{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Tuesday, April 27, 2010

{မတရားမှု ဖိနှိပ်မှု ရှိနေသမျှ လူထုက အုံကြွအန်တုနေမှာပဲ}(Click)




မတရားမှု ဖိနှိပ်မှု ရှိနေသမျှ လူထုက အုံကြွအန်တုနေမှာပဲ
NEJ / ၂၇ ဧပြီ ၂၀၁၀
line

တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေအရ မှတ်ပုံတင်ခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက လုံးဝလက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်လိုက်သည့်အတွက် ရှေ့ဆက်လက်ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေးအလားအလာ အခြေအနေများနှင့်ပတ်သက်၍ မြန်မာသတင်းသမဂ္ဂ၏ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ အန်အယ်လ်ဒီပါတီက ပါတီမှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ထောက်ခံချီးမွမ်းသူများ ရှိသလို လက်ရှိနိုင်ငံရေးမှာ နိုင်ငံရေးအကျိုးအမြတ်ကို မတွက်တတ်ဘူးလို့ ယူဆပြောဆိုသံတွေလည်း ထွက်ပေါ်နေပါတယ်။ ဆရာ့သဘောထားအမြင် ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အန်အယ်လ်ဒီ ဘာကြောင့် မှတ်ပုံမတင်သလဲ၊ ရွေးကောက်ပွဲမ၀င်သလဲ ဆိုတဲ့ကိစ္စကို သုံးသပ်ရမယ်ဆိုရင် အဓိက အချက်ကတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်နေလို့ပဲ။ ဒီရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် ရလဒ်တွေဖြစ်တဲ့ လွှတ်တော်တို့၊ အစိုးရအဖွဲ့တို့ဆိုတာလည်း ၂၀၀၈ အခြေခံဥပဒေကို အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေဖြစ်နေတယ်။ ဒီအခြေခံဥပဒေရဲ့အနှစ်သာရက လက်ရှိ စစ်အစိုးရရဲ့ အာဏာရှင်ပုံစံ အုပ်စိုးမှုကို တရားဝင်ဖြစ်အောင် လုပ်ပေးရေးဖြစ်တယ်။ ပြည်သူကို ဖိနှိပ်ချုပ်ချယ်ခြင်းတို့ နိုင်ထက်စီးနင်းပြုခြင်းတို့၊ နောက် တိုင်းပြည်နဲ့လူထု ဆင်းရဲမွဲတေ ငတ်ပြတ်မှုတွေကို လျစ်လျူရှုပြီးတော့ သူတို့ရဲ့ စစ်အာဏာ တည်မြဲရေးကိုသာ သက်ဆိုးရှည်စေမယ့် အခြေခံဥပဒေဖြစ်တယ်။ မြင်လွယ်ထင်လွယ်အောင်ပြောရရင် ဧည့်စာရင်းစစ်တာ၊ ဥပဒေမဲ့ ဖမ်းဆီးတာတွေ ဆက်လုပ်နေဦးမှာပဲ။ တရားစီရင်ရေးက စစ်တပ်နဲ့ စစ်တပ်လက်ဝေခံတွေ လက်ထဲမှာ ဆက်ရှိနေဦးမှာပဲ။ စီးပွားရေးအရင်းအမြစ် သယံဇာတတွေနဲ့ လုပ်ပိုင်ခွင့်တွေလည်း သူတို့ပဲ လက်ဝါးကြီး ဆက်အုပ်ထားမှာပဲ။

ဒီအခြေခံဥပဒေကို အန်အယ်လ်ဒီက လက်မခံနိုင်တဲ့ နောက်ထပ် အရေးပါတဲ့ အကြောင်းတရပ် ရှိသေးတယ်။ အဲဒါက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ပဲ။ ၁၉၉၀ ရွေးကောက်ပွဲကလည်း ဒီစစ်တပ်ကပဲ ကျင်းပခဲ့တာပဲ။ ၁၉၉၀ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ပြည်သူ့ဆန္ဒကို တနည်းနည်းနဲ့တော့ ဂုဏ်ပြုရမှာပဲ။ အခုတော့ ဂုဏ်မပြုရုံမက အမှိုက်လုပ်ပစ်တယ်။ ဒါကို ကလေးကစားသလို တန်ဖိုးမဲ့ လုပ်ပစ်တာဟာ ပြည်သူလူထု တရပ်လုံးကို စော်ကားတာပဲ။ ဒါနဲ့အားမရသေးဘူး။ လူထုဆန္ဒမပါဘဲ အဓမ္မအတည်ပြုထားတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကို သစ္စာခံရဦးမယ်လို့ ဇွတ် ကျွန်ဇာတ်သွင်းပြန်တယ်။ ဒါကြောင့် ဒီအခြေခံဥပဒေကို မပြင်ဘဲ ကျင်းပမယ့် ရွေးကောက်ပွဲကို အန်အယ်လ်ဒီက လက်မခံနိုင်ဘူးလို့ ပြောနေခြင်းဖြစ်တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်တွေဟာ ရှစ်လေးလုံးအရေးတော်ပုံမှာ ပြည်သူတွေ ဖော်ပြခဲ့တဲ့ဆန္ဒဆိုတာ မမေ့သင့်ပါဘူး။ ဒီနေရာမှာ အန်အယ်လ်ဒီ “နိုင်ငံရေးအကျိုးအမြတ်” မတွက်တတ်ဘူးလို့ ပြောနေသူတွေကို မေးခွန်းထုတ်စရာဖြစ်လာတယ်။ သူတို့ပြောနေတဲ့ “နိုင်ငံရေးအကျိုးအမြတ်” ဆိုတာ ပြည်သူလူထု အတွက်လား၊ ဒါမှမဟုတ် စစ်ဖိနပ်အောက်မှာ အချောင်သမား ‘ငို့ဘ’ နိုင်ငံရေးသမားတွေ ရရှိနိုင်တဲ့ အရိုးအရင်း “နိုင်ငံရေးအကျိုးအမြတ်” ကို ဆိုလိုတာလား။ တကယ်တော့ အန်အယ်လ်ဒီက နှောင်ကြိုးမဲ့ လွတ်လပ်ရေးဆိုတဲ့ “နိုင်ငံရေးအကျိုးအမြတ်” ကို ပြည်သူတရပ်လုံး ရရှိခံစားနိုင်ဖို့ တိုက်ပွဲနည်းဗျူဟာ ပြောင်းလိုက်တယ်လို့ မြင်ပါတယ်။

မေး။ ။ တကယ်လို့ အန်အယ်လ်ဒီ ဖျက်သိမ်းခံရရင် အန်အယ်လ်ဒီရဲ့ အခန်းကဏ္ဍ ဘယ်လိုဖြစ်သွားနိုင်ပါသလဲ။

ဖြေ။ ။ အဖွဲ့ချုပ်ဟာ စတင်ဖွဲ့စည်းစဉ်ကတည်းက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အာဏာရှင်မဟုတ်တဲ့ ဒီမိုကရေစီအစိုးရများ ပေါ်ပေါက်ရေးအတွက် အကြမ်းမဖက်တဲ့နည်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်အားထုတ်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီဟာ ကမ္ဘာမှာ အရက်စက် အကြမ်းကြုတ်ဆုံး၊ အမြော်အမြင်အမဲ့ဆုံး စစ်အာဏာရှင်စနစ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် ကြိုးပမ်းသမျှ သဲထဲရေသွန်ဖြစ်ခဲ့ရတယ်။ အန်အယ်လ်ဒီက သူ့အားနည်းချက်ကို ကိုယ်တိုင် လူထုထံ ၀န်ခံပြီးပါပြီ။ ဒါပေမယ့် စစ်အစိုးရရဲ့ နာဂစ်ဖွဲ့စည်းပုံနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို ပြတ်ပြတ်သားသား ငြင်းဆန် လိုက်တာဟာ အန်အယ်လ်ဒီအနေနဲ့ လူထုကလွှဲအပ်ထားတဲ့ အရေးတော်ပုံတိုက်ပွဲအလံကို သစ္စာရှိရှိ ဆက်လက်လွှင့်ထူလိုက် တာ ဖြစ်ပါတယ်။ အာဏာရှင်က ခြိမ်းခြောက်ရုံနဲ့ အညံ့ခံ ဒူးထောက်သွားမှာ မဟုတ်ဆိုတာ ပြသလိုက်တာဖြစ်တယ်။ အရေးတော်ပုံအလံ မလှဲသမျှ တိုက်ပွဲဆက်ရှိနေမယ်။ လူထုဆန္ဒကို အခြေခံထားတဲ့ အဖွဲ့ချုပ်မူဝါဒလည်း ဆက်လက် ရှင်သန်နေမှာဖြစ်တယ်။ အန်အယ်လ်ဒီဟာ လူထုတိုက်ပွဲထဲက ပေါ်ထွက်လာတဲ့ လူထုပါတီဖြစ်ပါတယ်။ စစ်အာဏာစည်းဘောင်ထဲမှာ မှတ်ပုံမတင်ရုံနဲ့ အန်အယ်လ်ဒီပျက်သွားမှာ မဟုတ်ပါဘူး။ စစ်အာဏာပိုင်တွေကတော့ အန်အယ်လ်ဒီကို တရားမ၀င်အဖွဲ့အစည်းအဖြစ် ကြေညာလာနိုင်ပါတယ်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေ တရားမျှတမှု မရှိတဲ့အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ဘူးလို့ အန်အယ်လ်ဒီက မတ်လ (၂၉) ရက်နေ့မှာ ဆုံးဖြတ်ကြေညာလိုက် ကတည်းက ပါတီကို စစ်အာဏာပိုင်တို့ ဖျက်သိမ်းခိုင်းမယ့်အရေး တွက်ဆထားပြီးဖြစ်ပါတယ်။ ဒါဟာ တိုက်ပွဲနည်းဗျူဟာ ပြောင်းလိုက်တာဖြစ်တယ်။ အန်အယ်လ်ဒီက လူထုနဲ့ ပိုပြီး နီးနီးကပ်ကပ် လက်တွဲ အလုပ်လုပ်နိုင်ဖို့ လုပ်ဟန်ပြောင်းလိုက်တာ ဖြစ်ပါတယ်။ လူထုထဲကို စိမ့်ဝင်၊ လူထုနဲ့ ကျောချင်းကပ်ပြီး နိုင်ငံသားတို့ရဲ့ အခြေခံရပိုင်ခွင့်နဲ့ အခြေခံလူ့အခွင့်အရေးတွေ ရရှိရေးတို့အတွက် တိုက်ပွဲရေချိန်မြှင့်ဖို့ ရှေ့တလှမ်းတိုးလိုက်တာ ဖြစ်တယ်လို့မြင်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က နအဖ ပါတီမှတ်ပုံတင်ဥပဒေအရ ရက် (၆၀) ပြည့်ချိန်မှာ ပါတီအလံနဲ့ဆိုင်းဘုတ် ချပေးစရာမလိုဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၂၁) က (လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်) လို့ ဆိုထားပါတယ်။ လူထုထောက်ခံမှု ရရှိထားတဲ့ အန်အယ်လ်ဒီကို အဓမ္မဖျက်ဖို့လုပ်လာရင် အန်အယ်လ်ဒီကလည်း Civil Disobedience မတရားတဲ့အမိန့်အာဏာဖည်ဆန်ရေးကို မလွှဲမရှောင်သာ စတင်ရဖွယ်ရှိပါတယ်။

