
Monday, March 29, 2010
Wednesday, March 24, 2010
{ ဘာသာရေးအလွဲသုံးစားလုပ်မှု }(Click)

ဘာသာရေးအလွဲသုံးစားလုပ်မှု |
ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်) |
၂၃/ မတ် ၂၀၁၀![]() |
“သာသနာ့ဘေးရန်ကို အာဏာပိုင်ပုဂ္ဂိုလ်များနှင့် ရဟန်းရှင်လူ ပြည်သူအားလုံး လက်တွဲညီညီ ဖယ်ရှားတားဆီးမှသာ သာသနာတော် ထွန်းတောက်မည်ဟု နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မိန့်ကြားတော်မှု” တယ်ဆိုတဲ့ ခေါင်းစီးတပ်ထားတဲ့သတင်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြတယ်။ တဆက်တည်းမှာပဲ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် (၃) ဘွဲ့ရ ဦးကုမာရရဲ့ ဟောကြားချက်ကို ဖော်ပြထားတယ်။ သြ၀ါဒရဲ့ တ၀က်လောက်က ကျေးဇူးတင်စကားဖြစ်တယ်။ သြ၀ါဒစရိယ ဆရာတော်ကြီးများ၊ သံဃမဟာနာယက၊ သာသနာရေးဝန်ကြီး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန စတာတွေကို အထူးကျေးဇူးတင်ရှိကြောင်း အရင်ဆုံးဖော်ပြတယ်။
နောက်တော့မှ ၁၉၈၀ ပြည့်နှစ်မတိုင်မီက ထေရ၀ါဒဗုဒ္ဓသာသနာမှာ အယူဝါဒကွဲပြားတဲ့ ဂိုဏ်းဂဏတွေ ပေါ်ပေါက်ခဲ့ကြောင်း၊ အဲဒီအယူဝါဒတွေကို နိုင်ငံတော်သံဃာ့ဝိနည်းအဖွဲ့က မှန် (ဓမ္မ)၊ မမှန် (အဓမ္မ) စိစစ်သုံးသပ်ဆုံးဖြတ်ပြီး မမှန် (အဓမ္မ) လို့ သတ်မှတ်တဲ့ အယူအဆတွေကို သံဃာ (ဓမ္မစက်) နဲ့ အစိုးရ (အာဏာစက်) တွဲဖက်ပြီး ပိတ်ပင်ဖယ်ရှားတားမြစ်တာ အလွန်အောင်မြင်ကြောင်း ဟောကြားတယ်။ ဒါပေမယ့် ဗိုလ်နေ၀င်းအမိန့်နဲ့ ၁၉၈၀ မှာ သာသနာသန့်ရှင်းရေးလုပ်တာကို ဦးကုမာရက ထည့်မပြောဘူး။ အတိအကျ မပြောပေမယ့် ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မညီညွတ်တာတွေ လုပ်နေတဲ့ သံဃာတွေကို စစ်အစိုးရနဲ့ သံဃာက ပြည်သူနဲ့လက်တွဲပြီး ဖယ်ရှားသွားရမယ်လို့ ဦးကုမာရက နိဂုံးချုပ်လိုက်တယ်။ ပြည်သူ့အကျိုးဆောင်တဲ့ သံဃာတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ သံဃာတွေကို ဖယ်ရှားဖို့ လမ်းခင်းနေတဲ့ပုံပဲ။
မတ်လ (၁၇) ရက်နေ့မှာ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ” ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာတော့လည်း အခန်း (၃) ပုဒ်မ-၁၅ (င) မှာ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်တဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့် ငြင်းပယ်နိုင်တယ် (ဒါမှမဟုတ်လို့) မှတ်ပုံတင်ထားပြီးရင်လည်း မှတ်ပုံတင်ကို ပယ်ဖျက်နိုင်တယ်လို့ ဖော်ပြထားတယ်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားခြင်းဆိုတဲ့ လျှောက်လွှာပုံစံ (င) မှာလည်း ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုသော အဖွဲ့အစည်း မဟုတ်ပါဆိုပြီး ၀န်ခံထားပါတယ်။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးမပြုပါဘူးဆိုတဲ့ နိုင်ငံရေးပါတီက အာဏာရသွားလို့ အာဏာရအစိုးရအနေနဲ့ ဘာသာရေးကို အလွဲသုံးစားလုပ်ရင် ဘာဖြစ်သွားမယ်ဆိုတဲ့အထိ မှတ်ပုံတင်နည်းဥပဒေက ကြိုတင်မြင်တာမဟုတ်ပါဘူး။
အာဏာရမြန်မာအစိုးရတိုင်း ဗုဒ္ဓဘာသာကို စိတ်ကြိုက်အလွဲသုံးစားလုပ်လာတာ ကြာပါပြီး။ ပထမဆုံးသော မြန်မာဝန်ကြီးချုပ် ဦးနုကို နိုင်ငံရေးအတွက် ဘာသာရေးကို အလွဲသုံးစားလုပ်တယ်လို့ ဝေဖန်ကြတယ်။ ဦးနုကို ဖြုတ်ချတဲ့ စစ်ဗိုလ်တွေအားလုံး ဦးနုတပည့်ဖြစ်နေတာကိုတော့ မပြောကြတော့ဘူးလား။ သံဃာ့နာယကဆိုတာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးပြုဖို့ ဖွဲ့ထားတဲ့အဖွဲ့အစည်းဖြစ်တယ်။ တနည်းဆိုရင်တော့ သံဃာလောကကို ၀င်ရောက်စွက်ဖက်ဖို့ တမင်လုပ်ထားတဲ့ အစိုးရလက်ကိုင်တုတ်ကြီးဖြစ်တယ်။
၁၉၈၀ မှာ စတင်ဖွဲ့စည်းတဲ့ သံဃာ့မဟာနာယကအဖွဲ့ဟာ အစိုးရအသိအမှတ်ပြုတဲ့ သံဃာဂိုဏ်းတွေကို ကြီးကြပ်ရတဲ့အပြင် သံဃာမှတ်ပုံတင်ရေး၊ သံဃာ့ပညာရေး၊ ကျောင်းထိုင်ဆရာတော် လေ့ကျင့်ရေး စတဲ့ စီမံကိန်းတွေကို တာဝန်ယူရတယ်။ အစိုးရအမှုထမ်း အပြောင်းအရွှေ့လုပ်သလို ဗဟိုနာယကအဖွဲ့ဝင် သံဃာတွေကို ပုံမှန်ပြောင်းရွှေ့နေတာကြောင့် ဘယ်ဆရာတော်မှ ကြာကြာနေရာမရဘဲ သာသနာရေးဝန်ကြီးဌာနက ခြယ်လှယ်တာကို ခံနေကြရတယ်။ သံဃာငယ်တွေ နိုင်ငံရေးမလုပ်နိုင်အောင် ထိန်းထားနိုင်တဲ့ ၀ါရင့်သံဃာကို စစ်အစိုးရက ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပြီး အဖိုးတန်ပစ္စည်း လှူဒါန်းတယ်။
အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေမှာ သာသနာရေးဝန်ကြီးဌာန မရှိဘူး။ သာသနာရေးဆိုတာ ဘုန်းကြီးနဲ့သာဆိုင်ပြီး အစိုးရနဲ့ မဆိုင်ဘူးလို့ ယူဆတဲ့အတွက် သာသနာရေးဝန်ကြီးဆိုတာမျိုး မရှိတာဘဲ။ မြန်မာပြည်မှာတော့ သာသနာရေးဝန်ကြီးက လူသတ်ကောင်စစ်ဗိုလ်ဖြစ်ပြီး ဒီလူသတ်ကောင်က ပေးတဲ့ဘွဲ့ထူး ဂုဏ်ထူးတွေကိုပဲ သံဃာတွေက လက်ခံနေကြတယ်။ သံဃာထဲမှာလည်း ဘာသာရေးကို အလွဲသုံးစားလုပ်သူတွေ ရှိတာပဲ။ ဘာသာရေးလုပ်ငန်းနဲ့ စီးပွားရှာသူ၊ ဘာသာရေးလုပ်ငန်းနဲ့ သြဇာအာဏာရှိအောင် လုပ်ဆောင်သူတွေဟာ ဘာသာရေးကို အလွဲသုံးစားလုပ်တာပဲ။
ဘုရင့်အာဏာအားကိုးပြီး သံဃာ့လောကကို လွှမ်းမိုးဖို့ ကြံစည်တဲ့ သံဃာတွေ မြန်မာ့သမိုင်းမှာရှိသည်။ ဘုရင်ကလည်း ဘာသာရေးမှာ စွက်ဖက်လေ့ရှိတယ်။ ဘုရား၊ တရား၊ သံဃာကို ရိုသေလေးစားတဲ့ မင်းတုန်းမင်းဟာ သံဃာ့အရေးကိစ္စမှာ ၀င်ရောက်စွက်ဖက်လေ့ရှိပြီး သံဃာကလည်း ရှင်ဘုရင်လှူဒါန်းတာကို စားသောက်နေရတော့ စွက်ဖက်ခွင့် ပေးထားတယ်။ ဘုရင်စွက်ဖက်တာကို လက်မခံဘဲ ဝေဖန်တဲ့ သုဓမ္မာ ရဟန်းဆိုလို့ အဲဒီခေတ်က ဗန်းမော်ဆရာတော် ဦးပဏ္ဍိတ တပါးပဲ ရှိတယ်။ ဘုရင်က ကျွေးမွေးလှူဒါန်းတာကို ငြိမ်စားနေပြီး ဘုရင်လုပ်သမျှခံနေတဲ့ သုဓမ္မာသံဃာတွေကို ဗန်းမော်ဆရာတော်က ဝေဖန်ရှုတ်ချတယ်။ ဒီသတင်းကို မင်းတုန်းမင်း ကြားသွားတော့ စိတ်ဆိုးပေမယ့် ဗန်းမော်ဆရာတော်ကို ပြောရမှာကလည်း မ၀ံ့မရဲဖြစ်နေတာကြောင့် ဆရာတော်အနေနဲ့ ဝေဖန်ရင် သတိထားဝေဖန်ဖို့ ယဉ်ကျေးစွာ ရာဇသံပေးတယ်။ မိန်းမအများအပြား ယူထားတဲ့ ဘုရင်က ဘုန်းကြီးကို ဆုံးမလို့ ဗန်းမော်ဆရာတော်က ဒေါသထွက်ပြီး တောင် (၂) လုံးကြားမှာ တရားကျင့်နေတဲ့ လူကို ပေါင် (၂) လုံးကြားက လူက အကြံဉာဏ်ပေးစရာ မလိုဘူးလို့ ပြောချလိုက်တယ်။ သံဃာကိစ္စမှာ ဘုရင်စွက်ဖက်စရာ မလိုဘူးလို့ ဗန်းမော်ဆရာတော်က ယူဆတယ်။
