းတခု ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ သတ္ထုတွင်းလုပ်ငန်းနှင့် သတ္ထုအရည်ကြို လုပ်ငန်းများကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးထားသည်။ ထို့အပြင် ယူနန်ပြည်နယ် အတွင်းသို့လည်း လျှပ်စစ်ဓာတ်အားများ ပို့ပေးနေသေးသည်။ သို့သော် ဆည်အသစ်များမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ မျှဝေသုံးစွဲမည်ဆိုသည့် ကိစ္စမှာ ဖြစ်နိုင် သည်ဟု မထင်ပေ။

သြစတြေးလျနိုင်ငံ၊ မက်ကွာရေး တက္ကသိုလ်(Macquarie University) မှ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ရှောင် တာနဲလ် (Sean Turnell)က “အရင်တုန်းက မြန်မာနိုင်ငံကနေ ရေအားလျှပ်စစ် တင်ပို့ခဲ့တာတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်ခဲ့တာတွေ ကို နှိုင်းယှဉ် ပြောရရင် မြန်မာနိုင်ငံသားတွေအဖို့ ကချင်ပြည်နယ်မှာ တည်ဆောက်တဲ့ ဆည်တွေကနေ ထုတ်လုပ်မယ့် လျှပ်စစ် ဓာတ်အားကို လုံလုံလောက်လောက် သုံးစွဲရမယ်လို့ မထင်ပါဘူး”ဟုပြောကြားခဲ့သည်။

“ကချင်ပြည်နယ် လူထုအနေနဲ့ စစ်အစိုးရနဲ့ တရုတ် ဆောက်လုပ်ရေး အဖွဲ့တွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်”ဟု ရှောင် တာနဲလ်က ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့အပြင် ဆည် ၇ ခုမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့သာ တိုက်ရိုက်တင်ပို့မည်ဟု ထောက်ပြသွားခဲ့သည်။

“တခုလုံး ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရဟာ ရေတိုအကျိုးကိုပဲ အလွန်အကြူးကြည့်ပြီး အလုပ်လုပ်နေတာ တွေ့ရပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိ စွမ်းအင်နဲ့ နောင်အတွက် အရံထားရမယ့် စွမ်းအင်တွေ အားလုံးကို ငွေမြန်မြန်ပေါ်လိုတာနဲ့ ထုတ်ရောင်းနေတဲ့ သဘောမျိုးဖြစ်နေပါတယ်”ဟုလည်း ရှောင် တာနဲလ်က ပြောသည်။

ကချင်ပြည်နယ် အတွင်းရှိ လူမှုအခြေပြု အဖွဲ့အစည်းများက သူတို့အသံကို နိုင်ငံတကာ၊ အထူးသဖြင့် တရုတ်နိုင်ငံက ကြားရန် ကြိုးစားအားထုတ်နေသည်။

ကချင် ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် အဖွဲ့မှ ထုတ်ဝေခဲ့သော“ရေကြီးမှုကို ခုခံတွန်းလှန်ခြင်း”ဆိုသည့် အစီရင်ခံစာတွင် CPI ကုမ္ပဏီ အား မြစ်ဆုံနှင့် ကချင်ဒေသအတွင်း ဆည်များ တည်ဆောက်နေခြင်းကို အမြန်ဆုံး ရပ်ဆိုင်းပါရန် တောင်းဆိုထား သည်။ ထို့အတူ ဆည်တည်ဆောက်ခြင်းကြောင့် ပေါ်ပေါက်လာသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် မဖြစ် ပွားရန်လည်း တောင်းဆိုထားသည်။

သာမန်အားဖြင့် တရုတ်အစိုးရသည် ထိုကဲ့သို့ ဖိအားပေးတောင်းဆိုမှုများကို အဖက်လုပ်လေ့ မရှိပါ။ သို့သော် ၂၀ဝ၄ ဧပြီလ အတွင်းက တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တရုတ်ပြည်ထဲရှိ “နုမြစ်” ခေါ် သံလွင်မြစ် အတွင်း တည်ဆောက်မည့် ဆည် ၁၃ ခုကို သဘာဝပတ်ဝန်းကျင် ပြဿနာအား စိုးရိမ်သောကြောင့် စီမံကိန်းများ ခေတ္တရပ်ဆိုင်း လိုက်သည်ဟု ကြေညာသော အခါ ပတ်ဝန်းကျင် ထိန်းသိမ်းသူများ အနေဖြင့် ရှားရှားပါးပါး အောင်ပွဲ ရခဲ့ဖူးသည်။ ထို့နောက် ဆည် ၁၃ ခု အစား ၄ ခုသာ တည်ဆောက်မည်ဟု ကြေညာခဲ့သည်။ ပြီးခဲ့သည့် မေလကမူ ဆည် ၃ ခုသာ တည်ဆောက်တော့မည်ဟု ထပ်မံကြေညာခဲ့ သည်။ Liuku ဆိုသည့် ဆည်ကို တည်ဆောက်အပြီး ထွက်ရှိလာသော လေ့လာ ဆန်းစစ်ချက်များအရ တရုတ်အစိုးရက ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ အပြုသဘောဆောင်သည့် အချက်များ ရှိနေသော်လည်း တရုတ်အစိုးရက ဆည်တည်ဆောက်မှုများကို မည်သို့ဆုံးဖြတ် ချက်ချမည် ဆိုသည်မှာ ခန့်မှန်းရ ခက်နေဆဲ ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်သာ အဓိက အာရုံထားသော တရုတ် အစိုးရသည် တခြားသော စိုးရိမ်ဖွယ်ကိစ္စများကို ထည့်သွင်းတွက်ချက်လေ့ မရှိပေ။