မေး။ ။ အတိုက်အခံပါတီကြီးတရပ်အနေနဲ့ အန်အယ်လ်ဒီရပ်တည်မှု မရှိတော့အတွက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပြည်သူလူထုကို ဦးဆောင်နိုင်မယ့် အနေအထား ဘယ်လိုဖြစ်သွားနိုင်ပါသလဲ။

ဖြေ။ ။ အန်အယ်လ်ဒီအနေနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေ တရားမျှတမှု မရှိတဲ့အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ မတင်တော့ဘူးလို့ ဆုံးဖြတ်ကြေညာလိုက်တာဟာ အများထင်နေကြသလို ပါတီဖျက်သိမ်းလိုက်တာမဟုတ်လို့ အန်အယ်လ်ဒီ မရှိတော့ဘူးလို့ မယူဆသင့်ပါဘူး။ နာဂစ်ဒေသမှာ ရေတွင်းရေကန်တူးပေးတဲ့ လူထုအကျိုးပြု လုပ်ငန်းမျိုးတွေ၊ HIV/AIDS ကိစ္စလို လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို တဘက်မှာလည်း နိုင်ငံရေးအရ အန်အယ်လ်ဒီရဲ့ မူနဲ့အညီ ဆက်လက်ရပ်တည်နေမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေကတဆင့် ပြောဆိုထားပါတယ်။ ဒီသဘောထားကို ထောက်ရင် အန်အယ်လ်ဒီဟာ လူမှုအထောက်အကူပြုလုပ်ငန်းတွေ ဆက်လုပ်ရင်း စုဖွဲ့မှုမပျက်အောင် စည်းရုံးရေးကို ဆက်ထိန်းထားမှာဖြစ်တယ်။ အတိုက်အခံအင်အားစုတရပ်အနေနဲ့လည်း တိုက်ပွဲထဲမှာ ဆက်ရှိနေမှာ ဖြစ်တယ်လို့ လူထုကို အသိပေးလိုက်တာ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်တခုက အန်အယ်လ်ဒီကို နိုင်ငံတကာအစိုးရများ၊ အစိုးရမဟုတ်တဲ့အဖွဲ့များ၊ ပြည်သူများက ဆက်လက် ထောက်ခံအားပေးနေတာဖြစ်ပါတယ်။ အန်အယ်လ်ဒီမပါရင် ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုဘူးဆိုတဲ့အချက်ကို နအဖအနေနဲ့ ထည့်မတွက်လို့ မရဘူးထင်ပါတယ်။ ဒါကြောင့် မျက်မှောက်မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုအခန်းကဏ္ဍမှာ အန်အယ်လ်ဒီဟာ အရေးပါမြဲ ပါနေဆဲပါပဲ။

မေး။ ။ ရွေးကောက်ပွဲကို ဆန့်ကျင်လို့ အန်အယ်လ်ဒီက ပြည်သူလူထုရဲ့ ထောက်ခံမှုရမယ်ဆိုရင် ဒီလူထုထောက်ခံမှုနဲ့ စစ်အုပ်စုရဲ့ အခုလုပ်မယ့် ရွေးကောက်ပွဲဟာ တစုံတရာ အပြောင်းအလဲဖြစ်လာဖို့ မျှော်လင့်ချက် ရှိနိုင်ပါသလား။

ဖြေ။ ။ အန်အယ်လ်ဒီဟာ ဒီရွေးကောက်ပွဲဥပဒေနဲ့ပါတီမှတ်ပုံတင်ဥပဒေကို လက်မခံနိုင်တဲ့အတွက်၊ အရေးကြီးဆုံးဖြတ်ချက်ကို မချမီ၊ အောက်ခြေလူထုထဲမှာ သဘောထားဆန္ဒကောက်ခံမှုတခု လုပ်ခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီအချက်ကို အလေးအနက်ထား စဉ်းစားဆုံးဖြတ်ခဲ့ပုံရပါတယ်။ ဒါကြောင့် ဒီ ဆုံးဖြတ်ချက်ဟာ လူထုအသံကို နာခံပြီးမှ ပေါ်ထွက်လာတာလို့ ဆိုနိုင်ပါတယ်။ နောက်သတိပြုသင့်တဲ့အချက်က ဒီဆုံးဖြတ်ချက်ဟာ ရေစီးအတိုင်း ရေသာခို မျှောလိုက်သွားတဲ့ သဘောမဟုတ်ဘူးဆိုတာပါပဲ။ ရေရှည်အမြင်နဲ့ ရေဆန်ကို ဆန်တက်လိုက်တာပါ။ လက်ရှိ စစ်အာဏာအောက်မှာ လူထုဟာ ဘယ်ခေတ်နဲ့မှမတူအောင် အလုပ်အကိုင်ရှားပါးမှု၊ အခြေခံ စားဝတ်နေရေးကျပ်တည်းလွန်းမှု၊ ကျန်းမာရေး ပညာရေးအပါအ၀င် အဖက်ဖက်မှာ ချွတ်ခြုံကျမှုတွေနဲ့ ရင်ဆိုင်တွေ့ကြုံ ခံစားနေရပါတယ်။ လူ့ဂုဏ်သိက္ခာ အညှိုးနွမ်းဆုံးခေတ်ကာလပါပဲ။ ဒါကြောင့် လူထုအနေနဲ့ ဒီ စစ်အာဏာတရားဝင်ရေး ရွေးကောက်ပွဲဟာ သူတို့အတွက် ဘာအကျိုးအမြတ်မှ မရှိနိုင်ဘူး၊ စစ်ကျွန်ဖြစ်ဖို့ပဲ ရှိတယ်ဆိုတာ သိနေကြပါတယ်။ ဒါကြောင့်လည်း လူထုအများစုက အန်အယ်လ်ဒီကို စစ်ကျွန်အဖြစ် မခံရေး သဘောထားပေးခဲ့တာဖြစ်ပါတယ်။ အချုပ်ပြောရရင် အန်အယ်လ်ဒီနောက်မှာ လူထုထောက်ခံမှု ရှိနေဆဲဖြစ်တယ်။ နအဖဟာ ဒီရွေးကောက်ပွဲကို သူ့စိတ်တိုင်းကျ စီမံနိုင်ဖို့ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်။ အထူးသဖြင့် ဒီရွေးကောက်ပွဲ အခင်းအကျင်းကို အရေးပါတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုက မလိုလားတာ ထင်ရှားတဲ့အတွက် မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

မေး။ ။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အန်အယ်လ်ဒီမပါဘဲ စစ်တပ်ကရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲကို ဘယ်လိုရှုမြင်သုံးသပ်ပါသလဲ။ ဒီရွေးကောက်ပွဲအကျိုးဆက်က ဘာတွေဖြစ်လာနိုင်ပါသလဲ။