မင်းတုန်းမင်းက ဘုရား၊ တရား၊ သံဃာကို အင်မတန်ရိုသေကိုင်းရှိုင်းသူဖြစ်တဲ့အတွက် သံဃာ့ကိစ္စမှာ ကောင်းစေချင်တဲ့ ရည်ရွယ်ချက် ရှိမှာဖြစ်ပေမယ့် သံဃာ့ကိစ္စမှာ လူက စွက်ဖက်တာကို ဗန်းမော်ဆရာတော်က လက်မခံနိုင်တာပါ။ နောက်ဆုံးတော့ မင်းတုန်းမင်းက ဗန်းမော်ဆရာတော်ကို တောင်းပန်တယ်။ နအဖအုပ်စုကတော့ သူတို့မကြိုက်တဲ့လူတွေကို မစ္ဆေရစိတ်အပြည့်နဲ့ နှိမ်နင်းရာမှာ သံဃာကို အသုံးပြုတယ်။ နောက်ပြီး ဘာသာရေးအလွဲသုံးစားမလုပ်ဖို့ သူခိုးက လူလူဟစ်လိုက်သေးတယ်။ မင်းတုန်းမင်းရဲ့ ဘာသာရေးကောင်စီဟာ သုဓမ္မာဂိုဏ်းပါပဲ။ အခုခေတ်မှာ နအဖသာသနာဖြစ်နေသလို ရှေးခေတ်က မင်းတုန်းသာသနာဖြစ်နေတာကို ဒွာရနဲ့ ရွှေကျင်ဂိုဏ်းက လက်မခံလို့ ပဉ္စမသံဂါယနာ တင်ပွဲမှာ မပါဝင်ခဲ့ဘူး။ မင်းတုန်း သီပေါ သုဓမ္မာရဲ့ ဓမ္မစက်နဲ့အာဏာစက်ကို လက်မခံနိုင်တဲ့ သံဃာဟာ အင်္ဂလိပ်အုပ်ချုပ်တဲ့ အောက်မြန်မာပြည်မှာ တရားအားထုတ် ကြရတယ်။
ဗုဒ္ဓသြ၀ါဒကို အနီးစပ်ဆုံးလိုက်နာတဲ့နေရာမှာ ငှက်တွင်းဂိုဏ်းဟာ နာမည်ကြီးတယ်။ ဒါပေမယ့် ဘာသာရေးအလွဲသုံးစားလုပ်တဲ့ မြန်မာမင်းအောက်မှာ ဗုဒ္ဓတရားတော်အတိုင်း ကျင့်ကြံဖို့ ခက်ခဲတာကြောင့် ငှက်တွင်းဆရာတော်ဟာ အင်္ဂလိပ်အုပ်ချုပ်တဲ့ အောက်မြန်မာပြည်မှာ သတင်းသုံးရင်း သက်တော် (၈၀) သထုံမှာ ပျံလွန်သွားတယ်။ အဲဒီအချိန်မှာ ငှက်တွင်းဂိုဏ်းဝင် သံဃာအပါး (၅၀၀) လောက်ရှိနေပြီ။ ဘုရင့်သုဓမ္မာဂိုဏ်းကို ငှက်တွင်းဂိုဏ်းက စိန်ခေါ်ထားတဲ့အချက် (၅) ချက်ရှိတယ်။ ပထမအချက်က ဘုရားရုပ်ထုကို ဆွမ်းမကပ်ဖို့နဲ့ မီးမပူဇော်ဖို့ ဖြစ်တယ်။ လူကိုသာ ထမင်းကျွေးဖို့ လိုအပ်ပြီး ရုပ်ထုကို ကျွေးစရာမလိုဟု ငှက်တွင်းဂိုဏ်းက ယူဆတယ်။ ရုပ်ထုအစား ဗုဒ္ဓတရားတော်ကို နှလုံးသွင်းရမယ်။ ဒုတိယအချက်က ဗုဒ္ဓဘာသာဆိုရင် အနည်းဆုံး ငါးပါးသီလမြဲရမှာမို့ ငါးပါးသီလကို ဘုန်းကြီးက ပေးစရာမလိုပါ။ ငါးပါးသီလမရှိရင် ဗုဒ္ဓဘာသာမဟုတ်ပါ။ တတိယအချက်က တရားအားထုတ်တတ်သူကိုသာ ရဟန်းဝတ်ခွင့်ပေးရပါလိမ့်မယ်။ စတုတ္ထအချက်က သံဃာတဦးချင်းကို မလှူဘဲ သံဃိကပစ္စည်းအဖြစ် လှူဒါန်းဖို့ဖြစ်တယ်။ ပဉ္စမအချက်က တနေရာမှာ (၂) နှစ်ထက်ပိုပြီး မနေရဆိုတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။
လွတ်လပ်ရေးရချိန်မှာ ငှက်တွင်းကျောင်း (၂၀၀) လောက်နဲ့ သံဃာ (၁,၄၀၀) ကျော်ရှိပြီး ကိုးကွယ်တဲ့ ဒကာဒကာမ (၁) သိန်း လောက်ရှိတယ်လို့ ခန့်မှန်းတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ဘုန်းကြီးအချင်းချင်း ထိန်းသိမ်းတာမျိုး အရေးယူတာမျိုးပဲရှိတယ်။ ဘာသာရေးမှာ အာဏာပြတာဟာ အာဏာရူးမြန်မာပြည်ပဲရှိတယ်။ တကယ်တော့ သံဃာတော်တွေကို စော်ကားမော်ကားလုပ်ပြီး အနိုင်ကျင့်ဖို့ စစ်ဗိုလ်တွေကို လက်ထပ်သင်ပေးခဲ့သူဟာ ဗိုလ်နေ၀င်းပါ။ သံဃာတွေရဲ့ နိုင်ငံရေးအစဉ်အလာနဲ့ ဒီမိုကရေစီကျတဲ့ ဗုဒ္ဓဘာသာဓလေ့ဟာ အာဏာရှင်စနစ်ရဲ့ ဆန့်ကျင်ဘက်လို့ ဗိုလ်နေ၀င်းက မြင်တယ်။ ဗိုလ်နေ၀င်းက သံဃာတွေ သူ့အမိန့်နာခံအောင် သံဃာ့အဖွဲ့ဥပဒေကို ရေးဆွဲဖို့ ၁၉၆၅ ခုနှစ်မှာ ကြိုးစားတဲ့အခါ နာမည်ကြီး ဘုန်းကြီးကျောင်းတွေက မပါဘူး။ သံဃာတော်တပါးချင်းအနေနဲ့ ဗိုလ်နေ၀င်းရဲ့ မှော်ဘီသံဃာ့ညီလာခံက ချမှတ်တာတွေ တရားမ၀င်ကြောင်း ကြေညာတဲ့အတွက် ဗိုလ်နေ၀င်း အကြံမအောင်ဘဲ ဖြစ်သွားတယ်။ အဲဒီအခါမှာ သံဃာတွေကို နိုင်ငံရေးလုပ်မှု၊ ဘာသာရေးအလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးပါတယ်။
၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပွားတဲ့ ဦးသန့်ဈာပနအရေးအခင်းမှာလည်း သံဃာတွေ အသတ်ခံရပြန်ပြီး အပါး (၆၀၀) ကျော် အဖမ်းခံလိုက်ရတယ်။ မဆလပါတီနဲ့ စစ်တပ်ကို ဝေဖန်ရှုတ်ချတဲ့ သံဃာတွေကို ထောက်လှမ်းရေးက စောင့်ကြည့်ပြီး အခွင့်သာတာနဲ့ နာမည်ပျက်အောင် လုပ်တော့တာပါပဲ။ ၁၉၇၆ ခုနှစ်က ဆရာတော် ဦးလာဘကို လူသတ်မှု၊ လူသားစားမှုနဲ့ လုပ်ကြံစွပ်စွဲလိုက်တာဟာ သံဃာတွေကို နှိမ်နင်းမယ့် ရှေ့ပြေးလက္ခဏာ ပါပဲ။ သံဃာ့လောကမှာ မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေလို့ စစ်တပ်က ၀င်ထိန်းရပါတယ်ဆိုတဲ့ ပုံစံမျိုးရောက်သွားအောင် ထောက်လှမ်းရေးက အကွက်ဆင်တာပဲ။ ပြည်သူလူထုလည်း လန့်ဖြန့်သွားအောင် သံဃာလောကလည်း သိက္ခာကျသွားအောင် ထောက်လှမ်းရေးက အကွက်ဆင်လိုက်တာပါပဲ။ သိက္ခာတက်နေတဲ့ သံဃာကို နှိမ်ရခက်တာကြောင့် မနှိမ်ခင်မှာ သိက္ခာကျအောင် လုပ်တာပါ။
၁၉၇၈ ခုနှစ်မှာလည်း ကိုယ်ရင်တွေ ရဟန်းတွေကို ဖမ်းဆီး လူဝတ်လဲခိုင်းပြီး ထောင်ချပါတယ်။ တချို့သံဃာတွေကို အဲဒီအချိန်ကတည်းက စစ်တပ်ပေါ်တာအဖြစ် အသုံးပြုနေတာပဲ။ ဘုန်းကြီးကျောင်းတွေကို ပိတ်ပစ်ပြီး ကျောင်းပိုင်ပစ္စည်းကို စစ်တပ်ကသိမ်းတယ်။ အဲဒီနှစ်မှာပဲ ၀ါရင့်ဆရာတော်ကြီး ဦးနာယကဟာ ထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းခံရပြီး ပျံလွန်တော်မူသွားတယ်။ ဗိုလ်နေ၀င်း မဆလခေတ်တလျှောက်လုံး စစ်တပ်ကိုသာ တောက်လျှောက် အမွန်းတင်လာခဲ့ပြီး သံဃာကိုတော့ အလုပ်မလုပ်တဲ့ တိုင်းပြည်တာဝန်မထမ်းဆောင်တဲ့ အရာမရောက်တဲ့ လူတန်းစားသဖွယ် သဘောထားခဲ့တယ်။ ဗိုလ်နေ၀င်းနဲ့ နောက်လိုက်စစ်ဝါဒီတွေ စိတ်ထဲမှာတော့ သံဃာဟာ စစ်ဗိုလ်လောက် အရေးမကြီးဘူး။ ဒါကြောင့် သံဃာအားလုံး စစ်ဗိုလ်အမိန့်နာခံရမယ်လို့ အခုထက်ထိ ယူဆနေတာဖြစ်တယ်။
