{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Sunday, February 15, 2009

မြန်မာရှေဟောင်းပစ္စည်းတွေ ဒီလိုခိုးထုတ်ပါတယ်။(Click)

မြန်မာရှေးဟောင်းပစ္စည်းတွေ ဒီလိုခိုးထုတ်ပါတယ်
(သတင်းဆောင်းပါး)
ရဲရင့်မြင့်မောင်/ ၁၃ ဖေဖော်ဝါရီ ၂၀၀၉




- မြန်မာနိုင်ငံတွင် စစ်အစိုးရများအဆက်ဆက် စီးပွားရေးတောက်လျှောက်ကျဆင်းလာပြီး လူမူရေးဘက်မှာ လည်း အကျင့်စာရိတ္တပျက်ပြားမှုများ တိုးမြင့်လာသည့်အပြင် မြန်မာစစ်အစိုးရများကလည်း ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေး၊ သာသနာစောင့်ထိန်းရေးပိုင်းများတွင် လစ်ဟင်းညံ့ဖျင်းမူများ ရှိလာသည်။ နောက်ဆက်တွဲ အဖြစ် မြန်မာပြည်မှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်းပစ္စည်းများမှာ နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င်ခိုးထုတ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း မြန်မာအာဏာပိုင်များအဆင့်ဆင့် ပါဝင်ပတ်သက်မူကြောင့် ယနေ့ထိတိုင် အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ပုံမှန်လုပ်ကိုင်လျက်ရှိကြသည်။

- ထိုင်း-မြန်မာနယ်စပ်တလျှောက်မှ ထိုင်းဘက်သို့ ရှေးဟောင်းပစ္စည်းများ တရားမ၀င်တင်သွင်းရာတွင် မြန်မာအာဏာပိုင်များနှင့် ထိုင်းအာဏာပိုင်များကိုလည်း ညှိနှိုင်းထားရကြောင်း၊ ညှိနှိုင်းမူမရှိဘဲ ခိုးသွင်းပါက ထိုင်းအကောက်ခွန်ဌာနက ပစ္စည်းများသိမ်းယူပြီး ရှေးဟောင်းပစ္စည်းများ ဟုတ်မဟုတ် စစ်ဆေးပြီးနောက် တရားဝင်လေလံတင်၍ ပြန်လည်ရောင်းချကြောင်း ရှေးဟောင်းကုန်သည်တဦးက ရှင်းပြသည်။

- “မြ၀တီကတဆင့် ရှေးဟောင်းပစ္စည်းတွေကို ညဘက်လူခြေတိတ်ချိန်မှာ လှေတွေနဲ့ ထိုင်းဘက်ကို ပို့ရတယ်။ ကိုယ့်ဆီက ကိုယ်တော်တွေကို ပေးရသလို ထိုင်းဘက်က ကိုယ်တော်တွေကိုလည်း ပေးရတာပဲ။ အဲလိုမလုပ် လို့ကတော့ အချုပ်ရောက်၊ ဂတ်ရောက်၊ ထောင်ရောက်နဲ့ တော်ရုံနဲ့ နာလန်ပြန်ထူနိုင်မှာ မဟုတ်ဘူး။ ရှေးဟောင်းပစ္စည်းသယ်တဲ့ မြန်မာကုန်သည်တွေ ထိုင်းမှာ နှစ်ရှည်ထောင်ဒဏ်ကျနေတာတွေ အများကြီးရှိတယ်” ဟု ရှင်းပြသည်။

- ၎င်းက “အခုနောက်ပိုင်း ရှေးဟောင်းဘုရားတွေ ရှာရတာခက်သွားပြီး ဘုရားဝယ်တဲ့သူတွေလည်း ရှေးဟောင်း လူသုံးကုန်တွေဘက်ကို လမ်းကြောင်းပြောင်းပြီး အလုပ်လုပ်ကြရတယ်။ ရှေးဟောင်း တိုင်ကပ်နာရီ ဘီဒို၊ စားပွဲ၊ ကုလားထိုင်၊ တရားဟောပလ္လင်၊ တူရိယာပစ္စည်း၊ ရုပ်သေးရုပ်နတ်ရုပ်တွေ ဘက်ကို ပြောင်းလုပ်ကြတယ်။ ဒါတွေကြတော့ တနိုင်ငံလုံးမှာ လိုက်ဝယ်လို့ရတာကိုး၊ ရန်ကုန်မှာ စုထားပြီး ကားတွေနဲ့ မြ၀တီဘက်ကို သယ်ရ တယ်။ အားလုံးအေးအေးဆေးဆေးသယ်လို့ရတယ်။ ဘာပြဿနာမှ မရှိဘူး။ လမ်းခရီးမှာ ဒီလောက်များတဲ့ ဂိတ်တွေကို ဖြတ်ဖို့အတွက် ကြိုတင်ဆက်သွယ် ပေးကမ်းထားတာမရှိရင် ဘယ်လိုမှ ခရီးမပေါက်နိုင်ဘူး” ဟု ပြောသည်။

- မြန်မာနိုင်ငံတွင် ပြည်ပသို့ လက်မှုထည်များတင်ပို့ရာတွင် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း လိုင်စင်များ လျှောက်ထားရပြီး ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း ကတိခံဝန်ချက်ဖြင့် လျှောက်ထားရန်လိုသည်ဟု ပို့ကုန် လုပ်ငန်းဌာနမှ သတ်မှတ်ထားသည်။ လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ ရှေးဟောင်းနှင့် လက်မှုပစ္စည်းများ တင်ပို့ရခြင်းနှင့်ပတ်သက်၍ မြန်မာရှေးဟောင်းပစ္စည်းကုန်သည်တဦးက “ဥပဒေကတော့ အမျိုးမျိုးပြောင်းနေ တာပဲ။ အရင်ကဆိုရင် လက်မှုပစ္စည်းတင်ပို့မှုကို ရှေးဟောင်းသုတေသနဦးစီးဌာနရဲ့ ထောက်ခံချက်ယူရတယ်။ အခုမလိုတော့ဘူး။ ဒါပေမယ့် လိုင်စင်လျှောက်ရင်တော့ ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်းကိုတော့ ၀န်ခံလက်မှတ်ရေးထိုးရတယ်။ ဒါကလည်း တကယ်အလုပ်မဖြစ်တဲ့ကိစ္စကြီးပါ။ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေဟာ သူ့နည်းသူ့ဟန်နဲ့ အောက်လမ်းကနေပဲ နယ်စပ်ကိုထွက်နေတာပါ။ တနိုင်ငံလုံးက အာဏာပိုင်တွေ ပါဝင်ပတ်သက်လို့ မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်းတွေအများစုဟာ ထိုင်းနိုင်ငံကတဆင့် အခြားနိုင်ငံ အတော်များများကို ရောက်သွားတာ ကုန်သလောက်ဖြစ်နေပြီ” ဟု ပြောသည်။

- ယခုနှစ်ဆန်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်တွင် “ဗုဒ္ဓဘား” အမည်ရှိ အဆင့်မြင့် ယမကာဆိုင် ဖွင့်လှစ်ခဲ့ရာ မြန်မာလက်ရာဟုယူဆရသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးတဆူအပါအ၀င် မြန်မာ၊ ထိုင်း ရုပ်ပွားတော်များကို ဆိုင်ခန်းအပြင်အဆင်အဖြစ် ချထားပုံကို တိုင်းမ်မဂ္ဂဇင်းတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည့်အတွက် ပြဿနာတွေ တက်ခဲ့ဖူးသည်။

- မဲဆောက်၊ မြ၀တီ ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်းအောက်ရှိ မြန်မာရှေးဟောင်းပစ္စည်းအရောင်းဆိုင်တွင် တလလျှင် အနည်းဆုံးသုံးလေးကြိမ်ခန့် မြန်မာနိုင်ငံဘက်မှာ မြန်မာဘုန်းတော်ကြီးများ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်အသေးလေးများ လာရောက်ရောင်းချရာ နှစ်လက်မ၊ သုံးလက်မ ရုပ်ပွားတော်တဆူလျှင် ဘတ်ငွေ (၁,၀၀၀) မှ (၂,၀၀၀)အထိ ရရှိကြသည်။

- အချို့မြန်မာဘုန်းကြီးများမှာ ဈေးမတည့်ဘူးဟုဆိုကာ ချစ်ကြည်ရေးတံတားအနီးရှိ ရှေးဟောင်းဆိုင်များသို့ တဆိုင်ဝင်တဆိုင်ထွက် လိုက်လံရောင်းချရာ ရှေးဟောင်းဆိုင်များတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာ အလုပ်သမားများက “တကယ်မျက်နှာပူဖို့ကောင်းတယ်ဗျာ။ လူပုဂ္ဂိုလ်တွေလုပ်တာက တမျိုးပေါ့၊ အခုလို သင်္ကန်းဝတ်တဲ့ မြန်မာဘုန်းကြီးတွေ ဒီကိစ္စမျိုးမလုပ်သင့်ဘူး။ အဲ့ဒီဘုန်းကြီးတွေကို ဘာလို့ဘုရားလာ ရောင်းရတာလဲလို့ လျှောက်တော့ ကျောင်းဝေယျာဝစ္စအတွက် ကျောင်းပြင်ဖို့ ဘုရားတည်ဖို့ ဆိုပြီး အလှူလာခံ တာပါလို့ ပြောတယ်။ အင်မတန်ကို ရှက်ဖို့ကောင်းပါတယ်” ဟု ပြောသည်။

- ယခင်က မဲဆောက်မြို့တွင် ရှေးဟောင်းဘုရားများ လာရောင်းသည့် မြန်မာဘုန်းတော်ကြီးများနှင့် အခကြေးငွေ ယူ၍ စိတ်ကြွဆေး ခေါ် (ယာဘ) ဆေးပြားများ အလုံးရေသိန်းနှင့်ချီ၍ သယ်ဆောင်ပေးသော မြန်မာဘုန်းကြီး များကိုလည်း မဲဆောက်အာဏာပိုင်များက ဖမ်းဆီးရမိခြင်းများ ရှိခဲ့သည်။

- မြ၀တီခရိုင်၊ မြ၀တီမြို့ရှိ မိကျောင်းကုန်းဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဝိရောဇနသည် ခရိုင်သံဃာ့နာယကအတွင်းရေးမှူးနှင့် ခရိုင်သံဃာ့စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံဖြစ်သော်လည်း မြ၀တီမြို့သို့ ကြွရောက်လာသည့် သာသနာဝင်များအား ကြီးကြပ်မှု အားနည်းပေါ့လျော့နေသည့်အတွက် သံဃာ့ဝိနည်းနှင့် ကိုက်ညီမူမရှိဘဲ ဘာသာရေးကို ဗန်းပြ၍ ထိုင်းနိုင်ငံသို့ ကိုယ်ကျိုးအတွက် လာရောက်ကြ သည့် ရဟန်းနှင့်သီလရှင်များအား သာသနာအကျိုးမျှော်ကိုး၍ ကြပ်မတ်စစ်ဆေးသင့်သည်ဟု မြ၀တီမြို့ခံတဦးက ပြောသည်။