ဖြေ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ အရေးတော်ပုံလူထုပါတီဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာလည်း ရှစ်လေးလုံးအရေးတော်ပုံမှာ ပြည်သူတွေ ဖော်ပြခဲ့တဲ့ဆန္ဒဖြစ်ပါတယ်။ ဒါကြောင့် မူလ အမျိုးသားညီလာခံ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာမှာ အန်အယ်လ်ဒီပါမှ ဒီဥပဒေအသက်ဝင်မယ်လို့ နိုင်ငံတကာက ဝေဖန်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် နအဖ က နိုင်ငံတကာဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို သွေဖည်ပြီး တဖက်သတ် ဥပဒေရေးဆွဲခဲ့တယ်။ အခုထိ ဒီ အထမမြောက်တဲ့ ဥပဒေနဲ့ ရွေးကောက်ပွဲဆက်လုပ်ဖို့ အားထုတ်နေတယ်။ အတိုက်အခံပါတီတွေဖြစ်တဲ့ NLD, SNLD, ALD, MNDF, ZNC စတဲ့ ပါတီတွေကို တမင်ဖယ်ထုတ်ကန့်သတ်ထားတဲ့အပြင်၊ တိုင်းရင်းသားတွေလိုလားတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကိုလည်း ပိတ်ပင်ဟန့်တားထားတယ်။ ဒါတွေဟာ နအဖ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲရဲ့ အဓိက အားနည်းချက်တွေပါပဲ။ ခြုံငုံပြောရရင် ဒီအားနည်းချက်တွေကြောင့် ၂၀၁၀ ရွေးကောက်ပွဲအကျိုးဆက်အဖြစ် နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်ဖြစ်ဖို့ သေချာတယ်။ ပြည်တွင်းစစ်အသစ်တခု ထပ်ဖြစ်ဖို့ အလားအလာတွေ မြင်နေရတယ်။

မေး။ ။ အခု ပြည်သူ့အခွင့်အာဏာ ရရှိထားတဲ့ အန်အယ်လ်ဒီပါတီ မပါတဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ မဲပေးသင့်၊ မသင့် သိပါရစေ။

ဖြေ။ ။ အထက်မှာ ဆိုခဲ့တဲ့အတိုင်းပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ အရေးတော်ပုံလူထုပါတီဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာလည်း ရှစ်လေးလုံးအရေးတော်ပုံ ပြည်သူတွေရဲ့ မဲဆန္ဒ Mandate ဖြစ်ပါတယ်။ နိုင်ငံတကာ ရွေးကောက်ပွဲကျင့်ဝတ် စည်းကမ်းတွေအရ ‘ဥပဒေပြုလွှတ်တော်’ မှာ ကိုယ်စားလှယ်နေရာအားလုံးကို လူထုအများစု ဆန္ဒမဲနဲ့ ရွေးချယ်တင်မြှောက်ရမှာဖြစ်ပါတယ်။ အစိုးရအာဏာပိုင် တာဝန်ရှိပုဂ္ဂိုလ်တွေက နိုင်ငံသားများရဲ့ ရွေးချယ်ခံပိုင်ခွင့်ကို လေးစားအသိအမှတ်ပြုရမှာဖြစ်ပါတယ်။ မဲအရေအတွက် ပြည့်မီတဲ့ အနိုင်ရကိုယ်စားလှယ်တွေကို သက်ဆိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာ Mandate အပ်နှင်းရမယ်လို့ နိုင်ငံတကာရွေးကောက်ပွဲ ဥပဒေသတွေက ဆိုပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တွေ သူတို့အခွင့်အာဏာ Mandate သုံးခွင့်မရအောင် စစ်တပ်က လက်နက်နဲ့တားခဲ့တယ်။ ဒီအစဉ်အလာဆိုးကို ပြည်သူလူထုအနေနဲ့ လက်မခံသင့်ဘူးထင်ပါတယ်။ ဒါကြောင့် ၁၉၉၀ လူထု Mandate ကို တနည်းနည်းနဲ့ ကျင့်သုံးနိုင်အောင် လူထုက တောင်းဆိုသင့်ပါတယ်။ ဒီ Mandate ပြဿနာ မဖြေရှင်းဘဲ ပြည်သူတွေအနေနဲ့ နောက်ရွေးကောက်ပွဲမှာ မဲမပေးသင့်ပါဘူး။

မေး။ ။ အရေးတော်ပုံပါတီဖြစ်တဲ့ အန်အယ်လ်ဒီကတော့ ပါတီမရှိတဲ့ နိုင်ငံရေးလုပ်ဖို့ ရွေးလိုက်ပါတယ်။ ပြည်သူနဲ့တသားတည်း ရပ်တည်ဖို့ ရွေးလိုက်တယ်ပေါ့။ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူလူထုဘက်ကရော ဘာတွေလုပ်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ယေဘုယျအားဖြင့်တော့ လူထုက စစ်အစိုးရကို စိတ်ကုန်နေကြတယ်။ စစ်အစိုးရလုပ်သမျှ အယုံအကြည်မရှိကြဘူး။ ဒါကြောင့် စစ်အစိုးရ မတော်မတရားလုပ်မယ့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဝင်မပြိုင်တာကို လူထုက ထောက်ခံကြတယ်။ ဒီအချက်ကို အန်အယ်လ်ဒီအနေနဲ့ အလေးအနက်ထားရမယ်ထင်တယ်။ အခွင့်အခါကြုံတိုင်း လူထုက အန်အယ်လ်ဒီကို မျှော်လင့်တတ်ကြတယ်။ ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းတွေကြောင့် အန်အယ်လ်ဒီက ရှေ့ဆောင်ရှေ့ရွက် မလုပ်နိုင်ခဲ့ဘူး။ ဒီသင်ခန်းစာတွေကို အန်အယ်လ်ဒီအနေနဲ့ ပြန်သုံးသပ်သင့်တယ်။ မကြာခင်ပေါ်လာမယ့် အခြေအနေတွေ အောက်မှာ အန်အယ်လ်ဒီအနေနဲ့ စနစ်တကျ ပြင်ဆင်မှုရှိရှိ အခွင့်အလမ်းကိုသုံးဖို့လိုမယ်။ ကြားသိရသလောက်ဆိုရင် အန်အယ်လ်ဒီဟာ လူမှုအထောက်အကူလုပ်ငန်းတွေ လုပ်ရင်း တပြိုင်နက်မှာ လူထုအခွင့်အရေး ဆုံးရှုံးနေရမှုတွေကို ကာကွယ်စောင့်ရှောက်ဖို့ အားထုတ်မယ်လို့ ဆိုပါတယ်။ မြန်မာလူထုရဲ့လက်ရှိအနေအထားက စားဝတ်နေရေး ဆိုးသွမ်းသံသရာမှာ လည်နေကြရတာကြောင့် နိုင်ငံရေးကို စိတ်မ၀င်စားဘူးလို့ တချို့သုံးသပ်ချက်တွေ ကြားရတယ်။ ဒါပေမယ့် တဖက်မှာ နိုင်ငံပြင်ပက ရေဒီယိုသတင်းတွေကို လူထုပိုစိတ်ဝင်စား နားစွင့်လာကြတာကို ထောက်ရင် ဒီသုံးသပ်ချက် မမှန်ဘူးဆိုရမယ်။ လူထုဟာ ဆင်းရဲတဲ့အတွက် နိုင်ငံရေးကို အမြဲတော့ စိတ်ရောက်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဆုံးအဖြတ်ပေးရမယ့်အချိန်ရောက်တိုင်း လူထုဟာ တာဝန်ကျေတာ တွေ့ရတယ်။ ဒါကြောင့် လူထုနဲ့ဝေးတဲ့နေရာကနေ လူထုကို ဘာလုပ်သင့်တယ်ဆိုတာမျိုး အခါမပေးသင့်ဘူးလို့ ထင်ပါတယ်။ အကြံပေးတဲ့သဘောမျိုး ပြောရရင်တော့ နိုင်ငံတကာရွေးကောက်ပွဲ ကျင့်ဝတ်များအရ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ကို အာဏာပိုင်အဖွဲ့များက လေးစားအသိအမှတ်ပြုရမယ်၊ ပါတီအားလုံးကို ဥပဒေ ရှေ့မှောက်မှာ တန်းတူအခွင့်အရေးများပေး ယှဉ်ပြိုင်စေရမယ်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူ ဆက်ဆံရမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ အတိုက်အခံပါတီတွေဖြစ်တဲ့ NLD, SNLD, ALD, MNDF, ZNC စတဲ့ ပါတီတွေဟာ ခွဲခြားဆက်ဆံခံနေရပါတယ်။ ဒါကို လူထုသဘောပေါက်အောင် အန်အယ်လ်ဒီက လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရှင်းပြဖို့လိုပါတယ်။ လူထုက နားလည်သဘောပေါက်ရင် ဘာဆက်လုပ်ရမယ်ဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။

မေး။ ။ မြန်မာစစ်အစိုးရက စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် ကန့်သတ်ထိန်းချုပ်မှုတွေ ရှိနေဆဲဖြစ်ပြီး ဒီကြားထဲက ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်တဲ့အတွက် အခုလုပ်မယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီအနှစ်သာရ မရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်တွင်းက မီဒီယာတွေအနေနဲ့ ဘာလုပ်သင့်ပါသလဲ။

