
ကျွံနစ်နေတဲ့ လှည်းတစီး
စိုးနေလင်း
post by Saturday, October 17, 2009
ခုကျနော်တို့ရဲ့ကိစ္စက မြန်မာနိုင်ငံက ပြည်သူလူထု တရပ်လုံးနဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတရပ်လုံးအတွက် စစ်အာဏာရှင် စနစ် အမြစ်ပြတ်ဖယ်ရှားရေး ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေး တော်လှန်ရေးဖြစ်ပြီး ခု နိုင်ငံကို အာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့ စစ်အာဏာရှင် အစိုးရအတွက်ကတော့ တရာဝင်စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်အာဏာကို ရေရှည်ထိန်းချုပ်ထားဖို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပြည်သူလူထုရဲ့ ဆန္ဒ၊ ပြည်သူလူထုရဲ့ တကယ့်သဘောထားကတော့ စစ်အာဏာရှင်စနစ် စစ်တပ်အုပ်ချုပ်ရေးကနေ အခြေခံလူ့အခွင့်အရေးကို အပြည့်အဝအာမခံနိုင်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးဖြစ်ပြီး ဒါကိုလည်း ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုက ရေစီရွေးကောက်ပွဲကြီးမှာ ပေါ်လွင်ထင်ရှားပြသခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ကတိဖျက် အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆန်ပြီး စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားနေ တာကတော့ စစ်အစိုးရပဲဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင် အစိုးရနဲ့ ပြည်သူလူထုကြီးကြားမှာ ဖြစ်နေတဲ့ ဖြေရှင်းလို့မရသေးတဲ့ ပဋ္ဋိ ပက္ခပဲ ဖြစ်ပါတယ်။
အကျိုးစီးပွား စီးဆင်းမှုအရ ပြည်သူလူထုတရပ်လုံးဆီကို စီးဆင်းမှုနဲ့ စစ်အာဏာရှင်အုပ်စု လူနည်းစုကလေးနဲ့ သူတို့မိသားစု ဆွေမျိုး သားချင်း၊ အလိုတော်ရိတွေဆီကိုပဲ အကျိုးစီးပွားစီးဆင်းမှုရဲ့ ပဋ္ဋိပက္ခဖြစ်သလို အခွင့်ထူးခံ စစ်ဗိုလ်ချုပ်တွေ၊ မိုသားစု ဆွေမျိုးသားချင်း တွေ အလိုတော်ရိတွေနဲ့ လုံးဝအခွင့်အရေးကင်းမဲ့နေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကြီးတရပ်လုံးရဲ့ ပဋ္ဋိပက္ခလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ အနေနဲ့ကတော့ တချို့နိုင်ငံတွေကလွဲလို့ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် တခြားနိုင်ငံအများစုကတော့ အာ ဏာရှင်တွေ ချပေးချပြထားတဲ့ လမ်းညွှန်မြေပုံအတိုင်းရေးဆွဲပြီး အတင်းအတည်ပြု ပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒနဲ့ ကျင်းပပေးမယ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကြီးအတိုင်း အရေခြုံ စစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်မယ့် အသွင်ပြောင်းစစ်အစိုးရအဖွဲ့ကို လက်ခံ သဘောတူမယ်။ ဒါပါပဲ။
