{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Saturday, June 20, 2009

" သင်မှာ မြန်မာပြည်အတွက် မိခင်နှင့်တူသေား မြင့်မြတ်တဲ့ စိတ် ရှိချင်ရင် ဒီစာလေးကိုဖတ်ကြည့်စေချင်ပါသည်။ "


***မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦး - ဒေါ်အောင်ဆန်းစုကြည်။***


* ဇွန်လ (၁၉) ရက်နေ့ တွင် ကျရောက်သည့် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အား အထူးဂုဏ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးရာဇ၀င် အတ္ထုပ္ပတ္တိအား အခြေခံ၍ အမည်မသိ စာရေးသူတစ်ဦးကနေ ပြန်လည်ခံစား ဖေါ်ကျူးရေးသားထားမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြတ်သန်းမှု ဓါတ်ပုံများဖြင့် တွဲဘက်ကာ ဖေါ်ပြအပ်ပါသည်။

* ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှတ်တမ်း။

* ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ။
ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်၊
ဩော် .... ဒီနေ့ ငါ့မွေးနေ့ပဲလေ (ဇွန်လ ၁၉ ၇က်) ....


* ငါ ဘာလုပ်ရင် ကောင်းမလဲ၊
ငါ့ ဘေးနားမှာ ငါ့ကို ချစ်တဲ့ ငါ့ ဖေဖေ မရှိတော့တာလည်း ကြာပါပြီ၊
ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့ မေမေ မျက်ကွယ်ပြုသွားခဲ့တာလည်း (၁၉) နှစ်တောင် ရှိရော့ပေါ့။
ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး၊
ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး၊
ငါ့မွေးနေ့မှာ ငါ့ရဲ့  အရင်းနှီးဆုံး သွေးသားရင်းချာတွေကို ငါ့နားမှာ ရှိစေချင်လိုက်တာ။


* ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ၊
ငါ့စိတ်ဓာတ်ကို မာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း
အခွင့်သာရင်တော့ ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ၊
အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်၊ ဘယ်တော့များမှ အခွင့်သာမှာလည်းဟင် ...


* တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ၊
လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထား အမှတ်ရနေပြီး အထူးတလည် ကျင်းပတတ်ကြတာပဲ၊
ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့။


* အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့ အတူတူ၊ အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ၊
အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအေးတို့နဲ့ အတူတူ၊
ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ၊
အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ။


* အို ...
ငါသိပ်လွမ်းတယ် သိလား ...
ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ ...
ငါ့ရဲ့ ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ၊
ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။


* အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့၊ မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့၊ မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့၊ ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
အိမ်မှာ လူတွေများလာလို့။


* အို … ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး၊ ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့ရဲ့  အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေ ၀ဲနေလို့ပါလား။

* ငါဘာမှနားမလည်ခဲ့ဘူး၊ အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်၊
ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့ ငါချစ်တဲ့ ငါ့ဖေဖေ
အဲဒီ့နေ့က ပြန်မလာခဲ့ဘူး၊ မျှော်ခဲ့လိုက်ရတာ ဖေဖေရယ် ..


* နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်၊
ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်၊
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်၊
အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်၊
ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး။ ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်။


* ဖေဖေရယ် .. ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင် ..
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ၊
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင် ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့  ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို လွှမ်းမိုးနေခဲ့တယ်။ ဖေဖေ တကယ် ပြန်မလာခဲ့တော့ဘူးနော် ..


* ၁၉၆၀ ခုနှစ်။

* မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်၊
အိမ်ကလူတွေကို ပစ္စည်းတွေ လိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်၊
ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့၊
မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့ ပြောတယ်၊
ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့၊
မေမေတို့ပြောင်းရတော့မယ် သမီးလေး ..


* ဘယ်ကိုလဲဟင်..
နယူးဒေလီကို
ဘယ်မှာလဲဟင်
နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့ ၊
မေမေက ဘာသွားလုပ်မှာလဲဟင်
ဩော် … မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်၊ မေမေအဲဒီ့မှာ သွားနေရမှာ၊ သမီးတို့လည်း
လိုက်ခဲ့ရမှာလေ။
သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ၊
သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့ … ခုဆို မေမေက အဲဒီ့နိုင်ငံကြီးနဲ့ ခု သမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ သွားပြောပေးရမှာလေ။
ဘာစကားတွေ ပြောရမှာလဲဟင် မေမေ၊
သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်၊ ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်လိုက်ဦးနော်၊ မနက်ဖြန်ညကျရင် မေမေ့ သားသမီးလေးတွေနဲ့ သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်၊ သမီးလေးကြိုက်တဲ့ မုန့်တွေ ၀ယ်ထားပေးမယ်။
ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို ပြေးဝင်ခဲ့တယ်။
မေမေက သိပ်တော်တာပဲနော်၊ ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်၊ မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်။
မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို စံနမူနာထားလို့ သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ။


* ၁၉၆၄ ခုနှစ်။

* ငါ ပျော်လိုက်တာ၊ အောက်စဖို့ဒ်တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်၊ ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်။ မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်။ I’m proud of you, honey! လို့ ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့ မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ။

* မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး။ ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်။

* အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်။ အမှတ်တရဓာတ်ပုံတွေ ရိုက်လို့ သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့ ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ။

* အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ။ လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်။ Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး စကားတစ်ခွန်းပြောတယ်။ I believe in you! တဲ့။ ငါကြက်သီးတွေတောင်ထသွားခဲ့တယ်။ မေမေ၀မ်းနည်းနေတာ ငါသိတယ်။ ဒါပေမယ့် မေမေ မငိုခဲ့ဘူး။

* လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်။ ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး။ ငါ့ကို ယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်၊ ၀င်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်၊ ဖတဆိုး သမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့ ငါ့ဘ၀ရဲ့  အောင်မြင်မှု ပထမခြေလှမ်းသစ်အတွက် ငါ ဂုဏ်ယူနေလို့ပါ၊ ငါ ပျော်နေလို့ပါ၊ ငါ ပီတိဖြစ်နေလို့ပါ။



* တက္ကသိုလ်မှာ ငါ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ ငါ့ရဲ့  Host Parents awGu Lord Gore-Booth တို့မိသားစုပဲ။ သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်။ သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ်အဲရစ်စ်ကို စတွေ့ပြီး ရင်းနှီးခဲ့ရတယ်။ သူက တိဗက်လူမျိုးတွေအကြောင်း လေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ။ တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့ ယောင်္ကျားကောင်းတစ်ယောက်ပါပဲ။

* ၁၉၆၉ ခုနှစ်။

* နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်။ ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့။ မသန်းအေးတို့အိမ်မှာ ငါနေခဲ့တယ်။ သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ။ အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်။ ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ။
မသန်းအေးက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်။ ငါအလုပ်ရခဲ့တယ်။
Administrative and Budgetary Questions rSm Assistant Secretary အဖြစ်နဲ့ပေါ့။


* ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်။ မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ။ ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer၀င်လုပ်ခဲ့တယ်။ ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့။ ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင် အချိန်ပေးခဲ့တယ်။ ငါ့ရဲ့ တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်။ နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က (၂) နှစ်ထဲရယ်ပါ။ ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်။

* ၁၉၇၂ ခုနှစ်။

* မိုက်ကယ်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ သူနဲ့အတူတူ ဘူတန်ကို ထွက်ခွာခဲ့တယ်။ မိုက်ကယ်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ Research Officer အဖြစ် ၀င်လုပ်ခဲ့တယ်။

* ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲဒီ့ အချိန်တွေကို ငါ အမြဲတမ်း သတိရနေမှာပါ။

* မိုက်ကယ်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreemrnt တစ်ခုတောင်းခဲ့တယ်။ ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့။ သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ။ ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား။ မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါတယ်။ မေမေကတော့ ထုံးစံအတိုင်းပဲပေါ့။ I trust you … တဲ့။ တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့ ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်တာဟာ ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ။ ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး။

* ၁၉၇၃ ခုနှစ်။

* အင်္ဂလန်ကို ငါပြန်လာခဲ့တယ်။ ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ် သိလား။ သားကြီး အဲလက်စ်ကို မွေးခဲ့တယ်။ ငါမိခင်တစ်ယောက် ဖြစ်ခဲ့ပြီပဲ။ အဲဒီ့နေ့က မေမေနဲ့ ငါ စကားအကြာကြီး ပြောဖြစ်တယ်။ မေမေရယ်လေ … ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး။ မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်။ ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်။ မိုက်ကယ်လည်း ငါ့ဘေးနားမှာ ရှိနေခဲ့တယ်။

* ၁၉၇၄ ခုနှစ်။

* မိုက်ကယ်အလုပ်ရတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့  တိဗက်ဘာသာစကားဌာနမှာပေါ့။

* ၁၉၇၇ ခုနှစ်။

* သားငယ် ကင်မ်ကို မွေးတယ်။ ငါ့ရဲ့ ဒုတိယသားလေးပေါ့။ ခုဆို ငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ။ ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး။ ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါ စာတွေရေးဖြစ်ခဲ့တယ်။ ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့။ မိုက်ကယ်ကိုလည်း သူလေ့လာနေတဲ့ JY Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်။

* ၁၉၈၅ ခုနှစ်။

* ကျိုတိုတက္ကသိုလ်မှာ Visitng Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ လုပ်ဆောင်ချက်တွေကို
စာတမ်းပြုစုခဲ့တယ်။ ငါ ကျေနပ်အားရ ဂုဏ်ယူမိပါတယ်။ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ။


* ၁၉၈၆ ခုနှစ်။

* ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်။ အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့။ ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်။ ကြည်နူးလိုက်တာ။ ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်။ မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်။ ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ။

* ၁၉၈၇ ခုနှစ်။

* ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်။ မိုက်ကယ်က စာတမ်းတွေ ပြုစုနေခဲ့တယ်။ အင်္ဂလန်ကိုလည်း ငါ ခဏပြန်ခဲ့သေးတယ်။ မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့။ စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်။

* ငါ့ရဲ့ Advanced Degree အတွက် Lodon School of Oriental and African studies မှာ စာရင်းပေးခဲ့တယ်။

* ၁၉၈၈ ခုနှစ်၊ မတ် (၃၁) ရက်နေ့ ။

* တယ်လီဖုန်းသံမြည်လာခဲ့တယ်။ ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်။ ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး၊ မေမေလေဖြတ်သွားတယ်တဲ့။

* နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်။ ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်။ မေမေရယ် … မှတ်တောင် မမှတ်မိတော့ဘူး။ မေမေ ခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ၊ ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ၊ တော်တော့ကို ပြောင်းလဲသွားခဲ့တာပဲနော်။

* ရန်ကုန်မြို့ကြီးမှာလည်း နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်။ အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်။ (၈) ရက်၊ (၈) လ၊ (၁၉၈၈) ခုနှစ်မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်။

* စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်။ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့။ တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်။ ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ် …

* စက်တင်ဘာ (၁၈) ရက် - စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့။ ငါ ဘာလုပ်ရမလဲ။ ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား၊ ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက် ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်။ ဒါပေမယ့် သေချာတယ်၊ ငါ လိပ်ပြာမလုံဘူး။ ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်။ သူတို့ကို ငါရှက်တယ်၊ ငါ မပြန်ဘူး။ ငါ ဒီမှာနေမယ်။ ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ။

* သူတို့ ငါ့ကို လိုအပ်နေပြီလို့ ငါ ခံစားရတယ်။ ဟုတ်တယ်၊ ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါ မျက်ကွယ်မပြုနိုင်ဘူး။ ငါဒီမှာနေမယ်၊ ငါ မပြန်တော့ဘူး။ ငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ငါ မြန်မာပြည်မှာနေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်။ လူတိုင်း ကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာ ဖန်တီးယူနိုင်အောင် ငါ ကြိုးစားမယ်။ ဟုတ်တယ်။

* NLD ကို စက်တင်ဘာ (၂၄) ရက်နေ့မှာ စတည်ထောင်တယ်။ အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါ ပါဝင်လှုပ်ရှားတယ်။ ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ။ ဒါကို ငါအသုံးချခဲ့တယ်။ စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက် အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်။

* ငါ့ကို အသေတောင် ပစ်သတ်တော့မလို့တဲ့။ သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ။ တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီး လှမ်းလျှောက်သွားခဲ့တယ်။ င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ။

* သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို လူထုကြီးက ဟေး …. ဆိုပြီး တခဲနက်အားပေးလိုက်ကြတာ၊ ငါ့မှာ ကြက်သီးတွေတောင် ထလို့။

* ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ (၂၇) ရက်။

* မေမေ ဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ။ ကောင်းရာသုဂတိလားပါစေ မေမေရယ်။ မေမေ့အသက် (၇၆) နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက် ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်။

* ၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ (၂) ရက်။

* မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်။ မေမေ့ကို မြင်စေချင်လိုက်တာ။ မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီး တိုင်တည်သစ္စာပြုခဲ့တယ်။ ဖေဖေနဲ့ မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး ဆောင်ရွက်ခဲ့ကြတယ်။ ဒီတာဝန်ကို ကျေပြွန်အောင် သမီး ဆက်လက်ထမ်းဆောင်ပါ့မယ်။ သမီးသေသည်ထိပေါ့။

* ငါ့ကို လိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်။ အရှက်မရှိလိုက်ကြတာလေ။ ငါတို့ လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်။ ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်။ ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်။

* အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ် ပြန်ချလိုက်နဲ့။ နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်။ ငါ့အပေါ် ရက်စက်လိုက်ကြတာ။ ကိုယ်ချင်းမစာလိုက်ကြတာ။ ပြောရက်လိုက်ကြတာ။ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ။ နိုင်ငံအပေါ် သစ္စာဖောက်သူတဲ့၊ လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့။ ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး။ ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်။ ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ။

* ငါ့ကို နိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့ ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်။ ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ။ မေမေဂုဏ်ယူပါတယ် သားကြီးရယ်။ မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ ခုချိန်ထိပဲလေ။

* မေမေက ကိုယ်ကျိုးရှာသူ ဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ။ သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာ မဟုတ်ပါဘူး။ သားတို့ကို သိပ်ချစ်တာပေါ့။ သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့။ ဒါပေမယ့်သားတို့ရယ်၊ သားတို့ကို ချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို မေမေ ပိုချစ်မိတယ်။ ဒါကို သားတို့ ခွင့်လွှတ်နားလည်ပေးကြပါနော်။ သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်။

* ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်။

* ရက်စက်လိုက်ကြတာကွယ်။ ရက်စက်လိုက်ကြတာ၊ မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး။ သတ်ဟေ့သတ်ဟ ချဟေ့ချဟ ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ။ အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေ လွှမ်းနေခဲ့တယ်။

* ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်။ သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ။ ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့ မေမေစု ဆုတောင်းပေးပါတယ်ကွယ်။ ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့။

* အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ။
ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာ စွန့်လွှတ်ခဲ့ရရှာပြီ။ ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း နွမ်းလျလှပါပြီ။ မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ။


* နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ။ ငါ့ ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ။ ငါ့အသက်လည်း ၆၄ နှစ်ထဲ ရောက်ခဲ့ပြီ။ ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ။

* ငါ့မှာတော့ ... ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့ .... ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့ …. သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ။

* ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်။ အပြင်မှာ နေခြည်တွေ ဖြာနေပြီနော်။
ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်။
ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...
ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...
ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ... တဲ့။


* ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး အခန်းပြတင်းကိုဖွင့်လိုက်တယ်။ ငါ့ကို စောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်။ မကြောက်ပါနဲ့ သားရယ်။ ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့ ငါ့ကို ဦးညွှတ်တယ်။ သား စာဆက်ကျက်ပါကွယ် .. စိတ်ကိုအေးအေးသာထားပါ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစား မဟုတ်ပါဘူး။ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက် အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ။

* ဒီသစ္စာစကားမှန်ရင် ငါချစ်တဲ့ မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို
ကြိုဆိုနိုင်ပါစေသား။ ငါရှင်သန်နေဦးမှာပါ။ မသေမချင်းပေါ့။


* နေရောင်ခြည်ရဲ့ နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်။ အရှင်ဘုရားရဲ့  မေတ္တာကရုဏာတော်အောက်မှာ ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား၊ မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား၊ ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား၊ မတရားမှုများ ဖယ်ခွာနိုင်ပါစေသား။

* ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည် … ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ ... အမျှ အမျှ အမျှ … သာဓု ... သာဓု ... သာဓု။


* (ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိ ကိုယ်ရေးရာဇ၀င် http://nobelprize.org/nobel_prizes/peace/laureates/1991/kyi-bio.html အား အခြေခံ၍ မြန်မာဘာသာဖြင့် ပြန်လည် ခံစားဖေါ်ကျူးရေးသားခဲ့သော မူလစာရေးသားသူအား အထူးကျေးဇူးတင်ရှိပါကြောင်း ဖေါ်ပြအပ်ပါသည်)။

Thursday, June 18, 2009

" တိုင်းပြည်အကျိုးမျှော် ဒေါ်အောင်ဆန်းစု့ ကြည် အသက်ရာကျော် ရှည်စေသော်ဝ် "


'' သံမဏိမြင့်မိုရ် ''


အမေဆိုတာ-အရာရာကို အခါခါလဲခွင့် လွှတ်တယ် ၊
အမေဆိုတာ-သမုဒယဆေးဖေါ် သမားတော်လည်း ဖြစ်နိုင်တယ် ၊
အမေဆိုတာ-သမုဒ္ဒရာကို ပြာကျအောင်လဲမီရှို့နိင်တယ် ၊
အမေဆိုတာ-လောကကျောင်းမှာ ခေါင်းလောင်းထိုးနိင်တဲ့ ကျောင်းအုပ်ကြီးလည်း ဖြစ်နိင်တယ် ။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူပြည်သားအားလုံး မဆလ တပါတီအာဏာရှင်စနစ်ကို အမြစ်ပါမကျန် တွန်းလှန်ဖြိုဖျက်ရန် ကြိုးပမ်းနေချိန် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်း မြန်မာ့နိုင်ငံရေးလောကသို့ အချိန်ကိုက် ၀င်ရောက်လာသည့် နိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပွားနေချိန် ၁၉၈၈ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးရောဂါကုသဆောင်ရှေ့ရှိ စာပေအနုပညာရှင်များ၏ တရားဟောစင်မြင့်ပေါ်၌ ဗွေဆော်ဦးမိန့်ခွန်း မြွက်ကြားခြင်း ဖြင့် မြန်မာ့နိုင်ငံရေးလောကသို့ စတင်ခြေချခဲ့သူဖြစ်သည်။ ထိုနေ့က သူမ၏ မိန့်ခွန်းတွင် “စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားမျိုးကို ကျမတို့ ထူထောင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထိုမှ နောက်တနေ့ ၁၉၈၈ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တွင် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်ရင်ပြင်၌ ကျင်းပသည့် (လူထုပရိသတ် သိန်းချီတက်ရောက်သည့်) လူထုအစည်းအဝေးပွဲကြီးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ ထိုလူထုအစည်းအဝေးကြီးတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမဖေဖေ ထူထောင်ခဲ့တဲ့ တပ်မတော်ဟာ ကျမတို့ပြည်သူလူထုဘက်က မားမားမတ်မတ် ရပ်တည်တဲ့ ပြည်သူ့တပ်မတော်အဖြစ် ကျမ မြင်ချင်ပါတယ်။ တပ်မတော်ဆိုတာ ပြည်သူလူထုကို စိတ်နဲ့တောင် မပြစ်မှားရပါဘူး” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းသော သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် တပ်မတော်သည် ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်မှ ယနေ့အထိတိုင် စစ်အာဏာရှင်အဆက်ဆက်၏ ကြိုးဆွဲရာ ကရသည့် ရုပ်သေးတပ်မတော်ဖြစ်ခဲ့ရပြီး ပြည်သူ့တပ်မတော်ဟူသည့် ဂုဏ်ပုဒ်နှင့် တဖြည်းဖြည်း ဝေးကွားခဲ့ရသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ရပေသည်။

စစ်အာဏာရှင် ဗိုလ်နေ၀င်းလက်ထက် (၂၆) နှစ်အတွင်း ဖြစ်ပွားခဲ့သည့် အရေးအခင်းအဆက်ဆက်တွင် တပ်မတော်ကို လိုရာကြိုးကိုင်၍ ကျောင်းသားပြည်သူများကို ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့သလို ၁၉၈၈ ခုနှစ် န၀တ စစ်အုပ်စု အာဏာသိမ်းချိန်မှ ယနေ့အထိလည်း လက်တဆုပ်စာ စစ်အုပ်စုက တပ်မတော်ကို ခါးပိုက်ဆောင်တပ် အသွင် ခုတုံးလုပ်အသုံးချပြီး အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူ အပေါင်းအား ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းခဲ့၊ နှိမ်နင်းဆဲဖြစ်သည်ကို တွေ့ရမည် ဖြစ်ပေသည်။