၁၉၈၈ ပြည်သူ့အရေးတော်ပုံ ချေမှုန်းခံရပြီးတဲ့နောက်ပိုင်းမှာ စစ်အစိုးရကို ထောက်ခံအားပေးတဲ့ အစိုးရအကျိုးပြုဗုဒ္ဓဘာသာနဲ့ ပြည်သူ့ဘ၀သာယာရေးဦးစားပေးတဲ့ ပြည်သူ့အကျိုးပြုဗုဒ္ဓဘာသာဆိုပြီး ဘာသာရေးလှုပ်ရှားမှု နှစ်ရပ်ပေါ်ပေါက်လာပုံကို အမေရိကန်နိုင်ငံ Arizona ပြည်နယ်တက္ကသိုလ် ဘာသာရေးဌာနက အမျိုးသမီးပါမောက္ခ Juliane Schober က သုတေသန စာတမ်း ရေးထားတာရှိတယ်။ ငွေကုန်ကြေးကျခံပြီး ဘာသာရေးအခမ်းအနားတွေကျင်းပပြီး စစ်အစိုးရလုပ်တာ မှန်ကန်ကြောင်း၊ တရားဝင်ကြောင်း ဆီလျော်ကြောင်း ဦးကုမာရလို ပြောတာမျိုးဟာ အစိုးရအကျိုးပြုဗုဒ္ဓဘာသာဖြစ်တယ်။ လူသားချင်းစာနာမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ တရားအားထုတ်မှု၊ မိမိကိုယ်မိမိအားကိုးမှု စတာတွေကို အဓိကထားတာဟာ ပြည်သူ့အကျိုးပြု ဗုဒ္ဓဘာသာဖြစ်တယ်။ ငှက်တွင်းဂိုဏ်းနဲ့ ဦးတည်ချက်ချင်းတူနေတယ်။
ပြည်သူ့အကျိုးပြုဗုဒ္ဓဘာသာဟာ ကိုယ်ကျင့်တရား၊ သီလ၊ သမာဓိကို အခြေခံပြီး ပြည်သူကို နှိပ်စက်တဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ အဲဒါကို ထေရ၀ါဒမစစ်ဘူးလို့ အကြောင်းပြပြီး ဓမ္မစက်၊ အာဏာစက်တွေသုံး၊ ဘာသာရေးအလွဲသုံးစား လုပ်တယ်ဆိုပြီး နှိမ်နင်းဦးမလား မသိဘူး။

Sunday, March 21, 2010
Thursday, March 18, 2010
{ နိဂုံးရဲ့ပဏာမလေလား }(Click)

နိဂုံးရဲ့ပဏာမလေလား |
ရဲဘော်ဖိုးသံချောင်း |
၁၇/ မတ် ၂၀၁၀![]() |
နအဖဘက်က သေနတ်သံစထွက်ပါပြီ၊ အမြောက်သံလို့ ဆိုရင်လည်း ရပါလိမ့်မယ်။ သေချာတာကတော့ စစ်ကြေညာတာပါ။ သူတို့နဲ့ မတူသူမှန်သမျှကို၊ တပြည်လုံးကို စိန်ခေါ်လိုက်တာပါပဲ။
ဆက်တိုက်ထွက်လာတဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေဆိုတာတွေဟာ ပစ်မှတ်ရှိရှိ ဦးတည်ချက်ရှိရှိ ပစ်လိုက်တဲ့ ကျည်ဆန်တွေ၊ ဗုံးဆန်တွေသာဖြစ်ပါတယ်။ ဘယ်သူ့ကိုပစ်တာ၊ ဘယ်အဖွဲ့အစည်းကို ရည်ရွယ်တာ စတာတွေကို အထူးပြောနေစရာ မလိုတော့ပါဘူး။ နအဖအလိုတော်ရိတွေကိုတောင် ဆွံ့အသွားစေလောက်အောင် ထင်ရှားလှတဲ့ ထိုးနှက်ချက်ဖြစ်ပါတယ်။
ထောင်ထဲကို ရောက်နေတဲ့လူတွေ နိုင်ငံရေးပါတီထဲမှာ ပါဝင်ခွင့်မရှိဘူးဆိုတာဟာ အတိုက်အခံတွေကို ဦးတည်တယ်ဆိုတာ ရှင်းနေပါတယ်။ မြန်မာပြည်မှာ ဥပဒေဘောင်တွင်းမှာ နိုင်ငံရေးလုပ်လို့ အစိုးရကဖမ်းဆီးတယ်၊ အပြစ်ချတယ်ဆိုတာ ဘာမှ မဆန်းတဲ့ကိစ္စပါ။ အခု နအဖရဲ့ ဥပဒေအရ လူတယောက်ဟာ ထောင်ကျခံလိုက်ရတာနဲ့ တပြိုင်နက် တရားဝင် နိုင်ငံရေး လောကရဲ့ အပြင်ဘက်ကိုရောက်သွားပြီဆိုတဲ့ အဖြစ်ကို ရောက်သွားတော့မှာပါ။ ဒါဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သွေးခွဲတာ၊ အားနည်းအောင်လုပ်တာ၊ ဖျက်ဆီးတာ သက်သက်လို့ ဆိုနိုင်ပါတယ်။ တခြားပါတီများရဲ့ အတွင်းရေးကို ၀င်စွက်တာလို့ပြောရင်လည်း ရပါတယ်။ ဒီလိုအပြစ်ဒဏ်ကျခံနေရသူတွေ ပါတီဝင်ခွင့်မရှိဘူးဆိုတဲ့ ဥပဒေမျိုးဟာ အရင်က မြန်မာပြည်မှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး၊ ကိုလိုနီခေတ်တုန်းကတောင် မရှိပါဘူး။ ဖဆပလလက်ထက်တုန်းကတော့ ထောင်ထဲကနေပြီးတော့ လွှတ်တော်အမတ် ၀င်အရွေးခံခဲ့တာတွေတောင် ရှိပါတယ်။ အဲဒီလိုနဲ့ပဲ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အမတ်ဖြစ်လာခဲ့တဲ့ အတိုက်အခံအမတ်တွေ အတော်များများရှိခဲ့ပါတယ်။ ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုးရဲ့ ငယ်သူငယ်ချင်း ရေစကြိုက ကျောင်းသားအမတ် ကိုကျော်ဟာ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲမှာ ထောင်ထဲကနေ အရွေးခံပြီး အမတ်ဖြစ်ခဲ့သူတဦး ဖြစ်ပါတယ်။ သူဟာ ၁၉၆၉ ခုနှစ်မှာ ကိုကိုးကျွန်းကို အပို့ခံခဲ့ရပါတယ်။
တဆက်တည်းမှာ ဒီချုပ်အခက် ဒို့အကွက်ဆိုပြီး ခေတ်ပျက်အမတ်လုပ်ချင်ကြတဲ့လူတွေ သတိထားသင့်တဲ့ အချက်တခု ထောက်ပြလိုပါတယ်။ မြန်မာပြည်သမိုင်းမှာ ကိုလိုနီခေတ် မင်းတိုင်ပင်အမတ်ကစလို့ မဆလခေတ်အထိ အမတ်ဖြစ်ခဲ့သူတွေ အမျိုးမျိုးရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ဂုဏ်သရေတကယ်ရှိခဲ့၊ ကိုယ်တိုင်က တကယ်ဂုဏ်ယူနိုင်ခဲ့တဲ့ အမတ်မျိုးဟာ အများက အသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲမှာ တင်မြှောက်ခံရတဲ့ အမတ်တွေသာ ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ အထူးသဖြင့် အာဏာရအစိုးရရဲ့ နည်းမျိုးစုံညစ်ပတ်၊ ဖိနှိပ်မှုတွေအကြားက အမတ်ဖြစ်လာသူတွေကို ပြည်သူတွေက သတိရနေကြပါတယ်။ မဆလခေတ်က အမတ်ဖြစ်ခဲ့သူတွေဟာ သူတို့နာမည်နောက်မှာ မဆလလွှတ်တော် ကိုယ်စားလှယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို အသားယူ တွဲချိတ်ကြလေ့ မရှိသလောက်ပဲဆိုတာ မမေ့သင့်ပါဘူး။ ဒီတခါ နအဖရဲ့ရွေးကောက်ပွဲမှာ အမတ်ဖြစ်လာရင်လည်း နောင်မှာ ကိုယ့်ဟာကိုယ် ရှက်နေရမယ့်အဖြစ်နဲ့ ကြုံရနိုင်ပါတယ်။
နအဖဟာ သူတို့သက်တမ်းတလျှောက်မှာ သူတို့နဲ့မတူသူတွေကို စံကျတဲ့သွေးခွဲနည်းတွေနဲ့ သွေးခွဲရင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက ‘တတ်သိ’ အစုတွေကို ဖမ်းဆီးတဲ့နည်းနဲ့ အဖွဲ့ချုပ်ထဲက ခွဲထုတ်ခဲ့သလို ငြိမ်းအဖွဲ့တွေကိုလည်း ခွဲလိုက်တာမှ အစိတ်စိတ်မြွှာမြွှာဖြစ်ကုန်တဲ့ အထိပါပဲ။ အခုလည်းပဲ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ ကလေးတောင် သိပါတယ်။ ဒီလိုအနေအထားအောက်မှာ ဗိုလ်ချုပ်တွေဟာ “ဘောလုံးဟာ တဖက်ကွင်းထဲရောက်နေပြီ” လို့ပြောပြီး ဒူးနှန့်နေကောင်း နေပါလိမ့်မယ်။
ဒီဥပဒေတွေဟာ နအဖအစိုးရက ဖန်တီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည်တို့ရဲ့ “စကားပြောပွဲ” ရဲ့ ရလဒ်လားလို့ မေးလိုက်ဖို့ကောင်းပါတယ်။ နအဖဗိုလ်ချုပ်တွေရဲ့ မရိုးသားမှု၊ စဉ်းလဲမှုတွေကို တခါထပ်တွေ့ရတာပဲလို့ ပြောရမှာပါ။ မြန်မာပြည်သားတွေရဲ့ အမျိုးသားရင်ကြားစေ့ရေးကို မြင်လိုမှု၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ကြေညာချက်အပေါ် အားတက်နေမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်သန်းရွှေထံပေးစာကို ဘယ်လိုအကြောင်းပြန်မလဲလို့ သိချင်နေကြတဲ့ မျှော်လင့်မှု၊ ဒါတွေအားလုံးကို နအဖက အခု တချီတည်းနဲ့ အပြတ်အဖြေပေးလိုက်တယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုရယ်လို့ စဖြစ်ပေါ်လာကတည်းက ဒင်းတို့ဟာ လက်နက်ကိုင်တပ်အားကိုးရှိနေတော့ ဘယ်တုန်းကမှ တဖက်သားနဲ့ စေ့စပ်တယ်လို့ မလုပ်ခဲ့ပါဘူး။ စေ့စပ်တယ်ဆိုတဲ့ အသုံးအနှုန်းတေ၊ွ ၀ါဒဖြန့်တာတွေကို အသုံးပြုခဲ့ပေမယ့် လက်တွေ့ကျတော့ တဖက်သားကို လက်နက်ချခိုင်းတာချည်းပဲ ဖြစ်ပါတယ်။ ဒီနေ့ ငြိမ်းအဖွဲ့တွေနဲ့ မပြေမလည်ဖြစ်နေတာရဲ့ အဓိကအကြောင်းရင်းဟာလည်း ဒါကြောင့်ပဲ ဖြစ်ပါတယ်။ အခု ဒီရွေးကောက်ပွဲကို အဲဒီမူအတိုင်းပဲ ထပ်လုပ်မှာဖြစ်တဲ့အတွက် သူတို့ဆီကို လက်နက်အကြိမ်ကြိမ်ချနေသူတွေ၊ သူတို့ပြောသမျှ လက်ခံတယ်ဆိုတဲ့လူတွေသာ ဒီအစီအစဉ်ကို ထောက်ခံပြီး ကျန်တဲ့ ကိုယ့်သိက္ခာ ကိုယ်တန်ဖိုးထားသူမှန်သမျှက လက်မခံနိုင်ဖြစ်နေတာပါ။ ၁၉၉၈ ခုတုန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်များက ရက်ပေါင်း (၆၀) အတွင်း လွှတ်တော်ခေါ်ပေးဖို့ပြောတော့ နအဖက လူတွေ အများကြီး ဖမ်းဆီးခဲ့တာကို ပြန်ပြီး စဉ်းစားကြည့်ပါ။ အခုတော့ သူတို့က အဖွဲ့ချုပ်ကို ရက် (၆၀) သတ်မှတ်ပေးပြီး မှတ်ပုံတင်ခိုင်းနေပြီ မဟုတ်လား။ ဒါနဲ့တဆက်တည်း ငြိမ်းအဖွဲ့တွေကိုလည်း နောက်ဆုံးရက်သတ်မှတ်ချက်တွေနဲ့ချည်း တောင်းဆိုနေတာနဲ့ တွဲကြည့်လိုက်ရင် စစ်အစိုးရဟာ နိုင်ငံရေးမှာလည်း အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်တွေကို လက်နက်ပြပြီး ဓားပြတိုက်သလိုသာ လုပ်တယ်ဆိုတာကို ထပ်တွေ့ရပါမယ်။
နအဖရဲ့ ဒီခြေလှမ်းဟာ အထက်မှာပြောခဲ့သလို အတိုက်အခံတွေနဲ့၊ ပြည်သူလူထုကို အဖြေပေးကြေညာလိုက်တာ ဖြစ်ရုံသာမက နိုင်ငံတကာရဲ့ သဘောထားအမျိုးမျိုးကိုလည်း တပါတည်းအပြတ် တုံ့ပြန်ပြလိုက်တာဖြစ်ပါတယ်။ “နအဖလေးကို ပစ်မထား ကြပါနဲ့၊ ဆက်ဆံကြည့်ကြပါ” လို့ ပြောနေသူတွေ၊ “နည်းနာသစ်နဲ့ ချဉ်းကပ်မယ်” လို့ဆိုသူတွေ၊ “အပြင်မှာမထားနဲ့ အထဲကို သွင်းပြီး ပြောင်းလဲယူရမယ်” လို့ ဆိုတဲ့သူတွေ အားလုံးကို အခု နအဖက အဖြေပေးလိုက်ပြီ မဟုတ်လား။ နအဖဆိုတာ နအဖပဲ။ စစ်အာဏာရှင်ဆိုတာ စစ်အာဏာရှင်ပဲဖြစ်ကြောင်း ထပ်ပြလိုက်ပြန်ပါပြီ။
ဒီတော့ ဒီတပွဲမှာလည်း သေနတ်သံစထွက်တာဟာ နအဖဘက်က ဖြစ်တယ်ဆိုတာကို မှတ်တမ်းတင်ဖြစ်အောင်တင်ရပါမယ်။ နောက်ဆက်တွဲဖြစ်လာမယ့် တင်းမာမှုတွေဟာ ဒီသေနတ်သံကြောင့် ဖြစ်လာတာတွေလို့ ဆိုရမှာပါ။ တကယ်လို့သာ နအဖ ဘက်ကသာ ငြိမ်းချမ်းရေးတေးသံထွက်လာရင် ပိုမိုစိမ်းလန်းစိုပြည်တဲ့ အကျိုးဆက်ကိုမြင်ရနိုင်ပါတယ်။ အခုတော့ တိုင်းပြည်ရဲ့ အလားအလာဟာ ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတဲ့ အခြေအနေရောက်နေပါပြီ။ မြန်မာပြည်မှာ နိုင်ငံရေးတင်းမာမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖန်တီးတာလို့ ဆိုနေတဲ့သူတွေ မှတ်ထားသင့်ပါတယ်။ အခု တင်းမာမှုအသစ် ထပ်ပေါ်လာပါပြီ။ လွယ်လွယ်နဲ့ ပြေလည်စရာအကြောင်းမရှိဘူးလို့ ဆိုနိုင်ပါတယ်။
နအဖရဲ့ အစဉ်အလာ လုပ်ထုံးလုပ်နည်းကို ပြန်ကြည့်ရင် အခုအခါ သူတို့ဘက်က အကုန်လုံးအသင့်ပြင်ပြီးသားလို့ ယူဆစရာ ရှိပါတယ်။ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲတယ်ဆိုပြီး နိုင်ငံပိုင်ပစ္စည်းတွေကို ထုခွဲနေတာတွေကိုက အဲဒီလို ပြင်ဆင်မှုတွေထဲက တခုလို့ဆိုရင် မမှားပါဘူး။ ဖောင်ဖျက်တယ်လို့ ပြောရင်တောင် ရမလားပါပဲ။ ရေဒီယိုတွေ၊ သတင်းဌာနတွေရဲ့ အဆိုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားနိုင်ငံရေးအင်အားစုတွေလည်း အသီးသီးပြင်ဆင်နေရတယ်ဆိုတာ တွေ့ရပါတယ်။ တောင်စွယ်နေမကွယ်မီ ရင်ဆိုင်ကြတော့မှာပါ။
ဒါဟာ နိဂုံးရဲ့အစတောင် ဖြစ်သွားနိုင်ပါတယ်။
Monday, March 08, 2010
{ စစ်အာဏာရှင် မြင်လို တွေ့လိုတဲ့ လူတန်းစားထဲ ကိုယ်ပါမသွားပါစေနဲ့ }(Click)

| စစ်အာဏာရှင် မြင်လို တွေ့လိုတဲ့ လူတန်းစားထဲ ကိုယ်ပါမသွားပါစေနဲ့ |
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၄) မှ (၂၆) ရက်အထိ မြန်မာသတင်းသမဂ္ဂမှ ကြီးမှူးကျင်းပခဲ့သည့် သတ္တမ အကြိမ်မြောက် မြန်မာမီဒီယာညီလာခံတွင် ယခုနှစ် စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲနှင့် မီဒီယာအခန်းကဏ္ဍကို အကျယ်တ၀င့် ဦးစားပေး ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။
မေး။ ။ ဒီနှစ်ထဲမှာ နအဖစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်အရေးပါတယ်လို့ ဆွေးနွေးသွားကြပါတယ်။ ဘာကြောင့် ဒီလို အရေးပါတယ်ဆိုတာ ရှင်းပြပေးစေချင်ပါတယ်။
ဖြေ။ ။ ရွေးကောက်ပွဲဆိုတာ တရားမျှတမှုရှိဖို့ အလွန်အရေးကြီးပါတယ်။ ကျင်းပပေးတဲ့ အစိုးရသို့မဟုတ် အဖွဲ့က ပြည်သူလူထုကို အသိပေးစရာတွေ အများကြီးလိုသလို ၀င်ပြီးယှဉ်ပြိုင်မယ့်သူတွေကလည်း သူတို့ရဲ့ မူဝါဒတွေ လူထုကို အသိပေးရမှာဖြစ်တယ်။ လူထုအနေနဲ့ကလည်း မဲမပေးခင်မှာ သိချင်တာတွေ သိထားသင့်တာတွေ အများအပြားရှိတယ်။ ဒီတာဝန်တွေကို ကြားခံဆောင်ရွက်ပေးမှာ မီဒီယာဖြစ်တဲ့အတွက် လူရဲ့ခန္ဒာကိုယ်မှာ သွေးပြန်ကြောမကြီးတခု အရေးပါသလို ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် မီဒီယာရဲ့ အခန်းကဏ္ဍဟာ အရေးသိပ်ကြီးတယ်လို့ ပြောနိုင်ပါတယ်။
မေး။ ။ မီဒီယာတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်လို အခန်းကဏ္ဍက ပါဝင်သင့်ပါသလဲ။
ဖြေ။ ။ အကြမ်းဖျင်းပြောရရင် အခန်း (၃) ခုရှိပါတယ်။ မတိုင်ခင်၊ ကျင်းပနေချိန်၊ ကျင်းပပြီးစီးချိန်ပေါ့။ သိသင့်သိထိုက်တာတွေ အသိပေးရမယ်၊ ဘယ်လိုပုံစံ မဲပေးရမယ်၊ ဖြစ်နိုင်ခြေရှိတဲ့ မရိုးသားမှုတွေ ထောက်ပြရမယ်။ ပါဝင်လာအောင် ရွေးချယ်နိုင်ဖို့ စဉ်းစားဆုံးဖြတ်နိုင်အောင် အချက်လက်တွေ စုဆောင်းပေးရမယ်။ တရားမျှတစွာ မဲဆွယ်နိုင်ခြင်း ရှိ မရှိ စောင့်ကြည့် ဝေဖန်ထောက်ပြရမယ်၊ မသမာမှုတွေရှိရင် ဖော်ထုတ်ပေးရမယ်။
ဒုတိယအနေနဲ့ လွတ်လပ်ပြီး တရားမျှတစွာ မဲပေးနိုင်ခြင်း ရှိ မရှိ။ မဲရေတွက်တာတွေ စနစ်ကျနမှု ရှိရဲ့လား၊ မရိုးသားမှုတွေ ရှိနေသလား၊ ခြိမ်းခြောက်တာတွေ မဲဝယ်တာတွေ စသဖြင့် စောင့်ကြည့်တဲ့ တာဝန်ကိုယူရမယ် အရေးသိပ်ကြီးတယ်လို့ ပြောနိုင်ပါတယ်။