နိုင်ငံတကာ မြစ်ကြောင်းများ ကွန်ရက် အဖွဲ့မှ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ပီတာ ဘော့စ်ဟတ်က“တရုတ်အစိုးရ တွက်ချက် တဲ့ ပြည်တွင်းဈေးကွက်ရဲ့ အကျိုးအမြတ်ဆိုတာ တကယ်တော့ ပါးပါးလေးပါ။ အနာဂတ်မှာ တိုးတက်လာမယ့် စီးပွားရေး ကြီးထွားမှု အလားအလာဟာ အကန့်အသတ် ရှိပါတယ်။ ရေအားလျှပ်စစ် လုပ်ငန်းကနေ လိုအပ်တဲ့ အကျိုးအမြတ် နောက်ထပ် မရတော့ဘူးဆိုရင် ကုမ္ပဏီတွေဟာ နိုင်ငံရပ်ခြားက ဈေးကွက်တွေမှာ၊ အကျိုးအမြတ်ပိုရတဲ့ လုပ်ငန်းတွေမှာ ဆက်ပြီး ပြိုင်ဆိုင် ကြ ဦးမှာပဲ”ဟု ဆိုသည်။

မြန်မာပြည်တွင် ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဘဝင်မကျသူများချည်းသာ ရှိသည်မဟုတ်။ ဘ၀င်ကျသူများလည်း ရှိနေသည်။ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် ယင်းတို့၏ စီးပွားဖက်များ အနေဖြင့် အိတ်ထဲမှ ငွေစိုက်စရာ မလိုဘဲ ရရှိလာမည့် အကျိုးအမြတ်များကို ထုထည်ကြီးကြီး ခွဲဝေ ယူကြပါဦးမည်။ ကချင် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့၏ တွက်ချက်မှုအရ မြစ်ဆုံဆည် တခုတည်းမှ လျှပ်စစ်ဓာတ်အား ရောင်းချခြင်းဖြင့် ရရှိနိုင်သည့် ငွေကြေး ပမာဏမှာ တနှစ်လျှင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၅၅၈ သန်း ခန့် ဖြစ်သည်။

စစ်အစိုးရအတွင်း ခြစားမှုများနှင့် စီးပွားရေး စီမံခန့်ခွဲမှုများ လွဲမှားနေခြင်းသည် ဆည်တည်ဆောက်ခြင်းကို ဆန့်ကျင် ကန့် ကွက် သူများအတွက် မျှော်လင့်ချက်ကောင်း ဖြစ်လာနိုင်သည်။ ရေရှည်အတွက် ထိုစီမံကိန်းများကို မြန်မာစစ်အစိုးရနှင့် ပူးတွဲ လုပ်ရန် တရုတ်တို့ဘက်မှ အယုံအကြည် ကင်းမဲ့လာနိုင်ဖွယ်ရှိသည်။ သို့သော်လည်း မြန်မာစစ်ဗိုလ်ချုပ်များနှင့် ယင်းတို့၏ စီးပွားဖက်များသည် ယခုအချိန်တွင် ပုဂ္ဂလိကပိုင် ပြုခြင်းဆိုသည့် ရုပ်ဖျက်ထားသော ခေါင်းစဉ်အောက်တွင် နိုင်ငံ၏ အရင်း အမြစ်များကို အကျိုးစီးပွားအတွက် လောဘတကြီး ခွဲဝေယူကာ အလုပ်ရှုပ်နေကြသည်။ ကချင်ပြည်နယ်အတွင်းရှိ လူထု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုသူများထံမှ ရရှိလာမည့် ငွေဆိုသည်မှာ အိပ်မက်ပမာသာ ဖြစ်သည်။ အကျိုးဆက် အနေဖြင့် လူထုသည် ယခင်က မွဲနေသည်ထက် ပိုမို မွဲပြာကျလာမည်ကိုသာ မြင်ရပေတော့မည်။

Friday, May 14, 2010

{ ပွဲမပြီးသေးပါ }(Click)


ပွဲမပြီးသေးပါ


သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ မြန်မာ့နိုင်ငံရေးသည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဖြစ်နေသော “ရောင်စုံနိုင်ငံရေး” ကဲ့သို့ ဖြစ်လာမည့် အလားအလာမရှိ၊ ကိုယ်အဖြူ သူအမည်း ခပ်ပြတ်ပြတ်နိုင်ငံရေးတွင်သာ ဆက်လက် ရှိနေဦးမည်ဖြစ်သည်။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သော အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ရွေးကောက်ပွဲဝင်ရန် မှတ်ပုံမတင်ဟု ဆုံးဖြတ်ချက် ချလိုက်ခြင်းက မြန်မာနိုင်ငံ၌ နိုင်ငံရေးအရကွဲပြားမှု နက်နက်ရှိုင်းရှိုင်း ရှိနေ သေး သည်ဟု ပြဆိုလိုက်ခြင်းဖြစ်သည်။

ပါတီဆိုင်းဘုတ်မဖြုတ်ခင် ယခုရက်သတ္တပတ်တွင် NLD က ရန်ကုန် ဗဟိုဌာနချုပ်၌ နောက်ဆုံးအကြိမ် အစည်းအဝေး လုပ်နေချိန် တွင် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများနှင့် အတိုက်အခံများက ပါတီနှင့် ဒီမိုကရေစီလှုပ်ရှားမှုကြီးတခုလုံး၏ အနာဂတ် အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားပါတီခေါင်းဆောင်များ၏ အခန်းကဏ္ဍကို ပြင်းပြင်းထန်ထန် ဆွေးနွေးငြင်းခုံခဲ့ကြသည်။

