{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Wednesday, April 29, 2009

ပြည်သူ တန်ဖိုး (Click)












NEJ / ၂၄ ဧပြီ ၂၀၀၉
(အယ်ဒီတာ့အာဘော်)
line


လွန်ခဲ့သည့် သင်္ကြန်ကာလ ထိုင်းအရေးအခင်းဆန္ဒပြပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို လျော်ကြေးပေးဖို့ ထိုင်းအစိုးရက ဆုံးဖြတ်သည်မှာ သာဓုခေါ်စရာကောင်း၏။

စင်စစ် ထိုင်းမှာဖြစ်ပွားခဲ့သည့် အရေးအခင်းသည် လက်ရှိအစိုးရကို ဖြုတ်ချရန်ကြိုးပမ်းသည့် ဆန္ဒပြပွဲဖြစ်၏။ ထိုဆန္ဒပြပွဲမှာ အနီဝတ်ဆန္ဒပြသူတွေ ဘန်ကောက်တမြို့လုံးကို မီးလောင်တိုက်သွင်း၏။ ၀န်ကြီးချုပ်အာဘီဆစ် ကားကိုပင် ရက်ရက်စက်စက်တိုက်ခိုက်၏။

သို့သော် ထိုဆန္ဒပြပွဲများကာလအတွင်း ဒဏ်ရာရသူများ၊ သေပျောက်သူများကို ထိုင်းအစိုးရက လျော်ကြေးပေးမည် ဆိုတော့ မြန်မာစစ်အစိုးရ၏ ပြည်သူတွေအပေါ် သဘောထားနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်၏။

ထိုင်းအစိုးရပြောဆိုချက်အရ ဆန္ဒပြပွဲကာလအတွင်း ဒဏ်ရာအနည်းအကျဉ်းရသူများကို တဦး ဘတ်ငွေ (၂၀,၀၀၀) လျော်ကြေးပေးမည်ဖြစ်၏။ အတွင်းလူနာအဖြစ် ကုသရမည့်သူတွေကို တဦး ဘတ် (၆၀,၀၀၀) ပေးမည်။ အတွင်းလူနာအဖြစ် ကုသပြီး ဆေးရုံမှာ ရက် (၂၀) ထက်ပိုနေရသူများကို တဦး ဘတ် (၁၀၀,၀၀၀) ပေးမည်။ ဆန္ဒပြပွဲမှာ ထိခိုက်ပြီး မသန်မစွမ်းဖြစ်သွားသူတွေကို တဦး ဘတ် (၂၀၀,၀၀၀) ပေးမည်။ သေဆုံးသူများအတွက် တဦးကို ဘတ် (၄) သိန်း ပေးမည်။

ယင်းသို့ တကြိမ်လျော်ကြေးအပြင် မသန်မစွမ်းဖြစ်သွားသူများအတွက် မသေမချင်း လစဉ်ထောက်ပံ့ကြေး ဘတ် (၃,၀၀၀) ထိ ပေးသွားဦးမည်ဆို၏။ ထိုမျှသာမကသေး။ မသန်မစွမ်းဖြစ်သူများ၊ သေဆုံးသူများ၏ ကလေးများကိုပင် ဘွဲ့ရသည်ထိ ထောက်ပံ့ကြေးပေးသွားဖို့ ထိုင်းအစိုးရက ဆုံးဖြတ်သည်။

မြန်မာပြည်မှာ တကြိမ်မျှမကြားဖူးသည့် လျော်ကြေးပေးသည့်ကိစ္စမျိုးဖြစ်သည့်အတွက် လူကို မည်မျှတန်ဖိုး ထားကြောင်း ပေါ်လွင်၏။ ပြည်သူကို အစိုးရက မည်မျှအလေးထားကြောင်း ထင်ရှား၏။

ဘန်ကောက်မြို့တွင်း ကားတွေ မီးရှို့ဖျက်ဆီးသူများအား ၀န်ကြီးချုပ်အာဘီဆစ်အစိုးရက အရေးယူဖို့ ဆောင်ရွက်နေသည့်အချိန်တွင် ဆန္ဒပြကာလအတွင်း ထိခိုက်ဒဏ်ရာရသူများကို လျော်ကြေးပေးဖို့စီစဉ်ခြင်းဖြစ်၏။
သဘောမှာ လူတဦး၏ တန်ဖိုး၊ ပြည်သူတဦး၏ တန်ဖိုးကို အစိုးရက မည်မျှ သဘောထားကြီးကြောင်း ပြလိုက်ခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် သံဃ့ာအရေးအခင်းကို ပြန်ကြည့်လျှင် အမှန်တကယ်သေဆုံးသူအရေအတွက်မှာ စစ်အစိုးရ ပြောလိုသည့် အရေအတွက်ထက် များနေသည်ဟု ထိုအချိန်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ပီညဲရိုးက ကုလသမဂ္ဂကို တင်သွင်းသည့်အစီရင်ခံစာမှာ ဖော်ပြခဲ့သည်။ ထိုအရေးအခင်းမှာ လူ (၃၁) ဦးသေပြီး လူ (၄,၀၀၀) အဖမ်းခံရရုံမက (၁,၀၀၀) အဖမ်းခံနေရဆဲဖြစ်သည်ဟု ထိုအစီရင်ခံစာမှာ ထောက်ပြခဲ့သည်။

ပြောရမည်ဆိုလျှင် လူ့တန်ဖိုးမထားသည့် မြန်မာစစ်အစိုးရ လုပ်ရပ်များအတွက် သက်သေအထောက်အထား မြောက်မြားစွာရှိ၏။ ထိုင်းနိုင်ငံမှာလည်း နိုင်ငံရေးအပေါ် အယူအဆမတူသူတွေ အများအပြားရှိ၏။ ထိုအယူအဆမတူသူတွေကို ထိုင်းအစိုးရက အကြောင်းမဲ့ သတ်ဖြတ် ဖမ်းဆီးခြင်းမလုပ်ရုံမက ယနေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ၀န်ကြီးချုပ် အာဘီဆစ်က လောဆော်နေသည်။

မြန်မာစစ်အစိုးရကမူ အယူအဆမတူသူ မှန်သမျှ ရန်သူဟု သတ်မှတ်၏။ စစ်အစိုးရလျှောက်သည့်လမ်းပေါ်က လှုပ်ရှားသူမှန်သမျှကို ထောင်သွင်းအကျဉ်းချ၏။ ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်ကျုးလွန်ခြင်းကို ထမင်းစားရေသောက်ကိစ္စကဲ့သို့ စစ်အစိုးရက သဘောထား၏။

ထိုင်းနိုင်ငံရေး ဆန္ဒပြပွဲတွေမှာ လက်ရှိအာဘီဆစ် အစိုးရ မည်သို့ကိုင်တွယ်ဆောင်ရွက်ခဲ့သည်၊ ပြည်သူအပေါ် မည်မျှတန်ဖိုးထားသည် ဆိုသည့်အချက်ကို မြန်မာစစ်ခေါင်းဆောင်တွေ အလေးထားဖို့ ခေတ်ပြိုင်က တိုက်တွန်းလိုပါ၏။


http://www.khitpyaing.org

Sunday, April 26, 2009

Wednesday, April 22, 2009

( Sangha in the sky ) ဗုဒ္ဓသာသနံ စိရံ တိဌတု ဘုရားသာသနာ ကြာမြင့်စွာတည်ပါစေသတည်း။



-နစ်နေမန်း-

ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ ၊ နေ့ လည် (၃) နာရီလောက်က ရန်ကုန်မြို့  မြောက်ဒဂုံဘက်က ကောင်းကင်မှာ ရဟန္တာတစ်ပါး ကြွချီနေတာတွေ့ တယ်လို့ ဆိုပြီး ဗွီဒီယိုနဲ့ ရိုက်ထားတာ တွေ့ ရပါတယ်။ JaukJack13samual ဆိုသူကနေ ဖေါ်ပြထားတာ ဖြစ်ပါတယ်။