အပြီးမှာတော့ အနိုင်ရတဲ့ပါတီရဲ့ လူပုဂ္ဂိုလ်တွေ ဘာတွေလုပ်ကြမှာလဲ။ အပြတ်သတ်နိုင်သလား၊ ညွန့်ပေါင်းဖွဲ့ကြမှာလား၊ အစိုးရအဖွဲ့မှာ ဘယ်သူတွေပါလာမလဲ၊ မှန်ကန်လျော်ကန်တဲ့လူတွေ ဖြစ်ရဲ့လား၊ ရွေးကောက်ပွဲကာလ မသမာမှုတွေနဲ့ ပတ်သက်ပြီး တိုင်တန်းမှုတွေ စုံစမ်းစစ်ဆေးမှုတွေမှာ တထောင့်တနေရာကနေ စောင့်ကြည့်ဝေဖန်တင်ပြတာတွေ လုပ်ရပါမယ်။
မေး။ ။ ပြည်တွင်းမှာ သတင်းပိတ်ဆို့မှုတွေ၊ သတင်းဆင်ဆာ ဖြတ်တောက်မှုတွေ၊ သတင်းထောက်တွေကို ဖမ်းဆီးနေတာတွေ၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် မရှိတာတွေ စတဲ့ စစ်အစိုးရရဲ့ ချုပ်ကိုင်မှုတွေအောက်မှာ ရွေးကောက်ပွဲဆိုင်ရာ သတင်းမှန်တွေ ဖော်ထုတ်နိုင်ဖို့ ဘယ်လိုဆောင်ရွက်နိုင်မှာပါလဲ။
ဖြေ။ ။ ဒီနေရာမှာတော့ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့ ပြည်ပ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီး အရေးပါတယ်လို့ ပြောရပါမယ်။ ပြည်ပက မီဒီယာတွေအနေနဲ့လည်း ပြည်သူလူထုရဲ့ တလေးတစား အားကိုးနားထောင် ကြည့်ရှုနေတာကို သတိထားပြီး အမြင်စောင်းမသွားရအောင် ဘက်မလိုက်ဘဲ မျှမျှတတ သတိကြပ်ကြပ်ထားပြီး သတင်းတွေထုတ်ဖို့ လိုပါလိမ့်မယ်။
မေး။ ။ ပြည်တွင်းနဲ့ ပြည်ပမီဒီယာတွေ ဘယ်လို ပူးပေါင်းဆောင်ရွက်သင့်ပါသလဲ။
ဖြေ။ ။ တိုင်းပြည်နဲ့ ပြည်သူလူထုမျက်နှာကို ရှေးရှုပြီး အလုပ်တွေလုပ်ကြဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ အင်တာဗျူးတွေ ပေးရပါမယ်။ အဖြစ်အပျက်တွေကို ကိုယ်တိုင်တွေ့ကြုံ ထိစပ်နေသူတွေ ဖြစ်တာကြောင့် ကိုယ်တိုင်လုပ်ကိုင်ခွင့် မရှိရင်တောင် လုပ်နိုင် ထုတ်နိုင် လွှင့်နိုင်တဲ့ ပြည်ပ သတင်းဌာနတွေအတွက် first hand sources လက်ဦးမျက်မြင်ကိုယ်တွေ့ သတင်းအရင်းမြစ်တွေအဖြစ် ပါဝင်လုပ်ဆောင်ပေးကြမယ်ဆိုရင် သာမန်သတင်းပေးသူ ပြည်သူတွေထက် ပိုပြီး ထိရောက်တိကျ ပြည့်စုံတဲ့ သတင်းတွေကို ဖြန့်ချိနိုင်ပါလိမ့်မယ်။
မေး။ ။ မြန်မာသတင်းသမဂ္ဂအနေနဲ့ လက်ရှိပြည်တွင်းနဲ့ ပြည်ပ မြန်မာသတင်းမီဒီယာတွေအပေါ် ဘယ်လိုရှုမြင် သုံးသပ်ပါသလဲ။
ဖြေ။ ။ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာ တစုံတရာရှိပေမယ့် အားရစရာတော့ မရှိလှသေးပါဘူး။ ပြည်ပမီဒီယာ အများစုဟာ အတိုက်အခံနိုင်ငံရေး လှုပ်ရှားသူစိတ်မျိုး နည်းနည်း ဒါမှမဟုတ် မသိမသာကဲနေသူတွေ ဖြစ်နေတုန်းပဲလို့ ရိုးရိုးသားသား ပြောချင်ပါတယ်။ အဲဒီစိတ်ကို ထုတ်ပစ်နိုင်မှ ယုံကြည်ရတဲ့ သတင်းသမားကောင်းတွေ၊ သတင်းဌာနတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် အရင်ကထက်စာရင် အများကြီးတိုးတက်လာတယ် ဆိုရမှာပါ။
ပြည်တွင်းက မီဒီယာတွေကို ပြောရရင်တော့ သူတို့လုပ်ခွင့်ရှိသလောက် ကြိုးပမ်းအားထုတ်နေကြတဲ့ သတင်းသမားတွေ တပုံကြီးရှိတာ ကျနော်သိပါတယ်။ ဒါပေမယ့် နေရာတိုင်းမှာ စုန်းပြူးတွေတော့ ရှိတာပေါ့လေ။ သိတဲ့အတိုင်း နှစ်ပေါင်း လေးဆယ်ကျော် စစ်အစိုးရတွေ အဆက်ဆက်က အကြောက်တရားကို ဖိဖိစီးစီးသွတ်သွင်းပြီးတော့ အုပ်ချုပ်လာခဲ့တယ်။ လူမှုလူ့ဘောင် အသိုင်းအ၀ိုင်းမှာ လည်သူစားကြတဲ့ အကျင့်ပျက်စရိုက်တွေ အားကောင်းလာသလို မီဒီယာ အသိုင်းဝိုင်းထဲမှာလည်း အကျင့်ပျက်သမားတွေ ပေါ်ပေါက်လာပါတယ်၊ မဆန်းပါဘူး။ အာဏာရှိသူအကြိုက် လိုက်ဖားပြီး တကိုယ်ရေ ကောင်းစားရေး အလုပ်ဖြစ်အောင် လုပ်နေတဲ့ မီဒီယာသမားတွေ၊ နိုင်ငံရေးအမြတ် ၀င်ထုတ်ဖို့ ပြင်နေသူတွေလည်း တွေ့နေရတာပဲ၊ ပြည်သူတွေထဲက အမြင်ရှိသူတွေက သိနေပါတယ် သူတို့ကို။
မေး။ ။ မြန်မာပြည်သူလူထုကို ခေတ်ပြိုင်ကတဆင့် ဘာများ ပြောကြားလိုပါသလဲ။
ဖြေ။ ။ ဒီလို အချိန်ကာလဟာ အရေးကြီးပါတယ်။ အကြားအမြင် ဗဟုသုတ ကြွယ်နေအောင် မီဒီယာတွေကို အမြဲသတိပြု လေ့လာနေဖို့ လိုပါတယ်။ ကိုယ်အဆင်ပြေနေရင် ပြီးရောဆိုတဲ့ စစ်အာဏာရှင် မြင်လို တွေ့လိုတဲ့ လူတန်းစားထဲ ကိုယ်ပါမသွားပါစေနဲ့။ ကိုယ့်တိုင်းပြည်အရေးဟာ ကိုယ့်အရေးတင် မဟုတ်ပါဘူး နောင်လာမယ့် ကိုယ့်မျိုးဆက်တွေ အဆက်ဆက် အမွေရသွားမှာ ဖြစ်ပါတယ်။ မှန်မှန်ကန်ကန်နဲ့ လုပ်သလောက် တော်သလောက် ကြိုးစားသလောက် ကိုယ်ခံစားနိုင်မယ့်ခေတ်ကို ရောက်အောင်၊ မှန်တာလုပ်ရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုတဲ့ စနစ်တခုကိုရောက်အောင်၊ တရားဥပဒေက မှန်မှန်ကန်ကန် အကာကွယ်ပေးတဲ့ နိုင်ငံတခုအဖြစ် ပြန်ရောက်အောင် လုပ်စရာရှိတာ လုပ်သင့်တာကို ရဲရဲ၊ ပြတ်ပြတ်သားသား လုပ်ကြရမယ့် အချိန်ရောက်နေပါပြီလို့ ပြောချင်ပါတယ်။
မေး။ ။ အခုလို ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ ကျေးဇူးတင်ပါတယ်။

Thursday, March 04, 2010
{ များလိုက်တဲ့ ဖုန်းမျိုးစုံနဲ့ ငါတို့တိုင်းပြည် မြန်မာပြည် }(Click)

ရန်ကုန်ရှုခင်း - မတ်လ ပထမပတ်
များလိုက်တဲ့ ဖုန်းမျိုးစုံနဲ့ ငါတို့တိုင်းပြည် မြန်မာပြည်
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
မတ် ၃၊ ၂၀၁၀
မြန်မာနိုင်ငံမှာ ဖုန်းအမျိုးအစားတွေကလည်း များဈေးနှုန်းတွေကလည်း အမျိုးမျိုးအစားစား ကွဲပြားနေကြတာ ကြောင့် သုံးစွဲသူတွေ ခမြာမျက်စေ့လည်စရာပါ။
ကြိုးဖုန်း(လိုင်းဖုန်း) ၊ ဆယ်လူလာဖုန်း၊ ခြင်းဖုန်း၊ ကျောက်ဖုန်း၊ အိုင်ပီစတားဖုန်း၊ ဂျီအက်စ်အမ်ဖုန်း၊ စီဒီအမ်အေ မိုဘိုင်းဖုန်း၊ ကမ်းရိုးတန်းဖုန်း( စီဒီအမ်အေ ၄၅၀ ကြိမ်နှုန်းသုံး နာဂစ်ဖုန်းသို့ မဟုတ် ကမ်းနီးကမ်းဝေးဖုန်း ဟုလည်းခေါ်)၊ တလခံ ၂၀ တန် ကဒ် ဖုန်း၊ ဒဗလျူ စီဒီအမ်အေဖုန်း၊ ၅သိန်းတန် ၄၅၀ စီဒီအမ်အေဖုန်း (နေပြည်တော်တွင်သာ)၊ ၅သိန်းတန် ၈၀၀ စီဒီအမ်အေဖုန်း (ယခုလက်ရှိ ရန်ကုန်မန္တလေးတွင်သာ) ဆိုပြီးအမျိုးမျိုးကွဲ ပြားနေတာပါ။
ကြိုးနဲ့သွယ်တန်းထားပြီး သယ်သွားလို့မရတဲ့ ကြိုးဖုန်းနဲ့ အိုင်ပီစတားဖုန်းကိုဖယ်လိုက် မယ်ဆိုရင် မိုဘိုင်းဖုန်း အမျိုးအစားတင်ပဲ ၉မျိုးသာသာ ရှိနေပါတယ်။ အဲဒီကိုးမျိုးထဲမှာ တမျိုးနဲ့တမျိုး သုံးစွဲခဈေးနှုန်းလည်း မတူညီကြပဲ ပြောဆိုသုံးစွဲနိုင်တဲ့ ဧရိယာလည်း ကွဲပြားနေကြပါတယ်။
ဆယ်လူလာဖုန်း၊ ကျောက်ဖုန်း