- မြ၀တီမြို့မှ ထိုင်းဘက်သို့ ရှေးဟောင်းပစ္စည်းပို့သည့် မြန်မာအလုပ်သမားခေါင်းဆောင်တဦးက “ထိုင်းသူဌေးတွေက သူတို့ကားတွေနဲ့ အရန်သင့်လာစောင့်တယ်။ ပစ္စည်းကိုတော့ ညဘက်ပဲ သယ်ရတယ်။ နှစ်ဖက် အာဏာပိုင်တွေကိုတော့ ညှိထားပြီးသားဖြစ်တယ်။ ပစ္စည်းရောက်တာနဲ့ တခါတည်းသယ်သွားတာပဲ။ တချို့ဆိုရင် ကျနော်တို့မတွေ့ဖူးတဲ့ လူနှစ်ဖက်စာလောက်ရှိတဲ့ ရှေးဟောင်းမောင်းကြီးတွေ၊ ပေစာထုပ်တွေ၊ ကြေးစည်ကြီးတွေအစုံပဲ။ အဲဒီအပေါ်မှာ ကဗ္ပည်းထိုး ထားတာ ပါဠိလိုချည်းပဲ၊ တကယ်နှမြောဖို့ကောင်းတယ်။ ဒါပေမယ့် ငါ့ဝမ်းပူဆာမနေသာ ကိန်းဆိုက်ကုန်ပြီး အခုလိုထိုင်းဘက်ကို ရှေးဟောင်းပစ္စည်းတွေပို့တာ။ အဆက်အသွယ်မရှိလို့ကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူသွင်းရင်တောင် ထိုင်းကာစတန်က ဖမ်းတယ်။ ဒီလိုရှေးဟောင်းတွေ ကျတော့ ညဘက် ဘယ်သူမှစစ်တာဆေးတာ မရှိဘူး။ ဟိုဘက်ဒီဘက် မီးစိမ်းပြဖို့ပဲလို တယ်။ အခု နောက်ပိုင်း ရှေးဟောင်းဘုရားဆင်းတုတော်တွေက နည်းသွားပေမယ့် လူသုံးကုန်တွေကတော့ ဒီနေ့အထိ ထိုင်းကိုဝင်နေဆဲပဲ။ ဥပမာ- အင်္ဂလိပ်ခေတ်က ရုပ်ရှင်ရိုက်စက်တွေ၊ ရုပ်ရှင်ပြစက်တွေဆိုရင် ထိုင်းတွေက မတန်မရာဈေးပဲ ပေးတယ်။ ရှေးဟောင်းပစ္စည်းက အမှန်အကန်ဆိုပေမယ့် သူခိုးဈေးနဲ့ လာရောင်းသလိုဖြစ်တော့ အနှိမ်ခံရတာပေါ့။ ကုန်သည်တွေအပြောအရ ဆယ်ချိုးတချိုးပဲရတယ်။ ထိုင်းဘက် ရောက်တဲ့ပစ္စည်းကို ပြန်သယ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။ အခြားရှေးဟောင်းပစ္စည်းတွေ ဖြစ်တဲ့ မှန်စီရွှေချစားပွဲ၊ ကုတင်၊ သလွန်၊ ကြေးမုံပြင်၊ မှန်တင်ခုံ တွေကအစ ရရာဈေးနဲ့ ရောင်းနေရတော့ တဖက်ဝယ်လက်က မြိုးမြိုးးမြက်မြက်ရတဲ့ သဘောမျိုးရှိတယ်” ဟု ၎င်း၏လုပ်ငန်း အတွေ့အကြုံအား ရှင်းပြသည်။

- ၂၀၀၉ ခုနှစ်အစမှာ မြန်မာနိုင်ငံ ရဲဌာနာချုပ်ရုံး နိုင်ငံဖြတ်ကျော်မူခင်းဌာနက ညွှန်ကြားရေးမှူးရဲမှူးကြီး စစ်အေးက အာဆီယံဒေသတွင်း ရှေးဟောင်းယဉ်ကျေးမူပစ္စည်းများကို တရားမ၀င်လွှဲပြောင်းခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း များကိုတားဆီးရန် ဥပဒေများ ပြဋ္ဌာန်းလိုက်သည်ဟုပြောသည်။ ပြည်တွင်းတွင်လည်း ရှေးဟောင်းယဉ်ကျေးမူ ကာကွယ်ထိန်းသိမ်းမူနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရန် လိုကြောင်း၊ ဆင်းရဲသည့်နိုင်ငံများမှ ရှေးကျသည့် ပစ္စည်းများကို ဈေးကောင်းရလျှင် ရောင်းချမှုများ ရှိနေသည့်အတွက် အမျိုးဂုဏ်သိက္ခာနှင့်ဆိုင်သည့်ရှေး ဟောင်းပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရန်လိုသည်ဟု ပြည်တွင်းထုတ်ဂျာနယ်တစောင်တွင် ဖော်ပြထားသည်။

- ၎င်းကိစ္စနှင့်ပတ်သက်၍ မဲဆောက်မြို့တွင် ကိုယ်ပိုင်ရှေးဟောင်းပစ္စည်းဆိုင် ဖွင့်ထားသည့် မြန်မာတဦးက “ဒါကတော့ လူကြားကောင်းအောင် ပြောတာပဲ။ မြန်မာပြည်က ရှေးဟောင်းပစ္စည်းတွေ ထိုင်းကိုဝင်လာတာ ကုန်သလောက်ဖြစ်သွားပြီ။ ထိုင်းကလည်း ရှေးဟောင်းဆိုရင် ကုလားလက်ဖက်ရည်ဆိုင်က ရေနွေးတည်တဲ့ ဆမားဒိုးလို ရှေးဟောင်းအိုးကအစ ၀ယ်တယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်၊ မြ၀တီမှာ သိသိသာသာဖြစ် တာက ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ လူတွေက စားဝတ်နေရေး အတော့်ကိုဒုက္ခရောက်ကြတော့ အဲ့ဒီနောက်ပိုင်း ၀င်လိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေ ဘယ်မှာဖမ်းတာ ဆီးတာရှိလို့လဲ။ ဘားအံဂိတ်၊ ကော့ကရိတ်၊ မြ၀တီဂိတ်နဲ့ ရှိသမျှဂိတ်တွေကို ငွေနဲ့သာခင်းစမ်းပါ။ သယ်ချင်ရာသယ်လို့ရတယ်။ မြန်မာရှေးဟောင်းဘုရားနဲ့ ပစ္စည်းတွေ အောက်လမ်းကနေ နိုင်ငံခြားကို ထွက်တာ မြ၀တီ၊ မဲဆောက်လမ်းဟာ အလွယ်ကူဆုံးပဲ။ ခေတ်စနစ်ကမကောင်းတော့ လူတွေငတ်ကြတယ်။ မိသားစုစားဝတ်နေရေးအတွက် ရရာ ရှိရာရောင်းပြီး ဖြေရှင်းနေရတယ်။ သူတို့ပြောတဲ့ မျိုးချစ်စိတ်တို့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုတာတွေက ကိုယ်လည်း သူတို့လိုနေရာတွေမှာ နေရမယ်ဆိုရင် ပြောနိုင်ပါတယ်” ဟု ဆိုသည်။

- မဲဆောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကိုးကွယ်ရန်အတွက် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် ကျောက်ဆင်းတုများကို မန္တလေးမှ ပင့်ဆောင်လာရာတွင် မြ၀တီမြို့တွင် ကြုံတွေ့ရ သည့်အခက်အခဲများနှင့် ပတ်သက်၍ “မြ၀တီအာဏာပိုင်တွေဟာ သူတို့နဲ့မညှိရင် ကျောက်ဆင်းတုရုပ်ပွားတော်တောင်မှ သယ်ခွင့်ပြု တာမဟုတ်ဘူး။ ဒါတောင်မှ ဘုန်းကြီးကျောင်းအတွက် ကိုးကွယ်ဖို့ ပင့်လာတာ။ ထိုင်းဘက်ကလည်း မညှိလို့ကတော့ ပြေးနိုင်မှလွတ်မယ့် သဘောရှိတယ်။ ဒီလိုဖြစ်ရတာကလည်း အလွဲသုံးစားလုပ်တဲ့ အချို့မြန်မာ ဘုန်းကြီးတွေကြောင့်ဖြစ်တယ်” ဟု မဲဆောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတကျောင်းမှ ဘုန်းတော်ကြီး တပါးက မိန့်ကြားသည်။

- စစ်ကိုင်းတိုင်းမှ ပန်းပုဆရာတဦးက “ပွဲစားတွေနဲ့ပေါင်းပြီးတော့ မြန်မာပြည်အနှံ့လှည့်ပြီး ဘုရားရှာတဲ့ အလုပ်ကိုလုပ်ခဲ့တာ (၁၅) နှစ်လောက်ကြာခဲ့တယ်။ ငွေလည်း အတော့်ကိုရခဲ့ပါတယ်။ အိုးပိုင်အိမ်ပိုင်၊ ထော်လာဂျီနဲ့ ဆိုင်ကယ်နဲ့ဖြစ်ခဲ့တယ်။ ကလေးနှစ်ယောက်နဲ့ မိန်းမဟာ နေထိုင်မကောင်းဖြစ်ပြီး တယောက် ပြီးတယောက်သေဆုံးကုန်တယ်။ အရပ်ကတော့ ကျနော်တို့ကို ဘုရားစူးတယ်လို့ပြောကြတယ်။ အခု ကျနော် တယောက်တည်း မဲဆောက်မြို့ကိုလာပြီး ကိုယ်တတ်ထားတဲ့ ပန်းပုပညာလေးနဲ့ ထိုင်းရှေးဟောင်းဆိုင်မှာ ရှေးဟောင်းပစ္စည်းအကျိုးအပဲ့တွေကို ပြန်ပြင်ပြန်ဆက်ပေးတဲ့ အလုပ်လုပ်နေရတယ်။ ကျနော်ကတော့ ကိုယ်တွေ့ပဲ။ ဗုဒ္ဓဘာသာဝင်တွေအနေ့နဲ့တော့ ဒီအလုပ်ကို ရှောင်စေချင်တယ်။ ဒီငရဲက နောင်ဘ၀မဟုတ်ဘူး။ ခုဘ၀တင် ခံနေရပြီ” ဟု ခေတ်ပြိုင်သို့ပြောသည်။

- ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ရှေးဟောင်းဘုရားကုန်ကူးသူတဦးက “ရှေးဟောင်းဘုရား ဆင်းတုတော်တွေရောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဒီတသက်မဆင်းရဲတော့ဘူးလို့ထင်ခဲ့တယ်။ တိုက်နဲ့ကား နဲ့ဖြစ်လာတယ်။ ရန်ကုန်မှာလည်း အိမ်တွေခြံတွေဝယ်ထားတဲ့ အဆင့်ထိဖြစ်လာတယ်။ ရှေးဟောင်း ဘုရားတွေကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုရားရှာတဲ့လူတွေနဲ့ ဆက်သွယ်ထားပြီးလုပ်ခဲ့တယ်။ ဘယ်လောက်ထိ ရဖူးလဲဆိုရင် ပုဂံ၊ အင်းဝ၊ ကုန်းဘောင်ခေတ်က ဘုရားတွေအထိ ရဖူးတယ်။ အဲဒီ ဘုရားတွေဆိုရင် မြန်မာငွေ ကျပ်သိန်းထောင်ဂဏန်းအထိရဖူးတယ်။ ဒီရှေးဟောင်းဘုရားတွေကို စစ်ဆေးနိုင်ဖို့ မြန်မာနိုင်ငံရှေးဟောင်းသုတသနဦးစီးဌာနက ပညာရှင်အချို့ကိုတောင် အိပ်ထဲထည့်နိုင်ခဲ့တယ်။ သူတို့ကလည်း ဘယ်ခေတ်ကဘုရား၊ အေဒီဘယ်လောက်ကဘုရား၊ ဘယ်မှာသွန်းတဲ့ ဘုရားဆိုပြီး ခုနှစ်သက္ကရာဇ်အတိအကျပြောနိုင်တယ်။ သူတို့ကိုလည်း ပစ္စည်းစစ်ပေးတဲ့အတွက် တခေါက်ကို (၁၅) သိန်းကနေ သိန်း (၂၀) အထိပေးရတယ်။ မြန်မာပြည်မှာ ရှေးဟောင်းပစ္စည်းတွေ ကုန်တာ အစိုးရ၀န်ထမ်းတွေ ကိုယ်တိုင်ပါလို့ဖြစ်ရတာပါ။ ကျနော်ဆိုရင် အိမ်မီးလောင်တယ်၊ ဘားအံနဲ့ ရန်ကုန်ကိုပြေးဆွဲတဲ့ ကျနော့်ကားတွေ ကားမှောက်ပြီး ခရီးသည်တွေ သေလို့လျော်ရတယ်။ အမှုတွေ ဖြစ်တယ်၊ နောက်ဆုံး လျော်စရာမရှိ ပေးစရာမရှိဖြစ်ပြီး မိသားစုအားလုံး နယ်စပ်ကဒုက္ခသည်စခန်းမှာပဲ ဒုက္ခသည်အဖြစ် လာနေရတယ်။ မကောင်းမူပြုတဲ့ ဒဏ်ကြောင့်ပဲလား၊ တိုက်ဆိုင်မှုပဲလားဆိုတာ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟုပြောသည်။

- ဘန်ကောက်ရောက် ကရင်ပြည်နယ်ဒုံရင်းနယ်မှ လူငယ်တဦးက “ကျနော်တို့ရွာက ရှေးဟောင်းဘုရားပျောက်သွားတာ (၅) နှစ်ကျော်ပြီ။ ကျနော်ထိုင်းကိုလာပြီး ဘန်ကောက်မှာ အလုပ်လုပ်တော့ ကျနော်တို့ရွာက ရှေးဟောင်းဘုရားဆင်းတုတော်ကို ဘန်ကောက် ဆူကွန်ဗစ်လမ်းမှာရှိတဲ့ ရှေးဟောင်းပစ္စည်း ဆိုင်ကြီးမှာ ရောင်းဖို့ပြထားတာကိုတွေ့တော့ ရွာကလူကြီးတွေကို ပြောပြခဲ့တယ်။ သူတို့လုံးဝ စိတ်မ၀င်စားကြဘူး။ ကျနော့်အမေပြောတာကတော့ ရွာမှာ ဒီကိစ္စ ဘယ်သူမှ မပြောရဲဘူး၊ ရွာကကျောင်းထိုင် ဘုန်းကြီးနဲ့ ဥက္ကဋ္ဌပေါင်းပြီး နယ်စပ်ကို ခိုးထုတ်သွားတာဖြစ်တယ်တဲ့” ဟု ပြောသည်။

- ဤကိစ္စများအတွက် မြန်မာအစိုးရအနေဖြင့် သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံအစိုးရများ၊ ယူနက်စကို ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့၊ အင်တာပို ခေါ် နိုင်ငံတကာရဲအဖွဲ့တို့နှင့် ဆက်စပ်ဆောင်ရွက်မှု မရှိသလောက်ဖြစ်နေပြီး တာဝန်ရှိလုံခြုံရေးဘက်ဆိုင်ရာတို့၏ အကျင့်ပျက် ခြစားမှုများလည်း အနှံ့အပြား ဖြစ်နေချိန်တွင် ပြည်တွင်းစီးပွားရေးနှင့် လူမှုရေးအနေအထားများလည်း တိုးတက်မှုမရှိသရွေ့ ငါ့ဝမ်းပူဆာမနေသာသဖြင့် ယခုလို သီလမစောင့် သားကောင်ချနင်းအခြေအနေမှာ ကာလရှည် တည်တံ့နေဦးမည်ဖြစ်သည်။

( ခေတ်ပြိုင် မြန်မာဘလော့ဂ်မှ့  တဆင့် ကူယူဖေါ်ပြပါသည်။)

Saturday, February 14, 2009

Happy Valintine Day အမှတ်တရပါ။(Click)



ဗိုလ်ချုပ်အောင်ဆန်းကို ပစ်ပယ်နေလို့ မြန်မာ့သမိုင်း ထိခိုက်



General Aung San
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ မြန်မာ့
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့
ဖြစ်ပါတယ်။ ဒီနေ့ကို မြန်မာနိုင်ငံရဲ့ ကလေးများနေ့
အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲတွေကို မြန်မာ
နိုင်ငံတ၀န်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလေ့ရှိခဲ့ပေ
မယ့် စစ်အစိုးရတက်လာပြီးတဲ့နောက်ပိုင်း ဗိုလ်ချုပ်ရဲ့
မွေးနေ့ဆိုင်ရာ အခမ်းအနားတွေ တဖြည်းဖြည်း
မှေးမှိန် ကွယ်ပျောက်လာခဲ့ရပါတယ်။ အခုလို
အရေးပါတဲ့ နိုင်ငံခေါင်းဆောင်တယောက်ရဲ့ မွေးနေ့နဲ့
သူ့ရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ထားတဲ့
အတွက် သမိုင်းကို ဘယ်လောက်ထိခိုက်စေပါသလဲ၊
အကြောင်းစုံကို မစုမြတ်မွန်က သုံးသပ်တင်ပြထား
ပါတယ်။

မြန်မာ့တပ်မတော်ရဲ့ဖခင်ကြီး ဖြစ်ရုံမက မြန်မာ့လွတ်လပ်ရေး ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်
အောင်ဆန်းရဲ့မွေးနေ့ကို အမှတ်တရပွဲတွေ မြန်မာနိုင်ငံမှာ တရားဝင်မကျင်းပတော့တာ
တော်တော်ကြာခဲ့ပါပြီ။ အရင်ကဆိုရင် ကလေးများနေ့အဖြစ် သတ်မှတ်ထားတဲ့
ဗိုလ်ချုပ်မွေးနေ့မှာ ကဗျာရွတ်ပြိုင်ပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွေကို ကျောင်းတွေ၊
ရပ်ကွက်တွေမှာ ကျင်းပခဲ့ကြတာပါ။ အခုတော့ အဲဒီလို ပြိုင်ပွဲတွေလုပ်ဖို့ဝေးလို့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်တွေကိုတောင် တရားဝင်ထုတ်ဖော်ပြောတာ ရှားသွား
ပါပြီ။

ဒီတော့ နောင်လာနောက်သားတွေအနေနဲ့ ကိုယ့်နိုင်ငံ လွတ်လပ်ရေးရအောင်
လုပ်ပေးခဲ့တဲ့ ခေါင်းဆောင်တယောက်ရဲ့ အကြောင်းတွေကို သိဖို့ ဘယ်လောက်
အရေးကြီးပါသလဲ။ မြန်မာနိုင်ငံမှာ သမိုင်းကထိက လုပ်ခဲ့ဖူးပြီး အခုတော့ အမေရိကန်
ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ဂျတ်ဒ်ဆင် (Judson) တက္ကသိုလ်မှာ သမိုင်း
ပါမောက္ခလုပ်နေတဲ့ ဒေါက်တာ နော်အိန်ဂျလင်းက ဘာကြောင့်အရေးကြီးတယ်ဆိုတာ
ခုလိုပြောပြပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကိုတော့ တိုင်းပြည်က သိသင့်တယ်၊ ကလေးတွေ
လည်း သိသင့်တယ်၊ ပညာတတ်တွေလည်း သိသင့်တယ်။ ကိုယ့်ရဲ့သမိုင်းအမွေအနှစ်ကို
ကိုယ်က ထုတ်ဖော်ပြီးတော့ သိမှသာ၊ ပြောနိုင်မှသာလျှင် အခြား ကမ္ဘာမှာရှိတဲ့
တိုင်းပြည်တွေကလည်း ကိုယ့်လူမျိုးကို ရိုသေမယ်၊ အသိအမှတ်ပြုမှာပေါ့။ ကိုယ်ကမှ
အသိအမှတ်မပြုရင် အခြားလူတွေကလည်း ကိုယ့်ကို ဘယ်လိုအသိအမှတ်ပြုမလဲ။
ဗိုလ်ချုပ်အောင်ဆန်းတောင်မှ မသိခဲ့လို့ရှိရင် ဒီတိုင်းပြည်က ဘယ်သူထောင်ခဲ့မှန်း
တောင် သူတို့ သိမှာမဟုတ်ဘူး။ ကိုယ့်ရဲ့သမိုင်းအစကိုလည်း သူတို့ မသိဘူးဖြစ်မယ်။

“ဗိုလ်ချုပ်အောင်ဆန်းထူထောင်တဲ့ မြန်မာနိုင်ငံဟာ တကယ်တော့ အရေးကြီးတဲ့ကဏ္ဍ
မှာ ပါခဲ့တယ်။ အဲဒါကြောင့် ကိုယ့်တိုင်းပြည်မှာ ကလေးတွေက ဒါကို သိခဲ့လို့ရှိရင်
နိုင်ငံရဲ့ ရှေ့ရေးအတွက် အလားအလာ ပိုကောင်းနိုင်တယ်၊ ပြီးတော့ ဒီတိုင်းပြည်ကို
လည်း ပိုချစ်ပြီးတော့ ပိုပြီးတော့ တိုးတက်အောင် လုပ်ချင်စိတ်တွေ ရှိလာမယ်ပေါ့။
သူတို့ကို နောက်ကနေ တွန်းအားပေးတဲ့သဘော ဖြစ်နိုင်မယ်။

“ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မသိရင်တော့ သူတို့အတွက်က ကြည့်စရာ နမူနာ
စံပြလူ မရှိဘူး။ ကျန်တဲ့လူတွေကို လျှောက်ကြည့်ပြီး ပတ်ဝန်းကျင်မှာ ကိုယ့်လူမျိုးထက်
အခြား ကောင်းတဲ့လူမျိုးရဲ့ ခေါင်းဆောင်တွေကိုပဲ အားကိုး အထင်ကြီးပြီး အဲဒီလူမျိုး
တွေကို ပိုအထင်ကြီးသွားမှာလည်း ဖြစ်နိုင်ပါတယ်။ တိုင်းပြည်ကို ချစ်တဲ့စိတ်ကလည်း
လျော့သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့တိုင်းပြည်မှာ လူတော်လူကောင်း
ရှိတယ်ဆိုတာ သူတို့ မြင်ချင်မှမြင်တော့မယ်။”