Saturday, April 04, 2009

Friday, April 03, 2009

ယနေ့  အမှတ်တရပါ။ ( ဦးသန့် နဲ့  ဘာသာရေး )Click




ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (၁၉၆၁-၇၁) သက်တမ်း (၂) ဆက် ဆောင်ရွက်ခဲ့ရတဲ့ ဦးသန့်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတဦးဖြစ်တယ်ဆိုတာ အထူးထုတ်ဖော် ရေးသားစရာမလိုပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာ ဖြစ်တာနဲ့ ကုလသမဂ္ဂတာဝန်နဲ့ ဘာဆိုင်သလဲလို့မေးလာရင်တော့ ဦးသန့်ရဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုဟာ ထည့်သွင်းပြောဆိုစရာ ဖြစ်လာပါတယ်။ ပြောလည်း ပြောခဲ့ကြပါတယ်။

ဦးသန့်ရဲ့ညီ ဦးခန့်က တက္ကသိုလ် စိန်တင်ရေးတဲ့ “ငြိမ်းချမ်းရေးဗိသုကာဦးသန့်” ဆိုတဲ့ စာအုပ်မှာ အမှာစာရေးတော့ အောက်ပါအတိုင်းရေးထားတဲ့ စာတပိုဒ်ပါရှိပါတယ်။

“ဗုဒ္ဓဘာသာ မြန်မာတို့၏ ရဋ္ဌပူရဒေသ၊ မြစ်ဝကျွန်းပေါ်၊ ပန်းတနော်ဇာတိဖြစ်သော ဦးသန့်သည် ပြည်ပြည်တိုင်းကား၊ ကျော်ကြားသတင်း၊ ကမ္ဘာချင်းအောင်၊ ပွင့်လင်းထင်ရှား လူသိများလျက်ရှိနေပေသည်။ ဦးသန့်၏ ထင်ရှားကျော်ဇောခြင်း၊ ဦးသန့်ကို ကမ္ဘာက လိုလားခြင်းတို့သည် ဦးသန့်၏ သူမတူအောင် ပြည့်စုံသော ၀ီရိယ၏ စွမ်းပကား၊ ပညာ၏ စွမ်းပကား၊ စင်ကြယ်သော အကျင့်သီလတို့၏ စွမ်းပကားတို့ကြောင့်ဟုလည်း ဆိုနိုင်ပါ၏။ တနည်းအားဖြင့် ဦးသန့်သည် ဣဿာမိစ္ဆရိယဟူသော စိတ်ယုတ်တို့ကို ပယ်ရှားနိုင်၍ ဒေ၀ဓမ္မတရားနှစ်ပါးတို့ ဖြစ်သော ဟီရိသြတပ္ပတရား၊ လောကပါလဖြစ်သော ဗြဟ္မစိုရ်တရားတို့ကို ကောင်းစွာလက်ကိုင်ထားနိုင်သော ပါရမီအင်အား၊ ဘုန်းကံအင်အား ကြီးမားသော မင်းယောက်ျားဖြစ်သောကြောင့်ဟုလည်း ဆိုနိုင်ပါ၏။”

ဦးသန့်ကိုက ဗုဒ္ဓဘာသာဝင် ယောက်ျားကောင်းတဦးအဖြစ် ရှုမြင်သုံးသပ်ထားပုံဖြစ်ပါတယ်။ ဦးသန့်အမြင်ဟာ တကယ့် ဗုဒ္ဓဘာသာဝင်စင်စစ်တဦးရဲ့ ရှုမြင်သုံးသပ်ချက်ဖြစ်ပါတယ်။ ကုလသမဂ္ဂ အသိုင်းအ၀ိုင်းကလည်း ဦးသန့်ရဲ့ လုပ်ဆောင်ချက်တွေကို သုံးသပ်ချီးမွမ်းကြရာမှာ ဦးသန့်ဟာ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ အချက်ကို မကြာခဏ ထည့်သွင်း ပြောဆိုကြပါတယ်။

ဗုဒ္ဓဘာသာကို ကမ္ဘာကသိတာက မေတ္တာဝါဒ၊ ငြိမ်းချမ်းရေးဝါဒ၊ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမ ပဋိပဒါလမ်းစဉ်) လို ဖြစ်ပါတယ်။ ဦးသန့်ရဲ့ သည်းခံစိတ်ရှည်ခြင်းကိုလည်း ဗုဒ္ဓ၀ါဒီဖြစ်လို့ဆိုပြီး သုံးသပ်ကြပါတယ်။ ဦးသန့်ဆောင်ရွက်ရတဲ့ အလုပ်တွေကလည်း ငြိမ်းချမ်းရေးအလုပ်ကို ဘက်မလိုက် ကြားနေရေး နေရာက သည်းခံစိတ်ရှည်စွာ လုပ်ရတဲ့ အလုပ်တွေဖြစ်ပါတယ်။

တကယ်တော့ ဦးသန့်ဟာ မိရိုးဖလာ ဗုဒ္ဓ၀ါဒတဦး ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းနေပြီး ဘုန်းကြီးကျောင်းရဲ့ ဗုဒ္ဓဘာသာ သရိုးစာအခြေခံတွေ မသင်ခဲ့ရပါဘူး။ သူ့ဖခင်က အိန္ဒိယ တက္ကသိုလ်တခုမှာ ပညာသင်ခဲ့ဖူးတဲ့ ခေတ်ပညာတတ်တဦး ဖြစ်လို့ မိရိုးဖလာပညာရေးလောက်နဲ့ တင်းတိမ်နိုင်သူမဟုတ်ပါ။ ဘုန်းကြီးကျောင်းကို စတင်မပို့ဘဲ လူကျောင်းကိုပဲ စတင်ပို့ခဲ့ပြီး အင်္ဂလိပ်စာတတ်ကျွမ်းရေးကိုပဲ အလေးပေးခဲ့ပါတယ်။ ကိုရင်ဝတ်တော့လည်း ခုနှစ်ရက်ပဲ ၀တ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာမှာ ထူးထူးခြားခြား အဆင့်မြင့်မြင့် လေ့လာရတဲ့ ကျောင်းပညာ အခွင့်အရေးမျိုးမရခဲ့ပါ။ ဒါပေမယ့် စာဖတ်ခြင်းကို အထူးဝါသနာပါတဲ့အတွက် ဗုဒ္ဓစာပေကို မိရိုးဖလာထက်ပိုပြီး လေ့လာလိုက်စားခဲ့ဟန်ရှိပါတယ်။

ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ သာမန်မိရိုးဖလာထက်ပိုပြီး လေ့လာလိုက်စားခဲ့ပုံရတယ်လို့ ဦးသန့်အပေါ် အကဲဖြတ်နိုင်တဲ့ အကြောင်းအချက်တခုကတော့ မန္တလေးတောင်မြို့မဟာဂန္ဓရုံဆရာတော် အရှင်ဇနကာ ဘိဝံသလို ဗုဒ္ဓစာပေကျမ်းပြု အကျော်တဦးက ဦးသန့်လို လူဝတ်ကြောင်တဦးကို မိမိရဲ့ ဘာသာရေးစာအုပ် (အနာဂတ်သာသနာ) မှာ အမှာစာရေးခွင့်ပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး အထင်ကြီးစရာဖြစ်ပေမယ့် ဦးသန့်ဟာ ဘုရားဒကာ ဆဋ္ဌသင်္ဂါယနာတင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနဲ့တော့ လုံးဝမတူပါဘူး။ ဦးနုက ပုတီးစိတ်ခြင်း၊ ဗေဒင်မေးခြင်း၊ ဗလိနတ်စာကျွေးခြင်း စတဲ့ ကိစ္စတွေမှာ အထူးအလေးအနက် ထားလွန်းပါတယ်။ သဘောထားကွဲလွဲမှု အလွန်နည်းတဲ့ ငယ်ပေါင်းရောင်းရင်း ဦးနုနဲ့ ဦးသန့်တို့ဟာ နိုင်ငံတော်က ဘာသာရေးအတွက် ဆောင်ရွက်မှုမှာ အကြီးအကျယ် သဘောကွဲလွဲခဲ့ဖူးပါတယ်။