ဖြေ။ ။ စစ်အာဏာရှင်စနစ်အောက်မှာ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်တွင်းမီဒီယာသမားတွေဟာ အလွန်တာဝန်ကြီးပါလိမ့်မယ်။ သတင်းလွတ်လပ်ခွင့်မရှိတဲ့ အခြေအနေအောက်မှာ သတင်းယူရ ရေးရမှာ ဖြစ်ရုံမက၊ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်ကိုယ်စားပြုပါတီလည်း ပါဝင်ယှဉ်ပြိုင်မှာဆိုတော့ မဲလိမ်မှု မဲမသမာမှုတွေ ပုံစံမျိုးစုံနဲ့ ဖြစ်လာဖို့ သေချာသလောက် ရှိပါတယ်။ နောက်တချက်က နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့် အကဲခတ်အဖွဲ့များ၊ နိုင်ငံခြား သတင်းထောက်များကိုလည်း ခွင့်ပြုမယ့်အလားအလာ အလွန်နည်းပါတယ်။ ဒါကြောင့် ပြည်တွင်းမီဒီယာသမားတွေကိုသာ ပြည်သူလူထု အဓိက အားထားရမှာဖြစ်ပါတယ်။ ပြည်တွင်းမီဒီယာစောင့်ကြည့်ရမယ့် အခြေအနေ (၃) ရပ်ရှိပါတယ်။ ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲနေ့၊ ရွေးကောက်ပွဲပြီးနောက် ဆိုတဲ့ အခြေအနေတွေပါ။ ရွေးကောက်ပွဲတခု ဒီမိုကရေစီနည်းကျ ကျင်းပတာ ဟုတ် မဟုတ် သိနိုင်ဖို့ကိစ္စမှာ သတင်းမီဒီယာသမားများဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာ သတင်းသမားတွေကိုယ်တိုင် သဘောပေါက်နေဖို့လိုပါတယ်။ ရွေးကောက်ပွဲ မတိုင်မီမှာ မီဒီယာက လူထုကို သတင်းအချက်အလက် ပြည့်ပြည့်စုံစုံပေးဖို့လိုပါတယ်။ ရွေးကောက်ပွဲဥပဒေတွေအကြောင်း၊ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေနဲ့ ကိုယ်စားလှယ်တွေအကြောင်း၊ ပါတီမူဝါဒတွေ၊ ပါတီခေါင်းဆောင်တွေရဲ့ နောက်ခံ ကိုယ်ရေးသမိုင်းတွေ၊ သူတို့ရဲ့သီးခြားပြောဆိုတဲ့ အမြင်အယူအဆတွေ စသဖြင့် လူထုစဉ်းစားချိန်ဆနိုင်ဖို့ သတင်းအချက်အလက်တွေ ပေးနိုင်အောင် မီဒီယာက လုပ်ရပါလိမ့်မယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ကော်မရှင်အကြောင်းလည်း လူထုသိအောင် သတင်းပေးရပါလိမ့်မယ်။ လွတ်လပ်တဲ့ကော်မရှင် ဟုတ်မဟုတ်၊ ကော်မရှင်နောက်ကွယ်မှာ အာဏာပိုင်တွေရဲ့ စွက်ဖက်မှုရှိ မရှိ၊ မဲဆန္ဒရှင်မှတ်ပုံတင်စာရင်း ကိုယ်စားလှယ်စာရင်းတွေ စနစ်တကျပြုစုဆောင်ရွက်ထားမှု ရှိ မရှိ၊ အဂတိလိုက်စားပြီး ပါတီတခု လူပုဂ္ဂိုလ်တဦးတယောက်ကို မျက်နှာသာပေးမှု ရှိ မရှိ၊ ကော်မရှင်ဝန်ထမ်းတွေ ကျွမ်းကျင်မှု ရှိ မရှိ၊ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ အချိန်မီ အလုံအလောက် ဖြန့်ဖြူးပေးနိုင်ခြင်း ရှိ မရှိ စတဲ့ ကိစ္စတွေကိုလည်း မီဒီယာကပဲ စောင့်ကြည့် သတင်းပေးရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့မှာတော့ မဲစတင်မပေးမီ မဲပုံးတွေ အလွတ်ဖြစ်နေရဲ့လား၊ မဲရုံထားရှိမှု စနစ်ကျရဲ့လား၊ မဲစာရွက် အလုံအလောက်ရှိရဲ့လား၊ မဲရုံတာဝန်ကျ ပုဂ္ဂိုလ်များ တာဝန်ကို မှန်မှန်ကန်ကန် ဆောင်ရွက်ရဲ့လား၊ မဲရုံပတ်ဝန်းကျင်မှာ မဲဆွယ်မှု၊ မဲဝယ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ခြိမ်းခြောက်မှု၊ နှောက်ယှက်မှု ရှိ မရှိ စတာတွေကို မီဒီယာက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ မဲရေတွက်ချိန်မှာ စည်းမျဉ်းဥပဒေနဲ့အညီ မှန်မှန်ကန်ကန် တိတိကျကျ ပွင့်လင်းမြင်သာမှုရှိရှိ ရေတွက်မှု လုပ် မလုပ် မီဒီယာက စောင့်ကြည့် သတင်းပေးသင့်ပါတယ်။ ရွေးကောက်ပွဲပြီးတဲ့နောက် ကိစ္စတွေကတော့ ပါတီတွေ ကိုယ်စားလှယ်တွေ အနိုင်အရှုံးစာရင်း ကြေညာတဲ့သတင်း၊ လွှတ်တော် ဘယ်တော့ခေါ်မယ်၊ အစိုးရ ဘယ်တော့ဖွဲ့မယ် ဆိုတဲ့သတင်းမျိုးတွေ လူထုကို ပေးရမယ်ထင်ပါတယ်။ အရေးကြီးတာက ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲနေ့ ဖြစ်စဉ်တွေကို ပြည်တွင်းမီဒီယာသမားတွေ မိမိရရမှတ်တမ်းတင်နိုင်ဖို့ပါပဲ။ စစ်တပ်က အာဏာဆက်ချုပ်ကိုင်နိုင်အောင် မသမာမှုမျိုးစုံ လုပ်လာမယ့် အလားအလာတွေ မြင်နေရပါတယ်။ ဒါကြောင့် ဥပဒေချိုးဖောက်မှု၊ အာဏာအလွဲသုံးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ သတင်းလွတ်လပ်ခွင့် ပိတ်ပင်တားမြစ်မှု၊ မဲလိမ် မဲခိုးမှု အစရှိတာတွေ မလွဲမသွေ ဖြစ်လာဖို့ ရှိပါတယ်။ ဒီသမိုင်းမှာ အရေးကြီးတဲ့ ဖြစ်စဉ်တွေကို ပြည်တွင်းမီဒီယာတွေက အမိအရ မှတ်တမ်းတင်နိုင်အောင် လုပ်ကြရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီသတင်းအများစုကို ပြည်တွင်း သတင်းဂျာနယ်စာမျက်နှာတွေ၊ ပြည်တွင်းအင်တာနက်သတင်း စာမျက်နှာတွေပေါ်မှာ တင်ပြခွင့်ရမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ပြည်ပသတင်းဌာနတွေ၊ နိုင်ငံတကာသတင်း အေဂျင်စီတွေနဲ့ စနစ်တကျ ချိတ်ဆက်ပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းပေးနိုင်အောင် အထူးဝါယမ စိုက်သင့်ပါတယ်။ ဒီ လွတ်လပ်မှုမရှိ တရားမျှတမှုမရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲ သမိုင်းအမှန်ကို ပြည်တွင်းသတင်းမီဒီယာသမားတွေက ပြည်သူကို ပြောပြရမယ့်တာဝန်ရှိတယ်လို့ ယူဆပါတယ်။

မေး။ ။ စစ်အုပ်စုက ပြည်တွင်းအခြေနေတွေနဲ့ နိုင်ငံတကာဖိအားတွေကို ဂရုမစိုက်ဘဲ ရွေးကောက်ပွဲကို ဟန်ပြလုပ်ပေးပြီး ဒီရွေးကောက်ပွဲပြီးရင်လည်း ဖွဲ့စည်းပုံအရ သူတို့ပဲ အာဏာရနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိဖို့ နိုင်ငံရေးအပြောင်းအလဲတွေ ပေါ်ပေါက်နိုင်ပါဦးမလား။ ဆရာဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ စစ်အာဏာရှင်အုပ်စုက နိုင်ငံတကာဖိအား ပြည်တွင်းတိုင်းရင်းသားပေါင်းစုံရဲ့ဆန္ဒ စတာတွေကို ဂရုမမူဘဲ၊ သူအာဏာ ဆက်လက်ဆုပ်ကိုင်နိုင်ရေးအတွက် မတရားတဲ့ ဥပဒေတွေလုပ်ခဲ့တာ၊ တိုင်းသိပြည်သိ ကမ္ဘာသိပါပဲ။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်နဲ့ သဘောထားကို ဥပမာပြု ပြောချင်ပါတယ်။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေတွေ ပေါ်ထွက်လာတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဒီဥပဒေတွေဟာ အန်အယ်လ်ဒီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုလို့ တုံ့ပြန်လိုက်တာ မှတ်မိမယ်ထင်ပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကြောင့် ဒေါ်စုက စိတ်မပျက်တဲ့အပြင် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အင်အား အသစ်တောင် ဖြစ်လာတယ်လို့ ပြောခဲ့ပါတယ်။ ပြည်သူလူထုကလည်း စိတ်မပျက်ဘဲ၊ ဒေါ်စုနဲ့အတူ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ရှိနေဆဲလို့ မြင်ပါတယ်။ တိုင်းရင်းသားပြည်သူအများစုကြီးဟာ ရက်စက်ယုတ်မာလွန်းတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ မနေချင်တော့တာ ရာနှုန်းပြည့်သေချာပါတယ်။ ဒါကြောင့် အင်အားအသစ်မွေးပြီး စစ်အာဏာရှင်ရဲ့ စိန်ခေါ်မှုတွေကို ဆက်လက် အန်တုကြဦးမှာလည်း သေချာပါတယ်။ ဒီမိုကရေစီ မရမချင်း လူထုတိုက်ပွဲတွေ ဆက်ဖြစ်နေမယ်လို့ ယုံကြည်တယ်။ မတရားမှု ဖိနှိပ်မှုရှိနေသမျှ လူထုကအုံကြွအန်တုနေမှာပဲ။ ဒါ့အပြင် ပြည်တွင်းပြည်ပ နိုင်ငံရေးအခြေအနေတွေကလည်း လူထုဘက်မှာ ဒီမိုကရေစီဘက်မှာရှိတဲ့အတွက် နိုင်ငံရေးအပြောင်းအလဲ မကြာခင် ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။