၁၉၉၀ ခုနှစ် အလယ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံက သုံးစွဲသူတွေဆီ မိုဘိုင်းဖုန်း စနစ်ကို ပထမဆုံး မိတ်ဆက်ပေးခဲ့တာ ယခု ဆယ်လူလာစနစ်သုံး ဖုန်းပဲ ဖြစ်ပါတယ်။ စထွက်ခါစ ကျပ်၁၀သိန်း ၁၂သိန်းဝန်းကျင်မှနေ အမြင့်ဆုံး ကျပ်သိန်း ၂၀ ၀န်းကျင်ထိ ဈေးပေါက်ခဲ့ ပါသေးတယ်။ ထိုစဉ်က မိုဘိုင်းဖုန်း လက်ဝယ်ကိုင်နိုင်တယ် ဆိုတာဟာ လူနေမှု အဆင့်အတန်း ကိုပြသတဲ့ လက္ခဏာ တခုဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်ကျော်ထိ မိုဘိုင်းဖုန်းကိုင်သူများအနေနဲ့ ဘတ်စ်ကားထဲမှာ ဖုန်းမပြောရဲ ကြသေးပါဘူး။ ဖုန်းကိုင်တဲ့ အဆင့်အတန်းနဲ့ ဘတ်စကား စီးနင်းတဲ့ အချက်က မလိုက်ဖက်လို့ပါ။ အချို့သောဖုန်းကိုင်သူတွေ ဘတ်စ်ကားစီးရတောင်မှ ကားပေါ်မှာ ဖုန်းကိုပိတ်ထားတတ် ကြပါတယ်။ ဖုန်းကိုင်နိုင်တဲ့ သူတွေဟာ သူတို့ရဲ့ လူနေမှု အဆင့်အတန်းဘယ်မှာ ရှိတယ်ဆိုတာ ပြသချင်တဲ့ သဘောပါ။
ကျောက်မျက်ရတနာ တူးဖေါ်တဲ့ကုမ္ပဏီတွေကို ၂၀၀၃၊ ၂၀၀၄ခုနှစ်များဆီက ၀၉၀..စတဲ့နံပါတ်တွေနဲ့ ရောင်းချပေးခဲ့ပြီး ဖားကန့်၊ မြစ်ကြီးနား၊ မိုင်းရှူးမြို့တွေမှာ သုံးစွဲနိုင်လို့ ဆယ်လူလာ စနစ်သုံး အဆိုပါနံပါတ်တွေကို ကျောက်ဖုန်းလို့ခေါ်ဆိုကြပါတယ်။
ယခင်က အခြားဂျီအက်စ်အမ်၊ စီဒီအမ်အေ မိုဘိုင်းဖုန်းတွေနဲ့ ပြောဆိုခ အတူတူဖြစ်ပြီး အထွက်ခေါ်ဆိုခ တမိနစ် ၂၅ကျပ် ဖြစ်ပါတယ်။ ယခုတပြန် ဖုန်းခေါ်ဆိုခမြင့်တက်သွားတဲ့ အထဲမပါတာတွေ့ရပါတယ်။ အခြားမိုဘိုင်းတွေက တမိနစ် ၅၀ ကျပ်ဖြစ်နေချိန်မှာ ၂၅ကျပ်ပဲ ကျသင့်တဲ့ ဆယ်လူလာကို လူပိုကြိုက်မယ်လို့ ထင်မြင်စရာရှိသော်လည်း နက်ဝေါ့ခ် သိပ်မကောင်းခြင်း၊ သုံးစွဲနိုင်တဲ့မြို့အရေအတွက် နည်းပါးခြင်းတို့ကြောင့် လူကြိုက်သိပ်မများတော့ပဲ ပြင်ပဈေးကွက်မှာ ကျပ်၁၀သိန်းအောက် သာရှိတော့တာ တွေ့ရပါတယ်။ ဖုန်းနံပါတ်က ၀၉၉၉…..နဲ့စပြီး ဂဏန်း၉လုံးပါရှိပါတယ်။ မြန်မာပြည်ဖုန်းဈေးကွက်မှာတော့ ကိုးဂဏန်းနှစ်လုံးနဲ့ စတင်လို့ “နိုင်းနိုင်း” လို့လည်း ခေါ်ကြပါတယ်။
ခြင်းဖုန်း
စီဒီအမ်အေ ၈၀၀ မီဂါဟဇ် စနစ်သုံး အထိုင်ဖုန်းလို့ခေါ်တဲ့ စနစ်ကို ၁၉၉၉/၂၀၀၀ ခုနှစ်များဆီက စတင်ငှားရမ်းချပေးခဲ့တာပါ။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပဲ သုံးစွဲနိုင်ပါတယ်။ စတင်အငှားချပေးစဉ်က မြန်မာ့ ဆက်သွယ်ရေးကို ကျပ် ၅သိန်းပေးသွင်းရပါတယ်။ အမေရိကန် ကွာကွန်းလ် Qualcom ကုမ္ပဏီက ထုတ်လုပ်တဲ့ အထိုင်ဖုန်း တွေနဲ့ သုံးခဲ့ကြပါတယ်။ ဖုန်းနဲ့ ဖုန်းအောက်မှာ တွဲလျက်နေတဲ့ တပိသာလောက်လေးတဲ့ ဘက်ထရီ အတွဲကို ပလပ်စတစ်ခြင်းနဲ့ထည့်ပြီး သယ်သွားကြလို့ မြန်မာပြည်မှာ ခြင်းဖုန်းလို့ခေါ်ကြတာပါ။ ပြောဆိုခ တမိနစ်ကို ယခုအချိန်ထိ မြို့တွင်း ၁၅ကျပ်၊ နယ်အဝေး ၂၅ကျပ်ပဲ ကျသင့်ဆဲပါ။
ခေါ်ဆိုခ သက်သာတာရော၊ နေရာရွှေ့ပြောင်းနိုင်ပြီး ဖုန်းကိုကြာရှည်ကြာမျောသုံးသူတွေအတွက် ကောင်းလို့ နှစ်လုံး၊ သုံးလုံး ဂဏန်းချဲထီ လုပ်ကိုင်သူတွေ၊ မင်္ဂလာဈေးမှ ကုန်သည်တွေ နှစ်သက် ခဲ့ကြပါတယ်။ ဖုန်းနံပါတ် ၇…..နဲ့စပြီး ဂဏန်း ၆လုံးပါရှိပါတယ်။
အိုင်ပီစတားဖုန်း
အိုင်ပီစတား လို့ခေါ်ဆိုတဲ့ ဂြိုဟ်တုဆက်သွယ်ရေး စနစ်သုံး အင်တာနက်လိုင်းပေါ်မှ တဆင့်သွားတဲ့ ဖုန်းကို အိုင်ပီစတားဖုန်းလို့ခေါ်ဆိုပါတယ်။ နယ်ဝေးမြို့တွေ ဝေးလံခေါင်ဖျားတဲ့ဒေသ တွေအတွက် အင်တာနက်နဲ့ ဖုန်းဆက်သွယ်ရေး ရရှိအောင် ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ သားရဲနိုင်ဝင်း ပုဂံဆိုင်ဘာတက်ခ်ကို စီမံခန့်ခွဲလုပ်ဆောင်ခဲ့စဉ်က ရောင်းချပေးခဲ့ပြီး ယခုနောက်ပိုင်း ဆက်သွယ်ရေး ၀န်ကြီးဌါနက ဆက်လက်တာဝန်ယူ ရောင်းချပေးနေတာပါ။ အင်တာနက်ဆက်သွယ်ရေး (ဒေတာ) အတွက်ရော အင်တာနက် ပေါ်မှသွားတဲ့ VOIP စနစ် ဖုန်းနှစ်မျိုးလုံး အတွက် အိုင်ပီစတားကိုရောင်းချပေးပေမယ့် မြ၀တီ၊ တာချီလိတ်၊ ရခိုင်၊ မူဆယ်တို့လိုနယ်စပ်မြို့တွေ အခြားမိုဘိုင်းစနစ် မရရှိခင်က ဖုန်းအတွက်သာ အိုင်ပီစတားကို ၀ယ်ယူခဲ့ကြတာပါ။ ပြည်တွင်းကို ဆက်သွယ်ဖို့ရာ အိုင်ပီစတားဖုန်းကို သုံးစွဲခဲ့ကြပါတယ်။ ယခုတော့ အဆိုပါနယ်စပ်မြို့တွေမှာ ကမ်းရိုးတန်းဖုန်းတွေ သုံးစွဲနိုင်လာပြီမို့ အိုင်ပီစတားဖုန်းတွေ သိပ်ခေတ်မစားတော့ပါဘူး။ အိုင်ပီစတား ဆက်သွယ်ရေး စနစ်တစုံကို သက်ဆိုင်ရာ မှဝယ်ယူစဉ်က ကျပ် သိန်း ၃၀မှ သိန်း၄၀ထိ ပေးဆောင်ခဲ့ကြရပါတယ်။
ဖုန်းပြောဆိုခကတော့ ကြိုးဖုန်းလို့ခေါ်တဲ့ လိုင်းဖုန်းတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဖုန်းနံပါတ်ကတော့ ၄….နဲ့စပြီး ဂဏန်း၈လုံးပါရှိပါတယ်။
ဂျီအက်စ်အမ်ဖုန်း
မြန်မာနိုင်ငံကို ၂၀၀၂ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ မိုဘိုင်းဖုန်းစနစ်ဖြစ်ပါတယ်။ ထိုစဉ်က စကိုင်းလင့်ခ် Skylink Co. ကုမ္ပဏီနဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ တွဲဘက်လုပ်ဆောင်ခဲ့ကြတာပါ။ စတင်ငှားရမ်းပေးစဉ်က ကျပ် ၅သိန်းပေးသွင်းရပြီး ပြင်ပပေါက်ဈေးက သိန်း ၂၀ကျော်အထိရှိခဲ့ပြီး ၂၀၀၃ နဲ့ ၂၀၀၄မှာတော့ အမြင့်ဆုံး သိန်း၅၀နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။
ထိုစဉ်က ဗိုလ်ချုပ်တွေ ၊ ၀န်ကြီးတွေသူတို့လက်မှတ်နဲ့ ဂျီအက်စ်အမ် လျှောက်ပြီးရောင်းစားကြ၊ ဆွေမျိုးသားချင်းတွေ သုံးစွဲကြ၊ တပ်အရာရှိတွေ၊ အရပ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ ကိုငှားရမ်းခွင့် ချပေးလို့ ထုတ်ပြီးရောင်းကြနဲ့ ဂျီအက်စ်အမ်ဖုန်းဟာ နအဖ အစိုးရရဲ့ စည်းရုံးရေး လက်နက်သဖွယ် နှစ်အတန်ကြာ ဖြစ်နေခဲ့ပါတယ်။
ယခင်မိုဘိုင်းဖုန်း များလိုကုဒ်စနစ်မဟုတ်ပဲ ဆင်းကဒ် စနစ်သုံးထားတာ ဖြစ်လို့ hand set ကိုလွယ်ကူစွာလဲလှယ် နိုင်ခြင်း၊ ပြောဆိုနိုင်တဲ့မြို့များပြားခဲ့ခြင်းကြောင့် ဂျီအက်စ်အမ်ဖုန်းဟာ နှစ်အတော်ကြာ လူကြိုက်အများဆုံး ဖုန်းဖြစ်ခဲ့ပါတယ်။ ယခုအချိန်အထိလည်း မိုဘိုင်းဖုန်းထဲမှာ အရေအတွက် အားဖြင့် အများဆုံးသုံးစွဲနေတဲ့ ဖုန်းအမျိုးအစားဖြစ်နေဆဲပါ။ ၀၉၅….သို့မဟုတ် ၀၉၄….နဲ့စပြီး ဂဏန်းကိုးလုံး ပါရှိပါတယ်။