ဦးနုဟာ ဆဋ္ဌမ သင်္ဂါယနာတင် သာသနာ့ ဒါယကာကြီးဘွဲ့ခံလိုသူ ဖြစ်ပါတယ်။ ပဉ္စမ သင်္ဂါယနာတင်ခဲ့တာဟာ မင်းတုန်းမင်း လက်ထက်ကဆိုတော့ ထပ်ပြီး သင်္ဂါယနာတင်ဖို့ အလောတကြီးမလိုသေးပါဘူး။ မင်းတုန်းမင်းက ကျောက်ထက်အက္ခရာတင်ခဲ့တာပါ။ ပုံနှိပ်စာတွေလည်း ရိုက်နှိပ်ပြီးသား ရှိနေပါပြီ။ နှုတ်ထက် အာဂုံသက်သက် မဟုတ်ပါဘူး။ ဗမာပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ မိအေးနှစ်ခါနာဆိုသလို ဂျပန်အ၀င်တခါ၊ အင်္ဂလိပ်အ၀င်တခါ စစ်ဒဏ်ခံပြီး ပြာပုံဖြစ်ခဲ့ရတဲ့အပြင် ပြည်တွင်စစ်မီးကလည်း တောက်လောင်နေတာပါ။ ဒါ့ကြောင့် ထူထောင်စ တိုင်းပြည်မှာ လိုဏ်ဂူကြီးဆောက်ပြီး အကြီးအကျယ် ငွေကုန်ကြေးကျခံဖို့ဆိုတာ ဆိုင်းထားသင့်ပါသေးတယ်။ ဒါ့ကြောင့် ဦးသန့်က အမုန်းခံပြီး ကန့်ကွက်ခဲ့ပါတယ်။ ဦးနုက စိတ်ကူးယဉ်သူလည်းဖြစ်၊ လုပ်ချင်သလိုလုပ်ဖို့ အာဏာလည်းရှိချိန်ဖြစ်လို့ ဇွတ်တိုးလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သတင်းစာဆရာ ၀န်ကြီး ဦးထွန်းဖေက “ဘ၀ရှင်မင်းတရားကြီး” လို့ ခေါ်လောက်အောင် ဇွတ်တိုးလုပ်လေ့ရှိလာပါတယ်။ မိတ်ဆွေဦးသန့်ရဲ့ ကန့်ကွက်မှုဟာ မအောင်မြင်ခဲ့ပါဘူး။

မြန်မာပြည်မှာက ကွန်မြူနစ်ဝါဒဟာ မိစ္ဆာဒိဋ္ဌိဝါဒလို့ လူအများအပြားက အစွဲဖြစ်ပေါ်ခဲ့ပါတယ်။ မူလက လက်ဝဲ၀ါဒ ဖြန့်ချိခဲ့သူ သခင်နုက သာသနာ့ ဒါယကာ ဖြစ်လာတဲ့အခါ သူပုန်ထနေတဲ့ ကွန်မြူနစ်တွေကို ဓမ္မာန္တရာယ်တွေလို့ ဆိုင်းဘုတ်ကပ်ခဲ့ပါတယ်။ တချို့ ကွန်မြူနစ်များကလည်း ဘုရားကျောင်းထဲ ဖိနပ်စီးပြခဲ့ကြဖူးတာ ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်ဦးရေများတဲ့ ဗမာပြည်မှာ ကွန်မြူနစ်ကို မိစ္ဆာဒိဋ္ဌိ စွပ်စွဲရတာ လွယ်ပါတယ်။ သံဃာတော်တွေကို ရိုက်နှတ်သတ်ဖြတ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ ယခုအခါ စောစောတုန်းကလိုတော့ ကွန်မြူနစ်တွေကို ဓမ္မာန္တရာယ် မခေါ်ရဲတော့ပါဘူး။ ကဗျာဆရာတင်မိုးက သူတို့ကို ကွန်မြူနစ် တစ္ဆေခြောက်သူတွေအဖြစ် ကဗျာနဲ့ သရော်ခဲ့ဖူးပါတယ်။

ဦးသန့်ကတော့ ဓမ္မာန္တရာယ်အဖြစ် စွဲချက်မတင်ပါဘူး။ ဦးနု တခါတလေ ပြောဖူးသလို “ကွန်မြူနစ်ဝါဒ အဓွန့်ရှည်ပါစေ၊ ဗမာကွန်မြူနစ်များ ကျဆုံးပါစေ” လို့ ပြောလိုပုံရပါတယ်။ ဗမာကွန်မြူနစ်တွေကို ကွန်မြူနစ် အမည်ခံထားတဲ့ အကြမ်းဖက်သမားတွေလို့ ဆိုပါတယ်။ သခင်သန်းထွန်းနဲ့ သခင်စိုးတို့ အပြန်အလှန် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ကြပုံ၊ မကြားဝံ့ မနာသာ စွပ်စွဲပြောဆိုကြပုံတွေဆိုပြီး သူတို့ စာစောင်တွေမှာ အပြန်အလှန်ရေးထားတာ တွေကို စုပေါင်းတင်ပြပါတယ်။ အလံနီသခင်စိုးဟာ မူလက လူ (၃၀) လောက်ရှိရာက မြေရှင်သဌေးတွေရဲ့ ပစ္စည်းတွေကို လုယက်ယူငင်တဲ့အခါ လူဆိုးဓားပြတွေပါဝင်လာလို့ ချက်ချင်းလူ (၃၀၀) လောက် ဖြစ်သွားခဲ့တယ်လို့ ရေးပါတယ်။ “ဓမ္မာန္တရာယ် မိစ္ဆာဒိဋ္ဌိ” ဆိုတဲ့ စကားကို မသုံးခဲ့ပါ။ ဘာသာရေးကို နိုင်ငံရေးတိုက်ပွဲ လက်နက်အဖြစ် သုံးလေ့မရှိခဲ့ပါ။ ရှိတောင်မှ ဖဆ ဆိုရှယ်အများစုလို အဓိက လက်နက်အဖြစ် မသုံးခဲ့ပါ။

ဦးသန့်တသက်တာမှာ မိခင်နဲ့ အတူ ဘုန်းကြီးဆွမ်းကပ်တာမျိုး၊ ရွှေတိဂုံဘုရားကို တက်ပြီး ဘုရားဖူးတာမျိုးကို လုပ်လေ့ရှိပါတယ်။ တရားထိုင်တာလည်း လုပ်ပါတယ်။ ပုတီးစိပ်တာ မကြားဖူးပါ။ အလှူအတန်း အကြီးဆုံးလုပ်ဖူး တာက မိမိရရှိတဲ့ ဂျဝါဟာလာနေရူး ဆုငွေ ရူပီး တသိန်းကို ဂျပန်ရှိ ကုလသမဂ္ဂတက္ကသိုလ်ကို ပညာရေးရန်ပုံငွေ အလှူအဖြစ် လှူခဲ့တာပဲရှိပါတယ်။

ကိုယ်ကျင့်သိက္ခာပိုင်းက ပြောရရင်တော့ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲသူလို့ ပြောရင် သာမန်ပြောရာ ကျပါမယ်။ ဦးသန့်ဟာ သူရဲ့ ရာထူးအရှိန်အ၀ါအသုံးချပြီး အစိုးရ ၀န်ထမ်းအနေနဲ့ရော၊ ကုလသမဂ္ဂ၀န်ထမ်းအနေနဲ့ ရော အခွင့်အရေး အလွဲသုံးစားမှုမျိုး၊ ကိုယ်ကျိုးရှာမှုမျိုး လုံးဝ မရှိခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းလို အကုသိုလ်များ တဲ့ လူမျိုးဟာ ဦးသန့်ကို “ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့” ဖြစ်ခဲ့မယ်လို့ ယုံကြည်ပါတယ်။

ဦးသန့်ရဲ့ မိတ်ဆွေရင်း ဦးနုဟာ “ဦးသန့်ဟာ အလွန်ရိုးသားဖြောင့်မတ်သူတယောက်ဖြစ်ပြီး ဗုဒ္ဓဘာသာကိုလည်း အလွန်ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါတယ်” လို့ အတိုချုပ်ပြောခဲ့ဖူးပါတယ်။ တကယ်တော့ ဦးသန့်ဟာ ဘယ်ဘာသာကို မဆို ရိုသေကိုင်းရှိုင်းတဲ့ လူယဉ်ကျေးဖြစ်ပါတယ်။ ဦးနုပြောတဲ့ “ဦးသန့်ဟာ အလွန်ရိုးသားဖြောင့်မတ်သူ” ဆိုတဲ့ စကားဟာ ရိုးရိုးနဲ့ ပြည့်စုံလှတဲ့ ဂုဏ်ပုဒ်ပါပဲ။