ထို့အပြင် တပ်မတော်ကို ကုပ်ခွစီးထားသည့် န၀တ/နအဖ စစ်အုပ်စုသည် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် လူထုဘက်က မားမားမတ်မတ် ရပ်တည်၍ ဦးဆောင်တိုက်ပွဲဝင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ချကာ ဖမ်းဆီးချုပ်နှောင်မှုများ ပြုလုပ်ခဲ့ပေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ် ဇူလိုင်လ (၂၀) ရက်မှ ၁၉၉၅ ခုနှစ် ဇူလိုင်လ (၁၀) ရက်အထိ တကြိမ်၊ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ (၂၃) ရက်မှ ၂၀၀၂ ခုနှစ် မေလ (၆) ရက်အထိ တကြိမ်နှင့် ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်မှ ယနေ့အထိတိုင်လည်း စစ်အုပ်စု၏ မတရားဖမ်းဆီး ထိန်းသိမ်းချုပ်နှောင်မှုကို ခံနေရဆဲဖြစ်သည်။

စစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အချုပ်အနှောင်မှ မလွှတ်ရဲဘဲ ဆက်လက် ဖမ်းဆီးထိန်းသိမ်း ထားခြင်းသည် နိုင်ငံတကာနှင့် လူထုထောက်ခံမှု တနေ့ထက်တနေ့ ပိုမိုရရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို လူထုနှင့် အဆက်ဖြတ်ရန် ကြံစည်လုပ်ဆောင်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်၊ နိုင်ငံရေးယုံကြည်ချက်၊ စိတ်ဓာတ်၊ ခံနိုင်ရည်စွမ်းအားတို့ မှေးမှိန်ကျဆင်း ပျောက်ကွယ်သွားစေရန် ကြိုးစားအားထုတ်ခြင်းဟုဆိုလျှင် မှားမည်မဟုတ်ပေ။

သို့သော် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ်မှာပင် သူမထူထောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် (၈၂) ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့၏။ အဆိုပါ ၁၉၉၀ ပြည့် အောင်ပွဲရလဒ်သည် ဒေါ်အောင်ဆန်းစုကြည်လှိုင်းလုံး တတိုင်းတပြည်လုံးသို့ ရိုက်ခတ်ခဲ့သည်ကို ပြဆိုခြင်းဖြစ်ပြီး တနည်းအားဖြင့် သူမ၏ အရှိန်အ၀ါ ကြီးမားမှုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရခြင်း ဖြစ်ပေသည်။

၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပဲရစ်ဒေကွေးလျားက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုသည်ကို စစ်အုပ်စုက “သူမအနေဖြင့် ခင်ပွန်းသည်၊ ကလေးများနှင့် အတူတူနေထိုင်ရန် ဆန္ဒရှိလျှင် လူသားချင်း စာနာထောက်ထားသောအားဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာခွင့်ပြုမည်” ဟု တုံ့ပြန်ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စု၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ကာ သူမ၏ ခင်ပွန်းသည် ကွယ်လွန်ချိန်၌ပင် အင်္ဂလန်သို့ မသွားဘဲ ဒီမိုကရေစီတိုက်ပွဲအပေါ် သစ္စာစောင့်သိမှုကို အထင်အရှား ပြသခဲ့သည်။

၁၉၉၁ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် နော်ဝေနိုင်ငံ နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့မှ ပထမအကြိမ် အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့လေသည်။ ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်လ်ဆုပေးအပ်ချီးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် တဦးဖြစ်သည့် ချက်သမ္မတဟောင်း ဗားကလပ်ဟာဗဲလ်က “လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာအတွက် စစ်အာဏာရှင် စနစ်အား ဆန့်ကျင်သည့် သူမ၏ တိုက်ပွဲကို ယခုအခါ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်” ဟု သူ၏ အမြင်သဘောထားကို ဒေါ်အောင်ဆန်းစုကြည်၏ ‘Freedom from Fear’ စာအုပ်အမှာစာတွင် ရေးသားခဲ့လေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ ပြန်လွှတ်ချိန် အခိုက်အတန့်များတွင်လည်း ပြည်သူလူထုကြီးက ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးသွားလေရာ၌ တခဲနက်လိုက်ပါ ထောက်ခံအားပေးသည်ကို တွေ့ရသည့်အတွက် စစ်အုပ်စုက အကြီးအကျယ် စိုးရိမ်ထိတ်လန့်ပြီး ဒီပဲယင်းအရေးအခင်းကို ဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ကြိုးစားခဲ့လေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် နောက်တွင်ရှိသည့် လူထုအင်အားကို စစ်အုပ်စု အကြီးအကျယ် ကြောက်ရွံ့နေမှန်း သိသာထင်ရှားလေသည်။ ထို့ကြောင့်လည်း ယနေ့အချိန်တွင် ယက်တောအမှုကို လုပ်ကြံဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးချုပ်နှောင်ဖို့ စစ်အုပ်စု ကလိန်ဉာဏ်ဆင်နေခြင်းဖြစ်၏။