ယခုနှစ်ဆန်းမတိုင်မီထိ မြို့တွင်း တမိနစ် ၂၅ကျပ်၊ နယ်ဝေး ၃၅ကျပ် ကောက်ခံခဲ့ရာမှ ဇန်န၀ါရီလ ၁ရက်နေ့မှစလို့ နယ်ဝေးရော မြို့တွင်းပါ တမိနစ်ကို ၅၀ကျပ်သို့ပြောင်းလဲလိုက်ပါတယ်။ ဂျီအက်စ်အမ်ရဲ့ အားသာချက် နောက်တခုကတော့ SMS စာတိုပို့စနစ် သုံးလို့ရတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နာမည်ကျော် မိုဘိုင်းကွန်ရက် စွမ်းဆောင်ရည်ကျနေတဲ့ အချိန်၊ ကျတဲ့နေရာတွေမှာ ၊ နောက်ပြီး ပြောလို့သဲသဲကွဲကွဲမကြားတဲ့အခါ မျိးမှာ စာတိုပို့စနစ်နဲ့ ပို့ထားပြီး တဘက်သားကို အသိပေးကြရတာလည်း မြန်မာနိုင်ငံရဲ့ ရှုခင်းတခုပါ။
ဂျီအက်စ်အမ်ဆင်းကဒ် တကဒ်ကို အစိုးရငှားရမ်းနှုန်း ကျပ်ငါးသိန်းမှ ကျပ် ၁၀သိန်းသို့ မြှင့်တင်ခဲ့ပြီး နောက်တဖန် ၁၅သိန်းသို့ထပ်မံ မြှင့်တင်ခဲ့ပြန်ပါသေးတယ်။ ယခုလောလောဆယ် ပြင်ပဖုန်း ဈေးကွက်မှာ ၀၉၅၁…. ၀၉၅၀…နဲ့စတဲ့ သုံးပြီးသား ဂျီအက်စ်အမ်ဆင်းကဒ် တကဒ် ပေါက်ဈေးဟာ ကျပ် ၁၃၊ ၁၄သိန်းသာရှိပါတော့တယ်။ မသုံးရသေးတဲ့ ဆင်းကဒ်ကို မိမိနာမည်နဲ့ ၀ယ်ချင်ရင်တော့ ၁၆သိန်းကျော် ရှိပါသေးတယ်။ ၁၆သိန်းကျော်နဲ့ ၀ယ်ယူသူတော့ နည်းပါးသွားပြီလို့ ဈေးကွက်ထဲမှ ပြောဆိုကြပါတယ်။
တမိနစ် ပြောဆိုခကတော့ နီးနီးဝေးဝေး ကျပ် ၅၀နဲ့ စာတို တစောင်ကို ၂၅ကျပ် ကျသင့်ပါတယ်။
စီဒီအမ်အေဖုန်း
ခြင်းဖုန်းလို့ခေါ်တဲ့ စီဒီအမ်အေ အထိုင်ဖုန်းနဲ့ နည်းပညာ၊ ကြိမ်နှုန်းအတူတူပဲ ဖြစ်ပေမယ့် ဖုန်းနံပါတ်က ၀၉၈၀…နဲ့စပြီး ဂဏန်း၉လုံး ပါရှိပါတယ်။ ၀၉၈၀နဲ့ စတဲ့အတွက် အိတ်ဇီးရိုး တွေလို့အတိုကောက်ခေါ်ကြပါတယ်။ ၂၀၀၀ခုနှစ် အစပိုင်းတွေထဲက စတင်ငှားရမ်းခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ နောက်ထပ်တသုတ်ထပ်မံ ငှားရမ်းခဲ့ပါတယ်။ အစိုးရထံမှ ငှားရမ်းခွင့်ချပေးရာမှာ ကျပ်ငါးသိန်းဖြစ်ပေမယ့် ပြင်ပပေါက်ဈေး ကျပ် ၂၅သိန်းဝန်းကျင် ရှိခဲ့ပြီး ၂၀၀၃၊ ၂၀၀၄မှာ အမြင့်ဆုံး ၅၁ သိန်းလောက်ထိ မြင့်တက်ခဲ့ဖူးပါတယ်။
ရန်ကုန်နဲ့ မန္တလေး၊ စစ်ကိုင်းမြို့မှာပဲ အသုံးပြုနိုင်ပါတယ်။ ငှားရမ်းခွင့်ချပေးစဉ်က အများစုကို စစ်တပ်က အရာရှိတွေပဲ ရရှိကြပြီး သူတို့က အကျိုးအမြတ်နဲ့ ပြင်ပဈေးကွက်မှာ ပြန်ရောင်းချခဲ့ကြတာပါ။ ယခင်က သိန်း ၃၊၄၊ ၅ဆယ်ရှိခဲ့ပေမယ့်လည်း လက်ရှိ ပြင်ပဖုန်းဈေးကွက်မှာ ကျပ် ၁၀သိန်းကျော်သာရှိပါတော့ တယ်။ ပြောဆိုခကတော့ ဂျီအက်စ်အမ်ဖုန်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။
ကမ်းရိုးတန်းဖုန်း၊ ကမ်းနီးကမ်းဝေးဖုန်း သို့မဟုတ် နာဂစ်ဖုန်း
၄၅၀ မီဂါဟတ်ဇ် စီဒီအမ်အေ စနစ်သုံး ဖုန်းကိုစတင ထုတ်ပေးတဲ့ရက်နဲ့ မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်း ၀င်ရောက်တဲ့ရက် တိုက်ဆိုင်ပြီး နာဂစ်ဒဏ်ခံစားရတဲ့ ဧရိယာတွေမှား နာဂစ်ဒဏ်နဲ့ ဖုန်းလိုင်းတွေ ပျက်စီးနေစဉ် အသုံးဝင်ခဲ့လို့ အချို့က နာဂစ်ဖုန်းလို့ခေါ်ဆိုကြတာပါ။ စတင်စဉ်က ကမ်းရိုးတန်း ပြည်နယ်နဲ့တိုင်းတွေကို အဓိက ရည်ရွယ်ပြီး တပ်ဆင်ခဲ့တာကြောင့် တရားဝင်အမည်က ကမ်းနီးကမ်းဝေး စီဒီအမ်အေလို့ ခေါ်ပြီး သုံးစွဲသူအများကြားမှာတော့ ကမ်းရိုးတန်းဖုန်းရယ်လို့ လူသိများပါတယ်။
အထိုင်ဖုန်းနဲ့လည်း သုံးလို့ရသလို တရုတ်နိုင်ငံက တင်သွင်းလာတဲ့ Hand Set တွေနဲ့လည်း မိုဘိုင်းဖုန်းသဖွယ်သုံး စွဲနိုင်ပါတယ်။ ၂၀၀၈ခုနှစ် မေလနောက်ပိုင်း စတင်ငှားရမ်း ခဲ့ရာမှာ အခုဆို မြန်မာနိုင်ငံမှာ မြို့အများဆုံးမှာ သုံးစွဲ နိုင်တဲ့ ဖုန်းဖြစ်နေပါပြီ။ လက်ရှိမြို့ပေါင်း ၁၂၀ ၀န်းကျော်မှာ သုံးစွဲနိုင်တယ်လို့သိရပါတယ်။ ကြိမ်နှုန်းနိမ့်စနစ်ဖြစ်လို့ အသံအရည်အသွေး မကောင်းခြင်း၊ ပါဝါ သုံးစွဲမှုများပြီး ဘထ္ထရီ နာရီကြာကြာမခံခြင်း စတဲ့အားနည်းချက်တွေ ရှိပါတယ်။ သို့ပေမယ့် ဧရာဝတီတိုင်းလိုမျိုးမှာ နေရာအတော်များများ သုံးစွဲနိုင်ခြင်း ရန်ကုန်မန္တလေး ကားလမ်းတလျှောက်၊ ရန်ကုန်မော်လမြိုင် ကားလမ်းတလျှောက် သုံးစွဲနိုင်ခြင်းတွေက အားသာချက်တွေပါ။
အစိုးရထံမှ ငှားရမ်းတဲ့အခါ စတင်ငှားရမ်းခါစ ၁၆သိန်းမှ သိန်း ၂၁၊ ၂၂သိန်းထိ ရှိခဲ့ပြီး ယခုအခါပြင်ပဈေးကွက်မှာ ၁၅သိန်း၊ ၁၆သိန်း ၀န်းကျင်နဲ့ အရောင်းအ၀ယ်ဖြစ်နေပါတယ်။ အထူးသဖြင့် ကျေးရွာများမှာ နေထိုင်သူတွေ၊ ကျေးရွာ အုပ်ချုပ်ရေး ရယက၊ ကျေးရွာ ဘုန်းတော်ကြီးကျောင်းများမှာ အသုံးများတာ တွေ့ရပါတယ်။ ၄၅၀စီဒီအမ်အေ နက်ဝေါ့ခ်တိုင်တတိုင်ဟာ မိုင်ငါးဆယ် အကွာအဝေးထိ ရောက်ရှိတာမို့လို့ ယခင်က မိုဘိုင်းဖုန်း လက်လှမ်းမမီတဲ့ ကျိုက်ထီးရိုးဘုရားပေါ်လိုမျိုးမှာ ကမ်းရိုးတန်းဖုန်း သုံးနိုင်တာတွေ့နေရပါတယ်။ ပြောဆိုခ ကတော့ စီဒီအမ်အေမိုဘိုင်း၊ ဂျီအက်စ်အမ်တို့နဲ့ အတူတူပဲ ဖြစ်ပါတယ်။
ဖုန်းနံပါတ်က ၀၉၈၅… ၀၉၈၆…. ၀၉၈၇…. စတဲ့နံပါတ်တွေနဲ့စပြီး ဂဏန်း ၉လုံးပါရှိပါတယ်။

ကဒ်ဖုန်း သို့မဟုတ်တလခံ ဂျီအက်စ်အမ်ကဒ်
၂၀၀၉ ဇန်န၀ါရီတရက်နေ့ ရတနာပုံ စီတီး အိုင်တီပွဲမှာ စတင် မိတ်ဆက်ခဲ့တဲ့ ကြိုတင်ငွေပေးစနစ်သုံး ဂျီအက်စ်အမ် ဖုန်းပါ။ စတင်ရောင်းစဉ်က အက်ဖ်အီးစီ ၁၀တန်၊ ၂၀တန် နှစ်မျိုးရောင်းချ ခဲ့သော်လည်း ယခုနောက်ပိုင်း ၂၀တန်ကဒ်သာ တွင်ကျယ်နေပါတယ်။ အထွက်ခေါ်ဆိုမှု တမိနစ်ကို အက်ဖ်အီးစီ .၃ ယူနစ် (မြန်မာငွေ ကျပ်၃၀၀ ကျော်) နဲ့ အ၀င်လက်ခံခြင်းကို တမိနစ် အက်ဖ်အီးစီ .၀၅ ယူနစ်(ကျပ် ၅၀ကျော်) ကျသင့်ပါတယ်။ စာတိုပို့ရင်တော့ တစောင်ကို အက်ဖ်အီးစီ .၀၅ယူနစ်ကျသင့်ပါတယ်။
ကျောင်းသား လူငယ်များ၊ ယာယီအားဖြင့် အလုပ်ကိစ္စအရေးကြီးလို့ ဆက်သွယ်ဖို့ နံပါတ်တခုလိုအပ်သူများ၊ လုံခြုံရေးအရ နံပါတ်သေ မကိုင်လိုသူများ နဲ့ ပြည်ပမှ အလည်လာရောက်တဲ့ နိုင်ငံခြားသား ခရီးသည်များ ကိုင်ဆောင်ကြပါတယ်။ ယခုဖုန်းကဒ် မပေါ်ထွက်ခင်က ဖုန်းကိုင်ဆောင်လိုရင် ကိုယ်ပိုင်ဝယ်လိုက ၀ယ်၊ မ၀ယ်ပဲ ငှားရမ်း အသုံးပြုမယ်ဆို အနည်းဆုံး တလ ကျပ် ၄ သောင်းမှ ၄ သောင်းခွဲ သုံးစွဲကြရပြီး ယခုလို ၂၀တန်ဆင်းကဒ် ပေါ်လာတဲ့အခါ ထိုသို့သောသူများ အတွက် အဆင်ပြေလို့ သုံးစွဲကြပါတယ်။