ဦးအုန်းမြင့် (ဒို့ရှမ်းပြည်) ကတော့ ဗုဒ္ဓဘာသာ ရှုထောင့်က ဂုဏ်ပြုစကားတလုံးဖြစ်တဲ့ “သူဇာတာတို့၏ များစွာ နှစ်လိုကြည်ညိုခင်မင်စေနိုင်သော သွင်ပြင်အမူအရာရှိခြင်း” လို့ အချုပ်ပြောပါတယ်။ အဲဒါကို “သရဏီယတရား ခြောက်ပါးနဲ့ ပြည့်စုံသူ” ပြောနိုင်ပါတယ်တဲ့။ သရဏီယတရား ခြောက်ပါးဆိုတာက -
(၁) ချစ်ခင်နှစ်လိုဖွယ် ကိုယ်အမူအရာရှိခြင်း၊
(၂) ချစ်ခင်နှစ်လိုဖွယ် နှုတ်အမူအရာရှိခြင်း၊
(၃) ချစ်ခင်နှစ်လိုဖွယ် စိတ်အမူအရာရှိခြင်း၊
(၄) ချစ်ခင်နှစ်လိုဖွယ် မျှတဝေဖန်မှုရှိခြင်း၊
(၅) ချစ်ခင်နှစ်လိုဖွယ် ကိုယ်ကျင့်ရှိခြင်း၊
(၆) ချစ်ခင်နှစ်လိုဖွယ် လိုက်လျောတတ်ခြင်းတဲ့။ အားလုံး (၆) ပါးပါ။ “ချစ်ခင်နှစ်လိုဖွယ် အမူအကျင့်နဲ့ ပြည်စုံသူ” လို့ ပြောရင် ပြီးမယ်ထင်ပါတယ်။

“ဗုဒ္ဓဘာသာနှင့် ဦးသန့်” ဆိုတဲ့ ဘိလပ်က ဂါဒီယန်သတင်းစာ ဆောင်းပါးတပုဒ်ကို တက္ကသိုလ်စိန်တင်ပြုစုတဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်” ဆိုတဲ့ စာအုပ်မှာ ဘာသာပြန်ပြီး ဖော်ပြထားပါတယ်။ အဲဒီဆောင်းပါးက “ဗုဒ္ဓဘာသာနှင့် ဦးသန့်” (လန်ဒန်၊ အောက်တိုဘာ (၁၉) ရိုက်တာ) ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့် ကိုးကွယ်ယုံကြည်သော ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာသည်ပင် ဦးသန့်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ခန့်သင့်ကြောင်း တန်ဖိုးမဖြတ်နိုင်သော အထောက်အကူဖြစ်နေပြီ ဖြစ်သဖြင့် ဂါဒီယန်သတင်းစာကြီးက ယနေ့ခေါင်းကြီးပိုင်းမှ ဝေဖန်ရေးသားလိုက်သည်။ ယင်းသတင်းစာကြီးက ဆက်လက်ရေးသားရာတွင် ဗုဒ္ဓဘာသာဝင်များမှာ သမစိတ္တရှိကြ၍ အလယ်အလတ်လမ်းစဉ်ကို လက်ကိုင်ထားပြီး အမြတ်ဆုံးတရားကို ရှာဖွေနေသူများဖြစ်သည် စသဖြင့် ပါရှိသည်။

ထိုသို့ ရည်ရွယ်ရင်းရှိကြသော လူမျိုးများမှာ အဂတိတရားမလိုက်စားဘဲ သမစိတ္တမျှတစွာ ထားရှိတတ်သော သဘောရှိသူများဖြစ်သည်။ ဦးသန့်ကို ကြည့်ပါလျှင် သူယုံကြည်လက်ခံသော ဘာသာတရားကြောင့်ပင် ကုလသမဂ္ဂ၏ တာဝန်ကြီးများကို ထမ်းဆောင်ရန် သင့်တော်သူတဦးဖြစ်ကြောင်း ထင်ရှားနေသည်စသဖြင့် အဆိုပါ ဂါဒီယန်သတင်းစာကြီးက ဆက်လက်ဝေဖန်ရေးသားထားပေသည်။ အထက်ပါစာဟာ ရိုက်တာသတင်းဌာနက ဂါဒီယန်သတင်းစာပါ ဆောင်းပါးထဲက အကြောင်းအချက်တခုကို ဖောက်သယ်ချလိုက်တာပဲ ဖြစ်ပါတယ်။

တကယ်တော့ ဦးသန့်ဟာ မြန်မာပြည်သား တယောက်အနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကို မိအေးနှစ်ခါနာဆိုသလို ခံခဲ့ရသူ၊ ပြည်တွင်းစစ်ကြီးဒဏ်ကို ခံခဲ့ရသူဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ကို မလိုလား၊ ငြိမ်းချမ်းရေးကို လိုလားတာ ဖြစ်ပါတယ်။ ကမ္ဘာစစ်မီးထဲမှာ သူစုဆောင်းခဲ့တာ စာအုပ်တွေနဲ့ အတူ သူ့အိမ်လည်း မီးထဲပါသွားခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလမှာ ကရင်သူပုန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသက်စွန့်ပြီး ဆောင်ရွက်ခဲ့ရတဲ့ အတွေ့အကြုံ လည်း ရှိပါတယ်။ ဦးနုရဲ့မှတ်ချက်ချအတိုင်း အလွန်ရိုးသားဖြောင့်မတ်ပြီး မေတ္တာရှေ့ထားစဉ်းစားတတ်သူလည်း ဖြစ်ပါတယ်။ ဒါတွေက ဦးသန့်ရဲ့ ပင်ကိုယ် အရည်အချင်းတွေပါ။ ဒီအရည်အချင်းတွေကို ဦးသန့်ဟာ ဗုဒ္ဓဘာသာဝင် တဦးအနေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်တိုင်းမှာ ဒီအရည်အချင်းတွေ ရှိနေတာလည်းမဟုတ်ပါ ဆိုတာကိုတော့ သတိပြုရပါလိမ့်မယ်။ ဦးသန့်က ဦးနုလို အယူသည်းမှုတွေ မပါရှိပါဘူး။ နတ်၊ ဗေဒင်၊ ပုတီးတွေ မပါပါဘူး။ ဦးသန့်မှာ သီလနဲ့ ပညာပိုင်းမှာ လူတကာထက် ပိုပါတယ်။ ဦးသန့်ကို ဗုဒ္ဓဘာသာဝင်တဦးလို့ ဆိုတာထက် “ဗုဒ္ဓဘာသာဝင်ကောင်းတဦး” လို့ “ကောင်း” ဆိုတဲ့ ၀ိသေသတလုံး တိုးဖြည့်ပြောမှ တခြားဗုဒ္ဓဘာသာဝင်တွေနဲ့ မရောမှာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင် ဦးသန့်ရဲ့ စွမ်းဆောင်မှုတွေကြောင့်
(၁) မြန်မာနိုင်ငံရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၂) မြန်မာလူမျိုးရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၃) ဗုဒ္ဓဘာသာရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၃) ကုလသမဂ္ဂကြီးရဲ့ ဂုဏ်လည်း မြင့်တက်ခဲ့ပါတယ်။

ဗိုလ်နေ၀င်းအစ ဗိုလ်သန်းရွှေအဆုံး ဗမာစစ်ဗိုလ်ချုပ်တွေကြောင့် ခုအခါမှာ မြန်မာနိုင်ငံရဲ့ဂုဏ်ရော ဗုဒ္ဓဘာသာရဲ့ဂုဏ်ရော၊ မြန်မာလူမျိုးရဲ့ဂုဏ်တွေ အထူးနိမ့်ကျခဲ့ရပါတယ်။ ဒီဂုဏ်တွေကို သူများက ဆည်ပေးလို့မရပါ။ ဦးသန့်ကို မနာလို တိုရှည် ဖြစ်နေလို့လည်း မပြီးပါ။ ဦးသန့်ဂုဏ်တွေကို ဖျက်ပစ်လို့လည်း မရပါ။ မိမိတို့မှာ ကျဆင်းနေတဲ့ ဂုဏ်ကို မိမိတို့ဘာသာ ပြန်လည်မြှင့်တင်မှသာ ရနိုင်ပါတယ်။