Tuesday, April 20, 2010

{ သင်္ကြန် ဗုံးရဲ့ ပဟေဠိပုစ္ဆာများနဲ့ နောက်ဆက်တွဲ အဖြစ်အပျက်များ }(Click)


ဗုံးခွဲတာ ဟိုကောင်တွေ၊ ဟိုကောင်တွေ၊ ပြီးတော့ ဟိုကောင်တွေ ...
သင်္ကြန် ဗုံးရဲ့ ပဟေဠိပုစ္ဆာများနဲ့ နောက်ဆက်တွဲ အဖြစ်အပျက်များ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၁၉၊ ၂၀၁၀
သင်္ကြန် အတက်နေ့ ကန်တော်ကြီးစောင်းမှာ လက်ပစ်ဗုံး ၃လုံး ပေါက်ကွဲခဲ့တဲ့နောက် ခါတိုင်းပေါက်ကွဲတဲ့ ဗုံးနဲ့ မတူတာ ထူးခြားချက်တွေ အများအပြားပေါ်ထွက်လာပြီး ယခုအချိန်ထိတော့ နအဖအစိုးရ ကအဆိုပါမေးခွန်းနဲ့ ပတ်သက်တာတွေကို ဖေါ်ထုတ်ပြောဆိုခြင်း မရှိသေးပါဘူး။
နအဖ သတင်းစာရဲ့ ပေါ်လစီဆောင်းပါးကဏ္ဍမှာတော့ ပြည်ပရောက် နိုင်ငံရေး အဖွဲ့အစည်းတွေကို ခါတိုင်းစွပ်စွဲနေကြ အတိုင်းစွပ်စွဲလိုက်ပါတယ်။ အထောက်အထား ရရှိလို့ သက်သေသက္ကာယ ရှိလို့ပြောဆိုတာမျိုး မဟုတ်ပဲ အစဉ်အမြဲ အတိုက်အခံ အဖွဲ့အစည်းတွေကို အပြစ်ပုံချတဲ့သဘောမျိုးနဲ့ ရေးသားခြင်းလို့သာ လူအများက ယူဆကြပါတယ်။
ယခုဗုံးကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူတွေထဲ မြို့နယ်အဆင့်အရာရှိတွေ၊ ရဲလုံခြုံရေးတွေ၊ မင်္ဂလာ တောင်ညွန့်မြို့နယ် ရဲမှူး၊ မြို့နယ် မယက ဥက္ကဌ၊ နောက်ဆုံး အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အထိ ဒဏ်ရာရခဲ့တာကို အပတ်စဉ်ဂျာနယ်များမှာ ဖေါ်ပြချက်အရ သိရှိရပါတယ်။
စစ်ဒေသမှူးဟာ ဗိုက်မှာ လက်ပစ်ဗုံးဒဏ်ရာရခဲ့ပြီး အသဲမှာ ဗုံးစစိုက်ခဲ့တယ် လို့စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရပ်ကွက် ကပြောပါတယ်။ လောလောဆယ်မှာ စစ်ဆေးရုံမှာ ကုသမှုခံယူနေတာဖြစ်ပြီး ကျန်တဲ့ ရဲ၊ အရပ်ဘက် လုံခြုံရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေကတော့ ရန်ကုန်ဆေးရုံကြီးနဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံ တွေမှာ ကုသမှုခံယူနေတယ်လို့ သတင်းဖေါ်ပြချက်များမှာ တွေ့ရပါတယ်။
အမှတ် ၄ စစ်ဒေသမှူး ရာထူးဟာ ရန်ကုန်မြို့လယ်မြို့နယ်များ ပါဝင်တဲ့ ရန်ကုန် တောင်ပိုင်းခရိုင်ရဲ့ လုံခြုံရေး အုပ်ချုပ်ရေးတွေမှာ တာဝန်ယူရသူဖြစ်ပြီး မြို့တော်ခန်းမမှာ အခြေစိုက်ပါတယ်။ အဆိုပါ စစ်ဘက်ရာထူးကြီးသူ၊ လုံခြုံရေး အရာရှိတွေပါ ဒဏ်ရာရလို့ ဒီအဖြစ်အပျက်ကို ပြည်ပအခြေစိုက် အဖွဲ့အစည်းတွေရဲ့ လက်ချက်လို့ ရန်ကုန်လူထုက တထစ်ချ မမှတ်ယူပါဘူး။

လူထု၏ ကောက်ချက်များနဲ့ ဆက်စပ်တွေးခေါ်မှုများ
ရန်ကုန်လူထု အများစုဟာ အစိုးရကပဲ ခွဲတာလို့ ယုံကြည် ယူဆနေကြပါတယ်။ ဘာလို့အဲဒီလို ယူဆသလဲဆို အရင့်အရင် ဗုံးကွဲမှုတိုင်းမှာ အဖြေ မထုတ်၊ တရားခံကို မိမိရရ မရှာပဲ လျှောချသွားတာတွေ ကိုသာကြုံတွေ့ခဲ့ရလို့ အခုလိုကောက်ချက် ချတာဖြစ်ပါတယ်။
နောက်ယူဆချက် တခုကတော့ မဏ္ဍပ်လိုင်စင်ရဖို့ အတွက် လုပ်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးဖြစ်သူ ဖိုးလပြည့်ခေါ် နေရွှေသွေးအောင် ဖြစ်တဲ့အတွက် သူ့ကို ရန်ငြှိုးရှိသူ ပြည်တွင်း တပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ကကြံစည်လုပ်ဆောင်တာ ဆိုတဲ့ ယူဆချက်ပါ။ ဒီအချက်ကြောင့်လည်း ရန်ကုန်နဲ့ မြန်မာပြည်က လူထုက သူတို့အချင်းချင်း ဖြစ်တဲ့ကိစ္စမှာ သာမန်အရပ်သားတွေက အသက်ဆုံးရှုံးရတယ်လို့ မခံချိမခံသာ ပြောဆိုနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
နအဖ အစိုးရအနေနဲ့ ဗုံးကွဲမယ့် အဖြစ်အပျက်ကို ကြိုသိနေသလိုမျိုး လူထုက ခံစားနေရတဲ့ အခြားသော အထောက်အထား တွေလည်း ရှိပါသေးတယ်။ အဲဒီအထောက်အထားတွေက ဘာလဲဆိုတော့ မဏ္ဍပ်နားမှာ လုံခြုံရေးကားတွေ အပြင် ကြက်ခြေနီ တံဆိပ်နဲ့ လူနာတင်ကားတွေပါ အဆင့်သင့်ရှိနေတာ၊ ပေါက်ကွဲပြီး ၁နာရီခွဲ ၀န်းကျင်မှာပဲ မန္တလေး အက်ဖ်အမ်၊ အမ်အာရ်တီဗီ ဖိုး၊ မြန်မာ့အသံစတဲ့ အစိုးရသတင်းမီဒီယာတွေကနေ ကြားဖြတ်သတင်း အနေနဲ့ ဗုံးပေါက်တဲ့ သတင်းကို ချက်ခြင်းကြေငြာတာ၊ သေဆုံးတဲ့ စာရင်းကို အတိအကျ ဖေါ်ပြကြေငြာတာ၊ ဒဏ်ရာရသူ အရေအတွက်ကို အတိအကျကြေငြာတာ၊ နောက်တနေ့ ထုတ်သတင်းစာမှာ ဆောင်းပါးရှင် ကျော်ရဲမင်းက ချက်ခြင်းပဲ ပေါ်လစီဆောင်းပါးရေးပြီး ရှုတ်ချတာတွေဟာ ယခင်တုန်းက ဖြစ်ပျက်တာတွေနဲ့ လုံးဝကွဲပြားခြားနားနေပါတယ်။ လူတွေအမြင်မှာ ဗုံးကွဲမှာသိလို့ အားလုံး အဆင်သင့်လုပ်ထား သလားလို့အောက်မေ့ကြ ရ အောင်ပဲ အဆင်သင့်ဖြစ်နေတာ တွေ့ရပါတယ်။
အထက်ပါ အချက်တွေဟာ သမရိုးကျပေါက်တဲ့ ဗုံးမဟုတ်ဘူးလို့လူတွေ ထင်မှတ်စေတဲ့ အချက်တွေဖြစ်ပါတယ်။ ဗုံးပေါက်တဲ့ မဏ္ဍပ်မှာလည်း စီစီတီဗီ ကင်မရာတပ်ဆင်ထားတာကိုလည်း အဆိုပါ ပုံတွေကို နောက်ပိုင်းသတင်းဓါတ်ပုံများနဲ့ ရုပ်ရှင်များကို သတင်းနဲ့ ၀ါဒဖြန့် ကြေငြာချက်တွေမှာ အသုံးပြုခဲ့လို့ သိရပါတယ်။