နိုင်ငံတော် သူဌေးကြီးဖြစ်တဲ့ ဦးတေဇပိုင် ထူးကုမ္ပဏီရဲ့ ကုမ္ပဏီခွဲ စင်ထရယ် မားကက်တင်း က ဖြန့်ချီရောင်းချခြင်း ဖြစ်ပြီး ရောင်းဈေး အက်ဖ်အီးစီ ၂၀သတ်မှတ်ထားပေမယ့် သုံးစွဲသူအများစုမှာတော့ တဆင့်ခံ ပြန်ရောင်းသူတွေဆီကပဲ ၀ယ်ယူကြရပါတယ်။ ပြင်ပပေါက်ဈေး တကဒ်ကို ၂သောင်း ၄ထောင်မှ ယခုလအတွင်း ၂သောင်း ၈ထောင်ကျော်ထိ မြင့်တက်လာပါတယ်။ တလမပြည့်မီ ပြောဆိုခကုန်သွားခဲ့ရင် ထပ်မံဖြည့်သွင်းလို့မရပဲ စာတိုပို့စနစ်သာ လက်ခံနိုင်ပါတော့တယ်။
ကျပ်သိန်းဆယ်ဂဏန်းနဲ့ ချီတဲ့မိုဘိုင်းဖုန်းကို ပေးမ၀ယ်တဲ့သူများ အနေနဲ့ ကျပ်ငွေ ၂သောင်းကျော်နဲ့ မိုဘိုင်းဖုန်း တလုံး တလခန့်ကိုင်နိုင်လို့ သုံးစွဲကြတာမျိုးလည်း တွေ့ရပါတယ်။
ဒဗလျူစီဒီအမ်အေ ဖုန်း WCDMA
တနည်းအားဖြင့် သရီးဂျီနက်ဝေါ့ခ် လို့လည်း ခေါ်ဆိုတဲ့ ဒဗလျူစီဒီအမ်အေဖုန်း ကိုလွန်ခဲ့တဲ့ နှစ်နှစ်ခန့်က စတင်မိတ်ဆက် ခဲ့ပါတယ်။ ရန်ကုန်မြို့တွင်း ၆မြို့နယ်မှာသာ သုံးစွဲနိုင်ပြီး အလုံးရေ ထောင်ဂဏန်း ၀န်းကျင်သာ ငှားရမ်းပေးတာပါ။
သိရှိရသလောက်ဆိုရင် တရုတ်နိုင်ငံ ဆက်သွယ်ရေး ကုမ္ပဏီ တခုက နအဖ အစိုးရကို အဆိုပါနက်ဝေါ့ခ်နဲ့ ပတ်သက်လို့ နမူနာအဖြစ် ပေးတဲ့ ပစ္စည်း ကိရိယာတွေကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တပ်ဆင်ပြီး ဖုန်းသုံးစွဲသူတွေကို ရောင်းစားလိုက်တာ လို့ဆက်သွယ်ရေး အရာရှိတဦးက ဆိုပါတယ်။ အဆိုပါ စနစ်နဲ့ ပတ်သက်တဲ့ အလားတူ ပစ္စည်းတွေလည်း မ၀ယ်ယူတော့ပဲ စကားပြောစဉ် တဖက်က အရုပ်ကို တဖက်က မြင်နိုင်တယ် ဆိုပြီး ဒဗလျူ စီဒီအမ်အေ ကိုကြေငြာခဲ့ပါတယ်။
လက်တွေ့မှာ ရန်ကုန်မြို့တွင်း ၆မြို့နယ်မှာသာ ဒဗလျူစီဒီအမ်အေ စနစ်နဲ့ သွားပြီး ထိုမြို့နယ်များ ကျော်လွန်သွားခဲ့ရင်တော့ ရိုးရိုး ဂျီအက်စ်အမ် ဖုန်းလိုပဲ သုံးစွဲနိုင်တော့မှာပါ။ ပြောဆိုခ ဂျီအက်စ်အမ် ဖုန်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အပြင်ဈေးကွက်မှ ဖုန်းတန်ဖိုးလည်း ဂျီအက်စ်အမ်ထက် အနည်းငယ်မျှသာ ဈေးပိုတာကို တွေ့ရပါတယ်။
၅သိန်းတန် ၄၅၀ မီဂါဟဇ် စီဒီအမ်အေ
နေပြည်တော်မှ ပထမဆုံးခွင့်ပြုတဲ့ ကမ်းရိုးတန်းစနစ်သုံး စီဒီအမ်အေဖုန်းနဲ့ စနစ်လည်းတူ ပြောဆိုခလည်းတူပါတယ်။ သို့ပေမယ့် သုံးစွဲနိုင်တဲ့ ဧရိယာမှာတော့ ကမ်းရိုးတန်းဖုန်းလို တနိုင်ငံလုံး မဟုတ်ပဲ နေပြည်တော် ဧရိယာအတွင်း ကန့်သတ်ထားရှိတာ ကိုတွေ့ရပါတယ်။ ပြောဆိုခ ကမ်းရိုးတန်း ဖုန်းနဲ့ အတူတူဖြစ်ပြီး နီးနီးဝေးဝေး တမိနစ် ၅၀ကျပ် ဖြစ်ပါတယ်။
၅သိန်းတန် ၈၀၀ မီဂါဟဇ် စီဒီအမ်အေဖုန်း
ယခုနှစ်ဆန်း မှာ မန္တလေးမြို့မှာ ပထမဦးဆုံးစတင် ငှားရမ်းပေးပြီး နောက်ရန်ကုန်မှာပါ ငှားရမ်းပေးနေတဲ့ ဖုန်းအမျိုးအစားပါ။ ယခင်ခြင်းဖုန်း၊ စီဒီအမ်အေ မိုဘိုင်းဖုန်းတွေနဲ့ နည်းပညာ စနစ်ခြင်းအတူတူ ဖြစ်သော်လည်း ၅သိန်းတန်ဖုန်းတွေကို ကဒ်စနစ်နဲ့ ပြုလုပ်ထားပြီး ကျပ်၅သိန်းပေးသွင်း ရင်ဆင်းကဒ် တကဒ်သာ ထုတ်ပေးပြီး ဖုန်းအထိုင်သို့မဟုတ် လက်ကိုင်ဖုန်းကို မိမိဘာသာ ၀ယ်ယူရပါတယ်။
ထူးခြားတာက ပြောဆိုခကို ကြိုတင်ငွေပေးကဒ် စနစ်နဲ့သာ ထည့်သွင်းဖို့ ပြုလုပ်ထားပြီး ကျပ် ၁၊ ၂၊ ၃သောင်းနဲ့ အက်ဖ်အီးစီ ကြိုတင်ငွေပေးကဒ် တွေဝယ်ပြီးဖြည့်သွင်းမှ ဖုန်းဆက်သွယ်လို့ ရမှာ ဖြစ်ပါတယ်။ ပြောဆိုခ တမိနစ် ၅၀ကျပ် ပဲဖြစ်ပါတယ်။ ပြည်ပပြောဆိုခကိုတော့ အက်ဖ်အီးစီ ကြိုတင်ငွေဖြည့်ကဒ် ဖြည့်သွင်းထားမှ ဆက်သွယ်နိုင်မှာပါ။
ရန်ကုန်မြို့မှာတင် အလုံးရေ ၁သိန်း အငှားချပေးမယ်လို့ ထုတ်ပြန်ပြောဆိုချက် များအရ သိရပါတယ်။ အစိုးရနဲ့ နီးစပ်တဲ့ ထူးကုမ္ပဏီရဲ့ ကုမ္ပဏီခွဲ များကပဲ ဟန်းဆက်ရောင်းချခြင်း ကဒ်ရောင်းချခြင်းတို့ လုပ်ဆောင်နေတာပါ။ ရန်ကုန်အတွက်တော့ ၇၃….နဲ့ စတင်ပြီး ဂဏန်း ၈လုံးပါရှိတဲ့ နံပါတ်တွေကို သုံးစွဲပါတယ်။
ပြောဆိုခနှုန်းထားကတော့ ပြည်တွင်း ခေါ်ဆိုမှုအတွက် တမိနစ် ကျပ် ၅၀ ပုံသေဖြစ်ပါတယ်။
ယခင်ကထက် ဈေးလျော့လာပေမယ့် နိုင်ငံတကာနဲ့ ယှဉ်ရင် မယှဉ်နိုင်အောင် မြင့်လျက်ရှိနေ
မြန်မာပြည်မှာ ဒီလောက်တောင် များပြားလှတဲ့ ဖုန်းစနစ်တွေ အမျိုးအစားတွေနဲ့ သုံးစွဲသူတွေအတွက် ရွေးချယ်ရ ခက်ခဲလျက်ရှိ ပါတယ်။ နှစ်ကာလ ကြာရှည်စွာ တယ်လီဖုန်းဆိုတာ ပိုင်ဆိုင်မှု တခု၊ ရောင်းချလို့ရတဲ့ အရာတခု၊ သက်ဆိုင်ရာ အစိုးရထံမှ ၀ယ်ယူခွင့်ရရင် အခွင့်အရေး တရပ်အဖြစ်နဲ့ စွဲမြဲမှတ်ယူလာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၁၀စုနစ် တခုလုံးလည်း မိုဘိုင်းဖုန်း တလုံးကို သုံးစွဲနိုင်ဖို့ ၀ယ်ခွင့်ရသူကို သိန်းဆယ်ဂဏန်းနဲ့ ချီပြီး အကျိုးအမြတ်တွေ ပေးခဲ့ရပါတယ်။ ယခုတလောမှာ မြို့နယ်တခုတွင်း ပြောဆိုသုံးစွဲနိုင်တဲ့ ၈၀၀ စီဒီအမ်အေ ဖုန်းတွေကို ကျပ်၅သိန်းနဲ့ ရောင်းပေးမယ် ဆိုတာကြောင့် ဒါဟာ အခွင့်အလမ်းတရပ်လားလို့ ထင်မြင်သူက ထင်မြင်နေကြပါသေးတယ်။
သို့ပေမယ်လို့ ဖုန်းအတွက် ကားအတွက် မြန်မာပြည်သူပြည်သားတွေ ရင်းနှီးပေးဆပ်ရတဲ့ ငွေပမာဏများပြားလွန်းလှပြီး နောက်ထပ် ၀ယ်အား မရှိကြတော့ပါဘူး။ ဒိထက်ထပ်ကျ နိုင်သေးတယ်လို့လည်း ယူဆလာကြပါပြီ။ နကိုက ၁၇သိန်း၊ သိန်း ၂၀တန် တပြည်လုံးသုံး နိုင်တဲ့ မိုဘိုင်းဖုန်း ဈေးလည်း ပြုတ်ကျလာပါတယ်။
ထိုင်းနိုင်ငံမှာ ဆင်းကဒ် တကဒ်ကို ၂၅ ဘတ် (၇၅၀ ကျပ်)သာပေးရပြီး တမိနစ် ပြောဆိုခဟာလည်း တဘတ်(ကျပ် ၃၀သာသာ) ပဲရှိတာမို့ မြန်မာနိုင်ငံမှာတော့ အနိမ့်ဆုံး ကျပ်ငါးသိန်း ရှိပါသေးတယ်။ အဆ ၇၀၀ နီးနီး ကွာခြားနေပါသေးတယ်။ ဖုန်းပြောခမှာလည်း မြန်မာနိုင်ငံက ထိုင်းနိုင်ငံထက် မြင့်နေပါတယ်။ အဲဒီအချက်တွေဟာ ဘယ်အချက်မှာ အခြေခံလည်းဆိုရင် လွတ်လပ်စွာ ပြိုင်ဆိုင်လုပ်ကိုင်ခွင့် မရှိတဲ့ အချက်မှာပါ။
မိုဘိုင်း ဆက်သွယ်ရေးကို နအဖ အစိုးရက နီးစပ်ရာ ကုမ္ပဏီကြီး တခုနှစ်ခုကိုပဲ လုပ်ပိုင်ခွင့်ပေးပြီး သုံးစွဲသူအများဆီက အကျိုးအမြတ်များ ညှစ်ယူနေတဲ့ သဘောထား ကြောင့်လည်းသုံးစွဲသူတွေမှာ ရွေးစရာ လမ်းမရှိဖြစ်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။