ဗိုလ်ချုပ်တွေအနေနဲ့ မိမိတို့ရဲ့ဂုဏ်ကို ဆည်ချင်ရင် အလွန်လွယ်ပါတယ်။ ဦးသန့် အမိန့်ရှိဖူးသလို စိတ်ထဲကလာတဲ့ ကိစ္စတွေကို စိတ်ထဲမှာပဲ အရင် ရှင်းရပါလိမ့်မယ်။ ဦးသန့်ကို မေတ္တာရှေ့ထားပြီး တိုင်းပြည်ငြိမ်းချမ်းသာယာဝပြော စေချင်ပါတယ်ဆိုတဲ့ စေတနာထားလိုက်ရင် အစစချောမောသွားပါလိမ့်မယ်။

စစ်ဗိုလ်ချုပ်တွေ လူတောမတိုးနိုင်ဖြစ်နေရတာကို ငါတို့ ဘုန်းကြီးလို့ သာမန်လူတွေ မဖူးနိုင်ကြဘူးလို့ ထင်မနေပါလေနဲ့။ မကောင်းတာလုပ်ရင် လူတွေက ကိုယ့်ကို ရှောင်ကြမယ်။ ကိုယ်တိုင်ကလည်း လူတောမတိုးဝံ့ ဖြစ်မယ်။ ကောင်းတာလုပ်ရင် ဦးသန့်လိုပဲ လူရာဝင် လူတောတိုးနိုင်ပါလိမ့်မယ်။ လူကောင်းတဦးကို “လူတောမတိုးစေနဲ့” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကျယ်ချုပ်၊ အကျဉ်းချုပ်ထားပေမယ့် လူတွေက တနေ့တခြား ပိုပြီးသာ ကြည်ညိုလာပါလိမ့်မယ်။ မကောင်းတဲ့လူကတော့ သူများအကျယ်ချုပ်မထားရဘဲ ကိုယ့်ဘာသာ အကျယ်ချုပ်ချကာ ခံနေရပါလိမ့်မယ်။

ဗိုလ်ချုပ်ကြီးတွေအားလုံး မေတ္တာပွားနိုင်ပါစေ။ တိုင်းပြည်ငြိမ်းချမ်းသာယာအောင် ဆောင်ရွက်နိုင်ကြပါစေ။ ကျနော်တို့ ကြည်ညိုစွာ အလေးပြုပါရစေ။

Wednesday, April 01, 2009

WE LIKE THIS - ( Where Is the Love... Black Eyed Peas )



" ငါတို့  မသေဘူး ရေကူးတတ်တယ် "

April.1 နေမှာ ဒါပဲ အမှတ်ရနေတယ်။

* စစ်ကျွှန်စနှစ်အောက်က သားကောင်များ *

စစ်ကျွန်စနစ်အောက်က သားကောင်များ။
















အချိန်ကား (၁၉၉၄) ခုနှစ်။

နေရာကား သန်လျင်တဘက်ကမ်း။

အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့ အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင် ၀မ်းနည်းဝမ်းသာခံစားနေရသည်။ ၀မ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ၀မ်းသာရသည်က ချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘ၀ကို ပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။ ခြောက်နှစ်ဆိုသောကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့ ပင်ပန်းရကျိုးနပ်ပါသည်။ သားလေးဆယ်တန်းအောင်သွားပြီ။ အကြော်သည် မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ် အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။


“အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ် ဆက်တက်နော်သား။ အမေထားပေးမယ်”

“အမေလဲ ပင်ပန်းနေပါပြီအမေရယ်။ အမေပိုက်ဆံ မကုန်အောင်လေ သားစစ်တက္ကသိုလ်ပဲ သွားတော့မယ်”

“ဘာ—-”

သားလေးရဲ့ စကားသံအဆုံးမှာ သူမတကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။ “အမယ်လေး၊ ကိုသောင်းမင်းရယ်”လို့သာ တမ်းတဟစ်အော်ပြီး ငိုလိုက်ချင်စိတ်ပေါက်သွားသည်။

“သားရယ်။ စစ်တက္ကသိုလ်တော့မသွားပါနဲ့။ မင်းအဖေသေရတာ စစ်တပ်က ပစ်တဲ့ သေနတ်ကျည်ဆံကြောင့်ဆိုတာ သားလဲသိသားနဲ့”

လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုးများကို ပြန်သတိရလာသည်။ ကိုသောင်းမင်းက ကုန်းလမ်းပို့ဆောင်ရေး (ကပရ)က ၀န်ထမ်း။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ဆန္ဒပြခဲ့ရင်း စစ်တပ်မှပစ်သော သေနတ်ကျည်သင့်ပြီး သေဆုံးခဲ့ရတာဖြစ်သည်။

“သားသိပါတယ်အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။ သားတက္ကသိုလ်တက်ပြီး ဘွဲ့ရတော့ကော အလုပ်ရမှာမှ မဟုတ်တာပဲ အမေရယ်။ အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရတက္ကစီမောင်းသမားတွေမှ အများကြီးရယ်။ စဘော်တင်စရာလေးရှိရင်တော့ တက္ကစီလေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာ စဘော်တင်စရာငွေတောင် ရှိတာမှမဟုတ်တာပဲ။ ပြီးတော့ အမေပင်ပင်ပန်းပန်း ရှာထားတဲ့ ငွေတွေနဲ့ ကျောင်းမတက်ပါရစေနဲ့ အမေရယ်။ အခုအချိန်မှာ စစ်တက္ကသိုလ်တခုတည်းပဲ ထွက်ပေါက်ရှိနေတာ”

“ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေကြိုးစားလာခဲ့သမျှဟာ လူသတ်သမားဖြစ်ဖို့ မဟုတ်ဘူးနော်။ မလုပ်ပါနဲ့”

“သားဆုံးဖြတ်ပြီးပြီအမေ။ သားဘ၀တက်လမ်းအတွက် ဒီအက်စ်အေကိုပဲသွားချင်တယ်”

(၂)

အချိန်ကား (၂၀၀၅) ခုနှစ်။

နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်။

“သမီး၊ ဆုံးဖြတ်ပြီးပြီလား”

မေမေ့ရဲ့ အေးစက်စက်အသံကြောင့် လင်းလင်းနွယ် မျက်နှာလေးငယ်သွားရသည်။ ချစ်သူက လက်ထပ်ချင်သည်ဆို၍ မေမေ့အား ပြောပြ အသိပေးရခြင်းဖြစ်သည်။ စစ်တပ်မှ အရာရှိငယ်လေးမို့ မေမေမငြင်းလောက်ပါဘူး ထင်ထားမိသည်။

“မေမေကသဘောမတူလို့လားဟင်”

“မတူရုံတင်မကဖူးသမီး။ အဲလိုလူစားမျိုးတွေနဲ့ မပတ်သက်ချင်ဘူး”

“ဘာဖြစ်လို့လဲမေမေ”

“မေမေဟာ ချမ်းသာကြွယ်ဝတဲ့မျိုးရိုးက ဆင်းသက်လာပေမယ့် လူတန်းစားလုံးဝ မခွဲတတ်တာ သမီးသိတယ်နော်”

“သိပါတယ်မေမေ”

“မေမေလူတိုင်းကို မေတ္တာထားနိုင်တယ်။ ဒါပေမယ့် အဲဒီအထဲမှာ ဒီလိုလူတွေမပါဘူး။ လူသတ်သမားတွေ မပါဘူး”