ရှစ်လေးလုံး လူထုအုံကြွမှုကြီး ဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး
လှုပ်ရှားမှုတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်
လာခဲ့ချိန်ကစလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်းနဲ့ မှေးမှိန်
အောင်လုပ်လာတယ်လို့ သမိုင်းလေ့လာသူတွေက ပြောကြပါတယ်။

သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းကစလို့ တက္ကသိုလ်ကျောင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်း
နဲ့ပတ်သက်တဲ့ အကြောင်းတွေကိုလည်း ကျမ်းပြုခွင့် မပေးတော့ပါဘူး။ ဒါဟာ မြန်မာ့
သမိုင်းအတွက် ဘယ်လောက်ထိခိုက် နစ်နာစေပါသလဲ၊ Aung San and the
struggle for Burmese Independence ဆိုတဲ့ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့တဲ့
သမိုင်းပညာရှင် ဒေါက်တာ နော်အိန်ဂျလင်းကတော့ ခုလိုသုံးသပ်ပါတယ်။

“ပညာတတ်အဆင့်တွေမှာပါ လုံးဝမသိရဘူးဆိုကတည်းက ဒီတိုင်းပြည်ကို
တည်ထောင်ခဲ့တဲ့လူရဲ့ သမိုင်းက လုံးဝပျောက်သွားပြီပေါ့။ တိုင်းပြည်တည်ထောင်တဲ့
လူရဲ့ သမိုင်းပျောက်ရင် တိုင်းပြည်ပျောက်တာနဲ့ အတူတူပဲလေ။ ဘာဖြစ်လို့လဲဆိုတော့
ကိုယ့်သမိုင်းကို ကိုယ်ဖျောက်ပစ်တဲ့ဟာက ကိုယ့်ရဲ့ဇာစ်မြစ်က ပျောက်သွားတာပေါ့။
အမွေအနှစ် ပျောက်သွားတဲ့သဘောပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်မှာဆိုရင်
သူက တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးကို စည်းရုံးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။

“အဲလို တိုင်းရင်းသားအားလုံးကို တန်းတူရည်တူ အခွင့်အရေးအတူတူပေးဖို့ စည်းရုံး
နိုင်ခဲ့လို့ လူတွေကလည်း သူ့ကို ယုံကြည်ခဲ့တယ်၊ အားကိုးခဲ့တယ်။ အဲဒီလို ယုံကြည်
အားကိုးခဲ့တဲ့ လူကြီးမျိုးကို တိုင်းပြည်မှာရှိဖို့ အစိုးရအဖွဲ့အစည်းမျိုးနဲ့ အဲဒီလိုလူမျိုးနဲ့
တည်ထောင်နိုင်ဖို့ဆိုတာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်။

“အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မသိဘဲနဲ့ သမိုင်းကိုလည်း
မသိတော့ဘူး။ ဗမာပြည်ဟာ ဘယ်လောက်အထိ ကမ္ဘာမှာ တန်းတူရှိခဲ့တယ်ဆိုတာ
လည်း မသိဘူးဆိုရင်တော့ ဒီလိုအခြေအနေမျိုး ပြန်ရောက်အောင် လုပ်ချင်စိတ်လည်း
ရှိမှာမဟုတ်တော့ဘူး။ ခေတ်ကမ္ဘာ တိုးတက်နေပေမယ့် မြန်မာပြည်ကတော့ ဆက်ပြီး
တိုးတက်စရာလမ်း မရှိတော့ဘူးပေါ့။”

Aung San and the struggle for Burmese Independence ဆိုတဲ့စာအုပ်ကို
ရေးသားခဲ့ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ဂျတ်ဒ်ဆင်
တက္ကသိုလ်မှာ သမိုင်းပါမောက္ခလုပ်နေတဲ့ ဒေါက်တာ နော်အိန်ဂျလင်း ပြောပြသွားတာ
ဖြစ်ပါတယ်။

Friday, February 13, 2009

မြန်မာနိင်ငံ ကလေးများနေ့  အမှတ်တရပါ။




(၉၄)နှစ်မြောက်“ မြန်မာ့သူရဲကောင်း တပ်မတော်ဖခင် လွတ်လပ်ရေးဗိသုကာ” ၏ မွေးနေ့ဂုဏ်ပြု အစီအစဉ်( Click )


နိုင်ငံ့ အခြေခံ ပြည်သူကို အလုပ်အကျွေး ပြုသော ပြည်သူ့တပ်မတော်သို့

ဆောင်းပါးရှင်- ဗိုလ်ကြီးနေသု (မျိုးချစ်တပ်မတော် အရာရှိ တစ်ဦး)

စာဖတ်သူများခင်ဗျား

ယနေ့ ကျရောက်တဲ့ ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဖေဖေါ်ဝါရီလ (၁၃)ရက် မွေးနေ့ရက်မြတ်မှာ ပြည်တွင်းမှ ပေးပို့ လာတဲ့ တပ်မတော်အရာရှိဟောင်း ဗိုလ်ကြီး နေသုရဲ့  ဆောင်းပါးကို တင်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံသား မှန်ရင် ဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  သမိုင်းကြောင်းကို မမေ့မလျော့ သိရှိရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တပ်မတော်ဟာ ဗိုလ်ချူပ်ရဲ့  အမှာစကား အတိုင်း အကောင်အထည် ဖေါ်ပြီး တိုင်းပြည်ကို တိုးတက်အောင် သိက္ခာရှိရှိ ဦးဆောင်ရမှာ ဖြစ်ပါတယ်။ ဗိုလ်ချူပ်ရဲ့  သမိုင်းကြောင်းကို ဖျောက်ဖျက်တာဟာ ဗိုလ်ချူပ် ပြောသလို မလုပ်ချင်လို့ ဖြစ်ပါတယ်။ ဗိုလ်ချူပ်ပြောသလို မလုပ်နိုင်ရင် လက်ရှိစစ်အာဏာရှင် တွေကို တိုင်းပြည်နဲ့ တပ်မတော်ရဲ့  ရန်သူတွေလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ တပ်မတော်ကို လှည့်စား သွေးခွဲနေတဲ့ ဘုံရန်သူ အာဏာရူး စစ်ခေါင်းဆောင်တွေကို ဖယ်ရှား ကြပါစို့လို့ ဗိုလ်ချူပ်အောင်ဆန်းရဲ့  မွေးနေ့ ဒီကနေ့မှာ တပ်မတော်သားများနဲ့ တိုင်းသူပြည်သားများကို ပန်ကြားလိုက်ပါတယ်။ အခုလို ဗိုလ်ချူပ်မွေးနေ့ အမှတ်တရ ဆောင်းပါး ပေးပို့လာတဲ့ ပြည်တွင်းမှ တပ်မတော်အရာရှိ ဗိုလ်ကြီးနေသုအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူး တင်ရှိပါတယ်ခင်ဗျား။

သံဆူးကြိုးတစ်ထပ် သံတိုင်များ တစ်ထပ်ဖြင့် အခိုင်အမာ ကာရံထားသော ၀န်ကြီးများရုံး အဆောက်အဦ နီနီကြီး ဘေးမှ ယနေ့ကျွန်တော်ဖြတ်ခဲ့၏။ အလုအယက် မောင်းနေသော ဘတ်စ်ကားကျပ်ကျပ်အတွင်းမှ ခေါင်းမနည်း ငုံ့ပြီး ချောင်းကြည့် မိသည်မှာ ဒီနေရာ ရောက်တိုင်းပင် ဖြစ်သည်။ ကျနော် လွန်စွာ ချစ်သော ကျနော့် အဘိုးသည် ယခု အဆောက်အဦး နီကြီး၏ တနေရာတွင် သူ့အသက် ဇီဝိန်ကြွေခဲ့ရသည်။ သူနှင့် အတူ အာဇာနည် ခေါင်းဆောင်ကြီးတို့၏ အသက်များကို ဒီနေရာမှာ စတေးခဲ့ကြသည်။ သူတို့နိုင်ငံအတွက် မွန်မြတ်ရဲရင့်သည့် သူရဲကောင်း စိတ်ဓါတ်ကို ရဲရင့်စွာ ပြသခဲ့သော သမိုင်းဝင် အဆောက်အဦးကြီးသည် ကျနော်တို့ ခေတ်တွင်တော့ အထီးကျန် လွန်းလှသည်။

“သြော် ဒီအချိန်ထိတိုင် ….. အဘိုး အသက် ရှိနေသေးမယ် ဆိုရင် ဒီနေ့ဆို အသက်(၉၄) နှစ်ပြည့်ပါပေါ့လား။ အဘိုးရဲ့ မွေးနေ့ ရက်ထူးရက်မြတ် မေ့မရတဲ့ ရက်တစ်ရက် ပါလား” … “အဘိုးရယ် အဘိုးအင်မတန် ချစ်တဲ့ ကျနော်တို့ တိုင်းပြည်ကြီး ဘာတွေဖြစ်နေပြီလဲ ရောက်ရာ ဘ၀က ကြည့်လှည့်ပါဦး.. ”

အမျိုးသား ခေါင်းဆောင်ကြီး အကြောင်းကို တမ်းတ စဉ်းစားရင်းဖြင့် ကျနော်တို့ ယနေ့ ဘ၀နှင့် သူဖြစ်စေချင် ခဲ့သော မြန်မာနိုင်ငံရဲ့  အနာဂတ်အခြေအနေကို သုံးသပ်မိပါ၏။

သူမွေးဖွားခဲ့ချိန်တွင် မြန်မာပြည်သည် သူ့ကျွန်ဖြစ်၏။ လူမျိုးခြားတို့က သိမ်းပိုက် အုပ်ချုပ်ပြီး ဂုတ်သွေးစုပ် အမြတ်ထုတ်ကာ ဖိနှိပ်အုပ်ချုပ်ကျွန်ပြုခံနေရသော အခါဝယ် သူ့ကို မွေးလာခဲ့၏။ ကျွန်နိုင်ငံဖြစ်နေသော ကျွန်လူမျိုး မိဘတို့မှ မွေးလာခဲ့သော သူသည် သူပုန်ဇာတာ ပါသည်ဟု သမိုင်းဝင် သူ့မှတ်တမ်းစာ အတ္ထုပ္ပတ္တိများက ဆိုသည်။ သူ့ခေတ် သူ့ဘ၀ သူ့ဇာတာအရ သူပုန်ဇာတာ ပါသည်ဆိုခြင်းမှာ အလွန်ပနံတင့် သင့်မြတ်လှပေသည်။ သူ့လို သူရဲကောင်းမျိုး မွေးဖွားလာခဲ့ခြင်းအတွက် မြန်မာနိုင်ငံသားတို့ အတွက် လွန်စွာ အကျိုးရှိခဲ့ပေသည်။