လက်တွေ့ ၀ါဒီသမား တော်တော်များများ၊ တော်လှန်ရေးလှုပ်ရှားတက်ကြွသူများနှင့် ရွေးကောက်ပွဲထောက်ခံသူများပင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည် အတွက် စာနာကြသည်။ သူတို့ကို မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုတွင် ဆက်လက်ဦးဆောင် ပါဝင် စေလိုကြ သည်။ NLD အပေါ် တချို့ ဝေဖန်ချက်များသည် စာနာမှုကို အခြေခံထားသည်။ အဘယ်ကြောင့်ဆိုသော် ဝေဖန်သူများက NLD ကို ပိုကောင်းသော နိုင်ငံရေးဗျူဟာ၊ နည်းနာများနှင့် အကင်းပါးစေလိုကြခြင်းကြောင့်ဖြစ်သည်။

စတင်ဖွဲ့စည်းတည်ထောင်သည့် ၁၉၈၈ ခုနှစ်စ၍ NLD သည် မည်သည့်အခါကမှ တရားဝင် အတိုက်အခံ နိုင်ငံရေးပါတီတခုအဖြစ် ရပ်တည်လှုပ်ရှားနိုင်ခွင့် မရရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါတီခေါင်းဆောင် တော်တော်များများသည် နှစ်ရှည် အကျဉ်းချခံ နေရခြင်း သို့ပမဟုတ် နေအိမ်အကျယ်ချုပ် ကျခံနေဆဲဖြစ်သည်။

NLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ် မပြုခဲ့သည် သာမက ပါတီခေါင်းဆောင်မှုကို ဖျက်ဆီးခဲ့သည့်အပြင် ပါတီဝင် တော်တော်များများကိုလည်း ဖမ်းဆီး ထောင်ချခဲ့သည်။

စစ်အစိုးရသည် ရက်စက်ကြမ်းကြုတ်စွာ ရန်ငါစည်းပြတ်ပွဲကို ကစားခဲ့သည်။ ယခုအချိန်တွင် ပါတီဖျက်သိမ်းရမည့် အခြေအနေ အပေါ်၌ စစ်အစိုးရက ၎င်း၏ ရည်မှန်းချက် အထမြောက်ပြီဟု ခံစားမိကောင်း ခံစားနိုင်သည်။ မိမိအနေဖြင့် ထိုသို့ မထင်ပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင်များက သူတို့သည် မည်သည့်အခါမှ ပြည်သူလူထုကို ကျောခိုင်းသွားမည် မဟုတ် သကဲ့သို့ ဒီမိုကရေစီတိုက်ပွဲကိုလည်း စွန့်ခွာသွားမည်မဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောခဲ့ပြီးဖြစ်သည်။ ပါတီ ဆိုင်းဘုတ် နှင့် ပါတီ အလံများကို လူအများမြင်သာသည့်နေရာတွင် ဆက်လက်ချိတ်ဆွဲထားမည်ဟုလည်း ပါတီ ခေါင်းဆောင်များက သံန္နိဌာန် ချထားသည်။ ဤသို့ ပြုမူခြင်းသည် စစ်အစိုးရက NLD ကို နှိမ်နင်းရန် ဖိတ်ခေါ်သလိုမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။

ပိုမိုသာယာလှပသော မြန်မာနိုင်ငံတော်ကို မမြင်တွေ့ရခင် နိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် လူမှုရေး မငြိမ်သက်မှုများ မလွှဲ မရှောင်သာ တိုးပွားလာပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ (သို့မဟုတ်) နိုင်ငံရေးလှုပ်ရှားမှု ကို ဦးဆောင်နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ သြဇာတိက္ကမကြီးသော ခေါင်းဆောင်တဦးအဖြစ် ဆက်လက် ရှိနေမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ယခုလက်ရှိ အကျဉ်းထောင်အတွင်း အကျဉ်းချခံနေရသော ထင်ရှားသည့်ခေါင်းဆောင်များကို ပြန်လွှတ်ပေးသင့်ပြီး အတိုက်အခံ လှုပ်ရှားမှုအတွင်း ၎င်းတို့ကို ပြန်လည် ပါဝင်ခွင့် ပြုသင့်သည်။

ထွက်ပေါ်လာမည့် အစိုးရအသစ် (သိုးရည်ခြုံထားသော ၀ံပုလွေအလား) သည် အစဉ်အလာကြီးမားသော ဒေါ်အောင်ဆန်းစုကြည် နှင့် ၎င်း၏ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတောင်းဆိုချက်များ၊ တိုက်ပွဲဝင်ရန် အသင့်ရှိနေသော ဒီမိုကရေစီလှုပ်ရှားမှု၊ အယူအဆ ပြင်းထန်သော လှုပ်ရှားတက်ကြွသူများ၊ မခန့်မှန်းနိုင်သော နိုင်ငံရေးပဋိပက္ခ၊ အကဲဆတ်သော တိုင်းရင်းသားရေးရာကိစ္စရပ်များ နှင့် လက်နက်ကိုင်တိုင်းရင်းသား သူပုန်များစသည့် အခြေခံစိန်ခေါ်ချက်များကို ဆက်လက် ရင်ဆိုင်နေရ ပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီလှုပ်ရှားမှုအပေါ် နိုင်ငံတကာမှထောက်ခံမှုသည် သိသိသာသာ တိုးလာနိုင်သည်ဟု မျှော်လင့် မထားနိုင်သော်ငြား ဆက်လက်အားကောင်းနေပေလိမ့်မည်။ တိုက်ပွဲက မပြီးသေးပါ။ NLD ရှိသည်ဖြစ်စေ၊ မရှိတော့ သည်ဖြစ်စေ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲများအတွက် ဆန္ဒများကတော့ ပကတိအတိုင်း ဆက်ရှိနေဦးမည်သာ ဖြစ်သည်။

ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲ (အခုပုံစံအတိုင်းဆိုရင် ရွေးကောက်ပွဲဆိုသည်ထက် ရွေးချယ်ပွဲပုံ ပိုပေါ်နေသည်။) သည် လက်ရှိ အရပ်သား- စစ်တပ် ဆက်ဆံရေး ချိန်ခွင်လျှာကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စစ်အစိုးရသည် တဖက် သတ် အင်အားသုံး မူဝါဒ ယန္တရားကို အသုံးပြုနေခြင်းကြောင့်ဖြစ်သည်။ အဆိုးဘက်လျော့ပြီး ပို၍ ပျော့ပြောင်းသော အစိုးရတခု အာဏာရလာသည်ကို တွေ့ရနိုင်သည်။ သို့သော် အခြေခံကျကျ အဓိပ္ပာယ်ရှိသော အပြောင်းအလဲများ မြန်မာနိုင်ငံတွင် မဖြစ်ပေါ် လာနိုင်ပေ။

တိုင်းရင်းသား လူမျိုးစုများရေးရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများ၊ အဓ္ဓမ လုပ်အားပေး ခိုင်းစေခြင်းများ၊ နိုင်ငံတွင်း အိုးအိမ်မဲ့လှည့်လည်နေထိုင်သူများ၊ ဒုက္ခသည်များနှင့် အိမ်နီးချင်းနိုင်ငံများတွင်ရှိနေသော သန်းချီသည့် အကူအညီမဲ့ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ကိစ္စရပ်များကိုကား ဖြေရှင်း၍ရလိမ့်ဦးမည် မဟုတ်ပေ။

ဗမာတိုင်းရင်းသားများကြီးစိုးထားသော စစ်အစိုးရသည် တိုင်းရင်းသားလူမျိုးစုများ၏ မျှော်မှန်းချက်ကို နားမလည်သည် သာမက တိုင်းရင်းသားများ မည်သည့်အတွက်ကြောင့်လက်နက်ကိုင် တိုက်ပွဲဝင်ရသည်ကိုပင် နားမလည်ကြသောကြောင့် တိုင်းရင်းသား ကိစ္စသည် အစိုးရအသစ်ကို ဆက်လက် ရင်ဆိုင်အံတုနေဦးမည် ဖြစ်သည်။

“သူတို့တွေ (တိုင်းရင်းသားအုပ်စုများ) ငါးသုံးလုံးစီးကရက် ကြိုက်သလောက် သောက်ပါစေ၊ ဘလက် လေဘယ်လ် ၀ီစကီ ကြိုက် သလောက်သောက်ပါစေ၊ အဲဒီဒေသတွေ တည်ငြိမ်နေသရွေ့ကိစ္စမရှိဘူး”ဟု တခါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၀န်ကြီး အစည်း အဝေးတခု၌ ပြောင်မြောက်စွာ ထုတ်ဖေါ်ပြောဆိုခဲ့ဖူးသည်။

သို့သော် တိုင်းရင်းသားခေါင်းဆောင်များသည် ငါးသုံးလုံး စီးကရက်နှင့် ဘလက်လေဘယ်လ်အတွက် တိုက်ပွဲဝင်နေကြခြင်း မဟုတ်။ တိုင်းရင်းသားကိစ္စရပ်များအတွက် အဖြေတခုမရှိပါက မြန်မာနိုင်ငံတွင် နိုင်ငံရေးအသွင်ကူးပြောင်းမှုလည်း ရှိနိုင်မည် မဟုတ်ပေ။

အနာဂတ်အစိုးရအတွင်းရှိ အဓိကနေရာများတွင် စစ်တပ်က လုံးဝထိန်းချုပ်ထားမည်ဖြစ်သောကြောင့် နိုင်ငံတကာ အမြင်တွင် နေပြည်တော်သည် ဂုဏ်သိက္ခာမရှိသော၊ တရားဝင်မှုမရှိသည့် အပါယ်ခံတဦးအဖြစ် ဆက်လက်တည်ရှိနေပေလိမ့်မည်။ ဒေသ တွင်း နှင့် နိုင်ငံတကာအမြင်တွင်လည်း မြန်မာနိုင်ငံသည် “လူဆိုးစာရင်းဝင်” အဖြစ် ဆက်လက်ရှိနေပေလိမ့်မည်။

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် ပိုမိုကောင်းမွန်သော နည်လမ်းများ ရှာဖွေကြမည်ဖြစ်သော်လည်း မြန်မာနိုင်ငံအပေါ်ထားရှိသော ပြစ်ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများအား ဆက်လက် ထိန်းသိမ်းထားပေလိမ့်မည်။ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံအကြားရှိ တိတ်တဆိတ် စစ်ရေးအရ ဆက်ဆံမှုအပေါ်တွင် လည်း အနောက်နိုင်ငံများ နှင့် အိမ်နီးချင်းအစိုးရများက ဆက်လက်အာရုံစိုက်နေကြပေဦးမည်။

မြန်မာစစ်အစိုးရအနေနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ (ဤဆုံးဖြတ်ချက်အရ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသည် မြောက်ကိုရီးယားနိုင်ငံမှ လက်နက်ဝယ်ယူခွင့်မရှိ။) အတိုင်း လိုက်ပါ ဆောင်ရွက်မှုမရှိပါက အမေရိကန်ပြည်ထောင် စု အနေနှင့် လိုအပ်သလို လွတ်လပ်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် က ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အပြီး မေလ ၁၀ ရက်နေ့၌ ထုတ်ဖေါ်ပြော ကြားခဲ့သည်။