မေမေ့ မျက်ဝန်းထဲက နာကြည်းမှု အရိပ်တွေကို မြင်တွေ့နေရတာမို့ သူမမှာ အသံပင်မထွက်ရဲ။

“လူနာတွေကို မေမေသိပ်ချစ်တယ်သမီး။ မေမေတို့ဆရာဝန်၊ ဆရာမတွေ အလုပ်ဆိုတာက လူနာတွေကို ကယ်ဖို့။ ဆေးရုံဆိုတာ လူ့အသက်တွေကို တတ်နိုင်သမျှ ကြိုးစားကယ်တင်နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စစ်တပ်ဟာ လူ့အသက်တွေကို ကယ်တင်နေတဲ့ ဆေးရုံဝင်းထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတယ်။ လူသတ်ပွဲတွေကို ရပ်ပါတော့လို့ တောင်းဆိုခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေကို သွေးအေးအေးနဲ့ သတ်ပစ်ခဲ့ကြတယ်။ ဒီမြင်ကွင်းတွေကို မျက်ဝါးထင်ထင် တွေ့ထားရတဲ့ မေမေဟာ ဒီလိုလူမျိုးတယောက်ကို ကိုယ့်မိသားစုထဲ အ၀င်မခံနိုင်ဘူးနော်သမီး”

“မေမေရယ်။ အဲဒီတုန်းက ကိုကိုတို့ပါခဲ့တာမှမဟုတ်တာ။ အခုတပ်မတော်ကြီးကလဲ ပြောင်းလဲနေပါပြီ မေမေရဲ့။ အရင်လိုမဟုတ်တော့ပါဘူး”

“တော်စမ်းလင်းလင်းနွယ်။ မင်းသားခေါင်းဆိုတာ ဘယ်လောက်ကြာကြာ စွပ်ထားနိုင်မှာတဲ့လဲ။ မေမေတခွန်းပဲ ပြောမယ်နော်သမီး။ လုံးဝသဘောမတူနိုင်ဘူး။ ယောက်ျားမရှားပါဘူးသမီးရယ်။ သမီးကြိုက်တယ်ဆိုရင် လမ်းဘေးက ဆိုက်ကားသမားကို ရွေးလာလဲ မေမေသဘောတူမယ်။ ဒါနောက်ဆုံးပြောတာ”

အင်မတန်ပြတ်သားထက်မြက်လှသော မေမေ့ကို သူမ ဘာမှပြန်မပြောရဲတော့ပါ။ သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့ သူမဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တဦးတည်းသော သမီးလေးကို မေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။

(၃)

၂၀၀၇ ခုနှစ်၊ မတ်လ။

တပ်ရင်း ( ) အရာရှိအိမ်ယာ။

“မင်းကို ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ”

“အဲလိုပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို”

“ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန်နားကပ်ကြီးကို ပြောနေတာ”

“ဒါဘာထူးဆန်းလို့လဲကိုကို။ စိန်အပါးဝိုင်းနားကပ်။ ကျွန်မတို့ မျိုးရိုးစဉ်ဆက် ဒီလိုပဲ ၀တ်ခဲ့ကြတာပဲ။ အခမ်းအနားပဲကိုကို။ ၀တ်မှာပေါ့”

“မင်းဝတ်ထားတာတွေကြည့်ပြီး၊ တပ်ရင်းမှူးကတော် ဘယ်လောက်မျက်နှာပျက်နေတယ်ဆိုတာ မင်းမမြင်ဘူးလား”

“ဘယ်တတ်နိုင်မှာလဲကိုကို။ ကိုယ့်ရှိလို့ကိုယ်ဝတ်တာပဲ။ ပြီးတော့ ဒါက သူတို့လို မတရားသဖြင့် စီးပွားရှာလာဘ်စားပြီး၊ ရထားတဲ့ ရတနာတွေမှမဟုတ်တာ။ မိဘအမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ”

“မင်းစကားတွေ ဘယ်ရောက်နေလဲဆိုတာ မင်းသိသင့်တယ်နော်။ မင်းအခုနေနေတာ စစ်တပ်ကွ။ မင်းယူထားတဲ့ ယောက်ျားက စစ်သား”

“ဘာလဲကိုကို။ စစ်တပ်ဆိုတာ ဒီလိုကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့နေရာမျိုးလား။ ယောက်ျားရဲ့ အထက်အရာရှိ မိန်းမတွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာလေးကိုတောင် ထုတ်မ၀တ်ရတဲ့ နေရာမျိုးလား”

“စစ်တပ်ဆိုတာ အထက်လူကြီးတွေကို ရိုသေလေးစားရတဲ့ နေရာမျိုးကွ။ လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို သိရတယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။ လူကြီးကတော်က စိန်ဝင်ရင် ကိုယ်က ရွှေပဲဝတ်ရမယ်။ သူတို့ကို တုပြိုင်သလိုမျိုး ဘယ်တော့မှမဖြစ်ရဘူး”

“တော်စမ်းပါကိုကိုရာ။ အဲဒီသြ၀ါဒတွေကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။ မပြောချင်လို့ ကြည့်နေတာနော်ကိုကို။ ကျွန်မပညာတတ်မိန်းမ။ ပညာ၊ ဥစ္စာရှိပေမယ့် ကျွန်မမမောက်မာဘူး။ ဘယ်တုန်းကမှ လူတဘက်သားကို နှိမ့်ချမဆက်ဆံဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့ လူကြီးမိန်းမတွေရဲ့ မောက်မာမှုတွေကို သည်းခံနေတာနော်။ လူကြီးကတော်ဆိုတာတွေကို ခြေသလုံးဖက် ဒူးတုပ်ခယနေရတဲ့ဘ၀ကို သိပ်ပြီး ကျေနပ်လွန်းတယ်မထင်နဲ့”

“မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။ ဗိုလ်ကြီးကျော်စွာမင်းရဲ့ မိန်းမ။ ဒီတော့ ငါ့အထက်က အရာရှိကတော်တွေအားလုံးဟာ မင်းရဲ့ အထက်လူကြီးတွေပဲ။ ရိုသေလေးစားရမယ်။ ခိုင်းတာလုပ်ရမယ်။ ဒါပဲ”

“ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မကိုက ကျွန်ယောက်ျားကို ယူခဲ့မိတာကိုး။ ကျွန်မိန်းမပဲဖြစ်ရတော့မှာပေါ့”

သူမရဲ့ ပေါက်ကွဲအော်ဟစ်သံအဆုံးမှာ ဗိုလ်ကျော်စွာမင်းရဲ့ လက်က လေထဲသို့မြောက်တက်သွားသည်။

“မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း”

သူမမျက်စိပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့အသံက ထွက်ပေါ်လာခဲ့သည်။ သမီးကို စိတ်မချသူ မေမေက ဆေးခန်းအပြန်ဆို တခါတလေ ၀င်လာနေကျ။

“မင်းကိုဒို့က ယောက်ျားကောင်းတယောက်လို့ ထင်ထားတာ။ လက်စသတ်တော့ တကယ့် လူဖျင်းလူညံ့ပါလား”

“လင်မယားကြားမှာ ၀င်မပါချင်ပါနဲ့ အန်တီ”

“ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာ ဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေတယောက်မှာ တာဝန်ရှိတယ်”

“အန်တီ့သမီးမှာ ဘာအန္တရာယ်မှ ကျရောက်နေတာမဟုတ်ဘူး။ မလိမ္မာလို့၊ လူအရိပ်အကဲနားမလည်လို့ ကျွန်တော်က ဆုံးမနေတာ”

“ဒို့သမီးကို လူရာဝင်အောင် အမေတယောက်အနေနဲ့ ဆုံးမလမ်းညွှန်ခဲ့ပြီးသား။ လူအရိပ်အကဲ ဆိုတာကိုလဲ သူနားလည်တယ်။ သူ့အခွင့်အရေးကိုလဲ သူနားလည်တယ်။ ဧည့်ခံပွဲဆိုတာကို ဘယ်လိုဝတ်စားသွားရမယ်၊ အသုဘဆိုတာကို ဘယ်လို ၀တ်စားသွားသင့်တယ်ဆိုတာလဲ သူသိတယ်။ အေး- တခုတော့ရှိတယ်။ ကျွန်ခံနည်းကိုတော့ ဒို့မသင်ပေးခဲ့ဖူးဘူး”