လုံခြုံရေး ရဲများရဲ့ ဗရမ်းဗတာ ကိုင်တွယ်မှု
ဗုံးပေါက်ကွဲတာနဲ့ လူအုပ်ကြီးက လွတ်ရာလွတ်ကြောင်း ထွက်ပြေးတာ၊ အန္တရာယ်နဲ့ လွတ်ကင်းအောင် ရှောင်ပြေးကြတာကို ရဲတွေက နံပါတ်ဒုတ်တွေနဲ့ ရိုက်နှက်ပြီး တားဆီးတာတွေ လုပ်ခဲ့တယ်လို့ အဆိုပါမဏ္ဍပ် မှာရေကစားသူ၊ ရှေ့မှာရှိနေသူတွေက ပြောဆိုကြပါတယ်။ ဗုံးကွဲတယ်ဆိုတာ သိသိချင်း ဝေးရာကို ပြေးဖို့ကြိုးစားတဲ့သူကို လုံထိန်းတွေက မပြေးနဲ့ မပြေးနဲ့ လို့ပြောပြီးနောက်ကနေ တုတ်နဲ့လိုက်ရိုက်တာ ကြုံခဲ့ရကြောင်း မဏ္ဍပ်ပေါ်မှာ ရှိနေခဲ့သူ တဦးကပြောပါတယ်။
ထို့အတူပဲ ပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်း ကိုယ့်ဆွေမျိုးသားချင်း၊ သားသမီး၊ သူငယ်ချင်းကို ကူဖို့ရှာဖို့ လာတဲ့သူတွေကိုလည်း မပေးဝင်ပဲ တားဆီးရိုက်ထုတ်တာမျိုးလုပ်ပါတယ်။ လူတွေကို ကယ်ဆယ်ဖို့ ၊ အသက်ချမ်းသာရအောင် ဆေးရုံပို့ဖို့ထက်ကို အတွင်းအပြင် ပိတ်ထားပြီး ဗုံးလက်သည်ကို ဖမ်းဆီးရမိဖို့ ကြိုးစားတာမျိုး ကြားသိရပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီး မကြာခင် အနားမှာ လာရောက်ကြည့်ရှုတဲ့ လူအုပ်ကိုလည်း မောင်းထုတ်၊ ခြောက်ထုတ်၊ မနာခံတဲ့သူကို နံပါတ်တုတ်နဲ့ ရိုက်တာ၊ လက်သီးနဲ့ထိုးတာ ကန်တာတွေတွေ့ခဲ့ရတယ် လို့သွားကြည့်သူတဦးက သူမြင်ခဲ့ရတာကို ပြောပြပါတယ်။

သတင်းဓါတ်ပုံရိုက်သူကို ဖမ်းဆီး
ယခုနောက်ဆုံး ကြားသိရတဲ့ သတင်းအရဆို ကွယ်လွန်သူ စာရေးဆရာ လင်းယုန်မောင်မောင် ရဲ့သားကြီး ဖြစ်သူ သားကြီးဇေယျနဲ့ မြေးဖြစ်သူ စည်သူဇေယျတို့ကို ရဲနဲ့ ထောက်လှမ်းရေးတွေက အဆိုပါ ဗုံးပေါက်တဲ့နေ့မှာပဲ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ စည်သူဇေယျကို အခင်းဖြစ်ပွားတဲ့နေရာမှာ မှတ်တမ်း ဓါတ်ပုံရိုက်တဲ့အတွက် ချက်ခြင်းဖမ်းဆီးခဲ့ပြီး သူရဲ့ဖခင်ဖြစ်သူ သားကြီးဇေယျကိုတော့ နောက်ပိုင်းမှာ အိမ်မှာလာရောက် ခေါ်ဆောင်သွားတယ်လို့ ကြားသိရပါတယ်။ သားကြီးဇေယျဟာ ၁၉၉၀ ခုနှစ်များက နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းခံရဖူးသူ တဦးဖြစ်တယ်လို့လည်း သိရှိရပါတယ်။
နအဖ အစိုးရအနေနဲ့ အဖြစ်အပျက်မှာ သတင်းယူသူ၊ ဓါတ်ပုံရိုက်သူများကိုတွေ့လျင် ပြည်ပအခြေစိုက် မီဒီယာများအတွက် လုပ်ကိုင်ပေးနေသူများရယ်လို့ သင်္ကာမကင်းဖြစ်ကာ ဖမ်းဆီးမေးမြန်းလေ့ရှိတာလည်း ဖြစ်ပါတယ်။ (Photos - Daylife, Internet)

Sunday, April 11, 2010

{ ဇွတ်သင်္ကြန်၊ ပြွတ် သင်္ကြန်၊ ဖွတ် သင်္ကြန်၊ ဝဋ် သင်္ကြန် }(Click)


ဇွတ်သင်္ကြန်၊ ပြွတ် သင်္ကြန်၊ ဖွတ် သင်္ကြန်၊ ဝဋ် သင်္ကြန်


ဆြာတေ လျှာရှည်သည်ဟုတော့ မထင်စေချင်ပါ ...။

ဒီလိုအချိန်ရောက်လာရင် ဆြာတေ့စိတ်က ပိုးထမြဲ … ။ ဝန်ကြီး ပဒေသရာဇာ၏ လေအတိုင်း ခိုးချပြီး “သင်္ကြန်ကာလ ပိုးထတည့်လျှင်” ဟူ၍ ကဗျာတပုဒ်ပင် စပ်လိုက်ချင်သေးသည်။

တခြားပိုးတော့ မဟုတ်ပါပေ … ။ လက်မြင်လျှင် ဆွဲခြင်သည့်ပိုး ...။ တမျိုးမထင်ပါနှင့်၊ လက်ဆွဲ၍ လက္ခဏာကြည့်ချင်၊ ဗေဒင်ဟောချင်သည့် ပိုးဖြစ်သည်။



ထိုသို့ ဆြာတေ့ပိုးများက ထချင်တိုင်းထ ရွချင်တိုင်း ရွနေသည်ကို မစာနာ မထောက်ထားသူ ရှိနေသည်။ သူကတော့ တခြားသူ ဟုတ်ရိုးလား … ဆြာတေ့ အိမ်သူသက်ထား … နံပါတ်ဝမ်း တစ် ဇနီးချစ် … ရှုမငြီးသည့် မဒမ်တေပင် ဖြစ်တော့သည်။

“ကိုတာတေ … ရှင် ဒီပုံအတိုင်းဆိုရင် ကျမတို့ သားအမိတွေ ထမင်းငတ်တော့မယ်၊ ဆိုက်ကားက ထွက်မှာလား မထွက်ဘူးလား၊ တခွန်းတည်းပြော”

ထိုတခွန်းမှာ ဆြာတေ့အတွက် တော်တော်အရေးကြီးသည့် တခွန်းဖြစ်ပါသည်။ တချက်လွှတ် အမိန့်လည်း ဖြစ်ပါသည်။ ချိုကုပ်ဒူးကြီးက NLD ကို “ရွေးကောက်ပွဲ ဝင်မှာလား၊ မဝင်ဘူးလား” ဟု မေးသည်နှင့် ထပ်တူထပ်မျှ ဖြစ်ပါသည်။ NLD ဘက်က “ရွေးကောက်ပွဲ မဝင်” ဆိုသည့် အဖြေရမည်ကို ကြိုသိထားဘိသကဲ့သို့ ဆြာတေ့ပါးစပ်က “ထွက်မှာပေါ့ကွာ” ဟူသော အဖြေပေးရမည့် ဦးဆောင်မေးခွန်းလည်း ဖြစ်ပါသည်။

ဆြာတေမှာ ရှေးရှေးပဝေသဏီက ဆရာကြီး၊ သမားကြီးများကဲ့သို့၊ လက်ရှိ တိုင်းပြည်အုပ်ချုပ် မင်းလုပ် နေသည့် ချိုကုပ်ဒူးကြီးကဲ့သို့ မိန်းမကြောက်ပါသည်။ ထို့ကြောင့် သနားစရာ ဆိုက်ကား ကချလာလေးကို နင်းကာ လမ်းထိပ် ဆိုက်ကားဂိတ်ရှိရာ ထွက်ခဲ့ရလေတော့သည်။ သို့သော် ကျွန်ုပ်ဆြာတေမှာ ရှေးရှေး ပဝေသဏီက ဆရာကြီးများကဲ့သို့ပင် မိန်းမကို ကြောက်ပင် ကြောက်သော်ငြားလည်း ကွယ်ရာ၌ လုပ်ချင်ရာလုပ်သော အစားထဲ၌ ပါပေသည်။ ယောက်ျားကောင်းပေကိုး ...။