တချိန်တည်းမှာပင် မိမိ မယုံကြည်သည့်အရာကို ယုံကြည်သယောင်ယောင်နှင့် နိုင်ငံတကာမှ အကူအညီပေးနေသည့် အဖွဲ့အစည်းများ အလိုကျ လိုက်ပြောမည့်သူတချို့နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ လှုပ်ရှားမှုကို ချိနဲ့သွားစေရန်အတွက် ယုံတမ်းစကား ပြောနေကြမည့် ဆန္ဒဆွဲစိတ်ကူးယဉ်သမားတချို့လည်း ဆက်ရှိနေဦးမည် ဖြစ်သည်။

တကယ်တမ်းတွင် ရွေးကောက်ပွဲပြီးသည့်အခါ၌ အခင်းအကျင်း အသစ်တခု ပေါ်ပေါက်လာလိမ့်မည်ဟု တချို့က ခပ်လွယ်လွယ် ယုံကြည်ထားကြသည်။ သို့သော် မည်သို့သော အခင်းအကျင်း အသစ်မျိုးပင်ဖြစ်စေ အတုအယောင်သာ ဖြစ်လာလိမ့်မည်။ ဗိုလ်ချုပ်ကြီးများ စစ်ဝတ်စုံမှ အရပ်သားဝတ်စုံပြောင်းဝတ်သည်မှာ စစ်မှန်သော ပြောင်းလဲမှုဟု ယူဆပါက မှားယွင်းပေလိမ့်မည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ့အဖွဲ့ကိုကား လျှော့မတွက်သင့်။ ရှိသမျှနည်းလမ်းဖြင့် အာဏာကို ဆုပ်ကိုင်ထားရန်အတွက် သူတို့တွင် အသက်ကယ် “အရံအစီအစဉ်” များစွာရှိကြသည်။ အကျဉ်းထောင်အတွင်းဖြစ်စေ တိုင်းရင်းသား ပဋိပက္ခ အတွင်းဖြစ်စေ နောက်ထပ်လူပေါင်းများစွာ သေကြေပျက်စီးပါစေ သူတို့ဂရုစိုက်မည် မဟုတ်ပါ။ ဒုက္ခသည်များနှင့် နိုင်ငံတွင်းအိုးအိမ်မဲ့ လှည့်လည် နေထိုင်သူများ၏ ဒုက္ခအကြပ်အတည်းများကလည်း သူတို့အတွက် တုန်လှုပ်စရာ မဟုတ်ပါ။

သန်းရွှေ နှင့် သူ၏ လမ်းပြမြေပုံသည် နိုင်ငံခြားအသိုင်းအ၀ိုင်းမှ လူတစု နှင့် “မြန်မာ့နိုင်ငံရေးဒုက္ခ” ဒဏ်ကို ခံနေရသော ဒေသတွင်း ခေါင်းဆောင် တချို့ကိုသာ လိမ်ညာ၍ ရနိုင်လိမ့်မည်။ သို့သော် မြန်မာပြည်သူများ ကတော့ အလိမ်မခံတော့ပေ။ မြန်မာ့ ငရဲကို သူတို့ ဆက်သည်းမခံနိုင်တော့ပြီ။ သူတို့တတွေ အပြောင်းအလဲ လိုချင်နေကြပြီ ဖြစ်သည်။

Thursday, May 13, 2010

{ အစိုးရက အကြမ်းဖက်ခွင့် ရနေသော မြန်မာနိုင်ငံ }(Click)


အစိုးရက အကြမ်းဖက်ခွင့် ရနေသော မြန်မာနိုင်ငံ



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ရပ်ဆိုင်း လိုက်ရခြင်းသည် ပါတီက ၂၂ နှစ်ကြာ ရုန်းကန် လျှောက်လှမ်း ခဲ့ရသော ဒီမိုကရေစီ ဖော်ဆောင်ရေး အကြမ်းမဖက် လှုပ်ရှားမှု အဆုံးသတ် ဖြစ်သည် ဟုလည်း ဆိုနိုင်သည်။

တဘက်က ကြည့်ပြန်လျှင်လည်း အစိုးရကိုယ်တိုင် အကြမ်းဖက်မှုများကို ဆောင်ရွက်နေခြင်းသည် ဒီမိုကရေစီရေး အတွက် အကြမ်းမဖက် အနုနည်းဖြင့် ဆောင်ရွက်နေမှုအပေါ် အောင်ပွဲခံလိုက်ခြင်းဟု ဆိုရပေတော့မည်။

အကြမ်းဖက်ခြင်း လမ်းစဉ်က အကြမ်းမဖက်ခြင်း လမ်းစဉ်အပေါ် အနိုင်ရလိုက်ခြင်းသည် မြန်မာပြည်သူတို့ အတွက် ဆုံးရှုံးခြင်းတခု ဖြစ်သလို အကြမ်းဖက်ခြင်းကို လုံးဝ သည်းခံလိမ့်မည် မဟုတ်ဟု ဆိုနေသော ယနေ့ ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်း အတွက်လည်း စိန်ခေါ်ချက် တရပ်ပင် ဖြစ်တော့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း ယဉ်ကျေးသော လူ့အဖွဲ့အစည်းက ရာဇဝတ်မှုဟု သတ်မှတ်ထား ချက်များ အားလုံးကို မြန်မာ စစ်အစိုးရက ချိုးဖောက်ခဲ့သည်။ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ စစ်တပ်စခန်းများ ရဲစခန်းများတွင် ညှဉ်းပန်း နှိပ်စက်ခြင်း၊ လူများကို မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြုခြင်း၊ နိုင်ငံသားတို့၏ လူနေမှု ဘဝများကို ဖျက်ဆီးခြင်း၊ တိုင်းရင်းသား နယ်မြေ ဒေသများအတွင်း ကျေးရွာများ နေရာ ပြောင်းရွှေ့ပစ်ခြင်း၊ တိုင်းရင်းသူများအား အဓမ္မကျင့်ကြံမှုကို လက်နက်သဖွယ် အသုံးချခြင်း စသဖြင့် အမျိုး စုံလှသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက အထက်ပါ ဖြစ်ရပ်များကို တိတိကျကျ အထောက် အထားများဖြင့် မှတ်တမ်း တင်နိုင်ခဲ့သည်။ သို့သော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ကိုယ်ပိုင် တရားစီရင်ရေးစနစ်ကို ကျင့်သုံးလျက်ရှိသည့် စစ်အစိုးရက ၎င်းတို့သည် တည်ဆဲ ဥပဒေများအရ ဆောင်ရွက်နေပါသည်ဟု ဆိုလေသည်။