“အန်တီက ကျွန်တော့်ကို စော်ကားနေတာလား”

“မင်းအကြောင်းမင်းသိမှာပေါ့။ ကိုယ့်မိန်းမတယောက်ကို သူတပါးရှေ့မှာ ဒူးတုပ်ခစားဖို့ ကျွန်ဇာတ်သွင်းနေတဲ့ ယောက်ျားမျိုး ဒို့တသက်မှာ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ကိုယ့်မိန်းမကိုယ် မကာကွယ်ပေးနိုင်ပဲ အိမ်တွင်းအကြမ်းဖက်မှုလုပ်နေတဲ့ ယောကျာ်းတယောက်လက်ထဲမှာ ဒို့သမီးကို ဘယ်လိုစိတ်ချရမလဲ”

မေမေနဲ့ သူ စကားပြောနေစဉ်မှာ သူမခေါင်းထဲတွင် အတွေးများ ရှုပ်ယှက်ခတ်နေသည်။ သူ့ကိုချစ်တာမှန်ပေမယ့် ဒီလိုဒဏ်တွေကို သူမမခံနိုင်။ မဆီမဆိုင် သူတပါးအောက်ကျို့နေရသည့် ဘ၀ကိုလဲ သူမစိတ်ကုန်လှပါပြီ။ ကြီးနိုင်ငယ်ညှဉ်းဖြစ်ရပ်များစွာကိုလဲ သူမတွေ့နေခဲ့ရပြီ။ အထက်လူကြီးကတော် ခြေသလုံးကို နှိပ်ပေးရတဲ့အကြိမ်များလဲ မနည်းတော့။ ယောက်ျားများ အလုပ်သွားနေစဉ်၊ အရာရှိငယ်မိန်းမများကို အိမ်ခေါ်ပြီး ညစ်ညမ်းခွေများပြနေသည့် လူကြီးကတော်ကလဲ ရှိသေးသည်။ စကော့ဈေးခေါ်သွားပြီး သူတို့ စမောလေးများနှင့် ချိန်းတွေ့သည်ကို မဆီမဆိုင် အဖော်လိုက်ပေးရသည်ကလဲ ရှိသေးသည်။ အထက်ကိုဖားပြီး အောက်ကိုဖိရသည်ကိုလဲ ရွံ့မုန်းလှပြီ။ သူမတသက်လုံး အိမ်ဖော်တွေရဲ့ ကြီးလှခဲ့တာဆိုပေမယ့် ပိုက်ဆံပေးပြီး အကူအညီ ခေါ်ထားခဲ့ခြင်းသာဖြစ်သည်။ အခုကျတော့ သူတို့ယောက်ျား စစ်သားဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီးအိမ်က ခေါ်ခိုင်းလိုက်၊ အရာခံဗိုလ်အိမ်ကခေါ်ခိုင်းလိုက်၊ အရာရှိအိမ်က ခေါ်ခိုင်းလိုက်လုပ်တာကို ခံနေကြရရှာသည်။ လက်အောက်က စစ်သားမိန်းမများ ဘ၀ကိုလဲ သနားလှသည်။

“ကျွန်မတခုပြောမယ်ကိုကို။ ထမင်းတလုတ်ရှာစားဖို့ဆိုတာ မခက်ခဲပါဘူး။ ကိုကိုတပ်ကနေ ထွက်လိုက်ပါ။ ကျွန်ခံပြီး စားရတဲ့ ထမင်းကို မက်မနေစမ်းပါနဲ့”

“မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်နော်။ ကဲ-အန်တီ။ မြန်မြန်ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယားချင်းကိစ္စ အချင်းချင်းရှင်းပါရစေ”

“ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလိုလူတယောက် လက်ထဲမှာ ဒို့သမီးကို ထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး -လာ။ မေမေနဲ့လိုက်ခဲ့”

မေမေ့ခေါ်သံအဆုံးမှာ သူမအခန်းထဲဝင်ပြီး ပစ္စည်းသိမ်းမိခဲ့တော့သည်။ လွတ်လပ်သော မိသားစုဘ၀လေးကိုသာ သူမလိုချင်ခဲ့ခြင်းဖြစ်ပါသည်။ အိမ်ထောင်လေးတခါပြုမိကာမှ အိမ်ထောင်သည် ယောက်ျားကိုသာမက ရှိသမျှ လူအားလုံးရဲ့ ကျွန်သဘောက်ဖြစ်နေခဲ့ရသည်ကို သူမဘ၀င်မကျပါ။ မရီမပြုံးချင်ပဲ ဟန်ဆောင်ပြုံးပြနေရသည့် ဘ၀တွေကိုလဲ သူမငြီးငွေ့လှပြီ။

(၄)

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။

သန်လျင်တဘက်ကမ်း။

ဒေါ်အေးစိန်တယောက် ဘုရားရှိခိုးပြီး မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်နေမိသည်။ တာဝန်ထမ်းဆောင်နေသော သားလေးဘေးအန္တရာယ်ကင်းဝေးဖို့ကိုလည်း ဆုတောင်းနေမိသည်။ သားလေးတပ်က ရန်ကုန်မှာဆိုပေမယ့်၊ မိသားစုအိမ်လေးကို မခွာရက်တာကြောင့် သားလေးနှင့် သွားမနေဖြစ်ပါ။ တလတခါ ရောက်ရောက်လာတဲ့ သားလေးနဲ့ ချွေးမကိုပဲ အိမ်ကနေ စောင့်စားတွေ့ရတော့သည်။ အခုတလောတော့ ဘာဖြစ်တယ်မသိ။ လူတွေပေါ်မလာပဲ ငွေပဲ ရောက်ရောက်လာတတ်သည်။ နေထိုင်ပဲ မကောင်းလို့လား။

“ဒေါ်ကြီးစိန်ရေ။”

ရပ်ကွက်ထဲက မောင်အေးအိမ်ပေါ်တက်လာတာကြောင့် ဧည့်ဝတ်ပြုရသည်။ ဒီသူငယ်လေးက ရပ်ကွက်ထဲက လူမှုရေးကိစ္စမှန်သမျှ တက်တက်ကြွကြွပါဝင်တတ်သည်။ သူမကိုလဲ အသက်ကြီးအမယ်အိုဆိုပြီး စောင့်ရှောက်ပေးသည်။ အင်တာနက်ဆိုလား၊ ဘာဆိုလားတော့မသိ။ ကော်ဖီဆိုင်လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီးကိုလဲ ဖွင့်ထားသေးသည်။

“ဒေါ်ကြီးရယ်။ ဒေါ်ကြီးသား၊ ကိုကျော်လုပ်ရက်တယ်ဗျာ”

“ဟေ”

သားအသံကြားတော့ သူမသေချာနားစွင့်မိသည်။ မောင်အေးမျက်လုံးမှာ မျက်ရည်စတွေကို တွေ့လိုက်ရတာကြောင့် စိတ်ထဲမကောင်းဖြစ်သွားသည်။ ဘာများဖြစ်လို့ပါလိမ့်။

“ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီးကို သေချာပြောပြမှပေါ့”

“အခုတလော ရန်ကုန်မှာ ဘုန်းကြီးတွေ မေတ္တာပို့ ဆုတောင်းပွဲတွေ လုပ်ကြတယ်ဒေါ်ကြီး။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဖို့အတွက် လမ်းလျှောက်ပြီး မေတ္တာပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံဘုရားပေါ်မှာ မေတ္တာပို့ဝတ်ပြုနေတဲ့ ဘုန်းကြီးတွေကို ခေါင်းရိုက်ခွဲပြီး သတ်ကြတယ်။ သံဃာတော်အများကြီးကိုလဲ စစ်ကားကြီးတွေနဲ့ ဖမ်းခေါ်ကြတယ်။ လမ်းပေါ်မှာလဲ လူတွေနဲ့ သံဃာတွေနဲ့ကို သေနတ်တွေနဲ့ပစ်၊ ဒုတ်တွေနဲ့ရိုက်ကြတယ်”

