အနှစ် ၄၀ ပြည့်မြောက် ၀က်ဘ်(Web) ခေါ် ဆက်သွယ်ရေး နည်းပညာကွန်ယက်

-မြတ်စိုး-
၁၀.၂၉.၂၀၀၉
ဗီယက်နမ်စစ်ပွဲ အပြင်းထန်ဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ၁၉၆၉ ခုနှစ်ဟာ အမေရိကန် နိုင်ငံရဲ့ ထူးခြားတဲ့ နှစ်၊ တီထွင်မှုဆိုင်ရာတွေနဲ့ အလုပ်များခဲ့တဲ့နှစ် တနှစ်ဖြစ်ခဲ့ တယ်လို့ ဆိုရင်မမှားပါဘူး။ ဒီ ထူးခြားတဲ့ နှစ်မှာ အမေရိကန်နိုင်ငံ သားတွေဟာ တချို့ နယ်ပယ်တွေမှာ ရှေ့ဆောင်ပုဂ္ဂိုလ်များအဖြစ် အောင်မြင်မှုတွေ ကို ရရှိခဲ့ကြတယ်။ အာကာသ နဲ့ သိပ္ပံ လောက မှာ လူသားတွေဟာ လ ကမ္ဘာ ကို ခြေချနိုင် အောင် အပိုလို လို့ ခေါ်တဲ့ အာကာသ လေ့လာစူးဆန်းရေးစီမံကိန်းတွေ ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ ကြတယ်။ လူသားတွေ စီးနင်းလိုက်ပါ သွားခဲ့တဲ့ အပိုလို ၁၁ ၊ အပိုလို ၁၂ အာကာသ ယာဉ်တွေ ဟာလည်း လ မှ ကမ္ဘာ့မြေပြင်သို့ ချော်မွေ့စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့တယ်။ အမေရိကန် ယဉ်ကျေးမှု အနုပညာလောကပိုင်း မှာလည်း အထင်ရှားဆုံးသော Woodstock ရော့ခ်တေးဂီတ ပွဲ တော် ကြီးကို နယူးယောက်မြို့ မှာ ၃ ရက် တိုင်တိုင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး၊ အမေရိကန် ရော့ခ်တေးဂီတ အဆိုတော်များ၊ တီးခတ်သူများ ဟာ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် စုံစုံညီညီ ပါဝင်ဆင်နွဲခဲ့ကြတယ်။
ဒီ ထူးခြားမှုတွေနဲ့ အတူ လူသားတွေ အတွက် အကျိုးပြုစေမဲ့ နည်းပညာတစ်ခု ဟာ လည်း ၁၉၆၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြတယ်။ ဒီနေ့ ဆိုရင် လူ သားတွေကို အကျိုးပြုစေခဲ့တဲ့ ဒီ နည်းပညာ ဟာ အနှစ် ၄၀ ထဲကို ရောက်ရှိလို့ လာပါပြီ။
ဒီ သိပ္ပံနှင့်နည်းပညာဆိုင်ရာ နည်းပညာက တော့ ယနေ့ ကမ္ဘာ မှာ လူဦးရေ ဘီလီယံ နဲ့ ချီ အသုံးပြုနေကြတဲ့ ကွန်ပြူတာ ကိရိယာ ကို အခြေခံ သုံးစွဲတဲ့ ဆက်သွယ်ရေး နည်းပညာ ကွန်ယက် ( Web) ပဲဖြစ်ပါတယ်။ ကွန်ပြူတာ တစ်ခုနဲ့ တစ်ခု ဆက်သွယ်လို့ ရအောင် တီထွင် စမ်းသပ်နိုင်ခဲ့ကြတာပါ။