အကြမ်းမဖက် ဆောင်ရွက်နေသည့် နိုင်ငံရေး လှုပ်ရှားသူများ အပါအဝင် ပြည်သူများအပေါ် စစ်အစိုးရ ကိုယ်တိုင် ကျူးလွန်နေသော အကြမ်းဖက်မှုများကို နိုင်ငံတကာ လူ့ အဖွဲ့အစည်းက တားဆီး ဟန့်တားရန် ပျက်ကွက်ခဲ့သည်ကိုလည်း တွေ့ရသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း တုန်လှုပ်ဖွယ် အစုလိုက်အပြုံလိုက် လူသတ်မှုကြီး ၃ ခု ဖြစ်ပွားခဲ့သည်။ ပထမဆုံးသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးသည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ဒီမိုကရေစီရေး အတွက် တောင်းဆို ဆန္ဒပြခဲ့သူများအား အစိုးရက ရက်ရက် စက်စက် ချေမှုန်းခဲ့သည်။ ဆန္ဒပြသူများ အနက် လူပေါင်း ၃ဝဝဝ ခန့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ရန်ကုန်ရှိ နိုင်ငံခြား သံရုံးများ ကိုယ်တိုင် ထိုသတ်ဖြတ်မှုများကို မြင်တွေ့ခဲ့ကြသည်။ ထိုအထဲမှ ပစ်ခတ် သတ်ဖြတ်မှု တခုသည် အမေရိကန်သံရုံး ရှေ့တည့်တည့်တွင် ဖြစ်ပွားခဲ့သည်။

ဒုတိယအကြိမ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးက အထက်မြန်မာပြည်တွင် ၂ဝဝ၃ ခုနှစ်က ဖြစ်ပွားခဲ့သည်။ နယ်သို့ စည်းရုံးရေးခရီးစဉ် ထွက်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို ချုံခို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဒီပဲယင်း လူသတ်မှုကြီးဟု လူသိများသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသက်ဘေးမှ သီသီလေး လွတ်ခဲ့သည်။ ထို တိုက်ခိုက်မှုအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်းမှ အသင်းဝင်များ၊ စွမ်းအားရှင်အုပ်စုမှ အဖွဲ့ဝင်များကို အသုံးပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းတွင် အတူ လိုက်ပါလာသော သူ့အား ထောက်ခံသူများ အနက် အနည်းဆုံး ၁ဝဝ ခန့် သတ်ဖြတ်ခံခဲ့ရသည်။

တတိယအကြိမ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးမှာ သံဃာများ ဦးဆောင်ခဲ့သည့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားကြီးကို နှိမ်နင်းရာမှ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူ လေးငါးဆယ်ထက် မနည်း သတ်ဖြတ်ခံခဲ့ရ၍ ရာပေါင်း များစွာ ဖမ်းဆီး ထောင်ချခံခဲ့ရသည်။

မြန်မာပြည်၌ ဖြစ်ပွားခဲ့သော ရွှေဝါရောင် လှုပ်ရှားမှုကြီးသည် ငြိမ်းချမ်းသော၊ လုံးဝ အကြမ်း မဖက်သော လှုပ်ရှားမှုကြီး ဖြစ်သည်။ ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများ၌ ဖြစ်ပွားလေ့ ရှိသော လူထု ဆန္ဒပြပွဲများကဲ့သို့ အကြမ်းဖက်မှုများဖြင့် ရောထွေးနေသော လှုပ်ရှားမှုမျိုး မဟုတ်ပေ။

မြန်မာ စစ်အစိုးရ၏ အဆိုပါ ရာဇဝတ်ပြစ်မှုများ အတွက် နိုင်ငံအတွင်းမှ ဖြစ်စေ နိုင်ငံတကာက ဖြစ်စေ ထိုကျူးလွန်ဖောက်ဖျက်ခဲ့သူများကို တရား ဥပဒေအတိုင်း အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိခဲ့။

နိုင်ငံတကာ မိသားစုက မြန်မာ စစ်အစိုးရ၏ အကြမ်းဖက်မှုများကို တုံ့ပြန်မှုသည် လွန်စွာမှ နိုင်ငံရေး ဆန်လှသည်။ စစ်အစိုးရ အကြီးတန်း ခေါင်းဆောင်များကို အနောက်နိုင်ငံများက ဗီဇာ ပိတ်ခြင်း၊ လက်နက် ရောင်းချမှု ပိတ်ပင်ခြင်း၊ စီးပွားရေး ပိတ်ဆို့ခြင်း စသည့် တုံ့ပြန်မှုများလောက်သာ ဆောင်ရွက်နိုင်ခဲ့သည်။ ထိုပိတ်ဆို့ခြင်းများသည် လက်တွေ့တွင် အလုပ်ဖြစ်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