သူ့လို သူရဲကောင်းမျိုးများများ ပေါ်ထွက်ခဲ့သော တိုင်းပြည်တို့ ကမ္ဘာ့အလယ် ၀င့်ထယ်နေကြသည်ကို သမိုင်းတို့က ပြဆိုသည်။ ထို့အတူ သူရဲကောင်းတို့ ပါးရှားသော တိုင်းပြည်၊ ကြောက်ရွံ့ခြင်းအတိ လွှမ်းသည့် လူတို့ နေထိုင်ရာဒေသ နိုင်ငံသည် ဖိစီးနှိပ်စက် ဂုတ်သွေးစုတ်သူတို့အောက် ပြားပြားမှောက် ဆင်းရဲဒုက္ခ ရောက်ရစမြဲ ဖြစ်ကြောင်း ကျနော်တို့ လက်တွေ့ခံစားနေကြရပေပြီ။

မြင့်မားသော လွတ်လပ်သော နိုင်ငံသား လူများ ဖြစ်ချင်ပါက သူရဲကောင်းစိတ်ထား ပြတ်သားခိုင်မာမှု နှင့်အတူ လူ့အခွင့်အရေး ဘောင်အတွင်းမှ လွတ်လပ်ခြင်းကို မြတ်နိုးတန်ဖိုး ထားတတ်ရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်က သက်သေပြ သွားခဲ့သည်။

ကျွန်ဘ၀မှ လွတ်ချင်သူတို့သည် ၀ံသာနု မျိုးချစ်သခင်စိတ်ဓါတ်နှင့် မဟုတ်မခံ မမှန်မလုပ်၊ မတရားမှုမှန်သမျှ မြူမှုန်မျှ လက်မခံ တွန်းလှန်တတ်သော သူရဲကောင်း သူပုန်စိတ်ဓါတ် ရဲရင့်ခိုင်မာစွာ ဒွန်တွဲပါရပေမည်။ လူလူချင်း မည်သူက သခင်ဖြစ်ပြီး၊ မည်သူက ကျွန်ဖြစ်သည်ကို နားလည်သလောက် ကျွန်တော် တွေးကြည့် မိသည်။

လူမျိုးခြားက သော်လည်းကောင်း၊ လူမျိုးတူချင်းက သော်လည်းကောင်း အင်အားရှိသူက အင်အားမရှိသူအပေါ် လက်နက်နှင့် ခြိမ်းခြောက်ပြီး မတရားသည့် ဥပဒေများဖြင့် ဖိနှိပ်အုပ်ချုပ်ခြင်းသည် လူလူချင်း နိုင့်ထက်စီးပိုး ကျွန်ဇာတ်သွင်း ခံရသော ကျွန်ဘ၀သာ ဖြစ်သည်။

ဖိနှိပ်သူနှင့် ဖိနှိပ်ခံသူတို့ဘ၀ အကြောင်း စေ့စေ့တွေးမိပြီး မိမိတို့ ယနေ့ဘ၀သည် ကျွန်ဘ၀နှင့် ဘာမှ မခြားကြောင်း တွေ့လာရသည်။

အရာရာကို ကြောက်နေရသော အခြေအနေသည် လွတ်လပ်သော လူသားတစ်ဦး၏ ဘ၀ မဟုတ်ပါပေ။

ကိုယ့် ပင်ကိုယ် ထင်မြင် ယူဆချက်ကိုမှ ဖေါ်ထုတ် ဆွေးနွေး နှီးနှောခွင့်မရသော ဘ၀။ ကိုယ် ယုံကြည်ချက်ဖြင့် တိုင်းကျိုးပြည်ရွာ သယ်ပိုးရွက်ဆောင်ခြင်း မပြုနိုင်လောက်အောင် ချုပ်ထိန်းထားခြင်း ခံရသော အုပ်ချုပ်ခံ အခြေအနေ၊ ကိုယ်တတ်သော ပညာဖြင့် လွတ်လပ်စွာ စီးပွားမရှာနိုင်သော စီးပွားရေး စနစ်။ မတရား အနိုင်ကျင့် ခံရသောကြောင့် ပြန်လှန် ရင်ဆိုင်ဖြေရှင်းခွင့်လည်း မပြုနိုင် စသည့် ဘာဆိုဘာမှ လွတ်လပ်ခွင့် မရှိသော အထွေထွေ အခြေအနေများဖြင့် ချိန်ထိုးကြည့်မိသောအခါ…………

ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်အပေါ် ဖြစ်စေချင်သည့် လွတ်လပ်စေလိုခြင်း၊ တိုင်းသူပြည်သားတို့ ငြိမ်းချမ်းစေလိုခြင်း စသည့် ပြင်းပြသော ဆန္ဒများကို ယနေ့တိုင် ကျနော်တို့မရသေးကြောင်း စေ့စေ့မြင် သိ ရှိလာတော့သည်။

ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှင်နေအုံးမည် ဆိုလျှင် ယနေ့ ကျနော်တို့ နိုင်ငံသားများသည် ယခုကဲ့သို့ ကမ္ဘာတွင် အဆင့်နိမ့်သော နိုင်ငံသားဘ၀သို့ မရောက်ဟု မုချ ယုံကြည်သည်။

ဗိုလ်ချုပ်က သူတည်ထောင်ခဲ့သော စစ်တပ်ကို နိုင်ငံ့အတွက် အလွန်အားကိုးအားထားပြုဖွယ် အဖွဲ့အစည်း ကြီးအဖြစ် ပုံသွင်းတည်ထောင်ခဲ့သည်။ သို့သော်လည်း ယနေ့ခေတ်ရောက်သော အခါ…..

နိုင်ငံ့ အခြေခံဖြစ်သော စစ်တပ်တွင်းမှ စစ်သည်အဆင့်အတန်းအားလုံး အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေ လိုသော ဖြစ်စေချင်ခဲ့သော ပြည်ချစ်တပ်မတော်ဖြစ်အောင် မိမိတို့ ယနေ့ ပြုမူကျင့်ကြံနေသော အမူအကျင့် ဆိုးများကို ပြုပြင်ပြောင်းလဲဖို့ လိုပေပြီ။

အနှစ်ချုပ်ဆိုချင်သည်မှာ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသား တစ်ဦးအဖြစ် မွေးဖွါးခဲ့ပြီး ဒီနိုင်ငံ ကောင်းကျိုးအတွက် မလုပ်နိုင်ဘဲ နိုင်ငံပျက်စီးရာ ပျက်စီးကြောင်း လုပ်ခဲ့မိလျှင် နိုင်ငံကိုဖျက်သော အဖျက်သမား သာဖြစ်ပေမည်။

“ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားရင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

ဖခင်ဗိုလ်ချုပ် မှာခဲ့သော အထက်ပါ စကားအရ နိုင်ငံ့ အခြေခံဖြစ်သော တပ်မတော် အတွင်းမှ တပ်မတော်သား တို့သည် ပြည်သူကို တကယ်တမ်း အလုပ်အကျွေးပြုသော ပြည်သူ့တပ်မတော်သား များသာ ဖြစ်ရမည်။

အားကြီးသော အခါလည်း အားငယ်သူကို မတရား မလုပ်။ အားနည်းသော အခါလည်း အားကြီးသောသူ မတရား လုပ်လာလျှင် မခံသော ပြည်ချစ် မျိုးချစ်စိတ်ဓါတ်များ အမျိုးစောင့်တရား ကိုယ်ကျင့်သမာဓိ ရဲရင့်တည်ကြည်သူ ပြည်သူချစ်သော တပ်မတော်သား စိတ်ဓါတ်များ ပွားများ မွေးမြူရန် အချိန်သင့်လှပေပြီ။


Thursday, February 12, 2009

ပြည်ထောင်စု့ နေ အမှတ်တရ (Click)




စာဖတ်သူများခင်ဗျား

အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသို့ ၀န်ကြီးအဖြစ် ပြောင်းရွေ့ သွားခဲ့သူ တစ်ဦးရဲ ဘ၀ကောက်ကြောင်း တစိတ်တဒေသ နဲ့ စိတ်ဝင်စားဖွယ် အတွင်း သတင်းအဖုံဖုံ ကို သျှမ်းသံတော်ဆင့်မှ ကူးယူ ဖော်ပြပြီး စစ်ဖက်ဆိုင်ရာ နီးစပ်သူများမှ ဖြည့်စွက်ချက်နဲ့အတူ ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးထားပါတယ်။ အခန်းဆက် ဆောင်းပါးတွဲ အထူးကဏ္ဍအဖြစ် ကျွန်တော် ကိုဖိုးတရုတ်မှ နေ့စဉ် တင်ပြသွားပါမယ်။

ကျောက်တိုင်အဓိဌာန်မှ ဓါတ်တိုင် ဘဝရောက်ခဲ့သူ - အပိုင်း(၁)

ပထမအကြိမ် ပင်လုံရောက် ဗိုလ်ခင်မောင်မြင့်

လွန်ခဲ့သော နှစ်ပေါင်း (၂၅) .... အချိန်ကာလအားဖြင့် ၁၉၈၃-ခုနှစ်၊ အာဇာနည်ကုန်း ဗုံးကွဲပြီးခါစ အချိန်ဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်တပ်နယ်သို့ တပ်ခွဲမှူး ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ကျ ပြောင်းရွေ့လာသူ ဗိုလ်ခင်မောင်မြင့် တယောက် ရှမ်းပြည်၏ အေးချမ်းသောရာသီဥတုဒဏ်ကို အံကြိတ်ခံစားရင်း လွိုင်လင် တပ်နယ်မှ (၆)မိုင်ဝေးကွာသော ပင်လုံမြို့ ဆီသို့ စက်ဘီးကလေးဖြင့်ထွက်ခွာလာသည်။

“ကမ္ဘာကျော်ပင်လုံစာချုပ်ကို ချုပ်နိုင်ခဲ့လို့ ဖေဖေတို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာကွ... ပင်လုံစာချုပ်ကိုသာ မချုပ်ဆိုနိုင်ခဲ့ဘူးဆိုရင် ဗမာပြည် ဘယ်လွတ်လပ်ရေးရနိုင်မလဲ၊ တောင်တန်းဒေသတွေနဲ့ တစည်းတလုံးတည်း လွတ်လပ်ရေး ရဖို့မလွယ်ဘူး သားရေ.. ခုငါ့သား.. ပြောင်းရွေ့တာဝန်ကျတဲ့ လွိုင်လင်ဆိုတာ ပင်လုံနဲ့နီးနီးလေးဘဲ၊ ရောက်ရင်တော့ ပင်လုံကျောက်တိုင်ကို ရောက်အောင်သွားပါ” ဖခင်ဖြစ်သူ အငြိမ်းစား ကျောင်းဆရာကြီး မှာကြားလိုက်သော စကားများကို ပြန်လည်ကြားယောင်မိရင်း မိဘများရှိရာ ပျဉ်းမနားမြို့ကို ဗိုလ်ခင်မောင်မြင့် သတိရနေမိသည်။ ခြောက်မိုင်ခရီးကို စက်ဘီးဖြင့် နင်းရသည်မှာ ပင်ပမ်းမှုမရှိသော်လည်း ဤဒေသတွင် ကြီးစိုးနေသော ရှမ်းသူပုန်များနှင့် ပအိုဝ့်သူပုန်များ အကြောင်းကို တွေးမိရင်းနဖူးပြင်မှာ ချွေးသီးလေးများ စို့တက်လာသည်။ ဒါကြောင့်လည်း တပ်ရင်းက ထွက်ကတည်းက အရပ်သားဝတ်စုံကို ဆင်မြန်း ပြီးထွက်ခဲ့ရသည်။