စစ်အစိုးရကတော့ သူတို့ စနစ်တကျ စီစဉ်အကွက်ချထားတဲ့အတိုင်း သုံးလို့ရနိုင်သမျှ ကောက်ကျစ်စဉ်းလဲ လိမ်ညာလှည့်စားမှုမျိုးစုံ၊ ကမ်းအကုန်ဆုံး ရက်စက်ကြမ်းတမ်းတဲ့ ဖိနှိပ်မှုမျိုးစုံကို အသုံးပြုပြီး (၂၀၁၀) အလွန်မှာ တရားဝင် စစ်အာဏာရှင်စနစ် တည်ဆောက် သွားမှာပဲ ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ် နီးကပ်လာတာနဲ့အမျှ စစ်အစိုးရရဲ့ ရွေးကောက်ပွဲသည်သာ တခုတည်းသောအဖြေ၊ တခုတည်းသောရွေးချယ်စရာ အခွင့် အလမ်းဆိုပြီး အရိုးအရင်းရမယ့် အာဏာကလေးတွေကို ကိုင်စွဲပြီး ဒီမိုကရေစီနိုင်ငံသစ်ကြီး တည်ဆောက်အံ့ ဆိုတဲ့သူတွေလည်း အလျှို အလျှိုပေါ်ထွက်ပြင်ဆင်လာကြတာ တွေ့နေရပါပြီ။
ဒီထက် တိုတောင်းတဲ့အမြင်နဲ့ ကိုယ်ကျိုးစီးပွားဗဟိုပြု အာဏာယူချင်တဲ့ သူတွေကိုလည်း တွေ့မြင်နေရပါပြီ။ ပြင်ဆင်စည်းရုံးမှုတွေကို လည်း လုပ်နေကြပြီ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေနဲ့ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ သူတို့တိုင်းပြည်တွေရဲ့ ကိုယ်စီကိုယ်စီ အကျိုးစီးပွားတွေအရ စစ်အစိုးရနဲ့ အဆင်ပြေချောမွေ့အောင် ဆက်ဆံမှာပဲဖြစ်ပါတယ်။ အလျော့အတင်း အပေးအယူလေးတွေလည်း လုပ်နေဦးမှာပါပဲ။
ဒီအချိန်မှာ အမေရိကန်နိုင်ငံလည်း အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးကို အပြောင်းအလဲလုပ်ပြီး စစ်အစိုးရကို ချဉ်းကပ်ဖို့ လုပ်လာတဲ့အတွက် ဒေသတွင်း သြဇာလွှမ်းမိုးမှုအရ အမေရိကန်နဲ့ တရုတ်တို့ကြားမှာ မျက်လုံးလှန်ကြည့်ရတာတွေ ရှိလာခဲ့ပါပြီ။
မြန်မာစစ်အာဏာရှင် အစိုးရကတော့ သူတို့အကျိုးစီးပွားအတွက် ဘယ်သူ့ကို ဘယ်လိုအပေးအယူ လုပ်ရမယ်ဆိုတာကို ဉာဏ်နီ ဉာဏ်နက်တွေ အမျိုးမျိုးနဲ့ အားထုတ်နေပါပြီ။ မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်တွေဟာ သူတို့ကိုဘာလုပ်ပါ၊ ဘယ်လိုလုပ်ပါဆိုပြီး အမိန့် ပေး စေခိုင်းတာမျိုးကိုတော့ နာခံလုပ်ဆောင်ပေးတာမျိုး မတွေ့ရပါဘူး။
ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးနဲ့ တာဝန်ရှိသူတွေရဲ့ မေတ္တာရပ်ခံ ပြောဆိုတိုက်တွန်းမှုတွေ၊ အဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကိုလည်း လက်ခံ လိုက်နာ ဆောင်ရွက်တာမျိုး မရှိခဲ့ပါဘူး။ သူတို့လုပ်ချင်ရာ သူတို့စနစ်တကျ စီမံထားတာတွေကိုသာ ဘယ်သူလက်ခံ၊ လက်မခံ အရေး တယူလုပ်မနေဘဲ ဇွတ်တိုး လုပ်ခဲ့တာတွေကိုသာ တွေ့ရပါတယ်။
ကျနော်အရင် ရေးသားဖော်ပြခဲ့ဖူးသလို မြန်မာစစ်အာဏာရှင်တွေဟာ သူတို့ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အိမ်နီးချင်း နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ အနောက်နဲ့ ဥရောပနိုင်ငံတွေက သူတို့ကိုလာပြီး ဆက်ဆံမှာပဲလို့ ယုံကြည်ထားသလို၊ ကုလသမဂ္ဂ အဖွဲ့ အစည်းကြီး အပါအဝင်တခြား ဘယ်နိုင်ငံကမှ သူတို့ကိုအင်အားသုံးပြီး အာဏာကုလားထိုင်က ဆွဲချလို့ မရနိုင်ဘူးလို့လည်း အခိုင်အ မာ ယုံကြည်ထားကြပါတယ်။