“ အို-ဘုရား။ ဘုရား။ မကြားရက်စရာတွေ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလိုတွေဖြစ်နေတယ်ဟုတ်လား။ ရွှေတိဂုံဘုရားပေါ်မှာ ၀တ်ပြုနေတဲ့ သံဃာကို ခေါင်းရိုက်ခွဲသတ်တယ်၊ ဟုတ်လား။ တိရစ္ဆာန်တွေ၊ လူစင်စစ်က ပြိတ္တာဖြစ်မယ့်ဟာတွေ”

“ဟုတ်တယ်ဒေါ်ကြီးရယ်။ ကြားရတဲ့လူတိုင်းလဲ ငိုယိုမျက်ရည်ကျနေကြရတယ်။ လူမဆန်ဘူးဗျာ။ လူတွေမဟုတ်ဘူး။ ပိုပြီးဆိုးတာက။ ဒီမှာကြည့်ပါဦးဒေါ်ကြီးရာ။ အင်တာနက်မှာ ပါလာတဲ့ဓာတ်ပုံ။ အဲဒါတွေကို စီစဉ်ကွပ်ကဲနေတဲ့ စစ်ဗိုလ်က ကိုကျော်မှကိုကျော်အစစ်ဗျ။ ဒေါ်ကြီးသားကိုကျော်ဗျ”

မယုံနိုင်စရာ ပုံရိပ်ကိုကြည့်ရင်း သူမကြက်သေသေသွားသည်။ ဒါဟာ သူမမွေးထုတ်ခဲ့တဲ့ သားတဲ့။ ဒါဟာ သူမအကြော်ဆီပူအိုးဘေးမှာ နှစ်ပေါင်းများစွာ အပူခံပြီး ပညာသင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာ ဘုရားသားတော်တွေကို စော်ကားသတ်ဖြတ်နေတဲ့သားတဲ့။ ဘုရား။ ဘုရား။

ဘုရားစင်ရှေ့သို့ သူမပြေးသွားလိုက်သည်။

“အရှင်ဘုရား။ ဒီလိုသားဆိုးသားမိုက်ကို လူလားမြောက်စေခဲ့တဲ့ တပည့်တော်မကို ခွင့်လွှတ်ပါဘုရား”

(၅)

(၂၀၀၇) အောက်တိုဘာလ။

စင်ကာပူနိုင်ငံ။

မွေးဖွားပြီး ဆေးရုံမှဆင်းလာကာစမို့ သူမတကိုယ်လုံးနွမ်းနယ်နေသည်။ ကိုကိုနဲ့ လမ်းခွဲခဲ့စဉ်ကတည်းက သူမဆီမှာက ကိုကို့ကိုယ်ဝန်ပါလာခဲ့သည်။ သမီးကို အင်မတန်ချစ်တာမို့ မေမေက စင်ကာပူအထိ တကူးတက ခေါ်လာပြီး မွေးဖွားပေးခဲ့သည်။ သားလေးကိုတွေ့တော့ ကိုကို့ကို သတိရသွားသည်။ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတော့ ပို့ပေးဦးမှ။ သားလေးကိုမြင်ရင် ကိုကို့စိတ်တွေပြောင်းလာမှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမတို့မိသားစုနဲ့ နေချင်လာမှာပါ လို့ တွေးလိုက်မိသည်။

“သမီးအွန်လိုင်းတက်လိုက်ဦးမယ်နော်မေမေ”

သူမကပြောတော့ မေမေက အလိုက်တသိပဲ သားငယ်လေးကို လာချီပေးသည်။ ကံအကြောင်းမလှသော သမီးလေးကို မေမေက အစွမ်းကုန်အလိုလိုက်လေသည်။

သူမအီးမေးလ်ထဲသို့ မ၀င်စဖူး အီးမေးလ်တွေ အများကြီးရောက်နေတာကြောင့် အံ့သြသွားမိသည်။ ဘာတွေများ ဖြစ်နေသလဲ။ သိပ်မကြာလိုက်ပါ။ အခြေအနေတွေကို သူမသတိပြုမိသွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forward လိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာလိုက်ကြတာ။ မိုက်ရိုင်းလိုက်ကြတာ။ သူမရင်ထဲက မခံချင်စိတ်များသည် နောက်ထပ်အီးမေးလ်တစောင်ကို ဖွင့်ကြည့်မိသည့် အချိန်မှာတော့ အဆုံးစွန်သို့ ရောက်သွားတော့သည်။

“တိရစ္ဆာန်ကောင်။ တိရစ္ဆာန်။ အဲလိုလူမျိုးဟာ ငါ့ယောက်ျားတဲ့လား။ ငါ့သားရဲ့ အဖေတဲ့လား”

သူမအသံ ဘယ်လောက်ကြာသွားသည်မသိ။ မေမေက ပျာပျာယာယာနဲ့ သူမအနီးသို့ရောက်လာသည်။

“မေမေရယ်။ သူ-”

ဘာမှဆက်မပြောနိုင်တော့ပဲ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်နေသည်။ မျက်ရည်များက အလိုလို လိမ့်ဆင်းကျလာသည်။

မေမေက သူမခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

“မေမေသိပြီးပါပြီသမီးလေးရယ်။ မေမေအားလုံးကို မြင်တွေ့ခဲ့ပြီးပါပြီ။ ဆေးရုံမှာတုန်းက သမီးလေးကို တမင်ပြောမပြခဲ့တာပါ”

“မေမေရယ်။ သားလေးက သူ့ရဲ့ရင်သွေးတဲ့။ သမီးဘယ်လို—-”

သူမရဲ့ နှုတ်ခမ်းကို မေမေက လက်ချောင်းလေးများဖြင့် အုပ်ကာလိုက်သည်။

“အဲလိုမပြောပါနဲ့ သမီး။ ကလေးလေးမှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်တော့ သားသမီးတွေဟာ သူတို့မိဘကို ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေ မရှိကြရှာပါဘူး။ သိပ်သနားဖို့ကောင်းတဲ့ ကလေးလေးတွေပါ။ လူဖြစ်မယ်မကြံသေးဘူး။ မိဘရဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံကြရရှာတာပါ။ လောကမှာ ယုတ်မာမိုက်ရိုင်းတဲ့ ဖခင်က မွေးလာတဲ့ ကလေးလေးတွေအားလုံး ဖအေတူဖြစ်လာမယ်ဆိုတဲ့ နိယာမမရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်းရဲ့ ဖခင်ဟာ လူကောင်းလား၊ လူဆိုးလား မေမေတို့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် သူ့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့တာဟာ သူ့မိဘမဟုတ်ဘူးသမီး။ စနစ်လေ။ သူဟာ စနစ်ရဲ့ သားကောင်ဘ၀၊ စစ်ကျွန်ဘ၀ကို သွတ်သွင်းခံလိုက်ရတာပါ။ သူ့မိဘနဲ့ မဆိုင်ပါဘူး။ ဒီလိုပဲ အခုသမီးရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေးဟာလဲ သူ့အဖေလိုပဲ ဖြစ်လာမယ်လို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲကွယ်။ ဒါမျိုးတွေ မတွေးပါနဲ့ သမီးရယ်။ မြေးလေးကို သူ့အဖေရဲ့ အရိပ်မည်းတွေ မရှိတဲ့နေရာမှာ ပြုစုပျိုးထောင်ပေးကြရမယ်။ မေမေ့မြေးလေး တသက်လုံး စစ်ကျွန်မဖြစ်စေရဘူး။ သမီးနားလည်တယ်နော်”

မေမေ့စကားသံအဆုံးမှာပဲ အခန်းထဲက သားလေးငိုသံကြားတော့ သူမအပြေးအလွှား သွားရောက်ပွေ့ချီမိလေသည်။ သားလေးကို ချီထားရင်း သူမပြောမိတဲ့စကားက

“မေမေ့သားလေး ဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး” ဟူသတည်း။

----------------

ဖြစ်ရပ်မှန်ဝတ္ထုလေးပါ။

(ရေးသားသူ - ထက်ရည်လင်း)။


(တတိယမျက်လုံး http://thirdeye4u.22web.net/ မှ ပြန်လည်ရယူဖေါ်ပြခြင်း ဖြစ်ပါတယ်) ။

´