အခုလို ပူလောင်ပြင်းပြနေသည့် အချိန်သမယမှာ ဘယ်သူက ချွေးတလုံးလုံးနှင့် ဆိုက်ကား နင်းချင်ပါ့မလဲ ...။ သစ်ပင်ရိပ်မှာ ရေနွေးလေးသောက်၊ ကွမ်းလေးဝါးကာ လူတကာကို ဆရာ လုပ်နေရလျှင် ဆြာတေ ပညာသင်ခဲ့ရကျိုး နပ်ပေပြီ။ မိန်းမပြောသည့် “အရည်မရ အဖတ်မရ” ဆိုတာလေးကိုပဲ လုပ်ချင်လှသည်။

တူးပို့တေးသံနှင့် ဒီဂျေ ဝုရှု ဝုရှု သံ ရောထွေး ထွက်ပေါ်နေသည်ကိုက … ကဗျာဆန်လှ၏။ ဆြာတေ တယောက်ယောက်ကို ဗေဒင်ဟောချင်သည်၊ လက္ခဏာ ကြည့်ပေးချင်သည်။ အဲဒီလို ဗေဒင် လက္ခဏာ ကြည့်ပေးရင်းက ဆရာကြီးဂိုက်ဖမ်းကာ … ဒီနှစ် သင်္ကြန်စာ အကြောင်းကို လေပစ်ချင်သည်။ ဆိုက်ကားဂိတ်က ကွပ်ပျစ်မှာ ထိုင်နေတာ အတော်ကြာပြီ။ ဘယ်သူမှ မလာ။ ဘဝတူ ဆိုက်ကားဆရာတွေကလည်း ဆြာတေ့ လေဒဏ် မိုးဒဏ်ကို မခံနိုင်ကြ။ စကားစသည်နှင့် အကြောင်း တခုခုပြကာ လစ်ကုန်ကြသည်။

ဆိုက်ကားစီး ဖောက်သည် တဦးဖြစ်သည့် ဒေဝါလီ မဂ္ဂဇင်းက ကိုဂေါ်ကြီးကလည်း အဆင့် မြင့်သွားပြီ။ အယ်ဒီတာချုပ်လုပ်ရာကနေ ဘယ်သူက မြှောက်ပေးလိုက်သောကြောင့် ပိုးဝင်လာသည်မသိ … ရုပ်ရှင် မင်းသား လုပ်တော့မလို့ … တဲ့။ ဆိုက်ကားမစီးတော့ … ။ ကား ပြောင်းစီးနေပြီ။

ဒီနှစ် ကဆုန်မှာ သင်္ကြန်တက်သည့်ကိစ္စ ပြောချင်သည်။ ကဆုန်မှာ သင်္ကြန်တက်လျှင် တိုင်းပြည် တခုခုဖြစ်မည်။ ထူးခြားမည် … ဘာညာသာရကာပေါ့။ မထူးခြားဘဲ ခံနိုင်မလား … ချိုကုပ်ဒူးကြီးက ရွေးကောက်ပွဲကို ဇွတ်ကျင်းပတော့မည်လေ။ ထူးခြားသည့်နှစ်မှာ တမင်ပဲ ကဆုန်လကြီး သင်္ကြန် တက်လေသည်လားမသိ။ ထိုသို့၊ ထိုသို့ ပေါက်တတ်ကရများ စဉ်းစားရင်း မျက်လုံးများက နာဂစ်ဒဏ် သိပ်မခံလိုက်ရရှာသည့် ကုက္ကိုပင်ကြီးဆီ ရောက်သွားပြန်သည်။

ရွက်ဝါတို့ တဖွဲဖွဲ ကြွေကျနေ၏။ “သြော် … သင်္ကြန်၊ သင်္ကြန် …” … သင်္ကြန်အကြောင်း စဉ်းစားရင်း မဒမ်တေနှင့် ဖူးစာ ဆုံခဲ့ရသည်ကို ပြန်လွမ်းသွားသည်။ မဒမ်တေ့ မျက်နှာကို ပြန်မြင်ယောင်မိသည် … “သြော် မိန်းမ … မိန်းမ … မရခင်က သင်္ကြန်ရေလို အေးသလောက် … ကလေး ၅ ယောက်လည်း မွေးပြီးရော … သင်္ကြန်ကျင်းပချိန်ဖြစ်တဲ့ နွေလို ပူလှ ပါလားနော်”

“တကယ်လားဗျ … ဒါဆို ကျုပ် ခင်ဗျားမိန်းမကို သွားပြောပြလိုက်မယ်”
“သောက်ပလုပ်တုတ်၊ ငါ့ဟာငါ … စိတ်ထဲက ပြောတာ … ဘယ်က အသံက ထွက်လာပါလိမ့်”
“ကြပ် … အိုင် အမ် ကြပ်”

အသံနှင့်အတူ ဆြာတေ့ရှေ့တွင် ဘွားခနဲ ပေါ်လာတာကတော့ ပုံမကျပန်းမကျ ခန္ဓာကိုယ်နှင့် ဘာကောင်ဟု ခေါ်ရမှန်းမသိသူ ဖြစ်နေသည်။

“ကျုပ်ကို လာမရွှီးနဲ့ … ကြက်သား မစားနိုင်တာ ကြာပေမယ့် ကြက်ဆိုတာ ဘယ်လိုပုံစံ လည်းတော့ ကျုပ်သိတယ်။ ခင်ဗျား ဘယ်သူလဲ မှန်မှန်ပြော။ ပြီးတော့ ကျုပ်စိတ်ထဲက ပြောတာကို ဘယ်လိုလုပ်သိနေရတာလဲ”

ရဲက ရယက ကို ဟောက်သည့် လေသံဖမ်းကာ ဆြာတေ ဖြဲခြောက်လိုက်သည်။

“လုပ်ပြီ … ဆြာတေကတော့။ ကျုပ်ကို မမှတ်မိဘူးလားဗျ။ ကြက်မဟုတ်ဘူး ကြပ်လေဗျာ။ နေပြည်တော် ကြပ်ပြေးအရပ်က အမောင် ကြပ်ငပွေးပါ ခည။ ခင်ဗျားရဲ့ ဇာတ်ကောင်အဖြစ် ပါခဲ့ဖူးပါတယ်”
“အဲဒီလို အစကတည်းက ပြေပြေလည်လည်ပြောပါလား။ ခုတော့ ခင်ဗျားက ကြံ့ဖွံ့တွေ နှစ်လုံးထီ ဒိုင်ကို အကြပ်ကိုင်သလို ပုံစံနဲ့ အိမ်က မိန်းမကို သွားတိုင်မယ် ပြောတာကိုးဗျ”
“စတာပါ ဆြာတေရယ်။ ကဲ … ခင်ဗျား ပျင်းနေတယ် မဟုတ်လား။ ကျုပ်နဲ့ စကားလေး ဘာလေး ပြောရအောင်ဗျာ”
“ဟင့်အင်း ကျုပ်က ဗေဒင်အကြောင်း လက္ခဏာအကြောင်း သင်္ကြန်စာအကြောင်းပဲ ပြောချင်တာ”
“ပြောလို့ရပါတယ်။ ကျုပ် နားထောင်ပါ့မယ်။ ကျုပ်လည်း ကြပ်ပြေးမှာ သင်္ကြန် မစည်စည် အောင်လုပ်တဲ့ တပ်ချုပ်ကြီးတို့ လူစုကြောင့် စိတ်ညစ်ပြီး ရန်ကုန်ကို ထွက်လာရင်း ခင်ဗျား ပေါက်ကရပြောတာတွေ နားထောင်ချင်လို့ ဝင်လာတာ”
“ပြော ဆိုလည်း ပြောရတာပေါ့လေ။ ခုလို ဆရာတင်မယ့်သူကို စောင့်နေတာ အတော်ပဲ။ ဒီနှစ် သင်္ကြန်က ထူးခြားတယ်။ သိကြားမင်းက နွားကြီးစီးပြီး …. ပြီး”

ကျွန်ုပ်စကား မဆုံးခင် ကြပ်ငပွေးက “နွား မဟုတ်ပါဘူး ကျွဲပါ” ဟု ဖြတ်ပြောလိုက်သဖြင့် အနည်းငယ် ကျွဲမြီးတိုသွားသော်လည်း နားထောင်သူ မရှိတော့မည် စိုးသောကြောင့် …

“အဲ … ကျွဲနဲ့နွား အရောင်လေးပဲ ကွာတာပါဗျာ။ ကျုပ်ကို အိမ်နားက ပန်းချီဆရာက သေချာ ပြောလိုက်တာ … သင်္ကြန်စာမှာ ရေးထားတဲ့ ပုံက နွားတဲ့”
“သင်္ကြန်စာမှာ ဆွဲတဲ့ ပန်းချီဆရာက ကျွဲမှန်းနွားမှန်း သေချာမသိလို့ပါ … ကဲ ကဲ ဆက်ပြောပါဦး”
“အဲဒီလို ကျွဲကြီးစီးပြီး ဆင်းလာတော့ … အင်း နေဦးဗျ။ ကျုပ်က နွားနဲ့ တွက်ထားတာ။ ကျွဲဆိုတော့ စာအုပ်ထဲ ပြန်ကြည့်ရဦးမယ်။ အဲဒီနေရာ ကျော်တယ်ဗျာ။ ဗြဟ္မာကြီး ဦးခေါင်းကို လွှဲပြောင်းယူမယ့် နတ်သမီးက … ဟက်ဟက်ပက်ပက် ရယ်နေတယ်ဗျ”
“ငိုတာပါဗျာ … ပုံမှာ မျက်ရည်တွေတောင် ကျလို့ ...”
“ဒါကတော့ … အရမ်းရယ်ရင်လည်း မျက်ရည်ကျတာပဲလေ … နေစမ်းပါဦး … ခင်ဗျားက ဒီလောက်တောင် သိနေရင်လည်း ဘာကိစ္စ ကျုပ်ကို လာမေးနေတာလဲ”
“ဒါကတော့ ခင်ဗျား ပေါက်ကရပြောတာတွေ ရယ်ချင်လို့ပါဗျာ …။ တပ်ချုပ်ကြီး အမြီး အမောက် မတည့်တာတွေ လုပ်တာ မြင်ရလွန်းလို့ စိတ်ညစ်နေတာ … ခင်ဗျားနဲ့ တွေ့တော့ နည်းနည်း သက်သာသွားသဗျ”