ဗိုလ်ခင်မောင်မြင့်ကို အခမ်းအနား တစ်ခုမှာ တွေ့ရစဉ်

ဤဒေသအဖို့ သတိဆိုသည်မှာ အချိန်ပြည့်ရှိမှ သင့်တော်ရာ ရောက်သည်။ တောင်ဘက်တွင် ပအိုဝ့်နီသူပုန် (ခေါ်) ရ-လ-လ-ဖ နှင့် မြောက်ဘက်နှင့် အရှေ့ဘက်တွင် ရှမ်းသူပုန်များက ဝန်းရံထားသည်။ ယခင်ကာလများက စစ်ဗျူဟာမှူး မောင်အေး (နောင်အခါ နအဖ ဒု-ဥက္ကဌ) ၏စစ်ကြောင်းကို ပအိုဝ်နီခေါင်းဆောင် စောတာကလယ် ကိုယ်တိုင်တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်း လေးပိုင်းပြတ်ကာ အရေးနိမ့်ခဲ့ရဖူးသည်။ လွန်ခဲ့သော နှစ်များစွာက တပ်မ (၅၅) ဒုတပ်မမှူး ဗိုလ်မှူးကြီး တင်ဦး (နောင်အခါ နဝတအတွင်းရေးမှူး(၂)နှင့် ရဟတ်ယာဉ်ပေါ်တွင် သေဆုံးခဲ့သူ) ၏ စစ်ကြောင်းကိုလည်း ရှမ်းခေါင်းဆောင် စဝ်ဆေထင် ကိုယ်တိုင် တိုက်ခိုက်သဖြင့် မရှုမလှ အရေးနိမ့်ခဲ့ရသည်။ ဤသင်ခန်းစာများကိုတွေးမိရင်း ပင်လုံမြို့လေးဆီသို့ ဘေးမသီ ရန်မခဘဲ ရောက်ရှိလာသည်။ ပင်လုံကျောက်တိုင်ကို ခက်ခက်ခဲခဲ ရှာဖွေစရာမလိုပါ မြို့ပြင်ကပင် ထီးထီးမားမား တွေ့မြင်နေရသည်။

ဗိုလ်ခင်မောင်မြင့်ဟာ ပင်လုံရောက်တာနဲ့ ဆာလောင်လှသောကြောင့် ကျောက်တိုင်အနီး ရှမ်းတို့ဟူးကြော် ဆိုင်တွင် ဝမ်းရေးကို ငြိမ်းလိုက်ရသည်။ တစိမ်း ဧည့်သည်မို့လို့လားမသိ ဆိုင်ရှင် ရှမ်းအဖွားကြီးက လူကဲခတ် ကောင်းသည်။ လူပုံစံကို အကဲခတ်ရင်း “နယ်က ဧည့်သည်လား ... လာလည်တာနဲ့ တူတယ်” ဟူ၍ မိတ်ဆက် စကားပြောလာသည်။

မဆိုင်းမတွပင် “ဟုတ်ကဲ့အဖွား.. နယ်ကပြောင်းလာတာပါ အစိုးရဝန်ထမ်းကျောင်းဆရာပါ”

မိမိကိုယ်ကို ကျောင်းဆရာလို့ လိမ်ပြောလိုက်ရသော်လည်း တကယ်ဖြစ်ချင်တာက ကျောင်းဆရာပါ။ ဖခင်ဖြစ်သူ ကျောင်းဆရာကိုယ်တိုင် “ငါ့လို ကျောင်းဆရာလုပ်မယ် စိတ်မကူးနဲ့ မင်းစစ်တပ်ထဲဘဲသွားရမယ်” ဆိုပြီး စစ်တပ်ထဲအတင်း သွတ်သွင်းခဲ့သောကြောင့်သာ စစ်သားဘဝရောက်ခဲ့ရသည်။ ဗိုလ်သင်တန်း ကာလ များတွင်လည်း မြန်မာစာဆရာကြီးသား ပီပီ ရေသည်ပြဇာတ်ကို မင်းသားသဖွယ် ကပြဖျော်ဖြေ တင်ဆက်သောကြောင့် ဗိုလ်လောင်းများကြားတွင် ရေသည်ခင်မောင်မြင့် ဟုပင် ဘွဲ့ရရှိခဲ့သည်။ ရဲမြင့်၊ ခင်ဇော်၊ မင်းအောင်လှိုင်နှင့် သာအေးတို့က မိမိရေသည်ပြဇာတ် ကပြဖျော်ဖြေတိုင်း ဘေးမှနေ၍ ပါးစပ်ဆိုင်းတီး၍ ကူညီပေးခဲ့တာကို ယနေ့တိုင် မေ့မရနိုင်ပါ။

“ဒီကျောက်တိုင်က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သစ္စာဓိဌာန်ပြုခဲ့တဲ့ ကျောက်တိုင်ကွဲ့၊ ဆရာ...ကျောက်တိုင် နားရောက်ရင် ကျောက်တိုင်ကို သုံးပါတ်ပတ်ပြီး လိုရာဆုတောင်း ... တကယ် ဆုတောင်းပြည့်တယ်” ဟု တို့ဟူးကြော်ဆိုင်မှ ရှမ်းအဖွားကြီးက မှာကြားလိုက်သောကြောင့် ပင်လုံကျောက်တိုင် ကို သုံးပါတ်ပတ်ပြီး ဆုတောင်းအဓိဌာန်ပြု လိုက်ပါတော့သည်။

“ငါသည်တနေ့တချိန်ဤရှမ်းပြည်ကို တာဝန်ကျပြောင်းရွေ့လာပါက ရှမ်းပြည်၏အမြင့်ဆုံးတိုင်းမင်းကြီးအဆင့်ဖြင့် ပြောင်းရွေ့ရပါလို၏ ...” ဟု ဆုတောင်းခဲ့ပါသည်။

Wednesday, February 11, 2009

“ကားပျက်၍ ခြေလျင် လျှောက်ခဲ့သော ဗိုလ်ချုပ်”(Click)

ဗိုလ်ချူပ်အောင်ဆန်း မွေးနေ့ အမှတ်တရ



စာဖတ်ပရိသတ်များခင်ဗျား

ဗိုလ်ချူပ်ရဲ့  ကိုယ်ရေးအရာရှိ (PA) တစ်ဦး ဖြစ်သူ တက္ကသိုလ် နေ၀င်း ရေးသားထားတဲ့ “ဗိုလ်ချူပ်အောင်ဆန်းနှင့် လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်း” စာအုပ်မှ အတုယူ လေးစားဖွယ် ဗိုလ်ချူပ်ရဲ့  စိတ်ဓါတ်ကို ထုတ်နှုတ် တင်ပြလိုက်ပါတယ်။ ယခုလာမဲ့ ဖေဖော်ဝါရီ (၁၃) ရက်နေ့ဟာ ကျွန်တော်တို့ ဗိုလ်ချုပ်ရဲ့  မွေးနေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ လွတ်လပ်ရေး ရအောင် စွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့ တပ်မတော် ဖခင် ဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ဒီဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ယနေ့ ဗိုလ်ချူပ်တွေနဲ့တော့ ဆန့်ကျင်ဘက် ဖြစ်နေတာကို လေ့လာသိရှိကာ အခွင့်အရေးကို ရသလောက် ရဟန်းသံဃာ ကျောင်းသား ပြည်သူတွေရဲ့  အသက်နဲ့ ဖလှယ်ပြီးတောင် မတရားရယူထားတဲ့ တပ်မတော်ကို ခုတုံးလုပ်သူ စစ်အာဏာရှင်တစ်စုကို ဖယ်ရှားကြဖို့ တိုက်တွန်းနှိုးဆော်ရင်း တင်ပြ လိုက်ရပါတယ်ခင်ဗျား။

၁၉၄၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့မှ ပြန်လည် စတင်ရမည် ဖြစ်ပါသည်။ ထိုနေ့သည် မြန်မာ့ လွတ်လပ်ရေး သမိုင်းမှာ အရေးပါသော မှတ်တိုင်တစ်ခုလည်း ဖြစ်ပါသည်။ အကြောင်းမူကား လန်ဒန်မြို့ ရှိ ဗြိတိသျှ အစိုးရ၏ ညွှန်ကြားချက်အရ ရန်ကုန်မှ အင်္ဂလန် ဘုရင်ခံက ဗိုလ်ချုပ်အောင်ဆန်းအား အုပ်ချုပ်ရေး အာဏာ လွှဲပြောင်းပေးခဲ့သောနေ့ ဖြစ်သောကြောင့်ပင်တည်း။

တနည်းအားဖြင့် ၂၆-၉-၄၆ နေ့သည် ဗိုလ်ချုပ်အောင်ဆန်း အုပ်ချုပ်ရေး အာဏာ ရရှိကာ ၀န်ကြီးများအဖွဲ့ (ကက်ဘိနက်) ခေါင်းဆောင် ဖြစ်လာသည့်နေ့ပင် ဖြစ်ပါသည်။ ထိုနေ့နံနက် ရန်ကုန်မြို့  အလုံလမ်းရှိ အင်္ဂလိပ် ဘုရင်ခံ အိမ်တော် (ယနေ့ ပြည်သူ့ လွှတ်တော်တည်ရာ) သို့ သွား၍ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရ အဖွဲ့ ခေါင်းဆောင် တာဝန်ကို လက်မှတ်ရေးထိုး ရယူပြီးနောက် ဗဟန်း၊ တာဝါလိန်းလမ်းရှိ သူ၏နေအိမ် (ယခု ဗိုလ်ချုပ် ပြတိုက်) သို့ ပြန်ရောက်ရောက်ချင်း ကျွန်တော့်အား ခေါ်၍ အရေးကြီးစကား ပြောခဲ့ပါသည်။


“ဟေ့ကောင် ဒီနေ့ကစပြီး ငါဟာ အစိုးရအဖွဲ့ (ကက်ဘိနက်) ခေါင်းဆောင် ဖြစ်လာပြီ၊ မင်းကလည်း ငါ့ရဲ့  ပီအေ (အပါးတော်မြဲ) အဖြစ် တစ်ရက်နှစ်ရက်အတွင်း တရားဝင် ပြန်တမ်းထွက်လာလိမ့်မယ်၊ ဒီတော့ ငါတို့မှာ အဆောင်ယောင် အခွင့်အရေးတွေ ရလာလိမ့်မယ်၊ အာဏာရလာတယ်ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ် အကူအညီ တောင်းတာတွေ လာလိမ့်မယ်၊ ငါ့ရဲ့  ဆွေမျိုးတွေ၊ ငါ့မိန်းမဘက်က အမျိုးတွေ၊ ပြီးတော့ မင်းနဲ့ ပတ်သက်တဲ့ အပေါင်းအသင်းတွေ အားလုံး ဘယ်သူ့ကိုမှ မတရား အခွင့်အရေး မပေးရဘူး၊ သူတို့ အကူအညီ တောင်းတာကို လုပ်မပေးရဘူး၊ မင်းတို့ ငါတို့ကလည်း ဘယ်သူ့ဆီကမှ ဘာအကူအညီမှ မယူရဘူး၊ အခွင့်အရေး မယူရဘူး။”