တရားလက်လွတ် သတ်ဖြတ်ခြင်း၊ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခြင်းများကို ကျူးလွန်ခဲ့မှုများ အတွက် မည်သည့် နိုင်ငံတကာ ခုံရုံးတွင်မှ ကျူးလွန်သူများကို အရေးယူရန် စီစဉ် ဆောင်ရွက်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်သည် ၎င်းတို့ ပျက်ကွက်ခဲ့မှုများကို ဖုံးကွယ်ရေး အတွက် ပိတ်ဆို့မှု နည်းနာကို ဆက်လက် ကျင့်သုံးကာ မြန်မာ စစ်အစိုးရနှင့် ဆက်သွယ် ဆောင်ရွက်မည့် နည်းလမ်းများကို ရှာဖွေနေသည်။ အနောက်နိုင်ငံများ၏ နည်းဗျူဟာသစ်ကို မြန်မာ စစ်ဗိုလ်ချုပ်များက ရှိသည် ဟူ၍ပင် မသတ်မှတ်ပါ။ ဂရုမစိုက်ပါ။

ဤအတောအတွင်း အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ် ဦးဆောင်သော အဖွဲ့သည် နေပြည်တော်တွင် စစ်အစိုးရနှင့် တွေ့ဆုံကာ နည်းဗျူဟာ အသစ်နှင့် ပတ်သက်၍ ဆွေးနွေးနေသည်။

လက်ရှိ အနေအထားတွင် နိုင်ငံရေးအရ တိုးတက်မှုဟု ဗိုလ်ချုပ်များ ပြောဆိုနိုင်သည့်အရာမှာ မတရားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကြောင့် NLD နိတ္ထိတံပြီ ဟူသော အကြောင်း တခုသာ ရှိလေသည်။

ထို့အပြင် ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်နေသော မြန်မာပြည် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးဆိုသည့် လုပ်ငန်းစဉ်သည် အမြင် မတော်လောက်အောင်ပင် ချိနဲ့နေဆဲ ဖြစ်သည်။

မြန်မာပြည်တွင် အကြမ်းမဖက် လှုပ်ရှားမှု ဘာကြောင့် မအောင်မြင်ရသနည်း ဆိုသည်ကို ပြန်လည် သုံးသပ်သင့်သည်။ အမေရိကန် အပါအဝင် နိုင်ငံတကာ မိသားစုသည် မြန်မာပြည်နှင့် ပတ်သက်သော ၎င်းတို့၏ ပေါ်လစီများကို ပြန်လည် သုံးသပ်သင့်သည်။ တချိန်တည်းတွင်လည်း ရာဇဝတ်မှုများ ချိုးဖောက်ခဲ့ ချိုးဖောက်ဆဲ ဖြစ်သော စစ်အစိုးရကို နိုင်ငံတကာ စံသတ်မှတ်ထားသည့် တရား ဥပဒေဘောင် အတွင်းမှ မည်သို့ မည်ပုံ အရေးယူမည် ဆိုသည်ကို လေးလေး နက်နက် စဉ်းစားသင့်ပေသည်။

{ ဗြိတိန်နိင်ငံက အဆိုးရ အပြောင်းအလဲ }


{ ဗြိတိန်နိင်ငံက အဆိုးရ အပြောင်းအလဲ }


{ ဗြိတိန်နိင်ငံက အဆိုးရ အပြောင်းအလဲ }


{ ဗြိတိန်နိင်ငံက အဆိုးရ အပြောင်းအလဲ }


ဲပြီးခဲ့တဲ့ ဆယ်စု့ နှစ်အတွင်း ဗြိတိန်ကို အုပ်ချုပ်ခဲ့တဲ့ လေဘာပါတီက ၀န်ကြီးချုပ်နှစ်ယောက်


{ ဗြိတိန်နိင်ငံက အဆိုးရ အပြောင်းအလဲ }

နုတ်ထွက်သွားတဲ့ ၀န်ကြီးချုပ်ဟောင်း Mr. Brown, အသစ်တက်လာတဲ့ ဝန်ကြီးချုပ် Mr. Cameron နဲ့ ဒုတိယ ဝန်ကြီးချုပ် Mr. Clegg တို့ သုံးဦး


{ ဗြိတိန်နိင်ငံက အဆိုးရ အပြောင်းအလဲ }


ကွန်ဆာဗေးတစ် ခေါင်းဆောင် ဖြစ်တဲ့ ၀န်ကြီးချုပ် Cameron နဲ ညွှန့် ပေါင်းဖွဲ့ လိုက်တဲ့ Lib Dem ပါတီက ခေါင်းဆောင် ဒုတိယ ၀န်ကြီးချုပ် Clegg

{ ဗြိတိန်နိင်ငံက အဆိုးရ အပြောင်းအလဲ }

{ အမေရိကန် သံတမန်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ }(Click)

အမေရိကန် သံတမန်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ



ချင်းမိုင် (မဇ္ဈိမ) ။ ။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် Mr. Kurt Campbellနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နေ့လည်က တွေ့ဆုံဆွေးနွေးကြသည်။

မစ္စတာ ကမ့်ပ်ဘဲလ်သည် သူ၏ မြန်မာနိုင်ငံ ဒုတိယမြောက်ခရီးစဉ်အဖြစ် ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိကာ ဝန်ကြီးအချို့နှင့်တွေ့ဆုံအပြီး နေအိမ်အကျယ်ချုပ်ကျခံနေရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စိမ်းလဲ့ကန်သာ အစိုးရဧည့်ရိပ်သာတွင် တွေ့ဆုံမှု ဖြစ်သည်။
kurtcampbellanddawsuu1s
အမေရိကန်သံရုံးက ဖိတ်ကြားထားသော်လည်း ပြည်တွင်းနှင့် နိုင်ငံခြား သတင်းထောက်များကို စစ်အစိုးရက ဝင်ခွင့်မပြုဘဲထားခဲ့သည်။