ဒီနည်းပညာကို တီထွင်ခဲ့ သူကတော့ ပါမောက္ခ လီယိုနက်ထ် ကလိုင်းရော့ခ် (Leonard Kleinrock) ဆိုသူ ဖြစ်ပါတယ်။ သူဟာ လော့စ်အိန်ဂျလီးစ် ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကွန်ပြူတာ ကိရိယာ ကို အခြေခံ သုံးစွဲတဲ့ ဆက်သွယ်ရေး နည်းပညာကွန်ယက် ကို သုတေသနပြုခဲ့တဲ့ ကွန်ပြူတာ နှင့် နည်းပညာဆိုင်ရာ သိပ္ပံပညာရှင် တစ်ဦး ဖြစ်ပါတယ်။ အခု သူဟာ အသက် ၇၉ နှစ်ထဲ ကို ရောက်ရှိနေပါပြီ။
တကယ်တော့ ပါမောက္ခ လီယိုနက်ထ် ကလိုင်းရော့ခ် ဟာ ဒီနည်းပညာ မှ တဆင့် အင်တာနက်ခေါ် ကွန်ပြူတာ ကွန်ယက် စံနစ် ကို ခေတ်မီစေရန် အစဉ်တစိုက် မွမ်းမံ သွားခဲ့ပြီး၊ သူ့ရဲ့ ဆက်လက် လေ့လာ သုတေသနပြုလုပ်မှု လုပ်ငန်းတွေကြောင့် ဒီနည်းပညာ ကို တီထွင်ခဲ့တဲ့ ရှေ့ဆောင် ပုဂ္ဂိုလ်တွေ လို့ ခေါ်ဝေါ် သတ်မှတ်ခဲ့ကြတယ်။ တချို့ သိပ္ပံပညာရှင် တွေက ဒီနည်းပညာကို အမေရိကန်စစ်တပ်မှာ သုံးစွဲခဲ့တာ သူ မတီထွင်ခင်ကတည်း က ဖြစ်တယ်လို့ ထောက်ပြကြတယ်။ တချို့ ကလည်း လူသားတွေကို လ ကမ္ဘာပေါ် ပို့ပေးနိုင်တဲ့ အပိုလို စီမံကိန်းမှာ ကတည်းက သိပ္ပံပညာရှင်တချို့ က တီထွင်ခဲ့တာလို့ ဆိုပြန်တယ်။ တကယ်တော့ ဘယ်သူက စပြီး တီထွင် သူလို့ အငြင်းပွား နေခြင်းထက်၊ ဘယ်လို ရည်ရွယ်ချက် တွေ နဲ့ သိပ္ပံပညာရှင်တွေက ထီထွင်ခဲ့သလဲ၊ ဘယ်လိုအကျိုးပြုအောင် ထပ်မံမွမ်းမံ ခဲ့သလဲဆိုတာ ကသာ စိတ်ဝင်တစားလေ့လာသင့်ပါတယ် လို့ နာဆာ သိပ္ပံ ပညာရှင်တွေက ထောက်ပြကြတယ်။
လူသားတွေဟာ ကွန်ပြူတာကို အခြေခံ သုံးစွဲတဲ့ အင်တာနက်ခေါ် ဆက်သွယ်ရေး နည်းပညာကွန်ယက် လက်တွေ့အသုံးပြုနေကြပေမဲ့၊ ဒီနည်းပညာအခြေခံ ကို တီထွင်ခဲ့တဲ့ ရှေ့ဆောင်ပုဂ္ဂိုလ်တွေကို တော့ သိရှိသူနည်းပါး နေပါတယ်။ ဒီနည်းပညာဟာ လူသားအားလုံး ကို အကျိုးပြု နေတာကြောင့် ယနေ့ခေတ်မှာ ဘာသာရေးကျင့်ကြံနေကြတဲ့ ပုဂ္ဂိုလ်တွေပင် အသုံးပြုလာကြတာတွေ့ရတယ်။ ဒီနည်းပညာဟာ သုတေသနလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ သတင်းနည်းပညာ၊ ဆက်သွယ်ရေး လုပ်ငန်း၊ သိပ္ပံ နှင့် ဆေး ပညာရပ်လောက နှင့် ပညာရပ်ဆိုင်ရာ နယ်ပယ် အသီးသီးတွေမှာပါ လူသားတွေကို အကျိုးပြုစေခဲ့တယ်။ လူသားတွေရဲ့ မွေးနေ့ပွဲတွေ ကို ကျင်းပနေကြပေမဲ့ ဘီလီယံနဲ့ ချီ လူသားတွေ ကို အကျိုးပြုစေခဲ့တဲ့ နည်းပညာသစ်တရပ် မွေးဖွားလာခဲ့ခြင်းကိုတော့ လူသားတွေ မေ့နေကြဟန်တူတယ်လို့ နာဆာ မှာ တာဝန်ထမ်းဆောင်နေတဲ့ သိပ္ပံပညာရှင် တစ်ဦးက ပြောဆိုခဲ့ဘူးတယ်။
အမှန်တကယ်ပဲ ဒီနည်းပညာသစ်ကြောင့် ကမ္ဘာကြီးမှာနေထိုင်ကြတဲ့ လူသားတွေဟာ နယ်ခြားမဲ့ နေထိုင်သူတွေဖြစ်လာကြတယ်။ ကမ္ဘာ့လူသားတွေဟာ ဗဟုသုတတွေ ပိုမိုလျင်မြန်စွာ ဆည်းပူးလာနိုင်ကြတယ်။ လူသားတွေရဲ့ စွမ်းအား၊ အင်အားတွေကို ကြီးမားလာစေခဲ့တယ်။ ကမ္ဘာကြီး အကြောင်း ကို ပိုမိုသိရှိလာကြတယ်။ ကမ္ဘာမှာ နေထိုင်ကြတဲ့ လူသားတွေဟာ ပိုမိုယဉ်ကျေးလာကြတယ်။ ပိုမိုချစ်ခင်လာကြတယ်။ ကမ္ဘာ့ကြီးဟာ သေး သထက် သေးလာတယ် လို့ ခံစားလာရတယ်။ မတရားမှုတွေ ကို ပိုမိုပြီး ထိထိရောက်ရောက် ဖော်ထုတ်နိုင် ခဲ့ကြတယ်။


လီယိုနက်ထ် ကလိုင်းရော့ခ် (Leonard Kleinrock)
မနေ့ က ကွန်ပြူတာကို အခြေခံ သုံးစွဲတဲ့ အင်တာနက်ခေါ် ဆက်သွယ်ရေး နည်းပညာကွန်ယက် တီထွင်မှု ကို ရှေ့ဆောင်မှုပြုခဲ့တဲ့ အသက် ၇၉ နှစ် အရွယ် လီယိုနက်ထ် ကလိုင်းရော့ခ် (Leonard Kleinrock) တယောက် လွန်ခဲ့တဲ့ အနှစ် ၄၀ က သူ့ရဲ့ လုပ်ဆောင်ချက်တွေကို CNN သတင်းမှာ ပြန်ပြောင်းပြောဆိုခဲ့တာ စိတ်ဝင်စားစွာ တွေ့ရှိခဲ့ရတယ်။ သူရဲ့ နောက်ထပ် တီထွင်နေမှုတွေကို လည်း အားတက်သရော ပြောဆိုနေသလို၊ ကွန်ပြူတာနဲ့ သက်ဆိုင်တဲ့ နည်းပညာသစ်တွေ အပေါ်လည်း သူ့ရဲ့ ထင်မြင်ချက်တွေကို သုံးသပ်တင်ပြ ဆွေးနွေး ထားတယ်။ စာဖတ်ပရိသတ်များ လေ့လာဖတ်ရှု့ နိုင်ရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားတဲ့ မှုရင်းကို ဝေမျှပေးလိုက် ပါတယ်။
{ http://www.cnn.com/2009/TECH/10/29/kleinrock.internet/index.html }