ဤသို့လျှင် ဗိုလ်ချုပ်သည် ကျွန်တော့်အား တိကျပြတ်သားစွာ ပြောခဲ့ရာ တနည်းအားဖြင့် သူ၏ သဘောထား ဆန္ဒ နှင့် လမ်းညွှန်ချက် ပေးလိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုရပါမည်။

“ဘယ်သူ့ဆီကမှ အကူအညီ မယူရဘူး၊ အခွင့်အရေး မယူရဘူး” ဟူသော ဗိုလ်ချုပ်စကား၏ အဆုံးသတ်ပုံကို ကျွန်တော်သည် ယနေ့အထိ မမေ့နိုင်ပါ။ မမေ့နိုင်အောင်လည်း ဗိုလ်ချုပ်အောင်ဆန်းသည် သူအမိန့်ပေး ညွှန်ကြားသလို သူကိုယ်တိုင်လည်း လိုက်နာ ကျင့်သုံးခဲ့ကြောင်း ကိုယ်တွေ့ ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါသည်။

ကြုံတွေ့ခဲ့ရပုံမှာ ဤသို့ ဖြစ်ပါသည်။ ထိုအချိန်က “ဘုရင်ခံ၏ အမှုဆောင်ကောင်စီ” ဟုခေါ်သော အစိုးရအဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၀န်ကြီးအဖြစ် စီးခဲ့သည့် မော်တော်ယာဉ်မှာ အင်္ဂလန်ပြည်လုပ် “၀ူစလီ” အမျိုးအစား အနက်ရောင် ဆလွန်းကား အမှတ် RA/2874 ဖြစ်ပါသည်။


ဗိုလ်ချုပ်၏ အိမ်တွင် ထိုကားတစ်စီးမှ လွဲ၍ အခြား မော်တော်ကား မရှိခဲ့ပါ။ ဗိုလ်ချုပ်မှာ အစိုးရ အဖွဲ့ တာဝန် အပြင် နိုင်ငံရေး အဖွဲ့အစည်း (ဖဆပလ အဖွဲ့ချုပ်) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား၍ အလွန်အလုပ်များနေရာ သူလှုပ်ရှားသွားလာရာ၌ အထက်ဖော်ပြပါ မော်တော်ကား တစ်စီးနှင့်ပင် သွားလာရသောကြောင့် ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်နှင့် သားသမီးများ အနေဖြင့် မော်တော်ကား စီးခွင့်သိပ်မရကြရှာပါ။ ရံဖန်ရံခါ ရုံးပိတ်ရက် တနင်္ဂနွေနေ့ ညနေဘက်တွင် ဗိုလ်ချုပ်က ဇနီးနှင့်ကလေးများကိုပါ ခေါ်ပြီး ကန်တော်ကြီး တပတ် ကားလျှောက်စီးသည့် အခါလောက်တွင်သာ စီးခွင့်ရကြပါသည်။

“ဗိုလ်ကြီး၊ ကားဘာဖြစ်တယ် မသိဘူး၊ စက်နှိုးလို့ မရဘူး၊ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် အမျိုးမျိုး ကြိုးစားပြင်ကြည့်တယ်၊ ဘယ်လိုမှ နှိုးလို့ မရဖြစ်နေတယ်၊”

“ဟေ.. ဟုတ်လား၊ မင်း သေသေချာချာ လုပ်ကြည့်ပြီးပြီလား” ကျွန်တော်က ဤသို့ ပြန်မေးရခြင်းမှာ ရဲဘော် ကျော်စိန်သည် ကားမောင်းတတ်ရုံမက စက်ပြင်ပညာပါ အသင့်အတင့် တတ်ထားသူ ဖြစ်၍ မေးလိုက်ခြင်း ဖြစ်ပါသည်။

“ဟုတ်ကဲ့၊ ကျွန်တော် အစွမ်းကုန် ကြိုးစားကြည့်ပြီးပါပြီ၊ လုံးဝ စက်နှိုးလို့ မရပါဘူး၊”

ရဲဘော်ကျော်စိန် ပြန်ပြောချိန်တွင် ကျွန်တော်သည် လက်ပတ်နာရီကို ကြည့်လိုက်ရာ မနက် (၉) နာရီခွဲ ကျော်နေပြီ ဖြစ်ကြောင်း တွေ့ရသဖြင့် မျက်လုံး ပြူးသွားမိပါသည်။ ထိုနေ့ မနက် (၁၀)နာရီတွင် အတွင်းဝန် ရုံး၌ ဗိုလ်ချုပ်က ၀န်ကြီးအဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ်ထားသဖြင့် ကျွန်တော်တို့ ရုံးကို (၁၀) နာရီ အရောက်သွားရန် အရေးကြီးသောကြောင့် စိုးရိမ်သွားမိခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်လည်း ချက်ချင်းပင် ဗိုလ်ချုပ်အား အကျိုးအကြောင်း သတင်းပို့မှ ဖြစ်ချေတော့မည်ဟု ဆုံးဖြတ်ကာ ဗိုလ်ချုပ် ရှိရာ အိမ်အောက်ထပ် ဧည့်ခန်းသို့ ခပ်သုတ်သုတ် သွားလိုက်ပါသည်။ ဗိုလ်ချုပ်က ကျွန်တော့်အား မြင်လျှင် သူ့အား ရုံးသွားရန် လာခေါ်ပြီဟု ယူဆဟန်ဖြင့် “ဘာလဲဟေ့.. ငါတို့ သွားကြတော့မလား” ဟု မေးပြီး ထိုင်နေရာမှ “ထ” လိုက်ပါသည်။ ဒီတော့မှ ကျွန်တော်က မော်တော်ကား အခြေအနေကို ပြောပြလိုက် ရပါသည်။

“ဗိုလ်ချုပ် ရုံးသွားလို့ မဖြစ်သေးဘူး၊ ဒီနေ့ မော်တော်ကား ပျက်နေတယ်၊ ရဲဘော် ကျော်စိန် အမျိုးမျိုး ကြိုးစားပြီး နှိုးကြည့်တာဘဲ၊ ဒါပေမဲ့ ဘယ်လိုမှ စက်နှိုးလို့ မရဘူး။ ကျွန်တော်တို့ ကားတွေ ပြုပြင်ဖို့ တာဝန်ယူတဲ့ ကုန်းလမ်း ပို့ဆောင်ရေး ဌာန ၀ပ်ရှော့ကို ပို့ပြီး ပြင်မှ ဖြစ်မယ်။”

“ဟုတ်လား. ကားက လုံးဝ မောင်းလို့ မရတော့ဘူးလားကွ”

“ဟုတ်ကဲ့ လုံးဝ စက်နှိုးလို့ မရဘူးဖြစ်နေတယ်၊ ရုံးမှာလည်း ဗိုလ်ချုပ်ခေါ်ထားတဲ့ အစည်းအဝေးက (၁၀) နာရီ စဖို့ ရှိနေတယ်၊ အခု (၉) နာရီခွဲ ကျော်နေပြီ၊ ဒါကြောင့် ကျွန်တော်တို့ ရုံးကို အချိန်မှီ သွားနိုင်အောင် တယောက်ယောက်စီက မော်တော်ကားတစ်စီး ဖုန်းဆက်တောင်းလိုက်မယ်။” ပြောပြောဆိုဆို ကျွန်တော်သည် အိမ်ပေါ်ထပ် တက်သည့် လှေကားရင်းရှိ တယ်လီဖုန်းဆီကို လျှောက်သွားစဉ် ဗိုလ်ချုပ်က လှမ်းခေါ်လိုက်ပါသည်။

“ဟေ့ကောင်.. မင်းက တယ်လီဖုန်းဆက်ပြီး မော်တော်ကား တောင်းမလို့ မဟုတ်လား” ဗိုလ်ချုပ်၏ လေသံက တင်းမာနေသဖြင့် ကျွန်တော်လည်း ဆက်မလျှောက်တော့ဘဲ ဗိုလ်ချုပ် ရှိရာသို့ ပြန်လှည့်လာခဲ့ပါသည်။

“ဟုတ်ကဲ့ ဒါမှ ကျွန်တော်တို့ ရုံးကို မြန်မြန်သွားနိုင်မှာ မဟုတ်လား” ကျွန်တော်က အမှန်အတိုင်း ပြန်ပြောလိုက်ရာ ဗိုလ်ချုပ်သည် ပို၍ လေသံပြင်းစွာဖြင့် ကျွန်တော့်အား အပြစ်တင်ပါလေတော့သည်။

“မင်းက တော်တော် ညံ့သေးတာဘဲ၊ တယ်လီဖုန်း ဆက်ပြီး မော်တော်ကားတောင်းဖို့ တခုတည်းဘဲ မင်း တွေးမိတာကိုး၊ မင်းတို့ ငါတို့ အနေနဲ့ အခုနေအခါ မော်တော်ကား လှမ်းတောင်းလိုက်ရင် တစ်စီးမဟုတ်ဘဲ (၁၀) စီးလည်း ရနိုင်တယ်၊ အဲဒါ ဆက်စပ်ပြီး စဉ်းစားကြည့်မှာပေါ့၊ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ငါတို့ကို မော်တော်ကားပေး ကူညီတာကို အကြောင်းပြုပြီး သူတို့က ငါတို့ဆီက မတရား အခွင့်အရေးတွေ တောင်းလာမှာ ကိုတော့ မင်း မတွေးမိဘူး မဟုတ်လား၊ မင်းကို ငါ အစောကြီးကတည်းက ကြိုပြောခဲ့တယ် မဟုတ်လား၊ မင်းတို့ ငါတို့ အနေနဲ့ ဘယ်သူ့ဆီကမှ ဘာ အကူအညီမှ မယူရဘူး၊ အခု မင်းက မော်တော်ကား လှမ်းတောင်းတာ ဟာလည်း အခွင့်အရေး ယူတာဘဲ၊ ဒါကြောင့် မင်း စောစောက စိတ်ကူးသလို တယ်လီဖုန်း ဆက်ပြီး မော်တော်ကား မတောင်းရဘူး။”

“ဒါဖြင့် ကျွန်တော်တို့ ဘာလုပ်ရမလဲ ဗိုလ်ချုပ်”

“ဘာမှ လုပ်မနေနဲ့ ငါတို့ ကားပျက်နေတယ် မဟုတ်လား၊ ဒီတော့ မင်းနဲ့ငါ ရုံးကို လမ်းလျှောက်သွားကြမယ်၊ ရုံးရောက်တော့မှ သယ်ယူပို့ဆောင်ရေး ဌာနကို ဖုန်းဆက်ပြီး ငါတို့ကားကို စက်ပြင်သမားတွေ လာဆွဲယူဖို့နဲ့ ပြင်ပေးဖို့ ပြောပေါ့၊ ကဲ ပြောနေတာ ကြာတယ်ကွာ သွားကြစို့”