အခုဆိုရင် သူတို့နဲ့ အပစ်ရပ်ငြိမ်းချမ်းရေးယူထားပြီး သူတို့စေခိုင်းတဲ့အတိုင်း နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပေးဖို့ သဘော မတူ၊ ကလန်ကဆန်လုပ်ခဲ့တဲ့ ကိုးကန့်အဖွဲ့ကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ဖြေရှင်းပြခဲ့ပါပြီ။ သူတို့လိုပဲ သဘောမတူဆန့်ကျင်ကြ တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) တို့ဟာလည်း ကိုးကန့်အဖွဲ့ရဲ့ ကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရစရာ အခြေအနေရှိနေပြီလို့ ခန့်မှန်းရပါတယ်။
စစ်အာဏာရှင် အစိုးရကတော့ သူတို့ရဲ့ကြီးမားတဲ့ အင်အားကိုအသုံးပြုပြီး အပစ်ရပ်အဖွဲ့တွေကို သူတို့ခိုင်းတဲ့အတိုင်း လုပ်လာအောင် အတင်းတွန်းလုပ်မှာပါပဲ။ အဲဒီအတွက် မြန်မာပြည်မြောက်ပိုင်း နယ်နိမိတ်ဒေသတွေမှာ နောက်ထပ်ပစ်ခတ် တိုက်ခိုက်မှုတွေ ပေါ်လာ စရာ အကြောင်းရှိပါတယ်။
စစ်အစိုးရနဲ့ အပစ်ရပ်ငြိမ်းချမ်းရေး မယူထားဘဲ ဆန့်ကျင်ခုခံ တိုက်ခိုက်နေတဲ့ (KNU) နဲ့ ထိုင်းနယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ ဟာလည်း ဆက်လက်ပြင်းထန်လာစရာ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရရဲ့ (၂၀၁၀) ခုနှစ်မှာ ကျင်းပမယ့် ရုပ်ပြရွေး ကောက်ပွဲကို အဟန့်အတား အနှောင့်အယှက်ဖြစ်စရာ အဆင့်အထိ ရောက်မလာနိုင်အောင်တော့ စစ်အစိုးရက ကောင်းကောင်း ထိမ်း ချုပ်ထား နိုင်ပါတယ်။
နောက်ဆုံး ရွှေဂုံတိုင်ကြေငြာချက် အပါအဝင် အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က တင်ပြတိုက်တွန်း တောင်းဆိုထားတာတွေကိုလည်း စစ် အစိုးရကတော့ ခုအခြေအနေတိုင်းဆိုရင် လိုက်လျောစရာ မရှိဘူးလို့ ယူဆရပါတယ်။ ၂၀၁၀ ခုနှစ်မတိုင်ခင်မှာ စစ်အစိုးရကို မလိုလား တဲ့ ပြည်သူလူထုရဲ့ ကြီးမားတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုကြီးတွေ ပေါ်ပေါက်လာ အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ပြည်တွင်းပြည်ပ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေက စွမ်းဆောင်နိုင်မယ် ဆိုရင်တော့ စစ်အစိုးရဟာ သူတို့ရဲ့ ရက်တည်ချက်ကို မလွှဲမရှောင်သာ ပြန်လည် စဉ်းစားရပါလိမ့်မယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမားပြင်းထန်တဲ့ လူထုလှုပ်ရှားမှုကြီးကို ဖော်ဆောင်နိုင် လမ်းပြနိုင်ပြီဆိုရင်တော့ စစ်အာဏာရှင် အစိုးရကို ဆွေးနွေးပွဲစားပွဲရောက်အောင် ခေါ်ဆောင်လာနိုင်စရာ၊ ပြည်သူလူထုရဲ့ လိုလားချက်တွေကို တောင်းဆိုလို့ ရလာနိုင်စရာ အကြောင်းရှိပါတယ်။
ပြည်ပအတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ အနေနဲ့ကတော့ စစ်အစိုးရ ခင်းပေးထားတဲ့လမ်းအတိုင်း လိုက်ရုံကလွဲပြီး တခြားလမ်း မ ရှိဘူးလို့ ယူဆယုံကြသူတွေကလွဲလို့ ဆရာကြီးဦးဝင်းတင်ပြောသလို လူထုအတွက် မလိုအပ်တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို တ ညီတညွတ်တည်း ဆန့်ကျင် တိုက်ဖျက်နိုင်အောင် ကြိုးစားဖို့ လိုပါလိမ့်မယ်။