သို့သော် စစ်အုပ်စုက သူမအပေါ် မည်သို့ ကောက်ကျစ်ကောက်ကျစ်၊ မည်သို့ အပုပ်ချ ပြောဆိုရေးသား ၀ါဒဖြန့်စေ ကာမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိုငြင်စိတ်လုံးဝမထားဘဲ မြန်မာပြည် အမျိုးသားပြည်လည်သင့်မြတ်ရေး အတွက် စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်။ ပြည်သူလူထုကို သွေးထွက်သံယို မဖြစ်စေဘဲ ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရန် စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲတလျှောက် ဘ၀ကို ပေးဆပ်မြှုပ်နှံမှု၊ လူထုနှင့် တသားတည်းရှိမှု၊ ဦးဆောင်စည်းရုံးနိုင်မှု၊ တိုက်ပွဲအပေါ် သစ္စာစောင့်သိမှု၊ ယုံကြည်ချက် ရပ်တည်ချက် ခိုင်မာမှု၊ အမြော်အမြင်ကြီးမှုတို့ကြောင့် ယခင်က ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် ၀န်လေးသူများပင် ယနေ့အချိန်အခါ၌ မြန်မာတနိုင်ငံလုံး၏ အရေးကိစ္စ ပြဿနာအ၀၀ကို ဦးဆောင်ဖြေရှင်းပေးနိုင် မည့် လူထုခေါင်းဆောင်အဖြစ် တညီတညွတ်တည်း လက်ခံယုံကြည်လာကြသည်ကို တွေ့ရပေသည်။ ဤသည်မှာ ရေရှည်တိုက်ပွဲအတွင်း အစမ်းသပ်ခံရင်း ထွက်ပေါ်လာသည့် အဖိုးမဖြတ်နိုင်သည့် ဆုလာဘ်ကြီးတခုကို မြန်မာပြည်သူလူထု ပိုင်ဆိုင်လိုက်ရခြင်းပင် ဖြစ်သည်။

ထိုသို့ ပေါ်တောင့်ပေါ်ခဲ၊ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက ယုံကြည်ကိုးစားသည့် လူထုခေါင်းဆောင်တဦး သက်ရှိထင်ရှားရှိနေဆဲ အချိန်အခိုက်အတန့်အတွင်း သူမအနေဖြင့် မြန်မာပြည် ငြိမ်းချမ်းသာယာဝပြောသည်အထိ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များတွင် ဦးဆောင်ပါဝင်နိုင်ဖို့ မျှော်လင့်တောင့်တမိပေသည်။ တနည်း အားဖြင့်ဆိုရလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူ တရပ်လုံး၏ မျှော်လင့်အားထားရာ ဖြစ်သည့် အားလျော်စွာ အသက်ရှည်ကျန်းမာစွာဖြင့် တိုင်းပြည်အကျိုး သယ်ပိုးနိုင်စေရေးအတွက် သူမ၏ (၆၄) နှစ်မြောက် မွေးနေ့အခါသမယတွင် “တိုင်းပြည်အကျိုးမျှော် ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော် ရှည်စေသော်ဝ်” ဟု ခေတ်ပြိုင်က ဆုတောင်းပတ္ထနာ ပြုလိုက်ရပါကြောင်း …။

Wednesday, June 10, 2009

"သမ္မတ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံကြိုဆိုရန် နိုင်ငံတကာ အသင့်ဖြစ်နေ"

အကယ်၍ ဒီမိုကရေစီ နိုင်ငံတခုမှာ ပြုလုပ်သော ရွေးကောက်ပွဲများ မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရှိမည် ဆိုပါက ပြည်သူအပေါင်းက သူတို့ခေါင်းဆောင် တင်ချင်နေကြသည့် ဒေါ်အောင်ဆန်း စုကြည်ကို သောင်းသောင်းဖြဖြ မဲပေးကြမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း တိုင်းပြည်ကို အုပ်ချုပ်ရန် အဆင်သင့်စောင့်ဆိုင်းနေသည့် သမ္မတလောင်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။

အကယ်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများသာ ဖြစ်ခဲ့ပါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သူဦးဆောင်သည့် ပါတီကို ပြည်သူအများက ခေါင်းဆောင်အဖြစ် ခွင့်ပြုဆန္ဒမဲပေးကြဦးမည်ပင် ဖြစ်သည်။


၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးခဲ့ကြရသည့် စစ်အစိုးရသည် လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် သူတို့ အာဏာဆက်လက် တည်မြဲစေရေးအတွက် ဖြစ်သမျှညစ်နည်းပေါင်းစုံကို သုံးတော့မည်ဟု ယူဆရသည်။


၂၀၀၈ ခုနှစ် မေလတွင် စစ်အစိုးရက မဲလိမ်မဲညစ်၍ အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်း စုကြည် ကို နိုင်ငံ၏ခေါင်းဆောင်နေရာ မယူနိုင်ရန် ရည်ရွယ်၍ ကန့်သတ်ချုပ်ချယ်မှုများ ပြုထားပြီး သူဦးဆောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည်လည်း ခြိမ်းခြောက်ဖိနှိပ်မှုများ ကြုံတွေ့နေကြရပြီ ဖြစ်သည်။


အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်ခွင့်ပေးခဲ့ပါက တိုင်းပြည် အတိုင်းမသိတိုးတက်စည်ပင်နေသည်ကို မြင်ကြရမည်ဖြစ်ပြီး ဤအဖြစ်ကို ကြောက်ရွံ့နေကြသည့် စစ်ခေါင်းဆောင်များ၏ ပိတ်ပင်ကန့်သတ်နေမှုများကြောင့် နိုင်ငံ က ပို၍နက်သည့် ဆင်းရဲတွင်း ချောက်ထဲသို့ ထိုးဆင်းနေသည်ကို မြင်တွေ့နေကြရသည်မှာ အလွန်မှ စိတ်နာကြည်းဖွယ်ပင် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ဤသို့သော အခြေအနေမျိုးကြောင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အစစ်အမှန် ခေါင်းဆောင်၊ သမ္မတတဦး ဖြစ်ရမည့် အခြေအနေ၊ လူထု၏ တရားဝင် တောင်းဆိုမှုကို အသိအမှတ်မပြုဘဲ ရေငုံ နှုတ်ပိတ် တိတ်ဆိတ်နေရန် မဖြစ်နိုင်ပါ။ ဧရာဝတီမဂ္ဂဇင်း၏ အယ်ဒီတာတဖွဲ့လုံးက ပြည်သူများ၏ ယခုတောင်းဆိုချက်ကို တခဲနက် အူလှိုက်သည်းလှိုက် ထောက်ခံပါသည်။


ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ သမ္မတရာထူးတာဝန် ထိုက်တန်သည်ဆိုသည်မှာ ပြည်သူအများ ထောက်ခံထား ချက်အရသာ မဟုတ်ဘဲ သူ၏ ခေါင်းဆောင်မှု အရည်အချင်း၊ အကျင့်သိက္ခာ၊ သြဇာခွန်အားတို့ကြောင့် ယခုကဲ့သို့ ထောက ခံရခြင်း ဖြစ်ပါသည်။ ဤအရည်အချင်းများကြောင့် စစ်အစိုးရက သူ့ကို ၁၃ နှစ်ကျော်ကြာ အိမ်အကျယ်ချုပ်ချထား ခဲ့ရုံမျှ မက ယခုအစိုးရဆင်ကွက်ပြုထားသည့်တရားခွင်မှနေ၍ ပြောင်ပြောင်တင်းတင်း နောက်ထပ် ထောင်ဒဏ် ဆက်လက် ချမှတ်ရန် အကြောင်းလည်း ရှိနေပါသည်။


ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ယခုကဲ့သို့ ယုတ်မာကောက်ကျစ်လှသော စစ်အစိုးရနှင့် လက်ပါးစေလူမိုက်များ၏ မတရား မမျှတမှုများနှင့် ချိုးနှိမ် စော်ကားမှုများ ခံနေရသည့်တိုင် သူ့ကို ထောင်သွင်းအကျဉ်းချထားသူများအပေါ် ဒေါ်အောင်ဆန်းစုကြည်က အမျက်ထွက် ရန်လိုဟန် တစိုးတစိမျှ မပြခဲ့ပါ။ သူက အရှည်ကိုမျှော်တွေး၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း စွာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကိုသာ တစိုက်မတ်မတ် တောင်းဆိုနေခဲ့ပါသည်။ သူ၏ တည်ကြည်သည့်ဟန်၊ ကိုယ် ခံအား အပြည့်ဖြင့် တုံ့ပြန်ခဲ့ပါသည်။ ဤသို့ တည်ကြည်စွာ ရင်ဆိုင်ခဲ့သည့်အပေါ်လည်း မြန်မာ ပြည်သူလူထုက ပို၍ထောက်ခံခဲ့ကြပါသည်။


သို့သော်လည်း ဤသို့ထောက်ခံသည့် အသံများကို စစ်အစိုးရက အကျဉ်းထောင်နံရံများ၏ နောက်ကွယ်တွင် ပိတ်ဆို့၍ မကြားရအောင် ပြုခဲ့ပါသည်။ ယခုအခါ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်မှာ လူမဆန်သည့် ပြစ်ဒဏ်များကို အကျဉ်း ထောင်များအတွင်း ခံစားနေကြရဆဲ ဖြစ်ပါသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ထူးချွန် ထက်မြက်သည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး၊ ယခင် ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး တင်ဦး၊ ၀ါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ မနီလာသိန်း၊ မစုစုနွေး စသည့် ခေါင်းဆောင်များကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အုပ်ချုပ်မှုအောက်မှာ ကူညီပံ့ပိုးပေးမည့်သူများ ဖြစ်ပါသည်။


ယခင် စစ်တပ်မှ တပ်မှူးခေါင်းဆောင် များကိုလည်း ပြန်ဖိတ်ခေါ်၍ မြန်မာနိုင်ငံကို တိုးတက်ရာ တိုးတက်ကြောင်း ရှေ့ဆောင်ကြရန် အကူအညီတောင်းခံနိုင်ပါသေးသည်။ ထိုအချိန်တွင် ပြည်ပရောက်နေကြသည့် ရပ်ဝေးနေ ရွှေမြန်မာ များကလည်း ပူးပေါင်းလက်တွဲ၍ တတပ်တအား ပြန်လာကူညီကြမည်မှာ မလွဲပေ။