ပြောပြောဆိုဆို ဗိုလ်ချုပ်သည် စိတ်မြန်သူ ပီပီ သူကိုင်နေကျ မိုးကာ အင်္ကျီကို လက်မောင်းတွင် ခေါက်တင်လျှက် အိမ်ရှေ့ လှေကားမှာ ဆင်း လျှောက်သွားပါတော့သည်။ ကျွန်တော်လည်း မည်သို့မှ မတတ်နိုင်ဘဲ သူ၏ နောက်မှ ခပ်သုတ်သုတ် ပြေးလိုက်သွားရပါသည်။

သူ အစိုးရ အဖွဲ့ အာဏာရယူသည့် နေ့က ပြောခဲ့သော “ဘယ်သူ့ဆီကမှ အကူအညီ မယူရဘူး၊ အခွင့်အရေး မယူရဘူး” ဟူသော စကားအတိုင်း ဗိုလ်ချုပ်သည် အယူသည်းစွာ ကိုယ်တိုင် လိုက်နာ ကျင့်သုံးနေပါသည် တကား ဟုသာ စိတ်ထဲမှ ဆင်ခြင်သုံးသပ်မိပါသည်။

သို့နှင့်ပင် ကျွန်တော်နှင့် ဗိုလ်ချုပ်တို့ ဆရာတပည့်နှစ်ဦးသည် တာဝါလိန်းလမ်းမှ ထွက်၍ နတ်မောက်လမ်း၊ ဗဟန်းလမ်း အတိုင်း လျှောက်ပြီး ဗဟန်း အ၀ိုင်းကို ဖြတ်ကျော်ကာ တိရစ္ဆာန်ရုံ ဘေးရှိ ပလက်ဖောင်းသို့ပင် ရောက်သွားကြပါသည်။

ဗိုလ်ချုပ်က ရှေ့ မှ ခြေလှမ်းသွက်စွာဖြင့် လျှောက်ပြီး ကျွန်တော်က နောက်မှ လိုက်သွားရာ အော်စတင် အမျိုးအစား မော်တော်ကားငယ် တစ်စီး ကျွန်တော့်အနီးတွင် ထိုးစိုက်လာသဖြင့် ကျွန်တော်လည်း အံ့အားသင့်စွာ လှမ်းကြည့်မိပါသည်။

ုထိုကားကလေးကို မောင်းလာသူမှာ မြန်မာ့ရုပ်ရှင်ကို စတင်တီထွင်သူ ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုံးမောင် ဖြစ်နေပါသည်။ ထိုအချိန်က သူသည် ဗဟန်း ၀င်္ကပါလမ်းတွင် ခေတ္တနေထိုင်ပြီး ဆူးလေ ဘုရားလမ်းရှိ သူ၏ ဓာတ်ပုံတိုက်နှင့် ရုပ်ရှင် ကုမ္ပဏီ ရှိရာသို့ ကိုယ်တိုင် ကားမောင်းသွားခြင်းဖြစ်ဟန် တူပါသည်။ ကျွန်တော်သည် ကျောင်းသားဘ၀က ရုပ်ရှင်ဝါသနာ ပါသဖြင့် ရုပ်ရှင် စတူဒီယိုများသို့ ရံဖန်ရံခါ သွားရောက်လေ့လာရင်း ဦးအုံးမောင်နှင့် သိကျွမ်းနေပါသည်။

“ဟေ့ မောင်ရင်.. ခဏလာပါဦးကွယ့်” ဦးအုံးမောင်က ကားရပ်ပြီး လှမ်းခေါ်သဖြင့် သူခေါ်ရာသို့ ချဉ်းကပ်သွား ပါသည်။ ဗိုလ်ချုပ်က လုံးဝ လှည့်မကြည့်ဘဲ ဆက်လျှောက်သွားပါသည်။

“နေစမ်းပါဦး၊ မောင်တို့ ဆရာတပည့် ဘယ်လို ဖြစ်လာတာလဲ၊ လမ်းမပေါ် ခြေကျင် လျှောက်ရသလား၊ မော်တော်ကား ကောကွယ့်” ဦးအုံးမောင်က မေးသဖြင့် ကျွန်တော်ကလည်း “ဗိုလ်ချုပ်ရဲ့ ကား ပျက်နေလို့ စက်နှိုးမရတာနဲ့ အိမ်မှာဘဲ ထားပစ်ခဲ့ရပါတယ်” လို့ ပြန်ပြောလိုက်ပါသည်။

“ဖြစ်မှ ဖြစ်ရလေ မောင်ရင်ရယ်၊ ကားပျက်ရင်လည်း တစ်ယောက်ယောက်စီက ကားတစ်စီး ခဏတောင်းပြီး စီးသွားရောပေါ့၊ မောင်ရင့်ဆရာ ဗိုလ်ချုပ်လို ပုဂ္ဂိုလ်က လမ်းဘေး ပလက်ဖောင်းမှာ ခြေလျှင် လျှောက်နေရတာ မသင့်တော်ပါဘူး။”

“ကျွန်တော်လည်း ဦးလေး ပြောသလိုဘဲ မော်တော်ကား တစ်စီး ဖုန်းဆက်တောင်းမလို့ဘဲ၊ ဒါပေမဲ့ ဗိုလ်ချုပ်က မတောင်းရဘူးတဲ့၊ ဗိုလ်ချုပ်စီးဖို့ မော်တော်ကား ကူညီရတာကို အကြောင်းပြုပြီး နောက်ပိုင်းကျရင် မတရား အခွင့်အရေးတွေ တောင်းလာလိမ့်မယ်၊ စီးပွားရေးသမားတွေဟာ အဲဒီလို လုပ်တတ်တယ်လို့ ဆိုပြီး အတွင်းဝန် ရုံး ရောက်အောင် ခြေလျှင် လျှောက်ကြမယ် လို့ ပြောပါတယ်။”

ကျွန်တော်က ရှင်းပြသည်ကို လန်ဒန်အတ် ဦးအုံးမောင်သည် နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးပြီး ခေါင်းညိတ် လိုက်ပါသည်။

“အေးပါ၊ ဗိုလ်ချုပ်ပြောတာကို ဦးလည်း သဘောပေါက်ပါတယ်၊ ကိုင်း.. မောင်ရင့် ဆရာဆီ ခပ်မြန်မြန် ပြေးလိုက်ပြီး ပြောစမ်းပါ။ လန်ဒန်အတ် ဦးအုံးမောင်က မြို့ ထဲက အလုပ်တိုက်သွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံး ပို့ပေးပါရစေလို့ ကျုပ်က ရုပ်ရှင်သမားမို့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေလို ဘာအခွင့်အရေးမှ မတောင်းပါဘူး။ ဗိုလ်ချုပ်လို နိုင်ငံ့ခေါင်းဆောင်တစ်ဦး လမ်းမပေါ် ခြေလျှင် လျှောက်နေ တာလည်း ကြည့်မကောင်းပါဘူး။ ဒါကြောင့် ကျုပ်ကားကလေးနဲ့ ဗိုလ်ချုပ်ကို ရုံးအရောက် ပို့ပေးပါရစေလို့ သွားပြောစမ်းပါကွယ်”

ဦးအုံးမောင်၏ စကားအဆုံးတွင် ကျွန်တော်လည်း ကပျာကယာ ဗိုလ်ချုပ်ဆီ ပြေးလိုက်ပြီး သူ့၏ လက်မောင်း တဖက်ကို အသာဆွဲလိုက်ပါသည်။

“ဟေ့ကောင်. ဘာလုပ်တာလဲကွ” ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့် ငေါက်သဖြင့် ကျွန်တော် ဦးအုံးမောင်၏ မော်တော်ကား ရပ်ထားရာကို ညွှန်ပြရင်း ရှင်းပြလိုက်ရပါသည်။

“ဗိုလ်ချုပ် ဟိုကားပေါ်က ပုဂ္ဂိုလ်ကြီးကို သိတယ်မဟုတ်လား၊ ဆရာဒီးဒုတ် ဦးဘချိုရဲ့  မိတ်ဆွေရင်း လန်ဒန်အတ် ဦးအုံးမောင်ပါ၊ သူက ဆူးလေဘုရားလမ်း သူ့ရဲ့  အလုပ်တိုက်ကို သွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံး ရောက်အောင် ပို့ပေးပါရစေလို့ ပြောပါတယ်၊ ပြီးတော့ သူဟာ ရုပ်ရှင်သမားမို့ စီးပွားရေးသမား ကုန်သည်ကြီး တွေလို ဘာအခွင့်အရေးတွေမှ မတောင်းပါဘူးလို့လည်း ပြောပါတယ်၊ နောက်တခုက စစ်ကြိုခေတ်က ဗိုလ်ချုပ်တို့ရဲ့  ဒို့ဗမာ အစည်းအရုံးကို လျှို့ ဝှက်ကူညီ ထောက်ပံ့ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်၊ သူက ကားရပ်ပြီး ခေါ်တာကို ငြင်းရင် အားနာစရာ ကောင်းပါတယ် ဗိုလ်ချုပ်” ကျွန်တော်၏ စကားအဆုံးတွင် ဗိုလ်ချုပ်သည် လန်ဒန်အတ် ဦးအုံးမောင်ဘက်သို့ လှမ်းကြည့်လိုက်ပါသည်။

ဦးအုံးမောင်သည် ဆရာ ဦးဘချို နှင့် ခင်မင်ရင်းနှီးနေသော မိတ်ဆွေ ဖြစ်သည့်အပြင် ဦးဘချို ကဲ့သို့ပင် ဆံပင်ရှည် သျှောင်ထုံးနှင့် တဘက်ခေါင်းပေါင်း ပေါင်းထားသဖြင့် မြန်မာလူကြီး တစ်ဦး ပီသစွာ ခန့်ညားကာ ဥပဓိရုပ် အလွန်ကောင်းသူလည်း ဖြစ်ပါသည်။

ဗိုလ်ချုပ်သည် ဦးအုံးမောင်ကို ကြည့်ပြီး အားနာသွားဟန်ဖြင့် ကြိမ်းမောင်းဆူပူခြင်း မပြုတော့ဘဲ အော်စတင် ကားလေး ရပ်ထားရာသို့ လျှောက်သွားကာ ဦးအုံးမောင်အား ပြုံး၍ နှုတ်ဆက်ပါသည်။

သို့နှင့်ပင် ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးသည် လန်ဒန်အတ် ဦးအုံးမောင်၏ ကားကြုံ စီး၍ အတွင်းဝန်ရုံးသို့ လိုက်ပါသွားခဲ့ပါသည်။

ဗိုလ်ချုပ်သည် ဦးအုံးမောင်အား မျိုးချစ်ပုဂ္ဂိုလ်ကြီး တစ်ဦးအဖြစ် လေးစား၍ တစ်ကြောင်း၊ ၀ိသမ လောဘသား စီးပွားရေးသမား မဟုတ်သဖြင့် အခွင့်အရေး မတောင်းပါဟု ဆိုခြင်းကို ယုံကြည်၍ တစ်ကြောင်း၊ ကားကြုံ လိုက်စီး ခဲ့ခြင်းပင် ဖြစ်ပါသတည်း။
´