နိုးကြားတက်ကြွတဲ့ ဒီမိုကရေစီိချစ်မြတ်နိုးသူ ပြည်သူလူထုတွေရဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှုကို ရယူပြီး မြန်မာနိုင်ငံ ပြည်သူလူထုကြီး တရပ်လုံးကို စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြဖို့ စည်းရုံးလှုံ့ဆော် ဦး ဆောင် လမ်းညွှန်နိုင်ဖို့ ကြိုးစားကြရပါလိမ့်မယ်။
စစ်အစိုးရဟာ ဘယ်လိုအစိုးရဖြစ်ပြီး ဘယ်လမ်းကို လျှောက်နေတယ် ဆိုတာကတော့ အားလုံးမြင်သာ ထင်ရှားရှိပြီး ဖြစ်တယ်လို့ ဆိုရ ပါလိမ့်မယ်။ ပြည်တွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါဝင် တခြားနိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီ မဟုတ် တဲ့အုပ်စုတွေ၊ တသီးပုဂ္ဂလ နိုင်ငံရေးသမားတွေနဲ့ ပြည်ပက အတိုက်အခံ ဒီမိုကရစီအင်အားစုတွေ ဆိုရင်လည်း ခုချိန်မှာ ညီိအကို မ သိတသိဆိုတဲ့ အဆင့်ကိုတော့ ကျော်လွန်ပြီလို့ ယူဆပါတယ်။
ဘုံအနိမ့်ဆုံး လုပ်ငန်းစဉ် တူညီကြသူတွေ၊ အင်အားစုတွေအနေနဲ့ လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ၊ တညီတညွတ် တည်း ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း စွမ်းစွမ်းတမံ လျှင်လျှင်မြန်မြန် လှုပ်ရှားဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။ အရေးကြီးတဲ့ မီးနီပြ နေတဲ့ အချိန်ဖြစ်တဲ့အတွက် အရင်က လုပ်ကိုင်နေတဲ့ ပုံစံဟောင်းအတိုင်း လက်တွေ့လုပ်ကိုင်လှုပ်ရှား နိုင်စွမ်းမရှိတဲ့ တပ်ပေါင်းစုမျိုး တွေဖွဲ့စည်း၊ အလုပ်ပြရုံ လှုပ်ရှားနေကြလို့ကတော့ မဖြစ်ပါဘူး။ လက်တွေ့လှုပ်ရှားမှုပါတဲ့ လုပ်ငန်းစဉ်တခု အောက်မှာ ထိရောက်သွက် လက် လျှင်မြန်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြမှ ဖြစ်ပါလိမ့်မယ်။
နောက်တချက်က ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှု၊ အားပေးကူညီ ထောက်ပံ့မှုတွေကိုတော့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် အရေးပါတဲ့အချက်တခုအဖြစ် လက်ခံ မစဉ်းစားမိဖို့ အရေး ကြီးပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူလူထု အမှန်တကယ် လိုလားတဲ့ စစ်မှန်တဲ့ အဓိကအပြောင်းအလဲကို ပြဌာန်းနိုင်တာဟာ မြန်မာနိုင်ငံအတွင်းက ပြည်သူလူထုကြီး တရပ်လုံးရဲ့ လူထုလူပ်ရှားမှုသာ ဖြစ်တယ်ဆိုတာကို မမှိတ်မသုန် ယုံကြည်ထားကြရပါလိမ့်မယ်။
ဟို လွန်ခဲ့တဲ့ နှစ်ပေါင်းအတော်ကြာက သူငယ်တန်း မြန်မာဖတ်စာမှာ ပါဝင်ပြီး ကလေးတွေရွတ်ဆိုလေ့ရှိကြတဲ့ …
ဇွန်ပန်းရုံအနီး၊
နွံထဲ၌၊ လှည်းဘီးကျွံနေသည်။
ကူ၍ တွန်းပေးကြပါ
လေးလွန်း၍ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။
ဆိုတဲ့ သင်ခန်းစာ စာပိုဒ်လေးကို အသုံးချဖို့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။
စိုးနေလင်း
(လူ့ဘောင်သစ် ဂျာနယ် အမှတ် ၈၊ အောက်တိုဘာလ ၂၀၀၉)