အမှန်စင်စစ် လက်တွေ့ကျကျပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်တွင် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ကပ်ဘေးပြဿနာ များအားလုံးကို ဥုံဖွဖြေရှင်းနိုင်ရန် ဆေးအစွမ်း ရှိနေမည်ဟု မျှော်လင့်မထားသင့်ပါ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မှလွဲလျှင် မည်သူတဦးကမျှ နိုင်ငံရေး အင်အားစုများ အားလုံးကို သိမ်းကျုံးဆွဲငင်နိုင်ရန်အတွက် အရည်အချင်း ရှိမနေပါ။ သူက တိုင်းရင်းသားလူမျိုး စုများ၏ ယုံကြည်မှုကိုလည်း ရယူနိုင်သလို၊ မြန်မာနိုင်ငံကိုလည်း နိုင်ငံတကာ နှင့် ပြန်လည်ထိ တွေ့ ဆက်ဆံခွင့်ရရှိစေရန် တံခါးဖွင့်ပေးနိုင်သူလည်း ဖြစ်သည်။ နိုင်ငံတကာအလယ် မျက်နှာငယ်နေရသည့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ပေးမည့်သူ ဖြစ်သလို၊ တရုတ်၊ အိန္ဒိယနိုင်ငံများ အပါအ၀င် ကမ္ဘာ့အရေးပါသည့် နိုင်ငံများ၏ ယုံကြည်မှုကို ပြန်လည်ရယူပေးနိုင်မည့် သူလည်း ဖြစ်သည်။


ယခုကျဆင်းနေရသည့် မြန်မာ့တပ်မတော်နှင့် စစ်တပ်ခေါင်းဆောင်များ၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ပေးမည့်သူ ဖြစ်သလို၊ အမုန်းအာဃာတ ကင်းစင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ထားကြောင့်လည်း စစ်တပ်ကို မြန်မာပြည်သူ များ ဒေါသအမျက်ဘေးမှ ပြန်၍ လှိုက်လှဲနွေးထွေးလာစေရန် စွမ်းစေလိမ့်မည် ဖြစ်သည်။


သမ္မတ ဒေါ်အောင်ဆန်းစုကြည်က သူ၏လွတ်မြောက်ရေးကို အစဉ်အမြဲ တောင်းဆိုနေသည့် ကမ္ဘာ့ခေါင်းဆောင်များဖြစ် သော အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းတို့နှင့်အတူ ကမ္ဘာ့ စင်မြင့်အလယ်တွင် ယှဉ်၍ ခန့်ခန့်ညားညား တန်းတူရည်တူ ယှဉ်ထိုင်နိုင်မည့်သူမျိုးလည်း ဖြစ်သည်။ သမ္မတ ဒေါ်အောင် ဆန်းစုကြည် က တရုတ်နိုင်ငံ သမ္မတ ဟူကျင်းတောင်၊ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ တို့နှင့် တန်းတူရည်တူ ဆွေးနွေး ပြောဆိုနိုင်မည့်သူ ဖြစ်ပြီး ဒေသအတွင်း မြန်မာ့ဂုဏ်ကို ပြန်၍ သိက္ခာဆည်ယူနိုင်မည့်သူလည်း ဖြစ်သည်။ ကမ္ဘာတ၀န်းလုံး ရှိ မြို့တော်များက နွေး ထွေး လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုကြမည့် အမျိုးသားခေါင်းဆောင်မျိုးလည်း မြန်မာပြည်မှာ ရှိလာလိမ့်မည် ဖြစ်သည်။


သို့သော်လည်း မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရက ဤအမှန်တရားကို ကြားရဲသည့် အစွမ်းမရှိပါ။ မည်သို့ပင် ဖြစ်စေ၊ ယခု သူတို့လုပ်ရပ် လွန်လှပြီဆိုသည်ကိုတော့ မြန်မာစစ်ဗိုလ်ချုပ်များ သိသင့်ပြီ ဖြစ်သည်။


သူတို့ချစ်လှပါသည်ဆိုသည့် မြန်မာနိုင်ငံကြီးကို ဂုဏ်သိက္ခာပြန်လည် ဆယ်ပေးနိုင်သူမှာ ဒေါ်အောင်ဆန်းစုကြည်သာ ရှိပါ တော့သည်။


ကမ္ဘာကြီးတခုလုံးနှင့် အဖိနှိပ်ခံနေကြရသည့် မြန်မာပြည်သူများ အနေနှင့်မူ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမည် ဆိုလျှင် အတိုင်းထက်အလွန် ကြိုဆိုရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်ပါသည်။ မိတ်ဘက်အဖြစ် မြန်မာနိုင်ငံကို လက်ကမ်း ရန် အသင့်ဖြစ်နေကြသည်။ သမ္မတကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြ မည်မှာ မလွဲ ဧကန် ဖြစ်ပါသည်။


ဧရာဝတီ မဂ္ဂဇင်း၏ အယ်ဒီတာ့အာဘော် The World is Ready for a President Aung San Suu Kyi ကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။
´