ကြပ်ငပွေးစကားကြောင့် ကျွန်ုပ်၏ ပညာခန်းများကို ခဏမေ့သွားသည်။ ကြပ်ငပွေး ပြောသည့် တပ်ချုပ်ကြီးခေါ် ချိုကုပ်ဒူးကြီးက ကျွန်ုပ်၏ ဖောက်သည်ကြီး မဟုတ်ပေဘူးလား။ သူ့အကြောင်း ဒေဝါလီမဂ္ဂဇင်းမှာ ရေးနိုင်လျှင် စာမူခရမည်။ မဒမ်တေကို ဖားနိုင်မည်လေ။

“တပ်ချုပ်ကြီးက ဘာတွေ အမြီးအမောက် မတည့်တာတွေ လုပ်လို့လဲ။ လုပ်ပါဦး”
“သြော် နေပြည်တော်မှာ မစည် စည်အောင်ဆိုပြီး ဇွတ်သင်္ကြန်လုပ်တယ်လေဗျာ”
“အင်း … ဒါက သိပြီးသားကြီးပဲ။ ဖောလိုးအပ် ဘာရှိလို့တုန်း”
“ဝန်ထမ်းတွေခမျာ … နေချင်လည်းနေ မနေချင်လည်း နေ … နေပြည်တော်မှာ သင်္ကြန် ကျရမယ်လေ …။ ဒီလောက် ပူလောင်၊ ဖုန်ထူ ရေရှားတဲ့ နေရာမှာ ဘယ်သူက သင်္ကြန်ကျချင်ပါ့မလဲ။ ရေပက်ဖို့ နေနေသာသာ နေ့တိုင်းတောင် မှန်မှန် ရေချိုးနိုင်တာ မဟုတ်ဘူး”
“သြော် … ဒါကတော့ ပြွတ် သင်္ကြန် ဆိုပါတော့”
“ဟင် … ဘာဆိုင်လို့လဲ”
“သြော် … ရေကရှားတော့ ပြွတ်လောက်နဲ့ပဲ ရေပက်လို့ရမှာကို ပြောပါတယ်”
“ရန်ကုန်ကျတော့ … မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ အညီ မဏ္ဍပ်တွေလုပ်ရမယ်၊ ယိမ်းတွေ ထည့်ရမယ်၊ ဒီဂျေ မဖွင့်ရဘူးတဲ့။ နေပြည်တော်ကျတော့ ဒီဂျေကော … ရောသမမွှေတဲ့ သားစိုးကော … ပေါင်ဖြူဖြူ ပေါင်မည်းမည်း မော်ဒယ်လေးတွေကော … အကုန်ခေါ် ထားတယ်”
“နိုင်ငံတော် မျောက်လောင်းလေး ဖိုးလောက်လန်းအတွက် ကျတော့ … ရန်ကုန်မှာ တေဂွနဲ့ ဦးဘော်ဘော် တို့က ပြည်လမ်းပေါ် မဏ္ဍပ်ကြီးတွေ ဆောက်ပြီး ကဲစေမယ်တဲ့ ...”
“သူတို့က နေပြည်တော်မှာလည်း မဏ္ဍပ်ကြီးတွေ သိန်းပေါင်းများစွာ အကုန်ခံပြီး ဆောက်ရတာနော်”
“အင်း … သင်္ကြန်တွင်း မရှိမဲ့ ရှိမဲ့ ကြားက ရေပက်ချင်၊ မဏ္ဍပ်ထိုင်ချင်၊ ရေပက်ခံထွက်ချင်တဲ့ ရန်ကုန်က ကိုရွပိုး၊ မရွပိုးတို့အတွက်ကတော့ ဖွတ်သင်္ကြန်ပေါ့ဗျာ”
“ဒါနဲ့ ဒီနှစ် ရန်ကုန်သင်္ကြန်မှာ အမိန့်ထုတ်ထားတာ တခုက ထူးခြားတယ်ဗျ။ မိန်းကလေးတွေ အရက်သောက်တာ တွေ့ရင် ဖမ်းမယ်တဲ့”
“ဒါ ခွဲခြားဆက်ဆံတာပဲ … ။ ဒစ်ခရစ်မနိတ်လုပ်တာပဲ။ အဲဒီတော့ မိန်းကလေးတွေက ဘာလုပ်ကြမလဲ”
“ဆေးချ …၊ အဲ ဆံချပြီး သီလရင် ဝတ်ကြရုံပဲ ရှိတာပေါ့”
“အင်း ... ခင်ဗျားရဲ့ ချိုကုပ်ဒူးကြီးအတွက်ကတော့ ဒီနှစ်က ဂွတ် (Good) သင်္ကြန်ဗျ ...”
“ဘာလို့တုန်း”
“သင်္ကြန် မတိုင်ခင်လေးတင်ပဲ သူ့ရဲ့ တခုတည်းသော အတိုက်အခံပါတီ NLD က နောက်ဆုတ် လိုက်တယ်မဟုတ်လား”
“အဲ သောကြာသားတွေ သောကြာနာမ်တွေလည်း အတာစားမယ် ပြောတယ်။ ဒီတော့ ချိုကုပ်ဒူးကြီးနဲ့ ချိုကုပ်ကြီး သိန်းဂိန်တို့လို အတက်နေ့မှာ ကောင်းမှုကုသိုလ်တွေ များများလုပ်ရမယ်။ အဲဒီလို လုပ်ရင် တနှစ်လုံး ကြံတိုင်းအောင်မယ်။ မလုပ်ရင်တော့ စုတ်ပြတ်သတ်နေအောင် ကျရှုံးမယ်”
“အတက်နေ့တော့ မသိဘူး … ချိုကုပ်ဒူးကြီးက ခုကတည်းက ကောင်းမှု ကုသိုလ်တွေ လုပ်နေတယ်လေဗျာ … ခင်ဗျားမသိဘူးလား”
“ဘာလဲဗျ”
“ပြည်ပမီဒီယာတွေက ရွေးကောက်ပွဲ ကောင်းကြောင်း ရေးပေးရင် တပုဒ်ကို ဒေါ်လာ ၅၀၀ ပေးနေတယ်တဲ့ … ခင်ဗျားတို့ ဒေဝါလီ မဂ္ဂဇင်းလည်းပါတယ်”

ကြပ်ငပွေးစကားက ဆြာတေ့ပါးစပ်ကို အဟောင်းသား ဖြစ်သွားစေသည်။ ထိုစဉ် ဘယ်အချိန်က ဘယ်လို ရောက်နေသည်မသိသော မဒမ်တေ့ အသံက ထွက်ပေါ်လာ၏။

“ကိုကိုတေ … ရှင့်ဆိုက်ကားစုတ်ကြီးကို ချောင်ထိုးထားလိုက်တော့ …. ။ ဗေဒင်လည်း မဟောနဲ့တော့။ ဒီနေ့ကစပြီး ဒေဝါလီ မဂ္ဂဇင်းမှာ ရွေးကောက်ပွဲ ကောင်းတယ် ဆိုတဲ့ အကြောင်း တနေ့ကို ၅ ပုဒ်ရေး။ သင်္ကြန်တွင်း ကျောပြောင်ကြီးနဲ့ အိပ်နေဖို့ မစဉ်းစားနဲ့တော့ … ။ စာရေးဖို့ပြင် … ကြားလား”

မဒမ်တေ့ အရှိန်အဝါကား ကြီးလွန်းလှပေသည်။ ကြပ်ငပွေးလည်း ဘယ်အချိန်က ဘယ်လို လစ်သွားသည် မသိ … အစအနပင် မမြင်ရတော့။

“ရှင့် အယ်ချုပ် ကိုဂေါ်ကြီး ဆိုက်ကား မစီးတော့တာ … အခုမှပဲ သိရတော့တယ်။ မင်းသားရူး ရူးပြီး ဆိုက်ကားမစီးတော့တာ မဟုတ်ဘူးတော်ရေ့ … ချိုကုပ်ဒူးကြီးဆီက ဖန်ဒင်တွေ ရလို့ ဆိုက်ကားမစီးတော့ဘဲ ကားပြောင်းစီးနေတာ။ နားလည်လား”

တူးပို့တူးပို့ တေးသံနှင့် ဝုရှု ဝုရှု ဒီဂျေသံတို့ကို ကျော်လွန်ကာ မဒမ်တေ့ စကားသံများက ဆြာတေ့နားထဲ လျှံထွက်နေသည်။ ဒီနှစ်သင်္ကြန်ကတော့ ဆြာတေ့အတွက် … ဝဋ် သင်္ကြန် ပင် ဖြစ်ပေတော့မည်။
´