ယနေ့အစောပိုင်းကလည်း Kurt Campbell နှင့် အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးခေါင်းဆောင်သော ဗဟိုအလုပ်မှုဆောင် ၁ဝ ဦးသည် ရန်ကုန်မြို့ရှိ အမေရိကန်သံမှူးကြီး၏ နေအိမ်တွင် ၁ နာရီကြာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်ခေါင်းဆောင်များကို ဖိအားပိုမိုပေးရန် အန်အယ်ဒီက အမေရိကန်သံတမန်ကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

“စစ်အစိုးရကို ဆက်ဆံတဲ့အခါမှာ နူးညံ့နေတယ်။ ကျနော်တို့အမြင်က ဒီလိုလုပ်နေလို့ မရဘူး။ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်တဲ့ စီးပွားရေးပိတ်ဆို့မှုကို၎င်း လုပ်ဖို့လိုလိမ့်မယ်။ ရွေးကောက်ပွဲဟာ အားလုံးပါဝင် ပတ်သက်တဲ့ ဘက်ပေါင်းစုံကနေ တာဝန်ရှိတဲ့လူ ပါဝင်နိုင်တဲ့ရွေးကောက်ပွဲနဲ့ အများလက်ခံနိုင်မဲ့ ရွေးကောက်ပွဲ မဟုတ်လို့ ရှိရင် ဒီလိုရလဒ်တွေကို အသိအမှတ်မပြုဆိုတာတွေ၊ စစ်အစိုးရ အပေါ် ရွေးကောက်ပွဲမှ ထွက်လာမဲ့ လွတ်တော်တို့ အသိအမှတ်မပြုဘူးဆိုတာတွေ ဆောင်ရွက်ပေးပါ” ဟု အန်အယ်ဒီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမသို့ ပြန်လည်ပြောပြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အတိုက်အခံ ပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေးပွဲ ဖြစ်အောင် လုပ်ဆောင်ပေးရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

အန်အယ်ဒီနှင့်တွေ့ဆုံအပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ)၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် တို့မှ ကိုယ်စားလှယ်များ၊ ရခိုင်နိုင်ငံရေးသမားကြီးဖြစ်သော ဦးအေးသာအောင်၊ အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးတို့ပါ ပြန်လည်ပါဝင် တွေ့ဆုံဆွေးနွေးကြပြန်သည်။
kurtcampbellanddawsuus
မစ္စတာကမ်းဘဲလ်က ရွေးကောက်ပွဲဥပဒေများအပေါ် စိတ်မသက်မသာဖြစ်ရကြောင်း မြန်မာနိုင်ငံမသွားခင် ထိုင်းနိုင်ငံ ဘန်ကောက်၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောတာကိုပင် ထပ်လောင်းပြောသည်။

“အမေရိကန်အစိုးရအနေနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေ အရမ်းစိတ်ပျက်တယ်ပေါ့။ ဘယ်ဟာမှ မရေမရာ မသေမချာဖြစ်နေတာတွေ ရှိတယ်ပေါ့နော်။”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ) မှ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP)မှ ကိုဖြိုးမင်းသိန်းက အသွင်ကူးပြောင်းရေးကာလတွင် ကြားနေအစိုးရတရပ်ကို ပြောင်းလဲဖွဲ့စည်းရန်၊ ရွေးကောက်ပွဲကို သီးခြားလွတ်လပ်သော အဖွဲ့အစည်းများက ကြီးကြပ်လေ့လာခွင့်ပြုရန် နှင့် ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းအဆင့်ဆင့်ကို အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးရန်ဟူသော အချက်များ တင်ပြဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဦးအေးသာအောင်ကမူ လာမည့် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲသည် အရေးမကြီးသည့်အပြင် မြန်မာနို်င်ငံရေးအပြောင်းအလဲမဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ပိတ်ဆို့အရေးယူမှုနှင့်အတူ မြန်မာနှင့် ထိတွေ့ဆက်ဆံရေးမူကျင့်သုံးနေတဲ့ အမေရိကန်သမတ အိုဘားမားရဲ့ပေါ်လစီအောက်မှာ မစ္စတာ ကမ့်ပဲဘဲလ်ဟာ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ်သည် ယမန်နေ့က နေပြည်တော်တွင် နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ ဖြစ်ထွန်းနေချိန်တွင် မတရားသော ရွေးကောက်ပွဲဥပဒေများကို ကန့်ကွက်သောအားဖြင့် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်သော အန်အယ်ဒီ၏ ရန်ကုန်ရုံးချုပ်အနီးတဝိုက်ရှိ ဈေးဆိုင်များကို မေလ ၁၃ ရက်နေ့ နောက်ဆုံးထားဖယ်ရှားရန် ညွှန်ကြားထားသည်ဟု ရဲဌာနနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ပြောသည်။

ပါတီဆိုင်းဘုတ်၊ အလံမဖြုတ်ဘဲ ဆက်လက်ဖွင့်လှစ်ထားမှုကို အာဏာပိုင်များက အင်အားသုံးဖြုတ်သိမ်းမှုလုပ်ရန် ပြင်ဆင်နေသည်ဆိုသော စိုးရိမ်မှုများ ပေါ်ထွက်လာနေသည်။

ရွေးကောက်ပွဲဆိုင်ရာပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ အန်အယ်ဒီသည် မေလ ၆ ရက်နေ့တွင် ပါတီ ပျက်ပယ်သည်။
´